Chapter 66
Viewers 21k

🫶Chapter 66




ကျိုးအာ့ဟယ်သည် ဂရိသို့နောက်တစ်နေ့ မနက်ခင်းတွင်ရောက်ရှိလာ၏။ မိဘများကို နှုတ်ဆက်ပြီးနောက် နျန်ယွီယီ သူ့ကိုကြိုရန် လေဆိပ်သို့ထွက်လာခဲ့သည်။ 


“တစ်ယောက်တည်းလာတာလား” ကျိုးအာ့ဟယ်က ခရီးဆောင်အိတ်ကိုတွန်း၍မေးလာသည်။ 


“ဒရိုင်ဘာပါလာတယ်” နျန်ယွီယီက ခရီးဆောင်အိတ်ကိုကူပေးရန်ကြိုးစားလိုက်သော်လည်း ကျိုးအာ့ဟယ်က သူ့ကိုတားလိုက်သည်။ 


“ထားပါ…ရပါတယ်” ကျိုးအာ့ဟယ်က နျန်ယွီယီအနောက်မှလိုက်၍ လေဆိပ်မှထွက်လာလိုက်သည်။ သူတို့ ပထမဆုံးမြင်သည့်အရာမှာ ဇိမ်ခံကားတစ်စီးဖြစ်၏။ 


ဒရိုင်ဘာက ခရီးဆောင်အိတ်ကိုကူသယ်ပေးကာ ကျိုးအာ့ဟယ်နှင့်နျန်ယွီယီတို့က အနောက်ခုံတွင် ထိုင်လိုက်ကြသည်။ 


“ဒီကားက ငါ့ရဲ့တစ်နှစ်စာထက်တောင်ပိုများသေးတယ်” ကျိုးအာ့ဟယ်က လက်ဖြင့်ပြုလုပ်ထားသည့် လည်သာထိုင်ခုံများကိုကြည့်၍ ပြောလိုက်သည်။ 


“ရှဲ့မိသားစုက ဂရိမှာလည်း ဒရိုင်ဘာရှိတာလား…သူ့ကို ခရီးတစ်လျှောက်လုံးခေါ်လာခဲ့တာတော့မဟုတ်ပါဘူးနော်”


“ဘာတွေတွေးနေတာလဲ…ဒရိုင်ဘာက ဒီကနယ်ခံလူဆိုတာမတွေ့ဘူးလား” နျန်ယွီယီ မျက်လုံးလှန်လိုက်သည်။ 


ဗီလာသို့ရောက်သောအခါ ကျိုးအာ့ဟယ် ချက်ချင်း သူ့ဘော့စ်ကိုမြင်လိုက်သည်။ 


“ဟယ်လို…လူကြီးမင်းရှဲ့” ကျိုးအာ့ဟယ်က အလိုအလျောက် ခရီးဆောင်အိတ်ကိုလွှတ်၍နှုတ်ဆက်လိုက်၏။


“အင်း” ရှဲ့ယီနန်က ကျိုးအာ့ဟယ်ကိုကြည့်လာသည်။


 “ရတယ်…ငါတို့က ဒီကိုအပန်းဖြေဖို့ရောက်လာတာ…ယဥ်ကျေးနေဖို့မလိုဘူး”


“ဟုတ်ကဲ့ပါ…လူကြီးမင်းရှဲ့”


လင်းရီယွဲ့နှင့်ရှဲ့လို့တို့က လှေကားမှဆင်းလာပြီးနောက် ကျိုးအာ့ဟယ်ကိုတွေ့လိုက်ကြသည်။ သူ့ကိုတွေ့သောအခါ လင်းရီယွဲ့ အရှိန်တင်၍ဆင်းလာ၏။ 


“မင်းကနျန်နျန်ရဲ့ မန်နေဂျာဖြစ်ရမယ်….” လင်းရီယွဲ့က ကျိုးအာ့ဟယ်ဆီသို့ ချဥ်းကပ်လာကာ နွေးထွေးသည့် အပြုံးတစ်ခုပေးလိုက်သည်။ 


“တစ်ချိန်လုံး နျန်နျန်ကိုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”


