Chapter 77
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၇


"အဲ့ဒါက တန်ဖိုးမဲ့တဲ့ မိုင်းဆိုရင် ရှင်ဘာလို့ ၀ယ်မှာလဲ"

"ကိုယ့်ရဲ့ အိပ်မက်က ရွှေတွင်းတစ်ခု ပိုင်ဆိုင်ဖို့ပဲ"

ဆက်ပြောလာသော စကားကို ကြားလိုက်ရချိန်တွင် လူနာသည် အမှတ်တမဲ့ မျက်ခုံးများ တွန့်ချိုးမိသွားခဲ့သည်။ အန်းသန့်စ်လည်း ထပ်တူပင်။

အိမ်ရှေ့စံမင်းသားသည် ကမ္ဘာပေါ်ရှိ အဓိပ္ပါယ်မဲ့ဆုံးစကားအပေါ် သူ၏ ရပ်တည်ချက် ခိုင်မာသလိုမျိုး အားမာန်အပြည့်ဖြင့် ထပ်ပြောလိုက်သည်။

"ဘာလို့ မယုံကြတာလဲ။ငါ့မှာ တစ်ကမ္ဘာလုံးက ရွှေတွေအကုန်ရှိနေရင်တောင်မှ မွေးကထဲစ တစ်ခါမှ ရွှေတွင်းတစ်ခုမပိုင်ဖူးသေးဘူး။အဲ့ဒါကြောင့် တစ်ခုလောက်ပိုင်ဆိုင်ချင်တယ်"

၎င်းက ချစ်ခင်တွယ်တာခြင်း နှင့် အခွင့်အာဏာမဟုတ်သော်လည်း အိမ်ရှေ့မင်းသားအပေါ်ထားသည့် လူနာ ၏မျှော်လင့်ချက်မှာ တဖြေးဖြေးလျော့နည်းလာခဲ့သည်။ ထိုသို့သောလူက ဧကရာဇ်ဖြစ်လာရင် အင်ပါယာကို ကြီးထွားလာအောင် ဦးဆောင်နိုင်ပါ့မလားဟု သူမ သံသယရှိလာခဲ့သည်။

လူနာ နှင့် အန်းသန့်စ်တို့က ကလ်လီယွန်ကို သနားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ဒါပေါ့ အဲ့ဒါကို ဒီတိုင်း အလှထားမယ်လို့ ပြောတာမဟုတ်ဘူး။ ပမာဏနည်းပေမယ့်လည်း ရွှေကို ထုတ်လုပ်နိုင်တာမို့လို့ အမြတ်အစွန်းရှိမယ့် လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတာ။ ဥပမာ ဝင်ကြေးပေးပြီး ကိုယ်တိုင် ရွှေတူးနိုင်မယ့် ခရီးသွားနေရာတစ်ခုလိုမျိုး..." 

သို့သော် ဆက်လက်ရှင်းပြချက်ကို ကြားလိုက်ရချိန်တွင် သူတို့သည် အထင်သေးနေသော အကြည့်များကို ရုပ်သိမ်းလိုက်ရတော့သည်။သူက အမှန်တကယ် ဖြစ်နိုင်ချေရှိသော လုပ်ငန်းတစ်ခုကို စီစဉ်နေတာပင်ဖြစ်သည်။

"သူတို့ အများကြီးမရရင်တောင် လူတွေက ရွှေတွေဆိုတဲ့ မျှော်လင့်ချက်နဲ့ လာကြလိမ့်မယ်။ဆိုလိုတာက အဲ့ဒါကို စီမံခန့်ခွဲဖို့ လုပ်သားအင်အား လိုလာမှာမို့လို့ အလုပ်အကိုင်သစ်တွေကိုလည်း ဖန်တီးပေးနိုင်တယ်"

"…ရှင်ဆိုလိုတာက ဝင်ခွင့်ငွေရယ် အပိုဝင်ငွေရယ်နဲ့ စီမံခန့်ခွဲမှုစရိတ်တွေကို ကာမိမယ်လို့လား"

