Chapter 82
Viewers 21k

🎶 Chapter 82



အနှီသူ၏ အသံမှာ သိမ်မွေ့ညင်သာလှသည်။ ဟယ့်ကျင်းယွင် ပြောလိုက်သည့်စကားက ပို၍ သာယာနာပျော်ဖွယ်ကောင်းသည်။


ယဲ့ဇယ်ရှစ်မှာ ရုတ်တရက် ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။


သူ့ရင်ဘတ်ကိုပင် လက်နှင့်ဖိထားရသည်။ ယဲ့ဇယ်ရှစ် မည်သည်ကိုမှ မတွေးနိုင်မီ တံခါးဘဲလ်မြည်လာသည်ကို ကြားလိုက်ရသည်။


ယဲ့ဇယ်ရှစ် ဖုန်းကိုချလိုက်ပြီး တံခါးဆီသို့ သွားလိုက်သည်။ ရောက်လာသူမှာ ကောင်းရှူဖြစ်နေသည်။ 


ထိုအချိန်တွင် ထန်ကျင့်ကို ရှာတွေ့ပြီဖြစ်ကြောင်း ဝမ်ထုံက ယဲ့ဇယ်ရှစ်ကို စာပို့လာသည်။ ထိုစာထဲတွင် လိပ်စာတစ်ခုလည်းပါသည်။


ယဲ့ဇယ်ရှစ် တုံံံံ့ဆိုင်းမနေ‌တော့ဘဲ ဟယ့်ကျင်းယွင်ဆီသို့ ထိုစာကို ပို့လိုက်သည်။ ဘားတွင်တွေ့ဆုံရန် သဘောတူညီမှုရပြီးနောက် သူ ကောင်းရှူနှင့်အတူ ထွက်လာခဲ့သည်။


ဘားက ယဲ့ဇယ်ရှစ်အိမ်နှင့် မိနစ်နှစ်ဆယ်မျှသာ ဝေးသည်။ ဟယ့်ကျင်းယွင်လည်း ထိုနေရာသို့ရောက်ရန် နာရီဝက်သာ ကြာမည်ဟု သူ့ကို ပြောသည်။


ယဲ့ဇယ်ရှစ် ဘားသို့ ရောက်ပြီး နှစ်မိနစ်အကြာတွင် ဟယ့်ကျင်းယွင်လည်း ကတိုက်ကရိုက် ရောက်ချလာသည်။


ဝမ်ထုံက ဘား၏တံခါးဝတွင် တစ်ချိန်လုံးစောင့်နေခဲ့သည်။ သူမ ဟယ့်ကျင်းယွင်ကို မြင်သောအခါ အံ့အားသင့်သွားသော်လည်း များစွာမေးမနေတော့ဘဲ ပြောလိုက်သည်။

"အားလုံးကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မနဲ့အတူတူ လိုက်ခဲ့ကြပါ..."


လူတစ်စုက သီးသန့်ခန်းတစ်ခု၏ တံခါးဝရှေ့သို့ ရောက်လာခဲ့သည်။ တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အယ်လ်ကို‌ဟောအနံစူးစူးက သူတို့၏ နှာခေါင်းဝသို့ ရောက်ရှိလာခဲ့သည်။ 


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်မိသွားသည်။


စားပွဲပေါ်တွင် ဖောက်ပြီးသား အရက်ပုလင်းများက အစီအရီဖြစ်နေသည်။ အားလုံးမှာလည်း အဖြူ အနီရောထားသော နိုင်ငံခြားတံဆိပ်များသာဖြစ်သည်။ ထန်ကျင့် မည်မျှသောက်ထားသည်ကို မည်သူမျှ မသိနိုင်ကြပေ။


အားလုံးဝင်လာသည်နှင့် ထန်ကျင့်ဆိုဖာပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ကြရသည်။ သူ့ဘေးတွင် သူ့ကိုဂရုစိုက်ရင်း အလုပ်ရှုပ်နေသော သူ့လက်ထောက်ရှိလေသည်။


တံခါးဝတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို မြင်သောအခါ ထန်ကျင့်နှင့် သူ့လက်ထောက်က တစ်ပြိုင်တည်း မော့ကြည့်လာသည်။


တံခါးဝတွင် ဟယ့်ကျင်းယွင်ကို မြင်သောအခါ ထန်ကျင့်တစ်ယောက် သူ့ရင်ထဲတွင် ရှုပ်ထွေးသွားသည်ကို ခံစားလိုက်ရသည်။ သူ ဘေးကို ကြည့်လိုက်သောအခါ ဟယ့်ကျင်းယွင်ဘေးတွင် ရပ်နေသော ယဲ့ဇယ်ရှစ်ကို မြင်လိုက်ရသည်။


သူ့ခေါင်းထဲသို့ ထိုးတက်လာသော ဒေါသများက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။


ဟုတ်သား... ဟယ့်ကျင်းယွင်က ငါ အရှက်ကွဲနေတာကို ကြည့်ဖို့ဘယ်လိုလုပ် လာနိုင်ပါ့မလဲ...


