🫶Chapter 83
ကျွန်းပေါ်တွင် တစ်ပတ်တာအပန်းဖြေပြီးနောက် နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့သည် ဟိုင်မြို့သို့ ပြန်လာကြသည်။ ချင်အန်းတွင် ရက်အနည်းငယ်လောက်နားပြီးနောက် “ကျိုးယန်ဧကရာဇ်” ထုတ်လွှင့်ခြင်းနှင့် ကြော်ငြာခြင်း လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ကြသည်။
ရက်ပေါင်းများစွာ နျန်ယွီယီသည် နိုင်ငံအတွင်း ရက်ဆက်သွားလာနေရ၏။
နောက်ဆုံးကြော်ငြာသည့်ပွဲက နာမည်ရသစုံရှိုးပွဲတစ်ခုမှ ဒါရိုက်တာဝမ်နှင့်ရိုက်ကူးရေးအဖွဲ့သားများကို ဖိတ်ထားသည့် ကျင်းမြို့တွင်ဖြစ်သည်။
ဤကဲ့သို့ အခမဲ့ကြော်ငြာဆင်းခွင့်ရမည့်အခွင့်အရေးမျိုးအား ဒါရိုက်တာဝမ်က ပျော်ရွှင်နေသည့်အပြုံးဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလေသည်။
ကျင်းမြို့သို့ သူတို့ရောက်သည့်ညတွင် ဒါရိုက်တာဝမ်က ရသစုံရှိုးပွဲအဖွဲ့သားများ၏ ပြင်ဆင်ထားသည့်ပွဲရှိကြောင်း ပြောလာ၏။
နျန်ယွီယီက ထိုကဲ့သို့သောပွဲများကို သဘောမတွေ့သောကြောင့် ငြင်းတော့မည့်အချိန်တွင် ရှဲ့ယီကျိုးက သူ့အတွက် ပြောပေးလာသည်။
“တော်ပါပြီ...ကျွန်တော်တို့ မနားဘဲ ဆက်တိုက်လာခဲ့ရတာ...နျန်နျန် နည်းနည်းလောက်နားပါစေ” ရှဲ့ယီကျိုးသည် ဒါရိုက်တာအား တစ်ချက်မှမကြည့်ဘဲ ဓာတ်လှေကားသို့ နျန်ယွီယီနှင့်အတွဲညီညီဝင်သွားကာ ပြောလိုက်သည်။
နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့က ဘေးချင်းကပ်ရပ်အခန်းများကိုရကြသည်။ ရှဲ့ယီကျိုးအား ကောင်းသောညပါဟု နှုတ်ဆက်ပြီးနောက် နျန်ယွီယီ ကိုယ့်အခန်းထဲသို့ ဝင်လိုက်သည်။
ရသစုံရှိုး၏အဖွဲ့သားများ ပြင်ဆင်ပေးထားသည့်အခန်းက ရှဲ့မိသားစုခရီးသွားစဥ်တွင် တည်းနေကျ ဇိမ်ခံအခန်းနှင့် ခပ်နီးနီးဖြစ်၏။
စံမှီသည့် ဟိုတယ်အဆင်တန်ဆာများနှင့် ပြင်ဆင်မှုများရှိသည်။ နျန်ယွီယီ ဝှက်ထားသော ကင်မရာများ ရှိမရှိ စစ်ဆေးပြီးနောက် လုံခြုံကြောင်းအတည်ပြုပေးသွားသောအခါ ရေချိုးခန်းသို့ဦးတည်လိုက်သည်။
