Chapter 91
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၁) 


ဖလဲရ် ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကယ်လီယန်မှာ မြှောက်ထားသောလက်ကို ပြန်ချလိုက်သည်။သို့သော် ကယ်လီယန် ကျွန်မဆီ လက်လှမ်းနေသည်ကို ဖလဲရ်က တွေ့သွားပြီးဖြစ်၏။


သူမ၏မျက်နှာ ဖြူဖျော့သွားသည်ကို မြင်နေရသည်။


အင်း


ဖလဲရ် ဘယ်လို ဖြစ်သွားမလဲ။


ကျွန်မ ခေါင်းကို တစ်ဖက်သို့ စောင်း၍ မျက်ခုံးပင့်လိုက်သည်။


"ဖလဲရ် ..."


ကယ်လီယန်က သူမဆီသို့ ကမန်းကတမ်း ချဥ်းကပ်သွား၏။


"မင်း ဒီနေရာကို ဘာကြောင့်လာရတာလဲ။ဒီလောက်အစောကြီး ရှိသေးချိန်မှာလေ။"


"အာ ..."


ဖလဲရ်က လက်ကို ဝှေ့ယမ်း၍ မျက်လုံးလှိမ့်လိုက်လေသည်။


"ကျွန်မ အရှင့်သားဆီ တစ်စုံတစ်ခုပေးဖို့ အမြန် ထွက်လာခဲ့တာပါ။ဒါပေမဲ့ ... ဒီမှာ မြို့စားကြီးကတော် ရောက်နေလိမ့်မယ်လို့ ကျွန်မ မသိခဲ့ပါဘူး။"


သူမက ကျွန်မကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။သူမ၏ မျက်လုံးဝိုင်းကြီးများတွင် မျက်ရည်များ ပြည့်လာလေသည်။


"သတင်းစာထဲမှာပါတဲ့ သတင်းက တကယ်ပဲ အမှန်မဟုတ်လောက်ပါဘူးနော်၊ဟုတ်ရဲ့လား။"


၎င်းက ကယ်လီယန်နှင့် ကျွန်မ အချစ်ဇာတ်လမ်းခင်းနေသည်ဆိုသော သတင်းဖြစ်၏။


ဖလဲရ်က ထိုသတင်းအကြောင်း ပြောနေလေသည်။


"ဖလဲရ်!"


ကယ်လီယန်က အော်ဟစ်၍ ဖလဲရ်ဆီ ပြေးသွားခဲ့သည်။


သူက ဖလဲရ်၏လက်ကို ဆုပ်ကိုင်၍ ခေါင်းယမ်းလေသည်။


"မင်း ဘာလို့ ဒီလိုမျိုးတွေ ပြောရတာလဲကွာ၊ဒီလို ကောက်ကျစ်စဥ်းလဲတဲ့ မိန်းမမျိုးနဲ့ ကိုယ်က ပတ်သက်နေရမှာလား။"


တစ်ဆိတ်လောက်။


ငါက ဒီနေရာမှာ ရှိနေတုန်းပါပဲနော်။ငါ့ရှေ့မှာ ဒီလိုမျိုး ပြောလိုက်တော့ ငါ ခံစားသွားရပြီလေ။


ငါ ဘာပြောရမလဲတောင် မသိတော့ပါဘူး၊တကယ်ပါပဲ။


ကျွန်မ ဗလာသက်သက် ရယ်မောလိုက်မိသည်။


နင်က ငါပြုံးနေတာကို မြင်ချင်ဘူးမလား။


ဖလဲရ်၏အကြည့်က ကျွန်မထံ ရောက်လာ၏။


"မဟုတ်ရင် မြို့စားကြီးကတော်က ဘာလို့ ဒီနေရာကို ရောက်နေရတာပါလဲ၊အရှင့်သား ပြောသလိုပဲ အစောကြီး ရှိနေပါသေးတယ်။"


"ဒါက ..."


ကယ်လီယန် ပြောရန် ကြိုးစားပြီးမှ အသံမထွက်စေရန်အတွက် ပါးစပ်ကို လက်သီးဖြင့် ပိတ်ထားလိုက်မိသည်။


သူ ဘာပြောရမည်မှန်း မသိသောကြောင့် ဖြစ်လိမ့်မည်။


ယနေ့ ကျွန်မနှင့် သူ့ကြားက စကားများအကြောင်းကို ထုတ်မပြောသင့်သောကြောင့် ဖြစ်၏။


ထို့ကြောင့် ကျွန်မ မီးလောင်ရာ လေပင့်ပေးသင့်သည်ဟု တွေးလိုက်၏။


"ဖလဲရ်၊ကျွန်မတို့က ရှင် မသိသင့်တဲ့ကိစ္စတွေအကြောင်း ပြောနေခဲ့တာပါ။"


" ... ရှင်!"


