Chapter 55
Viewers 21k

🎶 Chapter 55



နှစ်သစ်ကူးအကြိုနေ့တွင် ယဲ့မိသားစုဒရိုင်ဘာက ယဲ့ဇယ်ရှစ်၏ ဗီလာသို့ နံနက်အစောကြီးကတည်းမှလာကာ ယဲ့ဇယ်ရှစ်ကို လာခေါ်လေသည်။


ယခုတစ်ခေါက်တွင် ယဲ့ဇယ်ရှစ်က ယဲ့မိသားစုရှိ ကျန်လူသုံးယောက်အတွက် လက်ဆောင်များစွာကို ပြင်ဆင်ထားခဲ့လေသည်။ သူ ကားပေါ်မှဆင်းသောအခါ ယန်မန်‌ပင် ကူညီရန် ထွက်လာခဲ့သည်။


ယခုတစ်ခေါက် ယဲ့ဇယ်ရှစ်က လက်ဆောင်တစ်ပြုံတစ်‌ခေါင်းဖြင့် အိမ်ပြန်လာသည်ကို ကျန်လူသုံးယောက်လုံး ယခင်ကကဲ့သို့ မအံ့ဩကြတော့ပေ။


ယဲ့ယောက်ယန်လည်း လက်ဆောင်ဘူးကိုရသောအခါ အတွင်းတွင် မည်သို့သောလက်ဆောင် ထည့်ထားသည်ကို ကြည့်ချင်သောကြောင့် မနေနိုင်ဘဲ ဘူးကို ဟစိလေးဖွင့်ကာ ချောင်းကြည့်ခဲ့သည်။


နောက်ထပ် limited edition အားကစားဖိနပ် အသစ်စက်စက်တစ်ရံကို တွေ့လိုက်ရသောအခါ ယဲ့ဟောက်ယန်၏ မျက်လုံးများ ဝင်းလက်တောက်ပသွားပြီး ယဲ့ဇယ်ရှစ်ကို အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ ခဏတစ်ဖြုတ် မည်သည်ကို ပြောရမည်မှန်း သူ မသိခဲ့ပေ။


နောက်ဆုံးတွင် ယန်မန်ကမေးလာသည်။

"မင်း... ကျေးဇူးတင်ပြီးပြီလား..."


ယဲ့ဟောက်ယန် စိတ်ကူးအိပ်မက်ထဲမှနိုးထလာကာ ပထမဆုံးအကြိမ်အဖြစ် ယဲ့ဇယ်ရှစ်ကို ဟန်မဆောင်ဘဲ လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။ 

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..."


ယဲ့ဇယ်ရှစ် လက်ရမ်းလိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။ 

"ရတယ်...ရတယ်...ကိစ္စမရှိဘူး..."


သူက အားကစားဖိနပ်များကို အလွန်ကြိုက်သည့်ထဲ မပါသည့်အတွက် ထိုဖိနပ်များက ဆက်ဆံရေးကောင်းတစ်ခုကို ပြုလုပ်ပေးနိုင်ပါလျှင် ထိုဖိနပ်များကို ပေးပစ်ရန် ဝန်မလေးပေ။ 


"မင်းကြိုက်တယ်ဆိုရင် ငါ့အိမ်ကိုသွားပြီး နောက်ထပ် တစ်ရံနှစ်ရံလောက် လာယူလို့ရသေးတယ်... အကုန်လုံးက ငါ့အခန်းထဲက ဗီရိုထဲမှာပဲ မင်းကြိုက်တာကို ယူသွားလို့ရတယ်..."


ထိုသည်ကိုကြားသောအခါ ယဲ့ဟောက်ယန် ပို၍ပင်စိတ်လှုပ်ရှားသွားသည်။

"ကျွန်တော် ယူလို့ရတာလား..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့..."


ယဲ့ဟောက်ယန် သံကိုပူတုန်း ပုံသွင်းလိုက်သည်။ 

"ဒါဆို အစ်ကို့အိမ်ကို ကျွန်တော်၂ရက်အတွင်း သွားလိုက်မယ်..."

(T/N- ကိစ္စတစ်ခုခုကို ပူပူနွေးနွေးဖြစ်တုန်း အတည်ပြုထားတယ်လို့ ဆိုလိုချင်တာထင်ပါတယ်)


ယဲ့ဇယ်ရှစ် ခေတ္တတွေးပြီးနောက် ပြောလိုက်သည်။ 

"မီးပုံးပွဲတော် မတိုင်ခင် ဘယ်အချိန်မဆိုဘဲ..."


