Chapter 40.1
Viewers 7k

Chapter - 40.1

(လူကိုယ်တိုင်အတည်ပြုခြင်း)

ကျောင်းမြန်သည် သူထွက်မသွားခင်အထိ ရှောင်လဲ့နှင့်အတူ စားကာ စန္ဒယားတီးပေးပြီး တစ်ဖက်လူအား ချော့သိပ်ခဲ့လေသည်။

ကျောင်းမြန်ထွက်မသွားခင်တွင် ရှောင်လဲ့က သူ့အား အပြာရောင် ကြိုးကြာစက္ကူရုပ်လေးတစ်ခုပေး၏။

"ဦး အရင်က သားကို သင်ပေးထားတာ"

ကလေးလေး၏ အသံသည် အလွန်နူးညံ့နေကာ ကြိုးကြာစက္ကူလေးအား သူ၏လက်ဖြင့် မြင့်နိုင်သမျှ မြင့် မြင့် မြှောက်ထားလေသည်။

ဒါသည် သူ၏ ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်နိုင်ပြီး ကြည့်လို့ သိပ်မကောင်းသော်လည်း ကျောင်းမြန်က ပျော်ရွှင်နေဆဲဖြစ်ကာ သူ၏ အိပ်ရာ ခေါင်းရင်းတွင် တင်ထားလိုက်သည်။

သူ့အခန်းထဲသို့ ပြန်ရောက်ချိန်တွင် အခန်းထဲရှိ လက်ဆောင်ပုံးများနှင့် ပန်းစည်းများကို ကြည့်ရမည်မှာ ပျင်းလွန်းသောကြောင့် နောက်နေ့မှ သန့်ရှင်းရေးလုပ်မည်ဟု စဥ်းစားလိုက်သည်။

ထို့ကြောင့် စီဆဲလ် မရှိသည့် နှစ်ရက်တွင် ကျောင်းမြန်သည် မနက်ပိုင်းတွင် စက်ရုံကို ဂရုစိုက်ပြီး ညနေဘက်ပြန်ရောက်ချိန်တွင် ပန်းများနှင့် ကတ်များကို ခွဲထုတ်ခဲ့သည်။

သုံးရက်မြောက်သောနေ့သည် စီဆဲလ် ပြန်လာမည့်နေ့ဖြစ်ပြီး ပိတ်ရက်ဖြစ်သောကြောင့် စက်ရုံပိတ်ရက် ဖြစ်လေသည်။

ကျောင်းမြန်သည် လွန်ခဲ့သောရက်အနည်းငယ်က စက်ရုံသို့ သွားကာ လူတိုင်း၏တိုးတက်မှုကိုစစ်ဆေးခဲ့ပြီး အစားအသောက်ပြင်ဆင်ရန်အတွက် အိမ်သို့ စောစောပြန်ခဲ့သည်။ ထို့နောက် သူ့အခန်းထဲရှိ ထိုင်ခုံပျော့လေးပေါ်တွင် လှဲလျောင်းကာ ပန်းစည်းမှ ကတ်များကို ချွတ်ပစ်လိုက်သည်။ 

မင်ရန်သည် စီဆဲလ်၏ လက်တွဲဖော်အနေဖြင့် အဖွဲ့ချုပ်နှင့် ဆက်သွယ်နေသည့် လူများကြားရှိ အတွင်း အပြင် ဆက်ဆံရေးကို နားလည်ထားရမည်ဟု ဆိုသည်။

မည်သည့် ဝန်ကြီးများ ၊ အရာရှိများ ၊ အခြားနိုင်ငံများ၏ ဘုရင်များအား.....။

အဖွဲ့ချုပ်နှင့် ဆက်သွယ်ထားသော လူတိုင်းသည် ထိုကတ်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကျောင်းမြန်သည် ကတ်များကို သိမ်းဆည်းထားသည့် သေတ္တာထဲမှ ကတ်အနည်းငယ်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

ပထမတစ်ကတ်မှာ တံဆိပ်တုံးပါရှိပြီး စနစ်တကျ ဒီဇိုင်းထုတ်ထားသော ကတ်တစ်ခုဖြစ်ပြီး Mercury မှ အဖွဲ့ချုပ်အနေဖြင့် ပိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ဆုမွန်ကောင်း တောင်းထားသော ကတ်တစ်ခုဖြစ်ပြီး စာထဲတွင်ဖော်ပြထားသော စကားလုံးများသည် အလွန်ကောင်းမွန်ပြီး အဆင့်အတန်းရှိလေသည်။