ဖလဲရ်က နူးညံ့သိမ်မွေ့သော အမျိုးသမီးဇာတ်လိုက်၏အမူအရာဖြင့် ကျွန်မကို ကြည့်လေသည်။


အမ်း ... တကယ် စိတ်ပျက်စရာကောင်းတာပဲ။


ကျွန်မ ဖလဲရ်ကို အပြုံးကြီးကြီး ပြုံးပြလိုက်သည်။


"ရှင် ကျွန်မပြောတာကို ရှင်းရှင်းလင်းလင်း မကြားဘူးထင်တယ်။ကျွန်မတို့က ရှင် မသိသင့်တဲ့ကိစ္စတွေအကြောင်း ပြောနေတာပါ။ဒါကြောင့် ရှင် မစပ်စုသင့်ပါဘူး ... အိုကေ။"


"အိုဖီလီယာ ... တော်တော့။"


ကယ်လီယန်က ကျွန်မကို တားမြစ်လိုက်သည်။


ကျွန်မ ပခုံးတွန့်၍ နောက်ဆုတ်ပေးလိုက်သည်။ဖလဲရ်၏မျက်လုံးများက စူးရှလာ၏။


"ကျွန်မ မသိသင့်တဲ့ တစ်စုံတစ်ရာက ဘာများလဲ။"


ဖလဲရ်၏မေးခွန်းကြောင့် ကယ်လီယန်မှာ ပျာယာခတ်နေသော မျက်နှာထားဖြင့် လည်ကုပ်ကို ပွတ်နေလေသည်။


"ဖလဲရ်၊ဒါက မင်း မသိသင့်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒါပေမဲ့ မင်း သိဖို့ မလိုအပ်တဲ့ကိစ္စပါ။ဒီတော့ ဒီကိစ္စကို မစိုးရိမ်နေပါနဲ့။"


"..."


ဖလဲရ် ပါးစပ်ပိတ်သွားသည်။


ကယ်လီယန်က တိတိကျကျ စည်းတားထားလိုက်သည်ဟု သူမ တွေးမိသွားပုံရသည်။


အမှန်တွင် မူလဇာတ်ကြောင်းမှာကတည်းက ကယ်လီယန်သည် ထိုသို့သာ ဖြစ်၏။


သူသည် ဖလဲရ်ကို နိုင်ငံရေးနှင့်ပတ်သက်သော ကိစ္စများတွင် ပတ်သက်မှုမရှိဟု အမြဲတမ်း တွေးတောခဲ့သည်။ 


ထို့ကြောင့် နောက်ပိုင်းတွင် ဖလဲရ်နှင့်သူ့ကြား၌ နားလည်မှုလွဲမှားခြင်းတစ်ခု ဖြစ်လာခဲ့သည်။သို့သော် အချစ်ဝတ္ထုများ၏ထုံးစံအတိုင်း နားလည်မှုလွဲခြင်းက သဘာဝအလျောက် ပြေလည်သွားပြီး သူတို့နှစ်ဦးကြားရှိ အချစ်မှာ ပို၍နက်ရှိုင်းလာခဲ့၏။


သို့သော် ယခုတွင် ထိုအချိန်မရောက်သေးသည်ဖြစ်ရာ ဖလဲရ်က ကယ်လီယန်၏သဘောထားအပေါ် စိတ်ပျက်သည်ဟု ခံစားရသည်က သဘာဝပင် ဖြစ်လေသည်။


ဖလဲရ်က ကယ်လီယန်ကို ဘာမှမသိသလို ကြည့်နေပြီးမှ အကြည့်ကို ကျွန်မဆီ လွှဲပြောင်းလိုက်ပြီး သေသည်အထိ ဆုတ်ဖြဲပစ်ချင်သည့်အတိုင်း ကြည့်လာလေသည်။


