Chapter 72
Viewers 21k

🫶Chapter 72




သူနာပြုလေးသည် အနှောင့်အယှက်တစ်ခုခုက အခန်း၏နူးညံ့သည့် လေထုလေးကို ဖြိုခွဲမိသွားမှာ စိုးရိမ်မိသောကြောင့် အသက်ကိုပင်ဖြည်းဖြည်းချင်းရှူနေမိ၏။ 


နျန်ယွီယီက ပထမဆုံးရယ်မောလာသူဖြစ်ပြီး နူးညံ့စွာခိုးခိုးခစ်ခစ်ရယ်ပြီးနောက် ဖန်ကျုံးချွမ်းဆီသို့ မှီလိုက်ကာ ရယ်လွန်းနေသောကြောင့် ခန္ဓာကိုယ်မှာတုန်ခါနေသည်။ 


ဖန်ကျုံးချွမ်းက ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် နျန်ယွီယီကို ပွေ့ဖက်ထား၏။


သူနာပြုလေးသည် သူတို့တရင်းတနှီးပွေ့ဖက်ထားသည်ကိုကြည့်ရင်း သူမ၏အတွင်းစိတ်ထဲတွင် အော်လိုက်သည်။ “အရမ်းချိုတာပဲ”


ရုတ်တရက် ရှဲ့ယီကျိုးနှင့်နျန်ယွီယီတို့အား တစ်ခါက အကြီးအကျယ်ရွက်လွှင့်ခဲ့ကြသည်ကို သူမ သတိရသွားသည်။ သို့သော် ဝေ့ပေါ်တွင် ကိစ္စအကြီးကြီးဖြစ်သွားပြီးနောက် ရွက်လွှင့်သူများမှာ ပျောက်ကွယ်သွားကြတော့၏။ ကျန်ရှိနေသည့် အနည်းအကျဥ်းမှာတော့ လက်တွေ့ဘဝမှညီအစ်ကိုများကို ပွင့်ပွင့်လင်းလင်းရွက်မလွှင့်ကြတော့ချေ။ ထိုအကြောင်းများအား သူတို့သီးသန့်အသိုင်းအဝိုင်းများကြားတွင်သာ ဆွေးနွေးကြတော့သည်။ 


သို့သော် ယခုသူမအရှေ့မှရှိနေသည့်စုံတွဲမှာတော့ လုံးဝအစစ်အမှန်ကို ချစ်နေကြတာဖြစ်သည်။ 


နျန်ယွီယီသည် လက်ရှိတယ် ဖန်အုပ်စု၏ဥက္ကဌကိုတွဲနေကြောင်း မည်သူမှမသိကြချေ။ 


သူမက ဒီသင်္ဘောကြီးရဲ့ ပဲ့ကိုင်ရှင်များဖြစ်နေနိုင်လား...။


သူနာပြုလေးက ဆရာဝန်ရုံးခန်းထဲမှ မြန်မြန်လေးထွက်လာကာ သူမကိုယ်သူမ အခိုက်အတန့်လေးတစ်ခုလောက် ရှာလိုက်၍ ဝေ့ပေါ်ကိုဖွင့်လိုက်သည်။ 


လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူမကိုလှမ်းကြည့်၍စနောက်လာသည်။ “အိုး...ပရိသတ်အချင်းချင်း ဆွေးနွေးတာတွေလုပ်တော့မယ်ပေါ့ ဟင်...အခုတလော မထင်မရှားဖြစ်နေတဲ့ သင်္ဘောတွေ တွေ့လာလို့လား” 


သူနာပြုလေးက သူမ၏လုပ်ဖော်ကိုင်ဖက်ကို အပြုံးလေးနှင့်ကြည့်လိုက်သည်။ “အခုလောလောဆယ် ဒီသင်္ဘောက ရေပန်းမစားသေးပေမယ့် သိပ်မကြာခင်မှာ လူတိုင်းက အဲ့အကြောင်းပြောလာကြလိမ့်မယ်”


......


