Chapter 98
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၈)

ကယ်လီယန် ပြန်မဖြေပေ။

မဟုတ်သေး ... သူ ပြန်မဖြေနိုင်ခြင်းသာ ဖြစ်သည်။

အိုဖီလီယာက သူ့နှလုံးသားထဲအထိ ထွင်းဖောက်မြင်နိုင်နေခဲ့၏။

ဖလဲရ်က အရှင့်သား အကဲဖြတ်ထားတဲ့အတိုင်း မကောင်းနေလောက်ဘူးလို့ မတွေးမိပါဘူးလား။

မှန်ပေသည်။

ယခုမတိုင်ခင်အထိ သူလည်း ထိုသို့ တွေးနေမိသည်။

ဒါကို အိုဖီလီယာက ဘယ်လိုဖြစ်ပြီး သိသွားရတာလဲ။

အိုဖီလီယာမှာ အလွန်အံ့ဩစရာကောင်းသည်ဟု တွေးမိရင်း သူ့အတွေးများက အလွယ်တကူ ရိပ်မိနိုင်သည်အထိ ရိုးရှင်းနေသည်လားဟု ကယ်လီယန် အသည်းအသန် သိချင်သွားသည်။

သို့သော် ထိုအတွေးမှာ မကြာလိုက်ပေ။

အိုဖီလီယာက စကားဆက်ပြောလာသောကြောင့် ဖြစ်၏။

"ဒါပေမဲ့ မဟုတ်လောက်ပါဘူး။"

"ဘာကိုလဲ"

"အဲ့လို မဟုတ်လောက်ပါဘူးလို့ ... ဖလဲရ်က လူကောင်းတစ်ယောက်ပါ။"

အိုဖီလီယာ ထိုသို့ ပြောရသည့်အကြောင်းကို ကယ်လီယန် မသိပါ။

ထို့ကြောင့် အနည်းငယ် အလန့်တကြားဖြစ်သွားသော မျက်လုံးများဖြင့် အိုဖီလီယာကို ငုံ့ကြည့်လိုက်မိသည်။

အိုဖီလီယာက စောင်းပါးရိပ်ခြည်ဟန်ဖြင့် ပြုံးလိုက်ပြီး ကယ်လီယန်နှင့် မျက်လုံးချင်းဆုံအောင် ပြန်ကြည့်လာခဲ့သည်။

"သူမက ကောင်းပါတယ် ... ကိုယ်ပိုင်လိုအင်ဆန္ဒတွေအပေါ် သစ္စာရှိတတ်တာပဲ။"

"..."

"အရှင့်သားရော မတွေးမိပါဘူးလား။"

အိုဖီလီယာ ထိုသို့ ဘာကြောင့် ပြောနေသည်ကို ကယ်လီယန် နားမလည်နိုင်ပေ။

သူမက ဖလဲရ်ကို မုန်းနေတာ မဟုတ်ဘူးလား။

ဒါပေမဲ့ သူမက ဖလဲရ်ကို ကောင်းတယ်ဆိုပြီး ပြောနေတယ်၊ဘာဖြစ်လို့များပါလိမ့်။

သူ့ခေါင်းက ထိုကိစ္စကို နားလည်ရန် ခက်ခဲနေခဲ့၏။

ထို့ကြောင့် ကယ်လီယန် မေးလိုက်သည်။

"မင်း ဖလဲရ်အပေါ် ဘယ်လိုထင်လဲ။"

"သူမက စိတ်ညစ်စရာကောင်းတယ်။"

"ပြန်ဖြေတာကလဲ မြန်လိုက်တာ။"

သူ ရယ်မောလိုက်သည်။အိုဖီလီယာကလည်း သူနှင့်အတူ ရယ်မောလာ၏။

"ဒါပေမဲ့ ဒါကလွဲရင် သူမက ကောင်းတယ်ဆိုတာ ကျွန်မ ဝန်ခံရမှာပါပဲ။သူမက တကယ်ကို ကောင်းပါတယ်၊အလွန်အမင်းပါပဲ။"

အိုဖီလီယာက ကယ်လီယန်၏လက်ကို အနည်းငယ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"အဲ့ဒီတော့ အရှင့်သားနဲ့ မလိုက်ဖက်ပါဘူး။"

"ဘာကို ဆိုလိုတာလဲ။"

"အရှင့်သားအတွက် မိန်းမဆိုးလေးတစ်ယောက်ရှိဖို့ လိုအပ်ပါတယ်။"

