Chapter 118
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး အခန်း 118


* * *

လူနာသည် မျက်နှာများနီမြန်းကာ စတင်စားခဲ့သော်လည်း မကြာမီမှာပင် သူမ၏ ခန္ဓာကိုယ်ရော စိတ်ပါ သံမဏိကဲ့သို့ ခိုင်မာလာခဲ့သည်။

ဝိုင်တန်ခိုးကြောင့်ပင်။ လူနာသည် ရှက်ရွံ့မှု၊ ဒေါသ၊ စိတ်ရှုပ်ထွေးမှုနှင့် အခြားအကြောင်းရင်းများစွာကြောင့် ဝိုင်သောက်ခြင်းကို အဆုံးမသတ်နိုင်ခဲ့ပေ။
လူနာသည် ဝိုင်ကြောင့် သူမ၏ စိတ်တည်ငြိမ်မှုများ ပြန်ရရှိလာခဲ့ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အန်းသန့်စ်ကို ယုံကြည်ချက်ရှိစွာ ရင်ဆိုင်နိုင်ခဲ့သည်။ မဟုတ်သေးဘူး သူမက ယုံကြည်ချက်လွန်ကဲသွားပြီး သူမ၏ ဒေါသများကို နည်းလမ်းမျိုးစုံဖြင့် စတင်အသက်သွင်းခဲ့တော့သည်။

"အရူး"

"သူတို့က မင်းလို ဟန်ဆောင်ဖို့ လူတောင်ရှာဖွေခဲ့သေးတယ်။အဲ့တော့ သူတို့ကို အရူးလို့ ခေါ်တာ သင့်တော်တယ်။ သူတို့က လုံးဝကို ရူးနေတဲ့မိသားစုပဲ"

"မဟုတ်ဘူး ရှင့်ကိုပြောတာ"

...ရုတ်တရက်ကြီးလား။သူက စောနလေးကတင် ဖယ်ဆန် နှင့် ဒဲဗောရာအကြောင်း သေချာရှင်းပြပေးခဲ့တာလေ။

လူနာက အနည်းငယ်ပွင့်ဟနေသော မျက်လုံးများဖြင့် အန်းသန့်စ်ကို လက်ညှိုးကို ညွှန်ပြလာခဲ့သည်။
ထို့ကြောင့် အန်းသန့်စ်က ထိုင်ခုံပေါ် မှီချပြီး ဘာလို့လဲဟု မေးလိုက်သည်။

"ဘာလို့လဲ"

"လူကောင်းတွေက ရှင့်လိုမျိုး ဘယ်မှာလုပ်လို့လဲ"

အန်းသန့်စ်က သူမကို ဆက်ပြောဖို့ တိုက်တွန်းသလိုပင် လူနာ၏ စကားကို ပြန်မငြင်းဘဲ စောင့်နေခဲ့သည်။

"ရှင် ဘာလို့ အမြဲတမ်း ရုတ်တရက်ဆန်နေရလဲ။အနည်းဆုံး အသင့်ပြင်ထားလို့ရအောင် အရိပ်အမြွက်လေးတော့ ကြိုပြောသင့်တယ်လေ။အမြဲတမ်း ကျွန်မ နားလည်မှုလွဲပြီး ဒေါသထွက်ပြီးမှပဲ ဘာလို့ ရှင်းပြချက် ထွက်လာတာလဲဆိုတာတကယ် နားမလည်နိုင်ဘူး"

လူနာက အန်းသန့်စ်ကို ဆက်လက်ဆူပူကြိမ်းမောင်းလာခဲ့သည်။

"ရှင် အဲ့လိုလုပ်မယ်ဆိုရင် ဘာလို့ စကားပြောတာကိုသင်ခဲ့သေးလဲ။ဒီတိုင်း ဘာစကားမှ မပြောဘဲ ရှင်နေချင်သလိုနေပါတော့လား "

"ကိုယ် မင်းဆီက ခွင့်ပြုချက်မရှိဘဲ စိန် ယူသွားမိတဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ်လည်း မင်းကို အရင်ပြောပြချင်ပေမယ့် အဆင်မပြေနေတဲ့အခြေအနေမှာဆိုတော့..."

