Chapter 72
Viewers 21k

🎶 Chapter 72



ဒါရိုက်တာအဖွဲ့က ယခင်တစ်ခေါက်က လှည့်ကွက်ဟောင်းကို ပြန်သုံးရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှာဖွေရန် မလိုအပ်ချေ။


ထိုအကြောင်းကို ဤမနက် စားသောက်ဆိုင်ထဲသို့ ဝင်လာကတည်းက ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းယွင်တွေးထားပြီးသား ဖြစ်သည်။


ယဲ့ဇယ်ရှစ်ဖြစ်စေ ဟယ့်ကျင်းယွင်ဖြစ်စေ ဒါရိုက်တာအဖွဲ့က ယခင်လှည့်ကွက်ဟောင်းကို ပြန်သုံးနိုင်ချေမှာ အလွန်နည်းပါးလွန်းသည်ဟု ခံစားရလေသည်။


"မနက်စာကို များများစားထား"ဟူသော ဒါရိုက်တာအဖွဲ့၏ ထပ်ခါထပ်ခါ သတိပေးချက်များအရ ယနေ့မစ်ရှင်ကို မနက်စာထဲတွင် လျှို့ဝှက်ထားရန်မှာ လုံးဝမဖြစ်နိုင်ဟု သူတို့ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။


"များများစားထား"ဟု ဒါရိုက်တာအဖွဲက သတိပေးထား၍ ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းယွင် နှစ်ယောက်လုံး ဒါရိုက်တာအဖွဲ့က အဓိပ္ပါယ်မရှိသော စကားများကို မပြောလောက်ဟု ခံစားမိသည်။ ထို့ကြောင့် စားပြီးသွားသည့်အခါ ယဲ့ဇယ်ရှစ်က ဝန်ထမ်းကို သယ်သွား၍ရသည့်မုန့်ဘူးကို မေးခဲ့ခြင်းဖြစ်၏။


မုန့်ပဲသရေစာကို လောဘတကြီးစားချင်ယောင်ဆောင်ထားခဲ့ခြင်းပင်။


ဤမြင်ကွင်းကို လူတိုင်းက မြင်လိုက်ကြသော်လည်း အာရုံများများစားစား မထားခဲ့ကြချေ။


လူတိုင်း ဗိုက်ပြည့်သွားချိန်တွင် ဒါရိုက်တာအဖွဲ့က သွားရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာလိုက်သည်။


ယဲ့ဇယ်ရှစ် ကားထဲမဝင်မီ ထန်ကျင့်က ရုတ်တရက် သူ့အား တားလိုက်သည်။

"ဇယ်ရှစ်...ဒါကို မင်းနဲ့ယူသွားလိုက်..."


မုန့်ပဲသရေစာများနှင့် အစာသွပ်မုန့်များကိုစနစ်တကျ ထည့်ပိုးထားသည့် မုန့်ဘူးလေးကို ထန်ကျင့် ယဲ့ဇယ်ရှစ်ထံ ကမ်းပေးလိုက်သည်။


ယဲ့ဇယ်ရှစ် တစ်ခဏမျှ တန့်သွားပြီးမှ မေးလိုက်သည်။

"မင်းငါ့အတွက် ထည့်လာတာလား..."


ထန်ကျင့် ရယ်လိုက်သည်။

"ဟုတ်တယ်...မင်းစားရတာ ကြိုက်တယ်လို့ ငါထင်လို့...အဲ့ကြောင့် ငါဝန်ထမ်းဆီသွားပြီး ပိုထည့်ပေးဖ်ို့ မေးခဲ့တာ..."


ယဲ့ဇယ်ရှစ် စိတ်လှုပ်ရှားသွားရသည်။


သို့သော် ၎င်းက ယာယီမျှသာ ဖြစ်ပြီး သူ ယခုမုန့်ဘူးအား လက်ခံ၍မရပေ။


သူ မုန့်ဘူးအား ထန်ကျင့်ထံ ပြန်တွန်းပေးလိုက်ပြီး ဒါရိုက်တာအဖွဲ့ကို တစ်ချက်ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ဒါကို မင်းအတွက် မင်းသိမ်းထားသင့်တယ်...ငါလုံလုံလောက်လောက် ယူခဲ့ပြီးပြီ...ပြီးတော့ ဒါက လျှို့ဝှက်မစ်ရှင် ဖြစ်လောက်တယ်..."


