Chapter - 61
(အကျပ်ကိုင်ခံရခြင်း....)
ကျောင်းမြန်သည် ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကို မြင်ရချိန်တွင် သူ၏နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေတော့သည်။
နောက်ဆုံး မတော်တဆမှုဖြစ်ပြီးနောက်၊ ဟီဂူရာရှီမြို့သည် လူသူ လုံးဝကင်းမဲ့သောမြို့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အဆောက်အအုံတွေရှိနေပေမယ့် နေထိုင်သည့် လူများကတော့ မရှိပေ။
ပင်လယ်ဓားပြများ မြို့ကို လုယူသည့်အချိန်တွင် ဟီဂူရာရှိမြို့ ပျက်စီးသွားသည်ကို လူတိုင်းသိကြပေမယ့် အသေးစိတ်ကိုတော့ ဘယ်သူမှ မသိကြပေ။ ထို့ကြောင့် ဟီဂူရာရှိမြို့၏ အမှန်တရားသည် ပဟေဠိတစ်ခုဖြစ်လာခဲ့သည်။
ပင်လယ်ဓားပြများ၏ မျက်စိကျခံရသော မြို့သည် လူအများအပြားသေဆုံးသွားပြီး အကြီးအကျယ် ပျက်စီး ဆုံးရှုံးသွားလျှင်တောင်မှ တစ်မြို့လုံးသည် နေ့ချင်းညချင်း မသေဆုံးနိုင်ပါဘူး။ပင်လယ်ဓားပြများသည် သေဆုံးနိုင်သည့်အရာများကို မစုဆောင်းဘဲ ရိက္ခာများနှင့် အလှတရားများကိုသာ လိုချင်ကြသည်။
သို့သော် ပိုထူးဆန်းသည်မှာ ဟီဂူရာရှီမြို့၏ သဲလွန်စများအရ လုယက်မှုများကြောင့် ထွက်ပြေးမှုများ သို့မဟုတ် စစ်ပွဲ လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကိုသာ ပြသခဲ့သည်။
တစ်နည်းဆိုရသော် ဟီဂူရာရှီမြို့မှလူများသည် နေ့ချင်းညချင်း ပျောက်ကွယ်သွားကြသည်။ တစ်စုံတစ်ဦးမှ သွားရောက်စစ်ဆေးသည့်အခါ အချို့သော အိမ်များရှိ အိုးများသည် ပူနေသေးသည်ဟု ဆိုကြသည်။
ထို့ကြောင့် ဟီဂူရာရှီမြို့သည် ထိုအချိန်မှစ၍ ဒဏ္ဍာရီများ... သဘာဝလွန်ပုံပြင်များစွာရှိခဲ့ပြီးလျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ကျောင်းမြန်သည် အပြင်ဘက်တွင် ဟောင်းနွမ်းနေပြီး လူသူကင်းမဲ့နေသောကြောင့် ပျက်စီးနေသည့် အဆောက်အအုံများ၊ နံရံများနှင့် လမ်းများကို ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်ကို လှမ်းကြည့်ကာခေါင်းကိုသာ ခါယမ်းလိုက်သည်။
ထိုကဲ့သို့ ဗလာဖြစ်နေသောမြို့သည် သဘာဝလွန်ဇာတ်လမ်းများအတွက် အလွန်သင့်လျော်သော နေရာတစ်ခုဖြစ်သည်။
ပင်မတိုက်ပွဲဝင်သင်္ဘောသည် ခေတ္တမျှ ပျံဝဲနေပြီး လမ်းကြောင်းရှာဖွေရေးလေယာဉ်သည် အန္တရာယ်ကင်းကြောင်း စစ်ဆေးပြီးနောက် ကျန်ရှိနေသည့် ဟီဂူရာရှီမြို့၏ ဆိပ်ကမ်းသို့ ဆင်းသက်လာခဲ့သည်။
"အာ့မြန်"
ကျောင်းမြန် အံ့သြသွားပြီး တံခါးနားတွင် ပြုံးပြုံးကြီး ရပ်နေသည့် ချင်းယင်အား တွေ့လိုက်ရသည်။
"လာလေ....လမ်းလျှောက်ကြရအောင်"
ကျောင်းမြန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အနက်ရောင် ဝတ်ရုံကို ဆွဲစိကာ ချင်းယင်နှင့်အတူ စစ်သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။
ပင်လယ်ဓားပြများသည် အခြေချနေထိုင်ရန်အတွက် ဘေးကင်းရန် စစ်ဆေးခြင်း၊ သင်္ဘောများကို စစ်ဆေးခြင်း၊ တဲများတည်ဆောက်ခြင်းတို့ ပြုလုပ်နေကြသည်။
ချင်းယင်နှင့်ကျောင်းမြန် တို့သည် လူသူကင်းမဲ့နေသော လမ်းမပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။
ထိုအချိန် ချင်းယင်သည် ပြုံးကာ မေးလိုက်သည်။
"ကြောက်နေတာလား"
ကျောင်းမြန် ခေါင်းယမ်းလိုက်သည်။
"အို့...."
