ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၃၀)
ဖလဲရ်က သူမ၏အနားပြန့်ကျယ်ကျယ်နှင့် ဦးထုပ်ကို ဖိချလိုက်သည်။
သူမ၏ရွှေအိုရောင်ဆံပင်များကို ကျကျနန စည်းနှောင်၍ ဦးထုပ်အောက်တွင် ထည့်ထားသဖြင့် သူမကို ဖလဲရ်မှန်း ဘယ်သူကမှ မရိပ်စားမိပေ။
သို့သော် ဖလဲရ် စိတ်သက်သာရာ မရသေးပါ။ထို့ကြောင့် သူမက ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို သေသေချာချာ ဂရုစိုက်နေရင်း အလုပ်များနေခဲ့သည်။
ယခု သူမက ဆင်းရဲသားရပ်ကွက်ထဲ ရောက်နေခဲ့သည်။
လာဂိုထံမှ ရလာခဲ့သော သတင်းအရဆိုလျှင် သီယိုဆိုသည့်ကလေးက ဤနေရာ၌ မကြာခဏ သွားလာတတ်သည်ဟူ၍။
သူမအနေဖြင့် သူ့ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် တွေ့ဆုံရန် လိုအပ်သည်။
ဖလဲရ်က ဟိုဟိုသည်သည် ကြည့်လိုက်ပြီး ဆံပင်အစိမ်းရောင်နှင့်ကောင်လေးကို ရှာဖွေရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင်
အစိမ်းရောင်ဆံပင်နှင့် ကောင်လေးက သူမ၏အမြင်အာရုံထဲသို့ ရောက်လာခဲ့သည်။
အသားညိုညိုနှင့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု။စာထဲတွင် ထည့်ဆွဲထားသော ပန်းချီကားထဲမှ ပုံစံအတိုင်းသာ။
သီယို ပဲ!
ဖလဲရ်က သီယိုဆီသို့ အလျင်အမြန် သွားခဲ့သည်။
ပြီးနောက် သူ့လက်မောင်းကို သူမ လှမ်းဆွဲလိုက်သည်။
"နင်က သီယိုပဲ ...ဟုတ်တယ်မလား။"
အမျိုးသမီးတစ်ယောက် ရုတ်တရက် ပေါ်လာသဖြင့် သီယို ရှက်သွားရပြီး သူမက သူ့လက်ကို ဆွဲကိုင်လှုပ်ရမ်းနေသည်ကိုပင် မတွေးနိုင်တော့အောင် ဖြစ်သွားရသည်။ဖလဲရ်က ဆက်ပြောသည်။
"သီယို ဟုတ်တယ်မလား။နင်က မြို့စားကြီးရိုင်ဇန်အတွက် အလုပ်လုပ်ပေးနေတာလေ။"
"မှန်ပါတယ်"
သီယို မထင်မှတ်ပဲ ပြန်ဖြေလိုက်မိသည်။ဖလဲရ်၏နှုတ်ခမ်းများ ကွေးတက်သွားရသည်။
"ငါ့မှာ နင့်ကို ပြောစရာလေးရှိလို့ ဒီနေရာကို လာခဲ့တာ။"
"ခင်ဗျားက ဘယ်သူပါလဲ။"
သီယိုက အလွန်အမင်း သတိထားနေသောလေသံဖြင့် မေးလေသည်။ဖလဲရ်က ပြုံး၍ မေးစေ့ကို ပင့်လိုက်သည်။
"ငါက ဘယ်သူလို့ နင် ထင်လဲ။"
ထို့နောက် သူမက ဦးထုပ်ကို ပင့်ပြလိုက်သည်။
သူမ၏ထူးခြားသောအလှတရားမှာ အင်ပါယာတစ်လွှားတွင် အလွန်လူသိများသည်။ထိုအကြောင်းကို သီယို မသိဘဲ မနေလောက်ဟု တွေးမိသဖြင့် သူမ၏မျက်နှာကို ထုတ်ပြလိုက်သည်။
သို့သော် ...
