Chapter-44
(သူ့ကို ကယ်ရမယ်)
ကျောင်းမြန်သည် သူ၏ လေးလံနေသည့်မျက်ခွံများကို ခက်ခက်ခဲခဲဖွင့်ကာ မျက်စိဖွင့်လိုက်သည်။
ယခုအချိန်တွင် သူသည် ကုန်းပေါ်သို့ ပစ်တင်ခံလိုက်ရသည့် ငါးကဲ့သို့ ပျော့ဖတ်နေသည်ဟု ခံစားနေရသည်။
ကျောင်းမြန် မျက်တောင်ခတ်လိုက်ချိန်တွင် သူ့တစ်ခေါင်းလုံး ဖျစ်ညစ်ခံထားရသကဲ့သို့ နာကျင်ကိုက်ခဲနေသည်။
"နိုးလာပြီလား"
ကျောင်းမြန်သည် အစပိုင်းတွင် သူ့ခေါင်းကို လှည့်ကာကြည့်ချင်သော်လည်း ထိုသို့ပြုလုပ်ရသည်ကပင် မောပန်းလွန်းသဖြင့် သူ့အနားသို့ မည်သူရောက်လာသည်ကို သိနိုင်ရန် သူ့မျက်လုံးများကိုသာ လှည့်ကြည့်လိုက်တော့သည်။
အဲဒီအဘိုးကြီး ရှိနေသေးတာပဲ........။
"မင်း သတိရတာ တစ်ခုခုရှိလား..."
အဘိုးအိုသည် ပြုံးကာ ဆက်ပြောလိုက်သည်။
"မင်းငယ်ငယ်တုန်းက အရာ တစ်ခုခုလေ..."
ကျောင်းမြန်သည် အဘိုးအိုအား ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာ ကြည့်နေလိုက်သည်။
စင်စစ်တွင် သူဘာကိုမှ မမှတ်မိတော့ပါ။
ထိုနာကျင်ပြီး ရှည်လျားသည့် အိပ်မက်ထဲတွင် အတိတ်မှ အဖြစ်အပျက်များသည် ပုံရိပ်များကဲ့သို့ ပေါ်လာသော်လည်း ထိုပုံရိပ်များသည် သူမှတ်မိပြီးသားဖြစ်သည့် မှတ်ဉာဏ်အပိုင်းအစများဖြစ်နေလေသည်။
စွန့်ပစ်ကြယ်၊ ကျောင်းမိသားစု၊ .......ထို့နောက် မှုန်ဝါးနေသည့် အကိုကြီး၏ ပုံရိပ်၊ မှိန်ဖျော့နေသည့် အလင်းရောင်ရှိသည့် အခန်းငယ်တစ်ခု၊မပြည့်စုံသည့် ရုပ်ပုံတစ်ခုမှလွဲ၍ အရာအားလုံး ပျောက်ပြယ်သွားပြီဖြစ်သည်။
ကျောင်းမြန်သည် မောက်မာသည့် အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော့်မှတ်ဉာဏ်တွေ ပြန်ကောင်းလာရင် ခင်ဗျားအတွက် ဘာအကျိုးရှိမှာလဲ..."
ကျောင်းမြန် ထိုသို့ပြောလိုက်သောကြောင့် အဖြေမှာရှင်းလင်းနေပြီ ဖြစ်သည်။
အဘိုးအိုသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
အဘိုးအိုသည် ခေါင်းကို အသာယမ်းလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ မင်းရဲ့ စွမ်းရည်တွေ ကိုလိုအပ်တယ်...ငယ်ငယ်တုန်းက ငါတို့ မင်းကို သင်ပေးခဲ့တဲ့ စွမ်းရည်တွေနဲ့ လုပ်နိုင်စွမ်းတွေက မင်းရဲ့ မှတ်ဉာဏ်
တွေ နဲ့အတူတူ ပိတ်မိနေတယ်....မင်းရဲ့မှတ်ဉာဏ်တွေကို ပြန်သတိရလာမှ အဲ့ဒီ့ စွမ်းရည်တွေက ပြန်နိုးထလာမှာ....."