ချင်းယင်သည် မျက်ခုံးပင့်လိုက်သည်။
ကျောင်းမြန်သည် သူ့အား တစ်ဖန်ပြန်ထောက်ပြပြီး ခပ်ဖွဖွပြောလိုက်သည်။
"မင်းကမှ ကြောက်သင့်တာ..."
"ငါက ဘာလို့ကြောက်ရမှာလဲ"
ချင်းယင် လှောင်ရယ်လိုက်ပြီး ပြန်ပြော၏။
"ငါ မကြောက်ရုံတင်မကဘူး ငါ အရမ်းသဘောကျနေတာ.."
"သဘောကျတယ်လား..."
"ဒါပေါ့....ငါကြိုက်တယ်...ဘာလို့လဲဆိုတော့...."
ချင်းယင် ခဏရပ်လိုက်ပြီး ပြောလိုက်သည်။
"ထားပါ....ဒီအကြောင်းတွေ ဆက်မပြောနဲ့တော့....မင်းအဆင်သင့်ပြင်ထားလိုက်တော့.."
ချင်းယင်ဟ ခေါင်းကို အနည်းငယ်ငုံ့ပြီး ပြော၏။
"ဒီည တိုက်ရိုက်ထုတ်လွှင့်ဖို့ ပစ္စည်းတွေ ဆင်မှာဆိုတော့.... မင်းရဲ့ကတိကို မဖျက်ဖို့တော့ ငါမျှော်လင့်ပါတယ်"
ကျောင်းမြန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းလာသည်။ အနီရောင်အရိပ် လှည့်ထွက်သွားပြီးနောက် ကျောင်းမြန်သည်
ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ကြည့်လိုက်သည်။ သူတို့ကားရပ်သည့်နေရာသည် ပွင့်လင်းမြင်သာသော အဆောက်အအုံဖြစ်သည်။ ဆိုင်းဘုတ်ကို ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားသော်လည်း ပေါင်မုန့်ပုံသဏ္ဍာန်ကို ယောင်ဝါးဝါးမြင်နေရဆဲဖြစ်သည်။
ဤနေရာသည် ကျောင်းမြန် ပထမဆုံးအလုပ် လုပ်ဖူးသည့် အလုပ်နေရာဖြစ်သည်။ ကျောင်းမြန်သည် ဟင်းချက်ခြင်း နှင့် အချိုပွဲများ ပြုလုပ်ခြင်းတွင် ကျွမ်းကျင်ပြီး တစ်မြို့လုံးကို လှည့်ပတ်ပြီး သင်ယူခဲ့သည်။ သူမှတ်မိနေသေးသည်.....သူ၏ပထမဆုံးအလုပ်သည် မုန်ဆိုင်၏ မုန့်ဖုတ်ရာတွင် ကူလုပ်ပေးရခြင်းဖြစ်သည်။ ဖိသိပ်ထားသော ပေါင်မုန့်သည် လူကြိုက်များသော်လည်း ဤမြို့ငယ်လေးမှ လက်လုပ်မုန့်ပူပူလေးများကို လူများက ပို၍နှစ်သက်ကြသည်။
ကျောင်းမြန်၏ မျက်လုံးများ အရောင်ဖျော့သွားကာ ရပ်ထားသည့် စစ်သင်္ဘောဆီသို့ ထွက်သွားသည့် ချင်းယင်နောက်သို့ အမီလိုက်သွားခဲ့သည်။
ညသည် မြန်မြန်ရောက်လာခဲ့သည်။
ခါတိုင်းလိုပင် နေရာသစ်ကို ရောက်တိုင်း ချင်းယင်သည် အဲဒီညတွင် ဧည့်ခံပွဲလုပ်ပေးလေ့ရှိသည်။ ဒါသည် ပင်လယ်ဓားပြများ၏ ဓလေ့တစ်ခုဖြစ်သည်။ ထိုအချိန်တွင် ပင်လယ်ဓားပြများသည် အသားကင်စားရန် ကမ်းခြေတွင် စုရုံးကြပြီး ထူထပ်သော မီးခိုးများ ကောင်းကင်သို့ တက်လာကြသည်။ ဘေးဘက်တွင် အတော်အသင့်မြင့်သော ယာယီစင်တစ်ခု ဆောက်ထားသည်။
ချင်းယင်သည် ထိုစင်အားကြည့်ကာ သူ၏လက်ထောက်အား မေးလိုက်သည်။
"ယွီယင် ဘယ်မှာလဲ.."