"ကျွန်တော် မသိပါဘူး။"
သီယိုမှာ ဆင်းရဲသားလေးတစ်ယောက်သာ ဖြစ်သည်။
သူက ဖလဲရ်၏မျက်နှာကို မသိသည်က အံ့ဩစရာမဟုတ်ပေ။
သီယို၏တုံ့ပြန်ပုံကြောင့် ဖလဲရ်က ဦးထုပ်ကို ပြန်ဆွဲချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
"ဖလဲရ် ဝီလီယမ်"
ထိုအခိုက်အတန့်တွင် သီယိုမှာ အိုဖီလီယာ ပြောခဲ့သည့်စကားများကို ပြန်သတိရသွားမိသည်။
နင် ကောင့်မြို့စားကတော်ဖလဲရ်နဲ့ ဆုံမိသေးလား။
အိုဖီလီယာ ပြောခဲ့သည့် 'ဖလဲရ်' ဆိုသူမှာ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီး ဖြစ်ပုံရသည်။
ဒါပေမဲ့ သူမက ငါ့ဆီ ဘာဖြစ်လို့ ရောက်လာရတာလဲ။
မဟုတ်သေးဘူး၊ဒီအမျိုးသမီး သူ့ဆီလာမယ်ဆိုတာကို မဒမ်က သိနေခဲ့တာလား။
အရမ်းခေါင်းရှုပ်စရာကောင်းတဲ့ အခြေအနေပဲ။
သီယို မသိမသာ မျက်မှောင်ကြုတ်ထားမိသည်။
"ဒါပေမဲ့ ဘာကိစ္စများပါလဲ။"
"ငါ ပြောပြီးပြီလေ၊ငါ့မှာ နင့်ကို ပြောစရာရှိတယ်လို့။"
"ခင်ဗျား ဘာပြောချင်တာများလဲ။"
သီယိုက သတိကြီးကြီးထား၍ စကားပြောနေတုန်းပင်။ထို့ကြောင့် ဖလဲရ်မှာ တဒင်္ဂခန့် ကြောင်အသွားခဲ့သည်။
သူမ ဘာကို အရင်ဆုံး ပြောရမလဲ။
ဖလဲရ်က ထိုစကားများကို အရင်ဆုံး ပြောလိုက်သည်။
"နင်နဲ့အိုဖီလီယာရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။"
"ဗျာ!"
"ငါ ပြောချင်တာက နင်နဲ့ မြို့စားကြီးကတော်အိုဖီလီယာရိုင်ဇန်တို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲလို့။"
သူရှေ့က အမျိုးသမီးသည် ဘာအတွက်ကြောင့် ထိုသို့လာမေးနေမှန်း သီယို တွေးမရချေ။
ထို့ကြောင့် သူက အတိုချုံး၍ ဖြေရန်သာ ဆုံးဖြတ်လိုက်သည်။
"အရမ်းကောင်းပါတယ်။"
"အဲ့လိုလား"
အင်း
ဖလဲရ်က မျက်လုံးများကို မှေးစင်းပြီး ကြည့်လိုက်သည်။
"အိုဖီလီယာနဲ့ မြို့စားကြီးဆိုဗက်စ်စတာတို့ကြားက ဆက်ဆံရေးလောက် ကောင်းလား။"
ဖလဲရ်၏မေးခွန်းအဆုံးတွင် သီယို၏မျက်နှာက ရှုံ့တွသွားခဲ့သည်။
ဒါပဲလေ။
ဖလဲရ်၏နှုတ်ခမ်းများ တွန့်သွားခဲ့သည်။
"နင်က အိုဖီလီယာနဲ့ ပိုပြီးရင်းနှီးနေချင်မှာပဲ ...ဟုတ်တယ်မလား။"
သီယို၏မျက်လုံးများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။
သူ အိုဖီလီယာနဲ့ပိုပြီး ရင်းနှီးချင်တာ အမှန်ပဲ။
ဒါကိုပဲ သူ နေ့တိုင်းဆုတောင်းနေခဲ့တာ မဟုတ်လား။
မဒမ် သူ့ကို ဘယ်အချိန်များ လာရှာမလဲ၊ဒီနေ့လား ... မနက်ဖြန်မှများလား။
သို့သော် သူပင် မသိခဲ့သော အမျိုးသမီးတစ်ယောက်၏စကားကို သူ အဘယ့်ကြောင်ြ နားထောင်နေမိမှန်း မသိပေ။
သီယိုက အသေအချာ ပြန်မဖြေခင် အကြိမ်အနည်းငယ်လောက် ခေါင်းခါလိုက်သည်။
"ခင်ဗျား ဘာလို့ ဒီလိုတွေ ပြောနေလဲတော့ ကျွန်တော် မသိဘူး။အခု ကျွန်တော် သွားစရာတစ်ခုနဲ့ အလုပ်များနေပါတယ်။"
"နေပါဦး!"
