Chapter 40.2
Viewers 7k

Chapter - 40.2

(လူကိုယ်တိုင်အတည်ပြုခြင်း)

နောက်တစ်နေ့မနက် စီဆဲလ်နိုးလာသည့်အချိန်တွင် သူ့ဘေးရှိ အိပ်ရာသည် ကွက်လပ်ဖြစ်နေကြောင်းတွေ့လိုက်ရချိန်တွင် သူ့နှလုံးသားထဲတွင် ခံစားချက်များ ပြည့်လျှံနေလေသည်။

အိမ်ထောင်ကျပြီးသွားသော်လည်း လူပျိုကြီးဘဝကို ဖြတ်သန်းနေရဆဲဖြစ်သည်။

စီဆဲလ်သည် လက်ဆန့်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်ချိန်တွင် နေရောင်ခြည်သည် ပြတင်းပေါက်သို့ဖြတ်ကာ ဝင်လာလေသည်။

'အိုင်း ဒီလောက် ချောမောပြည့်စုံတဲ့ ငါက ဘာလို့ဒီလို ပြစ်ဒဏ်မျိုးခံနေရတာလဲ.....'

"ဗိုလ်ချုပ်ကြီး....!"

သို့သော်...စီဆဲလ်သည် သူ၏ စစ်ဝတ်စုံကို ဖြည်းညှင်းစွာ ၀တ်ဆင်ကာ သူ၏ခက်ခဲကြမ်းတမ်းသော ကံကြမ္မာနှင့် ဇွဲကောင်းမှုတို့ကို ဝမ်းနည်းနေချိန်တွင် အိမ်ထိန်းသည် တံခါးကို အမြန် လာခေါက်သည်ကို သူတွေ့လိုက်ရသည်။

"ဟင်...ဘာဖြစ်လာတာလဲ"

အိမ်ထိန်းက အံ့သြနေသော အသံဖြင့်ပြောလေသည်။

"ဗိုလ်ချုပ်ကျောင်း....သူ...သူက....သူထွက်သွားဖို့အချိန်ရောက်ပြီတဲ့..."

........

.......!!

"ဘန်း....!"

ကျောင်းမြန်သည် သူ၏ခရီးဆောင်အိတ်ကို ဆွဲကာ တံခါးဆီသို့သွားပြီး ထွက်သွားရန်ပြင်နေပြီးတံခါးသည် အကြမ်းပတမ်းဆွဲဖွင့်ထားခြင်းခံထားရသည်ကို တွေ့လိုက်ရစဥ် စီဆဲလ်သည် တံခါးဆီသို့ လျင်မြန်သော အရှိန်ဖြင့်ရောက်လာပြီး အော်ဟစ်လိုက်သည်။

"မင်း အခုဘာလုပ်နေတာလဲ.."

သူသည် အရမ်းစိတ်ဆိုးနေသောကြောင့် သူ့လျှာကပင် ထုံကျင်နေသလို ခံစားနေရသည်။

ကျောင်းမြန်လည်း အနေရကျပ်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ထွက်သွားတော့မလို့.."

"သွားမယ်..! ဘယ်ကိုလဲ"

"စက်ရုံကို.."

"ဘာဖြစ်လို့လဲ!"

ကျောင်းမြန်က မျက်စိမှိတ်ကာ ပြန်ဖြေလိုက်သည်။

"ဗိုလ်ချုပ်ကြီးရဲ့ဘဝနဲ့ အိပ်စက်မှုကို ကျွန်တော်နှောင့်ယှက်မိမှာ စိုးရိမ်လို့ပါ.." 

စီဆဲလ် : "....."

ဤစကားများသည် အနည်းငယ် ရင်းနှီးနေသလို ခံစားရသည်။ထိုစကားများသည် စီဆဲလ် မနေ့က "မင်း အိပ်တာ အနှောင့်အယှက်ဖြစ်မှာစိုးလို့.." ဆိုသည့် စကားများဖြစ်နေသည်ကို သတိရမိသွားကာ အလွန်ဒေါသထွက်သွားသဖြင့် ကျောင်းမြန်ရှေ့တွင်ပိတ်ရပ်ကာ ခေါင်းငုံ့လိုက်ပြီး ထပ်အော်လိုက်ပြန်သည်။

"မင်း ငါ့ကို ကလဲ့စားချေနေတာလား.."

ကျောင်းမြန်သည် အနက်ရောင်အရိပ်တစ်ခုက သူ့အား အုပ်မိုးသွားသလိုခံစားလိုက်ရပြီး စီဆဲလ်၏ ထက်ရှနေသော မျက်လုံးများကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

"ဟင့်အင်း" 

ကျောင်းမြန်က ခေါင်းကို အသည်းအသန်ခါလိုက်ပြီး ထပ်ပြောလိုက်သည်။

"ကျွန်တော်မလုပ်ပါဘူး.."

