Chapter 89
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၉)


ဂျူလီယာအမ်ဘာ တောင်းဆိုသောကိစ္စအပေါ်တွင် အောက်လမ်းပညာ အသုံးပြုလိုရသည့် အကြောင်းပြချက်မှာ ရိုးရှင်းသည်။


သူတို့ကို ကပ်တွယ်ခိုင်းထားလိုက်သည်နှင့် တစ်ဖက်လူ၏လှုပ်ရှားမှုမှန်သမျှကို ကျွန်မ စောင့်ကြည့်နိုင်သောကြောင့် ဖြစ်၏။


တစ်ဖက်လူက ဖောက်ပြန်ခြင်း ရှိ၊မရှိကို ရှာဖွေသိရှိနိုင်ရန် ထိုထက် ပိုကောင်းသော နည်းလမ်း မရှိပါ။


ထို့ကြောင့် ကျွန်မလည်း အောက်လမ်းပညာစာအုပ်ထဲတွင် ရှာဖွေကြည့်နေရလေသည်။


[အောက်လမ်းပညာရပ်ပေါင်းချုပ်]


အလိုလို သိစေနိုင်သော ခေါင်းစဥ်ဖြင့် စာအုပ်တစ်အုပ်။


အလွန်ရိုးရှင်းသော စကားလုံးများဖြင့် ရေးထားသောကြောင့် ဖတ်လိုက်ရုံမျှဖြင့် အကြောင်းအရာများကို အလွယ်တကူ နားလည်နိုင်လိမ့်မည်။


ကျွန်မ၏အားကောင်းသော မှော်နက်ပညာအစွမ်းကို ကျေးဇူးတင်ရမည်။၎င်းကြောင့် အောက်လမ်းပညာ အစွမ်းများကို လွယ်လင့်တကူ သင်ယူနိုင်ခဲ့၏။


ကျွန်မ လက်ဖဝါးများကို ဖြန့်လိုက်သည်။ထို့နောက် စာအုပ်ထဲရှိ အကြောင်းအရာများအတိုင်း စိတ်ကို အာရုံစူးစိုက်ထားလိုက်သည်။


တစ်ခုခု ထွက်လာခဲ့၊တစ်ခုခု။


ဘန်း


ထိုအသံနှင့်အတူ မှုန်ဝါးဝါးမီးခိုးလုံးလေးက ကျွန်မ၏လက်ဖဝါးမှ ထွက်လာခဲ့သည်။


ဝါး ... ဒါက ဘာလေးလဲ။


ကျွန်မ လက်ဖဝါးထဲသို့ ငုံ့ကြည့်လိုက်မိသည်။


လက်ဖဝါးအရွယ်အစားခန့်ရှိသော အလင်းမဖောက်နိုင်သည့်အရာတစ်ခုက ကျွန်မလက်ပေါ်တွင် ရှိနေသည်။


ထိုအရာလေးတွင် နှမ်းစေ့အရွယ်ခန့် မဲနက်သော မျက်လုံးလေး ရှိသဖြင့် တကယ်ပင် ...


ချစ်စရာကောင်းတာလား။


ဘုရားရေ


ထိုအရာလေးက အလွန်ချစ်စရာကောင်းသည်။


ဝိညာဥ်လေး၏ဦးခေါင်းကို ကျွန်မ ပွတ်သပ်ပေးလိုက်သည်။ထိုအခါတွင် ဝိညာဥ်လေးက ကျွန်မ၏ဘေးပတ်ပတ်လည်တွင် မျောပါရွေ့လျားနေပြီး ပျော်ရွှင်နေသည့်အတိုင်း ဖြည်းဖြည်းလေး လှုပ်ယမ်းနေခဲ့သည်။


ယခု ၎င်းကို အသုံးပြုပြီး ကောင့်မြို့စားအမ်ဘာ၏အကြောင်းကို တူးဆွကြည့်နိုင်လိမ့်မည်။


ဟိုး ဟိုး ဟိုး


ကျွန်မ တောက်ပစွာ ပြုံးရယ်လိုက်ပြီး ဝိညာဥ်လေးကို ပခုံးပေါ်သို့ တင်လိုက်သည်။


ပြီးနောက် ကျွန်မ နောက်ပြန်လှည့်လိုက်လျှင်


"အိုဖီလီယာ!"


