Chapter 117
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 117


"…?!"

ဒါက ဘာကြီးလဲ။ 

ဒဲဗောရာသည် ထိပ်လန့်တုန်လှုပ်သွားပြီး စိန်ကို အိတ်ကပ်ထဲသို့ အမြန်ပြန်ထည့်လိုက်၏။

သူမကဲ့သို့ ဇိမ်ခံပစ္စည်းများနှင့် ကျင့်သားမရသေးသူတောင်မှ တစ်ခုခုက လေးနက်စွာ မှားယွင်းနေကြောင်း ပြောနိုင်သည်။သူမ သေချာပါက် မည်သူ့ကိုမှ ထုတ်ဖော်မပြသင့်ပေ။

"နင် ဘာလို့ မချွတ်သေးတာလဲ"

ဘတ်သ်က ကုတ်အင်္ကျီ ချွတ်မည်ဟုပြောခဲ့သော်လည်း တုတ်တုတ်မျှမလှုပ်လာသော ဒဲဗောရာကို စိတ်ရှုပ်ထွေးနေသည့်လေသံဖြင့် မေးလိုက်သည်။အံ့ဩနေခဲ့သော ဒဲဗောရာက ပင့်သက်ရှိုက်ပြီး ပြန်ဖြေလိုက်သည်-

"အိုး ငါတို့ မကြာခင်ရောက်တော့မှာပဲဟာ ဒီတိုင်းပဲဝတ်ထားလိုက်တော့မယ်!"

"နားလည်ပြီ"

ဒါဆိုလည်း ကောင်းပြီ။ သူမ မလုပ်ချင်မှတော့ အတင်းလုပ်ခိုင်းလို့မရဘူးလေ။ပြီးတော့ ကုတ်အင်္ကျီချွတ်တာက အဲ့လောက်အရေးပါတဲ့ ကိစ္စမှမဟုတ်ပဲ။

သူမ အပြုအမူများက ထူးဆန်းသော်လည်း ဒဲဗောရာ စိတ်လှုပ်ရှားပြီး မတည်မငြိမ်ဖြစ်တာက ပထမဆုံးအကြိမ်မမဟုတ်ပေ။ဘတ်သ်က ဒဲဗောရာ၏ အပြုအမူအပေါ် သံသယမဝင်ဘဲ နားလည်ဟန် ခေါင်းညိတ်ပြခဲ့သည် ။

ရထားက စံအိမ်သို့ ပြန်ဆိုက်မရောက်မီ ဒဲဗောရာသည် ဘတ်သ်မျက်လုံးကိုရှောင်ရှားဖို့ရာ စိန်တုံးက သူမ၏ ဂါဝန်အတွင်းထဲ ဝှက်ထားခဲ့သည်။

ဒဲဗောရာသည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ဘာလို့ဒီလိုဖြစ်လာခဲ့တယ်ဆိုတာ သူမ မသိပေမယ့်လည်း စိန်ကို ဘယ်သူမှ မတွေ့ဘဲ ပိုင်ရှင်ဆီ ပြန်ပေးမည်ဟု တွေးလိုက်တော့သည်။

* * *

« တကယ်တော့ ဘာမှမဟုတ်ဘူး။ကိုယ်က ဒီတိုင်းပြန်တွေ့လို့ရအောင် အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့လိုက်တာ။မင်းရော မြို့စားကြီးရဲ့ အစေခံတစ်ယောက်က ဘာလို့ မင်းပုံစံတုထားတဲ့ အမျိုးသမီးနဲ့ အပြင်ထွက်လည်ရတာလဲဆိုတာ မသိချင်ဘူးလား »