နျန်ယွီယီ၏စစ်‌ဆေးချက်ရလဒ်များ အားလုံးရှင်းလင်းသွားပြီး ရှဲ့ယီကျိုးက အရောင်သက်သာစေသည့် ဆေးများကိုယူလာပြီးနောက် အားလုံးဆေးရုံမှ ထွက်လာခဲ့ကြသည်။ 


နျန်ယွီယီက ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲတွင် ကွေးကွေးလေးလိုက်ပါလာ၏။ ဆေးရုံမှထွက်လာသောအခါ ရှဲ့ယီကျိုးက သူ့မျက်နှာကိုကွယ်ရန် ကုတ်အင်္ကျီတင်ပေးလိုက်သည်။ 


“ကျွန်တော်တကယ်လမ်းလျှောက်နိုင်ပါတယ်” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏ပွေ့ဖက်မှုထဲမှ ကန့်ကွက်လိုက်ကာ မျက်နှာတွင် အပြစ်ကင်းစင်မှုများရှိနေသည်။ “အဲ့ဒါက ဒီအတိုင်း အစက်လေးနှစ်ခုတင်ပါ...သွေးတောင် မထွက်တော့ဘူး”


ဖန်ကျုံးချွမ်းက စကားတစ်ခွန်းမှမပြောဘဲ နျန်ယွီယီ၏အသနားခံနေခြင်းကို လျစ်လျူရှု၍ သူ့ကို ကားဆီသို့ ခေါ်သွားလိုက်သည်။ 


ရှဲ့ယီကျိုးသည် ကားမောင်းသူနေရာကိုယူလိုက်ကာ အနောက်ဘက်ခုံများကို နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့အတွက် ချန်ထားကာ သူတို့အတွက်သီးခြားအကာလေးကိုတောင်ကားပေးလိုက်သေးသည်။ 


ထို့နောက် သူရှဲ့ယီနန်ကို ဖုန်းဆက်လိုက်၏။ 


“ဟေး...အစ်ကို...အခုဘယ်မှာလဲ” 


“ဆေးရုံကိုလာဖို့မလိုတော့ဘူး...ကျွန်တော်တို့ ဒီညချင်အန်းကိုသွားမှာ...ဒါရိုက်တာက ကျွန်တော်တို့ကို ရက်နည်းနည်းလောက် ခွင့်ပေးလိုက်တယ်” 


“ကျွန်တော်တို့ လမ်းမှာရောက်နေပြီ...ရလဒ်တွေကရှင်းတယ်...အဆိပ်မရှိဘူး” 


အ‌နောက်ဘက်ခုံတွင်တော့ နျန်ယွီယီက ပြတင်းပေါက်များကိုချလိုက်ကာ ညလေပြည်ညင်းလေးအား သူ့မျက်နှာကို ဖြတ်သန်းတိုက်ခတ်စေပြီး ငိုက်မျဥ်းမှုများကို လွင့်ပျောက်စေလိုက်သည်။ 


ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက် ညစာစားခြင်း၏အကျိုးဆက်များမှာ လျော့ကျသွားသည်ဟု ခံစားလိုက်ရသည်။ 


“ကျွန်တော် အသားကင်စားချင်တယ်” နျန်ယွီယီသည် ညနက်ဖွင့်ထားသည့် အသားကင်ဆိုင်ကိုကြည့်၍ သူ၏ဆာလောင်မှုများမှာ ပြင်းထန်လာတော့သည်။ 


“မစားရဘူး” ဖန်ကျုံးချွမ်းက နျန်ယွီယီအား ဒီတစ်ခေါက်အလျှော့မပေးဘဲ ပြောလာသည်။ “ဒဏ်ရာကျက်တဲ့အထိ စောင့်ရမယ်”


နျန်ယွီယီမျက်လုံးများ ပြူးကျယ်သွားကာ ဖန်ကျုံးချွမ်း၏ပေါင်ပေါ်မှ ဒဏ်ရာရထားသည့်ခြေထောက်ကို မြှောက်လိုက်သည်။ “ဒါကိုဒဏ်ရာလို့ခေါ်တာလား”