"ဟုတ်တယ်။အဲ့ဒါက ဆုံးရှုံးမှုဖြစ်မှာမဟုတ်သလို အင်ပါယာကိုလည်း အကျိုးပြုနိုင်လိမ့်မယ်။ကိုယ် အဲ့ဒါကို စီစဉ်နေတာကြာပြီ။အခု လေဒီလူနာက ရွှေတွင်းကို တွေ့တယ်လို့ကြားတော့ ကိုယ်နဲ့ ရင်းနှီးတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့သွားရင် မဆိုးလောက်ဘူးလို့ ထင်တယ်။ ဘယ်လိုလဲ မင်း အခုစိတ်ဝင်စားပြီလား"

ကလ်လီယွန်သည် ယုံကြည်မှုအပြည့်ဖြင့် သူ့အဖြေကို အဆုံးသတ်ပြီးသွားသည်နှင့် တစ်ခြမ်းစောင်းအပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်ပေါ်လာခဲ့သည်။

လျစ်လျူရှုလို့မရနိုင်သော ရည်ရွယ်ချက်ကောင်းဖြင့် မိုင်းကိုရယူရန်မှာ မင်းသားလေး၏အိပ်မက်တစ်ခုဖြစ်သည်။ အစကတည်းက ဒီလိုရိုးရှင်းသော အိပ်မက်တစ်ခုအတွက် မိုင်းကို ဝယ်မည်ဟု ပြောပါက ရောင်းချင်စိတ်ရှိခဲ့လိမ့်မှာဖြစ်သည်။

"တကယ်လို့ ကျွန်မအတွက် အရှုံးမရှိစေရဘူးလို့ သေချာရင်...ကောင်းပြီလေ လုပ်လိုက်ကြတာပေါ့"

လူနာ၏ခွင့်ပြုချက်ကို အန်းသန့်စ်ကလည်း ကန့်ကွက်ခြင်းမရှိပေ။ သူသည်လည်း ဒါက ကောင်းမွန်သောကိစ္စလို့ ထင်ပေသည်။

"ဒါဆို အခု ကျွန်မတို့ သဘောတူပြီးပြီဆိုတော့ စာချုပ်ကိုကိုင်တွယ်ဖို့ ရှေ့နေကို ခေါ်တာ ပိုကောင်းတယ်။ ချို့ယွင်းချက်တွေရှိနိုင်တာမို့လို့ ရေးထားသမျှကို ပြန်စစ်ဆေးတာက ပိုကောင်းတယ်"

စာထဲတွင် ဘယ်တော့မှ အရှုံးမရှိဟု အသံထွက်အောင် အလှဆင်ရေးထားနိုင်သောကြောင့် ၎င်းကို ဖြည်းဖြည်းချင်း ပြန်လည်စစ်ဆေးရန် လိုအပ်ပေသည်။

"လေဒီက စမတ်ကျတာပဲ။ဟုတ်တယ် စာချုပ်တွေဆိုတာက အမြဲသတိထားပြီး ကိုင်တွယ်သင့်တယ်"

ကလ်လီယွန်သည်လည်း လှည့်စားရန် ရည်ရွယ်ချက်မရှိသောကြောင့် လူနာ၏ အကြံပေးချက်ကို သဘောတူလာခဲ့သည်။

အစေခံတစ်ဦးက ရှေ့နေကို သွားခေါ်နေစဉ် အန်းသန့်စ်သည် သူ့ကို ဒုက္ခပေးနေသော မေးခွန်းအား ကလ်လီယွန်ကို မေးခဲ့လိုက်သည်။

"လေဒီလူနာက နှစ်သစ်ပါတီနေ့ကျမှ ရွှေတွင်းအသစ်ကို ရှာတွေ့ခဲ့တာ... ဒါပေမယ့် မင်းက ဒီအကြောင်းကို အတိအကျ ဘယ်အချိန်တုန်းက ကြားခဲ့ရတာလဲ။ထုတ်ပြောပြီးတာနဲ့ မင်းက လေဒီလူနာနဲ့ စကားပြောဖို့ တောင်းဆိုလာပုံထောက်ရင် မင်းဘေးမှာ တစ်ယောက်ယောက်ရှိနေတယ်မလား"