အဘယ့်ကြောင့်ဆိုသော် သူက အားလပ်ရက်များကို နိုင်ငံခြားတွင် ကုန်ဆုံးရန် တွေးထားသောကြောင့်ဖြစ်သည်။ လေယာဉ်လက်မှတ်ကိုလည်း မီးပုံးပွဲတော်ပြီးသည့် နောက်တစ်ရက်တွင် ဖြတ်ထားသောကြောင့်လည်းဖြစ်သည်။


ယဲ့ဟောက်ယန် ခေါင်းအဆက်မပြတ်ညိတ်လိုက်သည်။


သူမဘေးရှိ ငတုံးသားလေးကိုကြည့်ရင်း ယန်မန်တစ်ယောက် သက်ပြင်းခိုးချမိသည်။


ညစာစားပွဲ‌ရှိ၍သာ မဟုတ်ပါလျှင် ယဲ့ဟောက်ယန်တစ်ယောက် ယဲ့ဇယ်ရှစ်၏ ဗီလာသို့ ချက်ချင်းပြေးထွက်သွားမည်ကို ယန်မန်သေချာပေါက် သိလေသည်။


မျှော်လင့်ချက်ကို မရှိတော့ဘူး...


ယန်မန် ခေါင်းငုံ့လိုက်ပြီး သူမလက်ထဲရှိဘူးကို ကြည့်လိုက်သည်။ ယဲ့ဇယ်ရှစ်က သူမကိုပေးသည်မှာ ဒီဇိုင်းအသစ် လက်ဝတ်ရတနာ အစုံလိုက်ဖြစ်သည်။ ယန်မန်၏ နှုတ်ခမ်းထောင့်များ ထိန်းချုပ်မရစွာ ကော့ညွှတ်သွားသည်။


သူမ ထပ်တွေးမိသည်။ ကြည့်ရသည်မှာ ယဲ့ဟောက်ယန်ကို မျှော်လင့်ချက်မရှိဘူးဟု မပြောနိုင်ပေ။


ယဲ့ဇယ်ရှစ်က ယခင်နှင့်မတူသည်မှာ အမှန်ပင်ဖြစ်သည်။ သူက စကားပြောရာတွင် ယဉ်ကျေးလာသည်သာမက လက်ဆောင်ပေးရာတွင်လည်း ဆုတောင်းစကား တစ်သီတစ်တန်းဖြင့် ပေးလာခြင်းဖြစ်သည်။


ဆိုဖာပေါ်ရှိ ယဲ့ကျန့်ပင်းကို ကြည့်လိုက်ပါလျှင်..

သူက ပို၍ပင် ပျော်နေသေးသည်။


ဖြစ်နိုင်သည်မှာ ယဲ့ဇယ်ရှစ်က ယဲ့ဟောက်ယန်နှင့်အတူ သူ့ဘေးတွင် အတူထိုင်ပြီး စကားပြောနေသောကြောင့် ဖြစ်နိုင်လေသည်။ ထိုညီအစ်ကိုအတွက် တစ်ယောက်နှင့် တစ်ယောက် လည်ပင်းဓားတင်မနေဘဲ အတူစကားပြောသည်မှာ ရှားပါးလေသည်။


ဤသို့သောမြင်ကွင်းမျိုးကို ယဲ့ကျန့်ပင်းတစ်ယောက် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ပြီးနောက် ယခုမှသာ သူ မြင်နိုင်ခဲ့ပြီဖြစ်သည်။ 


သူဘယ်လိုလုပ် မခံစားရဘဲ နေမှာလဲ...


နေ့လည်စာစားချိန်တွင် ယဲ့ဇယ်ရှစ် ကြိုက်သည့်ဟင်းပွဲများကို ယန်မန်ကိုယ်တိုင် စားပွဲဖြင့်အပြည့် ချက်ပြုတ်ထားလေသည်။ ယဲ့ဇယ်ရှစ်အရှေ့တွင် ထားထားသည့်ဟင်းပွဲမှာ သူ တစ်ချိန်လုံးတွေးနေခဲ့သည့် ငါးလေးခြောက်ကြော်ပင်ဖြစ်သည်။


ထမင်းစားပြီးသောအခါ တစ်မိသားစုလုံး အလွန်စိတ်ကျေနပ်နေခဲ့ကြသည်။ 


နေ့လည်ခင်းတွင် ယဲ့ဟောက်ယန်က ယဲ့ဇယ်ရှစ်ကို သူ၏ ဂိမ်းအခန်းထဲတွင် တစ်နေ့လည်ခင်းလုံး ဂိမ်းဆော့ရန် ဖိတ်ခေါ်ခဲ့သေးသည်။


နှစ်သစ်ကူးအကြို ညစာစားပွဲပြီးသောအခါ ယဲ့ကျန့်ပင်းက သူ မနက်ကတည်းက ပြင်ဆင်ထားခဲ့သည့် စာအိတ်နီနှစ်ခုကို ထုတ်ယူလာပြီး ယဲ့ဇယ်ရှစ်နှင့် ယဲ့ဟောက်ယန်ကို ပေးခဲ့သည်။ 


ယန်မန်လည်း စာအိတ်နီများကို ပြင်ဆင်ထားခဲ့သည်။ ထို့အပြင် ယဲ့ဇယ်ရှစ်အတွက် လက်ဆောင်ဘူးတစ်ဘူးပင် ပိုလိုက်သေးသည်။


ထိုသည်ကိုမြင်သောအခါ ယဲ့ဟောက်ယန် ဆွံ့အသွားသည်။ 

"အမေ... ကျွန်တော်ကျ ဘာလို့မရတာလဲ..."