ဖန်ကျုံးချွမ်းသည် သူ့လက်တစ်ဖက်တည်းနှင့်လိမ်ချိုးနိုင်ပြီး ပိန်သွယ်နေသည့်ခြေကျင်းဝတ်လေးကိုကြည့်၍ စိတ်ထဲတွင် မှတ်ချက်ပေးလိုက်သည်။ 


“နည်းနည်းပေါ့တဲ့ဟာတစ်ခုခုစား...အစပ်တွေရှောင်ရမယ်” ဖန်ကျုံးချွမ်း အကြံပြုလိုက်သည်။ 


နျန်ယွီယီ၏မျက်နှာပျက်သွားသည်။ “ဝူး....အစ်ကိုက ကျွန်တော့်ကိုမချစ်တော့ဘူး” 


ဖန်ကျုံးချွမ်း : ......


နျန်ယွီယီတစ်ခဏလောက် အယောင်ဆောင်၍ငိုလိုက်ကာ သီးခြားကာထားသည့်အကာလေး ကျလာသည့်အခါ ရပ်လိုက်သည်။ 


“အဲ့သည်သရုပ်ဆောင်တဲ့အထဲကို စစ်မှန်တဲ့ခံစားချက်လေး နည်းနည်းထည့်လိုက်မယ်ဆိုရင် ဖန်ကျုံးချွမ်းက စိတ်ယိုင်လာမှာပဲ” ရှဲ့ယီကျိုးက ရယ်၍ပြောလိုက်သည်။ 


“အာ...ကျွန်တော်က အသားကင်ပဲစားချင်တာ” နျန်ယွီယီသည် ဖန်ကျုံးချွမ်းအား ထပ်မပြောတော့ဘဲ သူ့ဖုန်းကိုယူ၍ အစားအသောက်မှာသည့် အက်ပ်ကို ဖွင့်လိုက်သည်။ “ကိုယ့်ဘာသာကိုယ်ပဲမှာတော့မယ်”


သူကမွဲနေတာမှမဟုတ်တာ...။


ချင်အန်း၏ အသားကင်ဆိုင်အများစုက အနီးနားခရိုင်များမှ ဆင်းသက်လာကြသောကြောင့် ဈေးနှုန်းများမှာ သက်သက်သာသာရှိသည်။


နျန်ယွီယီသည် သင့်တင့်သည့်အသားကင်ပမာဏနှင့်သောက်စရာများမှာလိုက်ပြီး ချင်အန်းဗီလာလိပ်စာကို ရိုက်ထည့်လိုက်ကာ အမှာတင်လိုက်ချိန်တွင် ပျော်ရွှင်စွာနှင့် သီချင်းညည်းနေလိုက်သည်။ 


“ပျော်နေတယ်ပေါ့” ဖန်ကျုံးချွမ်းက နွမ်းလျနေသည့်အသံဖြင့် ပြောလိုက်သည်။ 


“သေချာတာပေါ့...ကျွန်တော့်နှလုံးသားနဲ့စိတ်ဝိညာဥ်တွေက အခုအဲ့သည်အသားကင်အပေါ်မှ မှီခိုနေတယ်” နျန်ယွီယီသည် အားရဝမ်းသာစွာဖြင့် အစေားအသောက်လာပို့သည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ “အာ...လာပို့မယ့်သူက ဆိုင်ကိုရောက်ပြီး အော်ဒါကိုတောင်စောင့်နေပြီ...အရမ်းမြန်တာပဲ”


ဖန်ကျုံးချွမ်းတည်ငြိမ်စွာဖြင့် ပြောလာသည်။ “ချင်အန်းက ဖန်မိသားစုတည်ထောင်ထားတာမှန်း နျန်နျန်သိလာ”


“သိတယ်လေ...အိုး” နျန်ယွီယီ ရုတ်တရက်သတိကပ်သွားကာ ကာကွယ်သည့်အနေအထားဖြင့် လက်ပိုက်လိုက်သည်။ “ကျွန်တော့်အော်ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ချင်လို့လဲ”