ကျောင်းမြန်သည် အကြောင်းအရာ အသစ်ကို နားထောင်ပြီးချိန်တွင် ခဏရပ်တန့်သွားသည်။
အဘိုးအိုသည် ပြုံးလျက် ဆက်ပြောလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို မင်းသိလား…”
ကျောင်းမြန်သည် အဘိုးအိုအား အေးစက်စွာ ကြည့်လိုက်သည်။
အဘိုးအိုသည် ထိုအကြောင်းကိုပြောနေရင်းမှ ခေါင်းစဉ်ပြောင်းကာ ရုတ်တရက် မေး၏။
"ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးအရာက ဘာလဲဆိုတာ မင်းသိလား..."
"......."
အဘိုးအိုသည် ကြည်လင်ပြတ်သားသည့်အသံဖြင့် စာလုံးပေါင်းပြလိုက်သည်။
"အဲ့ဒါက အသက်ပဲ...!"
ကျောင်းမြန် မင်သက်သွားသည်။
Dark phoenix သည်လည်း သူနှင့် အတွေးတူနေလိမ့်မည်ဟု မထင်ထားမိပေ။သူတို့က လူမဆန်ဘူးဆို.....သူတို့လည်း သူတို့အသက်ကို ချစ်ကြသေးတယ်လား........!
အဘိုးအို၏မျက်လုံးထဲတွင် ကျောင်းမြန် အရင်ကမြင်ခဲ့ဖူး အလင်းရောင်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရသည်။
"ဒါဆိုရင် လောကမှာ အကြီးကျယ် အမြင့်မြတ်ဆုံးအရာက ဘာလဲ....အဲ့ဒါက ထာဝရရှင်သန်မှုကို လေ့လာရတာပဲ.....မင်းသာ မသေမျိုးဖြစ်သွားရင် ကမ္ဘာပေါက အဖိုးအတန်ဆုံးအရာတွေ အကုန်လုံးက မင်းအတွက်ပဲ...."
ကျောင်းမြန် : "......"
အဘိုးအိုလည်း ဆက်ပြောလိုက်သည်။
"မင်းလည်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီပဲ.....မင်းဘဝမှာ အဖိုးတန်တဲ့အရာတွေရှိနေတယ်ဆိုတာ နားလည်နေလောက်မယ်ထင်တာပဲ.....ဆိုတော့....ငါ့အတွေးကို မင်း လက်ခံတယ်မလား..."
ကျောင်းမြန်လည်း ပြန်ပြောလိုက်သည်။
"အသက်ကို ကယ်တာနဲ့ မသေနိုင်တော့တာနဲ့က မတူဘူး"
"ဘယ်များကွာခြားလို့လဲ..... လူသားတွေသာ ဒီကမ္ဘာကြီးမှာ ထာဝရ အသက်ရှင်နိုင်မယ်ဆိုရင် စည်းစိမ်ဥစ္စာတွေ စွမ်းအားတွေနဲ့ နေရပြီး အမြဲတမ်း ပျော်ရွှင်နေကြလိမ့်မယ်....."
အဘိုးအိုသည် ကျောင်းမြန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ဆက်ပြောလိုက်သည်။
"ငါနဲ့ ပူးပေါင်းပြီး ငါ့ကို ကူညီပါ..."
ကျောင်းမြန် တိတ်ဆိတ်နေလေသည်။
အဘိုးအိုသည် ကျောင်းမြန်၏နောက်ကျောအား လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးပြီး ပြောလေသည်။
"မင်း ဒီကို စရောက်လာကတည်းက ငါစောင့်ကြည့်နေခဲ့တာ၊ အဲ့အချိန်တုန်းက မင်းက ငါးနှစ်သားပဲရှိသေးတာ....မင်းရဲ့ ခန္ဓာကိုယ် ပိုကောင်းလာအောင် နေ့ရော ညရော ငါတို့ကိုယ်တိုင် ပံ့ပိုးပေးခဲ့တာ....အဲ့ဒါကြောင့် ဒီနေ့ မင်းဆိုတာ ဖြစ်လာတာပဲ...