သူ ယဲ့ဇယ်ရှစ်နဲ့ အတူလိုက်လာတာပဲ ဖြစ်ရမယ်... ဟုတ်တယ် မဟုတ်လား...


ယဲ့ဇယ်ရှစ်က ငါ့ကိုလာတွေ့တာကို သိလိုက်ရတော့ ဟယ့်ကျင်းယွင် ဘယ်ငြိမ်ငြိမ်နေနိုင်ပါ့မလဲ... 


သူအပြစ်တင်ရမည်ဆိုလျှင် ယဲ့ဇယ်ရှစ်ကိုသာ ကြင်နာလွန်းသည့်အတွက် အပြစ်တင်ရမည်ဖြစ်သည်။ သူလိုလူတစ်ယောက်ကိုပင် မူးနေသည်ဟုကြားသောအခါ ယဲ့ဇယ်ရှစ်က က်ိုယ်တိုင်လာကြည့်ပေး‌ခဲ့သည်။ 


ထန်ကျင့် အဝေးသို့ အကြည့်လွှဲလိုက်သည်။ သူ့နှာခေါင်းတွင်လည်း မွန်းကျပ်နေကာ တံခါးဝရှိလူများကို သူ ဆက်မကြည့်နိုင်တော့ပေ။


ဝမ်ထုံ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး အခန်းအတွင်းထဲသို့ အရင်ဝင်သွားခဲ့သည်။ 

"ထန်ထန်... ငါတို့အရင်ပြန်ကြမလား..."


ထန်ကျင့် စကားမပြောပေ။


ယဲ့ဇယ်ရှစ်လည်း စိတ်ထဲမှ သက်ပြင်းချမိကာ အတူလိုက်ဝင်လိုက်ပြီး ပြောလိုက်သည်။

"မင်း အဆင်ပြေရဲ့လား..."


ငါ့မေလခွမ်းလိုပဲ... လုံးဝမကောင်းဘူး... 

ထန်ကျင့် နှုတ်ခမ်းစူလိုက်သည်။ အစက သူစကားမပြောချင်သော်လည်း ယခု စကားပြောချင်လာပြီ ဖြစ်သည်။


အခြားသူများကိုသာ သူ စကားမပြောလိုခြင်းဖြစ်သည်။


ယဲ့ဇယ်ရှစ်အသံကို ကြားလိုက်ရသောအခါ ထန်ကျင့် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်ဖြစ်သွားရသည်။ 


သူ့မျက်ဝန်းများ နီရဲလာသည်။ ထန်ကျင့် အရှက်ရမိသောကြောင့် အဝေးသို့ နေရာရွှေ့လိုက်ပြီး ယဲ့ဇယ်ရှစ်ကို မကြည့်ခဲ့ပေ။


ကောင်းရှူနှင့် ယွိရယ်မှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ဦးစွာထွက်သွားလိုက်ကြသည်။


ဟယ့်ကျင်းယွင်လည်း အခန်းထဲသို့ လိုက်ဝင်လာသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ဆိုဖာပေါ်ရှိ ထန်ကျင့်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ Weiboပို့စ်ကြောင့် မင်းနဲ့ မင်းကုမ္ပဏီ ဘယ်လောက်နစ်နာသွားနိုင်လဲဆိုတာ မင်းသိလား..."

 

ထန်ကျင့် အံကြိတ်လိုက်ပြီး စကားမပြောခဲ့ပေ။


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်က 'အားလုံးအဆင်ပြေပါတယ်' ဟူသည့်အကြည့်ဖြင့် ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။ သူ့ဘေးရှိ တစ်ခုမှဝင်မပြောသော ဝမ်ထုံကိုကြည့်လိုက်ပြီး ယဲ့ဇယ်ရှစ် ဝင်မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။


ဟယ့်ကျင်းယွင်က စကားပြောလာမှတော့ သူ့အစီအစဉ်နဲ့သူ ရှိလို့နေမှာပါ...