ဖန်ကျုံးချွမ်း : “အနမ်းတစ်ချက်ပေးရင် စားခွင့်ပေးမယ်”


ဒုတိယတစ်ကြိမ်မတွေးတော့ဘဲ နျန်ယွီယီက အ‌ရှေ့သို့တိုးကာ သူ့ပါးပေါ်သို့ မြန်ဆန်သည့် အနမ်းတစ်ခု ခြွေလိုက်သည်။ 


ကားမောင်းသည့် ရှဲ့ယီကျိုးသည် အနောက်ခန်းမှအခြေအနေများကို နောက်ကြည့်မှန်မှတစ်ဆင့်မြင်လိုက်ရသောအခါ သီးသန့်အကာလေးအား တိတ်တဆိတ်ဖြင့် ပြန်တင်ပေးလိုက်သည်။ 


......


သူတို့ချင်အန်းသို့ ရောက်သောအခါ ပါဆယ်ကအိမ်ရှေ့သို့ ရောက်နေပြီဖြစ်သည်။ 


လာပို့သည့်သူက အသားကင်အား နျန်ယွီယီဆီသို့ပေးကာအပြုသဘောဆောင်သည့် မှတ်ချက်ကို ပေးပြီးနောက် ထွက်သွားတော့သည်။ 


မွှေးကြိုင်နေသည့်အသားကင်ကိုကိုင်ရင်း နျန်ယွီယီသည် တံခါးနားတွင်ရပ်၍ ရှဲ့ယီကျိုးနှင့်ဖန်ကျုံးချွမ်းတို့ကို စောင့်နေလိုက်သည်။ 


“အများကြီးပဲမလား” ရှဲ့ယီကျိုးက အသိုင်းအဝိုင်းစုဝေးပွဲများတွင် မကြာခဏ စားဖူးသောကြောင့် အသားကင်နှင့်မစိမ်း‌ပေ။ “အများကြီးမစားနဲ့...အစ်ကိုကြီးလာဦးမှာ”


“အစ်ကိုကြီးလည်းလာမှာလား” နျန်ယွီယီသည် အိတ်ထဲမှ အမဲသားတုတ်ထိုးကိုထုတ်၍ စတင်စားနေပြီဖြစ်သည်။ 


“အင်း...မင်းရဲ့ဒဏ်ရာကိုကြည့်ဖို့ လာနေတာ”


ဖန်ကျုံးချွမ်းသည် ဆေးရုံမှထွက်လာစဥ်က နျန်ယွီယီကိုခြုံပေးခဲ့သည့် ကုတ်အင်္ကျီအား လက်တွင်ချိတ်ထား၍ ရှဲ့ယီကျိုးအနောက်မှ လိုက်လာသည်။


သိပ်မဝေးသောအကွာအဝေးတွင် ကားမီးများနီးလာသည်ကိုကြည့်ရင်း ရှဲ့ယီကျိုး မျက်လုံးများ မှေးစင်းသွားသည်။ “သူရောက်လာပြီ”


ရှဲ့ယီနန်က ကားထဲမှထွက်လာသည်နှင့် နျန်ယွီယီဘေးသို့ အမြန်သွားကာ ဒူးထောက်ချ၍ ဒဏ်ရာကို စစ်ဆေးလိုက်သည်။ “အဆိပ်မရှိဘူးဆိုတာ မင်းတို့သေချာလား”


“စိတ်မပူပါနဲ့...အစ်ကိုကြီး...ဆေးရုံမှာ စစ်ဆေးပြီးသွားပြီ” 


ညနက်အဆာပြေမုန့်စားချင်နေကြသောကြောင့် အားလုံးက ဒုတိယထပ်ရှိလသာဆောင်သို့သွားကာ စားပွဲပေါ်တွင် အသားကင်နှင့်သောက်စရာများ တည်ခင်းလိုက်သည်။ 