ကျွန်မဆီသို့ အပြေးအလွှား ရောက်လာသော ဆိုဗက်စ်စတာနှင့် တည့်တည့်တိုးတော့သည်။


ဆိုဗက်စ်စတာမှာ လေးပင်စွာ အသက်ရှူနေရပြီး ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေကာ အတော်လေး စိုးရိမ်ထိတ်လန့်နေပုံ ရလေသည်။


သူ ဒီနေရာကို ဘာဖြစ်လို့ ပြေးလာရတာလဲ။


ကျွန်မ သိချင်စိတ်ဖြင့် ခေါင်းကို စောင်းငဲ့မိလိုက်သည်။ဆိုဗက်စ်စတာက ကျွန်မကို ကြည့်၍ အော်လေသည်။


"မင်း အောက်လမ်းတွေ ထပ်သုံးနေပြန်ပြီလို့ သူက ပြောတယ်။"


ကျစ်


သူ့ကို ပြန်မပြောဖို့ မှာခဲ့တာ ငါ မှတ်မိပါတယ်။


ကျွန်မ ထိုနေရာမှာပင် မတ်တပ်ရပ်နေပြီး ထိတ်လန့်နေသော စာကြည့်တိုက်မှူးကို စိုက်ကြည့်လိုက်သည်။


ဟစ်


စာကြည့်တိုက်မှူးမှာ အသက်ပြင်းပြင်းရှူ၍ စားပွဲခုံအောက်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။


ဖူး...


ကျွန်မ သက်ပြင်းချပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။


"ဟုတ်တယ် ... အမှန်ပါပဲ။"


ကျွန်မ ဤနေရာတွင် ဝိညာဥ်လေးကို ပြန်မရုပ်သိမ်းနိုင်သဖြင့် မတတ်သာပဲ ဝန်ခံလိုက်ရသည်။


ဆိုဗက်စ်စတာ၏မျက်လုံးများမှာ စူးရှသွား၏။


"ထပ်ပြီးတော့လေ ... မင်း အောက်လမ်းမှော်ပညာကို ထပ်မသုံးတော့ပါဘူးလို့ ကတိပေးထားတာ မဟုတ်ဘူးလား။"


"အဲ့ဒီတုန်းက ကျွန်မရဲ့ကိုယ်ပိုင်အကြောင်းပြချက်ကြောင့် အဖေ့ကို ဆင့်ခေါ်ခဲ့တာ။ဒီတစ်ခါတော့ မတူတော့ပါဘူး။အခု ကျွန်မခေါ်ယူထားတာက အသိစိတ်မပါတဲ့ အဆင့်နိမ့်ဝိညာဥ်လေးပါပဲ။"


အမှန်ပင် ဖြစ်သည်။


ကျွန်မ ဆင့်ခေါ်ထားသော ဝိညာဥ်မှာ လူသားဝိညာဥ်တစ်ခုဖြစ်သည်။သို့သော် ၎င်း၌ လူဖြစ်ခဲ့ဖူးသော မှတ်ဥာဏ်များ မရှိတော့ဘဲ တကယ့်ကို ဝိညာဥ်လေးတစ်ခုသာသာမျှ ဖြစ်သည်။ထို့ကြောင့် ၎င်းကို ခေါ်ယူရန် အလွန်လွယ်ကူသည်။


သို့သော် ဆိုဗက်စ်စတာက ယုံကြည်ပုံမရပေ။


သူက ၎င်းကို မမြင်နိုင်သဖြင့် ရှင်းပြသော်လည်း အကူအညီ မဖြစ်ခဲ့ပါ။


ကျွန်မ သူ၏အထင်လွဲမှုကို ဖြေရှင်းသင့်သည်ဟု နောက်တစ်ကြိမ် ထပ်၍ စဥ်းစားလိုက်မိသည်။


"ကျွန်မ တောင်းဆိုမှုတစ်ခုရခဲ့လို့ ဝိညာဥ်လေးကို ဆင့်ခေါ်လိုက်တာပါ။အဲ့ဒီတောင်းဆိုမှုကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးတာနဲ့ ဒါကို ပြန်ပို့ပေးမှာပါ။ဒါကြောင့် အရမ်းဒေါသဖြစ်မနေပါနဲ့နော်။"


ဆိုဗက်စ်စတာက ကျွန်မ၏မျက်နှာတည့်တည့်သို့ စိုက်ကြည့်လာခဲ့သည်။


သူက ကျွန်မ အမှန်အတိုင်းပြောနေခြင်း ဟုတ်၊မဟုတ် သိနိုင်ရန် ကြိုးပမ်းနေသည်ဟု ခံစားမိ၏။


ပြီးမှ သူက သက်ပြင်းတစ်ချက်နှင့်အတူ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။


"ဒါက တရားမဝင်ဘူး။"


"ရှင်!"