ရေနွေးနွေးလေးများက ရေပန်းမှတစ်ဆင့်ကျဆင်းလာပြီး သူ၏ဆံပင်များကိုစိုစွတ်စေပြီး အပြင်ဘက်မှ အေးစိမ့်မှုများကို ဖယ်ရှားပစ်လိုက်သည်။
မြောက်ပိုင်းဒေသဖြစ်သည့်အလျောက် ကျင်းမြို့တွင် အပူချိန်ကအေးခဲမှုအမှတ်ထက် လျော့နေတတ်သည်။ လေဆိပ်မှထွက်ခဲ့စဥ်က နျန်ယွီယီအေးစိမ့်မှုကို အလုံးအရင်းနှင့်ခံစားလိုက်ရသည်။
ဆံပင်မှ အမြှုပ်များကို ဆေးချနေချိန်တွင် ရေချိုးခန်း၏ မြူခိုးရိုက်နေသောမှန်တံခါးကိုဖြတ်၍ တစ်ယောက်ယောက်ကို မြင်လိုက်သလိုခံစားလိုက်ရသည်။ ရှဲ့ယီကျိုးဖြစ်လိမ့်မည်ဟု ယူဆရင်း သူခေါ်လိုက်၏။
“အစ်ကို...တစ်ခုခုလိုတာရှိလို့လား”
တုံ့ပြန်မှုရှိမလာချေ။ ထူးဆန်းသလိုခံစားရသောကြောင့် နျန်ယွီယီသူမြင်ခဲ့သည့် ပုံရိပ်ကိုပြန်တွေးလိုက်သည်။
သူ့အစ်ကိုက အဲ့လောက်ပိန်လို့လား...။
ထိုအကြောင်းကိုတွေးလေ၊ နျန်ယွီယီ ရတက်မအေးဖြစ်လာရသည်။ သေချာတောင် မဆေးကြောရသေးဘဲ ဘေစင်ပေါ်ရှိဖုန်းကိုယူ၍ ရှဲ့ယီကျိုးကို စာပို့လိုက်သည်။
နျန်ယွီယီ: “အစ်ကို...ကျွန်တော့်အခန်းထဲမှာလား”
ရှဲ့ယီကျိုး: “မဟုတ်ဘူး...အခုတင်ရေချိုးပြီးတာ”
နျန်ယွီယီ: “ကျွန်တော်အခန်းထဲကို တစ်ယောက်ယောက် ရောက်နေသလိုပဲ”
ရှဲ့ယီကျိုး: “ငါလာနေပြီ”
နှစ်မိနစ်တည်းနှင့် နျန်ယွီယီသည် အမြှုပ်များကိုဆေးကာ သန့်ရှင်းသည့်အဝတ်အစားများကိုလဲ၍ ရေချိုးခန်းတံခါးရှေ့တွင် အသက်ပြင်းပြင်းရှူလိုက်သည်။
အခန်းတံခါးမှ ဘဲလ်သံမြည်လာပြီး သူ့အစ်ကိုမှန်းသိသောကြောင့် တံခါးဖွင့်ပေးရန် ရေချိုးခန်းထဲမှ အလျင်အမြန်ထွက်လာလိုက်သည်။
“နျန်ယွီယီ”
အနောက်မှထွက်လာသည့် အမျိုးသမီး၏အသံက နျန်ယွီယီကို ပိုမြန်သွားစေပြီး အလင်းအလျှင်ဖြင့် တံခါးကိုဖွင့်လိုက်သည်။
“အစ်ကို” ရှဲ့ယီကျိုးကိုတွေ့မှသာ နျန်ယွီယီ စိတ်အေးသွားသည်။ ထို့နောက် သူ့အခန်းထဲသို့ ဝင်နေသူမှာ မည်သူဖြစ်ကြောင်းလှည့်ကြည့်လိုက်၏။
နျန်ယွီယီ၏လက်ကိုကိုင်၍ ရှဲ့ယီကျိုးသည် သူ့အားအနောက်သို့ ပို့လိုက်ကာ ခက်ထန်စွာဖြင့်ပြောလိုက်သည်။
“ကျိရှောင်နျန်...မင်းကိုယ်မင်းဘာလုပ်နေတယ်လို့ထင်လဲ”
