Chapter 84 (End)
Viewers 21k

🫶Chapter 84 [END]




နျန်ယွီယီ၏နှုတ်ခမ်းများက ခွာပြီးနောက် ပြန်ကပ်သွားကာ သဘောတူညီသည့်အနေဖြင့် အသံလေး ရေရွတ်ထုတ်လိုက်သည်။ 


ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏နှုတ်ခမ်းများကို ငုံထွေးလိုက်ကာ မျက်လုံးများမှ နွေးထွေးမှုများ လွှင့်ထုတ်နေပြီး မမှတ်မိနိုင်သည့်အသံဖြင့်နူးညံ့စွာ သီချင်းလေးညည်းလိုက်သည်။


နက်ရှိုင်း၊ ပြည့်ဝပြီး တယောအကြီးနှင့်တူသည့်အသံက နျန်ယွီယီ၏ နားနားတွင် ရစ်ပတ်နေကာ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးလေးဖြစ်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အိပ်မက်ထဲသို့ ပျော်ဝင်သွားတော့သည်။ 


ထိုညက သူ မယုံနိုင်စရာကောင်းအောင် သက်တောင့်သက်သာဖြင့် အိပ်ပျော်သွားခဲ့သည်။ 


နောက်တစ်နေ့တွင် နျန်ယွီယီ စောစောနိုးလာ၏။ သူ့လက်မှ အိုင်ဗီအပ်ကိုတော့ ဖြုတ်သွားကြပြီဖြစ်သည်။ 


ဖန်ကျုံးချွမ်းက ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်နေစဥ◌် နျန်ယွီယီက အဝတ်အစားများလဲလိုက်ကာ ရှဲ့ယီကျိုးယူလာပေးသည့် ဆန်ပြုတ်ကိုသောက်နေလိုက်သည်။ 


ကျွမ်းရုံ ဖုန်းခေါ်လာခဲ့၏။


“အစ်မကျွမ်းရုံ” နျန်ယွီယီသည် ဆန်ပြုတ်၏ နောက်ဆုံးအလုတ်ကို မျိုချလိုက်ကာ ရေမြန်မြန်သောက်လိုက်၏။


“နျန်နျန်…အစ်မ မင်းအတွက် ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းတစ်ခုလုံးပို့ထားပေးတယ်…သည်မှာလည်း ထုတ်လုပ်ရေးအသင်းတွေ အကုန်အဆင်သင့်ဖြစ်နေပြီ…ဟိုင်မင်မြို့ကိုပြန်လာတဲ့အခါကျ ဒါရိုက်တာနဲ့ တွေ့ဖို့ ကြိုးစားကြည့်…”


ထိုအခါမှသာ နျန်ယွီယီသည် ဝီချက်တွင် ဖိုင်တစ်ခုရောက်နေသည်ကို သတိထားမိလိုက်သည်။ 


“ကောင်းပါပြီ…အစ်မကျွမ်းရုံ…ကျွန်တော်ဟိုင်မင်မြို့ကိုရောက်တဲ့အခါ အစ်မကို ခေါ်လိုက်ပါ့မယ်” 


“ကောင်းပြီ…ဒါဆို အစ်မနေရာစီစဥ်ထားလိုက်မယ်” ကျွမ်းရုံသည် သူမအိမ်၏လသာဆောင်တွင်ထိုင်နေရင်း အပြင်ဘက်မှ နှင်းများဖုံးလွှမ်းနေသော မြင်ကွင်းကိုကြည့်၍ပြောလိုက်သည်။ 


“ကျေးဇူးတင်ပါတယ်…အစ်မကျွမ်းရုံ” 


“သည်လောက်တောင် ယဥ်ကျေးနေဖို့လိုလို့လား”


“အစ်မကျွမ်းရုံ ကျွန်တော့်ကိုပေးခဲ့တဲ့ အကူအညီတွေနဲ့ဆို ကျေးဇူးပြန်တင်သင့်ပါတယ်”


“ဟုတ်ပါပြီ…ဟုတ်ပါပြီ…အခုဖုန်းချလိုက်တော့မယ်…ဆွဲမထားတော့ဘူး”


“အစ်မကျွမ်းရုံနဲ့ စကားပြောနေတာလား” တံခါးဘောင်ကိုမှီနေသော ရှဲ့ယီကျိုးက ဖုန်းချသည်ကိုစောင့်ပြီးမှ ပြောလာသည်။ 