ဒုတိယကတ်သည် နွားသားရေဖြင့် လုပ်ထားသည့်ကတ်ဖြစ်ပြီး ကြည့်ရသည်ကြမ်းတမ်းသည့်ပုံပေါက်သည်။ ဒါသည် နယ်ခြားမြို့ငယ်လေးတစ်ခု၏ ကောင်းချီးတစ်ခုဖြစ်သည်။

- စက်ရုံကို အဆင်ပြေပြေနဲ့ ဖွင့်နိုင်ပါစေလို့ ကျုပ် ဆုတောင်းပါတယ် ....
ဗိုလ်ချုပ်ကျောင်း နဲ့ ဗိုလ်ချုပ်ကြီး စီဆဲလ်တို့ တစ်နှစ်ကို နှစ်ဆ ...နှစ်နှစ်ကို လေးဆနှုန်းနဲ့ တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....အဖွဲ့ချုပ် တိုးတက်ပါစေ.....။

စကားလုံးတွေက နည်းနည်း ထည်ဝါလွန်းနေသည်။

ကျောင်းမြန် : "......"

ကျောင်းမြန်သည် မည်သည့် အမူအယာမှ မပြဘဲ ကတ်ကို သိမ်းကာ နောက်တစ်ကတ်ကို ထုတ်လိုက်လေသည်။

ထိုကတ်သည် ရှားပါးသော အသည်းပုံ ပုံစံရှိပြီး ထိုထဲတွင် ကျက်သရေ မင်္ဂလာမရှိသည့်ကဗျာလိုလို စာတန်းမျိုးရှိနေလေသည်။

ကျောင်းမြန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

ဒါက အရမ်းဆန်းကြယ်လွန်းပြီး ဒီလောက်ထိ ဉာဏ်ကောင်းသော သူအား သူမမြင်ဖူးပေ။

-မင်းက ကူးပါးပင်လယ်ပြင်က အလှပဆုံး နေရောင်ခြည်လေးပါ...ကြယ်လေးတွေလို တလက်လက်တောက်ပနေတဲ့ မြစ်ပြင်ကျယ်ကြီးက မင်းရဲ့ မျက်လုံးလေးတွေလိုပဲ...ဆည်းဆာချိန်ရဲ့ အလှပဆုံး အဖျော်ဆရာလေး မင်းက.....သွေးစွန်းနေတဲ့ နေရောင်ခြည်ထက်ကို ပိုပြီး....မူးယစ်စေတယ်.....

ကျောင်းမြန်၏ မျက်နှာသည် ဖြူဖျော့ကာ တစ်ကိုယ်လုံး တုန်ရင်လာပြီး လက်ထဲမှ ကတ်သည်လည်း အောက်သို့ ပြုတ်ကျသွားသည်။

-မင်းက ကိုယ့်ရဲ့အရိပ်လေးပဲ...ကိုယ်က မင်း စိတ်ဝိဉာဥ်ရဲ့ အကျဥ်းသားတစ်ယောက်ပါ...

-ပင်လယ်ရေ ခမ်းခြောက်သွားတဲ့အထိ ကိုယ် မင်းကို စောင့်နေမှာ.....

ထိုလူ၏ အသံသည် သူ၏နား နားတွင် နူးညံ့ ကြင်နာစွာဖြင့် တိုးတိုးလေး လာပြောနေသယောင် ထင်ရလေသည်။

ကျောင်းမြန်၏ အသက်ရှူသံသည် တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့သည်။

"ဒေါက်...ဒေါက်"

အိမ်ထိန်းသည် ကွတ်ကီး နှင့် လက်ဖက်ရည်ကို သယ်လာပြီး ပြုံးပြကာ ပြောလိုက်သည်။

"ဗိုလ်ချုပ်အတွက် နေ့လည်သောက်ဖို့ လက်ဖက်ရည်ပါ..."

စီဆဲလ် ထွက်မသွားခင်က ကျောင်းမြန်၏ အစားအသောက်ကို အထူးဂရုစိုက်ပေးဖို့ အိမ်ထိန်းအားမှာခဲ့လေသည်။

ကျောင်းမြန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလေသည်။

"ကျေးဇူးတင်ပါတယ်..."

လက်ဖက်ရည်ကိုပဲ အာရုံစိုက်.....လက်ဖက်ရည်ကိုပဲ.....