စီဆဲလ်က ဘာမှမပြောသည်ကို မြင်လိုက်ချိန်တွင် ကျောင်းမြန်က သက်ပြင်းချလိုက်ပြီး...

"ကျွန်တော် အဲ့လိုပြောချင်တာမဟုတ်ပါဘူး...ဒါပေမယ့်.."

ကျောင်းမြန်သည် ခေါင်းကို ခါလိုက်ပြီးပြောလေသည်။

"ဗိုလ်ချုပ်ကြီး...ကျွန်တော် အရင်က အမြဲပြောဖူးတယ်မလား...ကျွန်တော့်ရဲ့ စိတ်ခံစားမှုနဲ့ စွမ်းရည်က သာမန်လူတွေနဲ့မတူဘူးဆိုတာကို.... ကျွန်တော်လေ့လာမိသလောက်တော့ တခြားလူတွေမလုပ်နိုင်လောက်ဘူး....ကျွန်တော်နဲ့ ထိတွေ့ဆက်ဆံနေရတဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေကို အမြဲတမ်းလက်ခံနိုင်အောင် ထိန်းချုပ်နေရတာက ကျွန်တော့်အတွက် အဆင်မပြေဘူး.."

စီဆဲလ် အေးခဲသွားသည်။

ကျောင်းမြန်ခေါင်းငုံ့လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများနှင့် ရှည်လျားသော မျက်တောင်မွှေးလေးများက အနည်းငယ် တုန်ရီနေလေသည်။

"ဒီရက်ပိုင်းထဲ ခင်ဗျား ကျွန်တော်ကို ရှောင်နေတယ်ဆိုတာ ကျွန်တော်သိတယ်....အဲ့ဒါက ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီး လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တာမှန်း ကျွန်တော်သိပါတယ်.."

စီဆဲလ်သည် ပါးစပ်ဖွင့်လိုက်သော်လည်း မည်သည့်စကား တစ်ခွန်းမှမပြောနိုင်ပေ။

"ကျွန်တော်လည်းသိပါတယ်...ကျွန်တော်လည်း ဗိုလ်ချုပ်တစ်ယောက်ပဲလေ..." 

ကျောင်းမြန်သည် ပြုံးကာပြောလိုက်သည်။

"အဲ့ဒါကြောင့် ကျွန်တော်ထွက်သွားတာက ဗိုလ်ချုပ်ကြီးရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ပဲမဟုတ်ဘူး..ကျွန်တော်ကိုယ်တိုင်အတွက်ရော နေရခက်တာတွေကိုပါ ဖြေရှင်းပြီးသားဖြစ်သွားမှာ...ကျွန်တော်ထွက်သွားလို့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ ကျွန်တော် ..ဗိုလ်ချုပ်ကြီး အလိုရှိတဲ့အချိန်တိုင်း ကူညီပေးနေမှာပါ ...ပြီးတော့ ကျွန်တော်တို့က အကောင်းဆုံး ရဲဘော်ရဲဘက်ဖြစ်နေဦးမှာပါ..."

ကျောင်းမြန်သည် သူ့ခရီးဆောင်အိတ်ကို ဆွဲကာ ပြောလိုက်သည်။

"အပြင်ကလူတွေနဲ့ သတင်းထောက်တွေအတွက် ကျွန်တော့်မှာ အကြောင်းပြချက်ကောင်းကောင်းရှိတယ်...အခုစက်ရုံက စဖွင့်ခါစဆိုတော့ စက်ရုံကို စီမံခန့်ခွဲရ လွယ်အောင် ကျွန်တော်စက်ရုံမှာနေမယ်လို့ပြောရင် မှားနေတယ်လို့ ဘယ်သူမှထင်ကြမှာ မဟုတ်ပါဘူး..."

စီဆဲလ်သည် ဘေးဘက်တွင်ချထားသော သူ့လက်နှစ်ဖက်ကို တင်းကြပ်စွာ လက်သီးဆုပ်လိုက်သည်။

"ကျောင်းမြန်...မင်းကတကယ့်ကို...သတိထားနေတာပဲ..."

စီဆဲလ်သည် အံကြိတ်ထားရင်းဆက်ပြောလေသည်။
"ပြီးတော့...တကယ်လည်း ပြတ်သားတယ်.."