ယဲ့ဟောက်ယန် သူ့ကို အေးတိအေးစက် ပြန်ကြည့်လိုက်သည်။ 

"နောက်ဆုံးစာမေးပွဲမှာ ထိပ်ဆုံးအ‌ယောက်၂၀ထဲ ပါခဲ့လို့လား..."


ယဲ့ဟောက်ယန် ချက်ချင်းဆိုသလို တိတ်ကျသွားသည်။


ဘယ်သူက နှစ်သစ်ကူးကြီးမှာ စာမေးပွဲရမှတ်အကြောင်းမေးလို့လဲလို့...


ငါ့မှာ ကောင်းတဲ့နှစ်သစ်ကို ရနိုင်ပါဦးမလား... 


ယခုနှစ်၏ နှစ်သစ်ကူးအကြိုညမှာ ယဲ့မိသားစုတစ်စုလုံး နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသည့် နှစ်သစ်ကူးညများထက် ပို၍ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။


ယဲ့ကျန့်ပင်းနှင့် ယန်မန်တို့မှာ အလွန်ပျော်ရွှင်နေခဲ့ကြသည်။ 


နှစ်သစ်ကူးအကြို ညစာစားပွဲပြီးသောအခါ အတော်နောက်ကျနေပြီဖြစ်သည်။ ယဲ့ဇယ်ရှစ် မတ်တတ်ထရပ်လိုက်ပြီး သူပြန်သင့်ပြီဖြစ်ကြောင်း ပြောလိုက်သည်။


ယန်မန်က ယဲ့ဇယ်ရှစ်ကို အိမ်တွင်နေရန် ရှားရှားပါးပါး ပြောခဲ့ပြီး မနက်ဖြန်တွင် အားလုံးအတွက် ဖက်ထုပ်လုပ်ပေးမည်ဖြစ်ကြောင်းကိုပါ ပြောခဲ့သည်။


ယဲ့ဇယ်ရှစ်ကမူ အပြုံး‌လေးဖြင့်သာ ငြင်းဆိုခဲ့သည်။


ယဲ့ကျန့်ပင်းနှင့် ယန်မန်က သူ့ကို ကောင်းကောင်းဆက်ဆံခဲ့သော်လည်း ယဲ့ဇယ်ရှစ်က တစ်ယောက်တည်းနေရသည်ကို အသားကျနေပြီ ဖြစ်သောကြောင့် အိမ်ပြန်ပြီးတော့သာ animeမြန်မြန်ကြည့်ချင်နေခဲ့သည်။


ယဲ့ကျန့်ပင်း အနည်းငယ် မပျော်မရွှင်ဖြစ်ခဲ့သော်လည်း သူ့ကိုမတားခဲ့ပေ။


ယဲ့ဇယ်ရှစ်က အိမ်ပြန်လာပြီး သူတို့နှင့်အတူ နှစ်သစ်ကူးအကြို ညစာလာစားသည်ကိုက တိုးတက်မှုကြီးဖြစ်နေပြီကို သူသိလေသည်။


အနာဂတ်တွင် အချိန်များစွာ ရှိသေးသောကြောင့် တဖြည်းဖြည်းချင်း အချိန်ယူနိုင်ပေသည်။


ယဲ့ဇယ်ရှစ် အိမ်ပြန်ရန်ဆုံးဖြတ်ပြီးသောအခါ ယန်မန်က ထပြီး မီးဖိုချောင်သို့ သွားလိုက်သည်။ 


ယနေ့တွင် ငါးလေးခြောက်ကြော်ကို အများကြီး ကြော်ထားခဲ့ပြီး အများစုကို ယန်မန်က ကြော်ပြီးသည်နှင့် လေလုံအိတ်နှင့် ပိတ်ထားခဲ့သည်။ ထိုသည်က ယဲ့ဇယ်ရှစ် အိမ်သယ်သွားရန်အတွက် အဆင်ပြေလေသည်။


သေချာပေါက်ပင် ငါးလေးခြောက်ကြော်များသာမကပေ။ သူမကိုယ်တိုင် ပြုလုပ်ထားခဲ့သည့် အခြားဟင်းပွဲများဖြစ်သော ဘဲခြေထောက်ပေါင်း၊ ကြက်ခြေထောက်ပေါင်းနှင့် အခြားသရေစာများကိုလည်း ယန်မန်က ယဲ့ဇယ်ရှစ်အတွက် ထည့်ပေးလိုက်သေးသည်။


ယဲ့ဇယ်ရှစ်က ယန်မန်၏ ငါးလေးခြောက်ကြော်ကို စောင့်နေခဲ့သည်ဖြစ်ပြီး သူ့လက်ထဲယူလိုက်သည်နှင့် မျက်လုံးများက ဝင်းလက်သွားသည်။


ထိုသည်ကို ယန်မန် သတိပြုမိသွားသောအခါ သူမ မပြုံးဘဲမနေနိုင်ကာ ပြောလိုက်သည်။

"မင်းစားချင်တယ်ဆို ...အန်တီ့ကို အချိန်မရွေးပြောလိုက်... အန်တီလုပ်ပြီး မင်းကိုလာပို့ပေးမယ်..."