“အင်း…ရုပ်ရှင်နဲ့ပတ်သက်လို့” နျန်ယွီယီသည် ရေချိုးခန်းဆီသို့ တွန့်ဆုတ်နေသည့် အကြည့်တစ်ချက် လွှတ်လိုက်သည်။ 


ဒါရိုက်တာနှင့်တွေ့ပြီး အရာအားလုံး အဆင်ပြေသွားလျှင် ရိုက်ကူးရေးအဖွဲ့သားများနှင့်ပူးပေါင်းကာ တောင်ပေါ်တွင် သုံးလလောက် ရိုက်ကူးရေးလုပ်ရမည်ဖြစ်သည်။ 


ဖန်ကျုံးချွမ်းရေချိုးခန်းထဲမှထွက်လာသောအခါ နျန်ယွီယီကသူ့အားခဏခဏခိုးကြည့်နေသည်ကို သတိထားမိသည်။ အကြိမ်တိုင်းတွင်လည်း တစ်ခုခုကိုပြောချင်နေပြီး တွန့်ဆုတ်နေသလိုဖြစ်နေ၏။


ဆေးရုံဆင်းသည့်စာရွက်စာတမ်းများနှင့် ရှဲ့ယီကျိုးအလုပ်ရှုပ်နေတုန်း ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏လက်ကို ညင်သာစွာဆွဲ၍ လူမမြင်သည့်ထောင့်တစ်နေရာသို့ခေါ်သွားလိုက်သည်။ 


“ဘာဖြစ်လို့လဲ” ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏တစ်ခုတည်းသောထွက်ပေါက်အား လက်ဖြင့် ပိတ်ထားလိုက်၏။


“ဘာဖြစ်လို့လဲဆိုတာ ဘာကိုပြောတာလဲ” နျန်ယွီယီသည် အပြစ်ရှိသလိုခံစားရ၍ ရေရွတ်လိုက်သည်။ 


“အခန်းထဲကနေ အခုအထိကို ကိုယ့်ကိုခဏခဏကြည့်နေတယ်လေ…” ဖန်ကျုံးချွမ်းက ပြုံးရင်းစလိုက်၏။


နျန်ယွီယီ၏အသံမှာ ကာကွယ္မှုအပြည့်ဖြင့် မြင့်တက်လာသည်။ “အဲ့လောက်အများကြီးမကြည့်ခဲ့ပါဘူး”


“အိုး?”


မျက်လုံးချင်းဆုံရမည်ကိုရှောင်ဖယ်ရင်း နျန်ယွီယီသည် စကားထစ်အနေကာ မှန်ကန်သည့်စကားလုံးများကို ရှာဖွေနေမိသည်။ “ဘာမှမဟုတ်ပါဘူး”


ဖန်ကျုံးချွမ်းက နျန်ယွီယီ၏မျက်လုံးများကို သေချာစိုက်ကြည့်နေကာ ကိုင်း၍သူ့နားနားသို့ ညင်သာစွာ အသက်ရှူထုတ်လိုက်သည်။ 


နျန်ယွီယီ၏နားရွက်များနီရဲသွားကာ ပြောလိုက်သည်။ “ကောင်းပြီ…နှစ်သစ်ကူးပွဲတော်ရဲ့ သုံးရက်မြောက်နေ့ကျရင် ကျွန်တော်ရိုက်ကွင်းတစ်ခုသွားစရာရှိတယ်”


…..


စာရွက်စာတမ်းများပြီးနောက် ရှဲ့ယီကျိုးလှည့်ကြည့်လိုက်ရာ နျန်ယွီယီပျောက်နေသည်ကို တွေ့လိုက်ရသည်။ ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်သောအခါ ဖန်ကျုံးချွမ်းနှင့်နျန်ယွီယီတို့က ထောင့်တစ်နေရာမှထွက်လာသည်ကို မြင်လိုက်ရသည်။ 


နျန်ယွီယီ၏အနည်းငယ်ယောင်နေသောနှုတ်ခမ်းများကိုကြည့်၍ ဘာဖြစ်ခဲ့သည်ကို ရှဲ့ယီကျိုး ကောင်းကောင်းခန့်မှန်းနိုင်လိုက်သည်။ 


