🫶Chapter 58
တောက်ပပြီးနေသာသည့်နေ့တစ်နေ့က သူတို့ကိုဆီးကြိုပြန်သည်။ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်လျှင် တိမ်တိုက်များက ကောင်းကင်တစ်ခွင်ပျံ့နှံ့နေသည့် နှင့်တူနေသည်။
သာာယာသည့်ရာသီဥတုက နျန်ယွီယီ၏စိတ်ဓာတ်များကို မြှင့်တင်ပေးနေသည်။ သူက အိမ်အကူနှင့်အတူ ပါဝင်ပစ္စည်များဝယ်ရန် ဈေးဝယ်လိုက်သွားပြီး နေ့တစ်ဝက်ကို မီးဖိုခန်းထဲတွင်သာ ကုန်ဆုံးခဲ့သည်။
ပြင်ဆင်ပြီးသွားသည့် အစားအစာများကို အပူခံခွက်ထဲတွင် ထည့်၍ ဖန်အုပ်စုသို့ အသိမပေးဘဲ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဖန်ကျုံးချွမ်းကို အသိမပေးဘဲ ဖန်အုပ်စုအဆောက်အဦးသို့ မောင်းလာလိုက်၏။
ကားရပ်ပြီးနောက် လူများမှတ်မိသွားကြမည်ကို စိုးသောကြောင့် နျန်ယွီယီ မျက်မှန်၊ မက်စ်နှင့် ဦးထုပ်များကို ပြင်ဆင်လာသည်။ သူ့ကိုယ်သူ သေချာဖုံးကွယ်ပြီးမှ အပူခံခွက်ကိုယူ၍ ထွက်လာလိုက်လေသည်။
ဧည့်ကြိုကောင်တာကို ချဥ်းကပ်လာကာ နျန်ယွီယီ ကောင်တာကိုခေါက်လိုက်သည်။ “ဖန်ကျုံးချွမ်းကို တွေ့ဖို့လာတာပါ”
“လူကြီးမင်းဖန်လား”
ဆံပင်တိုတိုနှင့် ဧည့်ကြိုဝန်ထမ်းမလေးက မော့ကြည့်လာကာ မက်စ်၊ မျက်မှန်၊ ဦးထုပ်များ လုံလုံခြုံခြုံဆောင်းထားသည့် လူကြောင့် လန့်သွားလေသည်။ သူမက လုံခြုံရေးအချက်ပြမီးကို နှိပ်လုနီးပါးပင်။
“မင်္ဂလာပါ..ကြိုတင်ချိန်းထားပါသလားရှင့်”
“ကြိုတင်ချိန်းတယ်?” ဖန်ကျုံးချွမ်းကဲ့သို့ အလုပ်များသည့် စီမံခန့်ခွဲရေးမှူးတစ်ယောက်က ကြိုတင်ချိန်းဆိုမှုပြုလုပ်ရန် လိုကြောင်းမေ့သွားသောကြောင့် နျန်ယွီယီ သူ့နဖူးသူရိုက်လိုက်သည်။ ထို့နောက် သက်ပြင်းချ၍ တုံ့ပြန်လိုက်၏။
“ရပါတယ်...သူ့ကိုပဲခေါ်လိုက်ပါ့မယ်”
လူကြီးမင်းဖန်ကို ခေါ်မယ်?
