Extra - 1
လီရှောင်အန်းသည် အပြင်မှ အမြန်ပြန်ရောက်လာခဲ့ပြီး ဓာတ်လှေကား ခလုတ်၌ 4 ကို နှိပ်လိုက်ကာ အိတ်ကပ်ထဲရှိ တစ်ခုခုကို ဆက်လက် ရှာဖွေနေခဲ့သည်။
ဓာတ်လှေကားတံခါးပွင့်သွားပြီးနောက် အိတ်ကပ်ထဲ လက်ကိုထည့်ကာ ကျောင်းသားယူနီဖောင်းဝတ်ထားသည့် သူ့ထက်အနည်းငယ်ပိုပုသည့် အမျိုးသားတစ်ဦးက အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လန့်သွားခဲ့ပြီး အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းနှစ်လုံး ကပြုတ်ကျသွားခဲ့သည်။ ကောင်လေးက ငုံ့ကြည့်လိုက်ပြီး ကောက်လိုက်သည်။
သူ့နောက်ကျောက မသိစိတ်အရ တင်းမာလာခဲ့ပြီး ဖုန်းကိုချက်ချင်းမကိုင်လိုက်နိုင်ခဲ့ပေ။ ကောင်လေးက တောက်ပစွာ ပြုံးပြလာပြီး ပြောလာခဲ့သည်။
"ဒီမှာပါဗျ"
"အာ ကျေးဇူးပါ"
သူ့အသံက အနည်းငယ် အက်ကွဲနေပြီး ကျောင်းသားလေး၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
ဒါက သူ့အိမ်နီးချင်းပင်..
မနေ့က သူတို့ ဓာတ်လှေကားထဲ၌ စကားပြောခဲ့ကြသေးသည်... ထူးဆန်းလိုက်တာ...သူတို့ ဘာပြောခဲ့ကြတာလဲ..
သူ့စိတ်များက ခဏလောက် ရှုပ်ထွေးနေခဲ့ပြီးမှ မနေ့က ကောင်လေးနှင့် အခုကောင်လေးတို့၏ပုံရိပ်များက ထပ်တူကျလာခဲ့သည်။
ဟမ်..
သူက ကျောင်းတက်နေသေးတာလား...
အဲဒါက...တကယ်ကို ငယ်တာပဲ
လီရှောင်အန်းက ကြိုးစားပြုံးပြလိုက်ပြီး "ကျောင်းသွားတော့မလို့လား"
"အာ..မဟုတ်ဘူး.. ဒီနေ့က ပိတ်ရက်ဆိုတော့ အတန်းဖော်တွေနဲ့အတူ အပြင်ထွက်ပြီး ကစားကြမလို့"
ကောင်လေးက ပြုံးရွှင်မှုများ ပြည့်နေသော ပယင်းရောင်မျက်လုံးများဖြင့် ပြန်ဖြေလာခဲ့ကာ လူများအားနားမလည်နိုင်လောက်အောင်ကို သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။
လီရှောင်အန်းက ခေါင်းညိတ်ပြပြီး ဓာတ်လှေကားထဲကနေ ထွက်လာခဲ့လိုက်သည်။
"ငါ့ကို ကြည့်ပါအုံး.. ဒီနေ့ဘယ်နေ့လဲဆိုတာတောင် မေ့နေပြီ..."
အိမ်ပြန်ရောက်ပြီးနောက် လီရှောင်အန်းသည် အသက်ကိုရှူထုတ်လိုက်ပြီး သူ့လက်ထဲက ဖုန်းကို ငုံ့ကြည့်လိုက်သည်။ မိန်းကလေးတစ်ဦး၏ selfieပုံက ဖုန်းစခရင်ပေါ်တွင်ပြသနေခဲ့သည်။ သူက တစ်ချက်ကြည့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။
ညနေစောင်းချိန်၌ လီရှောင်အန်းသည် စားစရာဝယ်ဖို့ အပြင်ထွက်ခဲ့ရာ ကျောင်းသားလေးနှင့် ထပ်တိုးခဲ့ပြန်သည်။ သူသည် ကျောင်းဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။
"ဒီနေ့ ကျောင်းမတက်ရဘူးမလား...ဘာလို့ ကျောင်းဝတ်စုံဝတ်ထားတာလဲ"
ကျောင်းသားလေးက မျက်တောင်ခတ်လိုက်ပြီး ထိုလူ၏ပုံရိပ်ကသူ၏ ပေါ့ပါးသော မျက်လုံးများတွင် ရောင်ပြန်ဟပ်နေလေသည်။
လီရှောင်အန်း၏ ပွယောင်းကာ ပြောင်းဖူးမွှေးများကဲ့သို့ကြမ်းတမ်းနေသော ဆံပင်များက သူ့မျက်လုံးများကို ဖမ်းစားသွားခဲ့သည် ။
ထို့နောင် သူက ပြုံးပြီးပြောလိုက်သည်။
“ကျွန်တော့် အဝတ်တွေက လျှော်ထားလို့လေ တခြားဝတ်စရာမရှိဘူး..”