ခဏအကြာတွင် လက်ထောက်သည် အနည်းငယ်ကြည့်ရဆိုးသောမျက်နှာဖြင့် ပြန်ရောက်လာသည်။
"သခင်လေးယွီယင်းက.... အခန်းထဲမှာလည်း မရှိပါဘူး....သင်္ဘောပေါ်မှာလည်း မရှိပါဘူး"
"ဒါဆို မင်းမှာရှိသမျှ အင်အားသုံးပြီး သူ့ကိုရှာလေ"
ချင်းယင်၏မျက်နှာသည် ပို၍ရုပ်ဆိုးလာသည်-
"ငါ မယုံဘူး... ဒီလောက် လူတွေ အများကြီးဝိုင်းထားတဲ့ ငါတို့ရဲ့ အခြေစိုက်စခန်းကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ၊ ကင်းမျှော်စင်မှာရှိတဲ့ လူတွေက မျက်စိကန်းနေကြတာလား"
"ဟုတ်...!"
လက်ထောက်သည် ဒီကိစ္စအား အလေးအနက်ထားပြီး မနှောင့်နှေးဝံ့ပေ။ သူသည် လူများကို ရှာဖွေရန် ချက်ချင်း ဆင့်ခေါ်ခဲ့သည်။ စားသောက်ပွဲ မကျင်းပဖြစ်တော့ဘဲ ပွဲတော်ကြီးသည် ရုတ်ခြည်းအဆုံးသတ်သွားကာ လူတိုင်းက ရှာဖွေမှုမှာ ပါဝင်ရန် အားစိုက်ထုတ်ခဲ့ကြသည်။
နောက်တစ်ခုရှိသည်မှာ ဟီဂူရာရှီမြို့သည် မသေးငယ်သည့်အတွက် သူ့ကိုရှာရန် အချိန်ယူရမည်ဖြစ်သည်။
အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသော်လည်း သူတို့ရှာနေသည့် ကျောင်းမြန်သည် ထွက်မပြေးဘဲ ချင်းယင်၏ အခန်းထဲတွင် ရှိနေခဲ့သည်။
"ဝိုး..."
ကျောင်းမြန်သည် ဗီဒိုကို ဖွင့်လိုက်ပြီး အဆိပ်ဖြေဆေးကို ရှာဖို့ ကြိုးစားနေစဉ်အတွင်း လှည့်ပတ် ကြည့်နေမိသည်။ တိုက်ရိုက်မလွှင့်မီ ဤအရေးကြီးသောအချိန်တွင် သူ "ပျောက်" သွားခဲ့ပါက ချင်းယင်သည် အလွန်ဒေါသထွက်ကာ သူထွက် ပြေးသွားသည်ဟုသာ ယူဆလိမ့်မည်။ ထို့ကြောင့် ချင်းယင်သည် ဟီဂူရာရှီမြို့ကို ပိတ်ဆို့ပြီး နေရာတိုင်းကို ရှာဖွေရန် လူများကိုစေလွှတ်လိမ့်မည်ဟု သူတွက်ဆခဲ့သည်။
ထို့ကြောင့် အာ့ခီ၏ အခန်းသည် ဝှက်ဖဲဖြစ်သည်။
ကျောင်းမြန်သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး စိတ်ထဲက ထင်နေသည့်အတိုင်းရှာဖွေနိုင်ရန် အခွင့်အရေးရခဲ့သည်။
မဖြစ်နိုင်ဘူး...
