Chapter 154
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၅၄)


Chapter 154 (ဆင့်ခေါ်ခြင်းမှော်ပညာ)


သူ့ရှေ့က ဆုံလည်ကို ထိတ်လန့်တကြားကြည့်ရင်း လင်ချီးယဲ့၏ နှလုံးသားသည် သူ့လည်ချောင်းထဲတွင် ရှိနေပြီဖြစ်သည်။


လက်တံသည် ဧရိယာများကိုဖြတ်၍ ဆုံလှည်၏လှည့်နှုန်းသည် နှေးကွေးလာ၏။ လင်ချီးယဲ့၏အကြည့်အောက်တွင် ၎င်းသည် နောက်ဆုံးမှာ သေးငယ်သောစကားလုံးများပေါ်တွင် ငြိမ်သက်သွားခဲ့သည်။


—— ‌ဆင့်ခေါ်ခြင်းမှော်ပညာ။


ဆင့်ခေါ်ခြင်းမှော်ပညာလား။


လင်ချီးယဲ့သည် ထိုစကားများကို မြင်လိုက်သောအခါတွင် နေရာမှာတင် အေးခဲသွားသည်။ နှင်းခဲနဂါးတစ်ကောင်ကို သူ့လက်တစ်ချက်တည်းဖြင့် ဆင့်ခေါ်လိုက်သည့် ရုပ်ရှင်ထဲက ထိတ်လန့်စရာမြင်ကွင်းသည် သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ့သွေးဆောင့်တက်သွားခဲ့သည်။


စိတ်ဖြင့်စူးစမ်းနိုင်သော [သေမျိုးနတ်ဘုရားနယ်ပယ်] နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော [အမှောင်ထုတိုက်စားခြင်း] တို့နှင့် နှိုင်းယှဉ်လျှင် ဤအရာသည် အမြင်အာရုံကို ပို၍အကျိုးသက်ရောက်ပုံရသည်။


လင်ချီးယဲ့သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုစကားအနည်းငယ်သည် အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့လွင့်သွားသည်။


"ဆင့်ခေါ်ခြင်းမှော်ပညာ:


မှော်ဆရာမာလင်၏ ဆင့်ခေါ်ခြင်းမှော်ပညာအသိပညာအားလုံးကို ရယူပါ၊ သင့်ကိုယ်သင် 'ဆင့်ခေါ်ခြင်းမှော်ပညာ' အလွန်နှီးနွှယ်သောကိုယ်လုံးကိုယ်ပေါက်အဖြစ် ပြောင်းလဲပါ၊ မန္တန်များထုတ်လွှတ်ခြင်းအချိန်ကို ၅၀ ရာခိုင်နှုန်းလျှော့ချသည်၊ မန္တန်များထုတ်လွှတ်ခြင်းအတွက် လိုအပ်သောပစ္စည်းများကို ၅၀ ရာခိုင်နှုန်းလျှော့ချသည်၊ မန္တန်များထုတ်လွှတ်ခြင်းအတွက် စိတ်စွမ်းအား ၅၀ ရာခိုင်နှုန်းလျှော့ချသည်၊ မန္တန်များထုတ်လွှတ်ခြင်းအခက်အခဲ ၅၀ ရာခိုင်နှုန်းလျှော့ချသည်။"


ထိုစကားလုံးများကို သူမြင်လိုက်သည့်အခိုက်တွင် မရေမတွက်နိုင်သော အသိပညာများက သူ့စိတ်ထဲသို့ ရူးသွပ်စွာ စိမ့်ဝင်လာတာကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြောင်းလဲသွားစေခဲ့သည်။ အပြောင်းအလဲမရှိဟုထင်ရသော်လည်း ယခင်နှင့်မတူတော့ပေ။


မိနစ်ဝက်လောက်ကြာတော့ လင်ချီးယဲ့သည် ပြန်လည်သက်သာလာပြီး ရောင်ရမ်းနာကျင်နေသော သူ့နားထင်များကို ပွတ်သပ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။


"ဆင့်ခေါ်ခြင်းမှော်ပညာ… ဆင့်ခေါ်ခြင်းမှော်ပညာ…"