"အောက်လမ်းမှော်ပညာလေ ... အဲ့ဒါက တရားမဝင်ဘူး။"


ကျွန်မ နဖူးတွန့်လိုက်မိသည်။


"မြို့စားကြီးရိုင်ဇန်အိမ်တော်ရဲ့သခင်မအနေနဲ့ တရားမဝင်တဲ့ တစ်စုံတစ်ရာကို လုပ်တာက အကျင့်ကောင်းတစ်ခုပဲလို့ ရှင် ဘယ်တုန်းက ပြောခဲ့တာလဲ။"


"ဒီတစ်ခါတော့ မတူဘူးလေ။"


ဒါကို ကြည့်ပါလား။ကျွန်မ မျက်လုံးများကို မှေးကျဥ်း၍ ဆိုဗက်စ်စတာအနားသို့ ခြေတစ်လှမ်း တိုးလိုက်သည်။


"ရှင်က ဘာလို့ အောက်လမ်းမှော်ပညာကို ဒီလောက်အထိ မုန်းတီးနေရတာလဲ။"


"ကိုယ် ဒါကို မုန်းလို့ မဟုတ်ဘူး။"


ဆိုဗက်စ်စတာ ချက်ချင်းပင် တုံ့ပြန်၏။


ပြီးမှ သူ့အဖြေသူ အံ့ဩသွားမိပုံဖြင့် ရင်ဘတ်ပေါ်သို့ လက်တင်လိုက်လေသည်။


ထို့အပြင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ဘာသာ ညည်းညူနေသကဲ့သို့ ပြောလေသည်။


"အင်း ... ကိုယ် ဒါကို မုန်းလို့ မဟုတ်ပါဘူး။"


ထူးဆန်းစွာဖြင့် သူက ကျွန်မ၏အကြည့်ကို ရှောင်ရှားနေသည်။


"ဒါပေမဲ့ ကိုယ့်ရှေ့မှာတော့ အခုက စပြီး အောက်လမ်းမှော်သုံးတာကို ပိတ်ပင်လိုက်ပြီ၊ မင်း နားလည်ပြီလား။"


အင်း


သူ ဘာဖြစ်နေတာလဲ။


ကျွန်မ သိချင်နေသော်လည်း ဆက်ပြောနေလျှင် ပြဿနာတက်လာနိုင်သည်ဟု တွေးမိသဖြင့် ယခုတော့ ခေါင်းငြိမ့်ပြလိုက်ရ၏။


"ဒီတောင်းဆိုမှုကို လုပ်ပြီးတာနဲ့ ကျွန်မလဲ ရှင်ပြောသလို လုပ်မှာပါ။"


"ကောင်းပြီ"


ထင်မှတ်မထားပါဘဲ ဆိုဗက်စ်စတာက နူးညံ့စွာ ပြန်ဖြေသည်။


ထို့နောက် သူက ဆင့်ခေါ်ထားသော ဝိညာဥ်လေးကို မြင်နိုင်သကဲ့သို့ ကျွန်မ၏ပခုံးပေါ်သို့ တစ်ချက်စိုက်ကြည့်လိုက်ပြီး နောက်လှည့်၍ အဝေးသို့ ထွက်သွားခဲ့သည်။


"မင်းကို တစ်စက္ကန့်လေးတောင် အလွတ်ပေးလိုက်လို့ တကယ်ပဲ မရတာပါလား။"


သူက ဤသို့ ရေရွတ်သွားသေး၏။


မဟုတ်သေးပါဘူး၊ကျွန််မ ဘာလုပ်ခဲ့လို့လဲ။


မမျှတလိုက်တာနော်။ 

*

ဆိုဗက်စ်စတာသည် စာကြည့်တိုက်မှ ထွက်လာသည်နှင့် သက်ပြင်းချလိုက်ရ၏။


ဟူး


သူ အိုဖီလီယာနှင့် စကားပြောမိသည်နှင့် အတွေးဟောင်းများထဲသို့ ပြန်လည်ကျဆင်းသွားရသည်။