ဧည့်ကြိုဝန်ထမ်းလေးမှာ ဤလူက ဖန်ကျုံးချွမ်းကိုတကယ်သိရဲ့လား သံသယဝင်မိ၏။ ရုပ်ဖျက်ထားသည်ကိုကြည့်၍ ထိုလူမှာ သူတို့၏ဥက္ကဌနှင့် နီးစပ်ရန်ကြိုးစားနေသည့် အနုပညာရှင် တစ်ယောက်ဖြစ်ရမည်ဟု ယူဆလိုက်သည်။
သို့သော်......။
လူကြီးမင်းဖန်၏ကိုယ်ကျင့်စရိုက်နှင့်ဆိုလျှင် ဤအလည်ရောက်လာသူကို သူမသနားမိသည်။
ဤအလည်ရောက်လာသူမှာ အကြာကြီးစောင့်ရပြီးနောက် အရှက်ရခြင်း၊ စိတ်ညစ်ညူးခြင်းများနှင့် အတူ ပြန်သွားရလိမ့်မည်။
သူမကိုအံ့ဩသွားစေသည်က နျန်ယွီယီမှာ အေးအေးလူလူနှင့် နံပါတ်ကိုခေါ်နေလေသည်။
“ဟေး...အစ်ကို”
“ကျွန်တော်မစားရသေးဘူး...အစ်ကိုရုံးခန်းထဲမှာလား”
“ဘာလို့ ဧည့်ကြိုနေရာကိုဆင်းမလာတာလဲ...အစ်ကို့အတွက် အံ့ဩစရာလေးစောင့်နေတယ်”
၎င်းက တကယ်ကို စစ်မှန်နေသည့်အသံပေါက်နေ၏။
ဤရိုးရှင်းစွာဝတ်ဆင်ထားသည့်လူက လူကြီးမင်းဖန်ကို သိသည်မှာ လုံးဝမဖြစ်နိုင်သောကြောင့် ဧည့်ကြိုဝန်ထမ်းလေးက စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။
သို့သော် သိပ်မကြာခင်တွင် ချဥ်းကပ်မရနိုင်သည့် လူကြီးမင်းဖန်က ဓာတ်လှေကားထဲမှ လျင်လျင်မြန်မြန်ထွက်လာကာ နျန်ယွီယီအား နွေးထွေးစွာ ပွေ့ဖက်လိုက်လေသည်။
“ကိုယ့်ကိုဘာလို့ကြိုမပြောတာလဲ” ကြည့်ရှုနေသည့်ဝန်ထမ်းများကို အလေးမထားဘဲ ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ မျက်နှာလေးတွင် ပေါ်နေသည့်နဖူးလေးကို အနမ်းခြွေလိုက်သည်။
“ကိုယ့်အတွက် နေ့လည်စာ ယူလာပေးတာလား”
“စပရိုက်စစ်ဆေးမှုလေးဖြစ်ချင်တာ...ဒါပေမယ့် ကြိုတင်ချိန်းမထားဘဲ ဝင်လို့မရဘူးလေ” နျန်ယွီယီက သူ၏ ဦးထုတ်လျှာကို ဆွဲချ၍ပြောလိုက်သည်။
“လူတွေကြည့်နေတာ မရှက်ဘူးလား”
“ကိုယ့်ကောင်လေးကိုနမ်းတာပဲ ဘာလို့ရှက်ရမှာလဲ” ဖန်ကျုံးချွမ်း ယုံကြည်ချက်ရှိစွာဖြင့် တုံ့ပြန်လာသည်။
သဘာဝကျချက်…။
နျန်ယွီယီ စိတ်ထဲတွင် သဘောတူလိုက်သော်လည်းကြည့်ရှုနေကြသည့် မျက်လုံးများအောက်တွင် ရှက်ရွံ့နေဆဲပင်။
“ရုံးခန်းကိုသွားရအောင်…သည်မှာကြည့်နေတဲ့လူတွေအများကြီးပဲ”
နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ဝင်သွားပြီး တံခါးပိတ်သွားသည့်အခါ စောစောက တိတ်ဆိတ်နေသည့် လူထုကြီးမှာ တီးတိုးရေရွှတ်သံများဖြင့် သက်ဝင်လှုပ်ရှားလာသည်။