နျန်ယွီယီအား ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီသို့ သွင်းပေးခဲ့သူမှာ ကျိုးအာ့ဟယ်ဖြစ်ပြီး သူ့ကိုအမြဲတမ်း ပြင်းပြင်းထန်ထန် ကာကွယ်စောင့်ရှောက်ခဲ့သည်။ လင်းရီယွဲ့က ၎င်းကိုသိပြီး နျန်ယွီယီအပေါ် ကျိုးအာ့ဟယ်၏ ဂရုစိုက်မှုများကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိ၏။


ဖျော်ဖြေရေးအသိုင်းအဝိုင်းက ကြမ်းတမ်းပြီးပွေလီသည့်နေရာတစ်ခုဖြစ်သည်။ ကျိုးအာ့ဟယ်မရှိဘဲ နျန်ယွီယီ ဒီလောက်အထိ ရောက်လာခဲ့လိမ့်မည်မဟုတ်ချေ။ 


“အဲ့ဒါကဘာပြောလောက်စရာမှမဟုတ်ပါဘူး” လင်းရီယွဲ့၏ အပြုအမူများက ကျိုးအာ့ဟယ်အား သိသိသာသာ ပေါ့ပါးသွားစေသည်။ 


နျန်ယွီယီသည် ကျိုးအာ့ဟယ်အား သူ့အတွက်ပြင်ပေးထားသည့် အခန်းသို့ ခေါ်သွားပေးလိုက်သည်။ ခရီးဆောင်အိတ်ကိုနေရာချပြီးနောက် နှစ်ယောက်သား လေညှင်းခံရန် ကမ်းခြေသို့ ထွက်လာခဲ့ကြသည်။ 


ယခင်ကအတွေ့အကြုံများမှ သင်ယူကာ နျန်ယွီယီသည် ဒီတစ်ခေါက်တော့ ကမ်းခြေစီးဖိနပ်ကိုစီး၍ သဲများ ဖိနပ်အောက်ခြေသို့ ပွတ်တိုက်နေသည်ကို ခံစားနေလိုက်သည်။ 


နျန်ယွီယီ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ “ဒီတော့…အစ်ကိုနဲ့ရင်းကျင်းကြားမှာဘာတွေဖြစ်နေတာလဲ”


ကျိုးအာ့ဟယ် တိတ်ဆိတ်နေသည်။ 


“အစ်ကိုတို့နှစ်ယောက်တွဲဖြစ်သွားတာက သူကအစ်ကို့ကိုကြိုက်ပြီး အစ်ကိုကလည်းသူ့ကိုကြိုက်နေလို့လို့ မပြောခဲ့ဘူးလား”


“ဒါဆိုဘာလို့လမ်းခွဲလိုက်တာလဲ”


“သူအစ်ကို့ကိုမချစ်တော့လို့လား”


ကျိုးအာ့ဟယ်နောက်ဆုံးတွင် ခေါင်းမော့လာကာ သက်ပြင်းဖွဖွလေးချလာသည်။ 


“ငါသူ့ကိုချစ်နေသေးတယ်…သူလည်းငါ့ကိုချစ်နေသေးတယ်”


“ဒါပေမယ့် အချစ်ဆိုတာက နှစ်ဖက်ညီညီမျှမျှ မေတ္တာသက်ဝင်နေတာမျိုးပဲမဟုတ်တာ ငါသဘောပေါက်ခဲ့တယ်…ငါတို့ရဲ့ အကျင့်စရိုက်တွေက…သိပ်မကိုက်ညီဘူး”


“အစ်ကိုတို့က လိုက်ဖက်တဲ့စုံတွဲပါ” နျန်ယွီယီ ပဟေဠိဖြစ်နေလျက် ပြောလိုက်သည်။ 


“သူက တက်တက်ကြွကြွနဲ့ အစ်ကိုက အေးအေးလေးလေ”


ကျိုးအာ့ဟယ်ပြောလာ၏။ “သူနဲ့အတူရှိနေတာ ငါ့ကိုယ်ငါပျောက်ဆုံးလာသလို ခံစားရတယ်”


