Chapter 75
Viewers 21k

🎶 Chapter 75



နောက်မိနစ်အတွင်းတွင် ဝေ့ပေနှင့်ထန်ကျင့်က မေးခွန်းအနည်းငယ် မေးလိုက်ကြပြီး ဒါရိုက်တာက တစ်ခုပြီးတစ်ခု ဖြေပေးခဲ့သည်။


အယောင်ဆောင်သူ၏ အထောက်အထား ကဲ့သို့သော အဓိက ကိစ္စရပ်များကို မေးမြန်းသည့်အခါ ဒါရိုက်တာအဖွဲ့က တစ်စုံတစ်ရာကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


ဧည့်သည်များအားလုံးတွင် အခြားမေးခွန်းများ မရှိတော့သည်ကို အတည်ပြုပြီးနောက် ဒါရိုက်တာအဖွဲ့က ယနေ့မစ်ရှင်ကို စတင်ကြေညာလိုက်သည်။


ယနေ့မစ်ရှင်ကလည်း ယမန်နေ့ကထက် ပိုမကောင်းလာချေ။ ယမန်နေ့ညက မိုးအနည်းငယ် ရွာခဲ့၍ ရိုးရှင်းစွာပင် ယနေ့မစ်ရှင်က ပြင်ပမှ အတွင်းသို့ပြောင်းလဲသွားသည်။


ပြီးလျှင် ယနေ့၌ မစ်ရှင်တစ်ခုသာလျှင် ရှိပေသည်။ ၎င်းမှာ ခရီးသွား ရှောင်မင်အား သူ့ဂျာနယ်ကို ရှာတွေ့အောင် ကူညီရန်ဖြစ်၏။


ခရီးသွားရှောင်မင်က Chaka ဆားရေကန်ကို လာရောက်လည်ပတ်ခဲ့ပြီး ၎င်းရေကန်က အခွန်လှပသည်ကို ရှာတွေ့သွားသည်။ သို့သော်ငြား ကံမကောင်းစွာပင် သူမြို့ပြစာကြည့်တိုက်တွင် စာဖတ်နေချိန်မှာပင် သူ၏ခရီးသွားဂျာနယ်ကို မတော်တဆ ကျပျောက်သွားခဲ့သည်။


ရှောင်မင်၏ခရီးသွားဂျာနယ်ကို စာကြည့်တိုက်၏ ထောင့်တစ်နေရာတွင် ကျပျောက်သွားခဲ့သည်။ သူက ဧည့်သည်များကို ရှောင်မင်၏ပျောက်ဆုံးသွားသော ဂျာနယ်အား ကူရှာပေးရန် မျှော်လင့်နေ၏။


ရှောင်မင်၏ခရီးသွားဂျာနယ်ကိုရှာတွေ့သည့် ပထမဆုံးအဖွဲ့က ဒါရိုက်တာအဖွဲ့က စီစဥ်ပေးသော ဇိမ်ခံအစားအစာကို ရရှိမည်ဖြစ်သည်။ 


ထိရောက်သော သဲလွန်စများကိုသာ ပံ့ပိုးပေးသည့်ဧည့်သည်အဖွဲ့မှာမူ ဒါရိုက်တာအဖွဲ့မှ စီစဉ်ပေးသည့် ဇိမ်ခံညစာအား လက်ခံရရှိမည်ဖြစ်သည်။


တက်ကြွစွာ ပါဝင်ဆင်နွှဲပေးသည့် အဖွဲ့များအတွက်လည်း ကျိန်းသေပေါက်ပင် ဆုလာဘ်များ ရှိပေ၏။ ဒါရိုက်တာအဖွဲ့က သူတို့အတွက် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ပံ့ပိုးပေးလိမ့်မည်ဖြစ်ကာ ဧည့်သည်များက သူတို့ကိုယ်တိုင် ညစာချက်ပြုတ်နိုင်ပေသည်။


ဤသည်ကိုကြားပြီး ယို့ကျားက မနေနိုင်မထိုင်နိုင် အထွန့်တက်လိုက်သည်။

"နောက်ဆုံးတော့ ရှင်တို့က ဒီနေ့ ကျွန်မတို့ကိုအစားအစာပေးဖို့ ဆန္ဒရှိသွားပြီပေါ့..."


