Chapter 63
Viewers 18k

🤒အခန်း ၆၃




ကျိုးရွေ့အနေဖြင့် ကျောင်းစရိတ်အကြွေးများကို ကိုယ်တိုင်ပေးချေနိုင်လိမ့်မည်ဖြစ်သော်လည်း အချိန်ယူကာ တဖြည်းဖြည်းချင်း ပေးချေရမည်မှာ သေချာ၏။


ကျောင်းပြောင်းရသည့်ကိစ္စမှာလည်း ကျိုးရွေ့၏ဆုံးဖြတ်ချက်ပင် ဖြစ်လေသည်။


သူ့အဖေက ကျောင်းတွင်မသင့်တော်သည့်ကိစ္စမျိုးလုပ်ခဲ့ပြီး အစ်ကိုဖြစ်သူမှာလည်း တရားမဝင်လုပ်ငန်းလုပ်နေသော မသိသည့်လူတစ်ယောက်ထံမှ ပိုက်ဆံများရယူခဲ့၍ ရဲများထံမှစစ်ဆေးခံနေရသည်။ သူအမှတ် ၁ အလယ်တန်းကျောင်းတွင် ဆက်နေပါက တချိန်လုံး အာရုံစိုက်ခံနေရမည်ဖြစ်ပြီး ဖုံးကွယ်ထားမရသည့် အမှန်တစ်ဝက် ကောလဟာလစကားတို့ကို ကြားနေရလိမ့်မည်။ သူ့အတွက် ပတ်ဝန်းကျင်အသစ်ကိုပြောင်းရွှေ့လိုက်ခြင်းကသာ ပိုမိုကောင်းမွန်လိမ့်မည်။


ကျူးထုန်မှာ သူလုပ်လိုက်သည့်အရာက မှန်မမှန်မသိသော်လည်း သူ့ဘက်မှလုပ်ချင်နေသေးသောကြောင့် ဦးလေးလျိုကို စီစဥ်ပေးရန်တောင်းဆိုခဲ့၏။


သူတွေဝေနေစဥ် ရှောက်မင်ကသူ့အားရုတ်တရက် နှစ်သိမ့်ပေးလာခဲ့သည်။ 


"မင်းမှားတာမရှိပါဘူး၊ မင်းလုပ်ချင်တာသေချာရင် လုပ်သာလုပ်လိုက်..."


ကျူးထုန်၏မျက်လုံးလေးများက လက်ခနဲဖြစ်သွားလေ၏။ 


"တကယ်လား..."


"အင်း..တကယ်ပေါ့..."


ကျူးထုန်မှာ ချက်ချင်းစိတ်ပေါ့ပါးသွားလေသည်။ ထိုသူ၏ သက်သောင့်သက်သာဖြစ်သွားပုံကိုမြင်မှ ရှောက်မင်၏နှုတ်ခမ်းလေးများမှာလည်း တွန့်ကွေးသွားရင်း အပြုံးတစ်စဖြစ်တည်လာခဲ့လေသည်။


၎င်းက အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့်တိုင် အနာဂတ်တွင် နောင်တရမည့်အဖြစ်မျိုးမဟုတ်သည်မှာ သေချာနေပြီး သူလည်း နေ့ရက်တိုင်းကို စိတ်အေးချမ်းသာစွာဖြင့်ဖြတ်သန်းနိုင်လိမ့်မည်။


သူတွေးနေရုံမျှရှိသေးစဥ် အတန်းထဲ၌ နောက်ထပ်တူညီသောစကားပြောသံတို့က ထွက်ပေါ်လာပြန်သည်။


"ဟဲ့..ကျူးထုန်၊ သူနင့်ကိုကြည့်နေတယ်..."


"....."