သူ ဒီလိုပြောလာမှတော့ သူမလည်း သိချင်တာပေါ့။ 

လူနာသည် စောစောက အန်းသန့်စ်ပေးခဲ့သော အဖြေကို ပြန်သတိရသွားပြီး အံကြိတ်လိုက်မိသည်။

ဒါပေမယ့် အဲ့ဒါက သူများ စိန်ကိုခိုးပြီး တခြားသူ အိတ်ထဲထည့်ရမယ်လိုမဆိုလိုပေ။

ဒါပေါ့ ဆုံးရှုံးသွားရင် သူက လျော်ကြေးပြန်ပေးမှာဆိုပေမယ့် အနည်းဆုံးသေချာ ရှင်းပြသင့်တယ်လေ။

'…ထားတော့ အခုက ငါတို့ ကောင်းကောင်း စကားပြောနိုင်မယ့် အခြေအနေ မဟုတ်သေးဘူး'

ထို့ကြောင့် လူနာလည်း ပြသထားရာနေရာမှ ပျောက်သွားသည့် စိန်တုံးဘယ်မှာလဲဟု မေးလာသော ဖောက်သည်များအား အကြာင်းပြချက်များ အလျှင်အမြန်ပေးခဲ့ရသည်။

အခြေအနေများ နည်းပေါင်းစုံဖြင့် ပရမ်းပတာဖြစ်သွားခဲ့ရသည်။အကယ်၍ အန်းသန့်စ်က အစထဲစ မှန်မှန်ကန်ကန်လေး ပြုမူခဲ့မယ်ဆိုရင် ထိုသို့ ဖြစ်လာမှာမဟုတ်ချေ။

ထို့နောက် သူက သူမကို နောက်ကျစံအိမ်ဆီ လာတွေ့မယ်လို့ပြောပြီး ထွက်သွားခဲ့သည်။ 

ဘယ်လိုတောင် မကောင်းလိုက်တဲ့လူလဲ!

ထိုအတွေးက သူမစိတ်ထဲ ပြေးဝင်လာသည်နှင့်အမျှ လက်သီးကို တင်းတင်းဆုပ်လိုက်မိချိန်တွင် ဗိုင်းကောင့်ကဲလ်ရန်က သူမကို မျက်လုံးများ ဝိုင်းစက်ကာ နှုတ်ဆက်လာခဲ့သည် ။

"လေဒီပဲလ်!"

"…အာ! ဗိုင်းကောင့်ကလီရာ"

လူနာက ဗိုင်းကောင့်ကို ဘယ်တုန်းကမှ ဒေါသမထွက်ဖူးခဲ့သလို တည်ငြိမ်သည့်အမူအရာဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ သူမ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စကို ခွဲထားသင့်သည်။

"ကျွန်တော် ဒီကိုရောက်မှ လေဒီလူနာက လက်ဝတ်ရတနာဆိုင်ပိုင်ရှင်မှန်း သိလိုက်ရတာ။ကျွန်တော်တို့ အရင်ထဲစ တွေ့ခဲ့သင့်တာဗျာ။စံအိမ်စာချုပ်ချုပ်တော့မှ စတွေ့ခဲ့တာ စိတ်ပျက်စရာပဲ ဟားဟား!"

ဗိုင်းကောင့်က နောက်မှတွေ့ခဲ့မိတာ နောင်တရစရာကောင်းပြီး ယခုမှစ ကောင်းကောင်း ပေါင်းထားသင့်ပြီဟု ပြောရင်း ဟက်ဟက်ပက်ပက် ရယ်မောခဲ့သည်။အကယ်၍ အခြားသူသာဖြစ်ပါက လူနာသည် ယခုမှ သူမအမြီးကို လာမြှောက်ပင့်နေတယ်ဆိုပြီး ကျိန်ဆဲမိမှာဖြစ်သော်လည်း ဗိုင်းကောင့်ကလီရာ ကတော့မတူပေ။

သူက အန်းသန့်စ်မိတ်ဆက်ပေးခဲ့သောအိမ်ခြံမြေပွဲစားဖြစ်ပြီး သူမကို အစကတည်းစ လေးလေးစားစား ဆက်ဆံခဲ့သူဖြစ်သည်။

"ဒါပေါ့ နောက်ကျခင်ခင်မင်မင်နေကြတာပေါ့"

