Chapter 56
Viewers 21k

🫶Chapter 56



ဒီလိုဆိုတော့ အခုသူက… ဘီလျံနာဖြစ်သွားပြီလား…


ဘုရားရေ… သူယောင်ချာချာနဲ့ ကြောင်တောင်တောင်နိုင်စွာ ဘီလျံနာတစ်ယောက်ဖြစ်လာရတာပဲ…


အိမ်တွင်းစီးဖိနပ်ပါးကိုကန်ထုတ်ကာ နျန်ယွီယီ ဘဏ်စာအုပ်ကိုဘေးတွင်ချ၍ အရာအားလုံးကို ပြန်လည်စီစဉ်ရန်အတွက် တရေးအိပ်ချပစ်လိုက်တော့သည်။


****


“ကျိုးယန်” ဧကရာဇ်၏ ဒါရိုက်တာက အားလုံးကို စုဝေးကာ သရုပ်ဆောင်များအား တစ်ယောက်နှင့်တစ်ယောက် သိလာစေဖို့ အခွင့်အရေးတစ်ခုရရန်အလို့ငှာ ညစာစားပွဲကျင်းပပေးခဲ့သည်။ 


ဒါရိုက်တာဆီတွင် နျန်ယွီယီအားဆက်သွယ်ရန် အချက်အလက်မရှိကြောင်း လင်းချီကျင့်ထံမှတဆင့် နျန်ယွီယီသိထား၏။ 


နျန်ယွီယီ၏ ကိစ္စအများစုကို ရှဲ့ယီနန်နှင့်ရှဲ့ယီကျိုးတို့သာ စီမံလေ့ရှိသည်။ သေးငယ်သည့် အသေးစိတ်များကိုတော့ ကျိုးအာ့ဟယ်က အဓိကထား၍ကိုင်တွယ်သည်။ နျန်ယွီယီသည် ပုံမှန်ဆိုလျှင် ကျိုးအာ့ဟယ်၊ သို့မဟုတ် ရှဲ့ယီကျိုးလာကြိုမည်ကိုသာ စောင့်လေ့ရှိ၏။ တစ်ယောက်ယောက်က သူ့ကိုတိုက်ရိုက်ဆက်သွယ်လာသည်မှာ ရှားပါးသည်။ 


သေချာသည်ကတော့ ၎င်းတွင် သူ့အား ကြော်ငြာများအတွက် လူမှုစာမျက်နှာနယ်ပယ်အသီးသီးမှ ဆက်သွယ်လာသည့် ကုန်သည်များမပါချေ။ 


နျန်ယွီယီက သူ၏အိမ်အကူအား နားရက်တစ်ရက်‌‌ပေးကာ ညစာစားပွဲသို့တက်လိုက်သည်။ 


ကြိုတင်ပြင်ဆင်ထားသည့် ညစာစားခန်းမှာ ပြည့်နှက်နေပြီဖြစ်ပြီး နျန်ယွီယီနှင့်လင်းချီကျင့်တို့က နောက်ဆုံးရောက်လာသူများဖြစ်ကြသည်။ 


“အာ...သူတို့ရောက်လာပြီ” သီးသန့်အခန်း၏ဝင်ပေါက်ကိုကြည့်ရင်း ဒါရိုက်တာက နျန်ယွီယီနှင့်လင့်ချီကျင့်တို့ ရောက်လာသည်ကို ပထမဆုံးသတိထားမိလိုက်သည်။


 “လာလေ...ထိုင်ကြ”


အခန်းထဲသို့ တစ်ချက်ကြည့်၍ ခေါင်းဆောင်မင်းသားဖြစ်သည့် ရှဲ့ယီကျိုးပျောက်နေကြောင်း နျန်ယွီယီ သတိထားမိသွားသည်။ 


“သူအလုပ်များနေတယ်...ဟိုင်ဈေးမှာမရှိဘူး” လင်းချီကျင့်က သူ့ညီဝမ်းကွဲကို ရှင်းပြလိုက်၏။


နျန်ယွီယီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး လင်းချီကျင့်နှင့်အတူ ထိုင်ရန်ခုံနေရာ အလွတ်ကို ရှာလိုက်သည်။ 


ထိုင်ပြီးသည်နှင့် နျန်ယွီယီသည် ခဏလောက် အခြားသူများကို ကြည့်ရှုနေလိုက်၏။ သူ့ကို အံ့ဩသွားစေသည်က မျက်နှာနှစ်ခုကို သူမှတ်မိလိုက်သည်။ 


