Chapter 186
Viewers 49k

💘Chapter 186 

မိဘများနှင့် တွေ့ဆုံခြင်း




ဝေ့ဟွား၏ ခဏတာစိတ်အာရုံပျံ့လွင့်သွားခြင်းကြောင့် ကွက်ကီးစိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့ရင်း သူ ကွက်ကီးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ 


“သွားရအောင်” ကွတ်ကီးက ဝေ့ဟွားကိုတွန်းထုတ်၍ ပြောလိုက်သည်။ 


“မင်းရဲ့ အခုလိုပုံနဲ့ဆို...ငါ့အဖေက ချက်ချင်း ကန်ထုတ်လိမ့်မယ်”


“ဦးလေးက ဘယ်လိုပုံစံမျိုးကို သဘောကျတာလဲ” ဝေ့ဟွားက မတ်မတ်ထိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ 


ကွတ်ကီး ပြန်မဖြေလာပေ။ သို့သော်လည်း ဝေ့ဟွားက မည်သို့ပုံစံဖြစ်နေပါစေ၊ ဘီစကစ်လေးနှင့် တူနေသ‌ရွေ့ သူ့အဖေက ဝေ့ဟွားကိုကန်ထုတ်လိမ့်မည်မှန်း သူ့နှလုံးသားထဲတွင် သေချာသိနေသည်။ 


သို့သော်လည်း ကွတ်ကီးထုတ်မပြောလိုက်ချေ။ သူဝေ့ဟွားနှင့် အတူရှိရန်ဆုံးဖြတ်ထားပြီး သူ့အဖေ၏ အတွေးအမြင်ကိုလည်း ထည့်သွင်းစဥ်းစားရန် ဆုံးဖြတ်ခဲ့သော်လည်း အဆုံးတွင်‌တော့ သူ့အဖေကို နားချရန်သာ ဆုံးဖြတ်လိုက်သည်။ 


ဝေ့ဟွားက သူ့အိပ်မက်အဖြစ် ရှစ်နှစ်နီးပါးကြာအောင် ရှိနေခဲ့ပြီး ယခုတွင်တော့ ထိုအိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပြီး ပြိုကွဲမသွားစေရန် သူကာကွယ်ရလိမ့်မည်။ ဝေ့ဟွားကတော့ သူဘာတွေးနေလဲ မသိချေ။ သူက ကားထဲတွင် ထိုင်နေပြီး အရှေ့ကိုကြည့်နေသော်လည်း အတွေးများကတော့ ပြန့်ကျဲနေသည်။ တစ်ခဏအကြာတွင် သူ့ဆံပင်များရှည်နေသောကြောင့် တိုတိုညှပ်ရန်လိုကြောင်း ခံစားလိုက်ရသည်။ သို့မဟုတ်လျှင် သူ့ယောက္ခမကြီးက သူ့ကို မသပ်မရပ်နေသည်ဟု ထင်သွားလိမ့်မည်။ ထို့နောက် သူ၏ ဒီနေ့ ဝတ်စုံက သာမန်ဆန်လွန်းနေသည်ဟု ခံစားရပြန်သည်။ နောက်တွင်မှ သူ၏အနာဂတ်ယောက္ခမလောင်းကြီး အထင်အမြင်ကောင်းများကျန်စေရန် ကောင်းမွန်သည့်ဝတ်စုံပြောင်းဝတ်ရမည်။ 


လက်ရှိတွင် သူက ကိုယ့်ကိုကိုယ်သံသယဝင်နေကာ နေရာတိုင်းတွင် အပြစ်အနာအဆာများ ရှာဖွေနေပြီး ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ့အသွင်အပြင်ကို သံသယဝင်မိခြင်းပင်။ သူ၏ အနာဂတ်ယောက္ခမလောင်းက မျက်စိထဲတွင် သဘောတွေ့ပါမလား သိချင်နေမိသည်။ 