“နောက်ဆုံးတစ်ခေါက်က သူဝန်ထမ်းအသစ်တစ်ယောက်ကို သင်ပေးနေတာ ငါတွေ့ခဲ့တယ်…သူမက ငယ်ပြီးချစ်ဖို့ကောင်းတဲ့မိန်းကလေးတစ်ယောက်…ပြီးတော့ ရင်းကျင်းကို သူမရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ဟပြောနေတာ…အဲ့ဒါကြောင့်…”


နျန်ယွီယီ : “…”


ပင်လယ်စင်ရော်များက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပျံသန်းနေကြ၏။ လှိုင်းလုံးတစ်ခုက နျန်ယွီယီ၏ ခြေ‌ထောက်အနားသို့ရောက်လာရာ သူ့ကိုရပ်သွားစေသည်။ 


အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် နျန်ယွီယီပြောလာသည်။ “အဲ့ဒါကြောင့် အစ်ကိုသဝန်တိုသွားတယ်ပေါ့”


ကျိုးအာ့ဟယ် : ……


!!!


စိတ်ထဲတွင် သက်ပြင်းအရှည်ကြီးချလိုက်ရင်း ကျိုးအာ့ဟယ် အပြုံးလေးလှစ်ဟပြလာသည်။ “ငါက သဝန်တိုခွင့်တောင်မရှိဘူးလား”


“သူက မိန်းကလေးတစ်ယောက်နဲ့ နီးနီးကပ်ကပ်ရှိနေတာကွ”


“ငါတောင်အရင်က မိန်းကလေးတစ်ယောက်နဲ့ အဲ့လောက်နီးနီးကပ်ကပ်မရှိဖူးဘူး”


နျန်ယွီယီပေါ့ပေါ့ပါးပါးဖြင့် ပြောလာသည်။ “အစ်ကို ဖျော်ဖြေရေးနယ်ပယ်ထဲကိုရောက်နေတာ တော်တော်လေးကြာနေပြီပဲ…နေရာလွဲမှားမှုဆိုတာကို တွေးဖူးလား…ပြီးတော့ တိုက်ဆိုင်မှုလို့ခေါ်တဲ့ အရာလည်းရှိသေးတယ်”


ကျိုးအာ့ဟယ် ရုတ်တရက် တုံ့ဆိုင်းသွားသည်။


“အချိန်ရောက်လာရင် သူ့ကိုသေချာမေးလိုက်…အစ်ကိုအခုနောက်ပိုင်း တော်တော်လေး အထိအခိုက်မခံဖြစ်လာတာပဲ” နျန်ယွီယီ လမ်းဆက်လျှောက်လိုက်သည်။ 


“အရင်တစ်ခေါက် ဝေ့ပေါ်ကအဖြစ်အပျက်က လျင်လျင်မြန်မြန်ကြီးဖြစ်သွားခဲ့တယ်…ပြီးတော့ ဟယ်ရှောင်ရှောင်ရဲ့ ပရိသတ်တွေကလည်း ဇာတ်လမ်းကိုလှည့်ဖျားပြီးပြောထားကြတော့ အစ်ကို အချိန်မီမတုံ့ပြန်နိုင်လိုက်တာ နားလည်တယ်…ကိုယ့်ကိုကိုယ်အပေါ် အရမ်းမခက်ထန်ပါနဲ့”


ပင်လယ်လေညှင်းက သူ့မျက်နှာကိုရိုက်ခတ်လာပြီး ဆားနံ့လေးကို သယ်ဆောင်လာသည်။ 


ကျိုးအာ့ဟယ်သည် ခြေထောက်ကိုလာတိုးနေသည့် လှိုင်းတွန့်လေးများကို ကြည့်လိုက်ပြီး နောက်ဆုံးတစ်ခေါက်က သူစိတ်လိုက်မာန်ပါပြုမူခဲ့မိလားပြန်တွေးလိုက်သည်။


“ဒါပေမယ့် အစ်ကို ဒီကိုအပန်းဖြေဖို့ရောက်လာမှတော့ အတွေးမများနဲ့တော့” နျန်ယွီယီက လက်နှစ်ဖက်ကိုဆန့်တန်း၍ ပင်လယ်လေပြေညှင်းကို ခံယူလိုက်သည်။ “ဒီလိုလှပတဲ့ မြင်ကွင်းမျိုးကို စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းဖို့ မထိုက်တန်ဘူး”