ယခုမှသာ အိုဖီလီယာ၏ဆိုလိုရင်းကို သဘောပေါက်သွားရသဖြင့် ကယ်လီယန် နှုတ်ခမ်းတွန့်လိုက်မိသည်။

အိုဖီလီယာက ဖလဲရ်ကို သဘောကျသည့်တိုင် တစ်ဆက်တည်းမှာပင် သူမကို နှိမ့်ချနေခဲ့၏။

ဖလဲရ်က သဘောကောင်းသူ ဖြစ်နေလေရာ ကယ်လီယန်၏ဘေးတွင် ရှိနေရန် မသင့်တော်သောကြောင့်ပင်။

တစ်ချိန်တည်း၌ အိုဖီလီယာက သူမကိုယ်တိုင်အတွက် ဆွဲယူပြောဆိုနိုင်ခဲ့သည်။

"ဒီတော့ မင်း ပြောချင်တာက ငါ့ဘေးမှာ မင်းလို မိန်းမဆိုးလေးတစ်ယောက် ရှိနေဖို့ လိုအပ်တယ်လို့လား။"

"အင်ပါယာမှာ ကျွန်မထက် ပိုဆိုးတဲ့ မိန်းမ ရှိလို့လားရှင်။"

အိုဖီလီယာက အားပါးတရ ရယ်မော၍ ပြောလေသည်။

သူမ ထိုသို့ တောက်တောက်ပပ ပြုံးရယ်နေသည်ကို သူ ပထမဆုံးမြင်ဖူးခြင်း ဖြစ်လေသည်။ထို့ကြောင့် ကယ်လီယန် အံ့အားသင့်နေမိသည်။

တစ်ချိန်တည်းမှာပင် သူ့မျက်နှာ နီမြန်းလာရသည်။

အိုဖီလီယာမှာ အလွန်လှပနေသောကြောင့်ပင်။

သေစမ်းကွာ

အိုဖီလီယာ၏မျက်နှာကို မတတ်သာပဲ အသိအမှတ်ပြုရတော့မည်ဟု ကယ်လီယန် ခံစားမိသည်။သို့သော် သီချင်းက အဆုံးသတ်ရောက်သွားသဖြင့် သူ စိတ်သက်သာရာရသွား၏။

ယခု သူ အိုဖီလီယာထံမှ ခွာ၍ ရလေပြီ။

အိုဖီလီယာကမူ ကယ်လီယန်ကို စိုက်ကြည့်နေခဲ့သည်။

သေချာစေရန် ...

ဖလဲရ်အပေါ် ထားသော ကယ်လီယန်၏ခံစားချက်များ လှုပ်ရှားသွားရသည့်အကြောင်း။ 

အမှန်တွင် အိုဖီလီယာက ကယ်လီယန်နှင့်ဖလဲရ်ကို အပြီးတိုင် ဝေးကွာသွားစေရန် ရည်ရွယ်ထားခြင်း မရှိပေ။

သူမ အသတ်မခံရဘဲ အသက်ဆက်ရှင်သွားနိုင်ရန်နှင့် ကယ်လီယန်ထံမှ မျက်နှာသာပေးမှု အနည်းငယ် ရလာရန်အတွက်သာ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖလဲရ်ကမူ ထိုသို့ မမြင်နိုင်ဘဲ ရေးကြီးခွင်ကျယ်လုပ်နေခဲ့သည်။

ထို့ကြောင့် အိုဖီလီယာက ပြင်းပြင်းထန်ထန် လှုပ်ရှားရခြင်း ဖြစ်၏။

ယခုကဲ့သို့

"မိန်းမကောင်းလေးတွေက စိတ်ကို တည်ငြိမ်အေးချမ်းမှု ပေးနိုင်ပါတယ်၊ဒါပေမဲ့ နိုင်ငံရေးနှင့်ပတ်သက်ရင်တော့ တည်ငြိမ်နေအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။"

အိုဖီလီယာက ကယ်လီယန်၏ပခုံးများကို လက်ဖြင့်သိုင်းဖက်၍ တီးတိုးကပ်ပြောလိုက်သည်။

"ကျေးဇူးပြုပြီး သေသေချာချာ စဥ်းစားကြည့်ပါ။"