"မင်းက မေ့သွားပြီပဲ....ဒါပေမယ့် မင်းရဲ့သွေးက ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်တွေအားလုံးရဲ့ ဖြေဆေး ဖြစ်လာနိုင်တယ်.... မင်းရဲ့ခန္ဓာကိုယ်က သာမန်လူတွေထက် ထိခိုက်မှုဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိတယ်လေ.....ပြီးတော့ နှစ်တွေကြာတာနဲ့အမျှ မင်းရဲ့စွမ်းရည်တွေက ပို ပိုပြီး သန်မာလာတယ်....ဒါတောင် အကုန် မဟုတ်သေးဘူး......မင်း ဒီ့ထက်ပိုပြီး သန်မာလာလိမ့်မယ်..."
"မင်းရဲ့ နက်ရှိုင်းတဲ့ မှတ်ဉာဏ်တွေကို မငြင်းလိုက်ပါနဲ့....မင်းရဲ့ အစွမ်းတွေသာ ပြန်ရလာခဲ့ရင် မင်းမယုံကြည်နိုင်လောက်တဲ့ အရာတွေဖြစ်လာလိမ့်မယ်.....အကယ်၍ မင်းဒဏ်ရာ ရခဲ့ရင်တောင် မင်းမှာ မြန်မြန် ပြန်ကောင်းလာနိုင်စွမ်းရှိတယ်..... မင်းအခု သဘောကျလာပြီ မလား..."
ကျောင်းမြန်လည်း ခနဲ့လိုက်သည်။
"ဒါ ခင်ဗျားပြောတဲ့ မသေမျိုးဆိုတာလား....လူ့အရေခွံ ခြုံထားပြီးတော့ အဆိပ်ဒဏ်လည်းခံနိုင်တယ်...... ဒဏ်ရာရရင်လည်း မြန်မြန် သက်သာလာပြီး မသေနိုင်တော့ဘူးပေါ့..."
"ဒါက အစပဲရှိသေးတယ်..."
အဘိုးအိုက ဆက်ပြောလေသည်။
"Dark Phoenix က လုံးဝ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကိုရဖို့ ကြိုးစားနေတာ...အဲ့ဒီ့လူက ပြင်ပက အဆိပ်တွေ ဒဏ်ရာတွေကို ခံနိုင်ရည်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ခုခံမှု အားကောင်းနေရမယ်...ငါတို့ ဒီ့ထက်ပိုပြီး လေ့လာနေတယ်...ငါတို့ ထာဝရ ရှင်သန်ခြင်းနဲ့ မဝေးတော့ပါဘူး...."
ထိုအခါမှ ကျောင်းမြန် သဘောပေါက်သွားတော့သည်။
သူတို့သိထားသည့် ထာဝရရှင်သန်ခြင်းဆိုသည်မှာ အိုမင်းရင့်ရော်ခြင်း၊ ခန္ဓာကိုယ်စနစ်များ ယိုယွင်းခြင်းနှင့် ပြင်ပထိခိုက်မှုများဒဏ်မှ ကာကွယ်နိုင်ခြင်း ဖြစ်သည်။
"ခုနစ်ကလေး... ကောင်လေး.."
အဘိုးအိုသည် ကျောင်းမြန်၏ ခေါင်းလေးအား ပွတ်ပေးကာ ဆို၏။
"လူ့အသက်က အရမ်းတန်ဖိုးရှိတယ်.....အကယ်၍ မသေနိုင်တော့ဘူးဆိုရင် နှိုင်းယှဉ်လို့ မရတဲ့ ကောင်းကျိုးတွေ အကျိုးကျေးဇူးတွေရမယ်....နောက်ပြီး ငါတို့ စမ်းသပ်မှု အောင်မြင်သွားရင် ပိုမကောင်းဘူးလား....လူတိုင်းက ဇာစ့်ကို တိုက်ခိုက်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အရ သန်မာတဲ့ အစွမ်းတွေရလာကြမှာလေ...."
"ကျွန်တော်က ဘာလို့ အဲ့ဒီ့အစွမ်းကို ရင်ခုန်ရမှာလဲ"
ကျောင်းမြန် ဆက်ပြော၏။
"အကယ်၍ ကျွန်တော့်ဆီမှာ ခင်ဗျားပြောတဲ့ စွမ်းရည်ဆိုတာမျိုး နိုးထလာရင်တောင်မှ ခင်ဗျားတို့ရဲ့ စမ်းသပ်ခံဖြစ်မလာအောင် အဲ့အစွမ်းတွေကို ကျွန်တော် ဖိနှိပ်ထားမှာ..."