လီရှောင်အန်းက ခေါင်းညိတ်လိုက်ပြီး ကောင်လေးတစ်ယောက်ထဲ နေတာမဟုတ်ကြောင်းသတိရမိသွားသည်။ ဒါပေမယ့် သူနဲ့အတူ ဘယ်သူနေလဲ ဆိုတာကိုတော့ ယောင်ဝါးဝါးသာ မှတ်မိနေခဲ့သည်။ သူ့မျက်ခုံးများက အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း မကြာခင်မှာတင် ဒီမေးခွန်း၏အဖြေကိုရရှိခဲ့လေသည်။
ကျောင်းသားလေးသည် တံခါးကိုမဖွင့်ရသေးခင်မှာတင် တံခါးက အလိုလိုပွင့်သွားခဲ့သည် ။ လီရှောင်အန်းထက်အရပ်ရှည်၍ အနက်ရောင်ဆံပင်များရှိကာ မှင်ကဲ့သို့ မည်းမှောင် ငြိမ်သက်နေသော မျက်လုံးများဖြင့် အမျိုးသားတစ်ဦးသည် အထဲမှာ ရပ်နေခဲ့သည်။
လီရှောင်အန်းက သူ့ကိုကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“မင်းတို့ ညီအစ်ကိုနှစ်ယောက်က ဆက်ဆံရေးကောင်းသားပဲ”
လူငယ်လေးက ခဏရပ်သွားပြီး လီရှောင်အန်းကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။
"ဟုတ်တယ်..နောက်ပြီး ကျွန်တော့်အစ်ကိုက တော်ပေမယ့် စကားကောင်းကောင်းမပြောတတ်ဘူး"
လီရှောင်အန်းက ခေါင်းညိတ်ပြပြီး သူ့ထမင်းဗူးနဲ့အတူ အိမ်ပြန်လာခဲ့သည်။ တံခါးကိုပိတ်လိုက်ခါနီးတွင် ထိုလူငယ်လေးသည် သူ့အကို၏လက်ကို ကိုင်ထားပြီး တစ်စုံတစ်ခုပြောနေသည် တွေ့လိုက်ရသည်။
သူ့အိမ်နီးနားချင်းမှာ ညီအကိုနှစ်ယောက်ပင်ဖြစ်သည်။
##
2:00 AM
လီရှောင်အန်းသည် ထူးဆန်းသော အော်သံတစ်ခုကြောင့် လန့်နိုးလာခဲ့သည်။ ရုတ်တရက် ထထိုင်လိုက်ပြီး သူ့လည်ပင်းနဲ့ နောက်ကျောများက အေးစက်သောချွေးစေးများဖြင့် ဖုံးအုပ်နေသည်ကို သိလိုက်ရသည်။ ပြတင်းပေါက်က ပွင့်နေခဲ့ပြီး လေအေးများက ရံဖန်ရံခါ တိုက်ခတ်လာခဲ့ကာ ကုလားကာများက ဘေးတစ်ဖက်ကို လှုပ်ခါနေခဲ့သည်။
သူ အသက်ရှုကြပ်လာခဲ့ပြီး ပြတင်းပေါက်ကိုပိတ်ရန် ထလိုက်ချင်သည်။ ကုတင်ပေါ်မှ တစ်ဝက်လောက်ဆင်းပြီးနောင်တွင် တံခါးခေါက်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
လီရှောင်အန်းက အေးခဲသွားပြီး ဒါက သူ့ထင်ယောင်ထင်မှားဖြစ်တာများလားဟုတွေးလိုက်မိသည်။
သို့သော် မကြာမီမှာပဲ တံခါးအပြင်ဘက်မှ "ဒေါက်ဒေါက် ဒေါက်ဒေါက်" ဟူသော အသံကို ထပ်မံကြားရပြီး စောနကထက် ပို၍ စိပ်လာခဲ့သည်။
လီရှောင်အန်းသည် အိမ်တွင်းစီးဖိနပ်များကို စီးလိုက်ကာ တံတွေးကို မျိုချလိုက်ပြီးလှမ်ူမေးလိုက်သည်။
"ဘယ်သူလဲ?"