လူနာက သူဘာမှတောင် မရှင်းပြရသေးခင် ထွက်ပြေးသွားခဲ့သည်။ထိုကြောင့်ပင် အခြေအနေများက ရုတ်တရက် အဆိုးဘက်လှည့်သွားခဲ့တာဖြစ်သည်။

ယခုက ပထမဆုံးအကြိမ် မဟုတ်ဘဲ အရင်ကလည်းထိုကဲ့သို့ အခြေအနေတူများရှိခဲ့ဖူးသည်။  

အဝေးထွက်ပြေးတာ၊ အကြောင်းအရာပြောင်းတာ၊အရမ်း စိတ်ရှုပ်ထွေးပြီး မူလဲနိုင်တဲ့အထိဖြစ်သွားတာ စသဖြင့်....

ထို့ကြောင့် ဘာမှကြိုမပြောလို့ဆိုပြီး တစ်ဖက်သတ် အပြစ်တင်ခံရခြင်းမှာ အနည်းငယ်မတရားသလို ခံစားရသည်။

လူနာက သူမလက်ကို ခါယမ်းပြပြီး အခု ဆွေးနွေးနေတာ အဲ့အကြောင်း မဟုတ်ဘူးဟု ပြောခဲ့သည် ။

"အဲဒါကိုပြောနေတာ မဟုတ်ဘူး။ ရှင် ဝန်ခံခဲ့တာပဲဟာ။ကျွန်မ အဲ့စိန်ပိုရှုံးသွားရင်တောင် ရှင့်ကို ဆယ်ဆပြန်ဆပ်ခိုင်းဖို့ စဉ်းစားပြီးသား"

လူနာက အန်းသန့်စ်ကို ကျွန်မ ရှင့်စည်းစိမ်ဥစ္စာတွေအကုန်ယူပစ်မှာ ရှင်အားလုံးဆုံးရှုံးသွားတော့မယ် ဟုဆိုနေသကဲ့သို့ စိုက်ကြည့်လာခဲ့သည်။

"ဒါဆို ဘာကိုပြောတာလဲ"

အန်းသန့်စ်က သူမ ဘာကိုနားလည်မှုလွဲပြီး ဒေါသထွက်နေရတာလဲလို့ မေးလာတာကြောင့် လူနာက စိတ်ဆိုးနေသေးသကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြန်ဖြေခဲ့သည်။

"ကျွန်မက ရှင် ဒဲဗောရာကို သဘောကျနေတယ်လို့ ထင်ခဲ့တာလေ။ ရှင်က ချိုသာတဲ့ ပင်ကိုယ်စရိုက်မရှိသူဆိုပေမယ့် သူမကိုတော့ စကားတွေအရှည်ကြီးပြောနေခဲ့လို့"

အန်းသန့်စ်သည် သူမက တိုက်ရိုက်ပြောလာခဲ့တာကြောက့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ 

အရက်ရဲ့စွမ်းအားက တကယ့်ကို အံ့မခန်းစရာပဲ။

အခု သူတို့ ဒီအထိရောက်လာခဲ့ကြတာကြောင့် သူ မျှော်လင့်နေသောအဖြေ ကြားရဖို့ သေချာလောက်သည်။သူတို့ ဒီနေ့ မမျှော်လင့်ထားသော အဖြစ်အပျက်များနှင့် ရင်ဆိုင်ပြီးနောက် အခွင့်အရေးကို လွဲချော်သွားခဲ့ပြီဟု သူထင်ခဲ့သော်လည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့သည်။

"ကိုယ် သူ့ကိုသဘောကျသွားတာက မင်းအတွက်ပိုမကောင်းဘူးလား။မင်း ဘာလို့ နားလည်မှုလွဲပြီး ဒေါသထွက်ရတာလဲဆိုတာကို ကိုယ်နားမလည်ဘူး။မင်း ကိုယ်နဲ့ လမ်းခွဲချင်နေတာမဟုတ်ဘူးလား။ကိုယ့်ကို ဘယ်သူနဲ့မဆို သူငယ်ချင်းမြန်မြန်လုပ်ဖို့တောင် ပြောခဲ့သေးတယ်လေ"

"အဲဒါက..."