တကယ်ကိုပင် ဤကဲ့သို့ လှပသည့်မြင်ကွင်းမျိုးကို စိုးရိမ်ပူပန်နေခြင်းဖြင့် မဖြုန်းတီးပစ်သင့်ပေ။


ကျိုးအာ့ဟယ်နောက်ဆုံးပြုံးလိုက်သော်လည်း အတွေးတစ်ခုက သူ့စိတ်ထဲပေါ်လာသည့်အခါ တောင့်ခဲသွားတော့သည်။ 


“နျန်ယွီယီ…နေရောင်ခံခရင်မ်လိမ်းလာလား”


ကျိုးအာ့ဟယ် မရေမရာဖြင့် မေးလာ၏။ 


“လိမ်းခဲ့ပါတယ်…လိမ်းခဲ့ပါတယ်”


“ဘယ်တုန်းကလိမ်းလို့လဲ…ငါတို့အတူတူထွက်လာတာလေ” ကျိုးအာ့ဟယ် စိတ်ရှည်သည်းခံမှုများ ပျောက်ဆုံးလုနီးပါးပင်။ “မင်းရဲ့ဘဝက မျက်နှာအသွင်အပြင်အပေါ်မှာမူတည်ပြီးနေနေရတဲ့ အနုပညာရှင်တစ်ယောက်ကွ…အခုချက်ချင်း နေရောင်ခံခရင်မ်သွားလိမ်းစမ်း”


“ဟုတ်ပါပြီ…ဟုတ်ပါပြီ…အလျင်မလိုပါနဲ့…ဒီနေ့ နေကအဲ့လောက်မပြင်းပါဘူး”


“မနေ့ကရောလိမ်းလား”


“လိမ်းပါတယ်…ကျိန်ပြောရဲတယ်…ဒုတိယအစ်ကိုက ကျွန်တော့်ကို ခရင်မ်ဘူးပေးခဲ့တယ်”


……


ထိုညနေခင်းတွင် ကျိုးအာ့ဟယ်သည် နျန်ယွီယီအခန်းသို့သွား၍ ဓာတ်ပုံကိုပြလိုက်သည်။ 


၎င်းက သူတို့ကမ်းခြေတွင်ရှိနေသည့်အချိန်တွင် ရိုက်ထားသည့်ပုံဖြစ်သည်။ ကျယ်ပြောလှသည့်ပင်လယ်ကြီးအား နောက်ခံအဖြစ်ထား၍ နျန်ယွီယီသည် သဘာဝအလင်းရောင်အောက်တွင် ချောမောနေ၏။


“ဒါကိုဝေ့ပေါ်မှာတင်ဖို့တွေးနေတာ…မင်းရဲ့ပရိသတ်တွေက မင်းရဲ့သတင်းတွေကို စောင့်နေကြတာ…ဒါပေမယ့် မင်းက မကြာခင်ကပဲ အကောင်းဆုံးမီးရောင်အောက်မှာရှိနေခဲ့ပြီဆိုတော့ မင်းကိုယ်စား သူတို့ကိုနှစ်သိမ့်ပေးရအောင်”


နျန်ယွီယီသည် သူ့အားကြိုက်သလိုလုပ်ရန် ပြောကာ ကျိုးအာ့ဟယ်ထံမှ ပုံကိုကူးယူလိုက်သည်။ ရပြီးနောက် ဓာတ်ပုံအား ဖန်ကျုံးချွမ်းထံပို့ပေးလိုက်သည်။ 


ပုံကိုကြည့်ပြီးနောက် ဖန်ကျုံးချွမ်းသည် ဖျော့ဖျော့လေးပြုံးလိုက်ကာ သိမ်းထား၍ သူ၏စခရင်ပုံအဖြစ်ထားလိုက်သည်။ 


