Chapter 59
Viewers 21k

🎶 Chapter 59



လေဆိပ်သို့ သွားရာလမ်းတွင် ဝန်ထမ်းများက ယဲ့ဇယ်ရှစ်ကို အင်တာဗျူးငယ်လေးဟုယူဆနိုင်သော မေးခွန်းအချို့ အတိုချုပ်မေးခဲ့သည်။ 


သူတို့ လေယာဉ်ပေါ်မှဆင်းပြီး ပရိုဂရမ်အဖွဲ့မှ စီစဉ်ပေးထားသော ဟိုတယ်သို့ ရောက်လာချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။


ညနေပိုင်းတွင် ပရိုဂရမ်အဖွဲ့က အခြားအစီစဉ်များ မစီစဉ်ထားသောကြောင့် ဧည့်သည်များအားလုံး သူတို့လုပ်လိုသမျှကို လွတ်လပ်စွာလုပ်နိုင်ကြသည်။


ကောင်းရှူက ဝန်ထမ်းများထံမှ အခြားဧည့်သည်နှစ်ယောက် ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ကြားခဲ့သော်လည်း ယဲ့ဇယ်ရှစ်က သူတို့ကို သွားနှုတ်ဆက်ရန်မလိုအပ်ပေ။ ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အချင်းချင်းရင်းနှီးစေအောင် ညစာအတူစားရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်သည်။


ဟယ့်ကျင်းယွင်ကအမူ သူ၏ ယာယီအလုပ်အစီအစဉ်များကြောင့် မနက်ဖြန်မှ စန်းယာသို့ ရောက်လာနိုင်လိမ့်မည်ဟု ကြားခဲ့ရသည်။


ယဲ့ဇယ်ရှစ်က ဘာမှပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။                                 


ခဏအကြာတွင် ကောင်းရှူက အခန်းထဲမှထွက်သွားပြီး ယဲ့ဇယ်ရှစ်ကို အနားယူရန် ထားခဲ့သည်။


ယဲ့ဇယ်ရှစ်က လေယာဉ်ပေါ်တွင် အိပ်ခဲ့သောကြောင့် ယခုအိပ်ချင်စိတ်မရှိနေချေ။


ပရိုဂရမ်အဖွဲ့က အလွန်ရက်ရောပြီး ဧည့်သည်များအတွက် စီစဉ်ပေးထားသည့် ဟိုတယ်မှာ စန်းယာရှိ အကောင်းဆုံးကြယ်ခုနစ်ပွင့်ဟိုတယ် အတ္တလန်တစ် ဖြစ်သည်။


ယဲ့ဇယ်ရှစ် သူ့အခန်းထဲရှိ ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် ပြာလွင်နေသောပင်လယ်ကြီးကို မြင်လိုက်ရသည်။


မြို့တော်ရှိ အေးစက်ခြောက်သွေ့သော လေနှင့်မတူဘဲ အပူရှိန်အနည်းငယ်ဖြင့် ပင်လယ်လေညှင်းလေးများက သူ့ခန္ဓာကိုယ်ပေါ် ဖြတ်တိုက်လာသည်ကို ခံစားခဲ့ရသည်။


ယဲ့ဇယ်ရှစ်က ရှုခင်းကို ခဏခန့် သဘောတကျရှုစားနေပြီးနောက် ရုတ်တရက် တစ်ခုခုတွေးမိသွားခဲ့သည်။ ယဲ့ဇယ်ရှစ်က သူ့ဖုန်းကို ထုတ်ယူပြီး ပင်လယ်ရှုခင်းကို ဓာတ်ပုံရိုက်ကာ ဟယ့်ကျင်းယွင်ထံ ပို့လိုက်သည်။ 

                                                                                                                                                                                                                                                ဟယ့်ကျင်းယွင်က အလုပ်ရှုပ်နေပုံရပြီး ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ်ကို အတော်လေးကြာမှ စာပြန်လာခဲ့သည်။- 

"ရောက်နေပြီလား..."