ရှန်ဇယ်ယွီက ချက်ချင်းဆိုသလို မရယ်မောဘဲ မနေနိုင်တော့ပေ။


ဝေ့ပေမှာမူ သံသယများ ပြည့်နှက်နေပြီး နောက်ဆုံး၌ တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။

"ဒီတော့ ဒါက ဒါရိုက်တာအဖွဲ့က ကျွန်တော်တို့ကို အဖွဲ့တွေ ခွဲခိုင်းရတဲ့ ရည်ရွယ်ချက်ပေါ့လေ...အုပ်စုခွဲပြီးတော့မှသာ ဒီဂိမ်းကိုကစားလို့ရမှာမလား..."


ထန်ကျင့် ခေါင်းညိတ်လိုက်သည်။

"အဲ့လိုဖြစ်လောက်တယ်..."


သူအနည်းငယ် မသေချာသေးသော်လည်း ဒါရိုက်တာအဖွဲ့၏စကားလုံးများထဲတွင် တစ်ခုခုကိုဝှက်ထားသည်ဟု သူအမြဲခံစားနေရသည်။


သို့သော် လက်ရှိအခြေအနေတွင် သူတို့လက်ထဲ၌ သဲလွန်စ များများစားစားမရှိဘဲ ဒါရိုက်တာအဖွဲ့ကလည်း သေချာပေါက် ပြောပြလိမ့်မည် မဟုတ်ပေ။ သူတ်ို့ ဂိမ်းကိုအနိုင်ရပြီး သဲလွန်စများရသည့် အချိန်မှသာလျှင် ဒါရိုက်တာအဖွဲ့က ပြောပြမည်ပင်။


ဤအကြောင်းကိုတွေးပြီး ထန်ကျင့် မနေနိုင်ဘဲ သူ့အရှေ့ရှိ ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ထန်ကျင့်၏ငေးစိုက်ကြည့်မှုကို ယဲ့ဇယ်ရှစ်က သတိမထားမိသော်လည်း ဟယ့်ကျင်းယွင်က ရုတ်တရက်ခေါင်းလှည့်ကာ လှမ်းကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်က ထန်ကျင့်၏ငေးမောကြည့်နေမှုကို ပြုံးပြလိုက်သည်။


ထန်ကျင့်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး အဝေးကို အကြည့်လွှဲလိုက်သည်။


ရိုက်ကူးရေးက တရားဝင်စတင်လိုက်ပြီး ဧည့်သည်များကလည်း သီးခြားစီ ထွက်ခွာလိုက်သည်။ 


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က အခြားနှစ်ဖွဲ့၏နောက်တွင် ကျန်ရစ်ခဲ့သည်။ သူတို့ကို ကြည့်ရသည်မှာ အလျင်မလိုပုံပေါ်ပြီး စာကြည့်တိုက်ကို အေးအေးလူလူနှင့် ဖြေးညင်းစွာ လမ်းလျှောက်သွားနေကြလေသည်။


ရုတ်တရက် ဟယ့်ကျင်းယွင်က မေးခွန်းတစ်ခု မေးလိုက်သည်။

"အယောင်ဆောင်နှစ်ယောက်ရှိတယ်လို့ မင်းထင်လား..."


ယဲ့ဇယ်ရှစ် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"အရင်ဆုံး ထန်ကျင့်နဲ့ရှန်လောင်ရှီးကို ဖယ်လိုက်ကြရအောင်..."


"အိုး...ဘာလို့လဲ..."

ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို ဘေးတိုက်ကြည့်ပြီး အချိန်အတော်ကြာ စကားရပ်ထားပြီးမှ ပြောလိုက်သည်။

"ဟယ့်လောင်ရှီး နားမလည်ချင် ယောင်ဆောင်နေတာလား..."


ဟယ့်ကျင်းယွင် ရယ်မောလိုက်သည်။

"မင်း ဒါရိုက်တာနဲ့ပရိသတ်ကို ရှင်းပြရဦးမယ်လေ..."