ထို့အပြင် သူက ဇိမ်ခံပရိဘောဂပစ္စည်းများနှင့် စံအိမ်ကြီးများကို ကိုင်တွယ်ရသောကြောင့် သူနဲ့ခင်ခင်မင်မင် ဆက်ဆံရရှိထားတာက ဘာမှထိခိုက်မှာမဟုတ်ပေ။

ဟုတ်တယ်။အခု လက်ရှိကိစ္စကိုပဲ အာရုံစိုက်တာပေါ့။ အန်းသန့်စ်ကို စကားပြောတာနဲ့ ဒေါသထွက်တာက နောက်မှလုပ်ရမယ်။ 

လူနာက ထိုအတွေးဖြင့် တောက်ပစွာပြုံးလိုက်ပြီး သူမ၏ ဆိုင်ဖွင့်ပွဲအား ဂုဏ်ပြုရန် လာရောက်ကြသော ဗိုင်းကောင့် နှင့် အခြားဧည့်သည်များကို နွေးထွေးစွာ နှုတ်ဆက်ခဲ့တော့သည်။

* * *

"ဟားးး ငါ တကယ် သေတော့မလိုပဲ"

အလုပ်များပြီးသွားပြီးနောက် စံအိမ်သို့ ပြန်လာခဲ့သော လူနာက ရှုမျှော်ခန်းထဲသို့ သွားပြီး စားပွဲပေါ် လှဲချလိုက်သည်။

သူမသည် ချွန်မြသောဒေါက်ဖိနပ်စီးပြီး ဂါဝန်ဝတ်ကာ ဟိုမှဒီသို့ မိုးလင်းမှ နေဝင်ရီတရောအထိ ပြေးလွှားခဲ့ရသောကြောင့် မောပန်းနွမ်းနယ်နေခဲ့သည်။ သူမ ရက်အနည်းငယ်လောက် အနားယူရန်ပင် လိုအပ်နေပြီဟု တွေးမိခဲ့သည်။

အမ်မာက စိုးရိမ်စွာဖြင့် အအေးတစ်ခွက် အလျင်အမြန်ယူလာပေးခဲ့ပြီး ပြောလာခဲ့သည်။

"သခင်မလေး ဒီလောက်ပင်ပန်းမယ်မှန်းသိရင် ကျွန်မပါ လိုက်လာခဲ့ပါတယ်"

"ဟင့်အင်း နင် မလိုက်ခဲ့ဖြစ်လဲ အဆင်ပြေပါတယ်။ငါတို့ အားတဲ့အခါကျ အတူတူသွားကြတာပေါ့။ အိုး! ဒါနဲ့ ငါ နင့်ကိုပေးစရာရှိတယ်"

လူနာက ထိုသို့ပြောပြီး လော်ရာကို အချက်ပြလိုက်သည်။ထို့နောက် လော်ရာက သေတ္တာတစ်ခုကို စားပွဲပေါ်သို့တင်လာခဲ့သည်။

"နင် ဘာကြိုက်မှန်းမသိလို့ ဒီတစ်ခါတော့ ငါ ဘာသာပဲ လုပ်ခဲ့လိုက်တာ။နောက်မှ နင့်အတွက် ကိုယ်တိုင်စိတ်ကြိုက်မှာဖို့လုပ်ပေးမယ်"

လုပ်တာလား။ဘာကိုလဲ။ဘာကို စိတ်ကြိုက်မှာတာလဲ။

လူနာက အမ်မာကို အဓိပ္ပာယ်မရှိသော စကားများပြောလာခဲ့ပြီး သေတ္တာကိုဖွင့်ရန် သူမအား တိုက်တွန်းခဲ့သည်။

အမ်မာက ဇဝေဇဝါဖြင့် သေတ္တာကိုဖွင့်ကြည့်လိုက်ရာ ရွှေနှင့်စိန်များဖြင့်လုပ်ထားသည့် လှပသောလည်ဆွဲများစွာကို တွေ့လိုက်ရသည်။