ကျောင်းမြန်သည် အမြဲတမ်း တသီးတသန့်နေတတ်ပြီး စိတ်ရှုပ်ထွေးခြင်း စိတ်ဖိစီးခြင်းကို လက်မခံနိုင်သောကြောင့် အရင်ထွက်သွားကာ ဆက်ဆံရေးကို အဆုံးသတ်မည်ဖြစ်သည်။

သူ ထွက်သွားခြင်းသည် ပြသနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

ကျောင်းမြန်သည် စီဆဲလ်အား ညင်သာစွာ တွန်းထုတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ဆွဲမယူခင် စီဆဲလ်အား လှည့်ကြည့်လိုက်သည်။

"ဒီရက်ပိုင်း ကျွန်တော့်ကို ဂရုစိုက်ပေးလို့ဗိုလ်ချုပ်ကြီးကို ကျေးဇူးတင်ပါတယ်..."

-ခင်ဗျား ကျွန်တော့်ကို ကယ်တင်ပေးခဲ့တယ်.....ဒီမှာနေဖို့ ယုံကြည်မှုတွေပေးခဲ့တယ်..ပြီးတော့ ကျွန်တော့်ကို လေးစားမှုနဲ့ တာဝန်တစ်ခုကိုလည်း ပေးခဲ့တယ်....။

"ကျေးဇူးတင်ပါတယ်..." 

ကျောင်းမြန်သည် အနည်းငယ် ဦးညွှတ်ပြီး ထွက်သွားလေသည်။

စီဆဲလ်သည် ဘာမှမရှိတော့သည့် တံခါးအား စိုက်ကြည့်ကာ တုန်လှုပ်သွားသည်။

ကျောင်းမြန်သည် သူ့အား စက္ကူကြိုးကြာရုပ် ဘာလို့ပေးသည်အား သူသဘောပေါက်သွားလေသည်။

ထိုအရာသည် သူ၏ နှုတ်ဆက်လက်ဆောင်ဖြစ်လေသည်။

..............

ကျောင်းမြန် အောက်ထပ်သို့ဆင်းလာချိန်တွင် အိမ်ထိန်းသည် သူ့လက်ထဲတွင် အထုပ်အပိုးများ ဆွဲလာသေးသည်အား မြင်လိုက်ရသောကြောင့် အံ့သြသွားလေသည်။

"ဗိုလ်ချုပ်ကျောင်း...မင်း..."

ကျောင်းမြန်သည် ဖြစ်ရိုးဖြစ်စဥ်ကိစ္စ ပြောနေသကဲ့သို့ပြောလိုက်သည်။

"ကျွန်တော် အပြင်မှာ ထွက်နေမယ့်ကိစ္စကို ဗိုလ်ချုပ်ကြီးနဲ့ ဆွေးနွေးပြီးပါပြီ..."

အိမ်ထိန်းသည် အဖိုးအိုတစ်ယောက်ဖြစ်ကာ ကျောင်းမြန်အား ကယ်တင်ခဲ့ပြီးမှ ယခုအချိန်တွင် ထွက်သွားခိုင်းသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်း သူမသိတော့ပေ။

"ဗိုလ်ချုပ်ကျောင်း...! "

"ဒီအချိန်အတွင်း ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ဦးလေးကို တကယ် ကျေးဇူးတင်ပါတယ်..."

ကျောင်းမြန်သည် အိမ်ထိန်းအား ရိုးသားစွာ နှုတ်ဆက်လိုက်သည်။

"ဗိုလ်ချုပ်ကျောင်း...! "

အိမ်ထိန်းက စိတ်မပါစွာဖြင့် ပြောလိုက်ပြီး အကြောင်းပြချက်တစ်ချို့ရှာလိုက်သည်။

"အကယ်၍ ဗိုလ်ချုပ်ထွက်သွားရင် သခင်ငယ်လေး ရှောင်လဲ့က ဘယ်လိုဖြစ်သွားမလဲ ...သူထပ်ပြီး အစား စားဖို့ ငြင်းဆန်လိမ့်မယ်..."

ကျောင်းမြန်က ပြန်ဖြေလေသည်။

"အခု ကိစ္စနဲ့ ပက်သတ်ပြီး စဥ်းစားထားပါတယ်...ကျွန်တော် ထွက်မသွားခင် ရှောင်လဲ့ကို ကျွန်တော်နဲ့ အတူ ထွက်သွားဖို့ ဆန္ဒရှိလားဆိုတာ အရင်မေးမှာပါ...အကယ်၍ သူ ဆန္ဒရှိရင် ကျွန်တော်သူ့ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်...ပြီးရင် စီဆဲလ်နဲ့ ဦးလေးတို့နဲ့လည်း မကြာမကြာတွေ့လို့ရအောင် ခေါ်လာခဲ့ပါ့မယ်...တကယ်လို့ သူမသွားချင်ဘူးဆိုရင်လည်းသူနဲ့တွေ့ဖို့ မကြာမကြာ လာလည်မှာပါ..."