ဟယ့်ကျင်းယွင် ထိုသို့ပြောလိုက်ပြီးနောက် ၎င်းက လက်ခံနိုင်စဖွယ်ရှိသည်ဟု ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။


လည်ချောင်းရှင်းလိုက်ပြိီးနောက် ယဲ့ဇယ်ရှစ် စပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ပြောရရင် ဒါရိုက်တာအဖွဲ့က အယောင်ဆောင်တွေကို အစပိုင်းမှာကတည်းက ထုတ်ပြလိုက်မှာ မဟုတ်ဘူး...အဲ့တော့ ပထမနေ့က လျှို့ဝှက်မစ်ရှင်က တည်ကြက်အဖြစ် အသုံးချတဲ့ဗျူဟာပဲ...ဒါရိုက်တာအဖွဲ့က အရင်တစ်ခေါက်ရိုက်ကူးရေးမှာတုန်းက လူတိုင်းလှည့်စားခံလိုက်ရတာကို အခွင့်အရေးယူလိုက်တာ...ပြီးတော့ လျှို့ဝှက်မစ်ရှင်ရှိတယ်လို့ ပြောပြီးတော့ ဒုတိယရိုက်ကူးရေးရဲ့ သတင်းအချက်အလက်တွေကို လုပ်ကြံလိုက်တာပဲ..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


တစ်ချိန်တည်းမှာပင် မောနီတာနောက်မှ ဒါရိုက်တာက ထိတ်လန့်သွားပြီး သူ့ဘေးနားရှိ ဇာတ်ညွှန်းရေးဆရာကို အံ့အားသင့်မှုများဖြင့် ကြည့်လိုက်သည်။

"သူ အဲ့ဒါကို ဘယ်လိုလုပ် ခန့်မှန်းနိုင်သွားတာလဲ..."


ဇာတ်ညွှန်းရေးဆရာလည်း ထိတ်လန့်နေပြီး စကားပြောရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

"ငါ ဘယ်လိုလုပ်သိမှာလဲ..."


ယဲ့ဇယ်ရှစ်က ဆက်လက်ရှင်းပြနေသည်။

"အဲ့လိုလုံးဝမရှိခဲ့တဲ့ လျှို့ဝှက်မစ်ရှင်ကို ဒါရိုက်တာအဖွဲ့က ဘာလို့လုပ်ခဲ့ရတာလဲဆိုတာကို ကျွန်တော်တို့ အခုစဥ်းစားရမယ်...ပြီးတော့ သူတို့က ထန်ကျင့်နဲ့ ရှန်လောင်ရှီးကိုတောင် ဆုပေးလိုက်သေးတယ်မလား..."


"ဘာလို့လဲဆ်ိုတော့ ဒါရိုက်တာအဖွဲ့က အချက်ပြလက္ခဏာအမှားကြီးကို ပို့လိုက်ချင်လို့ပဲ...သူတို့ရည်ရွယ်ချက်အစစ်က ငါတို့ကို လမ်းကြောင်းမှားသွားစေချင်တာ..."

ဟယ့်ကျင်းယွင်က စကားဝိုင်းကို လက်လွှဲယူကာပြောလိုက်သည်။


"အသေအချာပဲ..."

ယဲ့ဇယ်ရှစ် အပြုံးလေးနှင့် ပြောလိုက်သည်။

"အရပ်သားပဲဖြစ်ဖြစ် အယောင်ဆောင်သူတွေပဲဖြစ်ဖြစ် အမှောင်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ လူတိုင်းကို အခွင့်ကောင်းယူပြီး ဒါရိုက်တာအဖွဲ့က ကျွန်တော်တို့တို့ကို ထန်ကျင့်နဲ့ ရှန်လောင်ရှီးပေါ်ကို အာရုံစိုက်စေချင်နေတာ..."


"ကျွန်တော် ရိုက်ကူးရေးမှာပါဝင်တဲ့ ပထမဆုံးနေ့မှာပဲ ကံကောင်းပြီးတော့ လျှို့ဝှက်မစ်ရှင်တစ်ခုကို အောင်မြင်သွားပြီး စျေးကြီးပြီးအရသာရှိတဲ့ ငါးထမင်းဘူးတစ်ဘူးကိုလည်း နေ့လည်စာအနေနဲ့ ရခဲ့တတယ်..."


ယဲ့ဇယ်ရှစ် ရုတ်တရက် အနည်းငယ် ဒေါသထွက်လာခဲ့သည်။

"အခုကြည့်ရသလောက်တော့ ဒါက ငါးထမင်းဘူးမဟုတ်ဘဲ...ဘုရင်မရဲ့အဆိပ်ပန်းသီးကြီးပဲ..."


ဟယ့်ကျင်းယွင် သူ၏ကလေးဆန်သည့် ပုံရိပ်ကြောင့် သဘောကျသွားပြီး ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လိုက်သည်။

"ဒါဆို အယောင်ဆောင်တွေက..."