"အဲ့ဒါက လက်ဆောင်တွေလေ။အကြီးဆုံးက နင်နဲ့လော်ရာအတွက် ကျန်တာက အစေခံတွေအတွက်"

"…အယ် "

လူနာ၏ အမိန့်ကြောင့် သေတ္တာကို ရတနာဆိုင်မှယူလာခဲ့သော်လည်း ဘာမှန်းမသိခဲ့သော လော်ရာက မျက်တောင်တောင်မခတ်နိုင်ဘဲ အံ့သြတကြီး အသံထွက်သွားခဲ့သည်။

အမ်မာကလည်း တစ်ပုံစံထဲဖြစ်နေပြီး ဘာတွေပြောနေတာလဲဟု မေးရန် ကြိုးစားနေပုံရသည်။

"ငါ 'ဟင့်အင်း'ဆိုတာကို လက်မခံဘူးနော်။ငါက သူများ ဂရုစိုက်တာကိုပဲ အမြဲခံခဲ့ရတာ။ငါ့ဘက်က ဘာမှပြန်မလုပ်ပေးခဲ့မိဘူး။ဒါကြောင့် ငါအခု ဒါလေးပေးတာကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ပြီးတော့ ငါတို့မှာ စိန်တွေအများကြီးရှိတာပဲဟာ စိတ်မပူကြနဲ့။ နားလည်တယ်ဟုတ်"

လူနာ၏ လေသံထဲ ခိုင်မာမှုတစ်ခုရှိနေပြီး ငြင်းဆန်သောအဖြေကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ညွှန်ပြနေသည်။

အမ်မာက လည်ဆွဲကို ခဏလောက် စိုက်ကြည့်နေခဲ့ပြီးနောက် မျက်ရည်များကို သုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပါ သခင်မလေး။ကျွန်မ ဒါကို မျိုးရိုးဆက်ဆက်အထိ လက်ဆင့်ကမ်းသွားပါ့မယ်"

"ကျွန်မရောပဲ…!"

နည်းနည်းတော့ပိုလွန်းနေတယ်ဆိုပေမယ့် နောက်ကျမှ သူတို့ငိုအောင် ပိုကြီးတဲ့လက်ဆောင်တစ်ခု ပေးရမယ်။

လူနာက ထိုသို့တွေးပြီး ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရုတ်တရက်ကြီး ပေါ်လာရင်တောင် အံ့သြစရာမရှိသည့် ရင်းနှီးပြီးသား မျက်နှာတစ်ခုက ရုတ်တရက်ပေါ်လာကာ ရင်ထဲထိစရာ မြင်ကွင်းကို အနှောင့်အယှက်ပေးလာခဲ့သည်။

"ကိုယ့်အတွက် လက်ဆောင်ကျတော့ရော"

"ရှင်က လက်ဆောင်နဲ့ထိုက်တန်အောင် ဘာကောင်းတာများလုပ်ခဲ့လို့လဲ"

ရှင့်ကို ကျွန်မစိန်တွေနဲ့ ရိုက်နှက်ရင်တောင် ‌လုံလောက်မှာမဟုတ်ဘူး။

အန်းသန့်စ်က လူနာ၏ ပြတ်သားသော တုံ့ပြန်မှုကို ကြည့်ပြီး သူမနှင့် မျက်နှာချင်းဆိုင်၌ အေးဆေး ဝင်ထိုင်ကာ ပြန်ဖြေလိုက်သည်။

"အိုး ယဉ်ယဉ်ကျေးကျေး ပြန်ပြောလာပြီးဆိုတော့ ကြည့်ရတာ မင်း ဒေါသက နည်းနည်းငြိမ်တဲ့ပုံပဲ"

"ကျွန်မက ဆင်ခြင်တုံတရားရှိတဲ့သူလေ။သခင်လေးလိုမျိုး သူများပစ္စည်းတွေကို ကြုံသလိုလိုက်မခိုးတတ်ဘူး"