ယဲ့ဇယ်ရှစ်: "ဟုတ်တယ်...ဟယ့်လောင်ရှီး တစ်ယောက်တည်းပဲ ဒီကိုမရောက်သေးတာ..."


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းများက ကွေးတက်သွားခဲ့သည်။ 

"လေယာဉ်က ညကိုးနာရီမှ စီးရမှာ...မနက်အစောကြီး အဲဒီကို ရောက်လိမ့်မယ်..."


ယဲ့ဇယ်ရှစ်: "မြန်မြန်လေးလာနော်...ကျွန်တော် ဟယ့်လောင်ရှီးကို စောင့်နေမယ်..."


ထိုမက်ဆေ့ချ်ကို မြင်လိုက်ရချိန်တွင် ဖုန်းစခရင်ပေါ်ရှိ ဟယ့်ကျင်းယွင်၏လက်ချောင်းများက ရပ်တန့်သွားခဲ့သည်။


သူ့နှလုံးသားထဲရှိ အမည်မသိနေရာတစ်ခုကို ငှက်မွေးလေးဖြင့် ကလိနေသကဲ့သို့ အနည်းငယ် ယားယံလာခဲ့သည်။


အချိန်အတော်ကြာပြီးနောက် ဟယ့်ကျင်းယွင်စာပြန်လိုက်သည်။ 

"ကောင်းပါပြီ..." 


"အစ်ကိုဟယ့် ကျွန်တော်..." 

ယွိရယ်က အနားရောက်လာခဲ့သည်။ သူက ဟယ့်ကျွင်းယွင်၏ အမူအရာကို မြင်လိုက်ရချိန်တွင် ခဏတာမှင်သက်သွားပြီး သိချင်စွာ မေးလိုက်သည်။  


"အစ်ကိုဟယ့် ပျော်စရာတစ်ခုခုရှိလို့လား..." 


သူ ဘာလို့ ဒီလောက်ပျော်ပျော်ကြီးပြုံးနေရတာလဲ...


မကြာသေးမီက သူတို့ အလွန်အလုပ်များခဲ့ကြပြီး ဟယ့်ကျင်းယွင်၏ မျက်နှာပေါ်တွင် မြင်နေရသည့်အရာမှာ ပင်ပန်းနွမ်းနွယ်မှုနှင့် လျစ်လျူရှုမှုသာဖြစ်သည်။ အလုပ်နှင့်ပတ်သက်သည်ကလွဲပြီး ဟယ့်ကျင်းယွင်၏ မျက်နှာပေါ်တွင် ယခုကဲ့သို့ အမူအရာများမရှိခဲ့ချေ။


မူလက ယွိရယ် အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ယခုတွင်မူ အလွန်အမင်းစိုးရိမ်စရာမလိုပုံရသည်။


ဟယ့်ကျင်းယွင်က သူ့နားထင်ကို ပွတ်လိုက်သည်။ 


ယဲ့ဇယ်ရှစ် သူ့ကိုပို့ခဲ့သည့် စကားလုံးများအား ပြန်တွေးကြည့်ရင်း သူ့နှုတ်ခမ်းထောင့်များက အောက်သို့ပြန်မကျနိုင်တော့ချေ။ 


ခဏခန့်တွေးတောပြီးနောက် သူပြောလိုက်၏။ 

"ဟုတ်မှာပေါ့...ဘာကိစ္စရှိလို့လဲ..."


ယွိရယ်က ဟယ့်ကျင်းယွင် ထိုသို့ ပြောသည်ကို ကြားချိန်တွင် အနည်းငယ်ပျော်သွားပြီး ပြုံးကာ ပြောလိုက်သည်။ 

"ဒါရိုက်တာက နောက်ထပ်တစ်ခုရိုက်ဖို့ပဲ ရှိတော့တယ်လို့ ပြောတယ်.... ဒါဆို ကျွန်တော်တို့ စောစောအလုပ်ပြီးအောင်လုပ်လို့ရတယ်...ကျွန်တော် အစ်ကိုဟယ့်အတွက် လေဆိပ်နားက ဟိုတယ်တစ်ခု ဘိုကင်တင်ထားတယ်...အစ်ကို အဲဒီမှာ အရင်သွားနားနေလို့ရတယ်...လေယာဉ်ထွက်ခါနီးရင် ကျွန်တော် ဖုန်းလှမ်းဆက်လိုက်မယ်..."