ပြောပြီးနောက် ယဲ့ဇယ်ရှစ် ထန်ကျင့်ကို မျက်လုံးမှိတ်ပြကာ ကားထဲဝင်လိုက်သည်။


ထန်ကျင့် တစ်ခဏရပ်သွားတန့်သွားကာ ယဲ့ဇယ်ရှစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ် ကားပြတင်းပေါက်ကို အောက်ချလိုက်ကာ သူ့အား လက်ဝှေ့ယမ်းပြလိုက်သည်။

"ငါတို့အရင်ထွက်ပြီနော်..."


ကားက တဖြည်းဖြည်း အဝေးကိုမောင်းသွားပြီးနောက်ဆုံးတွင် ရှန်ဇယ်ယွီက ထန်ကျင့်နံဘေးလာရပ်ကာ သူ့လက်ထဲက မုန့်ဘူးကိုကြည့်လိုက်ပြီး စတင်စပ်စုလိုက်သည်။

"ဘာလဲ မင်းသူ့ကို မပေးလိုက်ဘူးလား..."


ထန်ကျင့် မျက်မှောင်ကြုတ်ကာ သူ့နံဘေးက ရှန်ဇယ်ယွီကို လေးနက်နေသည့် မျက်နှာထားနှင့် ကြည့်လိုက်သည်။

"ရှန်လောင်ရှီး...လောင်ရှီး ဟင်းချက်တက်လား..."


ထင်ထားသည့်အတိုင်းပင် ရှန်ဇယ်ယွီက ပြောလာခဲ့သည်။

"ဒါပေါ့ ဘယ်ချက်တက်ပါ့မလဲ...မင်းရော..."


ထန်ကျင့် မျက်ခုံးများက ရုတ်ချည်းကြုတ်သွားခဲ့သည်။


ရှန်ဇယ်ယွီ ထန်ကျင့်ကို အံ့အားသင့်စွာ ကြည့်လိုက်ငည်။ နှစ်ယောက်လုံး အချင်းချင်း၏ မျက်လုံးများထဲမှ စကားလုံးများကို မြင်လိုက်ရသည်။

"ငါတို့တော့ သွားပြီပဲ..."


တစ်ချိန်တည်းမှာပင် ထန်ကျင့် ပို၍ပင်စိုးရိမ်ပူပန်လာခဲ့သည်။ 


ဒီနေ့မစ်ရှင်က အတိအကျဘာများဖြစ်မလဲ...


ကားက ဟိုတယ်မှထွက်လာပြီး တဖြည်းဖြည်း 'Chaka ဆားရေကန်' အနီးသို့ နီးကပ်လာခဲ့လေသည်။


နေသာသည့်မနက်ခင်းတွင် လေညှင်းလေးက အသာအယာ တိုက်ခတ်နေကာ နေရာင်ခြည်က နွေးထွေးနေပေ၏။


ဆားရေကန်နှင့် နီးကပ်လာလေလေ ကောင်းကင်ပြာပြာက ရေကန်နှင့် ပေါင်းစပ်သွားလေလေပင်။


ထန်ကျင့်တို့အဖွဲ့၏ စိတ်ဓာတ်ကျမှုန်မှိုင်းနေသည့်လေထုနှင့်ယှဥ်လျှင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်၏လေထုက ပိုမိုပျော်ရွှင်ဖွယ် ကောင်းနေသည်။


သို့သော်ငြားလည်း ယဲ့ဇယ်ရှစ်က အနည်းငယ် ပဟေဠိဖြစ်နေသေးပြီး သူ့နံဘေးက ဟယ့်ကျင်းယွင်ကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။

"ဟယ့်လောင်ရှီး...ဒီလျှို့ဝှက်မစ်ရှင်ကို ဘယ်နေရာမှာ ဝှက်ထားလောက်မယ်လို့ထင်လဲ..."