ညဉ့်နက်သန်းခေါင် တံခါးလာခေါက်သူမှာ ဘယ်သူဖြစ်လောက်မလဲ...
ဘယ်သူမှ မတုံ့ပြန်လာခဲ့ပေ...
လီရှောင်အန်းသည် သတ္တိရှိရှိ လျှောက်လာခဲ့ရင်း တံခါးဝရောက်ချိန်တွင်ခဏမျှ တုံ့ဆိုင်းသွားခဲ့ကာ တံခါးလက်ကိုင်ပေါ် လက်တင်လိုက်၍ ဖြည်းညှင်းစွာ လှည့်လိုက်သည်..
တံခါးလက်ကိုင်ကို လှည့်လိုက်၍ အနည်းငယ်ဟသွားသည့်နေရာမှ တံခါးအပြင်ဘက်ရှိ လူ၏မျက်နှာတစ်ဝက်ကိုချောင်းကြည့်လိုက်သည်။
စင်္ကြံတွင် အလင်းရောင်မရှိသဖြင့် ကောင်လေး၏ပုံသဏ္ဍာန်ခပ်ဝါးဝါးသည် လီရှောင်အန်း၏မျက်လုံးများထဲ ဝင်လာခဲ့သည်။
သူက သက်ပြင်းချလိုက်ရင်း "ဖန်ချန်း...မင်းပဲကိုးး"
လူငယ်လေးက သူ့နှုတ်ခမ်းများကို ဖွဖွဖိကိုက်လိုက်ရင်း သူ့မျက်နှာက အလွန်ရုပ်ဆိုးစွာရှုံ့တွထားကာမေးလာခဲ့သည်။
"အန်ကယ်လီ... အခုတလော အသံတွေကြားမိသေးလား"
"ဘာအသံလဲ"
လီရှောင်အန်းသည် သူ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်ပြီးနောက် အိပ်မက်ထဲက ထူးဆန်းသော ငိုကြွေးသံကို ပြန်တွေးလိုက်မိသည်။
"အဲဒါက... ကလေးငိုသလိုပဲ.. တစ်ခါတလေ ထွက်လာပြီးတော့.. တစ်ခါတလေကြ ပျောက်သွားတယ်"
ဖန်ချန်း၏ပုံကြည့်ရသည်မှာ အနည်းငယ် အားကိုးရာမဲ့ပုံပေါက်နေသည်။ အံ့သြစရာတော့မရှိနေပေ... သူသည် အခုမှ...ဆယ့်ခြောက် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကလေးမျှသာရှိသေးသည်။
လီရှောင်အန်းက ခေါင်းခါလိုက်ပြီး "မကြားမိဘူး"
"တကယ်လား.."
ဖန်ချန်းက သံသယနှင့် ကြည့်လာခဲ့သည်။ သူကပိတ်ထားသည့် ဓာတ်လှေကားနှင့် မှောင်မဲနေသည့်စင်္ကြံကို ကြည့်လိုက်သည်။
"ဒါဆို..ကျွန်တော် နားကြားတာမှားတာဖြစ်နိုင်လောက်တယ်"
"မင်းအစ်ကိုရော ဘယ်မှာလဲ..ညနက်နေပြီကို"
"သူက ညဆိုင်းရှိလို့ အလုပ်ဆင်းနေရတယ်...ဒီည ဒီမှာရှိမှာမဟုတ်ဘူး"
လီရှောင်အန်းက ခေါင်းကုတ်လိုက်မိသည်။ အစောပိုင်းရှိ ကြောက်ရွံ့မှု ကျော်လွန်သွားပြီးနောက်တွင် သူသည်အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရသည်။ သူသည် ပြန်အိပ်ချင်နေပြီး ဒီမှာ ရှက်ရွံ့ကာကြောက်နေသော အထက်တန်းကျောင်းသားလေးနှင့် ထပ်မပြောချင်နေတော့ပေ...