ကိုယ့်ကိုကိုယ် သံသယဝင်ပြီးနောက် ဝေ့ဟွားက ကားစက်နှိုး၍ ကုန်တိုက်သို့ ဦးတည်လိုက်သည်။ ဘီစကစ်လေး ကျောင်းဆင်းရန် နာရီအနည်းငယ်လောက်လိုသေးသောကြောင့် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ပြင်ရန် အချိန်ရသည်။ သူတို့၏ ပထမဆုံးတွေ့ဆုံခြင်းတွင် အနာဂတ်ယောက္ခမလောင်းအပေါ်တွင် အထင်အမြင်ကောင်းများ ကျန်ခဲ့ရန် လုပ်ရမည်။ 


ဝေ့ဟွားက တစ်နေ့လုံးက ဖိအားများစွာဖြင့် ကုန်ဆုံးခဲ့သည်။ ကုန်တိုက်သို့ ရောက်ပြီး ဝတ်စုံများ တစ်စုံပြီးတစ်စုံ လဲနေသည့်တိုင် မှန်အရှေ့တွင် ရပ်လိုက်သည့်အချိန်တိုင်း သူ့ကိုယ်သူ မကျေနပ်နိုင်ဖြစ်နေသည်. တစ်ခုမဟုတ် တစ်ခုကတော့ အဆင်မပြေဖြစ်နေလေသည်။ 


ပထမတွင် ပြုံးနေသည့်အရောင်းဝန်ထမ်းလေးက ဝေ့ဟွား၏ ဝတ်စုံတစ်ဒါဇင်လောက်အား ဝတ်ကြည့်နေပြီးနောက်တွင် ပြုံးပြုံးရွှင်ရွှင်မရှိတော့ချေ။ ဝေ့ဟွားက အဝတ်အစားဝယ်ရန်‌ရောက်လာရုံသာမက ရန်ဖြစ်ရန်ရောက်သလားဟုပင် သံသယဝင်လာတော့သည်။ 


တစ်ဖက်တွင်‌တော့ ကွတ်ကီးက ဝေ့ဟွား၏ အဝတ်အစားများတစ်စုံပြီးတစ်စုံလဲနေခြင်းကြောင်း အရောင်းဝန်ထမ်းလေး၏ မျက်နှာအမူအရာများ ပြောင်းလဲနေခြင်းကို သတိထားမိပြီး လက်ရှိဝတ်ထားသည့် အဝတ်အစားအတွက် ကတ်ဖြတ်လိုက်တော့သည်။ ထို့နောက် ဝေ့ဟွား၏ လက်ကိုကိုင်၍ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ 


“နေဦး...ရှောင်ချီချီ...ဒီရှပ်ရဲ့ ကော်လံက နည်းနည်းအဆင်မပြေသလိုပဲ...ပြီးတော့ အရောင်ကလည်း ကိုယ်နဲ့ မလိုက်ဘူး” ဝေ့ဟွားက အနောက်မှပြောလာသည်။ 


“မင်းက ချောနေပြီးသား...တကယ်ပါပဲ” ကွတ်ကီးမနေနိုင်ဘဲ ရပ်၍ ချီးကျူးလိုက်သည်။ သူအကျယ်ချဲ့၍ ပြောနေခြင်းမဟုတ်‌ပေ။ ဝေ့ဟွားက ကောင်းမွန်သည့်ကိုယ်ထည်နှင့် တကယ်ကို ချောမောလေသည်။ သပ်သပ်ရပ်ရပ်ဝတ်လိုက်ခြင်းက သူ့ပုံစံကို ပို၍ ပြီးပြည့်စုံသွားစေပြီး ပိုချောမောလာစေသည်။ 


“တကယ် ချောတယ်?” ကွတ်ကီး ချီးကျူးလာချိန်တွင် ဝေ့ဟွားက အရူးတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး ကွက်ကီးအရှေ့တွင် ရှပ်ကို သပ်လိုက်သည်။ 


ထိုအချိန်တွင်တော့ ကွတ်ကီးက မတုံ့ပြန်တော့ဘဲ ထွက်သွားတော့သည်။ 


ဝေ့ဟွားက သူ့ကိုအမီလိုက်လာပြီးမရေမတွက်နိုင်အောင် မေးခဲ့သည့် မေးခွန်းများကို ဆက်မေးပြန်သည်။ 


“ရှောင်ချီချီ...မင်းအဖေ ကိုယ့်ကို သဘောတွေ့ပါ့မလား” အကြိမ်တစ်ရာလောက် မေးပြီးသော်လည်း ဝေ့ဟွား စိတ်လှုပ်ရှားနေဆဲပင်။ 