နေရောင်ခြည်က ဟထားသည့် ကားပြတင်းပေါက်မှ လျှောဝင်လာခဲ့ပြီး ဟယ့်ကျင်းယွင်၏ ခန္ဓာကိုယ်တစ်ခြမ်းအား ရွှေအလင်းမှုန်များဖြင့် ဝန်းရံထားသကဲ့သို့ဖြစ်နေကာ အမျိုးသား၏အရိပ်ကို သုံးဘက်မြင်ပုံသဏ္ဍာန် ပိုပေါ်စေခဲ့သည်။


၎င်းကိုကြားပြီး ဟယ့်ကျင်းယွင်၏ခေါင်းက ယဲ့ဇယ်ရှစ်ကို ဖြေးဖြေးချင်း လှည့်ကြည့်လာကာ သူ့မျက်ခုံးများက ကွေးညွှတ်နေပြီး နှုတ်ခမ်းထောင့်လေးက ကော့တက်သွားလေသည်။ သူ၏လည်စေ့က အနည်းငယ် လှိမ့်သွားပြီးနောက် ချိုသာသြရှသည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူသိမှာလဲ..."


ယဲ့ဇယ်ရှစ်၏နှလုံးခုန်သံက အသိပေးခြင်းမရှိဘဲစတင် ခုန်ပေါက်သွားခဲ့သည်။


ယဲ့ဇယ်ရှစ်၏ငေးကြည့်နေမှုကို သိတိထားမိသွားပြီး ဟယ့်ကျင်းယွင် မျက်လုံးထဲတွင် မေးခွန်းများနှင့် သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ 

"ဘာဖြစ်လို့လဲ..."


ထိုအချိန်မှသာ သူ ဟယ့်ကျင်းယွင်ကို အချိန်အကြာကြီး ငေးကြည့်နေမိသည်ကို ယဲ့ဇယ်ရှစ် သတိထားလိုက်မိသည်။


သူပထမတွင် လန့်သွားပြီးနောက် သူ့ခေါင်းကို အမြန်လှည့်ကာ ခပ်ရှက်ရှက် ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး...ရုတ်တရက် တစ်ခုခုကို ရှာတွေ့မိရုံ..."


"ဟမ်..."

အမျိုးသား၏အသံက နက်ရှိုင်းပြီး ငြိမ့်ညောင်းနေကာ ဂီတတူရိယာတစ်ခု တီးခတ်လိုက်သော အသံကဲ့သို့ သံလိုက်ဓါတ်ဖြင့် ညှို့ငင်မှုရှိလှသည်။


ယဲ့ဇယ်ရှစ် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဟယ့်လောင်ရှီးက အရမ်းခံ့ညားတယ်ဆိုတာကို ရုတ်တရက်ကြီး တွေ့လိုက်ရလို့ပါ..."


ဟယ့်ကျင်းယွင်၏အမူအရာက သိသိသာသာပင် တန့်သွားပြီး အလွန်အံ့သြသွားခဲ့သည်။ ယဲ့ဇယ်ရှစ်၏ပါးစပ်မှနေ သူ၏ရုပ်ရည်သွင်ပြင်ကို မှတ်ချက်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ သူ့နှလုံးသားထဲတွင် အနည်းငယ် ပျော်ရွှင်သွားလျက် ဟယ့်ကျင်းယွင် သူ့မျက်နှာပေါ်တွင်လည်း ကြည်လင်လှသည့်အပြုံးတစ်ခုကို ပြုံးလိုက်သည်။ 


သို့သော်လည်း မကြာမီမှာပင် သူ့ရှေ့မှ ကင်မရာမန်းကို သတိပြုမိသွားပြီး မျက်နှာပေါ်မှ အမူအရာကို အမြန်ထိန်းညှိလိုက်ကာ ယဲ့ဇယ်ရှစ်အား ညင်ညင်သာသာ ပြုံးပြလိုက်သည်။ သူ စနောက်ကာ ပြောလိုက်၏။ 

"ဘယ်လိုဖြစ်ပြီး အခုမှ ငါချောတယ်ဆ်ုတာ ရှာတွေ့သွားရတာလဲ...အရင်တုန်းကရော အဲ့လိုမတွေးမိဘူးလား..."