သူမက မျက်နှာကို လှည့်လိုက်ပြီး အနောက်ဘက်က ကြည့်လိုက်လျှင် နှစ်ယောက်သား နမ်းနေသည့်ပုံစံ ဖြစ်သည်အထိ စောင်းငဲ့လိုက်သည်။

လူများ အသက်ရှူကြပ်သွားသည်ကို သူမ ကြားနေရ၏။

အိုဖီလီယာက နူးနူးညံ့ညံ့လေးပြုံး၍ ကိုင်ထားသော ကယ်လီယန်၏လက်ကို လွှတ်ပေးလိုက်သည်။

ပြီးနောက် သူမ၏နေရာသို့ ပြန်လာခဲ့သည်။

အိုး ... ငါက အရမ်းမိုက်တာပဲ။

ထိုသို့တွေးမိမှ ယနေ့ ကပွဲသို့ လာရသည့် ရည်ရွယ်ချက် အောင်မြင်သွားကြောင်း အိုဖီလီယာ စဥ်းစားမိတော့သည်။ဖလဲရ်ကို အကြပ်ရိုက်သွားစေခဲ့သည်သာမက ကယ်လီယန်၏စိတ်ခံစားချက်များကို လှုပ်ရှားသွားစေခဲ့သည်အထိ။

ထို့ကြောင့် သူမ လွန်စွာ စိတ်ကျေနပ်နေရသည်။

အခု ကပွဲမှာ နည်းနည်းလောက် အချိန်ဖြုန်းပြီးတာနဲ့ ထွက်သွားရမယ်။

သူမ ထိုသို့ တွေးရင်း ရှန်ပိန်တစ်ခွက်ကို မယူလိုက်၏။

ထိုအချိန်တွင်

"ကိုယ်တို့ စကားပြောဖို့ လိုတယ်။"

ဆိုဗက်စ်စတာ ရုတ်တရက် ရောက်လာပြီး အိုဖီလီယာ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"အခုလဲ ကျွန်မတို့ စကားပြောကြနေတာပဲ မဟုတ်ဘူးလား။"

အိုဖီလီယာက သူ့ကို ကြည့်၍ ပြောလိုက်လျှင် ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်သွားရ၏။

"ဒါဆို ကိုယ်တို့ တစ်နေရာကို သွားပြီး စကားပြောရအောင်။"

"ရှင် ကျွန်မကို တောင်းပန်တော့မလို့လား။"

"အိုဖီလီယာ ရိုင်ဇန်!"

အိုဖီလီယာက ပေါ့ပေါ့ပါးပါး ဟာသလုပ်လိုက်သော်လည်း ဆိုဗက်စ်စတာကမူ ကြောက်လန့်စရာ မျက်နှာထားဖြင့် ပြောလာ၏။

"ကိုယ့်နောက် လိုက်လာခဲ့။"

အိုး ...

ကြောက်စရာကြီး

ထိုကြောင့် အိုဖီလီယာက ငြိမ်ငြိမ်သက်သက်နှင့် ဆိုဗက်စ်စတာနောက်သို့ လိုက်လာခဲ့သည်။

သူမ လသာဆောင်သို့ ဝင်ရောက်လာပြီးသည်နှင့် ဆိုဗက်စ်စတာက ပြတင်းပေါက်လိုက်ကာစကို ဆွဲပိတ်လိုက်သည်။

ပြီးနောက် လိုက်ကာစကို ဆုပ်ကိုင်ထားရင်း အသက်ပြင်းပြင်း ရှူနေမိသည်။

ဟူး ...ဟူး...

သူ့စိတ်သူ ထိန်းချုပ်ထားချင်သည့်နှယ်။

"ရှင် ဘာဖြစ်နေတာလဲ။"

ဆိုဗက်စ်စတာ ထူးဆန်းနေသည်ဟု ခံစားမိသဖြင့် အိုဖီလီယာက မေးလိုက်သည်။

ထိုအခါမှသာ ဆိုဗက်စ်စတာက ခေါင်းပြန်လှည့်၍ အိုဖီလီယာကို ကြည့်လာသည်။

"ကိုယ် ဘာဖြစ်နေလဲ ဟုတ်လား။"

သူ့မျက်လုံးများမှာ သွေးနီရောင် တောက်ပနေ၏။

သူ အမှန်တကယ် ဒေါသထွက်နေပုံရသည်။

ခုနကပဲ ရှင် ကျွန်မကို ကာကွယ်ပေးနေပြီးတော့ အခု ဘာကြောင့် ဒေါသဖြစ်နေရတာလဲ။

ဆိုဗက်စ်စတာ အဘယ့်ကြောင့် ထိုသို့ ပြုမူနေရသည်ကို အိုဖီလီယာ အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ပေ။