သို့သော် သူ့ညီလေး၏အထိအခိုက်မခံနိုင်လောက်အောင် အရေပါးခြင်းကိုသိသောကြောင့် သတိမထားမိသကဲ့သို့ ဟန်ဆောင်ရန်သာ ဆုံးဖြတ်လိုက်၏။ 


“ငါတို့ ဟိုင်မောမြို့ကို ချက်ချင်းပြန်ရမယ်” ရှဲ့ယီကျိုး၏မျက်လုံးထဲမှ အေးစက်မှုများက နျန်ယွီယီ၏အကြည့်များကို တုန်ခါသွားစေသည်။ 


“ရွမ်လဲ့ကျီက အခုလေးတင်ဖုန်းခေါ်ပြီ ရွမ်ရှောင်ဟွေ့ကို ဆက်သွယ်လို့မရဘူးလို့ ပြောလာတယ်”


နျန်ယွီယီ၏ မျက်ခုံးများတွန့်ချိုးသွားသည်။ “သည်ကိစ္စမှာ ရွှီရင်းကျယ်ပါဝင်ပတ်သက်နေလား”


“ပါနိုင်ချေများတယ်” ရှဲ့ယီကျိုးသည် ဖုန်းမှတစ်ဆင့် ညွှန်ကြားချက်များကို မြန်မြန်လေးပို့လိုက်၏။ “လေယာဥ်လမ်းကြောင်းအတွက် စီစဥ်ထားပြီးပြီ…လေဆိပ်ကိုရောက်တာနဲ့ ချက်ချင်းထွက်မယ်”


“ကောင်းပြီ”


ဟိုင်မောမြို့သို့ ပြန်ရောက်သောအခါ ရှဲ့ယီကျိုးသည် နျန်ယွီယီအား ချင်အန်း၍ တစ်ယောက်တည်းထားခဲ့ရန် ရတက်မအေးဖြစ်နေသောကြောင့် သူတို့ကိုအခြေအနေများရှင်းပြပြီး လင်းရီယွဲ့နှင့်အတူ ရှဲ့အိမ်သို့ အရင်ပို့ထားလိုက်သည်။ 


လုံခြုံရေးအတွက် ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ဘေးတွင်နေပေးသည်။ 


နောက်တစ်နေ့မနက်မှသာ ပင်ပန်းနွမ်းနယ်နေသည့်ပုံများဖြင့် ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ ပြန်ရောက်လာခဲ့သည်။

 

ညအိပ်ဝတ်စုံနှင့် ရှဲ့လို့က ဆိုဖာပေါ်တွင် ထိုင်၍မေးလာ၏။ 


“ဘယ်လိုဖြစ်သွားပြီလဲ”


“လူကိုရှာတွေ့ပြီ...ဘေးကင်းတယ်...ဒါပေမယ့် စိတ်ဖိအားအရမ်းများပြီး စောမွေးသွားလို့ ဆေးရုံမှာ ခဏလောက်နေရလိမ့်မယ်” ရှဲ့ယီကျိုးက နားထင်များကိုနှိပ်နယ်ရင်း ပင်ပန်းနွမ်းနယ်စွာဖြင့် တုံ့ပြန်လာသည်။


 â€œá€”ဝန်နဝန် အိပ်နေလား”


“ခုဏလေးတင်ကပဲအိပ်သွားတာ...ဖန်ကျုံးချွမ်း သူနဲ့အတူရှိနေတယ်” အရာအားလုံးအဆင်ပြေသွားကြောင့် စိတ်သက်သာရာရသွားရင်း လင်းရီယွဲ့ပြန်ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လည်း နားသင့်ပြီ...ခဏနေရင် စားဖို့ အိမ်အကူကို ယူလာခိုင်းလိုက်မယ်”


“ကောင်းပါပြီ...အမေ...အဖေ...ကျွန်တော်တို့ အပေါ်တက်လိုက်ဦးမယ်” ရှဲ့ယီနန်နှင့်ရှဲ့ယီကျိုးတို့က တစ်ပြိုင်နက်ပြောလာ၍ အပေါ်ထပ်သို့ တက်သွားကြသည်။ 


သူတို့ထွက်သွားပြီးနောက် လင်းရီယွဲ့သည် ဆိုဖာပေါ်တွင်ထိုင်ရင်း ခေါင်းခါလာသည်။ “ရွမ်မိသားစုက အမြဲတမ်း သူတို့သမီးရဲ့ လူရွေးမတော်တဲ့အကြောင်းတွေပြောပြနေကျ...အရင်က သူတို့ကိုမယုံခဲ့ဘူး”