"ကိုယ့်ကိုကိုယ် မခြောက်နေနဲ့...သွားသွား သွားပြန်အိပ်ချည်တော့"
ဖန်ချန်းက ခေါင်းညိတ်ပြလာသော်လည်း သူ့ကိုကြည့်နေသေးကာပြောလာခဲ့သည်။
"ဒါပေမယ့်..ကျွန်တော်ကြောက်နေသေးတယ်..."
လီရှောင်အန်းက သူ့ကို နောက်တစ်ခါ နှောက်ယှက်တော့မည်လို့ တွေးလိုက်မိပြီး မဟုတ်ဘူးဟုပြောတော့မည့်အချိန်မှာပဲကောင်လေးကဆက်ပြောလာခဲ့သည်။
"အန်ကယ်လီ ဒီည တစ်ယောက်ယောက်က ထပ်ပြီးတံခါးလာခေါက်ရင် တံခါးမဖွင့်ပေးနဲ့နော် အရမ်းအန္တရာယ်များတယ်... ကျွန်တော်ကြောက်တယ်"
လီရှောင်အန်းသည် သူ့စကားများကို ပြန်မျိုချလိုက်ပြီး ခေါင်းစဉ်ကိုပြောင်းလိုက်သည်။
"ကောင်းပြီ..မင်းလည်း စောစောအိပ်သင့်တယ်..အခုကအရမ်းနောက်ကျနေပြီ"
ဖန်ချန်းက ခေါင်းညိတ်ပြလိုက်သည်။ လီရှောင်အန်းက နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ သူ့ရှေ့မှတံခါးကို အမြန်ပိတ်သွားခဲ့သည်။
"သူ့ဦးနှောက်က တစ်ခုခုမှားနေတာများလား"
ဗလာဖြစ်နေသော စင်္ကြံတွင် အခြားအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ချောင်ယန်သည် စေးကပ်ပြီး ရွံရှာဖွယ်ကောင်းလှသည့် စိတ်နတ်ဆိုးများနှင့်အတူ အောက်ထပ်မှ တက်လာခဲ့ပြီး မကြာမီမှာပင် စိတ်နတ်ဆိုးများသည် ပြာများအဖြစ်သို့ လွင့်စင်သွားကာ လေထဲ ပျောက်ကွယ်သွားခဲ့သည်။
ရှဲ့ယင်းသာ ဒီမှာရှိနေပါက ချောင်ယန်ကသာလျှင် ဦးနှောက်ထဲက အကြီးမားဆုံး ပြဿနာတစ်ခုဟု သူမ ညည်းညူနေမှာ အသေအချာပင်...
သူမ ဒီမှာမရှိနေတာတော့ သနားစရာပဲ...
ဖန်ချန်းက သူ့ခေါင်းကို လှည့်လာခဲ့ပြီး သူ၏ငယ်ရွယ်ပြီး အရွယ်မရောက်သေးတဲ့ မျက်နှာပေါ်ရှိ အကြောက်တရားများက လုံးဝပျောက်ကွယ်သွားခဲ့သည်။
"တစ်ခုခုမှားနေပြီဆိုတာကို သူသိတာတောင်မှ တံခါးဖွင့်ဖို့ကို သတ္တိရှိနေတုန်းပဲ ဒါကြောင့်ပဲ သူပြီးခဲါတဲ့တစ်ခေါက်က အစားခံခဲ့ရတာမလား" ချောင်ယန်က ဆက်ပြောလာသည်။
ဖန်ချန်းက ပခုံးတွန့်လိုက်ပြီး "ဒီတစ်ခါတော့ အချိန်မှီသွားလို့တော်သေးတယ်...သူပြန်ပြီးအစားခံရရင် အခြေအနေတွေက ပိုခက်သွားလိမ့်မယ်"
မှတ်ဉာဏ်များကိုရှင်းလင်းပြီး ပြန်လည်စတင်ရခြင်းသည် အလွန်ဒုက္ခများပေသည်။
ချောင်ယန်က သူ့ကိုကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။ကလေးဆန်သောရယ်မောသံသည် အမှောင်၌ အနည်းငယ် ထူးဆန်းနေပုံရသည်။
"ဖန်ချန်းကော"
ချောင်ယန်က သူ့လက်ကို မြှောက်လိုက်ရင်းအရပ်တိုင်းသလိုလုပ်လာခဲ့သည်။
"ကျွန်တော့်ထက် ပိုပုတာပဲ"
ဖန်ချန်း : "..."