ယနေ့ကဲ့သို့


ရှင်က ဘာလို့ အောက်လမ်းမှော်ပညာကို ဒီလောက်အထိ မုန်းတီးနေရတာလဲ။


သူ ထိုပညာကို မမုန်းတီးပေ။


ထို့အပြင် ဆိုဗက်စ်စတာမှာ အောက်လမ်းမှော်ပညာကို နှစ်သက်သည့် အနေအထား၌ပင် ရှိသည်။


ထိုပညာဖြင့် သူ့အမေကို နတ်ဆိုးဘုံမှ ဆင့်ခေါ်နိုင်သည်ဟု တွေးမိသောကြောင့် ဖြစ်၏။သို့သော် သူ့အမေသည် ဆိုဗက်စ်စတာ၏ဆင့်ခေါ်မှုကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။


သူမက ၎င်းကို လျစ်လျူရှုထားသည်ဟု ဆိုလိုပါ၏။


အမေက ငါ့ကို သဘောမကျတာများလား။


ထိုအတွေးဖြင့် နောက်ပိုင်းတွင် ဆိုဗက်စ်စတာသည် အောက်လမ်းမှော်ပညာကို အသုံးပြုရန် အလွန်အမင်း ဝန်လေးနေခဲ့မိသည်။


ထိုအချိန်၌ အိုဖီလီယာက အဖေဖြစ်သူကို ဆင့်ခေါ်ရန် အောက်လမ်းမှော်ပညာကို အသုံးပြုလာခဲ့သည်။


သို့သော် သူမတွင် ဆင့်ခေါ်နိုင်သော စွမ်းအား မရှိပုံရသဖြင့် ထူးဆန်းသော အရာများကိုသာ ဆင့်ခေါ်မိသွားလေသည်။


ထိုအချိန်မှစ၍ ဆိုဗက်စ်စတာက အောက်လမ်းမှော်ပညာ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ ဘာတစ်ခုမှ မပြောတော့ပေ။


အိုဖီလီယာ၏အောက်လမ်းမှော်ပညာ ကျရှုံးသွားခဲ့သောကြောင့် ဖြစ်သည် ဟူ၍မျှ မရိုးရှင်းခဲ့။


အဆိုပါ ကြောက်စရာကောင်းသော ဆင့်ခေါ်မှုမှာ သူ့အမေကို ဆင့်ခေါ်မှုနှင့် တစ်ချိန်တည်းတွင် ထပ်တူဖြစ်သွားခဲ့သောကြောင့် ဖြစ်သည်။


အင်း


ဆိုဗက်စ်စတာသည် ကမ္ဘာပေါ်ရှိ အရာအားလုံးတွင် သူ့အမေပါဝင် ပတ်သက်နေသည်ဟု မြင်မိသည်။သူ ဤသို့ မတွေးချင်သော်လည်း တွေးနေမိသည်။ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ဤသို့ပြုလုပ်ခဲ့ရသည်။