"ဒါက..." 

အိမ်ထိန်းသည် ရှောင်လဲ့က ပြောင်းရွှေ့ရန် ဆန္ဒမရှိလောက်ဘူးဟု သူ့နှလုံးသားထဲတွင် မျှော်လင့်ထားသောကြောင့် ကျောင်းမြန်အား ဒီအကြောင်းပြချက်ဖြင့် ဆွဲထားရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ 

သို့သော် မထင်မှတ်ထားသည်မှာ ရှောင်လဲ့သည် ကျောင်းမြန်နှင့်အတူ ပြောင်းရွှေ့ရန် အမှန်တကယ် သဘောတူခဲ့ပြီး သူ၏ယုန်ရုပ်ကိုတစ်ခါတည်း ယူသွားရန် ကြိုးစားခဲ့ပြီး စန္ဒယားကိုလည်း ယူသွားလို့ ရမရ မေးမြန်းနေခဲ့သည်။

အိမ်ထိန်း : "....." 

ဤနည်းဖြင့် ကျောင်းမြန်သည် ကလေးကို လက်တစ်ဖက်က ဆွဲကာ အခြားတစ်ဖက်မှ ခရီးဆောင်အိတ်ကိုကိုင်ပြီး လေယာဥ်ပေါ်သို့ တက်သွားပြီး စံအိမ်ကြီးမှ ထွက်သွားလေသည်။

လေယာဉ်က စက်ရုံဘက်သို့ ဦးတည်ထားလေသည်။

ကျောင်းမြန်က သက်ပြင်းချလိုက်သည်။

စီဆဲလ် သူ့ကိုရှောင်နေသည်ဆိုတာ စီဆဲလ်၏ ခံစားချက်များအရ သူသိနိုင်သော်လည်း ဘာကြောင့်ဆိုတာကို သူမသိပေ။

သူကထပ်ပြီး ဝန်လေးစေမိပြန်ပြီ....။

ကျောင်းမြန် သူ့လက်ဖဝါးကို အနည်းငယ် စိုက်ကြည့်လိုက်သည် ။

"ကိုကြီး...သားတို့ ဘယ်သွားကြမလို့လဲ"

ရှောင်လဲ့၏ တုန်လှုပ်နေသောအသံသည် ကျောင်းမြန်ကို လက်ရှိအချိန်သို့ ပြန်ရောက်လာစေခဲ့သည်။ 

ရှောင်လဲ့သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ ကမ္ဘာငယ်လေးမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကျောင်းမြန်၏ လက်မောင်းတွင် သူ့ကိုယ်သူ လောင်ကျွမ်းလုမတတ် ကြောက်ရွံ့နေပြီး သူ့ခေါင်းကို ကျောင်းမြန်၏ ပုခုံးပေါ်တွင် မီထားကာ ကိုအာလာတစ်ကောင်ကဲ့သို့ တင်းကြပ်စွာ ဖက်တွယ်ထားလေသည်။

"ဦး အလုပ်လုပ်တဲ့ နေရာကို သွားမှာ..."

ကျောင်းမြန်သည် ရှောင်လဲ့၏ နောက်ကျောလေးကို ပုတ်ကာ ချော့လိုက်သည်။

"အဆင်ပြေပါတယ်...ဦးလည်း မင်းနဲ့အတူတူရှိနေမှာလေ...အပြင်ဘက်မှာဆို ပိုပြီးလှ ပိုပြီးချောတဲ့ ကိုကိုတွေ မမတွေ အများကြီး အများကြီးရှိတယ်..."

ရှောင်လဲ့သည် ကျောင်းမြန် လက်မောင်းများကြားတွင် သူ့ခေါင်းကို အတင်းညှပ်ထားရင်း ပြန်ဖြေလိုက်သည်။

"သား ဘယ်သူ့ကိုမှမလိုချင်ဘူး.."

"ဟင်..သူတို့က ရှောင်လဲ့ကို အနိုင်မကျင့်ပါဘူး.."