နာမည်ကိုကြားပြီးနောက် နျန်ယွီယီသည် အခန်းထဲကိုကြည့်လိုက်ရာ ကျိရှောင်နျန်က အဖြူရောင်ပိုးသား ညအိပ်ဂါဝန်လေးဖြင့် တံခါးဝတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဂါဝန်၏လှစ်ဟလွန်းနေသည့် အရှည်ကိုတွေ့လိုက်ရသောကြောင့် နျန်ယွီယီသည် ယဥ်ကျေးစွာဖြင့် အကြည့်လွှဲလိုက်ကာ သူမနှင့်မျက်လုံးချင်းဆုံရန် ငြင်းဆန်နေလိုက်သည်။
“ကျွန်မ ဒီကို နျန်ယွီယီနဲ့ဆွေးနွေးစရာရှိလို့လာတာ” ကျိရှောင်နျန်သည် ဆံပင်ကို နားနောက်သို့ သပ်လိုက်ရင်း ချစ်စဖွယ်လေးပြုံး၍ဆိုလာ၏။
“အစ်ကိုရှဲ့...သည်မှာဘာလုပ်နေတာလဲ”
ရှဲ့ယီကျိုးသည် စကားစမြည်ပြောရန် စိတ်မဝင်စားဘဲ အေးစက်စွာဖြင့် ပြောလိုက်၏။ “ထွက်သွား”
“???” ကျိရှောင်နျန် မှင်သက်သွားသည်။ “ဘာပြောလိုက်တယ်”
“ထွက်သွားလို့ပြောနေတယ်” ရှဲ့ယီကျိုးသည် အနှီမိန်းမအား ရွံရှာမှုများဖြင့်ကြည့်နေ၏။ “မင်းထွက်မသွားရင် ငါလုံခြုံရေးတွေကို ခေါ်ရလိမ့်မယ်”
”ကျွန်မ...ကျွန်မ...” ကျိရှောင်နျန်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး နျန်ယွီယီဘက်သို့ လှည့်လာသည်။
“နျန်ယွီယီ...ကျွန်မရှင့်ကို ပြောစရာရှိတယ်”
“ငါ့မှာမေးခွန်းတစ်ခုပဲရှိတယ်...မင်းငါ့အခန်းထဲကို ဘယ်လိုဝင်လာတာလဲ” နျန်ယွီယီသည် သူ့ခြေချောင်းများကို စိုက်ကြည့်နေလျက်မေးလာသည်။ ရေချိုးခန်းထဲမှ နွေးထွေးမှုများမှာပျောက်ကွယ်သွားပြီး ဘောင်းဘီတို၊ ဖိနပ်ပါးလေးများဖြင့် စင်္ကြံတွင်ရပ်နေသောကြောင့် လေအေးများက သူ့ကိုကြက်သီးထသွားစေ၏။
ကျိရှောင်နျန် ထွက်မသွားချင်နေသည်ကိုတွေ့သောအခါ ရှဲ့ယီကျိုးသည် တုံ့ဆိုင်းမနေတော့ဘဲ လုံခြုံရေးများကို ဖုန်းခေါ်လိုက်သည်။
“နေဦး” ရှဲ့ယီကျိုးက အမှန်တကယ်လုပ်နေသည်ကို သဘောပေါက်လိုက်သောကြောင့် ကျိရှောင်နျန် တွန့်ဆုတ်စွာဖြင့် သွားရင်း နျန်ယွီယီအနားသို့ ရောက်သောအခါ ခဏလောက်ရပ်သွားသည်။
“နျန်ယွီယီ...ကျွန်မက သည်အတိုင်း....” သူမစကားမဆုံးသေးခင်မှာပင် နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့က အထဲသို့ဝင်သွားကြပြီဖြစ်သည်။