ပြောရမည်ဆိုလျှင် ဟယ့်ကျင်းယွင်က Starlight entertainment၏ ရှယ်ယာကို ပိုင်ဆိုင်ထားသောကြောင့် သူက ယခုဆိုလျှင် ထန်ကျင့်၏ ဘော့စ်တစ်ဝက်ဟုပင် ဆိုနိုင်သည်။


"အစ်မကျင့်က ငါ့ကို အခုလေးတင် ဖုန်းဆက်တယ်... ကြော်ငြာက တာဝန်ရှိသူတွေကလည်း သူ့ကို ဖုန်းခေါ်ပြီး အခြေအနေအသေးစိတ်ကို မေးနေကြတယ်... အဲဒီဘရန်း‌တွေအကုန်လုံးက မင်းနဲ့စာချုပ်ချုပ်ဖို့ကို ပယ်ဖျက်လိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ဆုံးရှုံးမှုက သန်းဆယ်ချီ သွားလိမ့်မယ်... စာချုပ်အရ မင်းကတစ်ဖက်သတ် စာချုပ်ချိုးဖောက်တာဖြစ်တဲ့အတွက် ဆုံးရှုံးမယ့်သူကလည်းကုမ္ပဏီပဲ... အဲဒါကြောင့်မလို့ ကုမ္ပဏီက မင်းကိုတရားစွဲနိုင်တယ်... တခြားနည်းနဲ့ပြောရရင်တော့ ဆုံးရှုံးမှုတွေအားလုံးကို မင်းက တာဝန်ယူရတဲ့သူ ဖြစ်လာလိမ့်မယ်ဆိုတာပဲ..."


ထန်ကျင့် တိတ်ဆိတ်နေဆဲဖြစ်သည်။ 


"ထန်ကျင့် မင်းက အရွယ်ရောက်ပြီးနေပြီ ... ပြီးတော့ အရွယ်ရောက်တဲ့သူတွေမှာ သူတို့အပြုအမူတွေအတွက် ယူရမယ့် တာဝန်တွေဆိုတာရှိတယ်..."

ဟယ့်ကျင်းယွင်က တည်တည်တင်းတင်းအသံဖြင့် ပြောလိုက်သည်။


"ပြီးတော့ ပိုအရေးကြီးတာက မင်း တခြားသူတွေရဲ့ ခံစားချက်တွေကို‌ရော ထည့်မစဉ်းစားတော့ဘူးလား... ကုမ္ပဏီအတွက်မဟုတ်ရင်တောင်မှ မင်း ယဲ့ဇယ်ရှစ်အတွက် ထည့်မစဉ်းစားတော့ဘူးလား..."


ထိုသည်ကို ကြားလိုက်ရသောအခါ ထန်ကျင့်၏ အမူအရာက အနည်းငယ်‌ပြေလျော့သွားသည်။ သူတစ်ခုခုပြောချင်နေသည့်အလား နှုတ်ခမ်းကို လှုပ်လိုက်သော်လည်း ဟယ့်ကျင်းယွင်၏ ကြားဖြတ်ပြောသည်ကို ခံလိုက်ရသည်။ 


"ယဲ့ဇယ်ရှစ်တင်မကဘူး မင်းရဲ့အေးဂျင့်၊ လက်ထောက်၊ ပိုပြီးအရေးကြီးဆုံးက မင်း၊ မင်းကိုမင်းအတွက်ရော ထည့်မစဉ်းစားတော့ဘူးလား..." 

ဆိုဖာပေါ်ရှိ ထန်ကျင့်ကို ဟယ့်ကျင်းယွင် အသာငေးစိုက်ကြည့်လိုက်သည်။


ထန်ကျင့် အပေါ်မော့ကြည့်လိုက်ပြီး ဟယ့်ကျင်းယွင်၏ မှုန်မှိုင်းလေးနက်နေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ သူ့နှလုံးသား တုန်လှုပ်သွားရသည်။ 


"ငါမှတ်မိပါသေးတယ် မင်း Time Idol လူရွေးပွဲမှာ ဝင်ပြိုင်တုန်းက... မင်း အနုပညာလောကထဲကို ဝင်လာရတာက သီချင်းဆိုရတာနဲ့ ကရတာကိုကြိုက်လို့ဆိုပြီးတော့ ပြောခဲ့တာလေ... ဒါပေမဲ့ အခုကြည့်ရတာတော့ မင်းအဲ့ဒီဟာကို မေ့သွားခဲ့ပြီထင်တယ်..."