ထိုစကားများကြောင့် အန်းသန့်စ်ကို ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့သော လူနာ တုန်လှုပ်သွားခဲ့သည်။သူမ ဘယ်လောက်မူးနေပါစေ သူမ သဝန်တိုလို့၊သူ့ကို သဘောကျလို့ဟု ဝန်ခံရခက်ပေသည်။

သို့သော် သူမ ဘာမှပြန်မဖြေဘူးလို့တော့ မဆိုလိုပေ။ 

လူနာက အန်းသန့်စ်၏ မျှော်လင့်ချက်များပြည့်နေသော အကြည့်ကို ရှောင်ရှားလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"...ကျွန်မ ပြန်ရုတ်သိမ်းပါ့မယ်"

"ဘာကိုလဲ။ဘာကို ပြန်ရုတ်သိမ်းမှာလဲ"

"ကျွန်မ လမ်းခွဲမယ်လို့ ပြောခဲ့တာကို...အခုပြန်စဉ်းစားကြည့်တော့ ကျွန်မတို့ သူငယ်ချင်းအသစ် လုပ်တာနဲ့ပဲ လမ်းခွဲစရာ မလိုအပ်ဘူးမလား။ ဒီတိုင်း... ကျွန်မတို့ အခုအတိုင်းပဲ နေကြရအောင်။ဒီတိုင်း လမ်းမခွဲဘဲနဲ့..."

လူနာက သူမစကားအဆုံးသတ်ပြီးသည်နှင့် ခေါင်းကိုလှည့်လိုက်၏။သူမ၏ စောစောပိုင်းရှိ ရဲရင့်မှုများက ပျောက်ကွယ်သွားပြီး အရှက်တရားများဖြင့် အစားထိုးလာခဲ့သည်။

သို့သော် အန်းသန့်စ်က စကားဝိုင်းကို ဒီနေရာမှာဘဲ အဆုံးသတ်ဖို့ ရည်ရွယ်ချက်မရှိပေ။

"..ဒါဆို မင်းက ကိုယ်တို့ အနာဂတ်မှာ ရက်အကန့်အသတ်မရှိ ဆက်ချိန်းတွေ့ကြမယ်လို့ပြောနေတာလား။ ကတိမရှိဘဲနဲ့လေ"

"အဲ...အဲ့ဒါက ဘယ်လိုလဲဆိုတော့..."

လူနာ ချီတုံချတုံဖြစ်နေပုံရကာ ယောင်ဝါးဝါး ပြန်ဖြေခဲ့သည်။

အန်းသန့်စ်အတွက် အဲဒီတုံ့ပြန်မှုက လုံလောက်ပေသည်။ကျန်တာမှာ သူ့အပိုင်းပင်။

"ဒါဆို ကိုယ်လည်း ကိုယ်အရင်ပြောခဲ့တဲ့ဟာကို ပြန်ရုတ်သိမ်းရမှာပဲ"

"... ဘာကိုလဲ"

"ကိုယ့်ကို ချိန်းတွေ့ဖို့သုံးပြီး စွန့်ပစ်လိုက်လို့ဆိုတာကိုလေ။ ကိုယ် အဲ့တုန်းက လျှာချော်သွားတာပဲဖြစ်ရမယ်"

၎င်းက သူ့မှတ်ဉာဏ်ထဲမှ ဖျက်ပစ်ချင်ခဲ့သော မိုက်မဲသည့်စကားဖြစ်ပေသည်။

သူ ပန်းတွေ ပြင်ဆင်ထားခဲ့သင့်တယ်။မဟုတ်ဘူး သူ အနည်းဆုံးတော့ ပန်းပုံစံ ကျောက်မျက်ကိုပြင်ဆင်ခဲ့သင့်တယ်။