ဖလဲရ်က ထွက်သွားတော့မည့် သီယို၏လက်မောင်းကို ဆွဲထားလိုက်ပြန်သည်။
"နင်သာ ငါပြောတာကို နားထောင်ရင် အိုဖီလီယာကို နင့်အပိုင်ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်။"
သူမက အလွန်အရေးတကြီး ဖြစ်နေသောလေသံဖြင့် ပြောလာခဲ့သည်။
"ငါ နင့်ကို ပြောပြမယ်၊ငါက သူမကို နင့်အပိုင်ဖြစ်လာအောင် လုပ်ပေးမှာပါ။"
ဖလဲရ်၏မျက်လုံးများက ကြီးမားသောလောဘစိတ်ကြောင့် တဖျတ်ဖျတ်လက်နေပြီး ထိုသို့ ပြောလာခဲ့သည်။
*
"အား ..."
မနက်ခင်း နိုးထလာချိန်တွင် ကျွန်မမှာ တစ်ကိုယ်လုံးအနှံ့မှ နာကျင်မှုများကို ထပ်မံခံစားလိုက်ရပြန်သည်။
မနေ့ညက ကျွန်မကို ဆိုဗက်စ်စတာက နှိပ်စက်ညှင်းပန်းခဲ့သောကြောင့် ဖြစ်ပါ၏။
အား ...ကြွက်သားတွေ နာလိုက်တာ။
၎င်းကို ကြည့်ခြင်းဖြင့် ကျွန်မမှာ ကိုယ်လက်လှုပ်ရှားမှု များများစားစား မလုပ်ဖူးကြောင်း မြင်နိုင်ပေသည်။
ကျွန်မ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး တောင့်တင်းနေသော ပခုံးသားများကို ဟိုလှည့်သည်လှည့် လုပ်ကြည့်နေခဲ့သည်။ထိုစဥ် ဆိုဗက်စ်စတာက အခန်းထဲသို့ ဝင်လာခဲ့၏။
"မင်း နိုးလာပြီလား။"
သူ၏မျက်နှာက အမှန်ပင် ကြည်လင်ဝင်းပနေခဲ့သည်။
နာကျင်ကိုက်ခဲနေပြီး အိပ်ရာမှ မထနိုင်လုနီးပါး ဖြစ်နေသည့် ကျွန်မနှင့် မတူပါပေ။
သူက အရမ်းစိတ်တိုချင်စရာကောင်းတာပဲ။
ဟွန့်
ကျွန်မ နှာမှုတ်ပြီး မျက်လုံးလှိမ့်လိုက်မိသည်။
"ရှင်က ဘာဖြစ်လို့ အရမ်းအဆင်ပြေနေရတာလဲ။"
"ကိုယ် လား"
ဆိုဗက်စ်စတာက မျက်ခုံးပင့်၍ မေးလာခဲ့သည်။
"ဒါပေါ့ ... ကိုယ်က နေမကောင်းဖြစ်နေလို့မှ မရတာ ... အဲ့လိုသာဖြစ်နေရင် ကိုယ် ဒီနေ့ ဒါကို ထပ်ပြီး လုပ်နိုင်ပါ့မလား။"
"အား ... တကယ်ပါပဲ!"