ကွတ်ကီး ကူကယ်ရာမဲ့သလို ခံစားရ၍ မဖြေလိုက်ချေ။ ဝေ့ဟွား အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူ့အဖေက သူ့ကို ကန်ထုတ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သူ့အဖေက ဝေ့ဟွား၏ သရုပ်မှန်ကို တစ်ချက်ကြည့်ရုံနှင့်တင် တန်းမြင်နိုင်သည့် လူမျိုးဖြစ်သည်။ 


ဟင်း...။


ကွတ်ကီးက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ လက်ရှိ အခြေအနေတွင်တော့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့်သာ သွားနိုင်သည်။ 


ထို့နောက် ဝေ့ဟွားက ဆံပင်ညှပ်ဆိုင်သို့ သွား၍ ဆံပင်ညှပ်လိုက်သည်။ ၎င်းက သူ့ကို ပို၍သစ်လွင်သွားစေသည်။ ထိုအချိန်တွင် ဘီစကစ်လေးအား မူကြိုကျောင်းမှကြိုရန် အချိန်ရောက်တော့မည်။ 


သူတို့ မူကြိုကျောင်းသို့ ရောက်သောအခါ ကျောင်းဆင်းပြီဖြစ်သည်။ ဘီစကစ်လေးက သူ့အဖေနှင့် ဦးဦးဝေ့တို့ကို တွေ့သော်လည်း ရင်ခွင်ထဲသို့ ပြေးဝင်မသွားခဲ့ချေ။ သူ မနက်က သူတို့နှစ်ယောက် ထူးဆန်းနေသည်ကို သတိထားမိလေသည်။


တစ်ဖက်တွင်တော့ ကွတ်ကီးက မနက်က အဖြစ်အပျက်ကို မေ့‌လျော့သွားသည့်ပုံပင်။ သူက ဘီစကစ်လေးကို ချီ၍ ပြောလိုက်သည်။


 “အိမ်ပြန်ကြမယ်”


ဘီစကစ်လေးက ကွတ်ကီး၏ပါးပေါ်သို့ အနမ်းခြွေလိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “အိမ်ပြန်ကြမယ်”


ဖေဖေနဲ့ ဦးဦးဝေ့တို့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ...ကောင်းလိုက်တာ...။


တစ်ခါတရံတွင် ရင်မဆိုင်ချင်သည့်အရာများက မျက်နှာအရှေ့သို့ ရောက်လာတတ်သည်။ ဆေးရုံတွင် ဆေးစစ်ပြီးနောက် ကွတ်ကီးမှာ ကိစ္စအများကြီးနှင့် ရင်ဆိုင်ရဦးမည်။ သူမရှောင်ဖယ်နိုင်သည့် ကိစ္စများလည်းရှိပြီး ဝေ့ဟွားနှင့်အတူရှိရန် ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် အချို့အရာများကိုတော့ တိုက်ခိုက်ယူရလိမ့်မည်။ သူ့အဖေက ဝေ့ဟွားကို စစချင်းတော့ လက်ခံလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အချိန်ကျလာသည့်အခါ သူဝေ့ဟွား၏ အရည်အချင်းများကို မြင်လာလိမ့်မည်မှန်း ကွတ်ကီးသိသည်။ 


သူ့အဖေက သူ့ကိုဂရုစိုက်မှန်းလည်း သူနားလည်သည်။ ဝေ့ချန်အပေါ် စစချင်းတွန်းကန်မှုများက နှစ်များစွာကြာအောင် ကွက်ကီးခံစားခဲ့ရသည့် အခက်အခဲများကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း တကယ်တမ်းတွင် ထိုအခြေအနေတွင် ဝေ့ဟွားလည်း နစ်နာသူတစ်ဦးမှန်း သူသိသည်။ ဝေ့ဟွားလည်း ခံစားခဲ့ရသည်ပင်။ 


“ရှောင်ချီချီ...ဘာတွေတွေးနေတာလဲ” ဝေ့ဟွား ကားတံခါးကို ဖွင့်လိုက်သောအခါ ကွက်ကီးက ဘီစကစ်လေးကို ချီ၍ ဒီအတိုင်းရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ စိုးရိမ်စွာဖြင့် မေးလိုက်၏။