သူ ဒုတိယအကြိမ် နောင်တရသွားခဲ့သော်လည်း ဒီတစ်ခါတော့ အခွင့်အရေးကို ဒီတိုင်းလက်မလွှတ်လိုက်နိုင်ပေ။

အန်းသန့်စ်သည် မည်သူတစ်ဦးတစ်ယောက်ထံမှ မည်သည့်အကြံကိုမှ မရခဲ့ကြောင့် သူ ထိုကဲ့သို့ ပြုမူခြင်းက မှန်လား မမှန်လား မသေချာသော်လည်း ယခုလုပ်ရမည်ဟု ခံစားချက်ရလာသောကြောင့် သူ့ထိုင်ခုံမှထကာ လူနာထံ ချဉ်းကပ်ခဲ့လိုက်သည်။

လူနာသည် အန်းသန့်စ်က သူမ နားမလည်နိုင်သော စကားလုံးများကို ရွတ်ရင်း ရုတ်တရက် အနီးသို့ ချဉ်းကပ်လာခဲ့သောကြောင့် သူမ ပုခုံးများတုန်တက်သွားသော်လည်း နောက်ပြန်မဆုတ်ခဲ့ချေ။

အန်းသန့်စ်က လူနာထိုင်နေသော ထိုင်ခုံလက်ကိုင်ကို ကိုင်ပြီး သူမ အရင်ကတစ်ခါမှမမြင်ဖူးခဲ့သော လေးနက်သောအမူအရာဖြင့် သူ့ခံစားချက်အစစ်အမှန်များကို သွန်ချလာခဲ့သည်။

"ကိုယ် ဒီဟန်ဆောင်ဆက်ဆံရေးကို ရပ်ပြီး မင်းနဲ့ တရားဝင်တွဲချင်တယ်။မင်း ကိုယ့်ကို အသုံးပြုပြီးရင်တောင် မစွန့်ပစ်ချင်အောင် ကိုယ်ကြိုးစားပါ့မယ်"

"အာ…"

လူနာသည် အန်းသန့်စ်၏ စကားများကြောင့် မျက်တောင်ပင် မခတ်နိုင်အောင် တောင့်ခဲသွားခဲ့သည်။ 

ဒီလူ အခု ဘာတွေပြောနေတာလဲ။

သူမ ရုတ်တရက်ကြီး အမူးပြေသွားသလိုခံစားလိုက်ရသည်။ 

မဟုတ်ဘူး အမူးပြေသွားတာတင် မဟုတ်ဘဲ တစ်ယောက်ယောက်က သူမခေါင်းကို ရိုက်လိုက်သလို ခံစားမိခဲ့သည်။

သူက သူမကို စိတ်ဝင်စားနေမှန်း သိထားခဲ့သော်လည်း သူ အမှန်တကယ်ကြီး ဝန်ခံလာတာက မတူညီသော ကိစ္စတစ်ခုဖြစ်သွားချေပြီ။

"ဒါ-‌ဒါက ရှင် အခုပြောနေတာက..."

ထို့ကြောင့် လူနာသည် သူမ ဝိုင်အလွန်အကျွံသောက်မိတာကြောင့် ထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ မေးလာခဲ့၏။

အန်းသန့်စ်က ဝမ်းနည်းသော အကြည့်ဖြင့် ပြန်ဖြေခဲ့သည်။

"ဟုတ်တယ် ကိုယ် မင်းကို အရမ်းသဘောကျတယ် လူနာ။ကိုယ် ကြိုတင်မပြင်ဆင်ဘဲ ဒီလိုမျိုး ဝန်ခံမိလို့ နောင်တရတယ်"

ဒုန်း!