သူတို့က ကျိရှောင်နျန်နှင့်ဟယ်ရှောင်ရှောင်တို့ဖြစ်ကြပြီး “မင်္ဂလာပါ သရုပ်ဆောင်ရေ” ပြိုင်ပွဲအတွင်း တွေ့ဆုံခဲ့ကြသူများဖြစ်ကြသည်။ 


ဂျေ‌ဂျေစာပေမြို့တော်၏ နာမည်ကြီးစာရေးဆရာနှင့် “ကျိုးယန်ဧကရာဇ်” ၏ မူရင်းဖန်တီးသူဖြစ်သည့် လင်းချီကျင့်က ဇာတ်ညွှန်းဖတ်စဥ်တွင်ပါဝင်ခဲ့၏။ ရလဒ်အနေနှင့် ဒါရိုက်တာကို သူ့ကိုလေးလေးစားစား ဆက်ဆံကာ ရွေးချယ်ထားသည့်သရုပ်ဆောင်တစ်ယောက်ချင်းစီနှင့် သေချာအချိန်ပေး၍ မိတ်ဆက်ပေးသည်။ 


“ကျုပ်တို့ရဲ့ ခေါင်းဆောင်မင်းသမီးက ဒီနေ့မလာနိုင်ဘူး” ဒါရိုက်တာပြောလိုက်သည်။ 


“သူမကိုတော့ နောက်တစ်ခေါက်မှ မိတ်ဆက်ပေးတာပေါ့”


လင်းချီကျင့်ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ”


“တွေ့ကြပြန်ပြီနော်” နျန်ယွီယီ၏ မျက်စောင်းထိုးတွင်ထိုင်နေသည့် ဟယ်ရှောင်ရှောင်က ရွှတ်နောက်နောက်ဖြင့် မျက်စိမှိတ်ပြလာ၏။ “မတွေ့တာကြာပြီ”


“နှစ်ယောက်က အချင်းချင်းသိနေကြတာလား” စကားဝိုင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် ဒါရိုက်တာက ဝင်ရောက်ဆို၏။


 “ကောင်းတာပေါ့...ရှောင်ရှောင်က တတိယခေါင်းဆောင်မင်းသမီးနေရာယူထားတယ်...သူမက မင်းရဲ့ဇာတ်ကောင်ကို စွဲလမ်းနေတာလေ”


နျန်ယွီယီက ဟယ်ရှောင်ရှောင်ကို ရဲတင်းစွာတုံ့ပြန်လိုက်သော်လည်း မကြာခင်တွင် အာရုံများကို တစ်ဖက်သို့ လွှဲလိုက်သည်။ 


သို့သော် လင်းချီကျင့်က သူ့အားမသိမသာဖြင့် အထပ်ထပ်အခါခါကြည့်နေကာ ဇာတ်ညွှန်း၏ အချစ်ဇာတ်ကြောင်းကို ပြုပြင်ရန်သင့်မသင့်တွေးတောနေလေသည်။ 


ရိုက်ကူးရေးအဖွဲ့၏ ညစာစားပွဲတွင် အရက်များက လွတ်လွတ်လပ်လပ်စီးဆင်းနေ၏။ ဒါရိုက်တာက ဝိုင်နီနှင့်အဖြူ နှစ်မျိုးလုံးရော၍ တစ်ခွက်ပြီးတစ်ခွက်သောက်နေ‌သော်လည်း မမူးဘဲရှိနေသေးသည်။ ရံဖန်ရံခါတွင် ကျိရှောင်နျန်၏လက်ကိုကိုင်တတ်သေး၏။


“ရှောင်နျန်မှာ အလားအလာတွေအများကြီးရှိတယ်...ဒီဇာတ်လမ်းတွဲမှာ သူမကောင်းကောင်းသရုပ်ဆောင်နိုင်မယ် ဆိုရင် သူမရဲ့ကျော်ကြားမှုတွေပိုလာလိမ့်မယ်” 


ဒါရိုက်တာက ရှောင်နျန်၏လက်ကို ဘွင်းဘွင်းရှင်းရှင်းကိုင်၍ အသိအမှတ်ပြုလေသည်။ နျန်ယွီယီတစ်ချက်ကြည့်ကာ လျင်မြန်စွာဖြင့် အကြည့်လွှဲလိုက်သည်။ 


သူ နျန်ယွီယီအား ဘာကြောင့် ဤညစာစားပွဲကိုခေါ်လာမိခဲ့ကြောင်း လင်းချီကျင့် သူ့ကိုယ်သူသိချင်မိလာသည်။ 