“အဲ့ဒါ ဖန်ကျုံးချွမ်းရဲ့ ကောင်လေးလား”
“လူကြီးမင်းဖန် အချစ်နဲ့တွေ့နေပြီလား…ငါ့အသည်းတော့ကွဲပါပြီ”
“ချစ်သူရသွားတာတောင် လူကြီးမင်းဖန်ရဲ့ စိတ်နေစိတ်ထားက မပျော့ပျောင်းသေးဘူး…သူ့ကိုမျက်နှာချင်းဆိုင်ရမှာ ငါအခုထိ ကြောက်နေတုန်းပဲ”
“ဓာတ်ပုံရိုက်လိုက်သေးလား…ငါတော့မရိုက်ရဲဘူး”
“ငါရောပဲ…ထိုင်ခုံဆီပြန်သွားပြီး တခြားသူတွေနဲ့ပြန်ပြောရအောင်”
……
ဧည့်ကြိုကောင်တာမှ ဆံပင်တိုတိုလေးနှင့် ဧည့်ကြိုဝန်ထမ်းလေးမှာ နျန်ယွီယီ၏ထွက်ခွာသွားလာသည့် ပုံကိုကြည့်၍ အံ့ဩနေမိသည်။ နောက်ဆုံးတော့ သူမ စိတ်အေးလက်အေးဖြင့် ကျန်ခဲ့လေသည်။
ကံကောင်းစွာနှင့် ထိုလူငယ်လေးအတွက် ခက်ခဲစေသည့်ကိစ္စများကို စောစောက သူမမလုပ်ခဲ့မိချေ။
ဖန်ကျုံးချွမ်း၏ရုံးခန်းမှာ အဆောက်အဦးတစ်ခုလုံး၏ အပေါ်ဆုံးထပ်တစ်ဝက်ကျော်လောက်ကို သိမ်းပိုက်ထားပြီး ကျန်ဧရိယာမှာ အတွင်းရေးမှူ၏ရုံးခန်းအဖြစ်ထားရှိလေသည်။
နျန်ယွီယီ ဖန်ကျုံးချွမ်းအနောက်မှလိုက်လာ၍ အတွင်းရေးမှူး၏ရုံးခန်းကို ဖြတ်သွားသောအခါ ဖန်သားပြင်ဖြင့် ပိုင်းခြားထားသည့်အခန်းထဲတွင် အံ့ဩနေသည့် လူတစ်စုကိုမြင်လိုက်ရသည်။
“အစ်ကို သူတို့အရှေ့မှာ ဘယ်လိုပုံစံမျိုးနေတာလဲ…အစ်ကို ရည်းစားရသွားတာကို သူတို့တော်တော်လေး အံ့ဩထိတ်လန့်နေကြသလိုပဲ” ရုံးခန်းထဲသို့ ရောက်သည်နှင့် နျန်ယွီယီက သူ၏ရှုပ်ထွေးနေမှုများကို ချက်ချင်း မေးလာသည်။
“ပုံစံ? ဘော့စ်တစ်ယောက်ရဲ့ပုံစံပေါ့” ဖန်ကျုံးချွမ်းက နျန်ယွီယီအား ပြတင်းပေါက်ဘေးရှိ နှစ်ဖက်လုံးတွင် ထိုင်ခုံများရှိနေသည့် စားပွဲဝိုင်းလေးဆီသို့ ခေါ်သွားလိုက်သည်။
“ငရဲမင်းရဲ့ ပုံစံနဲ့ပိုတူနေတယ်လို့ထင်တယ်” နျန်ယွီယီက ပြောရင်း ဗိုက်ကိုဖိ၍ ရယ်မောလာလေသည်။
အဆုံးတွင် အရှေ့သို့တိုးလာပြီး နျန်ယွီယီ၏ရယ်နေသည့်နှုတ်ခမ်းများကို အနမ်းနှင့် တိတ်ဆိတ်စေလိုက်သူမှာ ဖန်ကျုံးချွမ်းဖြစ်သည်။
ကိုယ်ချင်းပြန်ခွာလိုက်သည့်အခါ နျန်ယွီယီမှာ အချိန်တိုတိုနှင့် အသက်ပြန်ရှူနိုင်လိုက်သည်။
“ရယ်နေတုန်းလား” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏မေးကိုပင့်၍ ထပ်မံကြိုးစားလာပါက နောက်ထပ်နမ်းရန် အဆင်သင့်ဖြစ်နေပုံဖြင့် စနောက်လိုက်သည်။