သူ့စိတ်ထဲတွင် အသိပညာအနေဖြင့် ဆင့်ခေါ်ခြင်းမှော်ပညာကို 'အတိုင်းအတာဆင့်ခေါ်ခြင်းမှော်ပညာ'၊ 'အတိအကျဆင့်ခေါ်ခြင်းမှော်ပညာ' နှင့် 'ကျပန်းဆင့်ခေါ်ခြင်းမှော်ပညာ' ဟူ၍ အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။


'အတိုင်းအတာဆင့်ခေါ်ခြင်းမှော်ပညာ' ဟုခေါ်ရခြင်းမှာ အဖိုးတန်စတေးခံအမြောက်အမြားကို စတေးရန်၊ တစ်စုံတစ်ယောက်၏ဝိညာဉ်ကို တခြားနေရာသို့ ပို့ပေးရန်၊ တချို့သတ္တဝါများနှင့် စာချုပ်ချုပ်ပြီး ကမ္ဘာအစစ်ကိုပြန်ရောက်သည်အထိစောင့်ပြီးမှ မှော်စက်ဝိုင်းကို လှည့်ပြီး သူတို့ကို ဆင့်ခေါ်ခြင်း ဖြစ်ပါသည်။


'အတိအကျဆင့်ခေါ်ခြင်းမှော်ပညာ' ဆိုသည်မှာ ကမ္ဘာအစစ်တွင် တည်ရှိနေသောအရာတစ်ခုခုကို ဆက်သွယ်ပြီး သူတို့၏သဘောဆန္ဒကို ရယူပြီးနောက် ၎င်းသည် လူ၊ အရာဝတ္ထုများ စသည်တို့ကဲ့သို့သော အရာများကို တခြားနေရာများတွင် ဆင့်ခေါ်နိုင်သည်။ သို့သော် ဆင့်ခေါ်သည့်အရာမှာ လူဖြစ်လျှင် ၎င်းက စိတ်စွမ်းအားများစွာကုန်ဆုံးပြီး အကွာအဝေးက အလွန်ဝေးနေလျှင် ဆင့်ခေါ်၍မရပေ။ ထို့ကြောင့် ရှိပြီးသားအရာဝတ္ထုများကို ဆင့်ခေါ်ယူရန်အတွက် ပို၍သင့်လျော်ပါသည်။


အမည်တွင်ဖော်ပြသည့်အတိုင်း 'ကျပန်းဆင့်ခေါ်ခြင်းမှော်ပညာ' သည် သူ ဘယ်အရာအားဆင့်ခေါ်မည်ကို မသိနိုင်သည့်အပြင် မန္တန်ထုတ်လွှတ်ခြင်းကြားခံသည်လည်း အလွန်ရိုးရှင်းပါသည်၊ ကျောက်တစ်လုံး၊ သစ်သားတစ်ပိုင်း၊ ဒင်္ဂါးပြားတို့ကိုလည်း အသုံးပြုနိုင်ပါသည်။ သစ်ရွက်ဖြင့် နှင်းခဲနဂါးကို ခေါ်ခြင်း သို့မဟုတ် ကြက်မအိုကြီးတစ်ကောင်ကို ခေါ်ယူရန်အတွက် အသုံးအဆောင်ပစ္စည်းတစ်ခုကို စတေးရန် ဖြစ်နိုင်သည်။


လင်ချီးယဲ့သည် ဆင့်ခေါ်ခြင်းမှော်ပညာစနစ်တစ်ခုလုံးကို ဂရုတစိုက်သိရှိပြီးနောက် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


ဆင့်ခေါ်ခြင်းနည်းသုံးမျိုးတွင် ပထမနှစ်ခုကသာ အယုံကြည်ရဆုံးဖြစ်ခဲ့သော်လည်း ဒုတိယတစ်ခုဆင့်ခေါ်ခြင်းမှာ ကန့်သတ်ချက်များ များစွာရှိပြီး ပထမတစ်ခုက တခြားနယ်မြေတစ်ခုသို့ သွားလိုပါက အဖိုးတန်စတေးခံအမြောက်အမြား လိုအပ်သည်။