တံခါးကပြင်းထန်စွာဆောင့်ပိတ်သွားပြီး သူမ၏စကားလုံးများက လေထုထဲတွင် အေးစက်၍ ကျန်ခဲ့သည်။
ကျိရှောင်နျန်သည် အခန်းတံခါးအား ဒေါသတကြီးဖြင့်ကြည့်လိုက်သော်လည်း အအေးဓာတ်က သူမအပေါ် တက်ရောက်လာသောကြောင့် ဒေါက်မြင့်ဖိနပ်များဖြင့် သူမအခန်းသို့ ပြန်သွားလိုက်သည်။
အခန်းထဲတွင် နျန်ယွီယီသည် အတွေးများကို ပြန်စုစည်းရန် အချိန်တစ်ခုပေးလိုက်ရသည်။
“သူမက တကယ်ကို ဒုက္ခရှာနေတာပဲ” ရှဲ့ယီကျိုးသည် နျန်ယွီယီအတွက် ရေနွေးလေးတစ်ခွက်ထည့်ပေးရင်း ပြောလာ၏။
နျန်ယွီယီသည် အံ့ဩမှုဖြင့် မျက်တောင်ခတ်နေသည်။ ကျိရှောင်နျန်က ဤကဲ့သို့ရဲတင်းလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
တကယ်ကို…ဦးနှောက်မဲ့လွန်းတယ်…။
အရှေ့အနောက် အကြိမ်များစွာလျှောက်ပြီးသည့်တိုင် ဒေါသထွက်နေဆဲဖြစ်သောကြောင့် ရှဲ့ယီကျိုးသည် ရှဲ့ယီနန်အား အဖြစ်အပျက်ကို အသိပေးရန်ဖုန်းခေါ်လိုက်သည်။
“ကျိုးယန်ဧကရာဇ်လွှင့်ပြီးတာနဲ့ ငါသူမကိုကိုင်တွယ်ဖို့ ရည်ရွယ်ထားတယ်”
ရှဲ့ယီကျိုး အေးစက်စွာ ပြောလိုက်သည်။
အဖြစ်အပျက်ကိုကြားပြီးနောက် ရှဲ့ယီနန် ခဏလောက်ရပ်သွားကာအကြံပေးလိုက်သည်။
“ကျင်းမြို့မှာ သည်နေ့တွေ အေးတယ်…နျန််နျန်ကိုသေချာဂရုစိုက်…အအေးမိစေနဲ့”
“ကောင်းပြီ…ငါနားလည်ပြီ”
ရှဲ့ယီကျိုးနှင့် ရှဲ့ယီနန်တို့ကြားမှ စကားများကိုနားထောင်ရင်း နျန်ယွီယီလည်ချောင်းထဲတွင် မသက်မသာခံစားလာရသောကြောင့် ချောင်းဖျော့ဖျော့လေးဆိုးလိုက်သည်။
ရှဲ့ယီကျိုးလန့်သွားကာ ချက်ချင်း သူ့နဖူးကို စမ်းလာသည်။
“ကျွန်တော်အဆင်ပြေပါတယ်…သောက်နေရင်းသီးသွားလို့ပါ” နျန်ယွီယီသည် ရေနွေးခွက်ကို စားပွဲပေါ်သို့ တင်၍ ပြောလိုက်သည်။ “အစ်ကိုလည်း အနားယူသင့်တယ်…အရင်ရက်တွေက တော်တော်လေး ပင်ပန်းထားတာကို”
ရှဲ့ယီကျိုး နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။ “နေကောင်းတယ်ဆိုတာသေချာလား”
“သေချာတာပေါ့” နျန်ယွီယီသည် စိတ်ရင်းမှန်နေသည့်မျက်လုံးများဖြင့် မော့ကြည့်ရင်းဖြေလိုက်သည်။