ဟယ့်ကျင်းယွင်က သူ့ဖုန်းကိုချပြီး မငြင်းဆန်ခဲ့ချေ။


မနက်ဖြန်ကျ သူ တစ်စုံတစ်ယောက်အတွက် ငါးသေးသေးလေးများ ကြော်ပေးရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူစွမ်းအင်များ ပြန်လည်ရရှိရန် ကောင်းကောင်းအိပ်သင့်ပေသည်။


နောက်တစ်နေ့ မနက်စောစောတွင် ဝန်ထမ်းများက ဧည့်သည်တိုင်း၏ အခန်းတံခါးကို လာခေါက်ခဲ့ကြသည်။


ဝေ့ပေက ဟောခန်းမထဲ၌ ပထမဦးဆုံးပေါ်လာသူဖြစ်သည်။ သူက လွတ်နေသော ဟောခန်းကို မြင်ရချိန်တွင် ခဏခန့် အံ့ဩသွားခဲ့ပြီး အပြုံးဖြင့် ပြောလိုက်သည်။ 

"ကြည့်ရတာ ကျွန်တော် အရင်ဆုံးရောက်လာတာထင်တယ်..."


ဝေ့ပေရောက်ပြီးနောက် မကြာမီတွင် ယို့ကျားလည်း ရောက်လာခဲ့သည်။


ယဲ့ဇယ်ရှစ်က တတိယမြောက်ရောက်လာသူဖြစ်သည်။


ဒါရိုက်တာကျန်းက ယမန်နေ့ည၌ ရိုးရှင်းသော ကြိုဆိုပါတီကိုလုပ်ခဲ့ပြီး ဧည့်သည်သုံးယောက်လုံး အချင်းချင်း ရင်းနှီးလာကြပြီဖြစ်သည်။ 


ယဲ့ဇယ်ရှစ်က ကျန်ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်ရန် အစပြုခဲ့သည်။


ဝေ့ပေနှင့် ယို့ကျားတို့ကလည်း သူ့ကို အပြုံးဖြင့် နှုတ်ဆက်ခဲ့ကြသည်။


သူတို့ စကားစမြည်ပြောပြီး ထမင်းစားပွဲ၌ ဝင်ထိုင်ခဲ့ကြသည်။


ရိုက်ကူးရေးစရန် ငါးမိနစ်သာလိုတော့သော်လည်း ဟယ့်ကျင်းယွင်က ပေါ်မလာခဲ့သေးချေ။


ယဲ့ဇယ်ရှစ်က ရှိုးကိုရိုက်ကူးရမည်ဖြစ်သောကြောင့် သူ့ဖုန်းအား ခန်းမထဲမဝင်မီ၌ ကောင်းရှူထံသို့ ပေးခဲ့ရသည်။


ဟယ့်ကျင်းယွင်လည်း ဒီမှာရှိနေသင့်ပြီ မဟုတ်ဘူးလား...


ယဲ့ဇယ်ရှစ် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။


လေယာဉ်က နှောင့်နှေးသွားတာလို့တော့ မပြောနဲ့နော်...


ယဲ့ဇယ်ရှစ်က တစ်ဖက်ခြမ်းတွင်ထိုင်နေပြီး ရုတ်တရက် အခြားဧည့်သည်နှစ်ယောက်၏ စကားဝိုင်း၌ပါဝင်ရန် စိတ်ခံစားချက် ပျောက်ဆုံးသွားခဲ့သည်။


ဝေ့ပေက လေထုကို အသက်ဝင်အောင် လုပ်ရာတွင် အမြဲတော်ပြီး မကြာမီမှာပင် ယဲ့ဇယ်ရှစ်၏ တိတ်ဆိတ်မှုကို သတိပြုမိသွားခဲ့သည်။ သူက လျင်မြန်စွာ ခေါင်းလှည့်ပြီး ယဲ့ဇယ်ရှစ်ကို မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ...ဇယ်ရှစ် အိပ်ချင်နေတုန်းလား...ဘာလို့ဒီလောက်တိတ်နေရတာလဲ..." 