အဖိုးတန်စတေးခံက ဘာကိုဆိုလိုသနည်း။ အမြောက်အမြားက ဘယ်လောက်ပမာဏနည်း။


ကန့်သတ်ချက်မရှိချေ။


ဒဏ္ဍာရီလာသတ္တဝါများ၏အလောင်းများကို စတေးခံအနေဖြင့် အသုံးပြုရမည်လား။


လင်ချီးယဲ့သည် ခေါင်းယမ်းကာ စိတ်ကိုငြိမ်သက်စေပြီး စိတ်ကျန်းမာရေးဆေးရုံမှ သူ့အသိစိတ်ကိုဆွဲထုတ်ရင်း ကမ္ဘာအစစ်သို့ ပြန်လာခဲ့သည်။


လနှင့် ကြယ်များ ရှားလာသည်။


လင်ချီးယဲ့သည် ကုတင်ပေါ်တွင် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး နောက်ကုတင်ပေါ်တွင် ဝက်သေတစ်ကောင်လို အိပ်ပျော်နေသော ပိုင်လီဖက်တီးကိုကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထထိုင်လိုက်သည်။


မည်သို့ပင်ဖြစ်စေ မှော်ပညာက မှော်ပညာဖြစ်သည်။ မြို့ထဲမှာ ကြီးပြင်းလာသော လင်ချီးယဲ့လို ကလေးတစ်ယောက်အတွက် ဒီစကားလုံးနှစ်လုံးက အမြဲတမ်း မတူညီသောဆွဲဆောင်မှုပေးစွမ်းနိုင်ပုံရသည်။

 

သူ မှော်ပညာကို သိသွားပြီဆိုတော့ ဘာကြောင့် အရင်မစမ်းကြည့်ရတာလဲ။


သူ တိတ်တဆိတ် ကုတင်ပေါ်ကနေ လျှောက်လာပြီး သူ့ဖိနပ်တစ်ရံကို ကောက်ကိုင်လိုက်သည်… ခဏလောက် စဉ်းစားပြီးနောက် သူသည် ဖိနပ်တစ်ရံကို ပြန်ချထားပြီး ပိုင်လီဖက်တီး၏ဖိနပ်ကို ကောက်ယူလိုက်သည်။


'အတိုင်းအတာဆင့်ခေါ်ခြင်း' နှင့် 'အတိအကျ‌ဆင့်ခေါ်ခြင်း' နှစ်မျိုးလုံးကို အသုံးမပြုနိုင်သောကြောင့် ယခု 'ကျပန်းဆင့်ခေါ်ခြင်း'ကိုသာ စမ်းကြည့်နိုင်သော်လည်း ကျပန်းဆင့်ခေါ်ခြင်းသည် ကျပန်းဖြစ်ပေမယ့် ဆင့်ခေါ်ထားသော အရာများသည် အစွမ်းထက်ခဲပြီး များသောအားဖြင့် အသုံးမဝင်သော အပိုင်းအစများဖြစ်သည်။


နဂါး သို့မဟုတ် မကောင်းဆိုးဝါးတစ်မျိုးမျိုးကို ဆင့်ခေါ်ရန် ဖြစ်နိုင်ခြေ ၀.၀၀၀၀၀၀၁ ရာခိုင်နှုန် ထက်နည်းသည်မှာ အမှန်ဖြစ်သော်လည်း လင်ချီးယဲ့သည် ထိုကဲ့သို့ မယုံနိုင်စရာကောင်းသောအရာများ သူ့တွင်ဖြစ်ပေါ်လာမည်ဟု ဘယ်သောအခါမှ မခံစားခဲ့ရပေ။


လင်ချီးယဲ့သည် ဖိနပ်တစ်ရံကို စားပွဲပေါ်တင်ကာ ရေထဲတွင် သူ့လက်ချောင်းများနှစ်ပြီး ဖိနပ်တစ်ရံပတ်လည်တွင် မှော်စက်ဝိုင်းတစ်ခုကို ဆွဲစလိုက်သည်။