ထိုစကားများကိုကြားသောအခါ ယဲ့ဇယ်ရှစ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"အဆင်ပြေလို့လား..."


ယန်မန်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့..."


ယဲ့ဇယ်ရှစ် ယဉ်ကျေးမနေတော့ဘဲ အမြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ အန်တီ့ကိုဘဲ ပြဿနာပေးရတော့မှာဘဲ..."


ယဲ့ကျန့်ပင်းက ဒရိုင်ဘာကို ယဲ့ဇယ်ရှစ်အား ပြန်လိုက်ပို့ပေးရန် ပြောလိုက်သည်။


နှစ်သစ်ကူးအကြိုညတွင် လမ်းမပေါ်တွင် ကားများရှင်းလင်းနေသည်။


ဆိုင်အများစုမှာလည်း ပိတ်ထားသည်။ လမ်းမများက ကန္တာရကဲ့သို့ တိတ်ဆိတ်ခြောက်သွေ့နေခဲ့သော်လည်း အိမ်တိုင်းလိုလိုတွင် နွေးထွေးသည့်မီးရောင်များဖြင့် ထိန်လင်းနေခဲ့သည်။


သူ့ဘေးရှိ ထိုင်ခုံပေါ်တွင်ရှိသော ငါးလေးခြောက်ကြော်ဘူးကြောင့် ယဲ့ဇယ်ရှစ်၏ မျက်ဝန်းများက တလက်လက်တောက်ပနေခဲ့သည်။


ယဲ့ဇယ်ရှစ်၏ ကုတ်အင်္ကျီ၌ပင် ယဲ့မိသားစုအိမ်တော်၏ ထူးခြားသည့် အငွေ့အသက်များက စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။


ယဲ့ဇယ်ရှစ်၏ မျက်ဝန်းလေးများ ကွေးညွှတ်သွားပြီး သူ့အမူအရာမှာလည်း ရှားရှားပါးပါး နူးညံ့သိမ်မွေ့နေလေသည်။


အိမ်၏အနှစ်သာရက မည်သည်ဆိုသည်ကို သူ နားလည်မိလိုက်သလိုပင်။


ဗီလာအရှေ့တွင် ကားက တဖြည်းဖြည်းရပ်သွားခဲ့သည်။ ယဲ့ဇယ်ရှစ် ကားထဲမှ ထွက်လာသောအခါ ကောင်းကင်တစ်ခွင်က နှင်းပွင့်များဖြင့် ဖွေးဖွေးလှုပ်နေခဲ့သည်။ 


ဒရိုင်ဘာက ပစ္စည်းများကို ဗီလာအတွင်းထိ ကူသယ်ပေးပြီး ပြန်သွားရန်ပြင်နေသည်။


ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ပြောလိုက်သည်။

"ဦးလေး အထဲကို ခဏလောက် ဝင်ထိုင်ပါဦးလား... နှင်းကျတာရပ်သွားတဲ့အထိ စောင့်ပြီးမှ ပြန်သွားလိုက်လေ..."


ဒရိုင်ဘာက ပြုံးလိုက်ပြီး လက်ရမ်းပြလိုက်သည်။ အချိန်တိုအတွင်း လမ်းပေါ်စုပုံလာသော နှင်းများကို ညွှန်ပြရင်း သူ ပြောလိုက်သည်။ 

"သခင်လေးကတော့ မသိလောက်ဘူး... ကျွန်တော် ဒီနေ့ မပြန်လိုက်ရင် မနက်ဖြန်တောင် ပြန်နိုင်မယ်မထင်ဘူး... နှင်းကျတာ ရပ်သွားဖို့မရှိဘူး... ပိုပြီးတော့တောင် ကျလာဦးမယ်..."


ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။

"တကယ်ကြီးလား..."


သူ ထိုသည်ကို အမှန်တကယ် မသိခဲ့ပေ။


ဒရိုင်ဘာက ပြုံးကာပြောလိုက်သည်။ 

"ဟုတ်တယ်သခင်လေး ကျွန်တော့်ကို စိတ်မပူပါနဲ့... ကျွန်တော်က နှစ်တွေအကြာကြီး ကားမောင်းလာတာ... အပြင်မှာအေးတယ်... အထဲထဲကို အရင်ဝင်ပါတော့..."