နျန်ယွီယီက သူ့ကြောင်လေးထျန်ထျန်ကို လသာဆောင်သို့ ခေါ်လာသည်။ ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် ကြိုးပတ်ပေူထားကာ စားပွဲခြေထောက်နားသို့ရောက်အောင် ကြိုးအရှည်ထားပေးလိုက်၏။


ရနံ့များ၏ဆွဲဆောင်ခြင်းခံလိုက်ရသည့် ထျန်ထျန်လေးမှာ နောက်ခြေကိုအားယူ၍ စားပွဲပေါ်သို့ တက်လာသည်။ အသားကင်ကို တရှုံ့ရှုံ့လုပ်တော့မည်အချိန်တွင် နျန်ယွီယီ သူ့ကိုအောက်သို့ချလိုက်၏။


နျန်ယွီယီက သူ့အတွက် ဗူးလေးတစ်ဗူးဖွင့်ပေးကာ ဘေးတွင်သူ့အစာအား စားစေလိုက်သည်။ 


“အခုက ငါပျော်ပါးရမယ့်အချိန်ပဲ” နျန်ယွီယီ ဓာတ်ပုံအနည်းငယ်ရိုက်၍ ပရိသတ်များကိုကြွားရန် ကျန်သုံးယောက်ကိုပါ တစ်ပါတည်းခေါ်၍ ဝေ့ပေါ်သို့ပို့စ်တင်လိုက်သည်။ 


နျန်ယွီယီ၏ ဝေ့ပေါ်ပို့စ် : “ညဥ့်နက်အောင်ပွဲခံခြင်း...ပြီးတော့ ထျန်ထျန်လေးလည်း သူ့အစာကိုစားနေပါတယ်...(ပုံ) (ပုံ) (ပုံ)”


[ဘာလို့စားသောက်နေတဲ့ပုံတွေ ဝေ့ပေါ်မှာလာတင်ရတာလဲ...သည်က ဝိတ်ချဖို့ ကြိုးစားနေတာကို...ကြောင်လေးကတော့ ငိုနေပါပြီ]


[မထိန်းမချုပ်နိုင်အောင် သားရည်တွေကျနေပါပြီ...ငါအခုပဲ Eleme (အစားအသောက်မှာသည့်အက်ပ်) ကိုသွားဖွင့်ပြီ...ငါလာပြီ အသားကင်ရေ...အစားအသောက်တွေရောက်လာတဲ့အချိန်ကျ ဓာတ်ပုံရိုက်ပြီး ငါ့ပရိသတ်တွေအတွက်လည်းတင်ရမယ်...ဟီးဟီး]


[ထျန်ထျန်က အရမ်းချစ်ဖို့ကောင်းတာပဲ...နျန်ကျိုက်လည်း ချစ်ဖို့ကောင်းတယ်...(အရှေ့က လူတွေကတော့ တကယ်ကို နှလုံးသားမဲ့လွန်းတယ်]


[ငါ့ရဲ့ဆာလောင်မှုတွေကို ဖိနှိပ်ဖို့...ခရမ်းချဥ်သီးကိုပဲစားနိုင်တယ်...အားမလျှော့နဲ့ ဝိတ်ချနေသူတို့...ကိုယ်က အဆီတွေကိုချနေတဲ့ နောက်တစ်ရက်ပဲကွ...]


[ရှဲ့ယီကျိုးရဲ့ ပရိသတ်တွေက မဖိတ်ခေါ်ထားဘဲ လာနေကြတာပဲ...ငါတို့ကျိုးကျိုးလေးက ဘာလို့ဒီနေ့ လိုင်းပေါ်မှာမရှိတာလဲ...မင်းက နေ့တိုင်း သူ့ရဲ့အလှအပတွေကို ကြည့်ဖို့ဒီကိုလာနေတာပဲ]


[နျန်ကျိုက်ရဲ့ ဝေ့ပေါ်ပို့စ်အောက်မှ ကျိုးကျိုးကိုငမ်းရတာလေ...ဟီးဟီး...နှစ်ယောက်လုံးရဲ့ ပရိသတ်ဖြစ်ရတာ ပျော်စရာပဲ]


[အပေါ်ကလူတွေ...ငါတို့ထျန်ထျန်ကို အထင်သေးတာလား...ထျန်ထျန်ကလည်း ကြယ်ပွင့်တစ်ပါးပဲနော်...ကြော်ငြာတွေအတွက်တောင် အလိုက်ခံနေရတာ...သူပါ ပါရင် သုံးယောက်လုံးရဲ့ ပရိသတ်ဖြစ်တာကို သေချာခံစားနိုင်မှာ]


......