ကျူးထုန် နောက်တဖန်လှည့်ကြည့်လိုက်သည့်အခါ ကျိုးရွေ့က ကော်ရစ်တာတွင်ရပ်နေရင်း စာအုပ်ကိုင်ထားပြီး သူထိုင်နေသည့်ဘက်သို့ကြည့်နေလေသည်။


ထိုသူက ချက်ချင်းထိတ်လန့်သွားပြီး ခပ်မြန်မြန်ပင်အကြည့်လွှဲသွားလေသည်။


တဖက်တွင်တော့ အတန်းထဲမှအချို့သူများက ကျိုးရွေ့၏လုပ်ရပ်နှင့်ပတ်သက်၍ စပ်စုနေကြသော်လည်း မေးခွန်းတစ်ခွန်းမှမမေးရဲပါချေ။


ရှောက်မင်က စာရွက်ကိုယူပြီး ကျူးထုန်၏ စိတ်ဝင်စားမှုကိုရအောင် ပြန်ဆွဲခေါ်လိုက်သည်။


ကျိုးရွေ့က ကျောင်းပြောင်းသွားခဲ့သည်။ အတန်းထဲတွင် သူနှင့်ပတ်သက်၍ အချိန်အတန်ကြာဆွေးနွေးနေခဲ့ကြပြီးနောက် "ကျိုးရွေ့" ဆိုသောအမည်မှာ ကျောင်းမှအာရုံစိုက်ခံရသော ထိပ်ဆုံးစာရင်းဝင်နေရာ၌ ထပ်မံမပေါ်လာတော့ပေ။


အမျိုးသားနေ့မတိုင်မီ နောက်ဆုံးရက် ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်တွင် အတန်းထဲရှိလူတိုင်းနီးပါးစာမလုပ်ကြတော့ပေ။ အမျိုးသားနေ့တွင် ကဲကြရန် အစီအစဥ်ဆွဲနေကြလေ၏။


အချို့ကမူ ခရီးထွက်ချင်ကြသည်။ အချို့က တနေကုန်အိမ်တွင်အိပ်နေမည်ဟုပြောကြသည်။ အချို့ကမူ အပြောင်းအလဲဖြစ်ရန် အချိန်ပိုင်းအလုပ်သွားလုပ်ပြီး အပိုမုန့်ဖိုးရရန်ရှာမည်ဟုဆိုကြသည်။


အတန်းထဲတွင် ကျွတ်ကျွတ်ညံနေကာ ကျူးထုန်၏ စာအပေါ်အာရုံစိုက်နေမှုကို နှောင့်နှေးကြန့်ကြာစေလေသည်။ သူက ဂတ်စ်မီးဖိုဖွင့်နည်းကိုရှာကြည့်ရန် ဖုန်းကိုဖွင့်လိုက်၏။ ရှာပင်မရှာရသေးသော်လည်း သူ၏ဝမ်းကွဲညီအစ်ကိုထံမှ မင်ဆေ့ချ်ဝင်လာခဲ့သည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မင်းဒီတစ်ခေါက် လစဥ်စာမေးပွဲမှာ အမှတ် ငါးရာ့ခုနစ်မှတ်တောင်ရတယ်ဆို။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ကောင်းသားပဲ၊ မင်းရဲ့ ဝမ်းကွဲအစ်ကိုလည်း ဒီလိုပဲရခဲ့တာလေ။


ကျူးထုန်: .......


သူ အမှတ်ငါးရာရတာကို သူ့ရဲ့ဝမ်းကွဲအစ်ကိုက ဘာလို့ဂုဏ်ယူနေရတာလဲ။


<ကျူး> : မင်း ငါ့အမှတ်ကိုဘယ်လိုသိတာလဲ။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ငါက ငါ့ရဲ့ဝမ်းကွဲညီလေးနဲ့ပတ်သက်ပြီး အကုန်သိတယ်။


<ကျူး> : ......


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ဘယ်လိုလဲ။ အမျိုးသားနေ့မှာ ဘယ်သွားချင်လဲ။ ငါမင်းကိုခေါ်သွားပေးမယ်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : နေပါတော့၊ မင်းရဲ့ဘဝလေးကို မနှောင့်ယှက်တော့ဘူး။


ကျူးထုန်: .....


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ဘာပဲဖြစ်ဖြစ် မင်းမှာအစီအစဥ်ရှိလား။


ကျူးထုန်မှာ အစီအစဥ်မရှိဟု ပြော၍ရသည်။ 


သူပြောနိုင်မည့် "အစီအစဥ်" မှာ သူ၏ထိုင်ခုံဖော်လေးအတွက် ဟင်းချက်ပေးရန်သာရှိသည်။


ပြီးတော့ သူက မီးဖိုချောင်ပစ္စည်းတွေကို ဘယ်လိုသုံးရမလဲမသိဘူးလေ။


ဒါပေမဲ့ ရှောက်မင်က အားလပ်ရက်ကျရင် အိမ်ပြန်မှာမလား။ ရှောက်မင်က ငှားနေတဲ့အိမ်မှာမနေရင် သူကဘာလုပ်ရမှာလဲ။


သူက ပျာတိပျာယာဖြင့် ရှောက်မင်ကိုလှည့်ကြည့်လိုက်သည်။


"မင်း အမျိုးသားနေ့ကျရင် ဘာလုပ်မှာလဲ..."