ကျောင်းမြန်သည် ကုတင်စွန်းတွင်ထိုင်ကာ ဖြူဖျော့နေသော မျက်နှာဖြင့် လက်ဖက်ရည်ကိုသောက်ကာ ကွက်ကီးများကို စားလိုက်ပြီးနောက် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

သူ၏မူလစိတ်စွမ်းအင်သည် အားကောင်းသော်လည်း ပြဿနာတစ်ခုနှင့်ကြုံရလျှင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။

အိမ်ထိန်းသည် ထွက်သွားရန်အလျင်မလိုဘဲ ကျောင်းမြန်၏ဘေးတွင်ရပ်ကာ ကျောင်းမြန်အား စိုးရိမ်စွာဖြင့် ကြည့်နေလေသည်။

ကျောင်းမြန်သည် လက်ဖက်ရည်ကိုသောက်လိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ဦးလေး စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေပါတယ်...အခုတလော ပင်ပန်းသွားလို့ ဖြစ်လိမ့်မယ်.."

"ဟုတ်ပါပြီ..."

အိမ်ထိန်းသည် ခွက်ကိုပြန်ယူလိုက်ကာ ကြင်နာစွာဖြင့် ပြောလိုက်သည်။

"ဒီအပတ်ထဲ ဗိုလ်ချုပ်ပင်ပန်းထားတာဆိုတော့ ကောင်းကောင်းအနားယူပြီး အားပြန်ဖြည့်လိုက်ပါ...အရမ်း အပင်ပန်း မခံပါနဲ့..."

"ဟုတ်ကဲ့" 

ကျောင်းမြန်သည် အင်္ကျီကိုချွတ်လိုက်ပြီး လေအေးပေးစက်ကို ဖွင့်ကာ နာရီအား alarm ပေးပြီး လှဲချလိုက်သည်။ 

ကျောင်းမြန် အိပ်မက်မက်ခဲ့သည်။ ထိုစာသည် သူ့မသိစိတ်ထဲထိ သက်ရောက်မှုရှိနေလိမ့်မည်ဟု သူမသိခဲ့ပေ။

အိပ်မက်ထဲတွင် အနီရောင် မီးပင်လယ်ကြီးတစ်ခုရှိနေပြီး သူ့မျက်လုံးများထိပင် ထိုအနီရောင်သည် ရောင်ပြန်ဟပ်နေလေသည်။

မီးတောက်ရဲရဲတွေ.....နီရဲနေတဲ့သွေးတွေ....သူ့ကိုယ်ပေါ်ရှိ အင်္ကျီမှာလည်း နီရဲနေခဲ့တယ်.....

ကျောင်းမြန်သည် လွန်ခဲ့သော နှစ်များက မြင်ကွင်းတစ်ခုသို့ သူ ပြန်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

သူသည် ပြတင်းပေါက်များနှင့် တံခါးများပါသော လေးထောင့်ပုံစံ အခန်းငယ်တစ်ခု၏ ရှေ့တွင် သူရပ်နေခဲ့သည်။ သို့သော် ထိုအခန်းအတွင်းမှ ငိုကြေးသံများနှင့် အသနားခံသည့် အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး လွှတ်ပေးကြပါ.."

"အား......အ.."

အလွန် စိတ်ဆင်းရဲစရာကောင်းပြီး အသံများပြာလုမတတ် မသေခင်အချိန်အတွင်းတွင် ငိုကြွေးနေကြသည်။ လူများဖြင့် ပြည့်နေသော အခန်းသည် အခြားအခန်းများထက် ပို၍ ပြတ်သားသော အသံတစ်ခုကို ကြားနေရလေသည်။

ကျောင်းမြန်သည် အလွန်တိတ်ဆိတ်စွာ ရပ်နေခဲ့သည် ။

"ကျေးဇူးပြုပြီး....." 

ကျောင်းမြန်သည် ကြေးခေါင်းလောင်းများထက် ပို၍ကြီးမားပြီး ဆိုးရွားကာ သွေးစွန်းနေသော မျက်နှာများနှင့် မျက်လုံးများရှိသည့် အတွင်းဘက်ရှိ လူများသည် ထွက်ပေါက်တွင် အတင်းအကြပ် စုပြုံတိုးနေသည်ကို တွေ့လိုက်ရသည်။

ကျောင်းမြန်သည် ညဉ့်နက်သည်အထိ ရပ်နေခဲ့ပြီး အတွင်းဘက်ရှိလူများ ၏ အသံသည် တဖြည်းဖြည်း အားပျော့လာပြီး ကွာဟချက်တစ်ခုမှာ သွေးများ စီးကျလာခြင်းဖြစ်သည် ။

"မင်းက အပြစ်သားပဲ..."

ချင်းယင်သည် သူ့ဘေးတွင် ပြုံးပြုံးလေးရပ်ကာ ပြော၏။

"ကြည့်စမ်း ၊ မင်း သူတို့ကို သတ်လိုက်တာ"

"အနာဂတ်မှာ မင်းက လူတွေကို ပိုသတ်ဖြတ်လိမ့်မယ်......"