ကျောင်းမြန်သည် ဗီရိုအားလုံးကို ရှာဖွေခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ပေ။
သူ တစ်ချက်ထပ်ကြည့်လိုက်သည်။
အိပ်ရာလား....!ဟုတ်လောက်မယ်...!
ကျောင်းမြန် အိပ်ရာခင်းများကို ဖယ်ကာ ခေါင်းအုံးကို ဆွဲချွတ်လိုက်သည်။
"ဟင်....!"
ကျောင်းမြန် အံ့ဩသွားသည်။
ချင်းယင်၏ ခေါင်းအုံးအောက်တွင် ဓာတ်ပုံ သေးသေးလေးတစ်ပုံရှိနေသည်။ဓာတ်ပုံထဲမှလူသည် ငွေပြာရောင်ဆံနွယ်များနှင့် နူးညံ့သည့်အပြုံးတစ်ခုရှိနေသည်။
ကျောင်းမြန်သည် ထိတ်လန့်မှုကြောင့် ကုတင်ပေါ်တွင် ထိုင်နေမိသည်။
ချင်းယင်...
ထိုမှသာ ကျောင်းမြန်တစ်ခုခုကို သဘောပေါက်သွားသည် ။ ချင်းယင်သည် သူ့ကို သစ္စာဖောက်ပြီး သူတို့၏ ကတိကို ဖျက်ပစ်သောကြောင့် သူ့အပေါ် လုံးလုံး စိတ်ဆိုးသည်ဟု အမြဲထင်ခဲ့မိသည်။ သို့သော် စီဆဲလ်နှင့် အချိန်အနည်းငယ်ကြာ နေခဲ့ပြီးနောက် ဒီဓာတ်ပုံကိုမြင်လိုက်ရချိန်တွင်မှ ကျောင်းမြန် နားလည်သွားတော့သည်။
"ဘန်း...!"
ကျောင်းမြန်သည် အခန်းတံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်လိုက်သည်ကို တွေ့လိုက်ရသောအခါ အိပ်ရာမှထလာခဲ့သည်။
"မမျှော်လင့်ထားဘူး..."
ချင်းယင်အနားက လက်ထောက်သည် ခေါင်းခါပြီး ပြော၏
"ဘော့စ်ရဲ့ ခန့်မှန်းချက်က မှန်တာပဲ..."
သူ့နောက်တွင် လုအုပ်ကြီးရှိနေလေသည်။
ဝှစ်..!!!
ကျောင်းမြန်သည် တုံ့ဆိုင်းမနေဘဲ ပြတင်းပေါက်မှ ချက်ခြင်း ခုန်ဆင်းကာ မနက်အစောကြီးမှ ပြင်ဆင်ထားသည့် လေယာဉ်ဆီသို့ နေရာမှ အပြေးထွက်သွားခဲ့သည်။
"သူ့ကိုလိုက်!"
ကျောင်းမြန်သည် လေယာဉ်ဖြင့် ဟီဂူရာရှီမြို့မှ ထွက်ခွာရန် ဆိပ်ကမ်းဆီသို့ အပြေးအလွှားသွားရန် ကြိုးပမ်းခဲ့သော်လည်း နောက်မှ လိုက်လာသည့် လူများကို မရှင်းထုတ်နိုင်ပေ။ ထိုနေရာတွင် လူပိုများလာရုံသာမက သူ့ကိုလည်း ဝိုင်းထားကြသည်။ထို့ကြောင့် သူသည် အံကြိတ်ကာ စောင့်ကြည့်ကင်မရာကို စိုက်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုဖမ်းပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ အတင်းအကြပ် လုပ်ရန် ဖိအား အပေးမခံချင်သော်လည်း သူ့တွင် လွတ်လမ်းမရှိပေ...မဟုတ်လျှင် သူသည် ချင်းယင်နှင့် 'အတူတူ' ဖြစ်သွားလိမ့်မည်။
ကျောင်းမြန်သည် အသက်ပြင်းပြင်းရှူကာ အရှိန်မြှင့်လိုက်ပြီး စက်ဆီသို့ ဦးတည်သွားပြီး အောက်ခြေကိုနင်းကာ ချင်းယင်၏ လေယာဉ်ဆီသို့ တိုက်ရိုက်သွားကာ လက်ကိုင်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
ဘန်း....!ဒုန်း...!