"သူက ကျွန်တော်တို့(ငါတို့)ပဲ ဖြစ်နိုင်တယ်...".

နှစ်ယောက်သား တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။


ပြောပြီးနောက် ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို အံ့သြတကြီးဖြင့် ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်လည်း ဤအခြေအနေကို မမျှော်လင့်ထားပုံပေါ်သည်။ သူ့နှုတ်ခမ်းထောင့်များက တိတ်တဆိတ် ကော့တက်သွားခဲ့သည်။


အချိန်အတော်ကြာသွားပြီးနောက် ယဲ့ဇယ်ရှစ် သတိပြန်ဝင်လာပြီး မပြောဘဲမနေနိုင်ချေ။

"ဟယ့်လောင်ရှီး...ကျွန်တော်တို့နှစ်ယောက်မှာ ဖွင့်ဟပြောစရာမလိုဘဲ အပြန်အလှန် နားလည်နေမှုမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး..."


"အဲ့ဒါ မကောင်းဘူးလား..."

ဟယ့်ကျင်းယွင် မေးလိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းယမ်းကာ ခိုင်ခိုင်မာမာ ပြောလိုက်သည်။

"မဟုတ်ပါဘူး...အရမ်းကိုကောင်းတာ..."


နှစ်ယောက်သား အချင်းချင်း ပြုံးပြလိုက်ကြ၏။


တစ်ချိန်တည်းမှာပင် မော်နီတာနောက်က ဒါရိုက်တာမှာ စိတ်တိုလွန်း၍ သူ့ခြေထောက်ကိုပင် ဆောင့်ချလိုက်လေသည်။


"ဘာလို့ တခြားအဖွဲ့ မဖြစ်နိုင်ရမှာလဲ...ဘယ်လိုလုပ်ပြီး သူတို့က အယောင်ဆောင်တွေပါဆိုပြီး သေချာနေရတာတုန်း..."


ဇာတ်ညွှန်းရေးဆရာ၏မျက်နှာမှာလည်း အနည်းငယ်အရုပ်ဆိုးနေပြီး အချိန်အကြာပြီး တိတ်ဆိတ်သွားခဲ့သည်။ 


သူ နားမလည်နိုင်ပေ။ စည်းမျဥ်းများကြေညာခဲ့သည်မှာ မကြာသေးဘဲ ပထမဆုံးတာဝန်ကိုပင် မအောင်မြင်ကြသေးချေ။


အယောင်ဆောင်နှစ်ယောက်က သူတို့သရုပ်မှန်ကိုဘယ်လိုခန့်မှန်းလို့ ပြီးသွားတာလဲ...


ယဲ့ဇယ်ရှစ်၏အစောပိုင်း ခွဲခြမ်းစိတ်ဖြာမှုက မှန်ကန်ကြောင်း ဒါရိုက်တာအဖွဲ့က အမှန်ပင် ဝန်ခံပေသည်။


ဒါပေမဲ့ အဲဒါနဲ့ပဲ မင်းရဲ့သရုပ်မှန်က အယောင်ဆောင်ပဲဆိုပြီးတော့ မသေချာနိုင်ဘူးလေကွ...


ဤအခိုက်အတန့်၌ ဒါရိုက်တာက ယဲ့ဇယ်ရှစ်နှင့် တူညီသည့် ခံစားချက်ကို ဖော်ပြလိုက်သည်။


"ရှက်စရာကြီး ဂိမ်းကအခုမှစရုံ ရှိသေးတာကို ပြီးသွားပြီ..."

ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်သည်။


"ဟယ့်လောင်ရှီး...ဒီတစ်ခါ ကျွန်တော်တို့နိုင်မယ့်ပုံပဲ..."


ဟယ့်ကျင်းယွင်ကမူ မယုတ်မလွန်သာ တုံ့ပြန်လိုက်သည်။


နှစ်ယောက်သား ဟယ့်ကျင်းယွင် မပြောမီအချိန်ထိ ပထမထပ်တွင် နောက်တစ်ခေါက် ယောင်ဝါးဝါးဖြင့်ခြေဦးတည့်ရာ လျှောက်သွားလိုက်သည်။

"ဒါဆို မစ်ရှင်ပြီးတာက ဒီနေ့ ငါတို့နောက်ဆုံးဖြစ်လိမ့်မယ်..."