"အင်း..ဒါဆိုရင် နည်းနည်းတော့ စိတ်ပျက်စရာပဲ။မင်း ကိုယ့် မယဉ်မကျေးဆူငေါက်လာရင် ကိုယ် တကယ်သဘောကျတာကို"

"....ရှင် ရှင် ဘာတွေပြောနေတာလဲ"

သူ တကယ်ပဲ ဘာတွေပြောနေတာလဲ။

လူနာက ထိုသို့ပြောပြီး သူမရှေ့ရှိ သောက်စရာကို တစ်ကျိုက်တည်း ယူသောက်လိုက်သည်။

သူမ နေ့လည်ကလို အန်းသန့်စ်ကို ကော်လာကနေ ဆုပ်မကိုင်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းသည်။အန်းသန့်စ်က သူမစိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ဒဲဗောရာနှင့် စကားပြောရခြင်းမှာ အကြောင်းအရင်းတစ်ခုရှိလောက်မှန်း သူမသဘောပေါက်ခဲ့သည်။

ပြောရရင် ရယ်စရာကောင်းသော်လည်း သူမ ဝန်ခံရမည်။ထိုအချိန်မတိုင်ခင်ထိ သူမ၏ ဦးခေါင်းမှာ ထုံကျင်နေပြီး နှလုံးသားက ထူးဆန်းစွာလောင်ကျွမ်းနေသလိုခံစားခဲ့ရသော်လည်း အကြောင်းပြချက်တစ်ခုရှိကြောင်း သူမကြားလိုက်သည်နှင့် အားလုံး အရည်ပျော်သွားခဲ့သည်။

"အိုး သခင်မလေး!အခုက ညစာစားချိန်မလား။ သခင်လေးအန်းသန့်စ် စားပြီးသွားပြီလား"

"ဟင့်အင်း မစားရသေးဘူး။ကျွန်တော့်ဖို့ပါ လုပ်ထားသေးလား အမ်မာ"

"အိုး ဒါပေါ့! သခင်လေးက သခင်မလေးဆီလာမယ်မှန်း ကြိုသိထားပြီးသား။ ကျွန်မ ချက်ချင်းယူလာခဲ့ပါမယ်။ အပြင်မှာ လေတဖြးဖြူပဲဆိုတော့ ဒီမှာစားတာပိုကောင်းမယ်ထင်တယ်"

အမ်မာက သူမအလုပ်ပြီးတာနဲ့ လည်ဆွဲကိုဆွဲကြည့်လိုက်ပါ့မယ်ဟုပြောသွားရင်း မီးဖိုချောင်ထဲ အမြန်ဝင်သွားခဲ့သည်။

လော်ရာကလည်း အစေခံများကို ဆွဲကြိုးများပေးလိုက်အုံးမည်ဟု ဆိုကာ သေတ္တာကိုသယ်ပြီး စံအိမ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

သူတို့နှစ်ယောက်အတူရှိတာက သာမာန်မြင်ကွင်းတစ်ခုဖြစ်သောကြောင့် မည်သူမှ သူတို့ ရန်ဖြစ်နေသည်ဟု မတွေးခဲ့ကြပေ။

အစေခံများမှာ သူတို့ ချစ်သူချင်းကျီစားနေမှုထက် လူနာ ပြင်ဆင်ထားသော ဆွဲကြိုးကိုသာ ပို၍စိတ်ဝင်စားနေကြသည်။

"ကဲ ဒါဆို ကျွန်မ‌ကို ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပါအုံး။မစ္စတာသူခိုး သခင်လေးအန်းသန့်စ်"

လူနာက လက်နှစ်ဖက်ကိုပိုက်ကာ ပြောလိုက်သည်။

သူမက သူ မပြောလာရင် သူ့ကို ကော်လာနေကိုင်ပြီးလှုပ်ယမ်းဖို့ အသင့်ဖြစ်နေပုံရသည်။

အန်းသန့်စ်က အစေခံတစ်ဦး ယူလာပေးခဲ့သော ဝိုင်ကိုတစ်ငုံသောက်လိုက်ပြီး စတင်ရှင်းပြခဲ့သည်။