"အဲ့ဒါကြောင့်....."

"မင်းက အပြစ်သားပဲ......"

...........


ကျောင်းမြန် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်သည် ချွေးအေးများဖြင့် ဖုံးလွှမ်းနေသည်။

မဟုတ်ဘူး ..... အဲ့ဒါ...မဟုတ်...ငါမဟုတ်ဘူး...!

ကျောင်းမြန်သည် အသက်ပြင်းပြင်းရှူလိုက်သည် ။

ညနေစောင်းနေပြီဖြစ်၍ ပြတင်းပေါက်အပြင်ဘက်တွင် သွေးစွန်းနေသော နေဝင်ချိန်ဖြစ်သည်။

နေ၏အသွင်အပြင်သည် အရင်ကနှင့် အတူတူပင်ဖြစ်သည်။

ကျောင်းမြန်သည် ဒီ့ထက်ပိုပြီး မတတ်နိုင်တော့သဖြင့် အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။

"ဗိုလ်ချုပ်ကျောင်း ဘာဖြစ်လာတာလဲ" 

အိမ်ထိန်းသည် မူလက ဖိနပ်စင်ကို သန့်ရှင်းရေးလုပ်နေရင်း ကျောင်းမြန်၏ပုံစံကို မြင်လိုက်သောအခါ စိုးရိမ်စွာဖြင့်မေးလိုက်သည်။

"ဗိုလ်ချုပ် အပြင်သွားမလို့လား..."

"အင်း" 

ကျောင်းမြန်သည် အိမ်ထိန်းထံမှ ဖိနပ်ကိုယူကာ အိမ်ကြီးအနောက်ဘက်တွင် ရပ်ထားသော သူ့လေယာဉ်ပေါ်သို့ အမြန်တက်ကာ ထွက်ခွာသွားခဲ့သည်။

-ပင်လယ်ကြီး ခမ်းခြောက်သွားတဲ့အထိ ကိုယ် မင်းကို စောင့်နေမှာ......။

ထိုကဗျာသည် ကျိန်စာတစ်ခုနှင့်တူသလို နတ်ဆိုးတစ်ကောင်၏ တီးတိုးရေရွတ်သံနှင့်လည်း တူလေသည်။

သို့သော် ....မုန်းစရာကောင်းသည်မှာ ကျောင်းမြန်သည် မေ့လို့မရခြင်းဖြစ်သည်။

သူသည် ကတ်ထဲမှ စာနှစ်ကြောင်းကိုသာ ဖတ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ထပ်စာကြောင်းအသစ်များက သူ့စိတ်ထဲတွင် အလိုလိုပေါ်လာလေသည်။

ကျောင်းမြန်သည် လေဆိပ်သို့သွားသည့် လမ်းကြောင်းအတိုင်း လေယာဥ်အား မောင်းနှင်လာခဲ့သည်။

လမ်းတွင် ကျောင်းမြန်သည် စီးပွားရေးအကြောင်းကိုသာ စဥ်းစားရန် သူ့အတွေးများကို ဖိအားပေးကာ ပြောင်းလဲခဲ့သည်။ 

ချင်းယင်သည် ပန်းများကို သူ့လက်ထဲရောက်အောင် မည်သည့်နည်းဖြင့် ပို့ပေးခဲ့တာလဲ.....။

ပထမဆုံးအနေဖြင့် ထိုပန်းများသည် နိုင်ငံတိုင်းက ပေးပို့လာကြခြင်းဖြစ်ပြီး ပွဲကျင်းပသည့်နေ့တွင်လည်း လူတိုင်းရှိနေသောကြောင့် နေရာ နှင့် လုံခြုံရေးကို တင်းကြပ်စွာ စစ်ဆေးမည်မှာ မလွဲမသွေဖြစ်သောကြောင့် ပွဲထဲထိယူလာနိုင်ရန် ခက်ခဲပေသည်။

ဒုတိယချက်အနေဖြင့် ...ပြည်တွင်းတွင် သစ္စာဖောက်များရှိနေလေသည်။ စီဆဲလ်သည် အတွင်းဝန်ရုံး၌ သစ္စာဖောက်တစ်ဦးရှိကြောင်း အရင်က ပြောခဲ့ဖူးသည်။ ထိုအချိန်တွင် ချင်းယင်သည် သူ၏ပန်းများကို ထိုအတွင်းရေးမှူး၏လက်ထဲသို့ရောထည့်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်။ 