"အိုဖီလီယာ"

ဆိုဗက်စ်စတာက သူမကို ခေါ်ရင်း ရှေ့တစ်လှမ်း တိုးလာခဲ့သည်။

"မင်း အိမ်ရှေ့စံမင်းသားကို နမ်းခဲ့တာလား။"

အာ

ဆိုဗက်စ်စတာ ဒေါသဖြစ်နေရသည့်အကြောင်းကို အိုဖီလီယာ သိသွားတော့သည်။

ကောင်းပြီလေ၊အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်က အခြားယောကျ်ားတစ်ယောက်ကို ပေါ်ပေါ်တင်တင် နမ်းလိုက်တာဆိုတော့ သူ ဒေါသထွက်သွားမှာပေါ့။

ဆိုဗက်စ်စတာ ဒေါသထွက်ရသည်မှာ ဆီလျော်မှုရှိသည်ဟု အိုဖီလီယာ တွေးလိုက်သည်။

ထို့ကြောင့် သူမ ချက်ချင်း ပြန်ဖြေလိုက်၏။

"ကျွန်မ သူ့ကို မနမ်းခဲ့ပါဘူး။"

"ဘာ!"

"ကျွန်မ တကယ် မနမ်းခဲ့ဘူး၊နမ်းနေတဲ့ ပုံစံပေါက်အောင် လုပ်ခဲ့ရုံပါပဲ။"

အိုဖီလီယာက ပခုံးတွန့်လိုက်သည်။

"ဒါက ကောင်းတယ်လေ၊ဖလဲရ်ကို ဒေါသထွက်အောင် လုပ်နိုင်ပြီးတော့ ကျွန်မနဲ့အရှင့်သားက ရင်းနှီးနေပြီဆိုတာကို တခြားသူတွေ ခံစားမိသွားအောင်လဲ လုပ်လို့ရတယ်။" 

ဆိုဗက်စ်စတာ၏ပါးစပ်မှာ ပွင့်ဟသွားရ၏။

သူ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်လျှင် အိုဖီလီယာက တောက်ပစွာ ပြုံးလိုက်လေသည်။

"ဒီတော့ ရှင် ကျွန်မကို ဘယ်လောက်များများ ပေးမှာလဲ။"

ဆိုဗက်စ်စတာ တောင့်ခဲသွားရ၏။

သူ နှုတ်ခမ်းများ တင်းတင်းစေ့ပြီးမှ အော်ဟစ်လိုက်ပြီး သူ့နဖူးသူ ဗြန်းခနဲ ရိုက်ချလိုက်လေသည်။

"အားရှ်!"

လသာဆောင်၏လက်ရန်းကို ဆုပ်ကိုင်၍ သူ အကြိမ်အနည်းငယ်ခန့် အော်နေမိသည်။

ပြီးမှ ခေါင်းကို ပြန်လှည့်၍ အိုဖီလီယာကို ကြည့်လိုက်သည်။

"မင်း တကယ်ကို ရူးနေပြီ၊ ရူးနေတဲ့ မိန်းမပဲ!"

အိုဖီလီယာမှာ အနည်းငယ် ဆွံ့အသွားရ၏။

ငါ ဘာများ လုပ်မိလို့လဲဟင်။

သူတို့ အစကတည်းက စီစဥ်ထားသည့်အတိုင်း သူမ လုပ်ခဲ့ခြင်း ဖြစ်၏။

ဖလဲရ်ကို အကြပ်ရိုက်အောင်လုပ်ရန် သူမ ကယ်လီယန်နှင့် တွဲကခဲ့သည်။ထိုသို့ဖြင့် ကယ်လီယန်၏မျက်နှာသာပေးမှုကို သူမ ရရှိခဲ့၏။

အရာအားလုံးမှာ စီစဥ်ထားသည့်အတိုင်း တစ်သွေမတိမ်း ဖြစ်နေခဲ့သော်လည်း ဆိုဗက်စ်စတာ ဘာကြောင့် ဒေါသထွက်နေရသည်ကို သူမ နားမလည်နိုင်ချေ။

ထို့ကြောင့် သူမ မေးလိုက်မိသည်။

"ရှင် ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။"