ကလ်လီယွန်အတွက် ကောလာဟလကိုကြားရန်အချိန်နှင့် ထုတ်ဖော်ပွဲပြီးပြီးချင်း လူနာအား စကားပြောရန် တောင်းဆိုလာချိန်က မကိုက်ညီနေပေ။

ကလ်လီယွန်က ၎င်းကို အရူးမေးခွန်းတစ်ခုလိုမျိုး ပြန်ဖြေလာခဲ့သည်။

"ငါ့အနားမှာ တစ်ယောက်ယောက် ရှိနေတာတဲ့လား။မဟုတ်ပါဘူး ငါကိုယ်တိုင် မြင်ပြီး ကြားခဲ့ရတာ"

"ရှင် ကိုယ်တိုင် မြင်ပြီး ကြားခဲ့တာလား"

"ဟုတ်တယ်။အန်းသန့်စ်က တခြားမိန်းကလေးတစ်ယောက်နဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး စွပ်စွဲမခံရသေးခင်ထဲစ ကိုယ်က ခန်းမထဲမှာ တစ်ချိန်ရှိနေခဲ့တာလေ။ စိတ်ဝင်စားစရာ တစ်ခုခုတော့ ရှိနိုင်တယ်ဆိုပြီး စောင့်ကြည့်နေခဲ့တာ"

"…"

အလွန်အမင်း ကွဲလွဲသွားသော ပြောကြားချက်ကြောင့် အန်းသန့်စ်သည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ အကယ်၍ ဖယ်ဆန်က နားမလည်နိုင်သော စကားများဖြင့် စိတ်အနှောက်အယှက် ဖြစ်စေပါက ကလ်လီယွန်ကမူ ဒီတိုင်းရူးနေပဲဖြစ်ရမည်။

"သခင်လေး ရိုဒရီယန်ရဲ့ အဓိပ္ပါယ်မဲ့ စကားတွေကို ပထမဆုံးအကြိမ် ကြားရတာက ပျော်စရာကောင်းတယ်။ပြီးတော့ လေဒီဂရန်းဒါကိုလည်း တစ်ခါမှမတွေ့ဖူးပေမယ့် အဆင်မပြေတဲ့ပုံပဲ"

ကလ်လီယွန်သည် အခြားသူများ၏ ကံဆိုးခြင်းကိုမြင်ရသည့်အပေါ် သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ လူတစ်ယောက် ဒီအသက်အရွယ်နဲ့ ဘယ်လိုလုပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာနိုင်ရတာလဲ။သူပိုတွေးလေ သူပျော်လေဖြစ်သည်။

"မင်းကြည့်ရတာ တော်တော် စိတ်ရှည်လာတဲ့ပုံပဲ။အရင်ကဆို မင်း သေချာပေါက် လက်သီးတစ်ချက်လောက်တန်းထိုးပြီး ကျူးလွန်သူ ဖြစ်လာတာလေ။ အာ! အဲ့ဒါက လေဒီပဲလ် ရဲ့ကျေးဇူးကြောင့်များလား"

ကလ်လီယွန်သည် နောက်ပြောင်လာပြီး အန်းသန့်စ်က သူ့ကို ကော်လာကနေ ဆုပ်လိုက်ချိန်တွင်...

"အာ သခင်လေး အန်းသန့်စ်...!"