အခုလောက်ထိ ကြိုးစားနေရသော အဓိကရည်ရွယ်ချက်သည် အမှန်ကို ရိုးရှင်းပါသည်။

ချင်းယင်က သူ့ကို သတိပေးနေခြင်းဖြစ်သည်....။

ကျောင်းမြန်သည် သူ၏အောက်နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်လိုက်ပြီး လေယာဥ်အား အရှိန်ပိုမြှင့်လိုက်သည်။

နောက်ဆုံးတွင် လေယာဉ်သည် လေဆိပ်သို့ ရောက်ရှိလာခဲ့သည် ။

ကျောင်းမြန်သည် သူ၏ID ကတ်ကို ထုတ်ပြပြီး စောင့်ဆိုင်းရန်အတွက် VIP နားနေဆောင်သို့ရောက်လာခဲ့သည်။

"ဗိုလ်ချုပ်ကျောင်း....!"

မင်ရန်သည် စီဆဲလ်အား တင်ပြရမည့် အစီရင်ခံစာများကို ထိုင်ကာ စစ်ဆေးနေပြီး ပြန်ပြင်နေစဥ် ကျောင်းမြန်အား မြင်လိုက်ရချိန်တွင် အနည်းငယ် အံ့သြသွားလေသည်။

ကျောင်းမြန်က အစက လေဆိပ်ကို မလာချင်ခဲ့ဘူး မဟုတ်ဘူးလား......။

ကျောင်းမြန်လည်းခေါင်းညိတ်ပြကာဆို၏။

"ဘာမှလည်း လုပ်စရာမရှိဘူးထင်လို့ ငါထွက်လာလိုက်တာ..."

မင်ရန်သည် ကြိတ်ရယ်လိုက်ပြီး စာရွက်စာတမ်းများကို သူမ၏ကျောပိုးအိတ်ထဲထိုးထည့်ကာ ပြောလေသည်။

"ဒါဆို...ဗိုလ်ချုပ်ကြီးစီဆဲလ်ကို ရှင့်လက်ထဲအပ်ခဲ့လိုက်တော့မယ်နော်....ကျွန်မအရင်သွားနှင့်တော့မယ်..."

အာ...မိနစ်နည်းနည်းလောက်ပဲစောင့်ပေးပါ...။

ကျောင်းမြန်လည်းတားလိုက်သည်။
"အဲ့ဒါဆို မင်းလည်း....."

သို့သော် မင်ရန်သည် အခြားအရာများထက်ပိုမိုလျင်မြန်စွာပျောက်ကွယ်သွားသည် ။

မင်ရန်သည် စီဆဲလ်၏ အကြည့်စူးစူးများဖြင့် စိုက်ကြည့်ခြင်းကို အကြိမ်ပေါင်းများစွာခံရပြီးနောက်တွင် သူမမှာ နှလုံးရောဂါရမတက်ဖြစ်နေလေသည်။ ယခုတစ်ကြိမ်တွင်ထပ်ပြီး ဂလက်ဆီ ခင်ပွန်းများ၏ ချစ်ကြည်နူးချိန်ကို နှောင့်ယှက်မိပါက သူမထိုနေရာ၌ပင် ပေါက်ကွဲသွားပေလိမ့်မည်။

ကျောင်းမြန်သည် သူမ၏အမြီးမီးလောင်နေသကဲ့သို အမြန်ထွက်ပြေးသွားသော မင်ရန်၏ နောက်ကျောအားကြည့်ကာ ရယ်ရမလား ငိုရမလား မသိတော့ပေ။

"အာ့မြန်....."

ကျောင်းမြန်သည် အံ့သြသွားတော့သည်။

သူ၏ခေါင်းကို လှည့်ကြည့်လိုက်သောအခါ အကောက်ခွန်ရုံးဝင်ပေါက်တွင် အလင်းရောင်ကို ကျောပေးကာ ခရီးဆောင်အိတ်ကိုကိုင်ထားသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားလေသည်။

ကျောင်းမြန်၏ နှလုံးသားသည် ရုတ်တရက် တည်ငြိမ်သွားသည်။

စကားလုံးများ ပွေ့ဖက်မှုများ မလိုအပ်ပေ.....။

အကြည့်တစ်ချက်နှင့်သာ လုံလောက်ပါသည်။

ကျောင်းမြန်သည် နေရာတွင်သာရပ်နေပြီး စီဆဲလ်အားတွေ့လိုက်ချိန်တွင် သူ၏ယခုပုံစံအား သတိရမိလိုက်သည်။ သူသည် အလျင်အမြန်ထွက်လာခဲ့သောကြောင့် အင်္ကျီအပါးလေးသာ ဝတ်လာခဲ့မိပြီး အနွေးထည်ယူလာရန် မေ့လာခဲ့သည်။

သူရောက်လာသည့်ပုံစံသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသောကြောင့် နည်းနည်းရှက်စရာကောင်းနေလေသည်။

စီဆဲလ်သည်လည်း အနည်းငယ် အာရုံစိုက်နေခဲ့သည်။

နောက်ဆုံးတွင် ကျောင်းမြန်သည် အသိပြန်ဝင်လာပြီး ရှေ့သို့တိုးကာ ဖြည်းဖြည်းချင်းပြောလေသည်။

"ဗိုလ်ချုပ်ကြီး ပြန်လာပြီပဲ...."