ရှဲ့ယီကျိုးထွက်သွားပြီးနောက် နျန်ယွီယီသည် ရေနွေးကိုကုန်အောင်သောက်လိုက်ပြီး အိပ်ရာဝင်လိုက်၏။
နောက်တစ်နေ့ မနက်ခင်းတွင် နျန်ယွီယီသည် နှိုးစက်ကြောင့် နိုးလာခဲ့ပြီး တံတွေးမျိုချလိုက်ရင်း လည်ပင်းတွင် စူးရှရှဖြစ်နေသည်ကို ခံစားလိုက်ရသည်။
“ငါတကယ်ပဲ အအေးမိသွားပြီလား” သိချင်သောကြောင့် ရေတစ်ခွက်လောက်သောက်ပြီး လည်ပင်းကိုထိလိုက်သည်။
မျိုချလိုက်သည့်အလုတ်တိုင်းက နာကျင်နေ၏။
ရှဲ့ယီကျိုးကို စိတ်မပူစေချင်သောကြောင့် နျန်ယွီယီလျှို့ဝှက်ထားလိုက်သည်။ ဖျားနာခြင်းမှ ကင်းဝေးစေရန် လျှပ်ကာခွက်တစ်လုံးဝယ်ကာ ရေနွေးနှင့်ဖြည့်လိုက်ကာ ရသစုံရှိုးရိုက်ကူးရန်နေရာသို့ ဦးတည်လိုက်သည်။
ရောက်သောအခါ လျင်မြန်စွာဘေးဘီကိုကြည့်ပြီးနောက် ကျိရှောင်နျန်ကိုမရှိသည်ကို သတိထားမိိလိုက်သည်။
“အစ်ကို…” နျန်ယွီယီ အသိစိတ်များရိုက်ခတ်လာသောကြောင့် ပြောလိုက်၏။ သူ ရှဲ့ယီကျိုး၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
“အစ်ကိုတို့ မနေ့ညက ဘာလုပ်ခဲ့ကြလဲ”
“သဘောတူညီချက်ကို ရိုးရိုးလေးဖျက်သိမ်းလိုက်တာပါပဲ” ရှဲ့ယီကျိုးသည် နျန်ယွီယီ၏ဆံပင်ကိုဖွရင်း ပြောလိုက်သည်။
“စိတ်မပူနဲ့…သူမသတင်းတွေကို ကျိုးယန်ဧကရာဇ်လွှင့်ပြီးမှ ဖော်ထုတ်မှာ”
ဤရသစုံရှိုးမှာ ပျော်ရွှင်စရာကောင်းသည့်ဂိမ်းများနှင့်ပြင်ဆင်ထားသည့် ဟာသစကားဝိုင်းရှိုးတစ်ခုဖြစ်၏။
ဇာတ်လမ်းတွဲကို တိုးမြှင့်ပေးရန် ရိုက်ကူးရေးအဖွဲ့သားများက သူတို့အား သူတို့၏ဇာတ်ကောင်များနှင့် ဆင်တူသည့် ဝတ်စုံများ၊ မိတ်ကပ်များဖြင့် ပြင်ဆင်ပေးထားသည်။
ဆံပင်အတုတပ်ပြီး မိတ်ကပ်ပြင်ပြီးနောက် နျန်ယွီယီသည် ရေနွေးသောက်ကာ ရံဖန်ရံခါတွင် မိတ်ကပ်ပိုပြင်ထားရသည့် ရှန့်နျန်ကျီနှင့် စကားပြောနေလိုက်သည်။
ရှန့်နျန်ကျီသည် ရှိုး၏တည်နေရာသို့ သူတို့ပြီးနောက်ရောက်လာတာဖြစ်သည်။ ယခုအချိန်တွင် သူမ၏မိတ်ကပ်က ပြင်သွားပြီဖြစ်ပြီး ဆံပင်တုကိုပြင်ဆင်နေလေသည်။