"ကလေး၊ မင်း အဲ့လို တစ်ကိုယ်ကောင်းဆန်လို့ မရဘူး...လူသားတွေအတွက်ဖြစ်ဖြစ် ငါတို့ ရန်သူကို တိုက်ခိုက်နိုင်ဖို့ မင်းက စတေးသင့်ရင် စတေးရမှာပဲ"
ကျောင်းမြန် မျက်နှာလွှဲကာ ငြိမ်ကျသွားသည်။
ခဏအကြာတွင် ကျောင်းမြန် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော် တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘူး...အခု ခင်ဗျားပြောတဲ့အတိုင်း စမ်းသပ်မှုအောင်မြင်ပြီး ကျွန်တော်တို့ ဇာစ့်တွေကို လွယ်လွယ်နှိမ်နင်းလို့နိုင်တယ်ပဲထား....ကုန်ကျစရိတ်ကရော"
အဘိုးကြီး အံ့ဩသွားသည်။
ကျောင်းမြန်မှ ဆက်ပြောလေသည်။
"အရာတိုင်းမှာ တန်ဖိုးဆိုတာ ရှိတယ်...မပေးဆပ်ရတဲ့ ဖြစ်တည်မှုဆိုတာ မရှိဘူး..ဒါက ဘ၀တိုင်းအတွက် ဥပဒေအနေနဲ့ ပြဠာန်းထားတဲ့ သဘာဝ တရားကြီးနဲ့ စကြာဝဋာကြီးရဲ့ နိယာမပဲ.....ခင်ဗျားယူထားသလောက် ပြန်ပေးဆပ်ရမှာပဲ..... Dark Phoenix က သုတေသန ပညာရှင်တွေအတွက် ခင်ဗျား ဘာတွေ ပြန်ပေးဆပ်ဖူးလဲ.....ဒါကို ခင်ဗျားက ထာဝရ အသက်ရှင်ချင်တယ်ဆိုတော့....ဒါက လူတစ်ယောက်မှာ တကယ်ထားသင့်တဲ့ စိတ်ထားလား"
အဘိုးအိုသည် ကျောင်းမြန်မှသူအား ယခုကဲ့သို့ ချက်ချင်း ပြန်လည်ချေပ လိမ့်မည်ဟု မထင်ထား သောကြောင့် ရုတ်တရက် ပြောစရာ စကားပျောက်ရှသွားသည်။
ကျောင်းမြန် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ခင်ဗျားကမှ တစ်ကိုယ်ကောင်းဆန်တဲ့လူ....... ခင်ဗျားက ယူတော့ ယူချင်တယ်....ဒါပေမယ့် ပြန်တော့မပေးချင်ဘူး"
“ကျွန်တော် အရာရာအားလုံးကို သေချာ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး ဆိုပေမယ့် ခင်ဗျား ကလေးတွေ အများကြီးကို ဖမ်းပြီး တစ်ယောက်ပြီး တစ်ယောက်ကို စမ်းသပ်ကြည့်တယ် မအောင်မြင်တဲ့ ကလေးတွေအများကြီး သေသွားကြတယ်.....ကျွန်တော် အဲ့ဒီ့အိမ်ထဲကနေ နေ့တိုင်း အော်သံတွေနဲ့ ငိုသံတွေကြားနေရတာ......စမ်းသပ်ချက်အတွက် ကလေးတွေကို အဆိပ်တွေသောက်ခိုင်းတယ်....ခံနိုင်ရည်ရှိအောင်ဆိုပြီး ရိုက်နှက်တယ်....တကယ်က ဒါတွေက ခင်ဗျားရဲ့ ရူးသွပ်မှုသပ်သပ်ပဲ......"
ထို့နောက် ကျောင်းမြန် ဖတ်ခဲ့ရသည့် ကြယ်စီရင်စု အစီရင်ခံစာတွင် စီဆဲလ်သည် Dark Phoenix အား အမြစ်ပြတ်သုတ်သင်ရာတွင် အစုလိုက်အပြုံလိုက်သေဆုံးသွားသော ခန္ဓာကိုယ် အရေအတွက်မှာ သင်္ချိုင်းတစ်ခုစာလောက်ရှိသည့် လေးပုံတစ်ပုံအထိ ရှိကြောင်း ဖော်ပြထားသည်ကို ဖတ်ခဲ့ရသည်။
"ဒါက အမှန်တရားအတွက် လိုအပ်ရင် စတေးရမှာပဲ..."