“အနည်းဆုံးတော့ အခုအားလုံး အဆင်ပြေသွားပြီလေ...ဘယ်သူမှလည်းမထိခိုက်ဘူး...သင်ခန်းစာတစ်ခု ရလိုက်တယ်လို့ပဲ သဘောထားရမှာ‌ပေါ့” ရှဲ့လို့က သူ့ကိုပွေ့ဖက်လိုက်ရင်း နှစ်သိမ့်လိုက်၏။


“ဒီအချစ်ကြောင့်အသည်းကွဲတာက...ပြန်ကောင်းဖို့အချိန်ယူရမှာစိုးရိမ်မိတယ်”


“ဟင်း”


****

နျန်ယွီယီနိုးလာ‌သောအခါ ရွှီရင်းကျယ်ဖမ်းဆီးခံရသည့်သတင်းများက ခေါင်းစဥ်သတင်းကြီးပင် ဖြစ်သွားပြီဖြစ်သည်။ 


ရွမ်ကုမ္ပဏီကိုမထိပါးချင်သောကြောင့် သတင်းထုတ်လွှင့်သည့်ဌာနတိုင်းက ရွှီရင်းကျယ်၏ လက်ထပ်ပြီးနောက် ဖောက်ပြန်ခြင်း၊ အငယ်အနှောင်းထားခြင်း၊ ကိုယ်ဝန်အရင့်အမာကြီးနှင့်ဇနီးအား ပြန်ပေးဆွဲခြင်းနှင့် မီးဖွားရက်စော မွေးစေခြင်းတို့အပါအဝင် အမှန်တရားအားလုံးကို ထုတ်လွှင့်ကြသည်။ 


ရွမ်မိသားစုကလည်းထိခိုက်နိုင်သည့်တိုင်အောင် ရွှီရင်းကျယ်ကို ဥပဒေများဖြင့်အရေးယူဆောင်ရွက်နိုင်ရန် ကတိပြု၍ အင်တာဗျူးများဖြေကြသည်။ 


နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲတွင်နားရင်း ပြောလာသည်။ “အိမ်ထောင်ပြုတာက အချစ်သက်သေထူတာပဲတဲ့...ဒါကတကယ်ပဲ ဥပမာရောဟုတ်ရဲ့လား”


ဖန်ကျုံးချွမ်းက အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ပြန်မဖြေခင် နျန်ယွီယီ၏လက်ကို ငုံ့၍နမ်းလိုက်သည်။ “သူမက ခွေးကို တွဲဖက်တစ်ယောက်အနေနဲ့ရွေးခဲ့တာလေ...ခွေးတစ်ကောင်နဲ့ ပေါင်းဖက်တာက အိမ်ထောင်ပြုတာလို့ ပြောနိုင်ရဲ့လား”


နျန်ယွီယီက သဘောတူညီစွာဖြင့် အပြစ်ကင်းစွာ မျက်တောင်ခတ်လာသည်။ 


ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ ဆံပင်ကိုပွတ်၍ တီးတိုးဆိုလာသည်။ “ကိုယ်တို့ရဲ့အိမ်ထောင်‌ရေးမှာတော့ နျန်နျန်...သုခဘုံဖြစ်နေမှာ”


နျန်ယွီယီရပ်သွားကာ အပြုံးလေးက မျက်နှာတွင် ပွင့်လန်းလာလေသည်။ 


တကယ်ကိုပင် အိမ်ထောင်ပြုခြင်းကအချစ်သက်သေထူခြင်း၊ မထူခြင်းသည် လက်ထပ်သည့်လူအပေါ်တွင် မမူတည်ချေ။ 


သူတို့ ကိုယ့်ကိုတကယ်ချစ်၊ မချစ်အပေါ်တွင်သာ မူတည်သည်။ 


......