လေယာဉ်ထဲမှ အနီရောင်အရိပ်သည်လည်း လန့်သွားသည်။
ကျောင်းမြန် ရူးသွားတာလား...!
ကျောင်းမြန်သည် လေယာဉ်ကို ထိန်းချုပ်လိုက်ပြီး ချင်းယင်၏ လေယာဉ်ကို တိုက်ခိုက်လိုက်သည်။ ပြိုင်ဘက်၏ လေယာဉ်ကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး တိုက်ခိုက်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လေယာဉ်သည် အရည်အသွေးမြင့်သောကြောင့် မပေါက်ကွဲခဲ့ပေ။ ထူထဲသော အနက်ရောင် မီးခိုးများသာ ထွက်လာခဲ့သည်။
ဤကဲ့သို့ တိုက်မိပြီးနောက် လေယာဉ်အင်ဂျင်များ မလည်ပတ်နိုင်တော့ပေ။ လေယာဉ်က အောက်ကို ပြုတ်ကျနေချိန်မှာပင် ကျောင်းမြန်သည် ကွဲအက်နေသည့် ရှေ့လေကာမှန်ကို ဖြတ်ပြီး ချင်းယင်၏ လေယာဉ်ပေါ်သို့ ခုန်ချသွားလေသည်။
ကျောင်းမြန်၏ လှုပ်ရှားမှုများသည်အကွက်စေ့ကာ မြန်ဆန်ပြီး ရက်စက်သည်။ ချင်းယင်မှ မတုံ့ပြန်နိုင်ခင် ကျောင်းမြန်သည် သူ့ရှေ့သို့ ပြေးသွားပြီး သူ့လည်ပင်းအား လက်မောင်းနှင့် ချုပ်ကာ နားထင်ကို သေနတ်ဖြင့် ချိန်လိုက်သည်။
ချင်းယင် ဒဏ်ရာရသွားသည့်အတွက် ကျောင်းမြန် က သူ့ကို အနိုင်ယူလိုက်နိုင်ခြင်းဖြစ်သည်။ဤသည်မှာ ကျောင်းမြန်၏ တိကျသော တွက်ဆမှုလည်း ဖြစ်သည်။ချင်းယင်သည် သူ့ရင်ဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရှိနေသေးသဖြင့် သူ၏ တုံ့ပြန်မှုသည် ယခင်ကထက် ပိုပြီးကောင်းမလာတော့ပေ။ ထိုသို့ ကစားပွဲတွင် တစ်ချက်မှားသွားသည်နှင့် ကျားရဲဘဝမှ သိုးငယ်လေးအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
"ကလစ်.."
လေယာဉ်သည် မြေပြင်သို့ ကျရောက်ခါနီးအချိန်တွင် လေထီးကို အချိန်မှီဖွင့်နိုင်ခဲ့သည်။ ကံကောင်းသည်မှာ အင်ဂျင်ပျက်စီးသွားသော်လည်း လေထီးသည် အကောင်းအတိုင်းရှိနေဆဲဖြစ်သည်။
"ဒီကိုမလာကြနဲ့!"
လေယာဉ်သည် ချောက်ကမ်းပါးအစွန်းတွင် ဆင်းသက်သွားခဲ့ပြီး ကျောင်းမြန်သည် ချင်းယင်ကို ခေါ်ကာ လေယာဉ်ထဲမှ ထွက်လာခဲ့သည်။
သူသည် ချင်းယင်၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ညှစ် ထားပြီး နောက်တစ်ဖက်က သေနတ်တစ်လက်ကို ကိုင်ထားကာ ဆို၏။
"ဒီကို လာခဲ့ရင် မင်းတို့ရဲ့ဘောစ့်ကို သေနတ်နဲ့ တစ်ချက်တည်း ပစ်သတ်လိုက်မယ်!"