နျန်ယွီယီက တုံ့ပြန်သည့်အနေနှင့် ခေါင်းကို သွင်သွင်ခါလာသည်။
ဖန်ကျုံးချွမ်းက သူ့ကိုထိုင်စေကာ အိတ်ထဲမှ အပူခံခွက်ကိုထုတ်လိုက်ပြီး စားပွဲပေါ်တွင် ပြင်ဆင်လိုက်သည်။
ဘယ်မှညာအထိ စားပွဲက နှမ်းလုံးကပ်ကြော်၊ မှိုကြော်၊ ဘဲပေါင်းအသားမွှာ၊ ပုစွန်ကြော်၊ ရတနာရှစ်သွယ်ဝက်သားပေါင်း၊ ကြက်ဗိုက်သားကင်တို့အပြင် အစိမ်းရောင်အသီးအရွက်ကြော်နှစ်မျိုးဖြင့် ပြည့်နှက်နေသည်။ ၎င်းက မျက်လုံးများအတွက် ပွဲတော်ကြီးဖြစ်လေသည်။
“ပင်ပန်းသွားပြီ...နျန်နျန်” ဖန်ကျုံးချွမ်းပြောကာ အရှေ့သို့တိုး၍ နျန်ယွီယီ၏ ပါးလေးကို နမ်းလိုက်သည်။
“နမ်းရတာကို ဘာလို့သည်လောက်တောင် ကြိုက်တာလဲ” နျန်ယွီယီက မျက်နှာကိုကာ၍ ဆက်ပြောလာသည်။ “အနမ်းတွေက ဗိုက်မပြည့်စေဘူး”
“နျန်နျန်ကို နမ်းရတာ တကယ်မဝဘူး” ဖန်ကျုံးချွမ်းက အဓိပ္ပာယ်ပါပါဖြင့်ကြည့်ကာ ပြောလိုက်သည်။
အကြည့်တစ်ချက်တည်းနှင့်တင် နျန်ယွီယီက ဖန်ကျုံးချွမ်း၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သည်။
ကြောက်ရွံ့နေသည့်ငုံးလေးတစ်ကောင်ကဲ့သို့ ချက်ချင်း အနောက်သို့ဆုတ်သွားကာ ဖန်ကျုံးချွမ်း၏ စိတ်ရှည်သည်းခံမှုများကို ထပ်မစရဲတော့ချေ။
နျန်ယွီယီက အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ယောက်စာ စားရာ သူတို့နှစ်ယောက်မှာ အစားအသောက်များကို အပြန်အလှန်ခွံကြရင်း အချိန်တိုတိုလေးနှင့် စားကုန်သွားလေသည်။
ဖန်ကျုံးချွမ်း အလုပ်ဆက်လုပ်နေချိန်တွင် နျန်ယွီယီကတော့ ဆိုဖာပေါ်၌ထိုင်နေကာ တက်ဘလက်တွင် နစ်မြုပ်နေလေသည်။
ဆိုဖာက ဖန်ကျုံးချွမ်း၏စားပွဲနှင့် ဆန့်ကျင်ဘက်တွင်ရှိနေပြီး တစ်ချက်မော့လိုက်ရုံနှင့်တင် နျန်ယွီယီ တက်ဘလက်တွင် နစ်မြုပ်နေသည်ကို မြင်နိုင်သည်။
နေ့လည်ခင်းမှာ ကုန်ဆုံးသွားပြီး နေဝင်လာချိန်တွင် ဆည်းဆာချိန်ရွှေအိုရောင်က ရုံးခန်းထဲသို့ ဖြန့်ကျက်လာသည်။
မြင်ကွင်း၏ဆွဲဆောင်ခံလိုက်ရသောကြောင့် နျန်ယွီယီက ဖုန်းကိုထုတ်၍ လှပသည့်ဆည်းဆာနေဝင်ချိန်ကို ဓာတ်ပုံရိုက်လေသည်။
ပုံကိုပြန်ကြည့်နေချိန်တွင် ဖန်ကျုံးချွမ်း သူ့အနားသို့ ချဥ်းကပ်လာသည်။
“ပြီးသွားပြီလား” နျန်ယွီယီက မော့မကြည့်ဘဲ မေးလာသည်။