ရိုယာသည် အချိန်ကိုက် ပေါ်လာခဲ့ပြီး ဖြူဖျော့နေသောမျက်နှာဖြင့် အန်းသန့်စ်၏ခါးကို အလျင်စလိုဆွဲကိုင်လိုက်သည်။

သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် နီးကပ်စွာ ဆွဲနေခဲ့ကြပြီး အတော်လေးကို ဆိုးရွားသော မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။

ထိုသုံးယောက်ကိုမြင်ရပြီးသည်နှင့် လူနာသည် အဝေးတွင်ရပ်နေသော အင်ပါယာအစောင့်များကို ကြည့်လိုက်သည်။

ဟေး အိမ်ရှေ့မင်းသားကို ထိဝံ့တဲ့ ဒီမဆင်မခြင်လူကို ကိုင်တွယ်ဖြေရှင်းရမှာ ရှင်တို့အလုပ်မဟုတ်ဘူးလား။

"အဟမ်း…"

"အဟမ်း အဟမ်း"

သို့သော် လူနာနှင့် မျက်လုံးချင်း ဆုံမိသည်နှင့် အစောင့်များသည် ချောင်းဆိုးရင်း သူမ၏ အကြည့်များကို ရှောင်သွားခဲ့ကြသည်။ မြစ်ကိုဖြတ်နေသော မီးကိုပျော်ရွှင်စွာကြည့်နေသလိုမျိုး ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့ကြ၏။

အစပိုင်းတွင် သူတို့သည် အခြေအနေကို မသိခဲ့ဘဲ အန်းသန့်စ်နှင့် ထိပ်တိုက်တွေ့ခဲ့ကြသော်လည်း စကားဝိုင်းကိုကြားပြီးချိန်တွင် သူတို့ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ဟု တွေးခဲ့ကြပေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ သိခဲ့ကြပြီး ကလ်လီယွန်က အန်းသန့်စ်ကို ကိုင်တွယ်ဖို့ ဘာမှ မပြောတာကြောင့် သူတို့ လက်ရှောင်နေလိုက်တာ ပိုကောင်းပေသည်။

ထို့အတွက်ကြောင့် တားရန် အာဏာသည် လူနာဆီသို့ တစ်ဖန်ပြန်ကျသွားခဲ့သည်။ သူတို့သုံးယောက် ထိပ်တိုက်ရင်ဆိုင်ရင်း မှန်ဥယျဉ်အိမ်ကြီးက ပျက်စီးသွားခဲ့ရင် သနားစရာ ကောင်းပေလိမ့်မည်။

ကျက်သရေနှင့် တင့်တယ်မှုမရှိသော်လည်း လူနာသည် စားပွဲကို လက်ဖဝါးနှင့် ပေါ့ပေါ့တန်တန် ပုတ်လိုက်ခြင်းဖြင့် အာရုံစူးစိုက်မှုကိုပြန်ရရှိခဲ့သည်။

"ကျေးဇူးပြုပြီး သူများအိမ်မှာ လာမတိုက်ကြပါနဲ့။ရှင်တို့ အစောင့်တွေ ဆွဲထုတ်ခံရတာကို စိတ်မရှိဘူးဆိုရင်တော့ ဆက် တိုက်ချင်တိုက်ပေါ့"

၎င်းက လုံးဝအလုပ်မဖြစ်နိုင်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သော်လည်း အန်းသန့်စ်သည် နာခံမှုရှိစွာဖြင့် ကလ်လီယွန်၏ ကော်လာကို လွှတ်ပြီး နေရာမှာ ပြန်ထိုင်လိုက်သည်။

သေချာစွာပင် သူ့အမူအရာကတော့ နာခံမှု မရှိနေပေ။ သူသည် ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသော်လည်း လူနာက သူ့ကို ရပ်ဖို့ပြောတာကြောင့် သူရပ်ခဲ့လိုက်သည်။

ကလ်လီယွန်သည် အန်းသန့်စ်ကို အလွန်ရိုးစင်းပြီး လျင်မြန်စွာဖြင့် နှိမ်နင်းခဲ့သော လူနာကြောင့် မလိုအပ်ဘဲ ရန်ပွဲဖြစ်ရန် ရွေးချယ်ခဲ့သော ကလ်လီယွန်သည် ကို့ရို့ကားယား ကျန်ရစ်ခဲ့တော့သည်။

"အန်းသန့်စ်က ဒီလောက် နာခံနေတာ အင်ပါယာတော့ မကြာခင် ပျက်သုဉ်းတော့မယ်ထင်တယ်"