အရင်ကတည်းက သတိထားမိသားပဲ...


သို့သော် ဘာကြောင့်မှန်း ယဲ့ဇယ်ရှစ်လည်းမသိပေ။ ထိုစကားများ ပါးစပ်ကထွက်လာတော့မည့်အချိန် အခြားစကားလုံး ပြောင်းသွားလေသည်။ 

"ကျွန်တော် အရင်က တကယ် သတိမထားမိခဲ့ဘူး..."


ဟယ့်ကျင်းယွင် တိုးတိုးရယ်မောလိုက်ပြီး သူ့နှလုံးသားထိပ်ဖျားမှ နားလည်ရခက်သော ချိုမြိန်မှုလေးကို ဖိနှိပ်လိုက်ကာ ခေါင်းမော့ပြီး သူ့အရှေ့မှလူကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ 

"ဒီကိုကြည့်လိုက်..."


ယဲ့ဇယ်ရှစ်အသံကိုကြားပြီး အရှေ့ကို မျှော်ကြည့်လိုက်သည်။


ကောင်းကင်ပြာကြီးက ရေကန်တွင် ရောင်ပြန်ဟပ်နေပြီး ရေနှင့်ကောင်းကင်က အချင်းချင်းတွေ့ဆုံသွားကြသည်။ ရှည်လျားသော ဝါညိုရောင်လမ်းလေးအား ရေကန်ပေါ်တွင် ဆောက်ထားပြီး ထိုလမ်းက ရေကန်တစ်လျှောက် ဆက်သွားထားလေသည်။


ရေကန်ဘေးတွင်ရပ်ပြီး အဝေးကကြည့်လိုက်လျှင်ရေကန်တစ်ဖက်ခြမ်းက မြင့်မားပြီး ခမ်းနားထည်ဝါသည့် နှင်းများဖုံးနေသော တောင်တန်းများကို တွေ့နိုင်သည်။ ရေကန်စပ်က မြက်ခင်းစိမ်းများပေါ်တွင် အဖြူရောင်အရိပ်လေးများက နှေးကွေးစွာ ရွေ့လျားနေပေ၏။


ယဲ့ဇယ်ရှစ်က ကားထဲမှထွက်ပြီးချိန် ထပ်မရွေ့လျားတော့တော့ပေ။ လတ်ဆတ်သည့် လေညှင်းလေးက သူ့မျက်နှာကို ဖြတ်တိုက်သွားသည်။ စန်းယာရှိ ငန်ပြီး စိုစွတ်သော ပင်လယ်လေနှင့်မတူစွာ ချင်းဟိုင်ရှိလေက ၎င်း၏တမူထူးခြားသော အငန်ဓာတ်ကို သယ်ဆောင်ထားကာ တစ်နည်းတစ်ဖုံ အေးစက်နေပေ၏။


"ဇယ်ရှစ် ဒီမှာ..."

ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ထံ လက်ဝှေ့ယမ်းပြလိုက်သည်။


ယဲ့ဇယ်ရှစ် မော့ကြည့်လိုက်ရာ ဟယ့်ကျင်းယွင်က သူ မပါဘဲ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူက အဝါရောင် ခရီးသွားစက်ဘေးတွင် ရပ်နေပြီး ကန်ထရိုက်တာနှင့် တစ်ခုခုအကြောင်း ပြောနေပုံရပေသည်။


သူထိုနေရာကို လျှောက်သွားရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဤနေရာတွင် သူတို့သာ ရှိသည်ကို နားလည်လိုက်သည်။ အခြားဧည့်သည်များက ယခုထိ ရောက်မလာကြသေးပေ။


"ဟယ့်လောင်ရှီး ကျွန်တော်တို့ အရင်ရောက်လာတာလား..."