“အင်း...ညစာသွားစားရအောင်” ဖန်ကျုံးချွမ်းက နျန်ယွီယီအား သူ၏ဦးထုပ်နှင့် မက်စ်များ ဂရုတစိုက်တပ်ဆင်ပေး၍ ပြောလိုက်သည်။ “အခုက အလုပ်ဆင်းချိန်ပဲ...အောက်ထပ်မှလူတွေများနေချိန်မယ်”
“မြေအောက်ထပ်အထိ ဓာတ်လှေကားမစီးဘူးလား” နျန်ယွီယီက တအံ့တဩဖြင့်ကြည့်ကာ မေးလာသည်။
“ဟင့်အင်း”
“ဘာလို့လဲ” နျန်ယွီယီ ပဟေဠိဖြစ်နေလျက်မေးလိုက်၏။
“ကိုယ့်ကောင်လေးကို သူတို့မြင်စေချင်လို့” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏လက်အား သူ့လက်ချောင်းများဖြင့် ယှက်သွယ်လိုက်ပြီး ပြန်ဖြေလာသည်။ “အဲ့ဒါအဆင်ပြေလား...နျန်နျန်”
နျန်ယွီယီက ထိုကလေးဆန်၏အကြောင်းပြချက်ကြောင့် မှင်သက်သွားကာ စကားလုံးများလည်း ပျောက်ဆုံးပြီး ဘာပြန်ပြောရမလဲမသိတော့ချေ။
နောက်ဆုံးတွင် သူသက်ပြင်းချလိုက်၏။ “သည်လိုပဲ အမြဲတမ်းကလေးဆန်နေတာလား”
ဖန်ကျုံးချွမ်း၏ ကလေးဆန်သည့်အခြမ်းအား ခေါ်ထုတ်လိုက်ပြီးနောက် ဖန်ကျုံးချွမ်း၏လက်ကိုကိုင်၍ ဧည့်စောင့်နေရာသို့ ထွက်လာခဲ့ရာ သူ့လုပ်ရပ်က ခြားနားသည့်ဇာတ်လမ်းတစ်ပုဒ်ကိုဖော်ပြနေသည်။
ဖန်ကျုံးချွမ်းက နျန်ယွီယီအား ကြွားလုံးထုတ်ချင်ချိန်တွင် နျန်ယွီယီလည်း ဖန်ကျုံးချွမ်းအား “ပိုင်ရှင်ရှိ” လူတန်းစားအဖြစ် တံဆိပ်ကပ်ရန် အခွင့်အရေးကိုမြင်လေသည်။
နျန်ယွီယီက ကျိုးအာ့ဟယ်ထံမှ လူထုစာမျက်နှာတွင် လှုပ်ရှားမှုမရှိသောကြောင့် နားငြီးစရာကောင်းသည့် မှတ်ချက်များကို မကြာခဏရတတ်သည်။
ထို့ကြောင့် ညစာစားပြီးချိန်၌ နျန်ယွီယီက သူတို့၏အစားအသောက်များပုံကို ဓာတ်ပုံရိုက်၍ ဝေ့ပေါ်တွင် တင်လိုက်လေသည်။
သူတို့နှစ်ယောက်က အနောက်တိုင်းအစားအစာများ စားခဲ့သောကြောင့် စတိတ်ခ်နှစ်ပွဲလုံးမှာ ပုံထဲတွင် ပါလေသည်။
မိတ်ဆွေဟောင်းများပါဝင်ထားသည့် ရသစုံရှိုးပွဲအား ထုတ်လွှင့်နေခြင်းနှင့်အတူ နျန်ယွီယီမှာ ဝေ့ပေါ်တွင် သူ့ကိုစောင့်မျှော်နေကြသည့် လူများရှိနေ၏။
နျန်ယွီယီ ပို့စ်တင်လိုက်ချိန်တွင် ရာချီသောမှတ်ချက်များကို ချက်ချင်းလက်ခံရလိုက်သည်။
[အား...နျန်...နောက်ဆုံးတော့ ပေါ်လာပြီ...။ မေမေက မင်းကိုလွမ်းနေတာ...]
[အဲ့စတိတ်ခ်က ငါ့ကိုဗိုက်ဆာအောင်လုပ်နေတယ်]
[စတိတ်ခ်နှစ်ပွဲ...နျန်နျန် သူငယ်ချင်းနဲ့ညစာစားခဲ့တာလား...]