ယဲ့ဇယ်ရှစ် တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ဖြစ်လောက်တယ်....လွဲနေတဲ့ သတင်းရှိကတည်းက ကျွန်တော်တို့ထပ်ပြီး လုပ်စရာ အများကြီးမရှိတော့ဘူး...အဲဒါက ကျွန်တော်တို့ရဲ့ အထောက်အထားတွေအပေါ် သံသယတွေကို ရှင်းပစ်နိုင်ပြီး တခြားအုပ်စုတွေဆီ သံသယတွေ ဝင်လာစေနိုင်တယ်..."


ဟယ့်ကျင်းယွင်က ရုတ်တရက် လက်ဆန့်ပြီး စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။

"ဒါဆိုလည်း ရှန်ဇယ်ယွီကို ရလဒ်ကို ခံစားခွင့်ပေးလိုက်ကြတာပေါ့..."


ယဲ့ဇယ်ရှစ် ရုတ်တရက် ဟယ့်ကျင်းယွင်လက်ထဲက ပစ္စည်းကိုဖျတ်ခနဲမြင်လိုက်ပြီး မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျုံ့သွားကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"ဟယ့်လောင်ရှီး...ခရီးသွားဂျာနယ်ကို ဘယ်လိုရှာတွေ့တာလဲ..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်လက်ထဲ စာအုပ်ကို မထူးခြားနားစွာ ထည့်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ငါတို့ရှာတွေ့ရင်လည်း ကိစ္စမရှိဘူး...လက်ထဲပစ္စည်းမရှိသရွေ့ အောင်မြင်တယ်လို့ မသတ်မှတ်နိုင်ဘူးလေ...ငါ့အထင်မှန်လားဆိုတာ အတည်ပြုချင်ရုံပဲ...ဒါပေမဲ့ အခုကြည့်ရတာ ပရိုဂရမ်အဖွဲ့က ကစားတာ တကယ်ကို မတော်ပုံပဲ..."


မော်နီတာနောက်မှ ဒါရိုက်တာအဖွဲ့ : "..."


မင်းအဲ့လောက် ဥာဏ်ထက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတုန်းကွ...


အရမ်းဒေါသထွက်တယ်...


မထင်မှတ်စွာပင် ပိုစိတ်ပျက်စရာကောင်းသည့် အဖြစ်အပျက်က ရောက်လာခဲ့သည်။


ယဲ့ဇယ်ရှစ် က ဟယ့်ကျင်းယွင်စကားကို နားထောင်ပြီးခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

"တကယ် လုံးဝရိုးရှင်းတာပဲ..ဧည့်သည်တွေကို ပေးထားတဲ့အချက်အလက်အတိုင်းဆို သဘာဝကျကျပဲ ဒီကိုအရင်လာပြီးရှာမှာပဲ...ခရီးသွားဂျာနယ်ဆိုတဲ့နာမည်နဲ့တင်ကို လူတိုင်းက စာကြည့်တိုက်ထဲက ဒီနေရာကို ချိတ်ဆက်တွေးတတ်သင့်နေပြီ..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"ခရီးသွားဂျာနယ်က မြေပုံတစ်ခုဖြစ်နေတုန်းပဲ...အဲ့တော့ ရှာရမယ့်ဧရိယာကိုလည်း ဒီလောက်ပဲ ကန့်သတ်ထားမှာ..."


ယဲ့ဇယ်ရှစ် ရိုးရိုးရှင်းရှင်းပင် သူ့ဘေးနားရှိ ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး ဂျာနယ်ကို ဖွင့်လိုက်သည်။


ဂျာနယ်က အလွန်နူးညံ့ပေသည်။ ပထမဆုံးစာမျက်နှာက Chaka ဆားရေကန်၏ မြင်ကွင်းကျယ်ပုံဖြစ်ပြီး နောက်တစ်မျက်နှာမူ ဧည့်သည်ခြောက်ယောက်၏ ယမန်နေ့က ပုံအမျိုးမျိုးပင် ဖြစ်သည်။


ပရိုဂရမ်အဖွဲ့၏ကင်မရာမန်းက အမှန်ပင် ပရော်ဖက်ရှင်နယ်ဆန်လှသည်ဟု ပြောရပေမည်။ ရိုက်ထားသည့် ဓာတ်ပုံတိုင်းက အလွန်ပင် လှလေ၏။


ယဲ့ဇယ်ရှစ်အကြိုက်ဆုံးမှာ သူနှင့်ဟယ့်ကျင်းယွင်ကိုယ်တိုင် ဆားရေကန်ကို ရထားဖြင့် ကိုယ့်ဘာသာသွားခဲ့သည့်တစ်ခုပင် ဖြစ်၏။