ရွှီရင်းကျယ်၏လုပ်ရပ်က သူ့အား သံဘားတန်းများအနောက်တွင် အဆုံးသတ်သွားစေသည်။ ရွမ်ရှောင်ဟွေ့သည် သမီးလေးမွေးပြီး ကလေးတည်ငြိမ်သည်နှင့် မိသားစုလိုက်နိုင်ငံခြားသို့ပြောင်းရွှေ့သွားကြောင်း နျန်ယွီယီ သိခဲ့ရသည်။ 


ရွှီရင်းကျယ်၏အဖြစ်အပျက်ပြီးနောက် နျန်ယွီယီသည် ကျွမ်းရုံနှင့်ရုပ်ရှင်ဒါရိုက်တာတို့ဖြင့်တွေ့ရန် အချိန်ယူလိုက်သည်။  


ဒါရိုက်တာက အသက်‌လေးဆယ်ပိုင်းသို့ရောက်နေသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကျော့ရှင်းစွာ ဝတ်စားထားသည်။ 


ပရောဂျက်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ဆုများကို ရည်ရွယ်ထားပြီး အကုန်အကျနည်းနည်းနှင့်ရိုက်မည့် အနုပညာရုပ်ရှင်တစ်ခုဖြစ်သောကြောင့် ၎င်း၏အငြင်းပွားဖွယ်အကြောင်းအရာက ပြည်တွင်းတွင်ထုတ်လွှင့်နိုင်၊ မလွှင့်နိုင်ဟူ၍ဖြစ်သည်။ လုပ်အားခတောင် အတော်အတန်ရှိမည်မဟုတ်ချေ။ 


“အဆင်ပြေပါတယ်” နျန်ယွီယီအပြုံးလေးနှင့်ပြောလိုက်သည်။ “ပိုက်ဆံကြောင့်သာ ပါမယ်ဆိုရင် ကျွန်တော် အနုပညာလောကထဲမှာ ရှိ‌နေမှာမဟုတ်ဘူး” 


ဒါရိုက်တာက နားလည်ဟန်ဖြင့်ခေါင်းညိတ်လာကာ စာချုပ်ကို လက်မှတ်ထိုးကြသည်။ 


နှစ်သစ်ကူးပြီးနောက် နျန်ယွီယီသည် တောင်ပေါ်တွင် ရုပ်ရှင်သွားရိုက်ရမည်ဖြစ်သောကြောင့် ဖန်ကျုံးချွမ်းအားနှုတ်ဆက်ခဲ့သည်။ 


ရွေးချယ်ထားသည့် တည်နေရာက တောင်များအကြားတွင်ရှိသည့်‌သေးငယ်သည့် ရွာငယ်လေးတစ်ခုဖြစ်ပြီး နေထိုင်ရသည့်အခြေအ‌နေများက ကြမ်းတမ်းကာ အပူဓာတ်များက ရိုးရာကန်အိပ်ရာများနှင့် သယ်ရလွယ်သည့် အပူးပေးစက်များမှသာရသည်။ 


သုံးလကြာပြီးနောက် ခြောက်ပေါင်လောက်ကိုယ်အလေးချိန်လျော့သွားသည့် နျန်ယွီယီသည် ဟိုင်မြို့သို့ ပြန်ရောက်လာကာ လင်းရီယွဲ့၏ စိုးရိမ်ပူပန်မှုများကို လက်ခံရရှိလိုက်သည်။


ရှဲ့အိမ်တွင် ညစာစားပြီးနောက် လင်းရီယွဲ့၏ ညအိပ်သွားရန် တောင်းဆိုချက်ကို ငြင်းပယ်၍ ချင်အန်းသို့ ပြန်လာခဲ့သည်။ 


ရင်းနှီးနေသည့် လမ်းပေါ်ကိုလျှောက်ရင်း ဗီလာ၏ခြံထဲမှ နှင်းဆီဖူးများကိုတွေ့သောအခါ မဝင်ခင် အဖူးလေးများကို ထိလိုက်သေးသည်။ 


တံခါးကိုဖွင့်လိုက်ချိန်တွင် ဒီည၏မီနူးကို တွေးနေမိ၏။


သူက ရှဲ့မိသားစုကိုသာ ပြန်ရောက်ကြောင်း ပြောထားပြီး ဖန်ကျုံးချွမ်းကိုတော့ အသေးစိတ်တစ်ခုတလေမှ ပြောမထားချေ။ 


သူက ယူလာသည့်လက်ဆောင်များကိုသယ်ရင်း ဖန်ကျုံးချွမ်းကို သည်နေ့စပရိုက်ပေးရန် စီစဥ◌်ထား၏။


ပိန်းပိတ်အောင်မှောင်နေသည့် ဧည့်ခန်းက တံခါးဖွင့်လိုက်သည့်အခါ နျန်ယွီယီအရှေ့တွင် ပေါ်လာသည်။ နျန်ယွီယီသည် မှတ်ဉာဏ်အရ မီးခလုတ်ကိုရှာ၍ ဖွင့်လိုက်သည်။ 