"ဟုတ်တယ်....ကိုယ် ပြန်လာပြီ"

စီဆဲလ်သည် ကျောင်းမြန်အား ဖျက်ကနဲကြည့်လိုက်ချိန် သူ၏မျက်ခုံးများ တွန့်ချိုးသွားကာ ပြောလိုက်သည်။

"မင်း အပြင်ထွက်လာတာကို ဘာလို့ အပြင်ဝတ်မယူလာတာလဲ..."

စီဆဲလ်သည် ပြောနေရင်းပင် သူ၏ကုတ်အင်္ကျီကိုချွတ်ကာ ကျောင်းမြန်အား ခြုံပေးလိုက်သည်။

ကျောင်းမြန်သည် သူ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"မေ့သွားလို့..."

စီဆဲလ်သည် အစက စကားလုံး အနည်းငယ်ဖြင့် စနောက်ချင်သေးသော်လည်း တစ်စုံတစ်ခုအား အမှတ်ရသွားသောကြောင့် မပြုလုပ်လိုက်ပေ။ ထို့နောက် သူ့ခေါင်းကို လှည့်ကာ ပြောလိုက်သည်-

"သွားမယ်လေ...အိမ်ပြန်ကြမယ်"

သူတို့အိမ်ပြန်ရောက်ချိန်တွင် အိမ်ထိန်းသည် ကျောင်းမြန် မနက်ပိုင်းမှ ချက်သွားသော ဟင်းများကို နွှေးပေးထားလေသည်။

"ခရီးစဉ်ကရော အဆင်ပြေလား " 

သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ထိုင်ကာ စားသောက်နေကြသည်။

"အဆင်ပြေပါတယ်....နယ်စပ်ဒေသကလည်း ပူးပေါင်းဆောင်ရွက်မှုရှိတယ်လေ ပြီးတော့...ရေခဲမြစ်ဘက်က တာဝန်ရှိသူတွေ သင်ပေးတဲ့ နည်းလမ်းတွေကလည်း ထိရောက်မှုရှိတာကို...."

စီဆဲလ်သည် သူအကြိုက်ဆုံး ဝက်ခြေထောက်ကို ပျော်ရွှင်စွာ ကိုက်ရင်း မေးလိုက်သည်။

"စက်ရုံကရော အခြေအနေ ဘယ်လိုလဲ...."

"အဆင်ပြေပါတယ် ....သုတေသီအသစ်တွေကလည်း အရမ်းကို ပူးပေါင်းဆောင်ရွက်တတ်ကြတယ် ပြီးတော့ အဲလန်ကလည်း တာဝန်သိတတ်တယ်လေ...ကျွန်တော့်ကိုအချိန်ရရင် သူ့ကို ကိုယ်ခံပညာသင်ပေးလို့ရမလား ဆိုပြီးတော့တောင်မေးနေသေးတယ် ...."

ကျောင်းမြန်သည် ပြောနေရင်း စွပ်ပြုတ်ပန်းကန်အား စီဆဲလ်ကို ကမ်းပေးလိုက်သည်။

စီဆဲလ်သည် လှမ်းယူလိုက်ပြီး အံ့သြစွာ ကြည့်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျောင်းမြန်နှင့် တွေ့ဆုံခဲ့ခြင်းမရှိသော်လည်း စီဆဲလ်သည် သူ၏နှလုံးသားထဲတွင် အဖြေရှိနေပြီးဖြစ်သည်။

သူသည် ရှောင်ကျစ်ကို မစွန့်လွှတ်နိုင်ပေ။ထို့ကြောင့် ကျောင်းမြန်နှင့် ဆက်ဆံရေးကို သေချာစွာ မရှင်းလင်းထားပါက ကျောင်းမြန်အား မလေးစားရာကျနေပေလိမ့်မည်။

သူဆိုသည့် ဗိုလ်ချုပ်ကြီး စီဆဲလ်သည် အရာရာကို ရဲရဲဝံ့ဝံ့ လုပ်လေ့ရှိသည်။

သို့သော် အခုချိန်တွင် ကျောင်းမြန်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးအားမြင်လိုက်ရချိန်တွင် စီဆဲလ်သည် ရုတ်တရက် ပြောစရာစကားများပျောက်ရှသွားလေသည်။

"ဗိုလ်ချုပ်ကြီး ၊ ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးလို့ရမလား "

ကျောင်းမြန်က ဆက်ပြောလေသည်။

"ရှောင်လဲ့က တကယ်ပဲ ခင်ဗျားရဲ့တူလား.."