စားသောက်ပြီးနောက် နျန်ယွီယီ အိပ်ချင်လာတော့သည်။


ညလယ်စာစားပြီးနောက် နျန်ယွီယီသည် ဆိုဖာပေါ်တွင်မှီ၍ ငိုက်မျဥ်းလာတော့သည်။ ထျန်ထျန်သည် နျန်ယွီယီပေါင်ပေါ်သို့ ခုန်တက်လာကာ အိပ်လိုက်သည်။ 


ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့က ရှဲ့အိမ်ဆီသို့ ပြန်မောင်းလာပြီး ဖန်ကျုံးချွမ်းနှင့်နျန်ယွီယီတို့ကို ဗီလာကြီးထဲတွင် ထားခဲ့ကြသည်။ 


ဖန်ကျုံးချွမ်းသည် နျန်ယွီယီဘေးတွင် ထိုင်နေကာ သူ့မျက်နှာအစိတ်အပိုင်းတိုင်းကို တစိမ့်စိမ့်ကြည့်နေလေသည်။ 


သူက နျန်ယွီယီ၏လက်ကိုကိုင်ကာ သူ့နှလုံးသားဆီသို့ ကပ်ထားလိုက်သည်။ ဤနည်းဖြင့်သာ နျန်ယွီယီက ဤနေရာတွင်ရှိနေကြောင်း အမှန်တကယ်ခံစားရသည်။ 


နျန်ယွီယီနိုးလာသောအခါ အိပ်ရာထဲတွင်ရှိနေပြီး စောင်ဖြင့်အလွှမ်းခံထားရကာ ကုတင်ဘေးတွင် ဖိနပ်အပါးလေးတစ်စုံချထားလေသည်။ 


“မနေ့ညက တစ်ယောက်ယောက်ငါ့ကို ကုတင်ဆီခေါ်လာခဲ့တာလား” နျန်ယွီယီ ခေါင်းကုတ်လိုက်ပြီးနောက် ကြောင်များကို ကြည့်ရန်သွားလိုက်သည်။ 


ထျန်ထျန်က လက်သည်းခြစ်ဘုတ်ပြားပေါ်တွင် လက်သည်များအား ကုတ်နေ၏။ တံခါးပွင့်လာသည့် အသံကိုကြားသောအခါ ပြေးလာ၍ သူ့ခြေထောက်ကို ပွတ်သပ်လာသည်။ 


“လိမ္မာတယ်...သည်ကိုမပွတ်နဲ့” ထျန်ထျန်၏အမွေးများက သူ့အနာထဲသို့ ဝင်သွားမည်ကို စိုးရိမ်သောကြောင့် နျန်ယွီယီ ဘေးသို့ပို့လိုက်ပြီး ကြောင်ဆော့စရာလေးနှင့် ဆော့ပေးပြီး ထွက်လာလိုက်သည်။ 


‌အောက်ထပ်ကတိတ်ဆိတ်နေသည်။ နျန်ယွီယီ ပရောဂျက်အသစ်တစ်ခု စနေကတည်းက အိမ်အကူက ချင်အန်းတွင် မနေတော့ဘဲ နှစ်ရက်တစ်ခါသာလာ၍ ကြောင်များကိုဂရုစိုက်၍ အစာလာကျွေးလေ့ရှိသည်။ 