"ဘယ်သူမှ မင်းလိုအိုင်ဒေါမျိုးကို သဘောမကျကြဘူး..."


ထိုသည်ကို ပြောပြီးသောအခါ ဟယ့်ကျင်းယွင် ထန်ကျင့်ကို ဆက်မကြည့်တော့ဘဲ သူ့ကို အဖြေရှာခိုင်းထားခဲ့ပြီး အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။ 


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို တားချင်ခဲ့သော်လည်း ထိုသည်က မ‌သင့်တော်ဟု သူထင်သည်။


ထိုအကြောင်းကိုတွေးပြီးသောအခါ ယဲ့ဇယ်ရှစ် ထန်ကျင့်ဘေးနား ဝင်ထိုင်လိုက်ပြီး တီးတိုးပြောလိုက်သည်။ 

"လူသားတွေအနေနဲ့ ငါတို့တွေကတစ်ခါတလေမှာ တစ်ခုခုအပေါ် စိတ်လိုလက်ရ လုပ်မိတတ်ကြတယ်... အဲ့ဒါကို တားဆီးလို့မရဘူး... ဒါပေမဲ့ ငါတို့တွေ ဘယ်လိုပဲ တစ်ခုခုကို စိတ်လိုလက်ရ လုပ်မိကြပါစေ ငါ့တို့ဘဝတွေက ရှေ့ဆက်သွားနေရဦးမှာ... မင်း ဒီအခြေနေကနေ ရုန်းထွက်နိုင်မယ်လို့ ငါယုံကြည်ပါတယ်..."


အခန်းထဲရှိ အလင်းရောင်များက မှိုင်းပျပျဖြစ်နေသည်။ ယဲ့ဇယ်ရှစ်၏ မျက်နှာတစ်ခြမ်းမှာ အရိပ်ဖြင့်ဖုံးနေသည်။ သူ၏မျက်ဝန်းများသာလျှင် သာမန်နှင့်မတူဘဲ လင်းလက်တောက်ပနေခဲ့သည်။ 


ထန်ကျင့် ထိုမျက်လုံးများကို ဝင့်ကြည့်မိသောအခါ သူ နက်နက်ရှိုင်းရှိုင်းကို ဆွဲဆောင်ခံလိုက်ရသည်။ ထိုမျက်ဝန်းများမှ အကြည့်လွှဲရန်မှာ ခက်ခဲလွန်းလှသည်။ 


ယဲ့ဇယ်ရှစ်၏ နှုတ်‌ခမ်းထောင့်လေးအနည်းငယ် ကွေးညွတ်သွားပြီး အပြုံးရေးရေးတစ်ခုကို ဖွင့်ဟလာသည်။ 

"လုပ်စမ်းပါကွ... မင်းစိတ်အခြေအနေကို အမြန်ထိန်းလိုက်စမ်းပါ... မကြာခင် မင်းနဲ့အပြင်ထွက်လည်ဖို့ ငါ မျှော်နေမယ်..."


ယဲ့ဇယ်ရှစ် စကားပြောပြီးသောအခါ မတ်တတ်ရပ်လိုက်သည်။ 

"ငါအပြင်ထွက်ပြီး ဟယ့်လောင်ရှီးနဲ့ စကားသွားပြောလိုက်ဦးမယ်..."


"ယဲ့ဇယ်ရှစ်... "

ထန်ကျင့် ယဲ့ဇယ်ရှစ်ကို ထိတ်လန့်တကြား တားလိုက်သည်။


ခေါ်သံကြားသောအခါ ယဲ့ဇယ်ရှစ် လှည့်ကြည့်လိုက်ပြီး ထန်ကျင့်ကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။

"ဘာဖြစ်လို့လဲ..."