သူသည် စီဆဲလ်တွင် အမရှိကြောင်း တစ်ခါမှ မကြားဖူးသောကြောင့်ဖြစ်သည်။ 

"ဟုတ်တယ်...."

စီဆဲလ်က ဆက်ပြောလေသည်။

"သူက ကိုယ့်အစ်မလိုလူရဲ့ ကလေးပဲ..."

စီဆဲလ်သည် ကျောင်းမြန်က ရှောင်လဲ့၏ အတိတ်အားအလွန်စိုးရိမ်နေပြီး သူနှင့်ရှောင်လဲ့တို့ ပို၍ ရင်းနှီးလာပုံရသည်အားတွေ့လိုက်ရသောကြောင့် သူသည် ပြန်စဥ်းစားကာ ပြောလိုက်သည်။

"ကိုယ် ရှောင်လဲ့ အမေနဲ့ စတွေ့တုန်းက သူမက ကိုယ့်ထက် အသက်အများကြီး ကြီးတယ်...သူမက ကိုယ့်အတွက် အမေတစ်ယောက်၊ အမတစ်ယောက်လိုပဲ...ဒါပေမယ့် သူမ အသတ်ခံလိုက်ရတယ်...အဲ့ဒါကြောင့် ရှောင်လဲ့ကို ကိုယ်ခေါ်ထားလိုက်တာ....."

"ဒါဆို ရှောင်လဲ့ အဖေက..."

"ရှောင်လဲ့မှာ အဖေမရှိဘူး....သူ့အမေကလည်း....ပိတ်မိနေတဲ့ သူတွေထဲကပဲ ...."

စီဆဲလ်သည် ထိုအကြောင်းအား ပြောနေချိန်တွင် အလွန်မုန်းတီးနေကာ သူ၏မျက်ဝန်းများသည် အရင်ကထက် ပို၍ စူးရှနေသည်။

"နေ့ရော ညရော အဲ့ဒီ့ညစ်ပတ်နေတဲ့ အိမ်မှာပိတ်မိနေခဲ့တာ....အဲ့ဒါကြောင့် ရှောင်လဲ့က အခုလိုဖြစ်လာရတာပဲ...."

'ကလေးဘဝတုန်းက သူမြင်ခဲ့ရတာတွေက ပါးစပ်နဲ့ ထုတ်ပြောလို့မရအောင် ညစ်ညမ်းနေခဲ့တာ......'

ကျောင်းမြန်သည် ဘာပြန်ပြောရမှန်းမသိတော့အောင် တုန်လှုပ်သွားလေသည်။

"ကျွန်တော် စိတ်မကောင်းပါဘူး..."

"ဒါတွေကအတိတ်မှာ ဖြစ်ခဲ့ပြီးပြီ ....စိတ်ပူစရာမရှိတော့ပါဘူး.."

စီဆဲလ်သည် ပြုံးကာ ဆက်ပြောလိုက်သည်။

"မင်း ရှောင့်လဲ့ကိုဖြည်းဖြည်းချင်း ဖေးမပေးပြီးသူနဲ့အတူရှိနေပေးတာ ကောင်းတယ်"

"အင်း"

ကျောင်းမြန်သည်ခဏမျှစဥ်းစားလိုက်ပြီး သူ့အိတ်ကပ်ထဲမှစာရွက်အပိုင်းလေးအားထုတ်လိုက်သည်။

ထို့နောက် သူသည် ပြုံးလိုက်ပြီး.....ဆို၏။

"ကျွန်တော် ခင်ဗျားကို ပေးစရာရှိတယ်.."

စီဆဲလ် : "ဟင်.."