ပုံထဲတွင် သူတို့နှစ်ယောက်၏နောက်ကျောကို ဦးစွာ မြင်ရပေသည်။ ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ဘက်သို့ ခေါင်းကိုစောင်းငဲ့ပြီး တစ်ခုခုပြောနေသလို ထင်ရပေသည်။


ဟယ့်ကျင်းယွင်မှာမူ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခုနှင့် အလေးအနက် နားထောင်ပေးနေသည်မှာ အလွန်မျက်စိပသာဒ ဖြစ်စရာကောင်းလှသည်။


ထိုပုံကိုတွေ့ပြီး ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းများ ကွေးတက်သွားသည်။ သူနောက်တစ်မျက်နှာ လှန်တော့မည့်အချိန် ယဲ့ဇယ်ရှစ်လက်က ရုတ်တရက် တန့်သွားခဲ့သည်။


နေဦး တစ်ခုခုက မူမမှန်ဘူး...


ဟယ့်ကျင်းယွင်၏မျက်လုံးများက ယဲ့ဇယ်ရှစ်အပေါ်မှာသာ ရှိနေပြီး ယဲ့ဇယ်ရှစ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ချိန် မေးလိုက်သည်။

"ဘာမှားနေလို့လဲ..."


ယဲ့ဇယ်ရှစ်က ခရီးသွားဂျာနယ်ကို တစ်ပတ်လှည့်လိုက်ပြီး စာမျက်နှာ၏ ညာဘက်အောက်ထောင့်ကို သူ၏ သွယ်လျဖြူဖွေးသော လက်ချောင်းလေးဖြင့် ဖိလိုက်သည်။

"ဒီမှာ..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်နှင့်ဆန့်ကျင်ဘက်တွင်ထိုင်နေသည်။ အောက်ခြေရှိစာကြောင်းကို ဖတ်ပြီး သူ့မျက်ခုံးများလည်း ကြုတ်သွားခဲ့သည်။ သို့သော် မြန်မြန်ဆန်ဆန်ပင် ပြေသွားပြီး ပြုံးလိုက်သည်။

"ကြည့်ရတာ ခရီးသွားဂျာနယ်ကိုရှာဖို့ ဆုံးဖြတ်လိုက်တာက မှန်သွားပုံပဲ... အဲ့ဒါက အသုံးဝင်နေသေးတယ်..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ ဒါရိုက်တာအဖွဲ့ထဲမှာ အမှန်တရားချစ်မြတ်နိုးပြီး ဖော်ထုတ်ချင်တဲ့သူတချို့ ရှိနေပုံပဲ...ကျွန်တော်တို့ တခြားအဖွဲ့တွေထက်စောပြီး ဒီဂျာနယ်ကို ရှာတွေ့လိုက်လို့ ကံကောင်းသွားတယ်..."


မှန်ပေ၏။ ဒါရိုက်တာအဖွဲ့က နောက်ဆုံးမစ်ရှင်ထဲတွင် လျှို့ဝှက်မစ်ရှစ်ကို ဖွက်ထားလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်မည်မဟုတ်ပေ။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်၏အဖွဲ့ဓာတ်ပုံ အောက်တွင် သေးငယ်သော စာလုံးလေးများဖြင့် စာတစ်ကြောင်း ရေးထားလေသည်။ 

"ဘယ်သူမှ မကြည့်နေတဲ့အချိန်မှာ သူတို့က သူတို့ရဲ့မျက်လုံးတွေနဲ့ လူတိုင်းကို တိတ်တိတ်လေး စောင့်ကြည့်နေကြတယ်..."


ဒီသဲလွန်စကြီးက အရမ်းကို သိသာနေတာပဲ....


၎င်းကို အခြားအဖွဲ့ဝင်များသာ မြင်သွားပါက ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းယွင်၏ အထောက်အထား သရုပ်မှန်များကို ချက်ချင်း ခန့်မှန်းနိုင်သွားလိမ့်မည်ပင်။


"ဒါဆို ငါတို့..."


"ဖျက်ဆီးပစ်လိုက်မယ်..."