ထိုအချိန်မှသာ အဘိုးအိုလည်း အသိစိတ်ပြန်ဝင်လာကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်သည်။
"လူတွေအားလုံးရဲ့ ပျော်ရွှင်မှုကို ရဖို့ လဲရမယ်ဆိုရင် နည်းနည်းလောက်တော့ စတေးရမှာပဲ...."
"အမှန်တရားကို ခေါင်းစဉ်တပ်ပြီး ကျွန်တော့်ကို မပြောနဲ့...."
ကျောင်းမြန်သည် သူ၏ ခံစားချက်များကို ထုတိပြခဲသောကြောင့် သူ့အသံကပင် အေးစက်ကာ အသက်မဲ့နေသည်။
"တကယ့်ကို သေရမှာကြောက်ပြီး အသက်ရှည်ရှည်နေချင်တယ်ဆိုရင်တောင်.....ကလေးတွေကို လုပ်တဲ့ ရက်စက်တဲ့ စမ်းသပ်မှုမျိုး လုပ်မယ်ဆိုရင် ဒီလို အစမ်းသပ်ခံလူသားအဖြစ်ကို ကျွန်တော်ရွေးချယ်မှာ မဟုတ်ဘူး....ခင်ဗျားလိုချင်တာ ဘယ်လိုမျိုး ထပ်ပေါင်းထည့်မှုတွေပါတဲ့ မသေခြင်းမျိုးလဲ....ဒါက တကယ်တော့ သေရမှာကို ကြောက်လို့ သေခြင်းတရားကို စော်ကားလိုက်တာပဲ...."
"မင်း...!"
အဘိုးအို၏ မျက်နှာသည် နီရဲလာသည်။
"ရှောင်ကျစ် မင်းက ငယ်သေးလို့ နားမလည်သေးတာ..."
ကျောင်းမြန် ဆက်ပြောလေသည်။
"ဟုတ်တယ်....ကျွန်က ခင်ဗျားရဲ့ အမှန်တရားဆိုတာကို နားမလည်ဘူး...ဒါပေမယ့် ဒီစမ်းသပ်မှုက မဖြစ်နိုင်ဘူး ဆိုတာတော့ သိသေးတယ်...ခင်ဗျား တစ်ခါကျရှုံးတိုင်း ခင်ဗျားအတွက် သားကောင် အသစ်ကတော့ ထပ်လိုနေဦးမှာပဲ...."
"မင်း......!"
အဘိုးကြီးသည် သူပြောသမျှအား ကျောင်းမြန်လက်မခံမှန်း သဘောပေါက်သွားကာ စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"မင်း တကယ် မသေမျိုး မဖြစ်ချင်တာလား..."
"မဖြစ်ချင်ဘူး...."
ကျောင်းမြန် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"ခင်ဗျား ဒီလောက်အကြာကြီးနေပြီး ဘာလုပ်မှာလဲ....အဲ့လောက် အသက်အရှည်ကြီးနေရင် အရာအားလုံးက အဓိပ္ပာယ်မဲ့သွားလိမ့်မယ်..."
ကျောင်းမြန်သည် ခပ်ဖွဖွ ပြုံးရင်း ဆက်ပြောသည်
"ကျွန်တော်တို့ တစ်ဘဝလုံးမှာ အဖိုးအတန်ဆုံးအရာက နောက်ဆုံးမှပေါ်လာတဲ့ သေခြင်းတရားပဲ..."