စီဆဲလ်သည် ကျောင်းမြန်က စက္ကူအပိုင်းလေးအား ဆွဲထုတ်လိုက်ချိန်တွင် ကြိုးကြာရုပ်လေးဖြစ်နေသည်ကို မြင်လိုက်ရသည်။ကျောင်းမြန်သည် ကြိုးကြာရုပ်လေး၏အောက်ခြေအပေါက်မှ လေမှုတ်သွင်းလိုက်ရာ အရုပ်၏ ဗိုက်နားလေးမှဖောင်းသွားကာ သူ၏ ပုံစံအမှန်ပေါ်လာလေသည်။

ကျောင်းမြန်သည် ကြိုးကြာစက္ကူလေးအား စီဆဲလ်အား ကမ်းပေးရင်း ပြုံးကာ ပြောလေသည်။
"ဒါ ခင်ဗျားအတွက်...ယူလေ"

စီဆဲလ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည် ။

ကျောင်းမြန်က ပြောလေသည်။

"ဒါက အရင်ခေတ်က ပုံစံအတိုင်းခေါက်ထားတာ...သူများတွေပြောကြတာတော့ ဒါလေးရှိနေရင် ကံကောင်းမှုတွေပဲ ကြုံရတယ်တဲ့...ဒါကြောင့် ဗိုလ်ချုပ်ကြီး အနာဂတ်မှာ ဘာပဲလုပ်လုပ်အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်..."

ကျောင်းမြန်သည် ထိုနေ့က ရှောင်လဲ့ သူ့အားပြောပြခဲ့သည်ကို ပြန်မှတ်မိသွားလေသည်။ရှောင်လဲ့သည် သူ့အား ကံကောင်းမှုများပေးခဲ့သလို သူသည်လည်း စီဆဲလ်အား လက်တစ် ဆုပ်စာလောက်ဖြစ်ဖြစ် ကံကောင်းမှုများပေးချင်ခဲ့သည်။ ဤသည်မှာ ယုံကြည်မှုသပ်သပ်သာဖြစ်ပြီး မသုံးမဝင်ခဲ့သည့်တိုင် သူယုံကြည်နေမိသည်။ ထိုမှသာ သူ့စိတ်အခြေအနေသည် အနည်းငယ် ပိုကောင်းလာနိုင်မည်ဖြစ်သည်။

စီဆဲလ်သည် စက္ကူကြိုးကြာလေး၏ ပြားချပ်နေသော အတောင်ပံများကို ညင်သာစွာထိလိုက်ပြီး ပြုံးပြလိုက်ကာ သူ၏မျက်လုံးများထိပင် ပျော်ရွှင်မှုများ ကူးစက်နေသည်။

"ကျေးဇူးတင်ပါတယ် "

"အခုလိုမျိုး လက်ဆောင်ရတာ ဒါပထမဆုံးအကြိမ်ပဲ..."

သူတို့နှစ်ယောက် ညစာစားပြီးနောက်တွင် စီဆဲလ်သည် ပုံမှန်အတိုင်း စစ်ရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေလိုက်ပြီး ကျောင်းမြန်သည်လည်း အလုပ်ရှိနေပြီဖြစ်သောကြောင့် စာရွက်စာတမ်းများကို ဖတ်ရှုနေလေသည်။

ထို့နောက် မိုးချုပ်နေပြီဖြစ်သဖြင့် စီဆဲလ်သည် စာရွက်စာတမ်းများကို ချကာ အိပ်ရန်ပြင်ဆင်လေသည်။

ကျောင်းမြန်သည်လည်း ညရောက်နေပြီဖြစ်သောကြောင့် သူ့အလုပ်များကို လက်စသတ်လိုက်သည်။

စီဆဲလ်သည် မျက်လွှာကိုချလိုက်ပြီး ပြောလေသည်။

"ဒီညတော့ ဒီအခန်းထဲမှာပဲ အတူတူအိပ်ကြတာပေါ့...."

ကျောင်းမြန်သည် ထိတ်လန့်သွားသည်။

"ဘာလို့လဲ" 

ကျောင်းမြန်သည် စီဆဲလ်နှင့် အတူအိပ်ရန်မလိုအပ်သောကြောင့် အိပ်ရမည့်အကြောင်းပြချက်အား သိချင်နေလေသည်။

စီဆဲလ်သည် ထလိုက်ပြီး ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူးလေ...ဒီနည်းကပဲ...မင်းအိပ်လို့ရမရ ကိုယ်စိုးရိမ်နေရတာကို သက်သာစေမှာ...."

"ကောင်းပြီ" 

ကျောင်းမြန်သည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှဆက်မပြောပေ။

စီဆဲလ်သည် ကျောင်းမြန်ထွက်သွားသည်အား လှည့်ကြည့်လိုက်ပြီး...ထို့နောက် စားပွဲပေါ်ရှိ ကြိုးကြာစက္ကူလေးများကို ကြည့်လိုက်ချိန်တွင် လည်ချောင်းထဲတွင် ဆို့နင့်နေသည်။ 

သေစမ်း......။