ပြတင်းပေါက်အပြင်ဘက်ရှိ ဥယျာဥ်ထဲမှ ပန်းပွင့်လေးပေါ်တွင် ငှက်ကလေးတစ်ကောင်နားခိုနေပြီး ကျီကျီကျာကျာ အော်မြည်နေကာ ခြံထဲတွင် လေထုကသက်ဝင်လှုပ်ရှားနေသည်။


တံခါးပွင့်လာသည့်အသံက နျန်ယွီယီ၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။ 


ဖန်ကျုံးချွမ်းက ‌ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကာ လက်ထဲတွင် မနက်စာအိတ်ကလေးကိုင်၍ ဝင်လာ၏။


“နိုးနေပြီလား” ဖန်ကျုံးချွမ်းက မနက်စာအိတ်ကို ထမင်းစားပွဲပေါ်သို့ တင်လိုက်သည်။ “မနက်စာလာစားချည်”


“ကိုယ့်ကောင်လေးနဲ့အချိန်ကုန်ဖို့ တစ်ရက်နားထားတယ်” ဖန်ကျုံးချွမ်းက မနက်စာအိတ်ထဲမှ ဘူးများကို ထုတ်လိုက်သည်။ “အစာအိမ်ကို သက်သာသွား‌အောင် ဆန်ပြုတ်လေးစားရအောင်...မနေ့ညက အစပ်တွေ စားထားတာဆိုတော့”


“အိုး”


ဆန်ပြုတ်က ရိုးရိုးဆန်ပြုတ်ဖြစ်ပြီး ပုစွန်သေးသေးလေးများဖြင့် ရေညှိလေးများခြေ၍ထည့်ထားကာ သေချာနယ်လိုက်သည်နှင့် အရသာရှိမှာသေချာသည်။ 


နျန်ယွီယီသည် ဆန်ပြုတ်တစ်ခွက်နှင့် ပုစွန်ဖက်ထုပ်များကို စားလိုက်သည်။ 


စားပြီးနောက် နှစ်ယောက်သားဧည့်ခန်းတွင်ထိုင်ကာ သည်နှစ်အော်စကာဆုရသွားသည့် နိုင်ငံခြားရုပ်ရှင်ကို ကြည့်ကြသည်။ 


နိုင်ငံခြားရုပ်ရှင်များက ပြည်တွင်းဖြစ်များထက် ပွင့်လင်းမြင်သာမှုပိုရှိသည်။ ဇာတ်လိုက်များက စကားပြောသည်မှတစ်ဆင့် စတင်ပွေ့ဖက်၍နမ်းရှုံ့လာကြကာ နောက်ဆုံးတွင် အိပ်ရာပေါ်မှအခန်းများပင် ပါလာခဲ့သည်။ 


နျန်ယွီယီသည် ဇာတ်ကြောင်းတိုးတက်မှုကို လေ့လာနေပြီး အဓိကဇာတ်ဆောင်၏ မျက်နှာအမူအရာပြောင်းသွားချိန်တွင် သူအမြင်များ မည်းမှောင်သွားရသည်။ 


“ကျွန်တော့်မျက်လုံးတွေကို ဘာလို့ကွယ်ထားတာလဲ” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏လက်ကို ဖယ်ရန်ကြိုးစားလိုက်သည်။ 


“သူကကိုယ့်ထက်ပိုကြည့်ကောင်းလား” ဖန်ကျုံးချွမ်း၏အသံတွင် ‌အေးစက်မှုများ ပါဝင်နေ၏။


ထို့အပြင် သဝန်တိုခြင်းများလည်း ပါနေသည်။ နျန်ယွီယီရယ်လိုက်သည်။ “ကျွန်တော်က အမျိုးသားဇာတ်လိုက်ရဲ့ သရုပ်ဆောင်တာကို ကြည့်နေတာပါ...သူကသည်နှစ်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးသရုပ်‌ဆောင်ဆု ရခဲ့တာလေ”