ကွတ်ကီးက ခေါင်းခါ၍ ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး” ထို့နောက် ကားထဲသို့ ဝင်လိုက်သည်။ ဝေ့ဟွား ကားထဲသို့ ဝင်လာသည့်အခါ ကွက်ကီး၏ လက်ကို တင်းကြပ်စွာကိုင်၍ ညင်ညင်သာသာကြည့်ရင်း ပြောလိုက်သည်။ “စိတ်မပူပါနဲ့...ဦးလေး ကိုယ့်ကိုသ‌‌ဘောကျအောင် လုပ်မယ်” 


ကွတ်ကီးခဏလောက် မှင်သက်သွားသည်။ တစ်နေ့လုံးတွင် ဝေ့ဟွားက စိုးရိမ်ပြီးစိတ်လှုပ်ရှားနေသည့် အခြေအနေတွင် ရှိနေသော်လည်း အဆုံးတွင်တော့ သူကသာ ကွတ်ကီးကို ပြန်နှစ်သိမ့်နေရသည်။ ကွတ်ကီးရဲ့ ဖုံးကွယ်ထားတဲ့စိုးရိမ်မှုတွေကို သူသတိထားမိတာလား...။


ကွတ်ကီးပြုံးလိုက်ကာ သူ့စိတ်ထဲမှ ပရမ်းပတာဖြစ်နေခြင်းများကို စကားတစ်ခွန်းတည်းနှင့်သာ ဖော်ပြလိုက်သည်။ “အင်း…မင်းလုပ်နိုင်တယ်” 


ကွတ်ကီး စိတ်အာရုံပျံ့လွင့်နေခြင်းကို အခွင့်ကောင်းယူ၍ ဝေ့ဟွားက အရှေ့သို့ တိုးလာပြီး ကွက်ကီး၏နှုတ်ခမ်းများကို စုပ်ယူလိုက်သည်။ 


“ကိုယ်အကောင်းဆုံးလုပ်ပါ့မယ်…ကိုယ့်ရဲ့ အနာဂတ်ယောက်ျားလေး” ခုံအောက်မှ ကွတ်ကီး၏ခြေထောက်က သူ့ကိုကန်လာ၏။ ဘီစကစ်လေး ရှိနေသည်လေ။ 


ဝေဟွားက ပြည့်ဖောင်းဖောင်းလက်များဖြင့် မျက်လုံးများကို အုပ်ထားသည့် ဘီစကစ်လေးကို လှည့်ကြည့်လိုက်ကာ စနောက်လိုက်သည်။ “ဘီစကစ်လေး… အခုအကုန်မြင်လိုက်လား”


ဘီစကစ်လေးက ခေါင်းခါ၍ လျင်မြန်စွာဖြေလာသည်။ “ဘီစကစ်လေး ဘာမှမမြင်ဘူး…ဘာမှလည်း မကြားဘူး”


ဝေ့ဟွားက ရယ်လိုက်ကာ ဘီစကစ်လေး၏ပါးကို နမ်း၍ရယ်မောအောင်လုပ်လိုက်သည်။ 


ဤတိုတောင်းသည့် အခိုက်အတန့်လေးပြီးနောက် ကွတ်ကီး၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားတော့သည်။ သူက မနေနိုင်ဘဲ ဘီစကစ်လေး၏ နှာခေါင်းကိုဖျစ်၍ တွေးလိုက်သည်။ ‘အခုကတည်းက ဝေ့ဟွားဘက်ကို ရောက်နေပြီပေါ့လေ…နောက်ဆိုရင် ဘယ်လိုလုပ်မလဲ’


ဘီစကစ်လေးက သူ့အဖေ၏ စိတ်မကျေနပ်မှုကိုခံစားမိသောကြောင့် ကွတ်ကီး၏ပါးကို နမ်းလိုက်ကာ အနမ်းခြွေသည့်အသံအား အကျယ်ကြီး လုပ်လိုက်သည်။ ထို့နောက် နူးညံ့ပြီး ချိုမြိန်သည့်အသံလေးဖြင့် ပြောလိုက်၏။ “ဖေဖေ…ဘီစကစ်လေးက ဖေဖေ့ကိုချစ်တယ်နော်…ဖေဖေ့ကိုအချစ်ဆုံး”