ဖန်ချန်းက သက်ပြင်းတစ်ချက်ချကာ ကူကယ်ရာမဲ့စွာကြည့်လိုက်ရင်းပြောလိုက်သည်။
"ငါ ဆယ့်ခုနစ်နှစ်အရွယ်တုန်းက နည်းနည်းပုတယ် ဒါပေမယ့် နောင်ပိုင်းကျမှ နျဲ့ရှီလောက်တော့ မဟုတ်ပေမယ့် အရပ်ပိုမြင့်လာခဲ့တာ"
ချောင်ယန်သည် နောက်ထပ်အကြိမ်အနည်းငယ် ရယ်မောနေခဲ့ပြီး သူ ပျော်ရွှင်မှုများ မပြီးဆုံးမီမှာပဲ ရုတ်တရက်တစ်စုံတစ်ယောက်က သူ့ကိုအနောက်ကနေ ပြင်းပြင်းထန်ထန် ဆောင့်ကန်လာခဲ့သည်။ ချောင်ယန်သည် နံရံနားလွင့်သွားပြီးနံရံနှင့်ဆောင့်မိသွားသည် အရိုးများ အက်ကွဲလာသည့်အသံ ထွက်လာခဲ့သည်။
ထို့နောက် ရှဲ့ယင်း၏ မှတ်ချက်အသံကိုကြားလိုက်ရသည်။
"နင့်ကို အဲ့လိုဆုံးမမှကိုရမှာ"
နျဲ့ရှီက သူ့ကို အေးစက်စွာ ကြည့်လာခဲ့ပြီး လျှောက်လာခဲ့သည်။
ရှဲ့ယင်းသည် သူမ၏ လက်ပိုက်ထားလိုက်ပြီး နာကျင်စွာ ရှုံ့တွနေသော ချောင်ယန့်ကို ကြည့်ကာပြောလိုက်သည်။
"ဖန်ချန်းက ဒီမှာ တစ်ယောက်တည်းကိုင်တွယ်နေရတာ..သူ့မှာ ကျောင်းကိစ္စနဲ့လည်း အရမ်း အလုပ်ရှုပ်နေတာကို ဘာလို့ မင်းက သွားမကူရတာလဲ"
"ဘာကိစ္စရှိမှာမို့လို့လဲ ဘာဖြစ်ဖြစ်သေမှာမှမဟုတ်တာကို"
ချောင်ယန်က လုံးဝ ဂရုမစိုက်နေပေ။ သူက ခေါင်းကို မော့လိုက်ရာ နျဲ့ရှီသည် ဖန်ချန်းထံသို့ လျှောက်သွားလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်ကို တွေ့လိုက်ရသည်။
ဆယ့်ခုနစ်နှစ်..
အလွန်သေးငယ်သောဖန်ချန်းလေး...
ဖန်ချန်းလေးက သူ့လက်ကို မြှောက်လိုက်ပြီး ထိုလူ၏ဆံပင်ကို ထိတို့ကာ တိုးတိုးလေးပြောလိုက်သည်။
"ကလေးကို အနိုင်ကျင့်မနေနဲ့တော့"
နျဲ့ရှီက သူ့လက်နှစ်ဖက်ကို ပိုတင်းကြပ်လိုက်သော်လည်း ပြန်မဖြေခဲ့ပေ။
ဖန်ချန်းက သက်ပြင်းချလိုက်ပြီး ဘာမှ မတတ်နိုင်ပေ။
ရှဲ့ယင်းသည် သူတို့နှစ်ယောက်နှင့် အရမ်းရင်းနှီးခဲ့တာကြာပြီဖြစ်သည်။ ဒါကြောင့် သူမသည် ဘာမှမမြင်ရသလိုပဲဟန်ဆောင်လိုက်ပြီးပြောလိုက်သည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ... လီရှောင်အန်းက နျဲ့ရှီကို မြင်ဖူးသွားပြီ။ သူက နင်တို့ကို ညီအစ်ကိုနှစ်ယောက်လို့မြင်တာ ဒါက သူ့စိတ်ကနေ အလိုလို ဖြစ်ပေါ်လာတာ ပြောင်းလို့ မရဘူး"
ဖန်ချန်းက ခဏလောက်စဉ်းစားလိုက်ပြီး "ဒါဆိုလည်း အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်ပဲ လုပ်ကြတာပေါ့"
ချောင်ယန်ကပြောလိုက်သည်။
"သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ"
စင်္ကြံသည် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ လီရှောင်အန်း နိုးလာမလားဆိုတာ ဘယ်သူမှ ဂရုမစိုက်နေပေ။ တကယ်တမ်းတွင် သူနိုးလာမှာမဟုတ်ပေ။ ဆောင်းခိုအိပ်ခြင်းသည်စတင်ခဲ့ပြီးဖြစ်ကာ ယခုအချိန်သည် "အိပ်မက်နတ်ဆိုးလူများ" လှုပ်ရှားရမည့်အချိန်ဖြစ်သည်။
"သူက ပေါ်ပေါ်ထင်ထင် ပြုမူနိုင်ဖို့ တမင်တကာကြီး သူ့ကိုယ်သူ မြင်ခွင့်ပေးလိုက်တာ!"