သူက ရုတ်တရက်ထုတ်မေးလာ၍ ရှောက်မင်လည်း မှင်သက်သွားလေသည်။


ကျူးထုန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှင်းပြလိုက်ရ၏။ 


"ငါပြောချင်တာက အရင်နှစ်အမျိုးသားရက်ကလေ မင်းအိမ်ပြန်လား.."


ရှောက်မင်က တိုတိုတုတ်တုတ်သာပြန်ဖြေလေသည်။ 


"မပြန်ပါဘူး.."


"...."


အော်...မပြန်ခဲ့ဘူးကိုး။


ကျူးထုန်က စိတ်သက်သာရသွားသလို သက်ပြင်းရှိုက်ကာ မေးလိုက်သည်။ 


"မပြန်ဘူးလား.."


အမျိုးသားနေ့ အားလပ်ရက်မှာ အိမ်မပြန်တဲ့သူရှိလို့လား။ သူကဘာလို့အိမ်မပြန်တာလဲ။


ရှောက်မင်ကလည်း ပြန်မေးလာသည်။ 


"မင်းကရော အိမ်ပြန်မှာလား..."


ကျူးထုန်: "....."


အမျိုးသားနေ့တွင် အိမ်မပြန်သည့်သူက သူတစ်ယောက်တည်းသာရှိသည်။


သူအိမ်မပြန်ချင်၍မဟုတ်ပေ။ ယခုသူ အဘိုးအိမ်ပြန်ရလျှင် အမေးခံရနိုင်ပြီး ကျန်းမာရေးစစ်ဆေးမှုကိုလည်း နေ့တိုင်းခံရနိုင်သည်။


လုံးဝ ခြောက်ချားဖွယ်ရာပင်။


"ငါက...." 

ကျူးထုန်မှာ အဖြေပေးရန်တွန့်ဆုတ်နေမိသည်။ 

"ငါ့အိမ်ကဝေးတော့ ပြန်ဖို့အစီအစဥ်မရှိဘူး.."


ရှောက်မင်: "....."


ယနေ့ခေတ် ပို့ဆောင်ဆက်သွယ်ရေးမှာ အလွန်တရာချောမွေ့နေပြီဖြစ်သည်။ ၎င်းအပြင် ကျူးထုန်နေသည့်မြို့မှာလည်း ပြောသလောက်မဝေးပေ။ ထိုသူအိမ်မပြန်ရသည့်အကြောင်းပြချက်က သူ့အတွက် အူကြောင်ကြောင်အဖြေတစ်ခုဖြစ်နေသည်။


ကျူးထုန်မှာ ထိုသို့ပြောလိုက်သည့်တိုင် သူတကယ် ပြန်ချင်စိတ်မရှိနေပေ။


'ငါ့မိသားစုကိစ္စတွေမရှင်းရသေးဘူး၊ အဖေကလည်း သူ့ရဲ့မယားပါသားလုပ်ထားတာတွေကို စုံစမ်းနေဦးမလားပဲ'


ရှောက်မင်၏မျက်လုံးတို့က မှောင်မိုက်သွားသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးကဆက်ရှိနေသေး၏။ 


"အိုး...ကောင်းတာပေါ့၊ ကိုယ်က အမျိုးသားနေ့မှာ ကိုယ်တစ်ယောက်တည်း အထီးကျန်နေရတော့မယ်ထင်တာ..."


ကျူးထုန်: "....."


'ဘာလို့ သူ့စကားက အမျိုးသမီးအဆောင်မှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့ပုံစံမျိုးဖြစ်နေရတာလဲ၊ နေပါဦး ဒီလိုစကားမျိုးက သုံးလို့ရရဲ့လား'


'မဟုတ်တာ၊ သူထပ်ပြီး ပေါက်ကရတွေပြောပြန်ပြီ'


ကျူးထုန်က တမင်တကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


"အမျိုးသားနေ့ဆိုရင် နို့လက်ဖက်ရည်ဆိုင်က လူကျတော့မှာမလား၊ မင်းကပြန်ပြီး ကူညီပေးချင်လို့လား.."