အကယ်၍ ဧကရာဇ်မင်းကသာ ကလ်လီယွန်၏ မှတ်ချက်ကို ကြားပါက သူ့ကျောကိုဗြောတင်လိမ့်မည်ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ရှုပ်ပွသွားသော ကော်လာကို သပ်သပ်ရပ်ရပ် ပြန်လုက်လိုက်ထားသည်။

လူတွေက အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစိတ်ရှည်လာတတ်ကြတယ်ဆိုပေမယ့် ဒီလိုမျိုး တခြားသူတစ်ယောက်၏ စကားကို နားထောင်ပြီး ကျိုးနွံစွာပြုမူတာက သူနဲ့မတူနေပေ။

"အကယ်၍ အင်ပါယာကြီး ပြိုလဲသွားရင်တောင် အဲ့ဒါက မင်းကြောင့်ပဲဖြစ်မှာ"

အန်းသန့်စ်၏ မတုန်မလှုပ် တုံ့ပြန်လာမှုကြောင့် ကလ်လီယွန်၏ ပါးစပ်ထောင့်များ မြင့်တက်သွားတော့သည်။

သူ အန်းသန့်စ်ကို နောက်ထပ် နာရီအနည်းငယ်လောက် နောက်ပြောင်ချင်သေးသော်လည်း ကံမကောင်းစွာဖြင့် ပြန်ဖို့ အချိန်က တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်။

"ဒါဆို ရွှေတွင်းကိစ္စကို အမြန်ဖြေရှင်းကြရအောင်လေ"

ကလ်လီယွန်သည် ရုတ်တရက် အလေးအနက်ဖြစ်လာပြီး အန်းသန့်စ်ကို ဘယ်တုန်းကမျှ ဟာသလုပ် မနောက်ပြောင်ဖူးသလိုမျိုးဖြစ်လာခဲ့သည်။

ထိုကိစ္စက တစ်ရက် နှစ်ရက်လောက် စဉ်းစားပြီး ရုတ်တရက် ရှေ့ကို တိုးလာသော ကိစ္စမဟုတ်သကဲ့သို့ပင် သူသည် စောစောက အတိုချုံး ရှင်းပြထားခဲ့သော အစီအစဥ်ကို အဆင့်ဆင့် ချပြလာခဲ့သည်။

"ကိုယ့် အစီအစဉ်က အရမ်းကောင်းတယ်။စာချုပ်က လက်မှတ် ရေးထိုးပြီးတာနဲ့ ကိုယ်တို့ဘက်က ချက်ချင်း ရင်းနှီးမြုပ်နှံမယ်"

ထို့ကြောင့် ချောမောစွာ စာချုပ်ကို ကိုင်တွယ်နိုင်ခဲ့သော ရိုယာသည် ဖြစ်နိုင်ချေကောင်းပုံရသော အစီအစဥ်ကို အတော်လေး အထင်ကြီးသွားပြီး ခြောက်သွေ့စွာ တံတွေးမျိုချလိုက်သည်။

ဒါပေါ့ သူသာ အစကတည်းကအဲဒီမှာရှိခဲ့ရင် ထိုခံစားချက်က လျော့နည်းသွားလိမ့်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အိမ်ရှေ့မင်းသားနှင့် လူနာတို့သည် အင်ပါယာအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သူက ထိုစာချုပ်ကို ကိုင်တွယ်ရသောကြောင့် သူ၏ တုန်လှုပ်ခုန်ပေါက်နေသော နှလုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။

'ဟုတ်တယ် ဒါက ရှေ့နေဆိုတာပဲ! တခြားသူတွေကို လိုက်ရိုက်နှက်တဲ့ သခင်အတွက် ပြဿနာတွေ ဖြေရှင်းပေးရတဲ့ ရှေ့နေ မဟုတ်ဘူး'