ထန်ကျင့်၏ မျက်လုံးအိမ်များမှ မျက်ရည်တို့ စီးကျလာခဲ့သည်။ ထိုမျက်ရည်စက်များက အင်္ကျီပေါ်သို့ သနားစရာကောင်းစွာ စီးကျသွားသည်။


ထန်ကျင့်၏ မျက်ဝန်းများမှာ ထိတ်လန့်ဖွယ်ကောင်းအောင် နီရဲနေခဲ့သည်။ ယခုအချိန်တွင် သူ အမှန်တကယ်ကို ဆုံးရှုံးခဲ့ရပြီ ဖြစ်ကြောင်း သူသိလိုက်သည်။ လုံးဝကို ဆုံးရှုံးလိုက်ရသည်ပင်။


အမှန်တကယ်တွင် ယခုအချိန်မတိုင်မီအထိ သူ ဆုံးရှုံးလိုက်ရသည်ကို ထန်ကျင့်သိခဲ့သည်။ သူ ထိုသည်ကို ဝန်မခံရဲရုံသာဖြစ်သည်။ 


အရာအားလုံးကို ပြန်ပြောင်းလဲနိုင်ရန် အခြေအနေတစ်ခု ရှိသေးသည်ဟု သူ အမြဲတမ်းထင်ခဲ့မိသည်။ ထို့ကြောင့် သူ Weiboတွင် အဆင်ခြင်မဲ့ ပို့စ်တင်မိခဲ့ခြင်းဖြစ်သည်။ 


သို့သော် အမှန်တရားက အမြဲတမ်း ရက်စက်ပြီး အကြင်နာမဲ့လှသည်။ ယခု သူ့မျက်စိရှေ့ရှိ အမှန်တရားကပင် အလွန်ရက်စက်လှသည်။


ထန်ကျင့် လက်ခံလိုက်ရုံသာရှိသည်။


ထို့အပြင် ဟယ့်ကျင်းယွင် ‌ပြောသည်များကမှန်ကန်သည်။ 


ထန်ကျင့် သူ့ကိုယ်သူ ထည့်မစဉ်းစားလျှင်သော်မှ ယဲ့ဇယ်ရှစ်ကို ငဲ့တွက်ရပေဦးမည်။


ထို Weibo ကြောင့် ယဲ့ဇယ်ရှစ်ကို ထိခိုက်သွားနိုင်သည်။


ထို့အပြင်...


တံခါးဝတွင် စိုးရိမ်တကြီး ရပ်ကြည့်နေသော ဝမ်ထုံကို ထန်ကျင့် မော့ကြည့်လိုက်သည်။ 


ထို့အပြင် သူ့ကို ဂရုစိုက်သောသူများ...


"ကျွန်‌တော် တောင်းပန်ပါတယ်..."

ထန်ကျင့် တုန်ယင်နေခဲ့သည်။


"ယဲ့ဇယ်ရှစ်...ငါတောင်းပန်ပါတယ်..."


မျက်ရည်များက တားဆီးမရစွာ ကျိုးပေါက်လာခဲ့သည်။ ယခုအချိန်တွင် ယဲ့ဇယ်ရှစ်အရှေ့၌ အရှက်မကွဲချင်သောကြောင့် ထန်ကျင့် ခေါင်းငိုက်စိုက်ချထားခဲ့သည်။ 

"တောင်းပန်ပါတယ်... Weiboပို့စ်ကို ငါရှင်းပြလိုက်ပါ့မယ်... တောင်းပန်ပါတယ်..."


ထန်ကျင့် ယခုကဲ့သို့ဖြစ်နေသည်ကို ယဲ့ဇယ်ရှစ် မမြင်လိုပေ။ ထန်ကျင့်က သူ၏အရှက်ရဖွယ် ပုံရိပ်ကို သူ့ကိုမမြင်စေချင်သည်ကိုလည်း ယဲ့ဇယ်ရှစ် ကောင်းကောင်းကြီး သိလေသည်။ 


"ကိစ္စမရှိဘူး... "

ယဲ့ဇယ်ရှစ် အပြုံးနှင့် ပြောလိုက်သည်။ 


"ဘာမှမဖြစ်ဘူး... နောက်ကျမှ Weibo မှာ ရှင်းပြချက်ပေးလိုက်ပေါ့... အရင်ဆုံး မင်းရဲ့ စိတ်အခြေအနေကို အရင်တည်ငြိမ်အောင်ထားသင့်တယ်... ငါနဲ့ ဟယ့်လောင်ရှီး မင်းကို ဝင်ပေါက်မှာ စောင့်နေမယ်..."


ထန်ကျင့် ငိုနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ တရစပ် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့သည်။ 


ယဲ့ဇယ်ရှစ် ထို့ထက်ပိုကြာအောင် မနေခဲ့ပေ။ ထန်ကျင့် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရန်လိုသည်။ 


သူ့ကို အချိန်နဲ့ နေရာလေးပဲ ပေးလိုက်ကြတာပေါ့...