ကျောင်းမြန်သည် ဗိုလ်ချုပ်ဖြစ်လာသည့် အချိန်မှစ၍ အသက်များ၊ အိုမင်းခြင်း၊ နာမကျန်းမှု၊ နှင့် သေခြင်းတရား တို့နှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။သူသည် တပ်မတော် တစ်ခုလုံး၏ အသက်များကို ထမ်းပိုးထားရပြီး အသက်တိုင်း ဘဝတိုင်း၏ တန်ဖိုးကို သိပြီးဖြစ်သော်လည်း သူသည် သေခြင်းတရားနှင့် ဆုံးရှုံးမှုကို မကြောက်ပေ။
အဘိုးအိုသည် အံတင်းတင်းကြိတ်ကာ ပြော၏။
“ကောင်းတယ်....ကောင်းတယ်....! ငါ မင်းကို အခွင့်အရေးပေးတယ်....မင်းက တန်ဖိုးမထားတတ်ဘူး...ငါ သတိပေးပြီးပြီ၊ မင်းက ငါတို့နဲ့ မပူးပေါင်းဘူးဆိုတော့ မင်း အကုန်ပြန်မှတ်မိအောင့် ငါ့ဘက်က ဖိအားပေးပြီး လှုံ့ဆော်ဖို့ပဲရှိတော့တယ်.....ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါတို့အတွက် အလုပ်လုပ်ပေးရမှာပဲ.."
"အားလုံးလာကြ....!"
အဘိုးအိုသည် ဘေးမှ ဘဲလ်ကို နှိပ်ကာ ခေါ်လိုက်သည်။
"ပစ္စည်းတွေ ယူလာခဲ့တော့...!"
ကျောင်းမြန်သည် အေးစက်နေသည့် အသံဖြင့် မေးလိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ..."
"မင်း ဘာပြောတာ.....!"
အဖိုးအိုသည် ပြုံးလိုက်ပြီး ကျောင်းမြန်အား သံခမောက်ကဲ့သို ကိရိယာအား ဝတ်ပေးခိုင်းလိုက်ပြီး ပြင်းထန်စွာ ပြောလိုက်သည်။
"အမြင့်ဆုံး အဆင့်ထိတင်လိုက်...."
အမျိုးသမီး သုတေသီ တစ်ဦးသည် မျက်မှောင် ကြုတ်လိုက်ပြီး ပြောလေသည်။
"ဒါရိုက်တာ၊ လှုံ့ဆော်မှု အရမ်းများရင် ဆုံးရှုံးနိုင်ခြေ များနိုင်ပါတယ်....ကျွန်မတို့ စမ်းသပ်ခံလည်း ပျက်စီးသွားနိုင်ပါတယ်....."
"အဆင်ပြေတယ်"
အဘိုးအိုသည် သူ့လက်နှစ်ဖက်ကို ပိုက်ကာ ကျောင်းမြန်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါတို့ ရှောင်ကျစ်က အရွယ်ရောက်လာပြီဆိုတော့ သူ့စိတ်ဓာတ်က သန်မာလာပြီလေ...အဲ့တော့ သူ ခံနိုင်ရည်ရှိတယ်..."
အဘိုးအိုသည် သူ့စိတ်ထဲတွင် တွေးနေသည်များမှာ အလွန်ဆိုးဝါးလှသည်။
သူ့အား ရူးနေပြီဟု မည်မျှပင်ပြောနေကြပါစေ...သူဂရုမစိုက်ပေ။ထိုအစွမ်းများ နိုးထလာနိုင်သည်အထိ သူဆက်၍ စမ်းသပ်နေမည်ဖြစ်သည်။
"တီ......တီ"
စမ်းသပ်နေစဉ်အတွင်း စူးစူးဝါးဝါးအော်သံများ ထပ်မံထွက်ပေါ်လာသည်။
-------------------------------xxxxx-------------------------------
ပင်လယ်ဓားပြများ၏ စစ်သင်္ဘောများသည် စကြဝဠာအတွင်း အမြဲပျံသန်းနေကြပြီး ဆင်းသက်ခဲလှသော်လည်း ယခုတစ်ကြိမ်တွင် ချင်းယင်၏ အဖွဲ့မှာ B4 ကျက်တီးမြေတွင် ဆင်းသက်ခဲ့သည်။
လေယာဉ် ဆင်းသက်ပြီးနောက် သင်္ဘောသားများသည် ရန်သူ့သင်္ဘောများနှင့် စစ်သင်္ဘောများ၏ အခြေအနေကို ချက်ချင်း စစ်ဆေးပြီး နေရာယူရန်အတွက် အခြားအဖွဲ့များကို ဆက်သွယ်လိုက်ကြသည်။
ချင်းယင်သည် ပင်မတိုက်ပွဲဝင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေပြီး အရှေ့ဘက်သို့ အမူအရာမဲ့စွာ ကြည့်နေလေသည်။
"ဘောစ့်!"