ယဲ့ဇယ်ရှစ် လျှောက်လာပြီး ကျယ်ကျယ်မေးလိုက်သည်။


ဟယ့်ကျင်းယွင် မငြင်းလိုက်ဘဲ ခေါင်းညိတ်ပြကာ သူနှင့်အတူ ရထားထဲဝင်ရန် ယဲ့ဇယ်ရှစ်အား ပြောလိုက်သည်။ 

"ဝင်လိုက်...ရထားအရင်စီးပြီး ဆားရေကန်ရဲ့အကျယ်ကို တစ်ချက်ကြည့်ကြတာပေါ့..."


ယဲ့ဇယ်ရှစ်၏မျက်လုံးများ ဝင်းလက်သွားသည်။

"ကျွန်တော်တို့ တခြားသူတွေကို မစောင့်တော့ဘူးလား..."


"အရင်သွားပြီးကြည့်တာ အဆင်ပြေပါတယ်..."

ဟယ့်ကျင်းယွင် ပြုံးပြလိုက်ပြီး သူ့မျက်ဝန်းများက ယဲ့ဇယ်ရှစ်၏တောက်ပနေသော မျက်ဝန်းများကို စိုက်ကြည့်နေခဲ့သည်။


ယဲ့ဇယ်ရှစ် ၎င်းကိုတွေးပြီး အဓိပ္ပါယ်ရှိသည်ဟု 

ခံစားရသည့်အတွက် ဟယ့်ကျင်းယွင်နှင့်အတူ ရထားပေါ်တက်ကာ အလယ်တွင် ထိုင်လိုက်သည်။


နှစိဦးသားထိုင်လိုက်သည်ကို သေချာအောင်လုပ်ပြီးနောက် ကန်ထရိုက်တာက ခါးပတ်များကို သေချာပတ်ထားရန် ပြောလိုက်ပြီး ရထားကို ဖြည်းဖြည်းချင်း စထွက်လိုက်သည်။


ရထား စထွက်ထွက်လိုက်ချင်းပင် လေညှင်းလေးက အသာအယာ တိုက်ခတ်သွားပြီး လူများကို လန်းဆန်းသွားစေခဲ့သည်။


ယဲ့ဇယ်ရှစ် သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်တော့မည့်အချိန်တွင် သူ့နောက်မှ သီချင်းဆိုသကဲ့သို့ အမြင့်သံမြင့်မြင့်ကို ကြားလိုက်ရသည်။

"ဟယ့်ကျင်းယွင်...ယဲ့ဇယ်ရှစ်..."


ယဲ့ဇယ်ရှစ် အလွန်လန့်သွား၍ သူ့လက်ပင် တုန်ခါသွာပြီး လက်ထဲမှဖုန်းပင် မြေပေါ်လွတ်ကျလုနီးပါး ဖြစ်သွားသည်။


သူ့ဘေးနားမှ ဟယ့်ကျင်းယွင်က နားများကိုပွတ်လိုက်ပြီး ၎င်းက မည်သူ့အသံဆိုသည်ကို သူသေချာရှင်းရှင်းလင်းလင်း ကြားလိုက်ပေသည်။


ယဲ့ဇယ်ရှစ် သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ အစမှတ်တွင် မတ်တတ်ရပ်ပြီး သူတို့ထံ လက်ယမ်းပြနေသော ရှန်ဇယ်ယွီကို မြင်လိုက်ရသည်။

"မင်းတို့ ဘာလို့ ငါတို့ကို ချန်ထားပြီး ထွက်ပြေးနေကြတာလဲ.."