ဝမ်ထုံလည်း ထိုနည်းတူ တွေးခဲ့သည်။ 

"ထန်ထန်...ဒါဆို အစ်မလည်း..."


"အစ်မဝမ်ထုံ..."

ထန်ကျင့် တုန်ယင်စွာဖြင့် ဝမ်ထုံကို တားလိုက်သည်။ 

"ကျွန်တော် တောင်းပန်ပါတယ်... အစ်မကိုလည်း ကျွန်တော် ပြဿနာတွေ ပေးခဲ့မိပြီ..."


အပြင်ထွက်သွားရန်ပြင်နေသော ဝမ်ထုံမှာ ချက်ချင်း ပြန်လှည့်လာခဲ့သည်။


တကယ်ပါပဲ... ငါ့ကို ဘာဖြစ်လို့ တောင်းပန်နေရတာလဲ... 


ဝမ်ထုံ မချိပြုံး ပြုံးပြလိုက်သည်။ သူမ ထွက်မသွားတော့ဘဲ တံခါးကိုပိတ်လိုက်သည်။ 


ထိုသို့ဖြင့် အခန်းထဲမှ အသံများကို အပြင်လူများ ကြားနိုင်တော့မည်မဟုတ်ပေ။


ထန်ကျင့် စိတ်အလိုလိုက်မိပြီး အထိန်းအချုပ်မဲ့သွားခဲ့သော်လည်း သူ စဉ်းစားတတ်‌သေးသည်။ သူ အသိတစ်ယောက်၏ ဘားကိုသာသွားခဲ့ပြီး သူ မလာမီ သူဌေးကို လူရှင်းခိုင်းထားလိုက်သေးသည်။


ယခုဆိုလျှင် ဘားက လင်းထိန်နေသော်လည်း လူအနည်းငယ်ကိုသာ မြင်တွေ့ရသည်။ 


မကြာမီ ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို ရှာတွေ့သွားသည်။  


ဟယ့်ကျင်းယွင်အနားမကပ်မီ ယဲ့ဇယ်ရှစ် ဆေးရွက်ကြီးအနံ့ရလိုက်သည်။


ယဲ့ဇယ်ရှစ်လာသည်ကို သတိပြုမိသောအခါ ဟယ့်ကျင်းယွင် ဆေးလိပ်မီးကို သတ်လိုက်သည်။


"ဆေးလိပ်ငွေ့တွေ မင်းဆီရောက်လာတာလား..."

ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ် လက်ရမ်းပြလိုက်သည်။

"မဟုတ်ပါဘူး... ကျွန်တော်သိချင်သွားလို့ပါ... ဟယ့်လောင်ရှီးလည်း ဆေးလိပ်သောက်တတ်တာလား..."

 

ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းကွေးသွားပြီး သူ ခေါင်းညိတ်ပြလိုက်သည်။ 

"အများကြီးတော့မဟုတ်ပါဘူး... ဒါပေမယ့် တစ်ခါတလေ စိတ်ရှင်းသွားအောင်လို့ တစ်လိပ်တလေပေါ့..."


ညနက်ချိန်ကြီး ဟယ့်ကျင်းယွင်ကို ဘားသို့ ‌ဆွဲခေါ်လာမိသည့်အတွက် ယဲ့ဇယ်ရှစ် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ 

"ကျွန်တော့်အမှားပါ..."


"ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေရတာလဲ..." 

အပြုံးရိပ်သန်းနေသော မျက်ဝန်းများဖြင့် ယဲ့ဇယ်ရှစ်ကို သူကြည့်လိုက်သည်။


"မင်း... ငါ့ကို မခေါ်ခဲ့ရင်တောင်မှ ...ဒီနေ့ ငါ လာဖြစ်ခဲ့မှာပဲ... ပြောရရင် သူက ငါ့ကုမ္ပဏီက အနုပညာရှင်ပဲလေ..."


ထိုသည်က အဓိကကိစ္စမဟုတ်သည်ကို ဟယ့်ကျင်းယွင် သူ့ရင်ထဲတွင်‌ ပြောလိုက်သည်။ 


သို့သော် သူ ထုတ်ပြောမည်မဟုတ်ပေ။ 


ဆယ်စက္ကန့်ခန့်ကြာသောအခါ ဟယ့်ကျင်းယွင် မေးလာသည်။

"ထန်ကျင့် ဘယ်လိုနေလဲ..."