ရှောက်မင်က ထိုရက်များတွင် နို့လက်ဖက်ရည်ဆိုင်ကိုသွားကူညီနေရမည်ဆိုလျှင် သူကအိမ်တွင်နေကာ ချက်ပြုတ်ပေးထားနိုင်လိမ့်မည်။


ရှောက်မင်က ပြန်ဖြေလိုက်၏။ 


"ကိုယ်ကအရမ်းအလုပ်များမှာ၊ မင်းလာကူညီချင်လား..."


"ဟင်.."


ကျူးထုန်မှာ မမျှော်လင့်ထားခဲ့ပေ။ သူ ဆွံ့အသွားခဲ့သည်။ 


"မင်းက ပုံမှန်လည်းအလုပ်များတာပဲလား.."


"အင်း..." 

ရှောက်မင်ကမူ ပေါ့ပေါ့ပါးပါးပင်။ 

"နာမည်ကြီးတစ်ယောက် ကြော်ငြာပေးလိုက်တဲ့ကောင်းမှုပေါ့၊ အခုတော့ ဆိုင်က နေ့တိုင်းလူပြည့်နေတာ.."


ကျူးထုန်: "......"


ရုတ်တရက် အပြစ်ရှိလာသလိုပင်။


နာမည်ကြီး ကျွယ်ယွိနန်မှာ သူ့ဝမ်းကွဲလုပ်လိုက်သော အမှားတစ်ခုသာ။


အဖေ၏အကြွေးကို သားဖြစ်သူကဆပ်ရသည်ဆိုသောစကားအတိုင်းပင် အစ်ကိုဖြစ်သူ၏အကြွေးကို ညီလေးကဆပ်ပေးလိုက်ရရှာသည်။ သူ့ထံတွင် ငြင်းစရာမရှိပေ။


"ဒါပေမဲ့ ငါနို့လက်ဖက်ရည်မဖျော်တတ်ရင်ရော..."


ရှောက်မင်က သူ့ကိုပြုံးပြလာသည်။ 


"ဖျော်စရာမလိုပါဘူး၊ ငွေရှင်းကောင်တာမှာကူလုပ်ပေးရုံပဲ၊ ကောင်တာမှာ ငွေပမာဏကိုရိုက်သွင်းပေးပြီးရင် ဝယ်သူကို QR ဖတ်ခိုင်းလိုက်၊ လုပ်တတ်တယ်မလား..."


ကျူးထုန်: "....."


သူ ခေါင်းညိတ်ရုံသာတတ်နိုင်တော့သည်။ စကားခေါင်းစဥ်ကဒီနေရာအထိရောက်လာပြီကို ဘယ်လိုလုပ် မရဘူးလို့ငြင်းရမှာလဲ။ သူချက်ပြုတ်တာကိုလေ့ကျင့်ချင်ရင်တောင် ခေါင်းညိတ်ပြရမှာပဲ။


သို့ဖြစ်၍ သူခေါင်းညိတ်ပြလိုက်သည်။ 


"ရတာပေါ့.."


ရှောက်မင်၏နှုတ်ခမ်းထောင့်လေးများက ထိန်းရခက်စွာဖြင့် ကော့တက်သွားကြပြန်သည်။


သူက ၎င်းသဘောတူညီချက်ကြောင့် ကျေနပ်သွားလေသည်။ သခင်လေးက အမျိုးသားနေ့တွင် အထီးကျန်ရတော့မည်မဟုတ်ဘဲ ရှောက်မင်လည်း ထိုသူကို အနားတွင်ထားနိုင်လိမ့်မည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်မှန်သွားမည်။


ကျူးထုန်မှာ ခေါင်းငုံ့ကာ ဝမ်းကွဲအစ်ကိုကို မက်ဆေ့ချ်ပြန်ပို့လိုက်သည်။


<ကျူး> : အမျိုးသားနေ့မှာ ငါပထမဆုံး အချိန်ပိုင်းအလုပ်ရပြီကွ။


သူက အလွန်တရာမှအရေးပါကြောင်းကိုဖော်ပြရန် အာမေဋိတ်သင်္ကေတနှင့် အီမိုဂျီပါသုံးလိုက်သေးသည်။