သူက ဘယ်တော့မှ လက်မလျှော့ပေးဘူးပဲ။
ကျွန်မလည်း ရင်ဘတ်ပေါ်သို့ စောင်ဖြင့်အုပ်လိုက်ပြီး သူ့ကို စိုက်ကြည့်ပေးလိုက်သည်။
"ကျွန်မ မနက်စာ မစားတော့ဘူး၊စားချင်စိတ် မရှိလို့။"
"ကိုယ်လဲ အဲ့လိုပဲ ထင်ထားခဲ့တာ၊ဒါကြောင့် ကော်ဖီတစ်မျိုးပဲ ယူလာပေးတယ် ... သောက်လိုက်ဦး။"
ဆိုဗက်စ်စတာက ကော်ဖီကရားကို ကိုင်ပြီး ခွက်ထဲသို့ ကော်ဖီငှဲ့ထည့်ပြီးနောက် ကော်ဖီခွက်ကို ကျွန်မဆီသို့ ယူလာပေးလေသည်။
သူက ကျွန်မအတွက် အဆင်သင့် ထည့်ပေးနေလေရာ မသောက်ချင်ရင်တောင်မှ ကျွန်မ မငြင်းဆန်နိုင်ခဲ့ပါ။
ကျွန်မ ကော်ဖီကို တစ်ငုံခန့် သောက်လိုက်သည်။
ပြီးမှ ဆိုဗက်စ်စတာ၏မျက်လုံးများကို ကြည့်လိုက်၏။
"ကျွန်မ သောက်လို့မပြီးမချင်း ရှင်က အပြင်ထွက်မှာ မဟုတ်ဘူးပေါ့၊အဲ့လိုလား။"
"အမှန်ပဲ"
"ဒါဆို ကျွန်မက အကုန်ကုန်အောင် သောက်ရတော့မှာပေါ့လေ။"
ကျွန်မ ကော်ဖီတစ်ငုံမျှ ထပ်သောက်လိုက်ပြန်သည်။
ယနေ့ ကော်ဖီက အထူးတလည် ကောင်းမွန်ပြီး အလွန်အရသာရှိနေခဲ့၏။ကျွန်မ ထိုသို့ တွေးမိသည်။
"စကားမစပ် ..."
ဆိုဗက်စ်စတာ ပြောနေသည်ကို နားထောင်ရင်း ကျွန်မ ကော်ဖီ နောက်တစ်ငုံ သောက်လိုက်သည်။
"ဒုတိယမင်းသား လာလိမ့်မယ်။"
"ဖွီး...!"
ထိုအခါ ကျွန်မ ကော်ဖီကို ထွေးထုတ်လိုက်မိလေသည်။
"အဟွတ် ...အဟွတ် !"
"မင်း အဆင်ပြေရဲ့လား။"
ဆိုဗက်စ်စတာက တအံတဩဖြင့် ကျွန််မ၏မေးစေ့ကို ဆွဲယူလိုက်သည်။
သူက လက်ကိုင်ပဝါကို ယူ၍ ကျွန်မ၏ပါးစပ်ကို သုတ်ပေးပြီး ကျွန်မကို နေရာမလပ် လိုက်ကြည့်နေခဲ့သည်။
ထိုသို့ လုပ်နေသော ဆိုဗက်စ်စတာကို ကျွန််မ တွန်းထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ထားမိသည်။
"ကျွန်မ အဆင်မပြေဘူး။လုံးဝကို အဆင်မပြေဘူးပေါ့။သူက ဘာဖြစ်လို့များ လာရတာလဲ။"
ဆိုဗက်စ်စတာက ကျွန်မ၏မေးစေ့ပေါ်သို့ စီးကျနေသော ကော်ဖီများကို သုတ်ပေးရင်း ပြန်ဖြေလာခဲ့သည်။
"သူ့ရဲ့အကျယ်ချုပ်ပြစ်ဒဏ်က ပြီးသွားပြီလို့ ပြောကြတယ်။ဒါကြောင့်ပဲ သူက ကိုယ်တို့ကို ပထမဆုံး လာတွေ့တာ။"
"ဖြစ်နိုင်တာက ..."