ကျောင်းမြန်သည် အပြင်လောကအား လက်ခံလာအောင် အတင်းဖိအားမပေးဘဲ ဖြေးဖြေးချင်း စည်းရုံးရမည်ဟု သူ့စိတ်ထဲတွင်ပြောလိုက်သည်။ 

လေယာဉ်သည် စက်ရုံသို့ရောက်ရှိလာခဲ့ပြီး ကျောင်းမြန်သည် အယ်ဗင်၏ အကူအညီဖြင့် သူခရီးဆောင်အိတ်ကို အခန်းထဲသို့ရွှေ့လိုက်သည်။

ပြီးနောက် အမှတ် ၁၂ တပ်ဖွဲ့သည် လူအနည်းငယ်နှင့်အတူ အခန်းအား ပြင်ဆင်ရန်နှင့် ရှောင်လဲ့၏ စန္ဒယားအား ကူသယ်လာခဲ့ကြသည်။

ကံကောင်းသွားသည်မှာ ဒီဇိုင်နာသည် အလွန်အမြင်ကျယ်လေသည်။စက်ရုံ၏ အနောက်ဘက်တွင် ဧည့်ခန်း ၊ မီးဖိုခန်း၊ အိပ်ခန်း.....ပါရှိသည့် အလွန်ကျယ်ဝန်းသောသီးသန့်နေရာတစ်ခုရှိနေပြီး..၄င်းနေရာသည် အိမ်ငယ်တစ်လုံးနှင့်တူနေသည်။ ၄င်းတွင် အိပ်ခန်း တစ်ခန်းသာပါရှိသော်လည်း ပစ္စည်းအားလုံးနေရာ ချထားရန် လုံလောက်မှုရှိသည်။

ကျောင်းမြန်သည် ရှောင်လဲ့၏ လက်ကိုကိုင်ပြီး လူတိုင်းနှင့်မိတ်ဆက်ပေးခဲ့သည် ။

"နောက်ပိုင်း ဦးအလုပ်သွားရင် ရှောင်လဲ့က အခန်းထဲမှာနေပြီး စန္ဒယားလည်းတီးလို့ရတယ်...ပုံလည်းဆွဲလို့ရတယ်..မဟုတ်ရင်လည်း အရင်လို စက္ကူလေးတွေခေါက်နေလည်းရတယ်"

ကျောင်းမြန်က ပြုံးလိုက်ပြီး ဆက်ပြောလေသည်။

"ကိုကြီး အယ်လန်ကို သိတယ်မလား...သူလည်း သားနဲ့တွေ့ဖို့ လာလိမ့်မယ်နော်..."

"ဟင့်အင်း..." 

ရှောင်လဲ့သည် ကျောင်းမြန်၏ခြေထောက်ကို ဖက်ထားပြီး သူ့ကိုကြည့်ရသည်မှာ ပတ်ဝန်းကျင်နှင့် မသက်မသာဖြစ်နေကြောင်း မြင်ရလေသည်။

ကျောင်းမြန်က ထိုင်ချလိုက်ပြီး ရှောင်လဲ့၏ ပါးလေးကိုပွတ်ကာ ပြုံးပြီးမေးလိုက်သည်။

"အခုရှောင်လဲ့ စားချင်တာရှိလား.."

"ပူတင်း.....!" 

ရှောင်လဲ့၏မျက်လုံးများ တောက်ပသွားသည်။

"ဟုတ်ပြီ.."

အယ်ဗင်သည် ထိုနေရာအား သန့်ရှင်းရေးလုပ်ရန် တစ်စုံတစ်ယောက်ကို သွားခေါ်လိုက်ပြီးနောက် မင်ရန်ရောက်လာခဲ့သည်။

ကျောင်းမြန်သည် အေပရွန်ဝတ်ကာ မီးဖိုချောင်ထဲတွင် တစ်ယောက်တည်းအလုပ်ရှုပ်နေပြီး ရှောင်လဲ့သည်ဘေးမှ ထိုင်ခုံအသေးလေးတွင်ထိုင်ကာ သူ့ကစားစရာလေးများဖြင့် ဆော့နေသည်အား မင်ရန်မြင်လိုက်ချိန်တွင် နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

ဒါက......

ဒါကိုကြည့်ရသည်မှာ ဗိုလ်ချုပ်ကြီး၏ဇနီးသည် သူ့ကလေးနှင့် အတူ ထွက်ပြေးလာသကဲ့သို့....

ဇနီးသည် အံတင်းတင်းကြိတ်ကာ ကလေးတစ်ယောက်နှင့်နေထိုင်နေရပြီး ထိုဇနီးနှင့်သားကို စွန့်ပစ်ထားသော စီဆဲလ်၏ ညစ်ညမ်းသော ပုံရိပ်ကို ဖယ်ထုတ်ရန် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဪ မင်ရန်က ဒီရောက်နေတာလား.."

ကျောင်းမြန်က ပြုံးကာ ထပ်မေးလိုက်သည်။

"မင်းရော ပူတင်းစားဦးမလား.."

"တော်....တော်ပါပြီ..."