ထိုမေးခွန်းမှာ ဆိုဗက်စ်စတာအတွက် အမှန်ပင် ကတ်သီးကတ်သတ်နိုင်လွန်းသည်။

အိုဖီလီယာက ကယ်လီယန်နှင့် ပထမဦးဆုံး တွဲကမည်ဟု ပြောလာခဲ့ကတည်းက သူ ဒေါသထွက်နေခဲ့သည်။

ထို့ကြောင့် သူမကို ဖြောင်းဖြရန် သူ ကြိုးစားခဲ့သည်။

သို့သော် အိုဖီလီယာက သူ့စကားကို နားမထောင်ခဲ့ပေ။သူမက သူကမ်းပေးသောလက်ကို ငြင်းပယ်ပြီး ကယ်လီယန်၏လက်ကို ဆုပ်ကိုင်သွားခဲ့သည်။

အိုဖီလီယာကို ထိုသို့မြင်ရချိန်တွင် သူ ဘယ်လောက်အထိ ကူကယ်ရာမဲ့ ခံစားခဲ့ရပါသနည်း။

သူတို့နှစ်ယောက် ကနေကြသည်ကို ဆိုဗက်စ်စတာမှာ အဝေးက လှမ်းကြည့်နေရပြီး အကြီးအကျယ် သစ္စာဖောက်ခံရမှုနှင့် ဒေါသများကြောင့် ရင်ထဲတွင် တအုံနွေးနွေး ဖြစ်နေခဲ့သည်။

သူမတို့ နမ်းနေကြသည့် အခိုက်အတန့်ကို မြင်လိုက်ရချိန်တွင် သူ့ခေါင်းထဲ၌ တစ်စုံတစ်ခုက ပေါက်ကွဲထွက်သွားခဲ့သည်။

ဒီလို မဖြစ်သင့်ဘူး။

သူ ဒီလို မလုပ်နိုင်တော့ဘူး။ဆိုဗက်စ်စတာမှာ အန္တရာယ်ရှိနေသည်ဟု အချက်ပေးချက်တစ်ခု ရလိုက်ပြီး သည်အတိုင်း လွှတ်ထားလိုက်ပါက တစ်ခုခု ကြီးကြီးမားမား ဖြစ်လာတော့မည်ဟု အလိုလိုသိစိတ်တစ်ခု ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့ရသည်။ 

ထို့ကြောင့် သူ အိုဖီလီယာကို ဤနေရာသို့ ဆွဲခေါ်လာခဲ့သည်။

သို့သော် အိုဖီလီယာက ထိုသို့ ပြောလာ၏။

ဒါက သူ ဒေါသထွက်ရလောက်တဲ့ ကိစ္စမျိုး မဟုတ်ဘူးတဲ့လား။

ခေါင်းထဲတွင် ချာချာလည်နေသည်ဟု ဆိုဗက်စ်စတာ ခံစားလိုက်ရသည်။

ထို့ကြောင့် သူ ပြန်မေးလိုက်မိ၏။

"ကိုယ် ... ဘာလို့ ... ဒေါသဖြစ်နေရတာလဲ။"

အိုဖီလီယာကလည်း နားမလည်နိုင်သော အမူအရာဖြင့် ခေါင်းငြိမ့်ပြ၏။

"အင်းလေ... ရှင် ဘာလို့ ဒေါသထွက်နေရလဲဆိုတာ ကျွန်မ တကယ်နားမလည်ဘူး။"

"ဟာ ... အားရှ်!"

ဆိုဗက်စ်စတာ ထပ်အော်လိုက်ပြီး ခေါင်းကို အနောက်သို့ လှန်ထားမိသည်။

ပြီးနောက် အိုဖီလီယာကို အော်ပြောလိုက်၏။

"ကိုယ် မင်းကို ကြိုက်နေလို့!"

" ... ဘာကြီး"

ထိုအခိုက်အတန့်တွင် သူမ နားကြားလွဲသွားသည်ဟု ထင်သဖြင့် အိုဖီလီယာ ပြန်မေးလိုက်မိသည်။

ထိုအခါ ဆိုဗက်စ်စတာက ပို၍ကျယ်လောင်စွာ အော်ပြောလာ၏။

"သောက်ကျိုးနည်းကွာ ... ကိုယ် မင်းကို ချစ်မိသွားပြီလို့!"


TK Team
++++++++