ယဲ့ဇယ်ရှစ်၏အသံမှာ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ဓာတ်ပုံပါသည့် စာမျက်နှာကိုလည်း ဂျာနယ်ထဲမှ ဆုတ်ဖြဲပစ်လိုက်သည်။


ယဲ့ဇယ်ရှစ်လက်က ထိုမျှမြန်ဆန်သည်ကို မြင်လိုက်ချိန် ဟယ့်ကျင်းယွင် မတတ်နိုင်ပါဘဲ အနည်းငယ်နောင်တရသွားသလို ခံစားလိုက်ရသည်။


သူ မူလက ဓာတ်ပုံအား သိမ်းထားချင်ခဲ့သည်။


သူ့မှာ ယခုထိတိုင် ယဲ့ဇယ်ရှစ်နှင့်တွဲရိုက်ထားသည့်ဓာတ်ပုံ မရှိသေးချေ။


စာရွက်ကိုဆုတ်ဖြဲပြီးနောက် ယဲ့ဇယ်ရှစ် ဂရုတစိုက်ဖြင့် ဓာတ်ပုံကို ခေါက်လိုက်သည်။

"ဒီစာရွက်ကို ကျွန်တော့်ဆီသာ ချန်ထားလိုက်..."


ဟယ့်ကျင်းယွင် ပို၍ပင် နောင်တရသွားသော်လည်း လုံးဝအမူအရာမပြပေ။


"ကောင်းပါပြီ..." 

တစ်ခုခုဖြစ်လျှင် ဟယ့်ကျင်းယွင် ဒါရိုက်တာအဖွဲ့ထံမှ ကော်ပီယူနိုင်သေးပေ၏။


စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီးနောက် ဟယ့်ကျင်းယွင်၏ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာသည်။


ပိုပြီး လုံခြုံစိတ်ချရရန် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က ဂျာနယ်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေးလိုက်ပြီး ထိုပေါ်တွင် အခြားသိသာထင်ရှားသည့် ဓာတ်ပုံနှင့် စာကြောင်းများ မရှိတော့သည်ကို အတည်ပြုလိုက်သည်။ ထို့နောက် ဂျာနယ်ကို သူ့မူလနေရာ၌ ပြန်ထားလိုက်လေ၏။


"ဒါဆို ကျွန်တော်တို့ အခုဘယ်သွားကြမှာလဲ..."

ယဲ့ဇယ်ရှစ် မေးလိုက်သည်။


ဟယ့်ကျင်းယွင် အကြံပြုလိုက်သည်။

"သဲလွန်စအတွက် ဒီနားတစ်ဝိုက်ကို လှည့်ပတ်ပြီး တခြားအဖွဲ့တွေကို ကြည့်ရင်ရော..."


ဤအကြံက ဖြစ်နိုင်ချေရှိသည်ဟု ယဲ့ဇယ်ရှစ် ခံစားရသည်။ ထို့ကြောင့် သူ ဟယ့်ကျင်းယွင်နှင့်အတူ စာကြည့်တိုက်တစ်ဝိုက်တွင် လှည့်ပတ်ကာ အပန်းဖြေပြီး လျှောက်နေလိုက်ကြသည်။


လက်ထောက်ဒါရိုက်တာက သူတို့နှစ်ယောက်၏ ဇိမ်ခံနေသည့် ပုံရိပ်ကိုကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

"သူတို့ကို တကယ် အေးဆေးထားထားတော့မှာလား..."


ဒါရိုက်တာက သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

"မဟုတ်ရင်ရော သူတို့ကို လှည့်စားလို့ရမဲ့ အခြားနည်းလမ်းတစ်ခုကို မင်းတွေးနိုင်လို့လား..."


လက်ထောက်ဒါရိုက်တာ တိတ်ဆိတ်သွားလေသည်။


ဘေးနားရှိ ဇာတ်ညွှန်းရေးဆရာလည်း အံကြိတ်လိုက်သည်။ နောက်တစ်ခေါက် အစီအစဥ်ဆွဲသည့်အချိန်ကျ သူ ခက်ခဲမှုလယ်ဗယ်ကို မြှင့်တင်ရပေမည်။


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်၏ ခြေဦးတည့်ရာ လျှောက်သွားနေသည့်တစ်နေ့တာက ထန်ကျင့်နှင့်ရှန်ဇယ်ယွီ မစ်ရှင်ကို အောင်မြင်သွားသည့်အချိန်တွင် အဆုံးသတ်သွားခဲ့သည်။