ဖြစ်နိုင်တာက ဘာလဲ။
"ကိုယ် အိမ်ရှေ့စံမင်းသားဆီ သွားတွေ့ခဲ့တယ်ဆိုတာကို သူ တစ်နေရာရာကနေ ကြားသွားတာ ဖြစ်မယ်။"
"အာ ..."
အခုမှသာ ကျွန်မ သဘောပေါက်တော့သည်။
ဆိုဗက်စ်စတာက ကယ်လီယန်ဘက် ပါသွားတော့မည်ကို သူ ကြောက်ရွံ့သွားပြီး ကမန်းကတမ်း အပြေးရောက်လာပုံ ပေါ်လေသည်။
"ဒါကြောင့် သူက စိုးရိမ်ပူပန်ပြီး ရှင့်ဆီ ရောက်လာတာ ဖြစ်မယ်။"
"အင်း"
"ဟား ..."
ကျွန်မလည်း နဖူးကို ပွတ်သပ်ပြီး သက်ပြင်းမောကြီး ချလိုက်မိသည်။
"ရှင် ဘယ်လိုလုပ်မှာလဲ။"
"ကိုယ့်ဘက်က နှင်ထုတ်လို့မှ မရဘဲ၊ဒီတော့ အရင်ဦးဆုံး သူ့ကို ကြိုဆိုရုံပဲ ရှိတာပေါ့။"
ဆိုဗက်စ်စတာက ဆက်ပြောလေသည်။
"ပြီးတော့ ကိုယ်က သေချာချင့်ချိန်ပြီး စကားပြောမှာပါ။ဘာပဲဖြစ်ဖြစ် ကိုယ် သူ့အပေါ် သစ္စာဖောက်လိုက်ပြီဆိုတာ ပေးသိလိုက်လို့ မရဘူးလေ။"
"ဒါပေါ့ ...ရှင် အဲ့လိုပဲ လုပ်သင့်တယ်။"
ဆိုဗက်စ်စတာက ဘယ်အရာမဆို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်လေသည်။
ယခု သူက ကယ်လီယန်နှင့် လက်တွဲရန် ကြိုးပမ်းနေဆဲဖြစ်ရာ ထို့အကြောင်းကို လာဂို မသိအောင် လှုပ်ရှားမှသာ ကောင်းလိမ့်မည်။
သို့သော်
ကျွန်မကို စိတ်အနှောင့်အယှက်ပေးနေသည့် တစ်စုံတစ်ရာ ရှိနေသည်။
"ဒုတိယမင်းသားက ကျွန်မကို သဘောမကျဘူး မဟုတ်လား။"
ထိုအရာမှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်သည်။
လာဂိုက ကျွန်မကို ဆိုးဆိုးရွားရွား မုန်းတီးလေသည်။
ကျွန်မကို သူ တွေ့ခဲ့ပါလျှင် ကျွန်မကို နှုတ်ဖြင့် စော်ကားပြောဆိုမည်မှာ သေချာပါ၏။
ငါ ဘာလုပ်သင့်လဲ။
ကျွန်မ စိတ်ခြောက်ခြားစွာဖြင့် နှုတ်ခမ်းကိုက်ထားလိုက်မိသည်။
"ဒါကြောင့် ကိုယ် တစ်ခု ပြောစရာရှိတယ်။"
ဆိုဗက်စ်စတာက ကျွန်မကို ပြောလာခဲ့လေသည်။
"ဘာများလဲ"
ဆိုဗက်စ်စတာက အသက်ပြင်းပြင်း ရှူလိုက်သည်။
"အခန်းထဲကနေ အပြင်ကို ထွက်မလာခဲ့နဲ့ ...ဒုတိယမင်းသား ပြန်သွားတဲ့အထိ။"
"..."