"သူ အခု အဆင်ပြေလောက်ပါပြီ... "


ယဲ့ဇယ်ရှစ် ခေတ္တရပ်သွားပြီး ထပ်ပြောလာသည်။

"နောက်မှ Weiboမှာ ပို့စ်တင်ပြီး ဖန်တွေကို ရှင်းပြလိုက်မယ်လို့ ထန်ကျင့်က ပြောတယ်..."


"ဒါဆို မင်းကိုပဲ ထပ်ပြီး ပြဿနာပေးရတော့မှာပဲ..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် မျက်တောင်ခတ်လိုက်သည်။ 

"ကျွန်တော်တို့ ဟယ့်လောင်ရှီးကိုရော ပြဿနာ ပေးမိသလို ဖြစ်မနေဘူးလား..."


ဟယ့်ကျင်းယွင် ရယ်လိုက်သည်။

"ဟုတ်သားပဲ..."


ယဲ့ဇယ်ရှစ်လည်း ရယ်မိသွားသည်။


ကောင်းရှူနှင့် ဝမ်ထုံထွက်မလာမီအထိ သူတို့နှစ်ယောက် အပြင်ဘက်တွင် အချိန်အတော်ကြာ စကားပြောနေခဲ့ကြသည်။ 


ဝမ်ထုံက သူတို့နှစ်ယောက်ကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ဒီနေ့... နှစ်ယောက်သားကို တကယ် ဒုက္ခပေးခဲ့မိပါပြီ..."


"ကိစ္စမရှိပါဘူး..."

ယဲ့ဇယ်ရှစ် လက်ရမ်းပြလိုက်သည်။

"ပြောရရင် ဒီကိစ္စက ကျွန်တော်နဲ့လည်း နည်းနည်းဆိုင်တယ်လေ... ကျွန်တော်လာပြီးတော့ အခြေနေကိုကြည့်သင့်တာပေါ့..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"သူ အခု ဘယ်လိုနေသေးလဲ..."


ဝမ်ထုံပြောလိုက်သည်။ 

"သူ အဆင်ပြေလာပါပြီ... သူ့လက်ထောက်ကလည်း သူ့ကို အမူးပြေဆေးတိုက်ပြီးပြီ... ကျွန်မလည်း Weiboပို့စ်ကို ရေးပြီးပြီ... အဆင်ပြေမပြေ ကြည့်စေချင်တယ်... အဆင်ပြေပြီဆိုရင်တော့ ကျွန်မတို့ တင်လိုက်ကြတာပေါ့..."


ဝမ်ထုံ ဖုန်းကို ကမ်းပေးလာသည်။


ကောင်းရှူက ပို့စ်ကို ဦးစွာဖတ်ကြည့်ထားပြီးဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်ကို 'အဆင်ပြေတယ်' ဆိုသည့်အမူအရာ လုပ်ပြလာသည်။


ယဲ့ဇယ်ရှစ် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဟယ့်ကျင်းယွင်ထံ လက်ဆင့်ကမ်းပေးလိုက်သည်။


ဟယ့်ကျင်းယွင် မေးခွန်းများ မမေးတော့ဘဲ ပြောလိုက်သည်။

"ဖတ်ပြီး Weibo ကိုသာ အရင်တင်လိုက်ပါ...ပြီးရင် ပြန်ကြတာပေါ့ ..."


ဝမ်ထုံခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်နှင့် အတည်ပြုပြီးဖြစ်သောကြောင့် သူမ ပို့စ်တင်လိုက်သည်။


Weiboပို့စ်ကို အောင်အောင်မြင်မြင် တင်ပြီးသွားသောအခါ ယဲ့ဇယ်ရှစ်လည်း သူ့အကောင့်ထဲ ဝင်လိုက်ပြီး ထန်ကျင့်၏ Weiboကို ပြန်တင်လိုက်သည်။


တစ်ချိန်တည်းမှာပင် ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်၏ Weiboကို ပြန်တင်လိုက်သည်။ 


ထိုအချိန်မှစ၍ သူတို့သုံးယောက်လုံး၏ Weiboပို့စ်များကို အင်တာနက်အသုံးပြုသူများက တစ်ချိန်တည်းနီးပါး မြင်တွေ့လိုက်ကြရလေသည်။



🎶🎶🎶