[မိန်းကလေးတို့...သေချာကြည့်ပါဦး...ပုံကိုချဲ့ကြည့်ရင် ညာဘက်ထောင့်မှာ လက်ချောင်းကိုမြင်ရတယ်...ငါ့တော့ ယောက်ျားလေးလို့ထင်တယ်]
[ဝါးနေပေမယ့် လက်ချောင်းနဲ့တင်တော်တော် ကြည့်ကောင်းနေတယ်...ကိုယ်စားလှယ်မဟုတ်တာတော့ သေချာတယ်]
[အတည်ပြုပြီး...နျန်ရဲ့ကိုယ်စားလှယ်မှာ ပြည့်ဖောင်းတဲ့လက်ချောင်းတွေရှိတာ ငါတို့အားလုံးသိတယ်...ဒီတော့ ဆန့်ကျင်ဘက်မှာထိုင်နေတာ ရှဲ့ယီကျိုးလား”]
[ဝေါင်း...မင်းတို့က ပြန်လည်မွေးဖွားလာတဲ့ ရှားလော့တွေပဲ...သူတို့ကို ငါအရမ်းရွက်လွှင့်တာနော်...ဒီညတော့ ချိုချိုမြိန်မြိန်လေး အိပ်ပျော်ပြီ]
[ဒါက ငါရွက်လွှင့်ဖူးတဲ့အတွဲတွေမှာ အချိုမြိန်ဆုံးအတွဲပဲ...အရမ်းကြည်နူးဖို့ကောင်းတယ်]
[ရွက်လွှင့်သူတွေ ဝေးဝေးသွားပေးလို့ရမလား...ကိုယ့်ဖန်အုပ်စုနဲ့ကိုယ်နေကြလေ...စိတ်ပျက်ဖို့ကောင်းတယ်]
……
သာမန်ညစာစားသည့်ပို့စ်လေးတစ်ခုက ရွက်လွှင့်နေကြသည့်ဖန်များအကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
နျန်ယွီယီ၏ ဝေ့ပေါ်ပို့စ်အောက်မှ မှတ်ချက်များကိုကြည့်ရင်း ရှဲ့ယီကျိုးမှာ သူနှင့် နျန်နျန်၏ဆက်ဆံရေးကို သေချာရှင်းလင်းပြရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။
****
ရှဲ့အိမ်တွင်...။
ခရီးဆောင်အိတ်ကြီးလေးလုံးက လင်းရီယွဲ့အရှေ့တွင်ရှိနေသည်။ နှစ်လုံးမှာ သေချာထုတ်ပိုးထားပြီး ကျန်အိတ်များကို သူမ ဆက်ဖြည့်နေ၏။
ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ အိမ်သို့ပြန်ရောက်သောအခါ ထိုခရီးဆောင်အိတ်လေးလုံးကို တွေ့လိုက်ရခြင်းက ကူရာမဲ့စွာ မျက်နှာတွန့်သွားစေသည်။
ခရီးဆောင်အိတ်လေးလုံးတွင် နှစ်လုံးမှာ နျန်ယွီယီအတွက်ပစ္စည်းများဖြင့် ဖြည့်ထား၏။
ရှဲ့ယီကျိုးအနောက်မှ အိမ်ထဲသို့ ဝင်လာသော နျန်ယွီယီလည်း မြင်ကွင်းကြောင့် မှင်သက်သွားသည်။
“အိတ်တွေသည်လောက်အများကြီးယူသွားရမှာလား” နျန်ယွီယီက ရှုပ်ထွေးပုံပေါက်နေပြီး အိတ်များကို ညွှန်ပြလာသည်။
“တစ်ပတ်တောင်သွားမှာလေ...သေချာပြင်ဆင်သွားတော့ ပိုကောင်းတာပေါ့” လင်းရီယွဲ့ ပြန်ဖြေကာ အိတ်တစ်လုံးကို ပိတ်ရန်ကြိုးစားလိုက်သည်။