ရှန်ဇယ်ယွီနံဘေးတွင် ရပ်နေသူမှာ သဘာဝကျစွာပင် ထန်ကျစ်ဖြစ်သည်။


ယဲ့ဇယ်ရှစ် လှည့်ကြည့်သည်ကိုမြင်ပြီး ထန်ကျင့်လည်း သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။


ယဲ့ဇယ်ရှစ် သူတို့ကို လက်ယမ်းကာ " ဘိုင့်ဘိုင်" လုပ်ပြလိုက်ပြီးနောက် အပြုံးလေးနှင့် ခေါင်းကိုလှည့်လိုက်သည်။


သူ့နောက်မှ ရှန်ဇယ်ယွီက ထပ်အော်လိုက်ပြန်သော်လည်း ဤတစ်ကြိမ်တွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က သူ့အား လျစ်လျူရှုထားသည်မှာ သနားစရာပင်။ 


ရထားထွက်လာသည့်အချိန်မှသာ ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ 

"ငါတို့ဘာလို့ သူနဲ့အတူမရှိချင်တာလဲဆိုတာ ရှန်ဇယ်ယွီက တကယ်ကြီးမသိဘူးလား..."


ယဲ့ဇယ်ရှစ် မရယ်ဘဲမနေနိုင်တော့ပေ။


"သူက အရမ်းဆူညံလွန်းတယ်..."

ဟယ့်ကျင်းယွင် သူ၏ တစစ်စစ်ကိုက်နေသည့် နားကို လက်နှင့်ပွတ်လိုက်သည်။


ယဲ့ဇယ်ရှစ် ပို၍ပင် ပြင်းပြင်းထန်ထန် ရယ်မောလိုက် သည်။


ရထားက မြေရိုင်းများကို ဖြတ်ကျော်သွားပြီး ပိုမိုဝေးသောနေရာများသို့ မောင်းနှင်သွားသည်မှာ စားကျက်မြေပေါ်တွင် လျှောက်သွားနေကြသော ကျွဲ၊နွားများနှင့် သိုးအုပ်စုလေးများကိုပင် မြင်နိုင်ပေသည်။


ကောင်းကင်ပြာနှင့် အဖြူရောင်တိမ်များက လွင့်မျောနေပြီး ရေကန်မျက်နှာပြင်မှာလည်း ပိုမိုကြည်လင်လာသည်မှာ ရေကန်အောက်ခြေက သလင်းကျောက်များကဲ့သို့ ဆားများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။ နေရောင်အောက်တွင် ၎င်းက ကြည်လင်သောအလင်းကို ရောင်ပြန်ဟပ်နေပေသည်။


ပိုဝေးဝေးကိုသွားပြီးနောက် ဤလမ်းအဆုံးသတ်ကို ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။


ယဲ့ဇယ်ရှစ် ရေကန်၏အကွာအဝေးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက အလင်းမှိန်မှိန်လေး လက်သွားခဲ့သည်။


ဟယ့်ကျင်းယွင် ခေါင်းကိုစောင်းလိုက်ပြီး သူ့အကြည့်များက ယဲ့ဇယ်ရှစ်အပေါ်တွင်သာ တည်ရှိနေခဲ့သည်။


ထိုသို့ကြည့်နေခြင်းက ဘယ်လောက်ကြာသွားမှန်းမည်သူမှ မသိပေ။ ဟယ့်ကျင်းယွင် အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။

"ငါတို့ရှေ့ဆက်သွားကြမလား ဒါမှမဟုတ် နောက်ပြန်လှည့်ပြီး သူတို့ကိုစောင့်ကြမလား..."


ထိုအချိန်မှသာ ယဲ့ဇယ်ရှစ် သူ့အကြည့်များကို ဖြည်းဖြည်းချင်း ပြန်ခွာလိုက်ပြီး မပြောမီ ထပ်ခါထပ်ခါ တွန့်ဆုတ်နေခဲ့သည်။

"ပြန်လှည့်ပြီး သူတို့နဲ့အတူ ပေါင်းလိုက်ကြတာပေါ့..."


ယဲ့ဇယ်ရှစ်က လမ်းပေါ်ရှိ ရှုခင်းများကို တစ်ဖန်ပြန်ကြည့်ရန် ရထားစီးချင်သောကြောင့် အသွားအပြန် ရှုခင်းကို စုစုပေါင်း သုံးကြိမ်မြင်ရသည်နှင့် ညီမျှသွားလေသည်။


ကောင်းလိုက်တဲ့အကြံ...