ယဲ့ဇယ်ရှစ်က ခေါင်းခါပြပြီး သူအဆင်ပြေကြောင်း ပြောလိုက်သည်။


သူပြောပြီးသည်နှင့် တံခါးဝမှ အလျင်စလိုလျှောက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။


ယဲ့ဇယ်ရှစ်၏ မျက်လုံးများက ချက်ချင်းတောက်ပသွားပြီး ထိုင်နေရာမှ ထရပ်ကာ တစ်ဖက်လူဆီသို့ ခြေလှမ်းသေးသေးလေးများဖြင့် လျှောက်သွားခဲ့သည်။

"ဟယ့်လောင်ရှီး နောက်ဆုံးတော့ ရောက်လာပြီပဲ..."


ဝေ့ပေနှင့် ယို့ကျားတို့ကလည်း အသံကြားသဖြင့် မျှော်ကြည့်လိုက်ကြသည်။


ယဲ့ဇယ်ရှစ်၏ ယခင်ပူပန်မှုနှင့် စိတ်အားငယ်မှုတို့ကို ချက်ချင်းပြောင်းလဲသွားပြီး တောက်ပသောအပြုံးဖြင့် နှုတ်ခမ်းထောင့်များကော့တက်နေကာ သူ့ရှေ့ရှိ ဟယ့်ကျင်းယွင်ကို စိတ်လှုပ်ရှားမှုအချို့ဖြင့် ကြည့်လိုက်သည်။


နောက်ဆုံးတော့ ရောက်လာပြီ...ဟယ့်လောင်ရှီးကိုစောင့်ရတာက ငါ့အတွက် အချိန်ဖြုန်းတာမဟုတ်ဘူး...


ငါ ငါးစားလို့ရတော့မယ်...


ဟယ့်ကျင်းယွင်၏ အကြည့်များကလည်း ယဲ့ဇယ်ရှစ် ပေါ်ကျရောက်သွားခဲ့သည်။ သူက လက်ဆန့်ထုတ်ပြီး ယဲ့ဇယ်ရှစ်၏ နောက်ကျောကို ပုတ်ပေးကာ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။ 

"အင်း ငါရောက်လာပြီ..."


ယဲ့ဇယ်ရှစ်၏ လက်ရှိအမူအရာက စောစောကနှင့် အလွန်ကွာခြားပေသည်။ ဝေ့ပေက မနေနိုင်ဘဲ ယို့ကျားကို တိုးတိုးလေးပြောလိုက်သည်။ 

"ဇယ်ရှစ်က ဟယ့်လောင်ရှီးကို အရမ်းသဘောကျတယ်ဆိုတာ ငါ မြင်နေရတယ်..."


ယို့ကျားကလည်း ရယ်ကာ ပြောလိုက်သည်။ 

"တူတူပဲ..."


သူတို့နှစ်ယောက်လုံး အသံကို လျှော့ပြောခဲ့သော်လည်း ထိုစကားများက သူတို့အနားသို့လျှောက်လာသော ဟယ့်ကျင်းယွင်၏ နားထဲရောက်သွားဆဲဖြစ်သည်။


၎င်းကိုကြားချိန်တွင် ဟယ့်ကျင်းယွင်က သူ့နောက်သို့လိုက်လာသော ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ အကြည့်ကို သတိပြုမိပြီး ချက်ချင်းပြုံးပြလာခဲ့သည်။ ကောင်လေး၏ လှပသော နှုတ်ခမ်းထောင့်များက ချက်ချင်းကွေးတက်သွားပြီး သူ့အပြုံးကြောင့် သူ၏မက်မွန်ပွင့်မျက်လုံးများက ပို၍တောက်ပလာခဲ့သည်။


လူနှစ်ဦး၏မျက်လုံးများက လေထဲစက္ကန့်အနည်းငယ်မျှဆုံနေခဲ့ပြီး ဟယ့်ကျင်းယွင်က ဦးစွာအကြည့်လွှဲခဲ့သည်။


ယဲ့ဇယ်ရှစ်က ငါ့ကို အရမ်းသဘောကျတာတဲ့လား...