ချင်းယင်၏ လက်ထောက်သည် ရှေ့သို့တိုးလာပြီးပြောလိုက်သည်။
"Dark Phoenix ကလူတွေနဲ့ ဆက်သွယ်ပြီးပါပြီ.....သူတို့ဘက်က သူ့ကိုလွှတ်ပေးဖို့ ငြင်းလိုက်ပါတယ်"
လက်ထောက်သည် စိတ်တိုစွာဖြင့် ပြောလေသည်။
"မနက်ကပဲ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း စီဆဲလ်ရဲ့ ထောင်ချောက်တွေကလွတ်အောင် ရှောင်ပြီး စီဆဲလ်ရဲ့လူတွေကို လုယက်နိုင်ရင် ဗိုလ်ချုပ်ကျောင်းကို ကျွန်တော်တို့ဆီလွှဲပေးမယ်ဆိုပြီး အခုကျမှ ရုတ်တရက်ကြီး စိတ်ပြောင်းသွားကြတယ်တဲ့လား"
ချင်းယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က ကျောင်းမြန်ကို ဘာလို့ ဖမ်းတာလဲ"
-ပုံမှန်ဆို သူတို့ ပစ်မှတ်က စီဆဲလ် မဟုတ်ဘူးလား။
"ထူးဆန်းတယ်"
ချင်းယင်သည် သူ့နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး ပြော၏။
"ငါမသိတာ တစ်ခုရှိနေသေးတယ်"
ချင်းယင်သည် သူ၏အနီရောင်ဝတ်ရုံတွင်သာမက သူ၏မျက်ဝန်းများသည်လည်း အနည်းငယ် နီရဲနေလေရာ သူရယ်လိုက်သောအခါ သူ၏ ပိန်ပါးသော မျက်နှာသည် အနည်းငယ်ထူးဆန်းသည့် ပုံပေါက်နေသောကြောင့် သူ၏အတွေးများအား မှန်းဆ၍မရပေ။
"ဒါဆို သူတို့က မလွှဲပေးရင် ငါတို့က တိုက်ယူမှာပေါ့..."
"ငါ့လူကို ငါ့ဆီကနေ လုသွားတဲ့လူကို ငါသိချင်မိသား....."
လက်ထောက်လည်း အံ့သြသွားသည်။
အခြေအနေများသည် အံ့ဩရန် လုံလောက်နေလေသည်။ထို့နောက် သူသည် ချင်းယင်၏အသံကို ကြားလိုက်ရသည်။
"လူတိုင်း သင်္ဘောပေါ်တက်ကြ.... Dark Phoenixရဲ့ စစ်သင်္ဘောကိုရှာဖို့လုပ်...ပြီးရင် တိုက်ပွဲအတွက် အသင့်ပြင်ထားကြပါ....."
လက်ထောက်တွင် ပြောရမည့်စကားများ ပျောက်ဆုံးနေလေသည်။
အမြဲတစေ ရက်စက်ကြမ်းကြုတ်သော သူတို့၏ သူဌေးသည် ကျောင်းမြန်ကြောင့် စိတ်မတည်မငြိမ်ဖြစ်ကာ သူကိုယ်တိုင် *ဗွက်အိုင်ကြီးထဲသို့ ဘာလို့ခုန်ဆင်းချင်နေမှန်း နားမလည်ပေ။ထို့အပြင် ကျောင်းမြန်အား ပင်လယ်ဓါးပြများနှင့် ဘာလို့ ချိတ်ဆိတ်ပေးချင်နေမှန်းလည်း မသိပေ။
(T/N-အရှုပ်အရှင်းထဲပါဝင်ခြင်း)
"ဟင်!"
လက်ထောက်၏ တက်ကြွမှုမရှိသည့် အမူအယာအား မြင်လိုက်ရချိန်တွင် ချင်းယင် မျက်ခုံးကို အသာပင့်လိုက်သည်။
"ဟုတ်ကဲ့ အခုချက်ချင်း အမိန့်ပေးလိုက်ပါမယ်!"