ယနေ့ ဒုတိယမင်းသားလာဂိုနှင့် ပြောခဲ့သောစကားများကို ပြန်တွေးကြည့်နေမိ၏။


မင်းအမေက တကယ်ကို ကောင်းကောင်းကြီး နေနေတာပဲ။


အချိန်တွေ ကြာလာတဲ့နဲ့အမျှ သူမက မင်းကို ပိုပိုပြီး မေ့သွားလိမ့်မယ်။


မင်းသာ လက်စားချေချင်ရင်တော့ ဒါက မင်းအတွက် အခွင့်အရေးပဲ။


ဆိုဗက်စ်စတာ လက်သီးဆုပ်ထားမိလိုက်သည်။


၎င်းမှာ အခွင့်အရေး ဖြစ်သည်။ဒါကြောင့်


ရှင် အိမ်ရှေ့စံအရှင့်သားနဲ့ကျွန်မ အတူရှိနေတာကို မုန်းလား။


သူမရဲ့စကားတွေကြောင့် ယိမ်းယိုင်မသွားရဘူး။


သူမကိုလဲ မချစ်ရဘူး။


သူ့စိတ်သူ ထိန်းချုပ်ရမယ်။


ဆိုဗက်စ်စတာသည် ဤသို့ဖြင့် သူ့ကိုယ်သူ ဦးနှောက်ဆေးလိုက်သည်။


*

နောက်နေ့တွင် ကျွန်မမှာ ကောင့်မြို့စားအမ်ဘာ၏အိမ်တော်သို့ ဦးတည်လာခဲ့သည်။


ယခုအချိန်၌ မနေ့ကကဲ့သို့ စိတ်ကူးယဥ်ဆန်ဆန် ဖြစ်မနေခဲ့ပါ။


၎င်းမှာ စိတ်ညစ်စရာကောင်းသော်လည်း ကောင့်မြို့စားကတော်အမ်ဘာနှင့် တွေ့ဆုံပြီးကတည်းက ထိုသို့ ဝတ်စားပြင်ဆင်၍ တိုက်ခိုက်နေရန် မလိုအပ်တော့ဟု ကျွန်မ ဆုံးဖြတ်ခဲ့သည်။


ကောင့်မြို့စားကတော်အမ်ဘာကလည်း ကျွန်မနည်းတူ တွေးမိသကဲ့သို့ မနေ့ကနှင့်မတူဘဲ ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်၍ ကျွန်မကို ကြိုဆိုနှုတ်ဆက်သည်။


"မြို့စားကြီးကတော်! ရှင် ရောက်ပြီပဲ။"


သူမက တောက်တောက်ပပ ပြုံး၍ ကျွန်မအနားသို့ ရောက်လာသည်။သူမ၏ကြိုဆိုမှုကို ကျွန်မလည်း မေးတစ်ချက် ဆတ်၍ တုံ့ပြန်လိုက်သည်။


"ကောင့်မြို့စား ဘယ်မှာလဲ။"


"သူ အပြင်ထွက်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ဧည့်ခန်းမထဲမှာပါ။"


"ဒါဆို ပိုကောင်းတယ်။"


ပခုံးပေါ်တွင် တင်ထားသော ဝိညာဥ်လေးကို ကျွန်မ ကိုင်လိုက်သည်။ကောင့်မြို့စားနှင့်တွေ့လျှင် ၎င်းကို သူ့ပခုံးပေါ်သို့ တင်ပေးလိုက်မည်။

"ကျွန်မ ရှေ့ကနေ လမ်းညွှန်ပေးပါ့မယ်။"


ကျွန်မလည်း ကောင့်မြို့စားကတော်အမ်ဘာ နောက်က လိုက်၍ အိမ်တော်ထဲသို့ ဝင်လာခဲ့သည်။ဧည့်ခန်းမထဲတွင် ကောင့်မြို့စားအမ်ဘာက အပြင်ထွက်ရန် ပြင်ဆင်နေလေသည်။


"အိုး ၊မြို့စားကြီးကတော် မဟုတ်ပါလား ခင်ဗျာ။"


ကောင့်မြို့စားအမ်ဘာက ကျွန်မကို မြင်သည်နှင့် အပြုံးဖြင့် နှုတ်ဆက်လာသည်။


ကျွန်မ သူ့ကို ကြည့်၍ အတိုချုံး နှုတ်ဆက်လိုက်သည်။


"ကျွန်မ ရှင်နဲ့ အခုမှ ပထမဆုံး တွေ့ဖူးတာ ထင်ပါရဲ့။တွေ့ရတာ ဝမ်းသာပါတယ်။"


"ဟုတ်ကဲ့၊တွေ့ရတာ ဝမ်းသာပါတယ် မဒမ်။"


ကောင့်မြို့စားအမ်ဘာမှာ ကြည့်ကောင်းသော လူတစ်ယောက်ဖြစ်သည်။သေသပ်သော ဆံပင်၊အပြစ်အနာအဆာ မရှိသော အသားအရည်နှင့် ကြည်လင်သော မျက်လုံးများ ရှိသည်။


အလွန်ချောမောခန့်ညားသော မျက်နှာပိုင်ရှင် မဟုတ်သော်ငြား ရုပ်ဆိုးသည်ဟုလည်း မပြောနိုင်ပါပေ။အသင့်အတင့် ကြည့်ကောင်းသော မျက်နှာ ဖြစ်ပါ၏။