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကို တစ်ချက်ကြည့်ရုံမျှနှင့် သူ့အတွေးကို နားလည်လိုက်သည်။


သူ့နှုတ်ခမ်းထောင့်မှအပြုံးက ပိုနက်ရှိုင်းသွားပြီး ကန်ထရိုက်တာနှင့် စကားပြောရန် ရှေ့တိုးလိုက်သည်။


မကြာမီ ရထားက စတင်ထွက်ခွာလိုက်သည်။


အပြန်ခရီးတွင် ရှုခင်းများက ပို၍ပင် ရင်သက်ရှုမောဖွယ်ရာကောင်းလှပေ၏။


သူတို့နှစ်ယောက် ရထားနှင့်ပြန်လာသည်ကို မြင်လိုက်ချိန် ဒါရိုက်တာကျန်း ခေါင်းကိုက်မှုကိုသာ ခံစားလိုက်ရသည်။


"ဟယ့်လောင်ရှီး ဒါကဒုတိယအကြိမ်ပဲနော်..."

ဒါိရိုက်တာကျန်း အံကြိတ်ကာ စောဒကတက်လိုက်သည်။


"ဒုတိယအကြိမ်လား..."

ရှန်ဇယ်ယွီက စူးရှထက်မြစွာနှင့် သော့ချက်စကားလုံးကို သတိပြုမိလိုက်သည်။


ဝေ့ပေနှင့် ယို့ကျားက မရယ်ဘဲ မနေနိုင်တော့ချေ။ ဝေ့ပေက ဇဝေဇဝါဖြစ်နေသော ရှန်ဇယ်ယွီနှင့် ထန်ကျင့်ကို ရှင်းပြလိုက်သည်။

"နောက်ဆုံးအခေါက် ရိုက်ကူးရေးတုန်းက ငါတို့ဂိမ်းကစားခဲ့ပြီး ဒါရိုက်တာအဖွဲ့ကို ရှုံးသွားတော့ ပါဝင်ပစ္စည်းတွေထဲက ငါးကိုမရနိုင်လိုက်ဘူးလေ...အဲ့တော့ ဟယ့်လောင်ရှီးနဲ့ ဇယ်ရှစ်က ငါးမျှားဖို့ဆိုပြီး ဒါရိုက်တာအဖွဲ့ကို လုံးဝမပြောဘဲ တံတားကိုမောင်းသွားရော..."


ရှန်ဇယ်ယွီ ရှော့ခ်ရသွားခဲ့သည်။

"အဲ့လိုဖြစ်သွားတာလား..."


ယို့ကျားက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

"ဟုတ်တယ်မလား...သူတို့နှစ်ယောက်က ဒါရိုက်တာအဖွဲ့စီစဥ်ထားတာကို နားမထောင်တာ တစ်ကြိမ်တောင်မဟုတ်ဘူး နှစ်ကြိမ်ရှိသွားပြီ...ဒါပေမယ့် ဟယ့်လောင်ရှီးနဲ့ဇယ်ရှစ်ရဲ့ ကျေးဇူးကြောင့် နောက်ဆုံးအခေါက်ရိုက်ကူးရေးမှာ ကျွန်မတို့ စိတ်ကျေကျေနပ်နပ်နဲ့ စားသောက်နိုင်ခဲ့တယ်..."


ဝေ့ပေကလည်း ဤအကြောင်းကို ဘာမှတ်ချက်မှ မပေးပေ။


ထန်ကျင့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါးမျှားဖို့ အတွက်ပဲသွားတာလား..."


ဝေ့ပေက ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်...ဇယ်ရှစ်က ငါးအရမ်းကြိုက်တာလေ..."


၎င်းကိုကြားပြီး ထန်ကျင့်၏နှုတ်ခမ်းထောင့်များက အနည်းငယ် တင်းကျပ်သွားသည်။


ယဲ့ဇယ်ရှစ်က တကယ်ကြီး ငါးစားရတာကြိုက်တာလား...


ဘာလို့ ငါ အရင်တုန်းက မသိခဲ့ရတာလဲ...



🎶🎶🎶