တိတ်ဆိတ်နေသည့်အစည်းအဝေးအခန်းထဲ တစ်ညီတစ်ညာတည်းဝတ်ဆင်ထားသည့် လူများထိုင်နေသည့်ကြား၌ အားလုံးက လားရာတစ်ခုတည်းသို့ကြည့်နေကာ မျက်နှာများကတစ္ဆေသရဲကိုမြင်လိုက်ရသည့်အလား ဖြစ်နေကြ၏။


ဖိအားများအောက်တွင် လက်ထောက်က အစည်းအဝေးတစ်ဝက်ကြီးတွင် ဖုန်းကိုထုတ်၍ ရှားရှားပါးပါးပြုံးနေသည့် ဖန်ကျုံးချွမ်းကို သတိထား၍ခေါ်လိုက်သည်။ 


“လူကြီးမင်းဖန်…လူကြီးမင်းဖန်”


ဖန်ကျုံးချွမ်းက ဖုန်းကိုသိမ်းလိုက်ကာ သူ၏တည်ကြည်နေသည့်အမူအရာသို့ ပြန်ပြောင်းသွားသည်။


“အစည်းအဝေးဆက်လုပ်ရအောင်”


……


ကျိုးအာ့ဟယ်၏ ဝေ့ပေါ်ပရိုဖိုင်က သူ့ကိုနျန်ယွီယီ၏ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပေးထားသောကြောင့် နျန်ယွီယီ၏ ပရိသတ်များက သူ့ကို follow လုပ်ထားကြသည်။ 


ပရိသတ်များက ပုံကိုတွေ့ကြသောအခါ မနေနိုင်ဘဲ စိတ်လှုပ်ရှားမှုဖြင့်အော်ဟစ်ကြတော့သည်။ 


[ဒီကမ်းခြေကဘယ်မှာလဲ…ငါမမှတ်မိပါလား]


ကျိုးအာ့ဟယ် ပြန်ဖြေလိုက်သည်။ [အဲ့ဒါက ရှဲ့မိသားစုပိုင်ကမ်းခြေတစ်ခုပါ…လူထုကိုချပြမထားပါဘူး]


[နျန်ကျိုက်ရဲ့ ပရိသတ်ဖြစ်လာတုန်းက သူကတန်ဖိုးရှိတဲ့သခင်ငယ်လေးဖြစ်ရမယ်လို့ ထင်ထားခဲ့တာ…အခုတော့ သူက ရှဲ့မိသားစုရဲ့သခင်ငယ်လေးတကယ်ဖြစ်လာခဲ့ပြီ…]


[ဒါကို ဖုန်းမှာနောက်ခံအဖြစ်ထားဖို့ သိမ်းထားလိုက်ပြီ…ဒါက တကယ်ကိုကောင်းတဲ့ရိုက်ချက်ပဲ…အစ်ကိုကျိုးရိုက်ပေးတာလား]


ကျိုးအာ့ဟယ်ပြန်ဖြေလိုက်၏။ [ဟုတ်တယ်…လက်ရွေးစင်ဓာတ်ပုံဆရာနဲ့ အချိန်ပိုင်းကိုယ်စားလှယ် ကျိုးအာ့ဟယ်ပါ]


[နျန်ကျိုက်ကြည့်ရတာပျော်နေတဲ့ပုံပဲ…အဲ့လိုဘဝမျိုးကို အားကျလိုက်တာ]


ကျိုးအာ့ဟယ်တုံ့ပြန်လိုက်သည်။ [ဒီလစာကျေးကျွန်လေးက အစားအစာလည်းရတယ်…နေစရာလည်းရတယ်…ခရီးတွေတောင်သွားရသေးတယ်]


ကျိုးအာ့ဟယ်ကိုပြန်လည်တုံ့ပြန်လာ၏။ [အခုပိုပြီးတောင် အားကျသွားပြီ]


……


ဂရိရှိ ကမ်းခြေ၌သုံးရက်တာအပန်းဖြေပြီးနောက် သူတို့၏နောက်ဆုံးခရီးပန်းတိုင်ဖြစ်သည့် ရောမသို့ဆက်သွားလိုက်ကြသည်။ 