သူသည် လူနာကို လေးလေးနက်နက် သဘောကျပေသည်။ ဤဦးတည်ချက်က သာမန်ချိတ်ဆက်မှုမျိုး မဟုတ်သော်လည်း ရွှေရောင်သန်းနေသောအရာပင်ဖြစ်သည်။ သူသည် ချက်ချင်းပင် လက်ရှိရာထူးမှ နုတ်ထွက်လိုပြီး လူနာအား သူ့ကို တရားဝင်အလုပ်ခန့်ရန် တောင်းဆိုချင်မိသည်။

ရိုယာတစ်ယောက်တည်း ထိုသို့ တွေးနေချိန်တွင် ကလ်လီယွန်သည် မြို့တော်ကို ပြန်ဖို့အတွက် ပြင်ဆင်မှုများ ပြီးသွားခဲ့သည်။ သူ အန်းသန့်စ်ကိုတွေ့တာ တော်တော်ကြာနေပြီဖြစ်ပြီး သူတို့နှစ်ယောက် အချိန်တော်တော်ကြာကြာအောင်ကုန်ဆုံးခဲ့ပေသည်။

"ကိုယ် ပြန်ရောက်တဲ့ စာရွက်စာတမ်းတွေကို စစ်ကြည့်လိုက်ပါမယ်။လေဒီလည်း ကျေးဇူးပြုပြီး အဲ့ဒါတွေကို အစောဆုံး ပြန်လည်သုံးသပ်ပေးပါ"

အိမ်ရှေ့မင်းသားက ထိုသို့ပြောပြီး ရထားပေါ်တက်ခါနီးမှာပဲ စံအိမ်တံခါးကို ဖြတ်လာသော ရထားတစ်စီးက ပေါ်လာခဲ့သည်။ ၎င်းသည် မားကွစ်ဗင်းဆင့် တံဆိပ်ပါရှိသော ရို့စ်မယ်ရီ၏ရထားဖြစ်သည်။

ရထားရပ်လိုက်သည်နှင့် အိမ်ရှေ့စံမင်းသားသည် အမြန်ဆင်းလာခဲ့သော ရို့စ်မယ်ရီကို နှုတ်ဆက်လိုက်သည်။

"ကိုယ်တို့ မကြာခဏ ဆုံဖြစ်ကြတာပဲ။ မားကွစ်ဗင်းဆင့်ရဲ့ အမွေဆက်ခံသူ"

၎င်းကို ရို့စ်မယ်ရီကလည်း ကမန်းကတန်း ပြန်နှုတ်ဆက်ခဲ့လိုက်သည်။

"တွေ့ရတာ ဂုဏ်ယူမိပါတယ် အရှင့်သား"

"ကောင်းပြီ ကိုယ် အခုတကယ်သွားသင့်ပြီ။ ကိုယ်တို့ နောက်ထပ်တွေ့ကြဖို့အတွက်ကို စောင့်မျှော်နေမှာပါ"

သူမ ဘာမှမမေးမီမှာပဲ အိမ်ရှေ့စံမင်းသားသည် ရထားပေါ်သို့တက်ပြီး နှင်းဆီစံအိမ်မှ ထွက်ခွာသွားခဲ့သည်။

အိမ်ရှေ့မင်းသားသည် ချိန်းထားသော အချိန်မတိုင်ခင်ပင် ပြန်သွားခဲ့ပြီဖြစ်တာကြောင့် ရို့စ်မယ်ရီသည် လူနာထံမှ ရှင်းလင်းချက်ကို တောင်းဆိုခဲ့သည်။

"ဘာဖြစ်သွားတာလဲ။ နေ့လည်ကျမှ လာလည်မှာ မဟုတ်လား…!"