မဟုတ်ဘူး၊ဘာလို့လဲ။


နင် ငါ့ကို ရုတ်တရက်ကြီး ဘာလို့ကြည့်လာရတာလဲ။


ငါ့အပေါ် ဒေါသတွေ ပေါက်ကွဲတော့မလို့လား။


ကျွန်မ မှင်တက်သွားရသဖြင့် ရယ်မိသွားလေသည်။


ထိုအချိန်တွင် ဖလဲရ်၏နှုတ်ခမ်းများ ပွင့်လာခဲ့သည်။


"အရှင့်သားနဲ့မြို့စားကြီးကတော် အတူရှိနေတာကို ကျွန်မ မကြိုက်ဘူး။"


ထိုသို့ အကြီးအကျယ် ဝေဖန်ပစ်လိုက်လေသည်။


အိုး... ဖလဲရ်လို အဆင့်အတန်းရှိပြီး အပြစ်ကင်းတဲ့မိန်းမက ဒီလိုမျိုး ပြောလာလိမ့်မယ်လို့ ငါ မယုံနိုင်ခဲ့ဘူး။


သူမက ငါ့ကို တကယ်ကြီး မုန်းနေခဲ့တာပဲ။ကျွန်မ အနည်းငယ်အံ့အားသင့်နေသော မျက်လုံးများဖြင့် ဖလဲရ်ကို ကြည့်လိုက်မိသည်။ကယ်လီယန်သည်လည်း ကျွန်မနည်းတူ အံ့ဩနေခဲ့၏။


"ဖလဲရ်ရယ် ဒါကလေ ..."


"ကျွန်မ အရှင့်သားကို ပြောနေတာပါ။ကျွန်မ ဒါကို အရမ်းမုန်းတီးရပါတယ် အရှင့်သား။ကျေးဇူးပြုပြီး ကျွန်မရဲ့နှလုံးသားကို နားလည်ပေးပါ။"


ဖလဲရ်က ကယ်လီယန်၏စကားကို ဖြတ်ပြောလိုက်လေသည်။


ကယ်လီယန်၏မျက်နှာမှာ တင်းမာသွား၏။


ဖလဲရ် ထိုသို့ ဖြစ်နေသည်ကို သူ အခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ထို့ကြောင့် ဘာလုပ်ရမှန်းမသိအောင် လမ်းပျောက်နေခဲ့သည်။


ကျွန်မ ထပ်ပြီး ဆွပေးလိုက်သည်။


"အဲ့ဒါက "


ပြီးနောက် ဖလဲရ်ကို ကြည့်လိုက်သည်။


"အရှင့်သားအပေါ် အကူအညီ ဖြစ်စေဖို့ဆိုရင် ဒီလိုနေလိုက်တာကပဲ ရှင့်အတွက် အကောင်းဆုံးလို့ ထင်ပါတယ်။"


"ဒါ ...ဒါက ..."


"ရှင် အခုထိ အရှင့်သားအတွက် ဘာမှ မလုပ်ပေးခဲ့ဘူး မဟုတ်လား။"


"အိုဖီလီယာ ! ဒီပါးစပ်ကတော့ !"


ကယ်လီယန် အော်ဟစ်လိုက်သည်။


ကျွန်မ ခေါင်းကို အတော်လေး စောင်းလိုက်ပြီး ပခုံးတွန့်လိုက်သည်။


"ဘာကြောင့်ပါလဲ ... ကျွန်မ ပြောတာ မှားနေလို့ပါလား။"


"..."


ဖလဲရ် အောက်နှုတ်ခမ်းကို ညင်ညင်သာသာ ကိုက်လိုက်သည်။


သူမ၏မျက်လုံးများက ကျွန်မကို သတ်ပစ်ချင်နေသည်ဟု ခံစားရ၏။


သို့သော် သူမအပေါ် ကယ်လီယန်၏အမြင်ကောင်း ရရှိလာရန် မလုပ်နိုင်ခဲ့ပေ။


အခု ဒါကိုပဲ ကြည့်တော့။


ကယ်လီယန်က ထူးဆန်းတဲ့မျက်နှာထားနဲ့ ဖလဲရ်ကို ကြည့်နေတာ မဟုတ်ဘူးလား။


"အရှင့်သားအတွက် အကူအညီဖြစ်နိုင်မဲ့ တစ်စုံတစ်ရာ လုပ်ပေးတာက ပိုကောင်းပါလိမ့်မယ်။ဒီတော့မှ ရှင် ကျွန်မကို ရိုက်ချနိုင်မှာလေ ... မှန်ရဲ့လား။"


ကျွန်မ ပြုံး၍ ဖလဲရ်အနားမှ ဖြတ်လာလိုက်သည်။ပြီးမှ "အာ ..." ဟု ရေရွတ်လိုက်ရင်း ခေါင်းပြန်လှည့်လိုက်သည်။