မိတ်ကပ်ဆရာထွက်သွားသောအခါ အခန်းထဲတွင် သူတို့သုံးယောက်သာကျန်ခဲ့တော့သည်။
“ဒီနေ့ ကျိရှောင်နျန် ပေါ်မလာဘူးနော်” ရှန့်နျန်ကျီသည် အခုလေးတင်မှ ဆိုးထားသည့် လက်သည်းများကို ဆော့ကစားနေရင်း ပြောလာသည်။
“မနေ့ညက ဘာဖြစ်ခဲ့တာလဲ”
“ဘာမှမဖြစ်ဘူး” ရှဲ့ယီကျိုးက သူမကိုအကြည့်တစ်ချက်လွှတ်၍ အေးစက်စွာကြည့်လိုက်သည်။
“နင်တော်တော်အားနေလား”
“နင့်ထက်တော့အားမှာပေါ့” သူမက ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။ “ထားပါတော့…မသိတာပိုကောင်းတယ်”
“ဘဝမှာ တစ်ခါတလေသိချင်စိတ်တွေကို ချိုးနှိမ်ထားတာကောင်းတယ်” ရှန့်နျန်ကျီ အပြုံးလေးနှင့် ပြောလိုက်သည်။
နျန်ယွီယီသည် ရေနွေးခွက်တစ်ခွက်လုံး ကုန်ခါနီးနေပြီဖြစ်ပြီး သူ့လည်ချောင်းလည်း နာကျင်မှုကို သိပ်မခံစားရတော့ချေ။
ထိုအခိုက်အတန့်တွင် ဝန်ထမ်းတစ်ယောက်က စတိတ်ပေါ်သို့တက်ရတော့မည့်အကြောင်း အသိပေးလာသည်။ နျန်ယွီယီအသိအမှတ်ပြုလိုက်ကာ အင်္ကျီများတွန့်ကြေနေသည်ကို ပြန့်အောင်လုပ်ကာ ဆံပင်တုများကို သေချာတည့်လိုက်ပြီး စတိတ်စင်ဆီသို့ ဝန်ထမ်းအနောက်မှလိုက်ခဲ့လိုက်သည်။
……
ရသစုံရှိုးအား ခြောက်နာရီလောက် ရိုက်ကူးခဲ့ပြီးနောက် နျန်ယွီယီ၊ ရှဲ့ယီကျိုးနှင့် ရှန့်နျန်ကျီတို့သည် စတိတ်အောက်တွင် ပရိသတ်များ၏ဝိုင်းရံခြင်းခံရပြီး လက်မှတ်ထိုးပေးရန် အဆက်မပြတ်တောင်းဆိုခြင်း ခံရတော့သည်။
ဟိုတယ်သို့ ပြန်လာသည့်လမ်းတွင် နျန်ယွီယီသည် သူ့လည်ချောင်းက ပို၍အဆင်မပြေဖြစ်လာသည်ကို ခံစားလာရသည်။
နောက်ခုံကိုမှီလိုက်ချိန်တွင် ကား၏အပူပေးစက်မှ လေနွေးများက သူ့ကိုထွေးပွေ့လာပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်၍ အဆက်မပြတ်လှုပ်ရှားနေသည့် အဖြူရောင်မြင်ကွင်းများကြား ငိုက်မျဥ◌်းလာသည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ရှဲ့ယီကျိုးအရင် ကားထဲမှထွက်လိုက်သည်။ နျန်ယွီယီ လိုက်မလာသည်ကို သတိထားမိသောကြောင့် နှိုးရန်ပြန်လှည့်လာလိုက်သည်။
ရှဲ့ယီကျိုး နျန်ယွီယီ၏လက်ကိုထိလိုက်ချိန်တွင် ခြစ်ခြစ်တောက်ပူနေသောကြောင့် လန့်သွားရသည်။