အန်းသန့်စ်၏ တုံ့ပြန်မှုကြောင့် လူနာ၏ နှလုံးက နစ်မြုပ်သွားခဲ့...မဟုတ်သေးဘူး ပို၍ပြင်းပြင်းထန်ထန်ခုန်လာကာ ပေါက်ကွဲထွက်လာတော့မလိုမျိုး ခံစားခဲ့ရသည်။

လူနာက မတုံ့ပြန်လာခဲ့တာကြောင့် အန်းသန့်စ်သည် သူမကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပါးစပ်ကို ဖွင့်လိုက်သည်။

"မင်း သဘောမကျဘူးဆိုရင် ကိုယ့်ကို ငြငြင်းလို့ရပါတယ်"

ဒါပေါ့ အဲ့ဒါက သူ အရှုံးပေးလိမ့်မယ်လို့တော့ မဆိုလိုပေ။ဒီတိုင်း ငြင်းလို့ရတယ်လိုဘဲ ဆိုလိုတာဖြစ်သည်။

အကယ်၍ လူနာက ဒီမှာ သူ့ဝန်ခံချက်ကို ငြင်းခဲ့မယ်ဆိုရင် သူက တခြားသူတွေဆီမှ အကြံဉာဏ်တောင်းပြီး သူမကို နောက်တစ်ကြိမ် သေသေချာချာလေး ထပ်ဝန်ခံဖို့ စီစဉ်ထားပေသည်။

"မဟုတ်ဘူး ခဏလေး!"

သို့သော် လူနာက အန်းသန့်စ်သည် သူမ သဘောမကျပါက သူ လက်လျော့လိုက်တော့မှာဖြစ်သည်ဟု နားလည်မှုလွဲသွားပြီး အန်းသန့်စ်၏လက်မောင်းကို သတိမထားမိလိုက်ဘဲ ဆုပ်ကိုင်လိုက်သည်။

သူမ မတုံ့ပြန်ပါက သူ ရုတ်တရက် ထွက်သွားတော့မည်ဟု ခံစားရတာကြောင့် သူ့ကို အရင်ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

"ကျွန်-ကျွန်မကို စဉ်းစားဖို့ အချိန်လေးတော့ ပေးအုံးလေ...! ရှင်-ရှင်က ရုတ်တရက်ကြီး…"

ထို့နောက် သူမက သူထွက်မပြေးနိုင်အောင် သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အချိန်ပေးရန် တောင်းဆိုလာခဲ့သည်။ထိုသို့ တောင်းဆိုလာသည်မှာ သူ့ကို ငြင်းဖို့ထက် သူ့ဝန်ခံချက်ကို တုံ့ပြန်ဖို့ ပိုနီးစပ်လောက်ပေသည်။

အန်းသန့်စ်က လေးလေးနက်နက် တွေးနေချိန်တွင် လူနာ၏ မျက်နှာမှာ နီရဲတက်လာပြီး သူ့လက်မောင်းကို ကိုင်ထားသော သူမ၏ လက်များက တုန်ရီလာခဲ့သည်။

ထိုအကြောင်းကို အတည်ပြုပြီးသွားပြီးနောက် အန်းသန့်စ်၏ မျက်လုံးများက ခေတ္တပြူးကျယ်သွားပြီး အခွင့်ရေးတစ်ခုတောင် အလွတ်မခံဘဲ ပြန်ပြောလိုက်သည်။

သူ လူနာထံမှ အဖြေကိုအမြန်ရချင်သော်လည်း သူမက အချိန်တောင်းလာမှတော့ သူ ပေးရမည်သာ။

"…ဘယ်လောက်ကြာအောင်လဲ။ ငါးမိနစ်ဆိုလုံလောက်ပြီလား"

"ငါး...ငါးမိနစ်လား"

"မဟုတ်ဘူး သုံးမိနစ်။ သုံးမိနစ်ဆို ရလောက်ပြီမလား။ လေဒီက yes or no ထဲကတစ်ခုကိုရွေးဖို့ပဲလိုတာလေ"