ရောမသို့ရောက်သောအခါ ရောမဗိသုကာလက်ရာများနှင့်ဆွဲဆောင်မှုရှိလှသည့် ဟိုတယ်တစ်ခုတွင် နေကြ၏။


ဟိုတယ်ထဲသို့ ဝင်လိုက်သည်နှင့် နျန်ယွီယီပြိုလဲသွားတော့သည်။ 


“မင်းအခုအိပ်ပျော်သွားရင် ညကျအိပ်နိုင်တော့မှာမဟုတ်ဘူး” အန်ဇိုင်အယ်လ် အကြံပေးလိုက်၏။ 


သူ့ကိုယ်သူဆိုဖာပေါ်မှခွာရန်ရုန်းကန်ရင်း နျန်ယွီယီမျက်နှာရှုံ့မဲ့၍ ရေရွတ်လိုက်သည်။ “ခင်ဗျားက စိတ်ရှုပ်ဖို့ကောင်းတယ်”


ထွက်မလာခင် အန်ဇိုင်အယ်လ်၏အဖေက သူ့တွင်ရောမယဥ်ကျေးမှုနှင့်ပတ်သက်သည့် ဗဟုသုတများစွာရှိပြီး လမ်းပြအဖြစ်လုပ်ဆောင်နိုင်ကြောင်းပြော၍ သူ့ကိုလေယာဥ်ပေါ်သို့ထည့်ပေးလိုက်သည်။


ရှဲ့ယီကျိုးဝင်လာ၍ မေးလိုက်သည်။ “မင်းကဘာလို့နျန်နျန်ရဲ့အခန်းထဲမှာလဲ”


အပြစ်ကင်းသည့်အသံဖြင့် အန်ဇိုင်အယ်လ်ပြန်ဖြေလိုက်သည်။ “သူတံခါးကပွင့်နေတာလေ…အဲ့ဒါကြောင့် ဝင်လာလို့ရတယ်ထင်လိုက်တာ…မင်းလည်းအဲ့လိုဝင်လာတာမဟုတ်ဘူးလား”


ရှဲ့ယီကျိုးစုတ်သပ်၍ စိတ်ရှုပ်နေကြောင်း သိသာလှသည်။ “နျန်နျန်…လမ်းလျှောက်ထွက်ရအောင်…ရောမကလမ်းတွေက လျှောက်ကြည့်လို့ကောင်းတယ်”


ဆိုဖာအပေါ်မှ ရှဲ့ယီကျိုး၏အဆွဲခံနေရသည့်နျန်ယွီယီသည် ကန့်ကွက်လိုက်၏။ “အစ်ကို…ကျွန်တော် အရမ်းပင်ပန်းနေပြီ”


“လိမ္မာလေ…ညကျမှအိပ်လို့ရတာပဲ”



နျန်ယွီယီသည် အရှေ့တွင်သကြားနှင့် ကော်ဖီခွက်တစ်ခွက်ရှိနေကာ လမ်းဘေးရှိကော်ဖီဆိုင်တွင်ထိုင်နေသည်။ 


……ကျိုးအာ့ဟယ်၏အတင်းအကြပ်အခေါ်ခံလာရခြင်းပင်…။


နျန်ယွီယီတစ်ငုံသောက်လိုက်သော်လည်း မခံမရပ်နိုင်အောင်ခါးသက်လေသည်။ 


အန်ဇိုင်အယ်လ်၏လမ်းပြမှုအောက်တွင် ရှဲ့ယီကျိုးနှင့် ကျိုးအာ့ဟယ်တို့က အနီးနားရှိပြတိုက်တစ်ခုသို့ သွားလိုက်ကြသည်။ စိတ်ဝင်စားမှုမရှိသောကြောင့် နျန်ယွီယီသည်အကြောင်းပြချက်ရှာ၍ လစ်ထွက်လာခဲ့လိုက်၏။


ဘာမှလုပ်စရာမရှိသောကြောင့် နျန်ယွီယီသည်ကော်ဖီထပ်သောက်လိုက်ကာ ခါးသက်ခြင်းကိုခံစားနေလိုက်သည်။ 


“နျန်နျန်”