သူ့ဝမ်းကွဲညီလေးနဲ့ သီးသန့်စားတာကမှပိုမကောင်းဘူးလား...။


နျန်ယွီယီ ထိုဒါရိုက်တာအကြောင်း ကောလဟလများကြားထား၏။ သမိုင်းဝင်ရုပ်ရှင်များဖြင့် ထူးချွန်သော်လည်း သူ၏ရာဂစိတ်များသည့်အပြုအမူများကြောင့် နာမည်ဆိုးဖြင့်တူညီစွာ နာမည်ကြီးသည့်သူဖြစ်သည်။ 


ပုံမှန်ဆိုလျှင် အဓိကသရုပ်ဆောင်တစ်ယောက်၏ လုပ်နိုင်စွမ်းရည်များကို သေချာစစ်ဆေးပြီးနောက် ဇာတ်ကောင် အသေးလေးများမှာမူ...မေးခွန်းထုတ်စရာကောင်းသည့်နည်းလမ်းများဖြင့် ရွေးချယ်ခြင်းခံရသည်။ 


နျန်ယွီယီ၏ ဇာတ်ကောင်ကတော့ အစတွင်ယွီစစ်ဟန်အပိုင်ဖြစ်သော်လည်း ပရောဂျက်အတွက် ငွေကြေးထောက်ပံ့မှုအများအပြားဖြင့် ငွေကြယ်ပွင့်သရုပ်ဆောင်ဖြစ်သည့် နျန်ယွီယီရောက်လာပြီး ဒုတိယခေါင်းဆောင်မင်းသား၏ ဇာတ်ကောင်ကို လုယူခဲ့သည်။ 


ယခုတွင် ဒါရိုက်တာ၏ ချဥ်းကပ်မှုများဖြင့် သိသိသာသာရင်းနှီးနေသည့် ကျိရှောင်နျန်ကတော့ ရယ်မောရင်း အခြေအနေကို ထိန်းထား၏။


“မင်္ဂလာပါသရုပ်ဆောင်” ပြိုင်ပွဲအတွင်း သူမ၏မာနထောင်လွှားခဲ့သည့် အပြုအမူနှင့် လုံးဝဆန့်ကျင်ဘက်ပင်။


စားပွဲ၏စကားဝိုင်းတွင် ပါဝင်လိုစိတ်မရှိသောကြောင့် နျန်ယွီယီက သူ၏ ရတနာရှစ်သွယ်ကြာစေ့စွတ်ပြုတ်အား တိတ်တဆိတ်နှင့်စားနေလိုက်သည်။ 


စားပွဲ၏စကားဝိုင်းက ဇာတ်ညွှန်းနှင့်ဇာတ်ကောင်အပြင်အဆင်များဆီသို့ ရောက်သွား၏။


သူမ၏ဇာတ်ကောင်နှင့် ဒုတိယခေါင်းဆောင်မင်းသမီးဇာတ်ကောင်နှစ်ခုလုံးမှာ ဇာတ်လမ်းထဲ၌အပေါ်ယံတွင် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ကြေကွဲဖွယ်ကောင်းသည့်ဇာတ်ကောင်များဖြစ်ကြောင်း ဟယ်ရှောင်ရှောင် ပြောနေသည်ကို နျန်ယွီယီကြားလိုက်သည်။ 


“ကြေကွဲဖွယ်ကောင်းတယ်? ငါတော့အဲ့လိုမမြင်ဘူး” ကျိရှောင်နျန် သရော်လာ၏။ “ဒုတိယခေါင်းဆောင်ဇာတ်ကောင်က အခွင့်ထူးခံရှိတဲ့နောက်ခံကနေလာတာလေ...သူမရဲ့အဆုံးသတ်က ကြေကွဲစရာပေမယ့် သနားဖို့ကောင်းတဲ့ဇာတ်ကောင်တော့မဟုတ်ဘူး”


“ဘယ်လိုထင်လဲ...ဒါရိုက်တာ”


“ကောင်းပြီ...ဇာတ်ကောင်တစ်ခုအ‌ပေါ်မှာ အထင်အမြင်တွေက ကိုယ်စီရှိကြတယ်...ဒါကြောင့်လည်း လူအမျိုးမျိုး၊ စိတ်အထွေထွေလို့ ဆိုကြတာပဲမလား” ဒါရိုက်တာက ကျိရှောင်နျန်နှင့်တစ်ဖက်တည်းမနေသလို၊ သူမကိုလည်း မထိပါးစေဘဲ ဟန်ချက်ညီအောင်ထိန်းပေးလိုက်၏။