ဝေ့ဟွားလည်း မထိန်းနိုင်တော့ဘဲ ပျော်ရွှင်မှုများထဲသို့ ပါဝင်လိုက်သည်။ “ရှောင်ချီချီ…ဦးဦးဝေ့ကလည်း မင်းကိုချစ်တယ်နော်…မင်းကိုအချစ်ဆုံး”


ကွတ်ကီးမနေနိုင်ဘဲ ဝေ့ဟွားကို ခုံအောက်မှကန်၍ ပြောလိုက်သည်။ “မောင်းတော့”


ဝေ့ဟွားကရယ်လိုက်ကာ ကားစက်နှိုး၍ ကွတ်ကီး၏အိမ်သို့ မောင်းလိုက်သည်။ ဝေ့ဟွားတွင် စနောက်နေသည့် အမူအရာများရှိနေသော်လည်း သတိရှိသောသူဖြစ်သည်။ ကွတ်ကီးက သူ့အား တစ်ခုခုဖုံးကွယ်ထားမှန်း သိသည်။ သို့သော် ဝေ့ဟွားစိတ်ထဲမထားချေ။ 


မပြောဘဲထားထားတဲ့လျှို့ဝှက်ချက်တွေ ဘယ်သူ့မှာမရှိလို့လဲ…။


သူတို့သုံးယောက် အိမ်ပြန်ရောက်သည့်အခါ ရှန့်ကျားချီ အလုပ်မဆင်းသေးပေ။ သို့သော်လည်း ယခုက ဝေ့ဟွားအတွက် ကွတ်ကီး၏ အိမ်သို့ပထမဆုံးအကြိမ်ရောက်ခြင်းဖြစ်သောကြောင့် သူ၏သိချင်စိတ်များဖြင့် ပြည့်နေသည့် မျက်လုံးများက အိမ်ကိုအသေးစိတ်လိုက်လံကြည့်ရှုနေကာ ပရိဘောဂများမှ ကွတ်ကီး၏ ဘဝအစိတ်အပိုင်းများကို ဆက်စပ်မိရန် ကြိုးစားနေလေသည်။ 


မကြာခင်တွင် ရှန့်ကျားချီအိမ်ပြန်ရောက်လာသည်။ ဘီစကစ်လေး ခြေသံများကိုကြားလိုက်သည်။ သူက တံခါးဝတွင် စောင့်နေကာ တံခါးပွင့်သွားသည်နှင့် ချိုမြိန်သည့် အသံလေးဖြင့် ပြောလိုက်သည်။ 


“ဖိုးဖိုး…ပြန်လာပြီ…ဘီစကစ်လေးက ဖိုးဖိုးကိုလွမ်းနေတာ”


၎င်းက ကွတ်ကီး၏ နည်းဗျူဟာထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူက ဘီစကစ်လေးအား ချိုမြိန်သည့် အာရုံလွှဲခြင်းအဖြစ် အသုံးပြုကာ သူ့အဖေကို အနိုင်ယူရမည်။ ထိုအခါမှ သူဝေ့ဟွားကို မိတ်ဆက်ပေးသည့်အခါ လေထုက တင်းမာမနေတော့မှာဖြစ်သည်။


တကယ်ကိုပင် ရှန့်ကျားချီ၏နှလုံးသားက ဘီစကစ်လေး၏ စကားများကိုကြားပြီးနောက် နွေးထွေးလာတော့သည်။ သူက ဘီစကစ်လေးကိုချီ၍ အပြုံးလေးနှင့် ပြောလိုက်သည်။ “ဖိုးဖိုးကိုလွမ်းနေတာလား”


ဘီစကစ်လေး တုံ့ပြန်လိုက်သည်။ “ဖိုးဖိုးကို နေရာတိုင်းမှာ လွမ်းနေတာ…ဖိုးဖိုးကိုမတွေ့ဘဲနေရတာက အကြာကြီး ရှိနေသလိုပဲ”