ဖန်ကျုံးချွမ်းတိတ်ဆိတ်နေသော်လည်း လွှတ်ပေးရန်ငြင်းဆန်နေဆဲဖြစ်သည်။ 


နျန်ယွီယီ နှာခေါင်းရှုံ့လိုက်၏။ “ကြည့်ရအောင်...အိုး..ရှာလကာရည်အနံ့တွေပါလား...ဘယ်သူ့ ရှာလကာရည်အိုး‌ မှောက်တာပါလိမ့်”


ဖန်ကျုံးချွမ်း မျက်လုံးလှန်လိုက်ကာ သူ့ကိုလွှတ်လိုက်ပြီး ခုံနောက်သို့ တွန်းချလိုက်၍ လည်ပင်းကိုကိုင်လိုက်သည်။ 


“မင်းဆီက”


ပင်ကိုယ်အသိစိတ်အရနျန်ယွီယီသည် မေးကိုပင့်လိုက်ကာ ဝေဝါးနေသည့်အသံတစ်ခုက သူ့နှုတ်ခမ်းမှ ထွက်လာခဲ့သည်။ 


........


နျန်ယွီယီ ပြန်ထိုင်လိုက်သည့်အချိန်တွင် ပူပြင်းသည့်ဇာတ်ဝင်ခန်းက ပြီးသွားပြီး ဇာတ်လမ်းက တိုက်ခိုက်သည့် အခန်းသို့ ရောက်နေသည်။ 


အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို ကယ်ရန်အလို့ငှာ ဓာတ်ခွဲခန်းထဲမှ သုတေသနများကို အသုံးချ၍ ဂြိုဟ်သားများနှင့် တိုက်ခိုက်နေ၏။


နျန်ယွီယီသည် အမျိုးသားဇာတ်လိုက်၏ ကျစ်လျစ်နေသော ဗိုက်ကြွက်သားများကို ကြည့်ကာ သားရည်ကျလာမိသည်။ “ဗိုက်ကြွက်သားရှစ်ခုက ယောက်ျားတိုင်းရဲ့ အိပ်မက်ပဲ”


ဖန်ကျုံးချွမ်း: …….


သူက နျန်ယွီယီကို ဆွဲလှည့်လိုက်ပြီး တီဗီမှ မျက်နှာလွှဲစေကာ သူ့ပေါင်ပေါ်သို့တင်လိုက်သည်။ ထို့နောက် သူ့အင်္ကျီကိုမ၍ ဗိုက်ကြွက်သားများကိုပြလိုက်၏။ “ထိကြည့်”


ယခုတွင် နျန်ယွီယီတကယ်ကို သားရည်ကျရပြီဖြစ်သည်။ တီဗီဖန်သားပြင်ပေါ်မှ ဗိုက်ကြွက်သားများက ကိုင်မရ‌သော်လည်း သူ့အရှေ့မှ ကြွက်သားများကတော့ တကယ်ကိုအစစ်အမှန်ဖြစ်သည်။


ကျစ်လျစ်ပြီးသန်မာသည့် ကြွက်သားများကို လက်ချောင်းများအောက်တွင် ခံစားလိုက်ရပြီး တစ်ဆက်တည်းတွင် ထိုကြွက်သားများအောက်မှ ဖုံးကွယ်ထားသည့်ခွန်အားများကိုလည်း ခံစားလိုက်ရသည်။ ဖန်ကျုံးချွမ်းနှင့် ငြင်းခုံခြင်းက တကယ်ကို မသင့်တော်သည့်အရာဖြစ်သည်။ 


ခဏကြာပြီးနောက် နျန်ယွီယီသည် သူ့အောက်မှ ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။


ရင်းနှီးနေသည့်ထိတွေ့မှု၊ ရင်းနှီးနေသည့် နွေးထွေးမှု...။


နျန်ယွီယီသည် အပြင်ဘက်ရှိနေကိုကြည့်၍ မနေနိုင်ဘဲ ပြောလိုက်သည်။ 


“မနက်ပိုင်းတွေက အင်အားတွေအထွတ်အထိပ်‌ရောက်နေတဲ့အချိန်ပဲနော် ဟုတ်တယ်မလား”




🫶