အဲ့လိုမျက်နှာမျိုးတွေက အန္တရာယ် အများဆုံးပဲ။


အမျိုးသမီးများသည် အလွန်အမင်း ချောမောခန့်ညားသော ယောကျ်ားများနှင့် တွေ့ဆုံရန် ဝန်လေးသလို ခံစားရပြီး၊ရုပ်ဆိုးသူများနှင့် တွေ့ဆုံရခြင်းဆိုလျှင် မုန်းတီးကြပြန်၏။ထို့ကြောင့် သူမတို့က ရုပ်ရည်အသင့်အတင့် ကြည့်ကောင်းသော ယောကျ်ားများကိုသာ ရွေးချယ်တွေ့ဆုံလေ့ရှိကြလေသည်။


ထိုသို့သော အမျိုးသမီးများကို ကျွန်မ ပြောချင်သည်။


ယောကျ်ားတစ်ယောက်၏ မျက်နှာအကြောင်း။


ရုပ်ရည်ချောမောကြည့်ကောင်းသော ယောကျ်ားတစ်ယောက်မှသာ အဖိုးထိုက်တန်မှု ရှိသည်လော။သို့သော် ရုပ်ဆိုးသော ယောကျ်ားများမှာလည်း အထိုက်အလျောက် ထိုက်တန်မှု ရှိပေသည်။ထိုသို့သာ မတွေးမိပါက မျက်နှာတစ်ခု၏တန်ကြေးမှာ အခြားအရာများထက် ပိုကောင်းနေသည် မဟုတ်ပါလော။


မည်သို့ပင် ဆိုစေကာမူ ကောင့်မြို့စားအမ်ဘာ၏မျက်နှာတန်ဖိုးမှာ အနည်းငယ် မရေမရာ ဖြစ်နေသော်လည်း လုံလောက်အောင် ရုပ်ဆိုးနေသည်ဟု မဆိုလိုပေ။


ကောင့်မြို့စားကတော်က တိတ်တိတ်ပုန်းဇာတ်လမ်းကိစ္စတွေကို ဘာလို့ စိတ်ပူနေရတာလဲဆိုတာ ငါ နားလည်ပြီ။


ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။


"မဟုတ်ရင်တောင်မှ မကြာခင် ကောင့်မြို့စားကတော်ကို စံအိမ်တော်ဆီ ဖိတ်ကြားမလို့ ကျွန်မ တွေးနေမိတာပါ။"


ကျွန်မ ပြောလိုက်သည်။


"အဲ့ဒီအခါကျရင် ကောင့်မြို့စားလည်း လာခဲ့ရင် ကောင်းမှာပါပဲ။"


"ခင်ဗျာ!"


ကောင့်မြို့စားအမ်ဘာမှာ အံ့ဩမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။


"အဲ့...အဲ့လိုသာဆိုရင် ကျွန်တော်တို့ ကျေးဇူးတင်သင့်တာပေါ့။ကျေးဇူးတင်ပါတယ် မဒမ်ခင်ဗျ။"


"အင်း"


ကျွန်မ ခေါင်းငြိမ့်၍ သူ့ပခုံးကို ပုတ်လိုက်သည်။ထိုအချိန်တွင် သူ့ပခုံးပေါ်သို့ ဝိညာဥ်လေး တင်ပေးလိုက်ရန်လည်း မမေ့ခဲ့ပေ။


"ဒါဆို နောက်မှ တွေ့ကြတာပေါ့။"


"ဟုတ်ကဲ့ပါ မဒမ်"


ကောင့်မြို့စားအမ်ဘာက တောက်ပစွာ ပြုံးရယ်လိုက်ပြီး နှုတ်ဆက်လေသည်။သူ ထွက်သွားသည်ကို ကျွန်မ ကြည့်နေရင်း ဝိညာဥ်လေးကို အချက်ပြလိုက်သည်။


တစ်ခုခု ရှာတွေ့တဲ့အထိ အလုပ်ကြိုးစားခဲ့ချေ။


စိတ်ထဲမှ အမိန့်ပေးလိုက်၏။


"မဒမ်!"


ထိုအချိန်တွင် ကောင့်မြို့စားကတော် အမ်ဘာက အော်လိုက်သည်။


"ရှင် တကယ်ပဲ ကျွန််မတို့ကို ဖိတ်ကြားလိုက်တာလားရှင်။"


TK Team
++++++++