"ဒါပေမဲ့လဲ ရှင် ကျွန်မကို ရိုက်ချနိုင်မှာ မဟုတ်ပါဘူး။"


ကျွန်မ ဖလဲရ်ကို တည့်တည့်ကြည့်လိုက်သည်။


သူမ၏မျက်လုံးများထဲရှိ ဒေါသများကို သိသိသာသာ မြင်နေရ၏။ သို့သော် ကျွန်မ အနည်းအကျဥ်းပင် ဂရုမစိုက်ဘဲ ပြောစရာရှိသည်ကိုသာ ပြောလိုက်သည်။


"ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ထက် အများကြီး ပိုပြီး လိမ္မာပါးနပ်တာကြောင့်ပဲ။"


ဝါး ... ဗီလိန်ဆန်လိုက်တဲ့ စကားလေးပါလား။


ကျွန်မ အေးချမ်းနေသောရင်ကို သပ်ချလိုက်ပြီး ပန်းချီခန်းထဲမှ ထွက်လာလိုက်သည်။ 

*

"အရှင့်သား !"


ဖလဲရ်မှာ ချက်ချင်းဆိုသလို မျက်ရည်များ စီးကျလာရ၏။


ကယ်လီယန်က ဖလဲရ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။


"မငိုပါနဲ့ကွာ"


"ဒါပေမဲ့ ..."


"မင်း ငိုရင် ကိုယ် ရင်ကွဲရတယ်ဆိုတာ တကယ်ပဲ မသိဘူးလား။ဒီတော့ မငိုပါနဲ့တော့ကွာ ...နော်။"


ကယ်လီယန်က တခြားသူများထက် ပို၍ ညင်သာသိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။


ထိုအခါမှသာ ဖလဲရ်က အသက်ရှူမှန်လာပြီး မျက်ရည်များကို နည်းနည်းစီ ရပ်တန့်သွားစေ၏။


"မြို့စားကြီးကတော် ပြောသွားတာက မှန်နေတာ မဟုတ်လားဟင်။"


သူမက ပြောသည်။


"ကျွန်မ အရှင့်သားကို မကူညီပေးနိုင်ဘူးဆိုတော့ ကျွန်မက တကယ်ပဲ အသုံးမကျတာပါ။"


ဒါပေါ့၊အိုဖီလီယာက ဒီလိုမျိုး ပြောခဲ့တာ မဟုတ်ပါဘူး။


သို့သော် ထိုသို့ အဓိပ္ပါယ်ကောက်လိုက်ခြင်းက အတိုင်းအတာတစ်ခုအထိ မှန်ကန်၏။ထို့ကြောင့် ကယ်လီယန် မျက်လုံးမှိတ်ထားလိုက်မိသည်။


အိုဖီလီယာပြောသည်က အမှန်ပင် ဖြစ်၏။


ဘွင်းဘွင်းရှင်းရှင်း ပြောရမည်ဆိုပါက ဖလဲရ်သည် ကယ်လီယန်အတွက် အသုံးမဝင်ပါပေ။


ဖလဲရ်ထံတွင် နိုင်ငံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကူညီပေးနိုင်မည့် နောက်ခံမရှိသည့်အပြင် အိမ်ထောင်သည်အမျိုးသမီးဖြစ်နေသောကြောင့် ကယ်လီယန်ကို ဆွဲချနေသလို ဖြစ်နေသေးသည်။  


မည်သို့ပင် ဆိုစေကာမူ ကယ်လီယန်က ဖလဲရ်ကို ချစ်သည်။


သူမ၏အပြစ်ကင်းစင်သော၊ ကလေးတစ်ယောက်သဖွယ် ဖြူစင်သောအသွင်လေးမှာ အမှန်ပင် ချစ်စရာကောင်းလှ၏။


ဤသို့ ကြောက်စရာကောင်းသော တော်ဝင်မိသားစုတွင် သူ ရှင်သန်နေနိုင်ရခြင်း အကြောင်းရင်းမှာ ဖလဲရ်တစ်ယောက်တည်းကြောင့်သာ ဖြစ်သည်။