"ဟုတ်ပြီ... အဲဒါဆို ဂရုစိုက်ပါဦးနော်..."

တဖြည်းဖြည်းမောင်းထွက်သွားသည့် ကားကိုကြည့်ပြီး ယဲ့ဇယ်ရှစ် ပြန်လှည့်လာလိုက်သည်။ 


အရှေ့တံခါးမကြီးကို ဖွင့်လိုက်သည့်အချိန်တွင် လအတော်ကြာ အလွတ်ဖြစ်နေခဲ့သော သူ့အိမ်နီးချင်း ဗီလာက နောက်ဆုံးတွင် မီးများလင်းလာပြီ ဖြစ်သည်ကို သူတွေ့လိုက်သည်။


အမှန်တကယ်ကို နှစ်သစ်ကူးပင်။


မည်သည့်နေရာကိုရောက်နေပါစေ ယခုအချိန်ရောက်လာလျှင် ဘယ်လောက်ဝေးဝေး ခရီးရောက်နေပါစေ ရောက်ရာအရပ်မှ အိမ်ပြန်လာချင်မိသည်သာ။


ယဲ့ဇယ်ရှစ် အကြာကြီး ရပ်ကြည့်မနေခဲ့ဘဲ ပြန်လှည့်ခဲ့ပြီး ဗီလာတံခါးကို ပိတ်လိုက်သည်။


သူတံခါးပိတ်ပြီး မကြာမီတွင် မျက်နှာချင်းဆိုင်ရှိ ဗီလာပိုင်ရှင်က အိပ်ခန်းလိုက်ကာကို ဖွင့်ခဲ့လေသည်။


ဟယ့်ကျင်းယွင် ပြတင်းပေါက်အရှေ့တွင် တိတ်တဆိတ်ကြည့်နေခဲ့ပြီး ပြတင်းတံခါးကို အသာလေးဟလိုက်သည်။ 

နှင်းပွင့်လေးတစ်ပွင့်က အခန်းထဲသို့ဝင်ရောက်လာခဲ့သည်။ 


ထိုနှင်းပွင့်လေးက သူ့လက်ဖဝါးထဲသို့ရောက်သည်နှင့် ရေစက်‌‌လေးအဖြစ် အရည်ပျော်သွားလေသည်။ 


ဟယ့်ကျင်းယွင် မျက်ခုံးတွန့်ရင်း ရေရွတ်လိုက်သည်။

"နှင်းကျနေပြီပဲ..."


ဗီလာကြီးတွင် အနီရောင်မီးများ လင်းထိန်နေသော်လည်း ထိုဗီလာကြီးထဲတွင် ဟယ့်ကျင်းယွင်တစ်ယောက်တည်း အထီးကျန်နေခဲ့ရသည်။


သူ့အနောက်ရှိ ထမင်းစားပွဲပေါ်တွင် နှစ်သစ်ကူးအကြို ညစာဟင်းပွဲများက အလျှံအပယ်ပင်။ ထိုဟင်းပွဲများက အေးစက်သွားသော်လည်း တစ်ပွဲမှ အရာမယွင်းခဲ့ပေ။


ညသန်းခေါင် ဆယ့်နှစ်နာရီတွင် ကောင်းကင်ယံတစ်ခွင် ပေါက်ကွဲထွက်လာသော မီးရှူးမီးပန်းအသံများက ရှည်ကြာသော တိတ်ဆိတ်ခြင်းများကို ဖြိုခွင်းလိုက်သည်။


မီးရှူးမီးပန်းအသံများနှင့်အတူ ဖုန်းကလည်း တရစပ်တုန်ခါလာခဲ့သည်။ 


ဟယ့်ကျင်းယွင် ဖုန်းကိုကိုင်လိုက်ပြီး ဆုတောင်းစကားများ ပြန်ပို့လိုက်သည်။


ဆုတောင်းစာလွှာများကို ပို့ပြီးသည့်နောက် ဟယ့်ကျင်းယွင် သူ့မိခင်၏ ဖုန်းနံပါတ်ကိုနှိပ်ကာ နှစ်သစ်ကူးဆုတောင်းစကားကို ပို့လိုက်လေသည်။ မကြာမီ အမေ့ဆီမှ ဆုတောင်းစကား ပြန်ပို့လာသည်။


ဟယ့်ကျင်းယွင် ဖုန်းမချမီအထိ သူတို့သားအမိနှစ်ယောက် အချိန်အ‌တော်ကြာ စာပို့ခဲ့ကြသည်။


ထမင်းစားပွဲကို ရှင်းလင်းသိမ်းဆည်းရန် တွေဝေနေစဉ်တွင် ဟယ့်ကျင်းယွင် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ဘေးနားတွင်ထားထားသော ဖုန်းကို သူ ကောက်ယူလိုက်သည်။ သူ့အ‌ဖေ၏ ဖုန်းနံပါတ်ကို အမြန်ပင် ရှာတွေ့သွားသည်။ 