လျှပ်တပြက်အတွင်း အခန်းကလင်းထိန်သွားသည်။ အလင်းရောင်နှင့်အတူ နျန်ယွီယီသည် အခန်း၏ ပရိဘောဂများကိုပါ မြင်လိုက်ရ၏။


ယခင်ကမူရင်းပရိဘောဂများမှာဖယ်ရှားခြင်းခံထားရပြီး အပြာနုရောင်နှင့်အဖြူရောင်ပူဖောင်းများက ကြမ်းပြင်ပေါ်တွင် မီးရောင်စုံများဖြင့် ပြည့်နေသည်။ 


နျန်ယွီယီသည် အိမ်မှား၍ဝင်လာသလားပင်တွေးသွားရကာ သူဝင်လာခဲ့သည့် တံခါးကုတ်ကို ပြန်စစ်ဆေးလိုက်သည်။ 


ဟုတ်ပါတယ်…မှန်တယ်…


သူက ဂရုတစိုက်နှင့် ပူဖောင်းများကြားမှ ဧည့်ခန်းအလယ်ဆီသွားလျှောက်သွားလိုက်သည်။ သူ၏ စူးရှနေသည့် မျက်လုံးများက ပူဖောင်းများအကြားလှေကားမှဆင်းလာနေသည့် ထျန်ထျန်လေးကို မြင်လိုက်သည်။ 


တစ်ယောက်ယောက်၏ အဖြူရောင်ဝတ်စုံလေး ဆင်မြန်းခြင်းခံထားရသည့် ထျန်ထျန်လေးက ဘာကိုမှဂရုမစိုက်ဘဲ နျန်ယွီယီ၏ခြေထောက်နားတွင် လှဲလာကာ နျန်ယွီယီကိုစိုက်ကြည့်ရင်း ဗိုက်လေးကိုလှန်ပြလာသည်။ 


ဗိုက်ကိုမပွတ်ပေးချင်ဘူးလား ဟု ပြောနေသည့်အလား…။


နျန်ယွီယီသည် ကူကယ်ရာမဲ့စွာဖြင့် ပြုံး၍ဆောင့်ကြောင့်ထိုင်ကာ မြောင်လေး၏ဗိုက်ကိုပွတ်ပေးလိုက်သည်။ 


သူမ၏ကျောကိုပွတ်လိုက်ချိန်တော့ တစ်ခုခုထူးခြားနေသည်ကို နျန်ယွီယီခံစားလိုက်ရသည်။ 


သူ ထျန်ထျန်ကိုလှန်လိုက်ချိန်တွင် အနက်ရောင်လည်သာဘူးလေးတစ်ခုကို သူမ၏အဝတ်အစားများထဲတွင် တွေ့လိုက်ရာ နျန်ယွီယီနှလုံးအခုန်မြန်သွား၏။


ဘူးလေးက သူ့လက်ဖဝါး၏ လေးပုံတစ်ပုံသာရှိသည်။ ထူးဆန်းသည့်ခံစားချက်တစ်ခုက နျန်ယွီယီ၏ စိတ်ထဲဖြတ်ပြေးသွားပြီး နှလုံးသားလေးတင်းကြပ်သွား၏။


နျန်ယွီယီသည် ထိုးတက်လာသည့်ခံစားချက်များကို ဖိနှိပ်ရင်း ဘူးကိုဖြေးညင်းစွာ ဖွင့်လိုက်သည်။ 


အထဲတွင် ငွေရောင်လက်စွပ်လေးတစ်ကွင်းကရှိနေ၏။ နျန်ယွီယီသည် တစ်ပြိုင်နက်တည်း အံ့ဩတုန်လှုပ်သွားသည်။ 


သူက လက်စွပ်ကိုယူ၍ လက်ဖဝါးပေါ်သို့ တင်လိုက်သည်။ 


ငွေဖြူရောင်လက်စွပ်လေးက အမျိုးသားဝတ်ဆိုသည်မှာ မှားနိုင်စရာမရှိချေ။ နျန်ယွီယီသည် အတွင်းဘက်တွင် ရေးထိုးထားသည့် စကားလုံးများကို ကြည့်လိုက်၏။ 