ကျူးထုန်မှာ တကယ်ကိုစိတ်လှုပ်ရှားနေသည်။ ယင်းက ပထမဆုံးအနေဖြင့် ဆေးရုံတွင်အချိန်မကုန်ရဘဲ အပြင်တွင်ပျော်ပွဲစားထွက်ရခြင်းပင်ဖြစ်လေ၏။ ၎င်းတွင်မကဘဲ သူက "အလုပ်" ပင်ရသွားသေးသည်။


သို့ရာတွင် သူ၏တစ်ဝမ်းကွဲအစ်ကိုကမယုံကြည်ပေ။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : မင်းကလား။ အချိန်ပိုင်းအလုပ်တဲ့လား။ သေလမ်းရှာနေတာလား။


ကျူးထုန်: .....


<ကျူး> : အလုပ်က ရှင်းပါတယ်။ နို့လက်ဖက်ရည်ဆိုင်က ပိုက်ဆံရှင်းတဲ့နေရာမှာ ကူလုပ်ပေးရမှာ။


နောက်ဆုံးတစ်ကြိမ် သူ နို့လက်ဖက်ရည်ဆိုင်ကိုရောက်ခဲ့စဥ်က လော့ရှိုးနှင့်လုကျစ်ယွီတို့ အလုပ်လုပ်နေသည်ကိုမြင်ခဲ့ရသည်။ ထို့ကြောင့် သူနှင့်ကိုက်ညီမည့်အလုပ်တစ်ခုကို စိတ်ကူးကြည့်ခဲ့ဖူးသည်။ သူ့အတွက် နို့လက်ဖက်ရည်ဖျော်ရခြင်းမဟုတ်သည့်အလုပ်မျိုး။


ဤတခေါက် သူ၏ဝမ်းကွဲညီအစ်ကိုက အချိန်အနည်းငယ်ကြာမှစာပြန်လာသည်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ရှောက်မင်ရဲ့နို့လက်ဖက်ရည်ဆိုင်လား။


<ကျူး> : ဟုတ်တယ်။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : သူငယ်ချင်းတွေနဲ့လား။


'သူငယ်ချင်းတွေလား၊ လော့ရှိုးကိုပြောချင်တာများလား'


ကျူးထုန်က ရှောက်မင်ဘက်ကိုလှည့်မေးလိုက်သည်။ 


"လော့ရှိုးနဲ့လုကျစ်ယွီတို့ကရော အားလပ်ရက်မှာ အလုပ်လာကြလား'


ရှောက်မင်: "လာကြတယ်လေ၊ အားလပ်ရက်အတွက် လစာတော့နှစ်ဆပေးရတာပေါ့.."


ကျူးထုန်က ခေါင်းငုံ့ပြီး စာပြန်ရိုက်လိုက်ပြန်သည်။


<ကျူး> : ဒါပေါ့။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ဒါဆို မင်းရဲ့ဝမ်းကွဲအစ်ကိုက ကုန်းရွှေစီရင်စုကိုလာပြီး မင်းကိုလာတွေ့မယ်၊ မင်းအလုပ်ဆင်းတဲ့အခါကျတော့ ငါမင်းသူငယ်ချင်းတွေကို ညစာဖိတ်ကျွေးမယ်။


ကျူးထုန်: ......


ဖာ့ခ်၊ သူအဲဒီလိုမလုပ်ချင်ဘူး။.


သူ ကျွယ်ယွိနန်ကိစ္စနဲ့ပတ်သတ်ပြီး သူ့ဝမ်းကွဲနဲ့ စာရင်းမရှင်းရသေးဘူး။


<ကျူး> : မရဘူး။ ငါတို့အလယ်တန်းကျောင်းသားတွေက မင်းနဲ့မအပ်စပ်ဘူး။


<သခင်ငယ်လေးချန်ရဲ့အချစ်တော်လူဆိုးလေး နှစ်> : ....


တစ်ဝမ်းကွဲအစ်ကို၏ဖိတ်ကြားချက်ကိုငြင်းပယ်လိုက်ပြီးနောက် ကျူးထုန်က ညီမဖြစ်သူထံ စာတိုတစ်စောင်ပို့ကာ ဖုန်းပိတ်လိုက်လေတော့သည်။




🤒