ကောင်းပြီ၊ ဒါက ...
ကျွန်မ မျက်မှောင်ကြုတ်ထားမိသည်။
"ဖြေရှင်းချက်ကောင်းလေးပဲ၊ ရှင်က ဘယ်လိုတောင် ထက်မြက်နေရတာလဲ။"
ကျွန်မ၏စကားကြောင့် ဆိုဗက်စ်စတာက ပြုံးသွားပြီး ရှက်သွေးဖြန်းသွားခဲ့၏။
"တကယ်လား ...ကိုယ်တော့ ရှက်သွားပြီကွာ။"
"ချီးမွမ်းနေတာ မဟုတ်ဘူးရှင့်!"
သူက ပါးနပ်မှု မရှိတဲ့လူပါလား။
ကျွန်မ စုတ်သပ်လိုက်ပြီး ခေါင်းကို ခါလိိုက်မိသည်။
"အရင်ဆုံးတော့ ကျွန်မ နားလည်ပြီ။ကျွန်မလည်း တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြရင် ပိုကောင်းမယ်လို့ တွေးမိတယ်။"
"အင်း ... တော်သေးတာပေါ့။"
ကသိကအောက်ဖြစ်နေပုံရသော ဆိုဗက်စ်စတာက ချက်ချင်းဆိုသလို ပြုံး၍ ခေါင်းငြိမ့်ပြသည်။
"ဒါဆို ကိုယ် သွားပြီနော်။"
ထို့နောက် သူက ကျွန်မ၏နဖူးကို ညင်ညင်သာသာ နမ်းလိုက်ပါသည်။
"ညနေကျမှ တွေ့မယ်။"
သူ၏နွေးထွေးမှုကို ခံစားရသဖြင့် ကျွန်မ၏နှုတ်ခမ်းထက်တွင် ရှက်ပြုံးလေးတစ်ခု ဖြစ်တည်လာခဲ့သည်။
"ဒီကို လာခဲ့"
"ဟမ်"
"ရှင့်နက်ခ်တိုင်က စောင်းနေတယ်။"
ကျွန်မ သူ့နက်ခ်တိုင်ကို ကျကျနနဖြစ်အောင် ပြုပြင်ပေးလိုက်သည်။
ငါတို့က အိမ်ထောင်သည်စုံတွဲတွေလို့ ခံစားရတယ်။
ငါ ရှက်နေမိတာ မဆန်းပါဘူး။
ဒါပေမဲ့ ငါ ထုတ်ပြမှာ မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ငါတို့က တကယ်ကို လက်ထပ်ထားပြီးသား ဖြစ်နေလို့လေ။
အင်း
ငါတို့က လက်ထပ်ပြီးသား လင်မယားစုံတွဲတွေပဲ။
ဘယ်တော့မှ ကွဲကွာမှာ မဟုတ်သလို အခက်အခဲမှန်သမျှကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြမှာ။
ထိုသို့ တွေးမိသဖြင့် ကျွန်မလည်း ဆိုဗက်စ်စတာ၏ကျောကို ပုတ်ပေးလိုက်သည်။
ဆိုဗက်စ်စတာမှာ ကြောင်အအဖြင့် ရပ်နေမိပြီး နောက်မှ ကျွန်မကို တောက်ပစွာ ပြုံးပြလာခဲ့ကာ ကျွန်မ၏ပါးပြင်ထက်သို့ နမ်းလိုက်ပြန်သည်။
ယနေ့မှာ ဆိုးရွားသောတစ်စုံတစ်ရာ ဖြစ်လာတော့မည့်နေ့ ဖြစ်သော်လည်း ကျွန််မတို့နှစ်ယောက် ပျော်ရွှင်နေခဲ့ကြပါသည်။
TK Team (Chapter 130)
++++++++