“နျန်နျန်…နျန်နျန်”
အပြင်ဘက်မှခေါ်သံကြားသောကြောင့် နျန်ယွီယီမျက်လုံးများကို ဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။ “ဒုတိယအစ်ကို”
အက်ရှနေသည့်အသံက ရှဲ့ယီကျိုး၏စိုးရိမ်မှုများကို ပို၍ပြင်းထန်သွားစေသည်။ လေကောင်းလေသန့်ရှူရန် ကားပေါ်မှဆင်းဖို့ ပြင်နေသည့်ကားဒရိုင်ဘာကို သူလှမ်းပြောလိုက်၏။ “ဆေးရုံကိုမောင်း”
ကားက ဆေးရုံသို့ အလျင်အမြန်မောင်းနေချိန်တွင် ရှဲ့ယီကျိုး၏ စိုးရိမ်နေသည့်အမူအရာကို နျန်ယွီယီ မြင်လိုက်သည်။
ခေါင်းမှတဆစ်ဆစ်ကိုက်ခဲနေသောကြောင့် နျန်ယွီယီ၏စိတ်သည် ပျံ့လွင့်သွားကာ မိဘမဲ့ဂေဟာ၌ကလေးဘဝကသူအဖျားကြီးခဲ့စဥ်သို့ ပြန်လည်ရောက်ရှိသွားပုံရသည်။
၎င်းကသူ၏ အလယ်တန်းနှစ်များတွင်ဖြစ်ခဲ့သည်။ တစ်ညတွင် သူ့ကိုယ်အပူချိန်က ၁၀၄ဒီဂရီဖာရင်ဟိုက် (၄၀ဒီဂရီစင်တီဂရိတ်) ရှိနေပြီး ကျောင်းအုပ်ဆရာမကြီးက သူ့ကိုဆေးရုံသို့ ခေါ်သွားခဲ့ရသည်။
အဲ့တုန်းက ဖျားခဲ့တာရဲ့ အကြောင်းပြချက်က ဘာများလဲ…။
သူ၏ “သူငယ်ချင်းကောင်း” ဆိုသူက အနိုင်ကျင့်သည့်သူများနှင့်ပေါင်း၍ သန့်စင်ခန်းထဲတွင် သူ့ကိုပိတ်ထားခဲ့ပြီး လေအေးများနှင့် နာရီများစွာကြာအောင် ထိတွေ့စေခဲ့သည်။ ညဘက်ဆယ်နာရီထိုးမှသာ လုံခြုံရေးအစောင့်က လိုက်လံစစ်ဆေးမှသာ သူ့ကိုပြန်ထုတ်ပေးခဲ့သည်။
ဤနှစ်များတွင် နျန်ယွီယီသည် ထိုသန့်စင်ခန်းထဲတွင် ပိတ်မိနေသည့်မြင်ကွင်းအတိအကျကို မမှတ်မိတော့ချေ။ သို့သော် ဆောင်းရာသီ၏ အအေးဒဏ်ကိုမခုခံနိုင်ဘဲ ကျိုးပဲ့နေသောပြတင်းပေါက်များနှင့် သန့်စင်ခန်းအတွင်း ညစ်ပတ်နေသည့်ကြမ်းပြင်၏ ပုံစံကွက်များကို ငေးကြည့်နေပြီး ဟောင်းနွမ်းပါးလွှာနေသောအပေါ်ထပ်ကလေးကို ဝတ်၍ ထောင့်ကလေးတစ်နေရာတွင် ဒူးပိုက်ထားသည့်သူ့ပုံစံလေးကိုတော့ မှတ်မိနေသည်။
သူ့မှတ်ဉာဏ်ထဲမှ ပုံရိပ်များနှင့်အတူ အသိိစိတ်များကပျောက်ကွယ်လာသည်။
နိုးလာသောအခါ သူ့အမြင်တွင် အဖြူရောင်များနှင့်ပြည့်နေပြီး လက်ဖမိုးတွင် နာကျင်မှုသေးသေးလေးကို ခံစားရသည်။