မင်ရန်က ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။

"ရေခဲမြစ်မြို့တော်က ရှင့်ရဲ့လက်ထောက် လမ်းမှာရောက်နေပြီမို့လို့ ကျွန်မက အခြေအနေစစ်ဆေးပြီး သူ့ကိုခေါ်လာတာ ...အခုသူရောက်ခါနီးပါပြီ လမ်းမှာ အစစ်ခံနေလို့...."

ခဏအကြာတွင် လက်ထောက်က ဝင်လာလေသည်။

မင်ရန်သည် သူမ၏ပျော်စရာအတွေးများကို ဆက်တွေးကာ အယ်ဗင်အား နှောင့်ယှက်ရန်လှည့်ထွက်သွားလေသည်။

အယ်ဗင်သည် သူ့ကောင်မလေးသည် သူမ၏ထူးဆန်းသော အတွေးများအားလုံးကို လှည့်ပတ်၍ ပြောပြသည်ကို မြင်လိုက်ရချိန်တွင် တုန်လှုပ်သွားသည်။ သူမပြောပြနေသည်ကို နားထောင်ရင်း ခေါင်းကိုက်နေရသော်လည်းသူ၏နှလုံးသားလေးသည် အေးချမ်းပျော်ရွှင်နေလေသည်။

ကျောင်းမြန်သည် ထိုနှစ်ယောက်အားကြည့်ကာ ရယ်ရ ငိုရခက်နေသည်။

"ဗိုလ်ချုပ်...!"

အရပ်ရှည်ရှည်ဖြင့် လက်ထောက်သည် ကျောင်းမြန်အားတွေ့ချိန်တွင် ပုံမှန် စစ်တပ်အလေးပြုနည်းဖြင့် နှုတ်ဆက်လိုက်သည်။

ကျောင်းမြန်သည် ဖက်ဒရေးရှင်းသို့ ရောက်ရှိလာသည့် အစောပိုင်းနှင့် လကုန်ရက်များတွင် လက်ထောက်သည် အလုပ်တာဝန်များကိုတင်ပြရန် အရောက်လာရပြီး ကျောင်းမြန်သည်လည်း သူ၏ ရေခဲမြစ် စစ်တပ်၏ စစ်ရေးကိစ္စများကို ဖြေရှင်းရန် မကြာခဏ ပြန်သွားရသည်။ 

သို့သော် သူ၏ ကြိုးစားအားထုတ်မှုအပြီးတွင်နယ်စပ်ဒေသသကို သိမ်းပိုက်ထားမှုမှာ လက်လျော့သွားခဲ့ကြသည်။ 

"မင်း အရမ်းကြိုးစားတာပဲ.." 

ကျောင်းမြန်သည် လက်ထောက်၏ ပုခုံးကိုပုတ်လိုက်သည်။

"ဒါက လုံးဝမခက်ခဲပါဘူး!" 

လက်ထောက်သည် ခြေဖဝါးကို စောင့်နင်းပြီး သတိအနေအထားဖြင့် အလေးပြုလိုက်သည်။ ထို့နောက် ကျောင်းမြန်အား သူယူလာသော အရေးကြီးစာရွက်စာတမ်းများကို ကမ်းပေးလိုက်သည်။

ကျောင်းမြန်သည် ထိုအရာများကို ကြည့်လိုက်ချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဒီလောက်လေးပဲလား....။

လက်ထောက်က ချက်ချင်းပြန်ဖြေ၏။

"မနက်ဖြန် မာရှယ် ခရစ်က ဗိုလ်ချုပ်ဆီလာလည်မယ်လို့ပြောပါတယ်...သူလာမှကျန်တာတွေယူလာခဲ့မယ်လို့ မှာလိုက်ပါတယ်.."

ကျောင်းမြန် အံ့သြသွားသည်။

ခရစ် လာမယ်တဲ့လား...။

သူ့ကို သတိရလို့လား...။

"ကောင်းပြီလေ"

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမြန်သည် ခရစ်ရောက်လာမည့် ကိစ္စအား အရမ်းပျော်ရွှင်နေတော့သည်။ 

အခုချိန်တွင် ရေခဲမြစ်တော်ဝင်မိသားစုက ပြိုလဲသွားပြီး အင်အားနည်းသွားသောကြောင့် ခရစ်သည် ရေခဲမြစ်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်လာလေသည်။ယခုအချိန်တွင် ရေခဲမြစ်သည် သူနှင့် ဗိုလ်ချုပ်ကျောင်းမြန်၏ အာဏာအောက်သို့ လုံးဝကျရောက်နေပြီဖြစ်ပြီး အခြားမိသားစုဝင်များကလည်း ကြီးမားသော အင်အားတစ်ရပ်အဖြစ် ထောက်ပံ့ပေးထားသည်။

ခရစ်သည် သူနှင့်စကားပြောရန် ဖက်ဒရေးရှင်းသို့ ကိုယ်တိုင်လာရောက်မည်ဖြစ်သောကြောင့် ကျောင်းမြန်သည် သူတို့၏ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားလေသည်။

"ဗိုလ်ချုပ်ရဲ့ အမိန့်အရ ကျွန်တော် တစ်ခုရထားပါတယ်..."