ကျပန်းဆင့်ခေါ်ခြင်းမှာ ဤကဲ့သို့ဖြစ်ပြီး ကလေးကစားပုံကဲ့သို့ရိုးရှင်းကာ ပစ္စည်းများနှင့်ပတ်သက်၍ တိကျမှုမရှိသလို တိကျမှုနှင့်ပတ်သက်၍ ကံတရားသာဖြစ်သည်။


လေးငါးစက္ကန့်လောက်ကြာတော့ လင်ချီးယဲ့သည် မှော်စက်ဝိုင်းကို ရေးဆွဲပြီးကာ သူ့စိတ်စွမ်းအားကို အဲဒီထဲသို့ ထည့်သွင်းလိုက်ပြီး ဖိနပ်တစ်ရံ ပတ်ပတ်လည်တွင် ရေစီးကြောင်းများက အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်...


ဝှီး…


မှော်စက်ဝိုင်းအလယ်က ဖိနပ်တစ်ရံသည် ဘယ်တုန်းကမှ မပေါ်လာခဲ့သလိုမျိုး ရုတ်တရက် ပျောက်ကွယ်သွားသည်။


လင်ချီးယဲ့သည် မှော်စက်ဝိုင်းကို စိုက်ကြည့်နေပြီး။ ခဏကြာပြီးနောက် ဘာမှဖြစ်မလာကာ ဗလာသာဖြစ်နေသည်…


ဟမ်…


ဒါက ကျပန်းဆင့်ခေါ်တာ မဟုတ်ဘူးလား။ ငါ ဆင့်ခေါ်ထားတဲ့ အရာက ဘယ်မှာလဲ။


လင်ချီးယဲ့ ကြောင်တောင်တောင်ဖြစ်နေစဉ် သူ့နားထဲမှာ ရင်းနှီးသောအသံတချို့ ထွက်ပေါ်လာသည်...


ဝှီး ဝှီး ဝှီး…


"ခြင်… ခြင်လား။" လင်ချီးယဲ့၏စိတ်စွမ်းအားသည် လေထဲတွင် ပျံ့လွင့်သွားကာ အမှန်ပင် လေထဲမှာ ခြင်တစ်ကောင်ကို တွေ့လိုက်ရာ လူတစ်ကိုယ်လုံး ထိတ်လန့်သွားရသည်။


မေလပဲရှိသေးတာကြောင့် ၎င်းက ခြင်များပေါ်လာသည့်ရာသီမဟုတ်သေးဘူးလို့ပြောရန် ကျိုးကြောင်းဆီလျော်ပေမယ့် လင်ချီးယဲ့၏ ဆင့်ခေါ်ခြင်းမှော်ပညာ 'စွမ်းအား' အောက်မှာတော့ ပေါ်လာခဲ့သည်...


ဤခြင်သည် လေထဲ၌ စက်ဝိုင်းတစ်ဝက် ပျံသန်းကာ အိပ်ပျော်နေသော ပိုင်လီဖက်တီး၏ပေါင်ပေါ်သို့ လှည့်ပတ်ရင်း ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။


ပိုင်လီဖက်တီးသည် နှစ်ကြိမ်အသံပြုကာ လက်ဆန့်ပြီး သူ့ခြေထောက်ကိုကုတ်ကာ တစ်ဖက်လှည့်ပြီး အိပ်ပျော်သွားခဲ့သည်။


လင်ချီးယဲ့သည် သူ့မေးစေ့ကိုထိရင်း


ဒီမှော်ပညာက…


နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်…


ထို့ကြောင့် သူသည် သူ၏အပြစ်ရှိသောလက်ကလေးကို တိတ်တဆိတ် ဆန့်ထုတ်လိုက်ပြီး ပိုင်လီဖက်တီးအနီးနားက ပစ္စည်းများကို ဆက်၍ထိလိုက်သည်။



နောက်နေ့မနက်စောစောမှာ ပိုင်လီဖက်တီးသည် အေးအေးဆေးဆေး နိုးလာသည်။


သူ မျက်နှာကျက်ကို ကြောင်တောင်တောင် ကြည့်လိုက်ရင်း သူ့ခြေလက်များ ယားယံလာတာကို ရုတ်တရက် ခံစားလိုက်ရပြီး အောက်ကို ငုံ့ကြည့်လိုက်တော့....