အောက်မှ ပင်လယ်ဓားပြများက အံ့အားသင့်သွားကြသည်။
ယွီယင်က ဘုရင်မ မဟုတ်ဘူးလား..! ဘာတွေဖြစ်နေတာလဲ....!
ချင်းယင်၏ လက်ထောက်သည် ရှုံ့တွနေသော မျက်နှာဖြင့် ရှေ့သို့ လျှောက်သွားသည်။
"သခင်လေးယွီယင်...ခင်ဗျားရည်ရွယ်ချက်က ဘာလဲ"
ဒီလိုအချိန်မှာတောင် လက်ထောက်သည် ချင်းယင်နှင့် သူ၏ ဒေါသကို ကောင်းကောင်းနားလည်သည့်အတွက် "သခင်လေး" နှင့် "ခင်ဗျား" ဆိုပြီး သုံးနေဆဲဖြစ်သည်။
"ငါ့ကို ထားခဲ့"
ကျောင်းမြန် ဆက်ပြောလိုက်သည်။
"ပြီးရင် ချင်းယင် ကို ခေါ်ပြီး ထွက်သွား၊ ငါ့အတွက် လေယာဉ်တစ်စီး ပြင်ပေး ”
"ခွီး......"
ချင်းယင် ရုတ်တရက် ရယ်လိုက်သဖြင့် ကျောင်းမြန် စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ အညံ့ခံရပြီးသည့်တိုင် ချင်းယင်၏ ထူးခြားသော အပြုံးသည် သူ့အတွက် မွန်မြတ်သည့်ပုံပေါက်နေသေးသည်။
"အာ့မြန်ရယ်....အာ့မြန်..."
ချင်းယင် ခေါင်းယမ်းလိုက်သည်။
"မလှုပ်နဲ့"
ကျောင်းမြန်သည် ချင်းယင်၏ နားထင်ကို သေနတ်ဖြင့် အေးစက်စွာ ဖိလိုက်သည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စူးရှသော ဥဩဆွဲသံသည် ကောင်းကင်ယံတစ်ခွင်ကို ပျံ့နှံ့သွားသည်။ကောင်းကင်တစ်ဝက်သည် ဖက်ဒရေးရှင်းစစ်သင်္ဘောကြီး၏ မီးရောင်များဖြင့် လင်းထိန်နေသည်။
"..ဖက်ဒရယ်စစ်တပ် လာနေပြီ!"
"ငါတို့ ဒီကိုရောက်နေတာ ဘယ်လိုသိသွားတာလဲ"
ညကောင်းကင်တွင် ရှိနေသည့် ကြယ်များကို သေသပ်စွာ ဒီဇိုင်းဆင်ထားသည့် လေယာဉ်များဖြင့် အစားထိုးခဲ့သည်။ ကျောင်းမြန်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူ ပြုံးလိုက်သည်... သူတို့စောစောရောက်လာတာ ပိုကောင်းပါသည်။ သူအကူအညီတောင်းခဲ့လို့ အလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ထိုရိုးသားပြီး ပျော်ရွှင်သော အပြုံးသည် ချင်းယင် ၏ မျက်လုံးများမှ လွတ်မသွားပေ။ သူ့ မျက်လုံးကို မှိတ်ထားလိုက်သည်။
"ဟား..."