သူမကိုယ်သူမ ထိခိုက်မိမည်စိုးသောကြောင့် နျန်ယွီယီ ထိုင်ချ၍ အိတ်ကိုသေချာကိုင်ပေးလိုက်သည်။
လင်းရီယွဲ့က လက်များကိုခါကာ သူမ၏ပြင်ဆင်မှုများကိုကျေနပ်နေပုံပေါ်နေ၏။
“ဟိုရောက်မှ လိုအပ်တာတွေဝယ်လို့မရဘူးလား...ဒါတွေအကုန်လုံး ဘာလို့ယူသွားမှာလဲ”
ရှဲ့ယီကျိုးက ကူကယ်ရာမဲ့စွာဖြင့် အိတ်များကိုကြည့်ရင်း နဖူးကိုပွတ်၍ပြောလာသည်။
“မပြင်ဆင်သွားလို့ နျန်နျန်ဖျားသွားမယ်ဆိုဘယ်လိုလုပ်မလဲ” လင်းရီယွဲ့ ငြင်းခုန်လိုက်၏။
အိတ်များကိုနံရံနှင့်တပြေးညီ သေချာစီပြီးသွားသည့်နောက်တွင် ရှဲ့လို့အောက်ထပ်သို့ ဆင်းလာသည်။
“သွားရအောင်”
မသွားခင် အိမ်အကူက နျန်ယွီယီအား လမ်းခရီးတွင် စားရန် လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် မုန့်လေးများ ပေးလိုက်သည်။
မိသားစုလိုက် လေဆိပ်သို့ဦးတည်ကြပြီး ရောက်သွားသောအခါ လေဆိပ်ဝန်ထမ်း၏ ဗွီအိုင်ပီဧည့်ကြိုနေရာသို့ တိုက်ရိုက်ခေါ်ဆောင်သွားခြင်းခံရ၏။
ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ကြားတွင် နေရင်း ထိုနှစ်ယောက်၏ကာကွယ်ခြင်းခံထားရသည့် နျန်ယွီယီမှာ လေဆိပ်ဝန်ထမ်းလေး၏ စေ့စပ်သည့်ဝန်ဆောင်မှုများကို သေချာကြည့်ရင်း ရှဲ့မိသားစု၏ ဩဇာကြီးမားမှုကို တဖြည်းဖြည်းချင်းနားလည်လာသည်။
ရှဲ့မိသားစုက သီးသန့်လေကြောင်းလိုင်းကို ကြိုတင်လက်မှတ်တင်ခဲ့၏။ လက်ရှိတွင် အဖွဲ့များက လေယာဥ်ကို သေချာစစ်ဆေးနေကြရာ အနည်းငယ်စောင့်နေရလေသည်။
ပျင်းရိစွာဖြင့် နျန်ယွီယီက ဖြတ်သန်းသွားလာနေသည့်လူအုပ်ကြီးကိုကြည့်၍ ဖြတ်သွားသည့်လူများကို စိတ်ထဲတွင် ရေတွက်နေလိုက်သည်။
ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက သူတို့ဝင်လာသည့် ဗွီအိုင်ပီစင်္ကြံမှ ချဥ်းကပ်လာ၏။ နျန်ယွီယီ သိချင်စိတ်များဖြင့် ကြည့်လိုက်ပြီး ဆက်ရေတွက်နေလိုက်သည်။ တစ်ဆယ်သို့ရောက်သည့်အချိန်တွင် သူမြင်နေသည့်သူမှာ မည်သူဖြစ်ကြောင်း မှတ်မိသွား၏။
လင်းရီယွဲ့နှင့် ရှဲ့လို့တို့ စကားဝိုင်းတွင် နစ်မြုပ်နေပြီး သူ့ကိုအာရုံရှိမနေသည်ကို သေချာအောင်ချောင်းကြည့်၍ မြန်မြန်လေးထွက်လာလိုက်သည်။
ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ဦးထုပ်ကိုသေချာဆောင်းပေး၍ တီးတိုးဆိုလိုက်သည်။ “ဒီမှာလည်း ပါပါရာဇီတွေ နေရာတိုင်းရှိတယ်”