…je t’ai-nyy…


ပဲရစ်သို့ သွားရောက်လည်ပတ်ဖူးသောကြောင့် နျန်ယွီယီသည် “je t’ai” ကပြင်သစ်လို “ငါမင်းကိုချစ်တယ်” ဟုဆိုလိုမှန်း သိသည်။ သူကနေရာတွင် တောင့်ခဲ၍ရပ်နေကာ နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန်ခုန်နေတော့သည်။ 


“ဘွန်း” 


ကြမ်းပြင်မှ မျက်နှာကျက်အထိ ပြတင်းပေါက်အပြင်ဘက်တွင် အပြာရောင်နှင့်အဖြူရောင် မီးရှူးမီးပန်းများက ယခင်တစ်ခေါက်ကလိုပင် တောက်ပလာသည်။ မီးရှူးမီးပန်းများက အမြင့်တစ်ခုသို့ ရောက်သွားသည့်အခါ စကားလုံးများကို ဖော်ပြပေးလိမ့်မည်။   


နျန်ယွီယီသည် ပြတင်းပေါက်ဆီသို့ ချဥ်းကပ်လာကာ ဖန်သားပြင်ပေါ်သို့ လက်တင်၍ မီးရှူးမီးပန်းများက “je t’ai” နှင့် သူ့အမည်အား စကားလုံးတစ်လုံးပြီးတစ်လုံး ပုံဖော်သွားသည်ကို ကြည့်နေလိုက်သည်။ 


နောက်ဆုံးမီးရှူးမီးပန်းက ထိပ်ဆုံးသို့ ရောက်သွားသောအခါ အံ့ဩစရာကောင်းစွာဖြင့် နျန်ယွီယီ၏ ပုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


နျန်ယွီယီမှတ်မိလိုက်သည်။ ထိုပုံက ဂရိရှိကမ်းခြေဘေးတွင် ကျိုးအာ့ဟယ် သူ့ကိုရိုက်ပေးထားသည့် ပုံဖြစ်သည်။ 


အခု နျန်ယွီယီ သည်မြင်ကွင်းရဲ့ထူးခြားချက်ကို သံသယဝင်နေပါဦးမလား...။


ရင်ဘတ်ကို ညှစ်ကိုင်လိုက်ရင်း နှလုံးသားထောင့်တစ်နေရာတွင် သိသိသာသာပျံ့နှံ့နေသည်ကို ခံစားခဲ့ရပြီး သူ၏ဝိညာဥ်ကို နက်နက်ရှိုင်းရှိုင်းထိမိသွားခဲ့သည်။ 


အနောက်မှ ခြေသံများပဲ့တင်ထပ်လာသည်။ လှည့်မကြည့်ဘဲနှင့် နျန်ယွီယီသည် ရင်းနှီးနေသည့်ပွေ့ဖက်မှုကြားထဲသို့ သူ့ကိုယ်သူနစ်ဝင်လိုက်စေ၏။


ဖန်ကျုံးချွမ်းက နျန်ယွီယီအား ရင်ခွင်ထဲသို့သွင်းလိုက်ကာ တီးတိုးပြောလိုက်သည်။ 


“ကိုယ့်ကိုလက်ထပ်နိုင်မလား”


“ကျွန်တော် အစ်ကို့ကိုချစ်ဖို့ အရာအားလုံးပေးအပ်ချင်ပါတယ်”


နျန်ယွီယီ၏မျက်လုံးထောင့်တွင် စိုစွတ်မှုများစုဝေး၍ အနည်းငယ်နီရဲလာသည်။ 


တုန်ယင်နေသောနှုတ်ခမ်းများနှင့် မျက်လုံးများက အောက်သို့ ငုံ့သွားကာ မျက်ရည်ဝဲနေသည့်အပြုံးလေး ဖြစ်ပေါ်လာသည်။ သူက ဖန်ကျုံးချွမ်းအား လက်စွပ်ကိုကမ်းပေးလိုက်သည်။ 


ထို့နောက် သူ့ညာဘက်လက်ကို ဆန့်ပေးလိုက်သည်။ 


“ကျွန်တော့်ကိုသည်လက်စွပ်ဝတ်ပေးမလား”


“ကျွန်တော်ရဲ့...သတို့သားလောင်း”




🫶

ပြီးပါပြီ 

Extra 2 ပိုင်းပဲ ကျန်ပါတော့တယ်