အရင်တုန်းက ပင်လယ်ဓားပြသင်္ဘောများတွင် လျှို့ဝှက်အေးဂျင့်များရှိနေခဲ့သော်လည်း သတင်းမပြန့်သလို ပင်လယ်ဓားပြများ၏ ခြေရာများကိုလည်း ဘယ်တော့မှ ထုတ်ဖော်မည် မဟုတ်ပါ။ ချင်းယင်သည် ကျောင်းမြန်နှင့် လျှို့ဝှက်အေးဂျင့်တို့ ပူးပေါင်းကာ သတင်းပေးခဲ့မှန်း မသိလိုက်ခဲ့ပေ။ ပင်လယ်ဓားပြများအပေါ် နားလည်ပေးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူ့(ကျောင်းမြန်) အပေါ်ထားသည့် သည်းခံနိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ဒါသည် ဘာမှ အရေးမကြီးတော့ပါ။ ဒီနေ့၏ အဖြစ်မှန်သည် ပင်လယ်ဓားပြများ ဇာတ်သိမ်းသွားပြီဖြစ်သည်။
ပင်လယ်ဓားပြများသည် ဖက်ဒရယ်စစ်တပ်၏ ဝိုင်းရံပြီး နှိမ်နင်းခြင်းခံရပါက ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရမည်ဖြစ်သည်။
"အာ့မြန်..."
ချင်းယင်သည် ပြုံးပြုံးလေးဖြင့် ပြော၏။
"ငါ့ကို လောကကြီးက နတ်ဆိုးကောင်...ဖယ်ဒရယ်အစိုးရရဲ့ ဖမ်းဆီးခံရပြီး...တရားရုံးက သေဒဏ်ချခံရသင့်တယ်လို့ ထင်နေကြတယ်...ဒါပေမယ့် အဲ့ဒါက ငါအမုန်းဆုံးအရာပဲ....ဘယ်လို သေရမှာလဲ..!ကိုယ်..အဲ့ဒီ့ ထူးဆန်းတဲ့ ဥပဒေအရာရှိတွေရဲ့ သေနတ်သံတွေအောက်မှာ မသေချင်ဘူး..."
ကျောင်းမြန် အံ့ဩသွားသည်။
"ကိုယ်သေရမယ်ဆိုရင်တောင် မင်းသတ်တာပဲ ခံချင်တယ်..."
ဂျောက်!
ကျောင်းမြန် မျက်လုံးပြူးသွားသည်။
ချင်းယင်သည် သူ့ဘဝအတွက် စိတ်ပျက်အားငယ်ကာ လက်လျော့ထားမှန်း သိလိုက်ရသဖြင့် လှည့်ကြည့်ကာ သေနတ်ဖြင့် ပစ်ရန် ပြင်လိုက်သော်လည်း ကျောင်းမြန်သည် ခလုတ်ကိုမဆွဲလိုက်နိုင်ပေ။
"ဟား..."
ကျောင်းမြန် ငြိမ်ကျသွားသည်ကို မြင်လိုက်ရချိန် ချင်းယင်သည် အရမ်းစိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ မျက်ခုံးပင့်လိုက်ပြီး ကျောင်းမြန်၏ လည်ပင်းကို လှမ်းဆွဲကာ နောက်သို့ လှည့်ကာ ပြနါရှောင်ရန် ပြင်လိုက်သော်လည်း အစကတည်းက အခွင့်အရေးကို လွဲချော်ခဲ့ပြီးဖြစ်၍ အခုလည်း ထပ်တိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ ကျောင်းမြန်ကသာ ပြန်ခုခံနိုင်ခဲ့သည်။
သူတို့နှစ်ဦးသည် မူလကတည်း ချောက်ကမ်းပါးဘေးတွင် ရပ်နေသောကြောင့် လှုပ်ရှားမှုအချို့ ပြုလုပ်ပြီးနောက်၊ ထိုသို့သော လှုပ်ရှားမှုကြောင့် သူတို့နှစ်ဦးလုံး ချောက်ကမ်းပါးမှ ချက်ချင်းပြုတ်ကျသွားကြသည်။
ဗွမ်း....!
အောက်၌ စီးဆင်းနေသော မြစ်တစ်စင်းရှိနေသည်။ ကျောင်းမြန် သည် သူ့တစ်ကိုယ်လုံးကို ရေဖြင့်ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရပြီး ဝမ်းဗိုက်တွင် ပြင်းထန်စွာ နာကျင်ကိုက်ခဲမှုကြောင့် ရုန်းကန်ရန် ခွန်အားမရှိတော့ပေ။
သို့သော် ကျောင်းမြန် အသိစိတ်မပျောက်ခင် သူ့ဆီသို့ ရေကူးလာနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"စီဆဲလ်လား...!"
ကျောင်းမြန် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်တော့သည်။
------------------------------------------------------------------------