ဟယ့်ကျင်းယွင် အတော်ကြာစဉ်းစားပြီးနောက် ဆုတောင်းစကားကို ပို့လိုက်သည်။ 


ဟယ့်ကျင်းယွင် ပြန်စာကို စောင့်နေခဲ့သော်လည်း တစ်ဖက်လူမှ အတော်ကြာသည်အထိ စာပြန်ပို့မလာခဲ့ပေ။


ဟယ့်ကျင်းယွင် အသာသက်ပြင်းချလိုက်မိသည်။


ပြတင်းပေါက်အပြင်ဘက်တွင် မီးရှူးမီးပန်းအသံများက ဆက်လက်ရှိနေဆဲဖြစ်သည်။ ဟယ့်ကျင်းယွင် နားထင်နှစ်ဖက်ကိုပွတ်ကာ ဖုန်းကို ဘေးနားသို့ ချထားလိုက်သည်။


ယဲ့ဇယ်ရှစ်မှာ animeကြည့်‌နေရင်း ပြတင်းပေါက်အပြင်ဖက်မှ မီးရှူးမီးပန်းအသံများကို ကြားလိုက်ရသည်။


ယဲ့ဇယ်ရှစ် မီးရှူးမီးပန်းများကို ခဏကြည့်လိုက်ပြီး ဓာတ်ပုံရိုက်ကာ Weiboတွင် ပို့စ်တင်လိုက်သည်။


@ယဲ့ဇယ်ရှစ်: "Happy New Year..."


ဖန်များ၏ မှတ်ချက်များကို သူ မဖတ်ခဲ့ပေ။ အပြင်ဖက်ရှိ မီးပန်းအသံများ တဖြည်းဖြည်းပျောက်ကွယ်သွားမှသာ ယဲ့ဇယ်ရှစ် ခြေလက်ဆေးပြီး အိပ်ရာဝင်ခဲ့သည်။


နောက်တစ်ရက်က နှစ်သစ်၏ ပထမဦးဆုံးရက်ဖြစ်သည်။ 


အပြင်ဘက်တွင် နှင်းကျသည်မှာလည်းရပ်သွားခဲ့သည်။ ဒရိုင်ဘာဦးလေး ပြောခဲ့သလိုပင် အပြင်ဖက်ရှိ လမ်းများပေါ်တွင် နှင်းများထူထပ်စွာ ကျဆင်းထားသည်။


ယဲ့ဇယ်ရှစ် အိပ်ရာမှနိုးသောအခါ ဆယ့်တစ်နာရီပင် ရှိပြီဖြစ်သည်။ လမ်းပေါ်ရှိ နှင်းများမှာလည်း ဘေးဖက်သို့ စုပုံလှည်းကျင်းထားပြီး အပြင်ဘက်တွင် ကစားနေသော ကလေးများကိုပင် တွေ့နိုင်သည်။ 


အိမ်သန့်ရှင်းရေးလုပ်ပေးသည့် အန်တီက နှစ်သစ်ကူးတွင် အိမ်ပြန်သွားသောကြောင့် ယဲ့ဇယ်ရှစ် အိပ်ရာမှထပြီး စားစရာမရှာဖွေမီ အတန်ကြာ စောင်ပုံထဲတွင် လူးလှိမ့်နေခဲ့သည်။


ယမန်နေ့က ယဲ့ဇယ်ရှစ်အတွက် ဟင်းပွဲ အတော်များများကို ယန်မန်က ထုပ်ပိုးပေးလိုက်သည်။ ယဲ့ဇယ်ရှစ်လုပ်ရန်လိုသည်မှာ ထိုသည်များကို မိုက်ခရိုဝေ့ဗ်ထဲထည့်ပြီး နွေးရန်သာဖြစ်သည်။


ယဲ့ဇယ်ရှစ် မီးဖိုချောင်ထဲသို့ဝင်လိုက်သောအခါ သူ့အိမ်တွင် ဆန်မရှိသည်ကို သတိရသွားသည်။


ထမင်းမပါဘဲ စားရသည်မှာ မတင်းတိမ်လှပေ။


ယခုအချိန်တွင် ပါဆယ်မှာစားရသည်မှာလည်း အဓိပ္ပာယ်မရှိပေ။ ထို့အပြင် နှစ်သစ်၏ ပထမဆုံးရက်ဖြစ်သောကြောင့် စားသောက်ဆိုင်အများစုမှာလည်း ကြိုတင်နေရာယူထားရန် လိုအပ်လေသည်။


ယဲ့ဇယ်ရှစ် အိမ်အပြင်ရှိ လမ်းကိုကြည့်လိုက်သည်။ လမ်းလျှောက်ရန် မခဲယဉ်းပေ။


စက္ကန့်အနည်းငယ် တွေဝေပြီးနောက် ယဲ့ဇယ်ရှစ် ဂျက်ကက်ထူထူ၊ မျက်မှန်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ပြီး အနီးနားရှိ စူပါမားကတ်သို့ ဆန်ဝယ်ထွက်ခဲ့လေသည်။