အမှန်တိုင်းပြောရရင် ငါတော့ မမြင်မိပါဘူး...


အဲဒီအစား ယဲ့ဇယ်ရှစ်က ငါကြော်ကျွေးတဲ့ ငါးလေးခြောက်ကြော်ကို ကြိုက်တာလို့ပြောရင်ပိုမှန်လိမ့်မယ်...

                                                                                                                                                                                                                                                    လောဘကြီးတဲ့ ကြောင်ပေါက်လေးလိုပဲ...


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းများက သူ မသိလိုက်ခင်မှာပင် ကွေးတက်သွားခဲ့ပြီး သူ့မျက်လုံးများ၌ သူကိုယ်တိုင်ပင် သတိမထားမိဘဲ အပြုံးတစ်ခုတောက်ပလာခဲ့သည်။ 


နောက်ဆုံးဧည့်သည်ရောက်လာသည်နှင့် "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"၏ ရိုက်ကူးရေးက တရားဝင်စတင်ခဲ့သည်။


ဒါရိုက်တာအဖွဲ့က ဧည့်သည်များ မနက်စာမစားရသေးမီ ယနေ့အတွက် အစီအစဉ်များကို ကြေညာခဲ့သည်။


ပထမနေ့၌ ဧည့်သည်လေးဦးက ကြိုတင်စီစဉ်ထားသည့်အတိုင်း အဖွဲ့နှစ်ဖွဲ့ခွဲရန် လိုအပ်သည်။ ထို့နောက် သူတို့က ပရိုဂရမ်အဖွဲ့မှ စီစဉ်ထားသည့်လမ်းကြောင်းအတိုင်း အတ္တလန်တစ်ရေကမ္ဘာနှင့် လင်းပိုင်ပင်လယ်အော်သို့ သွားရောက်လည်ပတ်ရမည်ဖြစ်သည်။


ရိုးရိုးရှင်းရှင်းပြောရလျှင် ပထမဆုံးနေ့က ဧည့်သည်လေးယောက်အတွက် စားသောက်ပြီး ပျော်ရွှင်မှုပေးရန်သာဖြစ်သည်။


အစီအစဉ်ကဒ်ကို လက်ခံပြီးနောက် ဝေ့ပေက မယုံကြည်နိုင်သော အကြည့်ဖြင့် ပြောခဲ့၏။ 

"ဒီနေ့ ဘာမစ်ရှင်မှမရှိဘူးလား...ကျွန်တော်တို့ကို ဒီတိုင်း ကစားခွင့်ပေးထားတာလား...တကယ်လား..."


ဒါရိုက်တာက သူ့ကို ရိုးရိုးသားသား ပြန်ဖြေခဲ့သည်။ 

"ဘာမစ်ရှင်မှ မရှိပါဘူး..."


"တကယ်ကြီးလား..." 

ဝေ့ပေက သိသာစွာပင် ၎င်းကို မယုံကြည်နိုင်ဖြစ်နေကာ ဆက်မေးခဲ့သည်။  

"ကျွန်တော်တို့အတွက် မမြင်ရတဲ့ တွင်းတွေ မတူးပေးထားဘူးဆိုတာ သေချာရဲ့လား..."


ဒါရိုက်တာက ခေါင်းညိတ်ပြခဲ့သည်။


ဝေ့ပေက ပြောင်ပြောင်တင်းတင်းပင် ပရိုဂရမ်အဖွဲ့ကို မျက်လုံးလှိမ့်ပြခဲ့သည်။ 

"ခင်ဗျားတို့ ဒီလောက်ကြင်နာလိမ့်မယ်လို့ ကျွန်တော်တော့မယုံဘူး...ကျွန်တော့်ကို လှည့်စားဖို့ မကြိုးစားနဲ့..." 