ကယ်လီယန် ထိုသို့ တွေးခဲ့သည်။


သူ ထိုသို့ တွေးထားမိသည်။


အရှင့်သားနဲ့မြို့စားကြီးကတော် အတူရှိနေတာကို ကျွန်မ မကြိုက်ဘူး။


ကျွန်မ အရှင့်သားကို ပြောနေတာပါ။ကျွန်မ ဒါကို အရမ်းမုန်းတီးရပါတယ် အရှင့်သား။ကျေးဇူးပြုပြီး ကျွန်မရဲ့နှလုံးသားကို နားလည်ပေးပါ။


သို့သော် ထိုစကားများကို ပြောခဲ့သူ ဖလဲရ်မှာ သူသိသော အမျိုးသမီးနှင့် မတူခဲ့ပေ။


ဖလဲရ်သည် ထိုသို့ မိန်းမမျိုး မဟုတ်သည့်အပြင် သူမက ထိုစကားမျိုးကို ပြောတတ်သည့် လူစားမျိုး မဟုတ်ပေ။


ကယ်လီယန် စိတ်ရှုပ်ထွေးလာရသည်။


"အရှင့်သား ... ဘာကြောင့် စကားမပြောတော့တာလဲ။"


"အာ ..."


ဖလဲရ်၏စကားကြောင့် ကယ်လီယန်မှာ အသိစိတ် ပြန်ကပ်လာရသည်။


"အိုဖီလီယာ ပြောသွားတာတွေကို မင်း စိတ်ထဲမထားပါနဲ့။"


ကယ်လီယန် ခိုင်မာစွာ ပြောလိုက်သည်။


"မင်းရဲ့ဖြစ်တည်မှုတစ်ခုတည်းကတောင် ကိုယ့်အတွက် လုံလောက်နေပါပြီ။တခြားအကြောင်းပြချက်တွေ ရှာနေဖို့ မလိုပါဘူးကွာ။"


သူ ပြောနေရင်း နှလုံးသားက ခုန်ပေါက်နေခဲ့သည်။အမှန်က သူ ထိုသို့ မဆိုလိုနေ၍ ဖြစ်လေသည်။


သို့သော် ဖလဲရ်က မသိပေ။


သူမ မသိပေ။


"တကယ်လားဟင်။"


သူမက အပြစ်ကင်းစင်သောမျက်လုံးများဖြင့် မေးလေသည်။


ကယ်လီယန် ခေါင်းငြိမ့်လိုက်သည်။သူ့ရင်ဘတ်ထဲတွင်လည်း တစစ်စစ် နာကျင်နေရ၏။


"အင်း ... ကိုယ် အဲ့လို ပြောနေတာပါ။"


ထိုအခိုက်အတန့်၌ ဖလဲရ်၏မျက်နှာက ကြည်လင်လာခဲ့သည်။သူမက နီရဲနေသော မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီး ကယ်လီယန်ကို ပွေ့ဖက်လိုက်၏။


"ကျေးဇူးတင်ပါတယ် အရှင့်သား။"


ကယ်လီယန်က သူမ၏နောက်ကျောကို ပုတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။


တကယ်ပဲ၊သူ ဒီလို မလုပ်နိုင်လောက်ဘူး။


ထိုသို့ တွေးမိသည်။



အိုး ... ငါ ပင်ပန်းလိုက်တာ။


ဘာမှလဲ များများစားစား မလုပ်ရပါဘဲနဲ့ ငါ ဘာလို့ အရမ်းပင်ပန်းနေရတာလဲ။


ကျွန်မ တောင့်တင်းနေသော ပခုံးများကို လှည့်လိုက်ပြီး ထိုင်ခုံနောက်မှီကို မှီထားလိုက်သည်။


မနက်ပိုင်းတွင် ကယ်လီယန်နှင့် တွေ့ဆုံပြီး ဖလဲရ်ကိုပါ တွေ့ခဲ့ပြီးနောက် အလွန်စိတ်ရှုပ်နေရသည်။


သို့သော် ကျွန်မ ဆန္ဒရှိသည့်အရာတိုင်းကို လုပ်နိုင်ခဲ့သည်။


ကယ်လီယန်ကို ကောင့်မြို့စားအမ်ဘာနှင့် မားကွစ်မြို့စားရစ်ချယ်တို့အကြောင်း ပြောပြခဲ့သည့်အပြင် ဖလဲရ်ကိုလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး သံသယဝင်အောင် လုပ်နိုင်ခဲ့သည်။


ဒီလိုဆို လုံလောက်ပြီ မဟုတ်ဘူးလား။


ကျွန်မ ထိုသို့ တွေးလိုက်ပြီး စိတ်ပေါ့ပါးစွာဖြင့် ရထားလုံးပေါ်မှ ဆင်းလိုက်သည်။


သို့သော်


"အိုဖီလီယာ!"