လက်ထောက်သည် အမြန်ထွက်သွားတော့သည်။
ပင်လယ်ဓားပြသင်္ဘောများသည် ပြည်ထောင်စုတပ်များကဲ့သို့ပင် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
"ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်.... လိုဏ်ခေါင်းတစ်ခုပဲကျန်ပါတော့တယ်"
"ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်၊ ပစ်မှတ်တစ်ခုက အဝေးကင်းထောက်လှမ်းရေးနယ်မြေ မှာ ပေါ်လာပါတယ်..."
စီဆဲလ် သည် ရေဒီယိုမှ အစီရင်ခံစာကို နားထောင်ရင်း ပင်မစစ်သင်္ဘော၏ အဝေးထိန်းအခန်းတွင် ရပ်နေခဲ့သည်။
-နေ့ရောညရောလိုက်ဖမ်းနေရတာ....သူတို့ကို နောက်ဆုံးတော့ မိပြီပဲ...။
"အစီရင်ခံပါတယ်...! မရေတွက်နိုင်တဲ့ စစ်သင်္ဘောတွေအများကြီး မြောက်ဘက်နဲ့ တောင်ဘက်ကနေ ထွက်လာကြပါတယ်"
စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းတာလား....!
အပြင်ဘက်ကင်းထောက်အဖွဲ့မှပြန်လာသော ကတ်စပါသည် စောင့်ကြည့်ခန်းတံခါးကို "ဘန်း"ခနဲ မြည်အောင် ဖွင့်ကာ ချက်ချင်းဝင်လာပြီး ပြောလိုက်သည်။
"ပင်လယ်ဓါးပြတွေပါ....!"
စီဆဲလ်သည် အံ့သြသွားပြီး ကဲ့ရဲ့လိုက်သည်။
"အရှေ့နဲ့ အနောက် ညှပ်တိုက်မလို့လား...!"
"ငါ..အဲဒါမျိုးတွေ မကြိုက်ဘူး"
ကတ်စပါလည်း ဆက်ပြောလေသည်။
"ပြောရရင် ဟာသတစ်ခုလို့ထင်ရပေမယ့် ပင်လယ်ဓါးပြအဖွဲ့ရဲ့ ဦးတည်ချက်က ကျွန်တော်တို့နဲ့ အတူတူပါပဲ....သူတို့ ပစ်မှတ်က Dark Phoenix ပါ...."
စီဆဲလ်သည် သူ့သေနတ် စောင်းပေါ် လက်တင်ထားရင်း သူ့လက်ညှိုးသည် သူ့အတွေးများနှင့် ထပ်တူကျကာ ငွေရောင် အစင်းကြောင်းတောက်လျှောက်အား စည်းချက်ကျကျ ပွတ်သပ်လိုက်သည်။
"အင်း..."
စီဆဲလ်သည် ပြုံးကာ ဆက်ပြောသည်။
"သူတို့ရဲ့ ရည်ရွယ်ချက်က တကယ်ပဲ ငါတို့နဲ့ အတူတူဖြစ်နေတယ်ဆိုရင် အာ့မြန်ကို သူတို့ထက်အရင် ရှာတွေ့မှရမယ်....အဲ့လိုမှမဟုတ်ရင် ..ကတ်စပါ ငါတို့ Dark Phoenix နဲ့ ပင်လယ်ဓါးပြ နှစ်ဖွဲ့လုံးကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ မင်းထင်လား.."
"ထင်ပါတယ်"
ကတ်စပါသည် အခိုင်အမာ ပြန်ပြောလိုက်သည်။
"ဒါပေါ့...."
စီဆဲလ်သည် ပခုံးကိုတွန့်ကာ အနိုင်နှင့် ပိုင်းရန် ရည်ရွယ်ထားလေသည်။
အကယ်၍ ပင်လယ်ဓားပြတွေသာ တစ်ယောက်ယောက်ကို လုယူချင်တယ်ဆိုရင်.... သူတို့သည် သူ့ထက်ပိုပြီး မြန်မြန်သွားနိုင် မသွားနိုင်ပေါ်တွင်မူတည်သည်။
------------------------------------------------------------------------