နျန်ယွီယီ ရင်ဘတ်တွင် တင်းကြပ်ကြပ်ခံစားလာရသည်။ သီးသန့်အခန်းအပြင်ဘက်ကိုကြည့်ရင်း အပြင်ထွက်၍ လေကောင်းလေသန့်ရှူရန် ဆုံးဖြတ်လိုက်၏။


“ကျွန်တော် သန့်စင်ခန်းသွားဦးမယ်” နျန်ယွီယီက လင်းချီကျင့်ကို တီးတိုးပြောလိုက်၍ အခန်းထဲရှိ လူများကို ရှောင်ရှားကာ အခန်းထဲမှထွက်လာလိုက်သည်။ 


အပြင်သို့ရောက်သွားသောအခါ ဖိစီးနေသည့်ခံစားချက်များမှာ အများကြီးလျော့မသွားချေ။ အော်ဟစ်သံများဖြင့် စကားပြောသံကျယ်ကျယ်လောင်လောင်များမှာ သူ့နားထဲတွင် ပြည့်နေသေး၏။


စိတ်ညစ်ညူးစွာဖြင့် နျန်ယွီယီက သန့်စင်ခန်းတွင် မျက်နှာသစ်ရန်ဆုံးဖြတ်လိုက်သည်။ 


အနည်းငယ်ဟနေသည့် တံခါးကိုဖြတ်သွားချိန်တွင် လျင်မြန်သည့်အကြည့်တစ်ချက်က အထဲရှိ ယွီစစ်ဟန်ကို မြင်လိုက်ရ၏။


သူက တိုတုတ်ပြီးဝဖိုင့်သည့်လူဘေးတွင်ထိုင်နေကာ လက်ထဲသို့ အရက်ခွက်ကို အတင်းအကြပ် အထည့်ခံထားရပြီး စားပွဲတစ်ဖက်ရှိ ထိပ်ပြောင်နေသည့်လူအား ခွက်တိုက်ရန်လက်မြှောက်ထားသည်။ 


နျန်ယွီယီ၏အကြည့်များက အကြာကြီးစွဲငြိနေတာဖြစ်နိုင်သည်။ ယွီစစ်ဟန် အကြည့်စူးစူးကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ အပြင်တွင်ရပ်နေသည့် နျန်ယွီယီနှင့် အကြည့်ချင်းဆုံသွား၏။


ထိုအခိုက်အတန့်တွင် မနာလိုမှုများက ယွီစစ်ဟန်၏ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မည့်အလား ပြည့်လျှံလာသည်။ 


အကြည့်များဆုံသွားသောအခါ နျန်ယွီယီက အပြစ်ရှိသလိုခံစားရပြီး အကြည့်များကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။


သူ့ကိုယ်သူ နောက်ယောင်ခံလိုက်နေသည့်အလားခံစားရ၏။ ထို့ကြောင့် ထိုတံခါးနေရာမှာ လျင်မြန်စွာ ထွက်လာလိုက်သည်။ 


သန့်စင်ခန်းမှာ အများအားဖြင့် လူမရှိချေ။ နျန်ယွီယီက မျက်နှာသစ်၍ သူ့ကိုယ်သူလန်းဆန်းသွားအောင် လုပ်လိုက်၏။


သီးသန့်ခန်းထဲတွင် သူ့ကိုသိမ်ငယ်စေရန် ကျိရှောင်နျန်၏ရည်ရွယ်ချက်ရှိရှိကြိုးစားမှုများရှိ‌သော်လည်း ဟယ်ရှောင်ရှောင်ကတော့ ပျော်ပျော်ရွှင်ရွှင်နှင့် ဒါရိုက်တာအား ခွက်တိုက်ရန်ကမ်းလှမ်းနေသည်။ 


“ဒါရိုက်တာ...ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်” ဟယ်ရှောင်ရှောင် ထရပ်၍ပြောလိုက်သည်။ 


“အင်း...ဘယ်မှာရှိလဲသိတယ်မလား” 


“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်...ဒါရိုက်တာ” ဟယ်ရှောင်ရှောင်က မထွက်ခင် အားလုံးကို ပြုံးပြလိုက်သေး၏။


နျန်ယွီယီ သန့်စင်ခန်းမှထွက်လာသောအခါ ဟယ်ရှောင်‌ရှောင်နှင့်တိုးလေသည်။ 


“ခဏလေး...ကျွန်မတို့နောက်ဆုံးတစ်ခေါက်တွေ့ခဲ့တာတော်တော်လေးကြာသွားပြီ...အခုတော့ ပြန်တွေ့ပြီလေ...ကျွန်မကို နှုတ်မဆက်တော့ဘူးလား”