"အင်း၊ ဟုတ်တယ်။ အဲလိုအစီအစဥ်ဆိုပေမဲ့ သူက မနက်ခင်းကြီး ရုတ်တရက် ရောက်လာခဲ့တာ။ ငါလည်း အံ့သြသွားခဲ့တာ"

သူဒီလိုလုပ်မယ်ဆိုရင် ဘာလို့ နေ့ခင်းဘက်လာမယ်ဆိုပြီး ကတိပေးခဲ့မှန်း သူမနားမလည်ပေ။ လူနာသည် အခြေအနေတစ်ခုလုံးကို နားမလည်နိုင်သလို မျက်လုံးလှိမ့်ပြနေသော ရို့စ်မယ်ရီအား သူမအကြောင်းများကို မျှဝေလိုက်သည်။

"ခုနက အိပ်ရာ နိုးလာလာချင်းမို့လို့ ငါလည်း တော်တော် ထိတ်လန့်သွားခဲ့ပေမယ့် အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြေလည်သွားပြီ။သူက ဒေါသနဲ့ လာခဲ့တာမျိုး မဟုတ်ဘူး။ အမ်...ငါထင်ထားတာနဲ့ နည်းနည်းတော့ ကွာခြားပေမယ့် သူက လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး"

"လူဆိုးမဟုတ်ဘူး...?"

လူနာက အိမ်ရှေ့စံမင်းသားအား မျက်နှသာပေးကာ အကဲဖြတ်လိုက်သောကြောင့် ရို့စ်မယ်ရီ အံ့သြသွားခဲ့ရသည်။

နေ့တွင်းချင်း အပြောင်းအလဲဖြစ်သွားရအောင် သူမမရှိနေချိန်မှာ တကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ။

"ဟုတ်တယ်။ သူက နည်းနည်းတော့ ဖုံးကွယ်တယ်၊ ဆူညံတယ်၊ ရုတ်တရတ်ဆန်တယ် ဒါပေမယ့် သူက လူကောင်းတစ်ယောက်ပဲ။သူက အင်ပါယာအတွက်တောင် အလုပ်လုပ်နေလိုက်သေးတယ်"

ထို့သို့တုံ့ပြန်လာသော လူနာသည် ပြုံးပြီး ရို့စ်မယ်ရီအား အပြင်မှာအေးတာကြောင့် အိမ်ထဲ၀င်ကာ စကားဆက်ပြောကြရန် အကြံပေးခဲ့လိုက်သည်။

၎င်းအပေါ် စိတ်ရှုပ်နေသော ရို့စ်မယ်ရီက အန်းသန့်စ်ကို လှည့်ကြည့်လိုက်သည်။

ကိုယ့်ချစ်သူက တခြားလူတစ်ယောက်ကို လူကောင်းတစ်ယောက်လို့ ပြောလာသည့်အခါ ဒေါသထွက်တာ ဒါမှမဟုတ် မနာလိုဖြစ်တာက သဘာဝကျသော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် အန်းသန့်စ်၏ အမူအရာမှာ ထူးထူးခြားခြားပြောင်းလဲမှုမရှိနေပေ။

'ဒီအခြေအနေက ဘာကြီးလဲ...! လေဒီလူနာ တခြားသူတွေကို စကားပြောတာ မကြိုက်ဖူးဆိုတာက ဘယ်တုန်းကမို့လဲ။မဟုတ်မှ ပြိုင်ဘက်က အိမ်ရှေ့စံမင်းသားမို့လို့ သူ ဦးညွှတ်နေရတာလား...?!'

ဒါမှမဟုတ် သူက အိမ်ရှေ့စံမင်းသားဖြစ်တာကြောင့် လူနာကို ပိုကောင်းအောင် စောင့်ရှောက်နိုင်တယ်လို့ ယူဆတာများလား။ သူမကို သူချစ်လို့ ပိုကောင်းပါစေဆိုတဲ့စိတ်နဲ့ လက်လွှတ်တာမျိုးလေ။

'ဒါဆို ငါ အခု ဘာလုပ်သင့်လဲ...!'

လူနာက တကယ်ကြီး အိမ်ရှေ့မင်းသမီးဖြစ်လာရင်ရော။ 

အဓိပ္ပါယ်မဲ့သည့် ထင်ယောင်ထင်မှားတွင်းနက်ကြီးထဲ ကျသွားခဲ့သေ ရို့စ်မယ်ရီသည် အုံ့မှိုင်းသွားခဲ့တော့သည်။

TK Team (chapter 77)