လက်ထောက်သည် ပန်းထိုးထားသည့် ဘူးလေးအား ကျောင်းမြန်ထံသို့ ဂရုတစိုက် ကမ်းပေးလိုက်သည်။

ကျောင်းမြန်သည် အံ့သြကာ...
"ငါ့....လက်စွပ်လား.."

"ဟုတ်ပါတယ်...ဗိုလ်ချုပ်မှာ ခဲ့တဲ့အတိုင်း မစ္စကျောင်းရင်းဆီက လက်စွပ်သွားယူဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပေမယ့် ခရီးဝေးတဲ့အတွက်ကြောင့် အချိန်ကြာသွားခဲ့တာပါ..."

ကျောင်းမြန်သည် ဘူးလေးအား လှည့်ဖွင့်လိုက်ချိန်တွင် အထဲတွင် လှဲလျက်သားလေးရှိနေသည့် အပြာရောင် လက်စွပ်လေးအား တွေ့လိုက်ရသည်။ ထိုလက်စွပ်လေးသည် အရင်နှစ်တွေကတည်းကပင် အရောင်မှိန်သွားပြီး သူဘယ်လောက်ပဲ ဂရုစိုက်နေပါစေ သေချာမမြင်ရသည့် ထောင့်နားလေးများတွင် သံချေးတက်နေပြီဖြစ်သည်။

လက်စွပ်အရောင်က အရမ်းကို သာမန်ဆန်နေပြီး မည်သည့်ဒီဇိုင်းမှမရှိသည့် ရိုးရိုး လက်စွပ်လေးသာဖြစ်သည်။

သို့သော် ၄င်းကိုမြင်လိုက်ချိန်တွင် ကျောင်းမြန်၏စိတ်ထဲတွင် သက်တောင့်သက်သာဖြစ်သွားပြီး ဤလက်စွပ်ရှိနေခြင်းသည် သူ့အတွက် အလေ့အကျင့် တစ်ခုလို ဖြစ်နေလေသည်။

"တော်တယ်..."

ကျောင်းမြန်သည် ပြုံးကာ လက်စွပ်ကို ဝတ်ထားလိုက်သည်။

ကျောင်းမြန်သည် လက်ထောက်ကို ဧည့်ခန်းထဲခေါ်သွားပြီး သူတင်ပြလာသည့် သတင်းများကို နားထောင်လိုက်သည်။ သူပြန်သွားချိန်တွင် သူ့မိသားစု၏ ဘိုးဘေးလေးအား မီးဖိုချောင်ထဲတွင် မုန့်ကျွေးပြီးနောက် အိပ်ရာဝင်ပုံပြင်ပြောပြကာ ချော့သိပ်လိုက်သည်။

နောက်တစ်နေ့တွင် ခရစ်သည် စီစဉ်ထားသည့်အတိုင်း ရောက်လာခဲ့သည်။

ခရစ်သည် သူ၏ တရားဝင်အမည်ကို အသုံးမပြုခဲ့ပေ။သူသည် သူ၏ ကိုယ်ပိုင် သီးသန့် လေယာဉ်ကိုသာ အသုံးပြုခဲ့ပြီး ဖက်ဒရယ် နိုင်ငံခြားရေး ရုံး နှင့် တရားဝင်အစိုးရ၏လက်ခံ မှုကို ရယူရန် ရည်ရွယ် ချက် မရှိခဲ့ပါ။

သူ့ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မည်သည့်အထောက်အထားမျှမရှိဘဲ သူငယ်ချင်းများထံသာ သွားရောက်လည်ပတ်ရန်ဖြစ်သည် ။

"တကယ်လား"

ကျောင်းမြန် က ပြုံးပြီး မေးလိုက်သည်။

"တကယ်ပဲ ငါနဲ့စကားပြောဖို့ လာတာလား" 

'ဘာဖြစ်လို့ ရုတ်တရက်ကြီး ဖုန်းခေါ်ဖို့တောင် အချိန်မရဖြစ်သွားပြီး ခရစ်က ရောက်ချလာတာလဲ'