 ဟယ်ရှောင်ရှောင် ပြောလာ၏။ 


“ဒီည တွေ့ကြရင်ရော...ကျွန်မ ရှင်နဲ့ ဇာတ်ညွှန်းအကြောင်းအသေးစိတ်ဆွေးနွေးချင်တယ်”


“အဆင်မပြေပါဘူး” နျန်ယွီယီ ယဥ်ယဥ်ကျေးကျေးငြင်းလိုက်သည်။ “ကျွန်တော့်မန်နေ‌ဂျာက ညဘက် အပြင်ထွက်တာကို ကန့်သတ်ထားပါတယ်”


“ဒါဆိုလည်းကောင်းပြီလေ” အငြင်းခံလိုက်ရသည့်တိုင် ဟယ်ရှောင်‌ရှောင်က ကြော့ရှင်းစွာနှင့်တုံ့ပြန်လာသည်။ “နောက်တစ်ခေါက်မှတွေ့ကြတာပေါ့” 


ဟယ်ရှောင်ရှောင်က အမျိုးသမီးသန့်စင်ခန်းထဲသို့ ဝင်သွားသည်။ နျန်ယွီယီ ထွက်သွားရန်ပြင်လိုက်ချိန်တွင် ယွီစစ်ဟန်ချဥ်းကပ်လာသည်ကိုမြင်လိုက်ရ၏။


“ငါမင်းကိုပြောစရာရှိတယ်” ယွီစစ်ဟန်ပြောကာ နျန်ယွီယီ၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။ 


“ဒီမှာအဆင်ပြေတာပဲ” နျန်ယွီယီပြောလိုက်ကာ သူ့လက်ကိုတစ်ခုခုစွန်းထင်းသွားသည့်အလား ခါချလိုက်သည်။ 


“ဒီနေရာကအဆင်မပြေဘူး” ယွီစစ်ဟန်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ 


“ငါတို့နှစ်ယောက်လုံးက မီးရောင်အောက်မှာအမြဲရှိနေတာ...သည်အခြေအနေကို နှစ်ယောက်လုံးဓာတ်ပုံအရိုက်မခံကြမှန်း ငါသေချာသိတယ်” 


ခဏလောက်တွေးတောပြီးနောက် နျန်ယွီယီက သန့်စင်ခန်းထဲသို့ပြန်ဝင်ရန်ဆုံးဖြတ်လိုက်သည်။ 


နှစ်ယောက်သားနံရံကိုနောက်ထား၍ မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။ 


“ဘာများလဲ” နျန်ယွီယီက ယွီစစ်ဟန်၏အကြည့်များကို ရင်ဆိုင်ရန်မလိုလားသောကြောင့် ကြမ်းပြင်ကြွေပြားများကိုသာ ကြည့်ရင်း ပုံစံအကွက်များကို ရေတွက်နေလိုက်သည်။


“ရှဲ့မိသားစုနဲ့ကျ ပျူပျူငှာငှာရှိပြီး ငါနဲ့ကျ အဖက်မလုပ်ဖို့ဆုံးဖြတ်ထားတယ်ပေါ့” 


ယွီစစ်ဟန် မျက်မှောင်ကြုတ်ကာ မျက်လုံးများကနက်မှောင်သွားပြီးရက်စက်သည့်အရိပ်အယောင်များသမ်းလာသည်။ “နျန်ယွီယီ...ငါတို့က နောက်ခံတစ်ခုတည်းကလာတယ်ဆိုတာ မမေ့နဲ့”


“ရှဲ့မိသားစုကို ပျူငှာတယ်?” နျန်ယွီယီလှောင်ရယ်လိုက်သည်။ “ငါက ရှဲ့မိသားစုနဲ့ ပတ်သက်နေတာလား...ဒါမှမဟုတ်...ရှဲ့မိသားစုဝင်တစ်ယောက်လားဆိုတာ မင်းသတိမထားမိသေးဘူးလား”


“ဟိုးအရင်က မင်းမိဘမဲ့ဂေဟာကိုပြန်လာတာက ငါဟိုင်ရှီမှာအလုပ်လုပ်တာကို တားဖို့လား” 