ကျွန်မ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ဆိုဗက်စ်စတာက ကျွန်မကို စောင့်နေသည့်အတိုင်း အပြေးရောက်လာခဲ့သည်။


"ဘာဖြစ်လို့လဲ။"


သူ မနက်ကတည်းက ကျွန်မကို စောင့်နေခဲ့သလားဟု သိချင်သဖြင့် မေးကြည့်လိုက်မိသည်။


ဆိုဗက်စ်စတာက မျက်လုံးများကို မှေးကျဥ်းလိုက်၏။


"မင်းက ဒါကို မသိသလိုမျိုး ပြန်မေးနေတာလား။"


သူက ရယ်ချင်နေသောမျက်နှာဖြင့် ကျွန်မကို ကြည့်လာသည်။


"ကောင့်မြို့စားအမ်ဘာကိစ္စကို မင်း ကိုယ့်ဆီ ဘာဖြစ်လို့ မပြောခဲ့တာလဲ။"


အိုး ... သူ ဒီကိစ္စကို ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။


တော်ဝင်နန်းတော်ထဲမှာ သူလျှိုတစ်ယောက် ထည့်ထားတဲ့ပုံပဲ။


ဒါကြောင့် သူ ချက်ချင်း သိလာတာ နေမယ်။


ဒါပေမဲ့ သူ သိသွားလဲ ဘာမှ ပြောင်းလဲသွားမှာမှ မဟုတ်တာ။


ကျွန်မ ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။


"အိမ်ရှေ့စံမင်းသားဆီက မျက်နှာသာပေးတာ ရဖို့အတွက်ပဲလေ။ပြီးတော့ ကျွန်မ ဒီအချက်အလက်ကို အမှတ်မထင် တွေ့ခဲ့ရရုံပဲ။ရှင့်ကို တကယ်ပဲ ပြောပြဖို့ လိုတာလား။" 

"ဟုတ်တယ်လေ! ကောင့်မြို့စားကို ကိုယ် အကြာကြီး စောင့်ကြည့်နေခဲ့တာကွ။ဒါပေမဲ့ မင်းက ဘာဖြစ်လို့ အိမ်ရှေ့စံမင်းသားကို ပြိုင်ဖက်တွေအပေါ် ရိုက်ချခွင့် ပေးလိုက်ရတာလဲ။"


"ရှင် နည်းနည်းလေး စိတ်အားထက်သန်နေတယ်ဆိုတာ သိရဲ့လား။"


ကျွန်မ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ပြောလိုက်၏။


"အိမ်ရှေ့စံမင်းသားကို သွေးဆောင်ဖြားယောင်းနိုင်သမျှ လုပ် ဆိုပြီး ရှင် ကျွန်မကို ဘယ်တုန်းက ပြောခဲ့လဲ။ပြီးတော့မှ ကျွန်မ လုပ်သမျှကိစ္စတိုင်းကို ရှင်က ဒေါသဖြစ်နေသေးတယ်ပေါ့။"


"ဖြားယောင်းနေ၊ ဖြားယောင်းနေတာ ... အဲ့ဒီငတုံးကောင်ကို!"


ဆိုဗက်စ်စတာက ခြေဆောင့်နင်းလိုက်ပြီး ဆံပင်ကို ကြမ်းတမ်းစွာ သပ်တင်လိုက်၏။


"မင်း အခု ဒါကို ရပ်လိုက်လို့ ရပြီ။"


"ဘာ"


"အိမ်ရှေ့စံမင်းသားအပေါ် သွေးဆောင်ဖြားယောင်းနေတာကို ရပ်လိုက်တော့။"


ဆိုဗက်စ်စတာက စိတ်ပိုင်းဖြတ်ထားသောမျက်နှာဖြင့် ပြောသည်။


"မင်းရဲ့ဦးနှောက်ကောင်းလေးကို ကိုယ့်အတွက် အသုံးပြုပေးဖို့ လိုတယ်။"


အိုး ...


ကျွန်မ အခိုက်အတန့်တစ်ခုအထိ ငေးငိုင်နေမိပြီးမှ ချက်ချင်းပင် အသိစိတ်ပြန်ကပ်သွားပြီး တုံ့ပြန်လိုက်ရသည်။


"ကျွန်မ မလုပ်ချင်ဘူး။"


TK Team
++++++++