ထိုစကားကိုကြားပြီးနောက် ရှန့်ကျားချီပို၍ ပျော်ရွှင်လာတော့သည်။ သူက ဘီစကစ်ကိုချီလျက်အထဲသို့ ဝင်လာသည့်အခါ ဧည့်ခန်းထဲတွင် လူတစ်ယောက်ရှိနေမှန်း တွေ့လိုက်ရသည်။ သူ့သားနှင့် ထိုလူက ထိတွေ့မနေကြဘဲ ဘေးချင်းယှဥ◌်ရပ်နေရုံနှင့်တင် သူတို့နှစ်ယောက်ကြားတွင် တိကျသည့် ဆက်ဆံရေးတစ်ခုရှိနေသည်။


ထိုလူက မည်သူမှန်း သိပြီးသားဖြစ်သော်လည်း ရှန့်ကျားချီက တည်တည်ငြိမ်ငြိမ်ပဲ နေလိုက်သည်။ သူ့အကြည့်များက ဝေ့ဟွားအပေါ်သို့ကျရောက်လာပြီးနောက် သူ့ကိုမမြင်သည့်အလား နေရာရွှေ့သွား၏။


ကွတ်ကီး၏စိုးရိမ်မှုများက အခြေအမြစ်မရှိခဲ့ချေ။ ရှန့်ကျားချီက သူ့ကိုမကန်ထုတ်သော်လည်း လျစ်လျူရှုသည့် နည်းဗျူဟာကို အသုံးပြုနေလေသည်။ ကွတ်ကီးက ဝေ့ဟွားကို မိတ်ဆက်ပေးလာမှသာ ရှန့်ကျားချီက ယဥ်ကျေးစွာဖြင့် ခေါင်းညိတ်ပြလာသည်။ အဆုံး၌ ရှန့်ကျားချီက ဝေ့ဟွားကိုထွက်သွားနိုင်ကြောင်း အကြုံပြုလိုက်လေသည်။ 


သူ၏အနာဂတ်ယောက္ခမလောင်းကို သူဘာကြောင့် ဒေါသထွက်စေလဲ နားမလည်သော်လည်း ဝေ့ဟွားက တစ်လျှောက်လုံး စိတ်ရှည်သည်းခံခဲ့သည်။ ရှန့်ကျားချီကို စိတ်မကျေမနပ်ဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ ကွတ်ကီးကို ‘ရယူ’ ခဲ့သောကြောင့်ဖြစ်နိုင်သည်။ 


ကွတ်ကီးက မိသားစုအခြေအနေများကို အသေးစိတ်မျှဝေလိုက်သည်။ သူ့အမေက အစောကြီးကွယ်လွန်သွားခဲ့ကာ ရှန့်ကျားချီကသာ သူ့ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည်။ သားအဖေနှစ်ယောက်ကြားမှ သံယောဇဥ်က ခိုင်မာသည်ကို ဝေ့ဟွားနားလည်နိုင်သည်။ 


ဝေ့ဟွားပြန်သွားသည်ကိုကြည့်ပြီးနောက် ကွတ်ကီးက ဖိုးဖိုးနှင့် ဆွေးနွေးစရာရှိကြောင်း ပြော၍ ဘီစကစ်လေးကို အပေါ်ထပ်သို့ ခေါ်သွားရန် ချော့မြူလိုက်သည်။


ဘီစကစ်လေးက အခန်းသို့ ပြန်အပို့ခံရသည့်အခါ ကွတ်ကီးကို အသံနိမ့်နိမ့်လေးဖြင့် မေးလိုက်သည်။ “ဖိုးဖိုးက ဦးဦးဝေ့ကို သဘောမကျဘူးလား” သူ့အသံတွင် စိုးရိမ်မှုများရှိနေ၏။


“အဆင်ပြေပါတယ်…ဘီစကစ်လေးရဲ့…ဖိုးဖိုးက အသားကျဖို့အချိန်လိုနေသေးလို့ပါ…သူသဘောတွေ့ပါတယ်” ကွတ်ကီး ပြောလိုက်၏။ သို့သော်လည်း ရှန့်ကျားချီက ဝေ့ဟွားအား အပြည့်အဝလက်ခံလာရန် ပြုလုပ်ခြင်းသည် ရှည်လျားပြီး ခက်ခဲသည့်ခရီးဖြစ်မည်မှန်း သူသိလေသည်။



💘