နက်ရှိုင်းပြီးသာယာသည့်အသံတစ်ခုက အနောက်မှထွက်ပေါ်လာကာ နျန်ယွီယီသည် ကော်ဖီခွက်ကိုမချဘဲ လှည့်ကြည့်လိုက်သည်။ 


“ဖန်ကျုံးချွမ်း”


“ဘယ်လိုလုပ်ရောက်လာတာလဲ”


စိတ်လှုပ်ရှားနေသောကြောင့် ကော်ဖီခွက်ပင်မှောက်သွားလုနီးနီးဖြစ်သွား၏။ 


“သတိထားလေ” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ လက်ကောက်ဝတ်ကိုဆွဲဖမ်း၍ ခွက်ကိုထိန်းလိုက်သည်။ 


နျန်ယွီယီက ကော်ဖီခွက်ကိုလျင်မြန်စွာ ပြန်ချ၍ ဖန်ကျုံးချွမ်းကိုလှည့်ဖက်လိုက်သည်။ “ဒီကိုဘာလို့ရောက်နေတာလဲဆိုတာ မပြောရသေးဘူး…ပြဿနာကိုရှင်းပြီးသွားပြီလား”


“အင်း” ဖန်ကျုံးချွမ်းသည် ဖန်အုပ်စုအောက်မှစက်ရုံခွဲတစ်ခုက ရှုပ်ထွေးနေမှုများ ရင်ဆိုင်နေရသောကြောင့် ပြန်သွားရခြင်းဖြစ်သည်။ 


တစ်ရက်ခွဲခွာနေရခြင်းက ဥတုသုံးခုလောက်ကြာသလိုပင်။ ယခု နျန်ယွီယီစိတ်ထဲတွင် ပျော်မြူးနေ၏။


အာ…သူ ဖန်ကျုံးချွမ်းကိုနောက်ဆုံးတွေ့ခဲ့တာက ငါးရက်တောင်ကျော်သွားပြီပဲ...


“ကိုယ့်ကိုလွမ်းနေလား” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏နဖူးပေါ်သို့ အနမ်းခြွေရဲ့ မေးလိုက်သည်။ 


နျန်ယွီယီမှင်သက်သွား၏။


လွန်ခဲ့သည့်ရက်များတွင် သူ့ကိုယ်သူ အစားအသောက်များနှင့်ပျော်ရွှင်နေသည်ကိုပြန်တွေးလိုက်သည်။ ကြည့်ရတာ…။


“လွမ်းတာပေါ့”


သူတကယ်ကို လွမ်းခဲ့ကြောင်းသက်သေပြရန်အတွက် နျန်ယွီယီသည် မတ်မတ်ရပ်ကာ ခေါင်းတညိမ့်ညိမ့်လုပ်လာ၏။ ထိုအမူအရာက သူ၏စကားလုံးများကို သက်သေထူနေသလိုပင်။ 


“လူလိမ်လေး” ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏စကားလုံးများနောက်ကွယ်မှာ အပြစ်များကို အလွယ်တကူ ခံစားမိသွားသည်။ ထို့ကြောင့် ရွှင်မြူးစွာဖြင့် သူ့နှာခေါင်းလေးကိုဖျစ်၍ စလိုက်၏။ 


“ကျွန်တော်တကယ်အစ်ကို့ကိုတွေးပါတယ်” နျန်ယွီယီ ချွဲ့နွဲ့ပြောလိုက်၏။


ဖန်ကျုံးချွမ်းက နျန်ယွီယီအား လူပြတ်သည့်လမ်းကြားလေးထဲသို့ ခေါ်သွားကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ကျေကျေနပ်နပ်ဖြင့် ဝင်သက်ထွက်သက်ကိုခံစားနေကြသည်။ 


“ဒါပေမယ့် ကိုယ်က နျန်နျန်ကိုအရမ်းလွမ်းနေတာ” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ခါးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ထားကာ နောက်လက်တစ်ယောက်ကတော့ သူ့ခေါင်းအနောက်ကို ထိန်းကိုင်ထားသည်။ 