ဒါရိုက်တာက ကူကယ်ရာမဲ့သွားခဲ့သည်။ 

"တကယ်ကြီး ဘာတွင်းမှမရှိပါဘူး..." 


ဝေ့ပေက ညည်းတွားလိုက်သည်။ 

"ဘာတွင်းမှ မရှိဘူးဆိုရင် ဘာလို့ မနက်စာမစားခင်ကြီး အဖွဲ့နှစ်ဖွဲ့ ခွဲစေချင်နေတာလဲ...ဒီနေ့က ဒီတိုင်းအပျော်ခရီးသွားဖို့ပဲဆိုရင် အဖွဲ့ခွဲစရာမလိုဘူးလေ...ဒီတိုင်း အတူသွားလိုက်လို့ရတာပဲဟာ..."


"ကျွန်တော်တို့ကို အဖွဲ့နှစ်ဖွဲ့ခွဲခိုင်းပြီး ဘာမစ်ရှင်မှမရှိဘူးလို့ပြောနေတာလား...တစ်ခုခုတော့ မှားနေတာ သေချာတယ်..." 

ဝေ့ပေက ခြေဆောင့်လိုက်သည်။

                                                                                                                                                                                                                                                  ဒါရိုက်တာက သူ့ကြောင့် ရယ်မောပြီး အပြုံးဖြင့် ပြောလာခဲ့သည်။ 

"တကယ် ဘာမစ်ရှင်မှမရှိပါဘူး...မင်းဘာလို့ မစ်ရှင်ရှိတယ်လို့ထင်နေရတာလဲ..."


ဝေ့ပေ: "ကျွန်တော့်ရဲ့ ထက်မြက်တဲ့ အလိုလိုသိစိတ်ကြောင့်ပဲ..."


လူတိုင်းက သူ့ကြောင့် ချက်ချင်းရယ်မောမိသွားခဲ့သည်။


သို့သော် ဝေ့ပေ မည်သို့ပင်မေးနေပါစေ ဒါရိုက်တာက မစ်ရှင်မရှိဘူးဟုသာ ပြန်ပြောခဲ့သည်။


ထိုအကြောင်းကို မေးပြီးနောက် ဝေ့ပေ မသေမချာဖြစ်သွားခဲ့သည်။


ငါပဲ အရမ်းအတွေးလွန်နေတာလား...


ဒါရိုက်တာက ရယ်ရမည်လား ငိုရမည်လား မသိဖြစ်သွားခဲ့သည်။ 

"တကယ်ဘာမစ်ရှင်မရှိပါဘူး ဘာတွင်းမှလည်း မတူးထားပါဘူး...ပထမဆုံးနေ့မှာ အဖွဲ့ခွဲခိုင်းတာက အချင်းချင်းပိုရင်းနှီးလာစေဖို့ပါ...မနက်ဖြန်အထိ ဘာမစ်ရှင်မှ ရှိမှာမဟုတ်ဘူး..."


ဒါရိုက်တာ၏ မပြောင်းလဲသော သဘောထားကြောင့် ဝေ့ပေက သူ အမှန်တကယ် အစိုးရိမ်လွန်နေသည်လားဟု သံသယဖြစ်မိသွားသည်။ 


"ကောင်းပြီလေ... ဒီတစ်ခါတော့ ယုံပေးလိုက်မယ်..."

ဝေ့ပေက ထိုသို့ပြောပြီးနောက် ပြုံးကာ အခြားသုံးယောက်ကို ရှင်းပြလိုက်သည်။


" အရင်က ဒါရိုက်တာအဖွဲ့တွေ လှည့်စားတာ ခဏ ခဏခံခဲ့ရလို့လေ... ထောင်ချောက်မဆင်ထားတဲ့ ရသစုံရှိုးဆိုတာ ရှိမှမရှိတာ... တို့ကိုယ်တိုင်ရှာရမယ့် လျို့ဝှက်မစ်ရှင် ပြင်ဆင်ထားတယ်လို့ သူတို့ပြောလာမှာစိုးရိမ်နေတာ..."