ဝေ့ပေနှင့်ယို့ကျားက ခရီးသွားဂျာနယ်ကို ရှာမတွေ့သော်လည်း သဲလွန်စများကို ပိုစုဆောင်းထားခဲ့၍ ဒုတိယနေရာ ရသွားခဲ့သည်။


တစ်ခါမှမကြိုစားဘဲ ခြေဦးတည့်ရာ လှည့်ပတ်သွားလာနေသော ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်အတွက်မူ သဘာဝကျစွာပင် သူတို့က နောက်ဆုံးဖြစ်၏။


သို့သော်ငြား နှစ်ဦးသားက အလွန်တရာ စိတ်ကျေနပ်နေဆဲပင်။


အထူးသဖြင့် ယဲ့ဇယ်ရှစ်ဖြစ်သည်။ ပြင်ဆင်ထားသည့် ဟင်းအမည်များတွင် ငါးပါသည်ဟု ကြားချိန်တွင် သူ့အပြုံးကို မထိန်းထားနိုင်လုနီးပါးပင်။ 


ဧည့်သည်များ၏ရလဒ်ကို ကြေညာပြီးနောက် အရေးကြီးဆုံး သဲလွန်စများကို ကြေညာလိုက်သည်။


ဧည့်သည်များက အခန်းခြောက်ခန်းကို တစ်ချိန်တည်းတွင် ဝင်ရမည်ဖြစ်ပြီး ထိုနေရာများတွင် ဒါရိုက်တာအဖွဲ့ ပြင်ဆင်ထားခဲ့သည့် သဲလွန်စများ ရှိနေလိမ့်မည် ဖြစ်၏။


ယဲ့ဇယ်ရှစ် စားပွဲပေါ်က သဲလွန်စ ထည့်ထားသည့် အိတ်လေးကို ဖွင့်လိုက်သည်။ အထဲ၌ ဓာတ်ပုံတစ်ပုံတည်းသာ ရှိပေသည်။ ဓါတ်ပုံကို ကောက်ယူလိုက်ချိန် ယဲ့ဇယ်ရှစ် ချက်ချင်းလက်ငင်းဆိုသလို ပျော်ရွှင်သွားသည်။ မှန်ပေသည်။ ဒါရိုက်တာအဖွဲ့က ဤတစ်ကြိမ်တွင် သူတို့အား ကူညီပေးခဲ့လေသည်။


------------


E Translator's Note :


လိုက်နိုင်တဲ့ တစ်ယောက်ယောက် ရှိလားတော့ ငါမသေချာဘူး...အတိုပြောရရင် ယဲ့ဇယ်ရှစ်က အရင်တစ်ခေါက်ရိုက်ကူးရေးတုန်းက သူလျှို့ဝှက်မစ်ရှင်အောင်မြင်တဲ့အနေနဲ့ ဆုက ငါးဟင်းအပြည့်နေ့လည်စာဘူး ရတယ်လို့ ပြောခဲ့တယ်...ပြီးတော့ အရင်ရိုက်ကူးရေးတုန်းက လူတိုင်းက သူငါးစားရတာကြိုက်မှန်းသိကြတယ်...အဲ့တော့ ငါးအပြည့်နေ့လည်စာဘူးကို သူ့အထောက်အထားလို့ သတ်မှတ်လိုက်တယ်...ဒီတစ်ခေါက် အတုအယောင် မစ်ရှင်အောက်မှာ ထန်ကျင့်နဲ့ ရှန်လောင်ရှီးက ဆုအနေနဲ့ ငါးနေ့လည်စာဘူး ရသွားတယ်...အဲဒါက ဒီတစ်ခေါက်လျှို့ဝှက်မစ်ရှင်ရဲ့အဓိပ္ပါယ်က "အဲ့ဒါ ယဲ့ဇယ်ရှစ်" လို့ပြောနေတာနဲ့တူတယ်...အဲ့ကြောင့် တကယ်လို့ အဲ့နှစ်ယောက်က အယောင်ဆောင်မဟုတ်ဘူးဆိုရင် ယဲ့ဇယ်ရှစ်ကသာ အယောင်ဆောင်ပဲ ပြီးတော့ ယဲ့ဇယ်ရှစ်ရဲ့ပါတနာက ဟယ့်ကျင်းယွင်..အဲ့တော့ ဒီနှစ်ယောက်က အယောင်ဆောင်ပဲ...ဒါကအကူအညီဖြစ်မယ်လို့ ထင်ပါတယ်...



🎶🎶🎶