"စောနက အဲ့ဒဲဗောရာဆိုတဲ့ အမျိုးသမီးက မျိုးရိုးမြင့်မဟုတ်ဘူး။သူမက ကိုယ့်ကို မျိုးရိုးနာမည်ကို မပြောပြခဲ့ဘူး။ပြီးတော့ သူမရဲ့ အပြောအဆိုနဲ့ အမူအရာက သိသာတယ်။ဒါပေမယ့် မြို့စားကြီးရိုဒရီယန်အိမ်တော်က အစေခံက သူမကို 'သခင်မလေး' လို့ခေါ်ပြီး အနီးကပ်လိုက်ပါခဲ့တယ်"

အန်းသန့်စ်က ဒဲဗောရာသည် မိတ်ကပ်လိမ်းပြီး လူနာမျက်နှာကို တုပယူရန် ကြိုးစားခဲ့ကြောင်းပါ ထည့်ပြောလာသဖြင့် လူနာ ခဏလောက် မျက်တောင်တဖျတ်ဖျတ်ခတ်မိသွားခဲ့သည်။

"ရှင်ပြောကြည့် သူမက ကျွန်မနဲ့ မတူဘူးလား"

"…? အွန်း မတူဘူး"

ရုတ်တရက် ခေါင်းစဉ်လွဲသွားတော့ မေးခွန်းကြောင့် အန်းသန့်စ်၏ တုံ့ပြန်မှုမှာ အနည်းငယ်နှေးကွေးသွားခဲ့သည်။

"ဒါပေမယ့် သူမက ကျွန်မနဲ့တူတယ်လို့ ရှင်ပြောခဲ့တယ်မလား"

"ဟမ် ကိုယ်လား။ကိုယ် တစ်ခါမှ အဲ့လိုမပြောဖူးခဲ့ပါဘူး။ကိုယ်က သူ မင်းကို တုပဖို့ဖို့ ကြိုးစားနေတယ်လို့ပဲပြောခဲ့တာ"

အမှန်ပင် အန်းသန့်စ်က ဒဲဗောရာနှင့် လူနာတို့ ဆင်တူကြောင်းကို တိုက်ရိုက်တစ်ခါမှ မပြောခဲ့ဖူးချေ။

"ဥပမာပြောရရင် မင်းရဲ့ မျက်လုံးထောင့်တွေက ထူးထူးခြားခြား အပေါ်ကွေးတက်နေတယ်။ပြီးတော့ မင်းရဲ့ အောက်မျက်တောင်တွေ တော်တော်လေးရှည်တယ်။ပြီးတော့ မင်းမှာက နှာလုံးလုံးလေး နဲ့ နှုတ်ခမ်းထူထူလေး..ပြီးတော့..."

"ဟေး ရပ်တော့ ရပ်!"

အန်းသန့်စ်က ရုတ်တရက်ကြီး သူမ၏အသွင်အပြင်ကို အသေးစိတ်ဖော်ပြလာပြီး သူ့အကြည့်များက သူမမျက်လုံးမှ နှာခေါင်း၊ နှာခေါင်းမှ နှုတ်ခမ်းသို့တဖြေးဖြေးရွေ့လာတာကြောင့် လူနာသည် အလျင်အမြန်ပင် သူမ၏မျက်နှာကို လက်ဖဝါးဖြင့်ဖုံးလိုက်တော့သည်။

သူ ဘာလို့ ဒီလောက် အနီးကပ်ကြီးကြည့်နေတာလဲ။မဟုတ်သေးဘူး သူဘာတွေပြောနေတာလဲ!