ဒါပေါ့ အချိန်ပေးမှာဆ်ုပေမယ့် သူ အကြာကြီးစောင့်မယ်လို့ မဆိုလိုပေ။အန်းသန့်စ်က သုံးမိနစ်သာ အချိန်ပေးမည်ဟု ပြောခဲ့ပြီး လူနာ၏တုံ့ပြန်မှုကို စောင့်ဆိုင်းခဲ့သည်။

ပုံမှန်အတိုင်းဆိုပါက လူနာသည် အချိန်အရမ်းတိုတောင်းလွန်းတာကြောင့် ထပ်ပေးဖို့ တောင်းဆိုလိမ့်မှာဖြစ်သော်လည်း လူ‌နာရော အန်းသန့်စ်ပါ အခြေအနေပုံမှန်မရှိနေကြချေ။

"တစ်မိနစ်ကျော်သွားပြီနော်"

"…ဟမ်!"

ဆယ်စက္ကန့်တောင် မကျော်သေးလောက်သော်လည်း အန်းသန့်စ်က တစ်မိနစ်ကျော်သွားပြီဟုပြောကာ လူနာကို ထပ်လောဆော်ခဲ့သည်။သူက နာရီကိုတောင် မစစ်ခဲ့ချေ။

လူနာသည် စတင်စိုးရိမ်ပူပန်လာခဲ့ပြီး သူမနှုတ်ခမ်းကို ကိုက်ကာ ဘာလုပ်ရမှန်းမသိနေချိန်မှာပဲ အန်းသန့်စ်က နောက်တစ်မိနစ်ထပ်ကုန်သွားပြီဟုပြောလာခဲ့သည်။လူနာသည် သည်းမခံနိုင်တော့ဘဲ ပြန်ပြောခဲ့လိုက်တော့သည်။

"ကောင်းပြီ ကျွန်မနားလည်တယ်! ကျွန်မ နားလည်ပြီ ဟုတ်ပြီလား။တရားဝင်တွဲတွေ့ကြရအောင်…!"

သူမက အန်းသန့်စ်၏ မျက်နှာကို တည့်တည့်မကြည့်နိုင်ဘဲ ခေါင်းငုံ့ထားလိုက်သည်။

"…!"

သို့သော် အန်းသန့်စ်က သူမထက်ပင် ပိုမြန်နေကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်လာခဲ့သည်။

"ကောင်းပြီ ခဏလေးနေပါဦး!"

"ကိုယ်က မင်း တစ်ခါနှစ်ခါလောက် ငြင်းတာကို ခံရမယ်ထင်ခဲ့တာ"

"…ဘယ်လို!"

ဘာ ဒါဆို ကျွန်မ ရှင့်ကို ငြင်းလို့ရတယ်လို့ ဆိုလိုတာလား။ 

လူနာသည် အန်းသန့်စ်က သူမကို စွန့်လွှတ်တော့မယ်လို့ ထင်တာကြောင့် တွေးတောင်မတွေးနိုင်ခဲ့ဘဲ သဘောတူခဲ့တာဖြစ်သည်

လူနာက သူမအနည်းငယ် မှားသွားသလို ခံစားလိုက်ရသော်လည်း သူမ နှလုံးသားမှာတော့ ပြင်းပြင်ထန်ထန်ခုန်ပေါက်နေခဲ့သည်။

ထို့ကြောင့် လူနာ၏ ဘယ်နားထားရမှန်းမသိ ဖြစ်နေခဲ့သောလက်များက အန်းသန့်စ်၏ နောက်ကျောပေါ်တင်ကာ သူ့ကို ပြန်ဖက်ခဲ့လိုက်သည်။

လူနာသည် ရှက်ရွံ့ခြင်းမှနေ အကြောင်းတစ်ချို့ကြောင့် သူမ အခုဒီလိုလုပ်ဖို့လိုတယ်လို့ ခံစားလာခဲ့ရတော့သည်။

TK Team (chapter 118)