ချောင်ယန်က ညည်းညူလာခဲ့သည်။
ရှဲ့ယင်းသည် သူ့ကို ပါးစပ်ပိတ်ထားစေချင်မိသည်။
ဖန်ချန်း မသိဘူးများထင်နေလားမသိ.... သူက တမင်နျဲ့ရှီကို လိုက်လျောပေးနေတာကို...
မျှော်လင့်ထားသည့်အတိုင်း ဖန်ချန်းက သူ့လက်များကို ဖြန့်ကာ ပခုံးတွန့်ပြလိုက်သည်။
"ဒါဆို ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတော့..အခုကစပြီး မင်းနဲ့ ရှဲ့ယင်းကိုပဲ ညဘက်တာဝန်ယူခိုင်းဖို့ပဲ ပြောရလိမ့်မယ်"
ရှဲ့ယင်းသည် ခေါင်းကိုလှည့်ကာ ချောင်ယန်၏ ကန့်ကွက်လာမှုကို လုံးဝ လျစ်လျူရှုလိုက်သည်။
ယခုတွင် အစပဲရှိသေးတာကြောင့်စိတ်နတ်ဆိုးများက အများအပြားပေါ်လာမည်မဟုတ်သေးပေ... အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍တိုးပွားလာမည်ဖြစ်သည်။
"သူတို့ကို အတူစုပေါင်းဖို့ နည်းလမ်းရှာရမယ်" ရှဲ့ယင်းက ပြောလိုက်သည်။
ဖန်ချန်းက ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
"ငါ ဒီနေ့ တခြားလူနဲ့လည်း တွေ့ခဲ့တယ်"
ရှဲ့ယင်းက နှုတ်ခမ်းကို ဖွဖွကိုက်ကာမေးလိုက်သည်။
"အဲ့ကလေးရဲ့ အစ်ကိုလား.."
ဖန်ချန်းက ခေါင်းညိတ်ပြလိုက်သည်။
စင်္ကြံရှိ တစ်ခုတည်းသော အသံမှာ ချောင်ယန်၏ နာကျင်စွာညီးညူနေသံသာဖြစ်ကာ တိတ်ဆိတ်မှုတစ်ခုကို ခံစားရလာသည်။
"အဲဒီကျောင်းသားတွေကော.."
"ဒါပေါ့ ငါမြင်ခဲ့တယ်"
ဖန်ချန်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီး "ငါ့က ဒီလိုပုံစံ ဘာလို့ဖြစ်နေတယ်လို့ထင်လဲ"
သူသည် ဆယ့်ခုနစ်နှစ်အရွယ်အသွင်အပြင်ကို ထိန်းသိမ်းထားရခြင်းမှာ ကျောင်းနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်စေရန်ဖြစ်သည်။
ရှဲ့ယင်းက အသက်ရှူသွင်းလိုက်ပြီး "ကောင်းပြီလေ.. ဒါဖြင့် ငါနဲ့ ချောင်ယန်ကိုသာ ကျန်တာတွေလွှဲထားခဲ့လိုက်"
ချောင်ယန်: "ဘာလို့လဲလို့!!"