"လခွမ်း။ ဘာလို့ အဖု‌အထစ်တွေအများကြီးရှိနေရတာလဲ။ ခြင်တွေရှိတာလား။"


သူ့လက်နှင့်ခြေထောက်များပေါ်က အဖုနှစ်ဆယ်ကျော်ကိုကြည့်ရင်း ထိတ်လန့်စွာ သူ့ပါးစပ်ကိုဖွင့်ပြီး လင်ချီးယဲ့ကို လှည့်ကြည့်လိုက်သည်။


"ချီးယဲ့၊ ငါတို့အခန်းမှာ ခြင်တွေရှိတယ်ထင်တယ်၊ တစ်ကောင်ထက်ပိုလိမ့်မယ်၊ မင်းအကိုက်ခံရလား။"


လင်ချီးယဲ့က ရိုးရိုးသားသား ခေါင်းခါလိုက်သည်။ "ဟင့်အင်း။"


"ထူးဆန်းတယ်၊ ထူးဆန်းတယ်…" ပိုင်လီဖက်တီးသည် ခေါင်းကိုကုတ်လိုက်ပြီး အိပ်ရာမှထရန် ပြင်ဆင်လိုက်ရာ ထိတ်လန့်သွားပြန်သည်။ "ဟမ်။ ငါ့ဖိနပ်ဘယ်ရောက်သွားတာလဲ။"


သူသည် ပတ်ပတ်လည်ကို သူ့မျက်လုံးများထဲက သံသယများဖြင့်ကြည့်ရင်း "ထူးဆန်းလိုက်တာ၊ ဖိနပ်နှစ်ဖက်စလုံး မရှိတော့ဘူး… ကုတင်အောက်မှာများလား။"


'ကုတင်အောက်' ဆိုသော စကားကိုကြားတော့ လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က မသိမသာ လှုပ်ယမ်းသွားသည်။


ပိုင်လီဖက်တီးသည် ငုတ်တုတ်ထိုင်ကာ ကုတင်အောက်ခြေကို လှမ်းကြည့်လိုက်ပြီး လူတစ်ကိုယ်လုံး နေရာတွင် ရှိနေခဲ့သည်။


အချိန်အတော်ကြာပြီးနောက် သူ့လက်ကို မယုံနိုင်စွာ ဆန့်ထုတ်လိုက်ပြီး ကုတင်အောက်မှ ပစ္စည်းအမြောက်အများကို ဆွဲထုတ်လိုက်သည်...


"နားကြပ်တံ၊ သစ်ခေါက်၊ မီးအိမ်၊ အာဂစစ်မာဇဲနိစစ်ရဲ့ အကန့်အသတ်ထုပ်အရုပ်၊ ထမင်းဘူးနဲ့… ခြေအိတ်ရှည်တွေလား။"


ပိုင်လီဖက်တီးသည် သူ့လက်ထဲက အနက်ရောင်ပိုးထည်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး ခေါင်းကို ဖြည်းညှင်းစွာမြှောက်ကာ လင်ချီးယဲ့ကို ကြည့်လိုက်သည်...


"ချီးယဲ့ ဒါတွေက…"


"ငါမသိဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒါတွေက ငါ့ဟာမဟုတ်ဘူး။" လင်ချီးယဲ့က ပြတ်သားစွာ ခေါင်းယမ်းပြီး "ငါ့မှာ ဘယ်လိုလုပ်ခြေအိတ်ရှည်ရှိမှာလဲ။"


"ဒါပေမယ့်…"


လင်ချီးယဲ့သည် ခဏလောက်စဉ်းစားကာ "အဲဒါက ချောင်ယွမ်းဟာ ဖြစ်နိုင်တယ်။"


『TK: Agatsuma Zenitsu(အာဂစစ်မာဇဲနိစစ်)ဆိုတာ Demo

n Slayer Anime ထဲက Main Character တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အရမ်းကြည့်လို့ကောင်းတာမလို့ သွားကြည့်ကြည့်နော်။』


TK Team (Chapter 154)