“မင်းကိုကြည့်ရတာ စစ်မှန်နေတဲ့ပုံပေါ်ပေမယ့် ငါကရှဲ့မိသားစုရဲ့ ပျောက်ဆုံးနေတဲ့သားဆိုတာကို မင်းသိနေခဲ့တယ်မလား...အားလုံးက မင်းရဲ့ မာနဆိုတဲ့အရာကြောင့်ပဲ”


“ယွီစစ်ဟန်...မင်းနှလုံးသားက အဲ့တည်းက မည်းနက်နေခဲ့ပြီ” 


နျန်ယွီယီ၏ စကားလုံးတစ်လုံးချင်းစီတိုင်းက ယွီစစ်ဟန်အား စူးရှစွာထိခတ်သွားပြီး မျက်ဆံများပင် ကျုံ့သွားစေသည်။ 


“မင်းဒါတွေကို ဘယ်လိုသိတာလဲ”


ငါဒါတွေကိုဘယ်လိုသိတာလဲ...။


နျန်ယွီယီက ယွီစစ်ဟန်တို့ကြောက်ရွံ့စေရန် အများကြီးသိနေသကဲ့သို့ ဟန်ဆောင်ရန်ဆုံးဖြတ်လိုက်၏။


သို့သော် ထိုအချိန်တွင် ယွီစစ်ဟန်က စကားတစ်ခွန်းပြောလာသည်။ 


“မင်းလည်း ပြန်မွေးဖွားလာတာလား”


ပြန်မွေးဖွားတယ်?


နျန်ယွီယီက ပြောထွက်တော့မည့် စကားလုံးများကို ပြန်မျိုချလိုက်ပြီး မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ 


“ငါသိနေတယ်...မင်းရဲ့ သည်လောက်ချောမွေ့နေတဲ့ လမ်းကြောင်း‌နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုခုရှိမယ်ဆိုတာ ငါသိနေတယ်” ယွီစစ်ဟန် အရွဲ့တိုက်သည့်ပုံဖြင့် ရယ်လိုက်၏။ 


“ငါတို့ကမ္ဘာကြီးက စာအုပ်ထဲက ဇာတ်လမ်းတစ်ခုသာသာပဲဆိုတာ သိလား” 


“ငါက ဒီစာအုပ်ရဲ့ ဇာတ်လိုက်ပဲ...မင်းကရော? မင်းကဒီအတိုင်း နာမည်ဆယ်ခါလောက်တောင်ပေါ်မလာတဲ့ ဇာတ်ကောင်အသေးလေးတစ်ခုသာသာပဲ” ယွီစစ်ဟန်၏အသံမှာ နူးညံ့သွားပြန်၏။


 “ဟုတ်တယ်...ငါကဇာတ်လိုက်” 


သူစိတ်လွတ်သွားပြီလား...။


နျန်ယွီယီ ဘေးကင်းစေရန် အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။  


ယွီစစ်ဟန်ပြန်လည်မွေးဖွားလာလိမ့်မည်ဟု သူထင်မထားခဲ့ချေ။ ထို့ကြောင့်လည်း သူက ကွဲပြားနေတာပင်။ 


“နျန်ယွီယီ...ငါက ဒီစာအုပ်ရဲ့ ဇာတ်လိုက်ပဲ...အခုက နိမ့်ကျနေရင်တောင် ထပ်ပြီးထွန်းပေါက်လာဦးမှာ” ယွီစစ်ဟန် နျန်ယွီယီအနားသို့ တိုးလာသည်။ 


“ဇာတ်လိုက်?” နျန်ယွီယီစိတ်ထဲတွင် တစ်ခုခုပေါ်လာပြီး ရယ်လိုက်၏။ 


“ဒါက အဆုံးသတ်မရှိသေးတဲ့ ရေးလက်စ ဝတ္ထုတစ်ပုဒ်ပဲ...ဇာတ်ကြောင်းကမသေချာနေတဲ့အချိန်မှာ မင်းကဇာတ်လိုက်ပါလို့ ဘယ်လိုလုပ် သေချာပြောနိုင်နေတာလဲ” 


နျန်ယွီယီဆက်ပြောလိုက်သည်။ “သေချာတဲ့အဆုံးသတ်မရှိဘဲ ဇာတ်ကြောင်းကိုပြီးထားတာ...နောက်ဆုံး အဆုံးသတ်ကို ငါပြောင်းလို့ရတယ်” 