မည်သို့ပင်ဖြစ်နေပါစေ သူ့ကိုယ်သူအဆာခံလိမ့်မည် မဟုတ်ပေ။


အနီးနားရှိ စူပါမားကတ်က ယဲ့ဇယ်ရှစ်၏ ဗီလာမှ အလွန်မဝေးပေ။ လမ်းလျှောက်သွားလျှင် ငါးမိနစ်မျှသာ လျှောက်ရသည်။ 


ယနေ့တွင် နှင်းများထူထပ်စွာ ကျဆင်းထားသောကြောင့် လမ်းများကအနည်းငယ်ချော်နေသည်။ ထို့ကြောင့် ယဲ့ဇယ်ရှစ် ဆယ်မိနစ်ခန့်ပင် လမ်းလျှောက်လိုက်ရသည်။


ယခုစူပါမားကတ်သို့ ရောက်ဖူးသည်မှာ ယဲ့ဇယ်ရှစ်အတွက် ပထမဆုံးဖြစ်လေသည်။ အများအားဖြင့် အန်တီကသာ ဤဈေးသို့ ဟင်းသီးဟင်းရွက်များ ဝယ်ရန်လာတတ်သည်။ တစ်ခါတစ်ရံတွင် ဖုန်းဆက်ပြီး အိမ်အရောက်ပို့ခိုင်းလိုက်သည်ပင်။


စူပါမားကတ်သို့ ရောက်သောအခါ ထိုနေရာက အလွန်ကြီးမားသည်သာမကဘဲ အတွင်းတွင် ဇိမ်ခံပစ္စည်းများဝယ်နိုင်သည့် စင်တာတစ်ခုပင်ရှိသေးသည်။


ယနေ့က နှစ်သစ်၏ ပထမဦးဆုံးရက်ဖြစ်သော်လည်း စူပါမားကတ်အတွင်းတွင် လူများ အများအပြားရှိနေလေသည်။


ယဲ့ဇယ်ရှစ်၏ လာရင်းရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းသည်။ ထို့ကြောင့် သူ ဆန်တစ်အိတ်ကို ဆွဲယူလိုက်ပြီး ငွေရှင်းရန်ပြင်လိုက်သည်။ 


ငွေရှင်းကောင်တာအနီးရှိ စောင့်ဆိုင်းနေသည့်လူတန်းက အတော်ရှည်သည်။ ထိုလူတန်းကိုကြည့်ရုံနှင့်ပင် အချိန်ခဏကြာဦးမည်ပင်။


ယဲ့ဇယ်ရှစ် ဘေးပတ်ပတ်လည်ကို အကြောင်းအရင်းမရှိ လိုက်ကြည့်ရင်း သူ့နံဘေးရှိ လူက ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။


ထိုလူက အနက်ရောင် စစ်မိုးကာကုတ်ကို ဝတ်ဆင်ထားသည်။ ထို့အပြင် ဦးထုတ်နှင့် နှာခေါင်းစည်းကိုလည်း ဝတ်ဆင်ထားကာ မျက်ခုံးတစ်စုံသာ ပေါ်ထွက်နေသည်။ ထိုသူက သူ့ဖုန်းနှင့် ကစားနေသည်။


ထိုသူ၏ ရှည်သွယ်သွယ်ပုံရိပ်ကို စက္ကန့်အနည်းငယ်ကြာကြည့်ရင်း ယဲ့ဇယ်ရှစ် မနေနိုင်တော့ဘဲ သူ့ဖုန်းကို ထုတ်ကာ ဟယ့်ကျင်းယွင်ဆီသို့ စာပို့လိုက်သည်။

"ဟယ့်လောင်ရှီး... happy new year..."


ထိုစာကို ယဲ့ဇယ်ရှစ်ဆီမှ ရသောအခါ ဟယ့်ကျင်းယွင် အစ၌ ကြောင်သွားသော်လည်း သူ အမြန်ပင် စာပြန်လိုက်သည်။

"Happy new year... ဘာကိစ္စရှိလို့လဲ..."


သူ့ဘေးကလူက ဖုန်းကိုချလိုက်သောအခါ ယဲ့ဇယ်ရှစ် Wechatက အသံမြည်လာခဲ့သည်။ 


ယဲ့ဇယ်ရှစ်၏ မျက်လုံးများ ကွေးညွတ်သွားပြီး သူ စာပြန်လိုက်သည်။

"လောင်ရှီး... ဘယ်ဖက်ကိုကြည့်လိုက်..."


ဟယ့်ကျင်းယွင်: "..."