ဟယ့်ကျင်းယွင်က ရသစုံရှိုးအနည်းငယ်၌သာ ပါဝင်ခဲ့ဖူးသောကြောင့် ၎င်းကို ကြားချိန်တွင် မမေးဘဲ မနေနိုင်ခဲ့ချေ။ 

"တကယ်ကြီး အဲဒီလိုမျိုး ရှိလို့လား..."


"ဒါပေါ့..." 

ဝေ့ပေက မျက်မှောင်ကြုတ်၍ သူ့အသံကိုမြှင့်ကာ ညည်းညူလိုက်သည်။ 

"တခြားရှိုးတွေကနေ စိတ်ဒဏ်ရာရခဲ့တာပေါ့..."


ယို့ကျားက နားထောင်နေရင်း အပြုံးဖြင့် ပြောခဲ့၏။ 

"ဒါပေမယ့် ဒီတစ်ခါစာချုပ်မှာ ရှင်းရှင်းလင်းလင်း ပြောထားခဲ့တယ်မဟုတ်ဘူးလား...ဒီဟာကဖြူစင်တဲ့ အစားအသောက်ခရီးသွားရှိုးပဲဆိုတော့ ကျွန်မတို့ ပထမဆုံးနေ့မှာ ဒီတိုင်း လှည့်ပတ်ကြည့်ရတာက ပုံမှန်ပါပဲ... ပေ့ကော သံသယအရမ်းမများနေပါနဲ့..."


ဝေ့ပေက အနည်းငယ် မသေချာဖြစ်နေဆဲဖြစ်သည်။

"တကယ်ကြီးလား..."


ဒါရိုက်တာက ထောက်ခံလိုက်သည်။ 

"ဟုတ်ပါတယ်..."


ယို့ကျားက ဝေ့ပေ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ 

"ဟုတ်ပါပြီ ပေ့ကောရယ်... အရမ်းကြီး စိတ်မပူနေပါနဲ့...ဒါရိုက်တာအဖွဲ့က ကျွန်မတို့အတွက်ထောင်ချောက်ဆင်ထားရင်တောင် မနက်စာစားချိန်မှာတော့ မလုပ်လောက်ဘူး...မနက်စာအရင်စားကြရအောင်...ကျွန်မ ဗိုက်သေအောင်ဆာနေပြီ..."


ဝေ့ပေက ဘာမှဆက်မမေးနိုင်တော့ဘဲ အရှုံးပေးပြီး ထိုင်ရုံသာတတ်နိုင်ခဲ့သည်။


ဟယ့်ကျင်းယွင်က ထိုမြင်ကွင်းကို မြင်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံးကာ စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။


သို့သော် ယဲ့ဇယ်ရှစ်က ယို့ကျား ပြောသည်ကို ကြားပြီးနောက် အတွေးများသွားခဲ့သည်။


သူတို့က မနက်စာမစားမီတွင် မည်သို့အဖွဲ့ခွဲရမည်ကို အတိုချုပ်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ကတစ်ဖွဲ့၊ ဝေ့ပေနှင့် ယို့ကျားတို့က တစ်ဖွဲ့နေရန် ဆုံးဖြတ်ခဲ့ကြသည်။


ထို့နောက် လူတိုင်း မနက်စာစစားခဲ့ကြ၏။


ဝေ့ပေက ထမင်းစား စားပွဲ၌ စကားပြောကောင်းသူဖြစ်သည်။ သူ၏ ခေါင်းစဉ်များရှာရန် အစပျိုးခြင်းကြောင့် သူတို့ အစက မရင်းနှီးသေးလျှင်ပင် မနက်စာစားပြီးနောက် အနည်းငယ် ရင်းနှီးလာခဲ့ကြသည်။


ဟယ့်ကျင်းယွင်က ထူးထူးခြားခြား စိတ်သက်သာရာရသွားခဲ့ပြီး တစ်ချိန်ထဲ၌ ရသစုံရှိုးရိုက်ခြင်းက ရုပ်ရှင်ရိုက်ခြင်းထက် ပို၍ လွယ်ကူသည်ဟု ခံစားခဲ့ရသည်။