နျန်ယွီယီရှက်သွေးဖြာသွားကာ ခြေဖျားထောက်၍ ဖန်ကျုံးချွမ်း၏နှုတ်ခမ်းကို နမ်းလိုက်သည်။ 


အရင်ဦးဆောင်လာသည်ကို အခွင့်ကောင်းယူ၍ ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏နှုတ်ခမ်းများကိုဖမ်းလိုက်ကာ ပြင်းပြင်းပြပြနမ်းလာတော့သည်။ 


“အင်း…” အနမ်း၏ပြင်းထန်မှုကြောင့် နျန်ယွီယီ၏ခြေထောက်များအားနည်းလာကာ မတ်မတ်ရပ်နိုင်ရန် ဖန်ကျုံးချွမ်းကို မှီခိုထားရသည်။ 


အနမ်းကပြီးဆုံးသွားခဲ့သည်။ 


နျန်ယွီယီသည် မျက်လုံးများရီဝေနေပြီး အသက်ကိုပြင်းပြင်းရှူနေရ၏။


“သည်တစ်ခေါက် ဘယ်လိုလုပ်ကြမ်းတမ်းနေရတာလဲ” နျန်ယွီယီက နှုတ်ခမ်းစူ၍ပြောလိုက်သည်။ 


ဖန်ကျုံးချွမ်းက ဖွဖွလေးရယ်၍ ပြန်ဖြေမလာချေ။ 


နျန်ယွီယီဆက်ပြောတော့မည့်အချိန်တွင် စိုးရိမ်တကြီးဖြင့် ခေါ်သံကိုကြားလိုက်ရသည်။ 


“နျန်နျန်…”


“မဖြစ်ဘူး…ကျွန်တော့်အစ်ကိုက ကျွန်တော်ပျောက်သွားတယ်ထင်နေပြီ” နျန်ယွီယီသည် သူ့ဖုန်းကို ကော်ဖီဆိုင်စားပွဲပေါ်ရှီ ကော်ဖီခွက်နားတွင် ထားခဲ့တာဖြစ်သည်။ ထိုမြင်ကွင်းက သူပြန်ပေးဆွဲခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ 


နျန်ယွီယီလည်း မြန်မြန်လေးတုံ့ပြန်လိုက်သောကြောင့် သူ့အသံကိုကြားသော ရှဲ့ယီကျိုးက ပြေး၍ရောက်လာသည်။ 


“အဆင်ပြေရဲ့လား” အန်ဇိုင်အယ်လ်နှင့်ရှဲ့ယီကျိုးတို့က ဘေးချင်ယှဥ်၍ပြေးလာကြသည်။ နျန်ယွီယီ၏ဘေးနားရှိ လူကိုမြင်သွားသောအခါ ရှဲ့ယီကျိုးရပ်တန့်သွားပြီး အန်ဇိုင်အယ်လ်ကတော့ ဖန်ကျုံးချွမ်းနှင့် မရင်းနှီးသောကြောင့် နျန်ယွီယီကို သူ့အနောက်သို့ပို့၍မေးလာ၏။


 “မင်းကဘယ်သူလဲ…တရုတ်လူမျိုးလား”


အန်ဇိုင်အယ်လ်က နျန်ယွီယီ၏လက်ကောက်ဝတ်ကို ကိုင်ထားသည်ကို တွေ့လိုက်သောအခါ ဖန်ကျုံးချွမ်း၏အမူအရာများ မည်းမှောင်သွားတော့၏။


ကျိုးအာ့ဟယ်ကတော့ ခြေထောက်တိုတိုလေးများကြောင့် နောက်ကျကျန်ခဲ့ပြီး ရောက်လာချိန်တွင် ပရမ်းပတာအခြေအနေကို တွေ့လိုက်ရသည်။ သူယခင်တစ်ခေါက်က ရင်းကျင်းအား တူညီသည့်အခြေအနေတွင် မည်သို့ “ဖမ်းမိ” ခဲ့ကြောင်း ပြန်တွေးရင်း အတွေးများသွား၏။


ထိုအချိန်က သူ၏အမူအရာများက…လူကြီးမင်းဖန်၏ လက်ရှိအမူအရာများနှင့် တူညီနေခဲ့လေသည်။





🫶