“အင်း” နျန်ယွီယီက နာနာခံခံနှင့် မက်စ်ကိုလည်းသေချာတပ်လိုက်၏။ “အစ်ကို...အစ်ကိုလည်း ဒီနေ့ ခရီးသွားမလို့လား”
ပြန်မဖြေဘဲ ဖန်ကျုံးချွမ်းက သူ့ကိုကျောက်တုံးဆိုင်းဘုတ်ကြီးတစ်ခုအနောက်သို့ ဆွဲခေါ်သွားကာ လူမမြင်နိုင်သည့် ထောင့်တစ်နေရာတွင် ရပ်လိုက်သည်။
နျန်ယွီယီက ဆိုင်းဘုတ်ကိုမှီ၍ မော့ကြည့်လာသည်။ “M နိုင်ငံကို သွားမလို့လား”
“မဟုတ်ဘူး” ဖန်ကျုံးချွမ်းက ကျဥ်းမြောင်းနေသည့်နေရာကိုအခွင့်ကောင်းယူကာ နျန်ယွီယီ၏ နှုတ်ခမ်းထောင့် တစ်နေရာသို့ အနမ်းခြွေလိုက်သည်။
“?” နျန်ယွီယီ သူ့ကို ဖွဖွလေးတွန်းလာ၏။ “တော်တော့...တစ်ယောက်ယောက်ဓာတ်ပုံရိုက်သွားရင် ဘယ်လိုလုပ်မလဲ”
“သူတို့မမြင်ပါဘူး” ဖန်ကျုံးချွမ်းနံရံကိုတိုးကပ်လာကာ သူ့ကိုယ်ဖြင့် နျန်ယွီယီကိုကွယ်လိုက်သည်။
“ကိုယ်ပဲရစ်ကိုသွားမလို့”
ပဲရစ်?
ဖန်ကျုံးချွမ်း၏ရုံးခန်းကို မကြာသေးခင်ကမှ သွားရောက်ထားခြင်းကြောင့် ပဲရစ်သို့ ဖန်ကျုံးချွမ်းကိုယ်တိုင် သွားရောက်ရမည့်ကိစ္စမရှိကြောင်း နျန်ယွီယီသိထားသည်။ ဤသည်မှာ ဖန်ကျုံးချွမ်း သူတို့နောက်သို့ လိုက်လာသည်ကို ရှင်းလင်းလိုက်သလိုဖြစ်သွား၏။
ဖန်ကျုံးချွမ်း၏ ကော်လံစကိုကိုင်၍ နျန်ယွီယီခြေဖျားထောက်ကာ သူ့ပါးပေါ်သို့ အနမ်းပေးလိုက်သည်။
“လိမ္မာတဲ့ကောင်လေး” ဖန်ကျုံးချွမ်းက နျန်ယွီယီ၏ဆံပင်များကြား လက်ချောင်းများပြေးလွှားနေရင်း တီးတိုးဆိုလိုက်၏။ “ဘယ်ဟိုတယ်မှာနေမှာလဲ”
ထိုကဲ့သို့အသေးစိတ် သူ့ကောင်လေးကို ပြောပြရခြင်းအား စိတ်လှုပ်ရှားသောကြောင့် ဗွီအိုင်ပီအခန်းထဲရှိလူများ သူတို့ကိုကြည့်မနေကြောင်း သေချာအောင် နျန်ယွီယီလျင်မြန်စွာတစ်ချက်ကြည့်လိုက်သည်။
သူတို့ကိုမည်သူမျှမတွေ့ကြောင်း သေချာတော့မှ ဖန်ကျုံးချွမ်း၏နားထဲသို့ ဟိုတယ်နာမည်ကို တိုးတိုးလေး ပြောလိုက်သည်။
မျက်ခုံးတစ်ဖက်ပင့်ရင်း ဖန်ကျုံးချွမ်းသည် သူ့အတွင်းရေးမှူးအား ဝီချက်မှတစ်ဆင့် စာပို့လိုက်၏။
သူ့အရှေ့တွင်ရှိနေသည့် နျန်ယွီယီမှာ စာတွင်ပါဝင်သည့်အကြောင်းအရာများကို မြင်လိုက်ရ၏။
‘ငါ့ကို N&M ဟိုတယ်မှာ အခန်းတစ်ခန်းဘွတ်ကင်တင်ထားပေး’
🫶