အန်းသန့်စ်သည် လူနာ၏ နားရွက်ဖျားများက မဖုံးကွယ်နိုင်စွာ အနီရောင်ပြောင်းသွားတာကိုမြင်လိုက်ရပြီး ရွှင်လန်းစွာရယ်မောခဲ့သည်။

သူမ၏ အစိတ်ပိုင်းတိုင်းက ချစ်စရာမကောင်းသည့်နေရာရှိမနေပေ။သူ့ကော်လာကို ဆုပ်ကိုင်ခဲ့ဖူးသော လက်များကတောင် ချစ်စရာကောင်းလွန်းနေသည်။

"ဘာပဲဖြစ်ဖြစ် သူမက မင်းလို တုပထားတာကိုတွေ့ခဲ့တယ်။အဲ့ဒါနဲ့ ကိုယ်လည်း ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်လို့ သူမနဲ့ မလိုအပ်ဘဲ စကားပြောခဲ့တာ။ဒါဆို အခု မင်း နားလည်မှုလွဲနေတာ ရှင်းသွားပြီလား"

လူနာက သူမမျက်နှာကို လက်ထဲနစ်မြုပ်ထားဆဲဖြစ်ပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။သူမ အရမ်းရှက်နေတာကြောင့် သူ ဆက်မပြောတော့ဖို့ကိုမျှော်လင့်နေမိသည်။

"သခင်မလေး။ဘာတွေလုပ်နေတာလဲ။ အိုး ဘုရားရေ သခင်မလေးရဲ့နားက ဘာလို့ ဒီလောက်က်နီနေရတာလဲ။အကောင်ကိုက်ခံလိုက်ရတာလား"

ထိုအချိန်မှာပဲ အမ်မာနှင့် တခြားအစေခံတို့က ညစာများဖြင့်ထွက်လာခဲ့ကြသည်။အမ်မာက လူနာ၏ နီရဲနေသော နားရွက်မျကို ကြည့်ပြီး ထိပ်လန့်သွားကာ သူမအခြေအနေကို မေးမြန်းလာခဲ့သည်။ 

ကံဆိုးစွာပင် လူနာ၏ဆံပင်က အနက်ရောင်ဖြစ်နေသောကြောင့် နားရွက်များနီရဲနေမှုက ပို၍သိသာထင်ရှားနေခဲ့သည်။ လူနာက သတိထားမိလိုက်ပြီး ဆံပင်များအား နားရွက်ကိုဖုံးရန် ရှေ့သို့ အမြန်ဆွဲလိုက်သည်။

"ဟင့်အင်း! အဆင်ပြေပါတယ်!"

သို့သော် သူမအသံက ကျယ်လွန်းနေပြီး နားရွက်ထက် ပိုနီနေခဲ့သော သူမမျက်နှာကပေါ်လာခဲ့သည်။

သူမ ဘာလို့ဒီလိုဖြစ်နေတာလဲ။သခင်မလေးက အမြဲတမ်း ထူးဆန်းတယ်ဆိုပေမယ့် ဒီနေ့တော့ ပိုထူးဆန်းနေသလိုပဲ။

အမ်မာက သူမတကယ် တစ်ခုခုဖြစ်နိုင်သည်ဟုထင်ပြီး ဆရာဝန်ကိုခေါ်ရန် အကြံပြုခဲ့သော်လည်း အန်းသန့်စ်က ရယ်မောရင်း လူနာ၏ လက်ကောက်ဝတ်ကို ညင်သာစွာကိုင်ကာ ခေါင်းယမ်းပြလာခဲ့သည်။

ထိုမှသာ အမ်မာသည် လူနာ၏မျက်နှာက အဘယ်ကြောင့် ယခုကဲ့သို့ နီရဲနေခဲ့သည်ကို သဘောပေါက်သွားပြီး စိတ်သက်သာရာရသလို သက်ပြင်းချကာ နွေးထွေးစွာ ပြုံးလိုက်သည်။ 

ဒီလိုအချိန်မျိုးမှာ သူမ အစားအသောက်များကို မြန်မြန်ချပြီး ထွက်သွားပေးတာ အကောင်းဆုံးဖြစ်လိမ့်မည်။

TK Team (chapter 117)