ဤအခိုက်အတန့်တွင် ကျောင်းမြန်သည် ခရစ်ကို သူ၏ "အိမ်အသစ်" ဖြစ်သည့် စက်ရုံသို့သွားရောက်လည်ပတ်ရန် ခေါ်ဆောင်သွားလေသည်။

"ဟုတ်တယ်...ငါ ဗိုလ်ချုပ်ကြီး စီဆဲလ်ကို မနှောင့်ယှက်ချင်ဘူး.... အဲဒီအပေါ်ယံတရားမျှတတဲ့ ယဉ်ကျေးမှုတွေလည်း မလုပ်ချင်ဘူး " 

ခရစ်က ပြုံးပြီး ဆက်ပြောလေသည်။

"အကယ်၍ ငါသာ တရားဝင်နာမည်နဲ့ လာခဲ့မယ်ဆိုရင် အခုလို မင်းကို သူငယ်ချင်းတစ်ယောက်လို စကားပြောလို့ရမှာ မဟုတ်ဘူး.."

ကျောင်းမြန်သည် ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့ကလူကို ကြည့်လိုက်ချိန်တွင် နည်းနည်းတော့ အံ့သြသွားသည်။

အချိန်အတော်ကြာပြီးနောက်တွင် ခရစ်လည်း ပြောင်းလဲသွားသည်။

အတိတ်တုန်းက ခရစ်သည် သူ့ကဲ့သို့ပင် စစ်မြေပြင်၌ အကိုတစ်ယောက်ဖြစ်ခဲ့သည်။ လူတိုင်းကို ပေါ့ပေါ့ပါးပါးဆက်ဆံကာ ကျယ်လောင်စွာ စကားပြောခဲ့ကြသည်။ အခုချိန်တွင် ခရစ်သည်.....

ကျောင်းမြန်ကလည်း ဒါသည် ကောင်းမွန်သော အရာတစ်ခု ဟု ခံစားခဲ့ရပြီး နောက်ဆုံးတွင် ခရစ်သည် ပို၍ ကြည့်ကောင်းလာလေသည်။

အခု ခရစ်က အရပ်ပိုရှည်လာပြီး စစ်မြေပြင်မှ မတော်တဆမှုများကို ဖုံးကွယ်ထားသည်။ သူ၏ ပတ်ဝန်းကျင်တွင် အနည်းငယ် နူးညံ့သိမ်မွေ့ပြီး သြဇာအာဏာကြီးကာ မာနကြီးလေသည်။အညိုရောင်ဆံပင်ကို စနစ်တကျ ဖြီးသင်ထားပြီး စစ်ဝတ်စုံကို သေချာ ဝတ်ဆင်ထားသည် ။ မျက်နှာသွင်ပြင်သည် ဒေါသထွက်ခြင်း၊ ခြိမ်းခြောက်နိုင်စွမ်းတို့ ရှိမနေဘဲ မြှောက်ထားသည့် လက်နှင့် သူ၏သွင်ပြင်သည် အထက်လူကြီးတစ်ယောက်၏ သွင်ပြင်ဖြစ်နေလေသည်။

ကျောင်းမြန် : "ရေခဲမြစ်ရော.......မင်ရော အဆင်ပြေရဲ့လား.."

"ငါအဆင်ပြေပါတယ်"

ခရစ်က ပြုံးပြီး ခေါင်းခါပြလိုက်သည်။ 

"ဖက်ဒရယ်ပြည်ထောင်စုရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် တော်ဝင်မိသားစုက မြန်မြန် ပြိုလဲသွားတာ...ဒါတောင် သူတို့ကို ထောက်ခံတဲ့ သူတွေရှိပြီး ပြသနာရှာနေဦးမယ်ဆိုရင် အဲ့ဒီအိုးကို ဆက်သယ်ထားဖို့ ဖက်ဒရယ်ပြည်ထောင်စုကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တော့မယ်..."

"နယ်စပ်က လူနေမှုပုံစံကလည်း တဖြည်းဖြည်း တိုးတက်လာတယ်....ဖက်ဒရယ်ပြည်ထောင်စုက အဲဒီမှာ နေထိုင်တဲ့သူတွေအတွက် ရိက္ခာနဲ့ အဝတ်အထည်ပြဿနာကို ပထမဆုံး ဖြေရှင်းဖို့ ငါတို့နဲ့အတူ နယ်စပ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုပြီး လူတွေလွှတ်ပေးထားတယ်..."

နှစ်ဖက်စလုံးသည် နည်းပညာများကို ဖလှယ်ပြီး လူအင်အား မျှဝေခဲ့ကြသောကြောင့် စီမံကိန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာလေသည်။