ဤစာအုပ်၏ မှတ်ချက်ပေးမှုများကို ဖတ်ကြည့်ဖူးသည်။ ဇာတ်လိုက်၏ တုနှိုင်းမမီသည့်ဇာတ်ကောင်ကြောင့် မကောင်းသည့်မှတ်ချက်များမှာ မရေမတွက်နိုင်အောင်ရှိရာ မူရင်းစာရေးသူကို ပျောက်ကွယ်သွားစေခဲ့သည်။ ဇာတ်လမ်းက ယွီစစ်ဟန်နှင့် ယွီမိသားစုတို့ လူကုံထံအထက်တန်းအဆင့်သို့ ရောက်သွားသည့်အချိန်တွင် ရပ်တန့်နေခဲ့၏။ 


ယွီစစ်ဟန်၏ဘဝက ဤဘဝတွင်ဘာကြောင့်ဆိုးဝါးနေရသလဲကတော့....။


နျန်ယွီယီ သည်ကမ္ဘာကိုရောက်လာတာက ယွီစစ်ဟန်ရဲ့ ဇာတ်လိုက်အရှိန်အဝါတွေကို ဖယ်ရှားပစ်လိုက်တာလား...။


“မဖြစ်နိုင်ဘူး” ယွီစစ်ဟန် လက်ကိုပြင်းပြင်းခါလိုက်ရင်း နားများကိုအုပ်ကာ နားထောင်ရန် ငြင်းဆန်နေ၏။


“အရင်ဘဝက မင်းအစ်ကိုကိုမသန်မစွမ်းဖြစ်သွားစေခဲ့တဲ့ ကားမတော်တဆမှုကို မင်းကြိုးကိုင်နေတုန်းက ဒီလိုအချိန်ကို တွေးမိခဲ့လား” 


နျန်ယွီယီ မကျေနပ်မှုများကို ခံစားလာရ၏။ 


“ ဖျော်ဖြေရေးနယ်ပယ်မှာ ထိပ်ဆုံးကိုရောက်ဖို့ ငါ့ဘဝကိုချနင်းခဲ့တုန်းကရော...ဒီလိုဖြစ်လာမှာ သိခဲ့လား” 


“မင်း...မင်းဘယ်လိုလုပ်သိတာ...” ယွီစစ်ဟန်၏မျက်လုံးများက ဂဏာမငြိမ်ဖြစ်နေကာ နျန်ယွီယီ၏ အကြည့်များကို ရှောင်ရှားနေ၏။


“မင်းသိသွားတဲ့နည်းလမ်းက ငါနဲ့တစ်ပုံစံတည်းပဲ”


ထိုအချိန်တွင် သန့်စင်ခန်းအပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။ 


နျန်ယွီယီ ခေါင်းစည်းသတင်းတွင်မပါချင်သလို လက်ညှိုးထိုးစရာမဖြစ်ချင်သောကြောင့် စုတ်သပ်လိုက်သည်။ သူက ယွီစစ်ဟန်အရှေ့မှဖြတ်လျှောက်၍ ထွက်လာလိုက်သည်။ 


“ဘာတွေကြာနေတာလဲ” သန့်စင်ခန်းသို့ရောက်လာသူက လင်းချီကျင့်ဖြစ်ပြီး နျန်ယွီယီကို လာရှာခြင်းဖြစ်သည်။ 


ဟယ်ရှောင်ရှောင် သန့်စင်ခန်းမှပြန်လာပြီးနောက် နျန်ယွီယီကို မတွေ့သောကြောင့် လင်းချီကျင့်အား မေးမြန်းခဲ့သည်။


ထို့ကြောင့်ပင် နျန်ယွီယီနှင့်လင်းချီကျင့်တို့ သန့်စင်ခန်းအဝင်ဝတွင် တွေ့သည့် အခိုက်အတန့်ဖြစ်လာခြင်းပင်။(လာရှာတာ) 


“အာ...ပြိုင်ဘက်ဟောင်းတစ်ယောက်နဲ့တွေ့နေလို့” 


“ပြိုင်ဘက်?”မည်သူလဲသိချင်သောကြောင့် လင်းချီကျင့် လည်ဆန့်၍ကြည့်လိုက်သည်။ “သူတို့ ပြဿနာရှာသွားသေးလား” 


“မပေးပါဘူး” နျန်ယွီယီ မသက်မသာဖြစ်မှုများကို အသက်ရှူထုတ်၍ပြောလိုက်သည်။


 “သွားရအောင်” 


“ကောင်းပြီ”


နှစ်ယောက်သား ဘေးချင်းကပ်လျှောက်၍ သူတို့၏သီးသန့်ခန်းဆီသို့ ပြန်လာလိုက်သည်။ ယွီစစ်ဟန်ကတော့ ‘ငါကဇာတ်လိုက်’ဆိုသည့် စိတ်ကူးယဥ်ထဲတွင် နစ်မြုပ်နေပြီး ထောင့်တစ်နေရာတွင် တစ်ယောက်တည်းကျန်နေခဲ့လေသည်။