သူ မသေမချာဖြစ်စွာ လှည့်ကြည့်လိုက်သောအခါ သူ့နံဘေးတွင် ဂျက်ကက်အထူကြီးဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။


ယဲ့ဇယ်ရှစ်၏ မျက်ဝန်းများက ပြုံးနေခဲ့ကာ သူ့ကို လက်ရမ်းပြလာသည်။ ဘေးနားရှိလူများ အာရုံစိုက်မနေသည်ကို အခွင့်ကောင်းယူကာ ယဲ့ဇယ်ရှစ် သူ့နှာခေါင်းစည်းကို ဆွဲချွတ်လိုက်ပြီး ကျွန်တော်ပါဟုဆိုသည့် အမူအရာ လုပ်ပြလိုက်သည်။


ဟယ့်ကျင်းယွင် ရယ်ချလိုက်ပြီး နှာခေါင်းစည်းပြန်တပ်ရန် အမူအရာလုပ်ပြလိုက်သည်။


ရေကန်ဘေးရှိဗီလာဧရိယာတွင် နာမည်ကြီးအနုပညာရှင်များ များစွာနေကြသော်လည်း ကျန်လူအများစုမှာ သာမန်လူများဖြစ်ကြသည်။


ယဲ့ဇယ်ရှစ် နှာခေါင်းစည်းကို ခဏမျှသာချွတ်ပြီး ချက်ချင်းပြန်တပ်လိုက်သည်။ သူ့မျက်ဝန်းများတွင် မဖော်ပြနိုင်သည့် ပျော်ရွှင်မှူတို့က ထင်ဟပ်နေခဲ့သည်။


"ဟယ့်လောင်ရှီးလည်း ဒီနားမှာနေတာလား..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...ငါ ဒီကို လွန်ခဲ့တဲ့နှစ်နှစ်လောက်က ပြောင်းလာခဲ့တာ ... ဒါပေမယ့် အလုပ်တွေရှုပ်နေတာနဲ့ အိမ်ပြန်လာခဲတယ်... "


ဟယ့်ကျင်းယွင် ခဏရပ်လိုက်ပြီးနောက် ယဲ့ဇယ်ရှစ်၏ ဆန်အိတ်ကိုကြည့်လိုက်သည်။

"နှစ်သစ်ကူးမှာ အိမ်မပြန်ဘူးလား..."


ယဲ့ဇယ်ရှစ်: "ကျွန်တော် မနေ့က ညစာစားဖို့ ပြန်တယ်... အဲဒါကြောင့် ဒီနေ့ ပြန်သွားဖို့မလိုတော့ဘူး... လောင်ရှီးကရော..."


စကားပြောရင်းဖြင့် ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင် စျေးဝယ်တွန်းလှည်းထဲရှိ စားစရာများကို ကြည့်လိုက်သည်။ တွန်းလှည်းထဲတွင် ဟင်းချက်စရာပစ္စည်း အမျိုးမျိုးရှိလေသည်။ သူကြိုက်သည့် ငါးလေးခြောက်များပင် ပါသေးသည်။


ဟယ့်ကျင်းယွင်၏ ဟင်းချက်လက်ရာကို‌ တွေးကြည့်မိပြီး ယဲ့ဇယ်ရှစ် တွံ‌တွေးမျိုချမိသည်။


သေချာပြန်စဉ်းစားကြည့်ပါလျှင် သူ ဟယ့်ကျင်းယွင်၏လက်ရာကို မစားရသည်မှာ လအတော်ကြာပြီဖြစ်လေသည်။


ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။

"တိုက်ဆိုင်တာပေါ့... ငါလည်း တစ်ယောက်တည်းပဲ..."


ယဲ့ဇယ်ရှစ်၏ မျက်လုံးများ ချက်ချင်းဆိုသလို ဝင်းလက်သွားကာ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။

"လောင်ရှီးဝယ်လာတာတွေက အများကြီးပဲ တစ်ယောက်တည်းနဲ့ စားလို့ကုန်ပါ့မလား..."

 

ယဲ့ဇယ်ရှစ်၏ အတွေးများကို ဟယ့်ကျင်းယွင် မသိဘဲမနေပေ။ သူ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"ဒါဆို စိတ်မရှိရင်... အတူလိုက်ခဲ့ပြီး အကုန်လုံးကို ကူစားပေးလို့ရမလား..."


ယဲ့ဇယ်ရှစ်တစ်ယောက် အဆက်မပြတ်ခေါင်းညိတ်လိုက်ပြီး ခပ်တည်တည်ပြောလိုက်သည်။

"ရတာပေါ့... ကျွန်တော် စိတ်မရှိပါဘူး..."


သူ စိတ်မရှိသည်သာမက ဟယ့်ကျင်းယွင် အိမ်၌သာနေပြီး စားချင်နေသေးသည်။ 


ထို့ကြောင့် လူတစ်ယောက်စာထမင်းဝိုင်းလေးက လူနှစ်ယောက်စာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။



🎶🎶🎶