ဟယ့်ကျင်းယွင်က တစ်ဖက်သို့လှည့်၍ ယဲ့ဇယ်ရှစ်နှင့် စကားပြောခါနီးမှာပင် ယဲ့ဇယ်ရှစ်က မျက်မှောင်ကြုတ်ပြီး သူ့လက်ထဲရှိ နို့ဘူးနှင့် ကစားနေသည်ကို တွေ့လိုက်ရသည်။


ဟယ့်ကျင်းယွင်က ပဟေဠိဖြစ်သွား‌သောကြောင့် သူ့အနားသို့ကိုင်းကာ မေးလိုက်သည်။ 

"ဘာဖြစ်လို့လဲ..."


ယဲ့ဇယ်ရှစ်က သူ့ကို မျက်တောင်ခတ်ပြလာပြီး လျင်မြန်စွာ ခေါင်းခါပြခဲ့သည်။ 

"ဘာမှမဖြစ်ပါဘူး..."


လူတိုင်းမနက်စာစားပြီးနောက် သူတို့၏ပထမဆုံး ဦးတည်ရာမှာ ‌ဟိုတယ်အနီးရှိ အတ္တလန်တစ်ရေကမ္ဘာ ဖြစ်ကြောင်း သိခဲ့ရသည်။


ဝေ့ပေနှင့် ယို့ကျားတို့က ဦးစွာထရပ်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့ကြသည်။


ယဲ့ဇယ်ရှစ်က လူတိုင်းထက် အနည်းငယ် နှေးကျန်ရစ်ခဲ့ပြီး မတ်တတ်ထရပ်လာသော ဟယ့်ကျင်းယွင်ကို လှမ်းဆွဲခဲ့သည်။ 

"ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင်က ရပ်တန့်သွားပြီး ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လာခဲ့သည်။ - 

"ဘာဖြစ်လို့လဲ..."


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းထောင့်များက ဖြည်းညင်းစွာ ကော့တတ်သွားပြီး စားပွဲပေါ်ရှိ နို့ဘူးကို ကောက်ကိုင်ကာ နို့ဘူး၏အောက်ခြေကို လက်ချောင်းများဖြင့် ထိလိုက်သည်။ 

"ဟိုတယ်ဧည့်ခန်းမထဲသွားပြီး အရင် ဓာတ်ပုံရိုက်ကြရအောင်လေ..."


ဟယ့်ကျင်းယွင်က နို့ဘူးအောက်ခြေရှိ သေးငယ်သော စာကြောင်းတစ်ကြောင်းကို ထင်ရှားစွာမြင်လိုက်ရပြီး သူ့မျက်စံများက အနည်းငယ် ကျုံ့သွားခဲ့သည်။ 


သူပြန်မော့ကြည့်လိုက်ရာ သူ့အရှေ့ရှိ ယဲ့ဇယ်ရှစ်က မရိုးဖြောင့်သော အပြုံးဖြင့်ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။


တကယ်ကြီး မစ်ရှင်ရှိနေတာလား...


ဟယ့်ကျင်းယွင်က တစ်ဖက်ရှိ ဒါရိုက်တာကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


ဒါရိုက်တာက ဟယ့်ကျင်းယွင်၏ အကြည့်ကို မမြင်နိုင်သကဲ့သို့ ဟန်ဆောင်ခဲ့သည်။


ရသစုံရှိုးတစ်ခုမှာ ဘယ်လိုလုပ်ပြီး လျှို့ဝှက်မစ်ရှင်မရှိဘဲနေမှာလဲ...


ဒါရိုက်တာက ဧည့်သည်တွေကို မရှိဘူးလို့ ပြောခဲ့ရင်တောင် ဧည့်သည်တွေ သူတို့ကိုယ်တိုင် မစ်ရှင်တွေ ရှာတွေ့အောင် ချန်ထားရတာပေါ့...



🎶🎶🎶