သို့သော် ထိုအိပ်မက်က နျန်ယွီယီ၏ အညှာအတာမဲ့စွာ ဖြိုခွဲခြင်းခံလိုက်ရပြီး သွေးစိမ်းရှင်ရှင်ကျနေသည့် လက်တွေ့ကိုဖော်ပြလာသည်။ 


သူ၏ယခင်ဘဝတွင် ယွီမိသားစုနှင့်ဖန်မိသားစုတို့ကြား စီးပွား‌ရေးပူးပေါင်းမှုတစ်ခုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ ထို့နောက်.....။


သူတို့မိသားစု၏ ချမ်းသာကြွယ်ဝမှုများမှာ တဟုန်ထိုးမြင့်တက်သွားခဲ့ပြီး အထက်တန်းလွှာများကြားတွင် နေရာတစ်ခု ခိုင်ခိုင်မြဲမြဲဖြစ်လာခဲ့သည်။ အရာအားလုံး ပြီးပြည့်စုံပုံပေါ်နေခဲ့၏။သို့သော် တစ်နေ့တွင် ရုတ်တရက် ယွီမိသားစုတောင်းဆိုခဲ့သည့် သဘောတူညီချက်များမှာ မလိုတမာစိတ်ဖြင့်အတားအဆီးဖြစ်သွားကာ ဖန်မိသားစုက စီးပွားရေးလက်တွဲမှုအားလုံးကို ဖြတ်တောက်ခဲ့သည်။ 


ငရဲမှ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းက အချိန်ကြာသော်လည်း ကောင်းကင်ဘုံမှ ငရဲသို့ ကျဆင်းရခြင်းကတော့....စက္ကန့်အနည်းငယ်သာကြာ၏။


သိပ်မကြာခင်တွင် ယွီမိသားစုမှာ ဒေဝါလီခံရကြောင်း ကြေညာလာခဲ့သည်။ 


သူတို့၏‌‌ငွေကြေးပျက်စီးဆုံးရှုံးရသည့်နောက်ကွယ်မှ အကြောင်းအရင်းကို သူရှာတွေ့သွားချိန်တွင် ခါးခါးသီးသီး ရယ်မောရင်း ပြိုလဲရတော့၏။


နျန်ယွီယီက တကယ်တမ်းတွင် ရှဲ့မိသားစု၏ သားငယ်ဖြစ်နေလေသည်။ 


သူနှင့် ကိုယ်ထည်ချင်းတူသည့် နျန်ယွီယီအား သူ့ကိုယ်ပိုင်ကျော်ကြားမှုများကို တိုးမြင့်ရန် အစားထိုးအဖြစ် အသုံးချခဲ့ပြီး နောက်ဆုံးတွင် နျန်ယွီယီမတော်တဆမသေဆုံးသွားခဲ့၏။ ရှဲ့မိသားစုက စုံစမ်းစစ်ဆေး၍ ဝမ်းနည်းကြေကွဲပြီးနောက်တွင် သူတို့၏ဒေါသများကို သူ့ဆီသို့ တိုက်ရိုက်ပုံချလာခဲ့သည်။ 


ဘာလို့ငါ့အပြစ်လဲ...။


နျန်ယွီယီကို ပျောက်သွားခဲ့တာက ရှဲ့မိသားစုလေ...သူ့အစားထိုးလုပ်နေတုန်း နျန်ယွီယီသေသွားတာကို ဘာလို့ငါ့ကိုအပြစ်တင်ကြတာလဲ...။


ဘာလို့လဲ....ဘာလို့လဲ....။


.......


🫶



[EDIT/N မူလနျန်ယွီယီက သူက ရှဲ့မိသားစုရဲ့သားမှန်းမသိရသေးခင်မှာ သေသွားခဲ့ပြီးတော့ ယွီစစ်ဟန်ကတော့သိနေခဲ့တယ် 

ဒီဘဝမှာ သူပြန်မွေးဖွားလာတော့ ရှဲ့မိသားစုနဲ့ မဆုံရအောင်ဟန့်တားချင်တာကြောင့် သူအကောက်ကြံခဲ့တာပါ ကလေးဘဝရဲ့ မကျေနပ်ချက်တစ်ခုထဲကို သယ်ဆောင်လာတာမဟုတ်ပါဘူး ]