နျန်ယွီယီိကြိုးစား၍ ကြည့်လိုက်ရာ လက်တွင် အိုင်ဗီကြိုးတပ်ထားသည်ကို တွေ့လိုက်ရသည်။
အခန်းတံခါးကပွင့်သွားပြီး ဖန်ကျုံးချွမ်းဝင်လာကာ ချဥ်းကပ်လာပြီး နျန်ယွီယီ၏နဖူးကို စမ်းလိုက်သည်။
“အပူချိန်က နည်းနည်းတော့ကျသွားပြီ…ဒါပေမယ့် ပူနေတုန်းပဲ” ဖန်ကျုံးချွမ်းသည် သူ၏စောင်ကို သေချာခြုံပေးလာသည်။
နျန်ယွီယီသည် အားဖျော့နေလျက်မေးလာ၏။ “ဘာလို့ ဒီကိုရောက်နေတာလဲ”
“ကိုယ့်ကောင်လေးဖျားနေတယ်လေ…ကိုယ်ကဘာလို့ဒီမှာမရှိနေရမှာလဲ” ဖန်ကျုံးချွမ်းသည် သူ့လက်ချောင်းများကို နျန်ယွီယီ၏ ဆေးသွင်းထားသောလက်နှင့် ယှက်သွယ်လိုက်သည်။
ထိုစကားက နျန်ယွီယီကို ရှက်သွေးဖြာသွားစေသည်။ လက်ကိုရုတ်လိုက်၍ အဖျားကြောင့် နီရဲနေသောမျက်နှာဖြင့် မေးလာ၏။ “ဒုတိယအစ်ကိုရော”
“သူမင်းကိုတစ်ညလုံးကြည့်နေပြီး အခုပဲအနားယူဖို့ ပြန်သွားတယ်” ဖန်ကျုံးချွမ်း အကျဥ်းချုံး၍ ပြောလိုက်ကာ ထိုင်ရန်ခုံကိုဆွဲလိုက်သည်။ “နည်းနည်းလောက်အိပ်ချင်သေးလား”
နျန်ယွီယီခေါင်းခါလိုက်သည်။ “ထပ်မအိပ်နိုင်တော့ဘူး”
“ရေသောက်ချင်လား”
“အင်း”
ဖန်ကျုံးချွမ်း ရေတစ်ခွက်လောင်းထည့်ကာ အပူချိန်ကိုစမ်းသပ်၍ အရမ်းမပူအောင်လုပ်၍ ခွက်ကို နျန်ယွီယီ၏ နှုတ်ခမ်းနား တေ့ပေးလိုက်သည်။
ရေအနည်းငယ်သောက်ပြီးနောက် နျန်ယွီယီသည် နောက်ဆုံးတွင် လည်ချောင်းမှမသက်မသာဖြစ်နေသည်မှာ အနည်းငယ်သက်သာသွားကြောင်း ခံစားလိုက်ရပြီး မျက်တောင်များတဖျတ်ဖျတ်ခတ်လိုက်သည်။
မပင်ပန်းဘူးဟုပြောနေသော်လည်း သိပ်မကြာခင်မှာပင် နျန်ယွီယီ၏မျက်ခွံများမှာ စတင်၍ကျလာခဲ့သည်။
သူက ကိုယ်ကိုအနည်းငယ်ရွှေ့လိုက်ကာ စောင်ကိုပြန်ဆွဲလိုက်၏။ “လာ…ကျွန်တော်နဲ့လာလှဲ”
လက်ထဲတွင် ဖိုင်များနှင့်အလုပ်ရှုပ်နေသည့် ဖန်ကျုံးချွမ်းက အပြုံးလေးလှစ်ဟလာ၏။
“ကိုယ့်ကိုဖက်ထားစေချင်တာလား”
ဤသို့ဖြင့် ဖန်ကျုံးချွမ်းသည် စောင်အောက်သို့ဝင်၍ နျန်ယွီယီကို ပွေ့ဖက်လိုက်ပြီး မေးကို နျန်ယွီယီ၏ခေါင်းပေါ်သို့ တင်ထားလိုက်သည်။
“ကိုယ့်ကောင်လေး…အိပ်ပျော်အောင်သိပ်ပေးရဦးမလား”
🫶