Chapter 137
Viewers 11k

🥰 Chapter 137 ✅


“ငါမမှတ်မိဘူး”


မင်လျိုရီ ခေါင်းခါလိုက်သည်။ 


ယိုလင်လင် ကြောင်အမ်းသွားတော့သည်။ သူမခေါင်းပါကိုက်လာ၏။


သူမက တစ်စုံတစ်ယောက်၏အိမ်ထဲသို့ ဝင်ရောက်လာခဲ့ပြီး လူတိုင်းကို အော်ဟစ်ကြိမ်းမောင်းခဲ့ပြီးလေပြီ။ သို့သော် သူ့ညီအစ်မက သူမ မမှတ်မိဟုပြောလာသည်။ 


ဒါက ယိုလင်လင်အတွက် အရှက်ရစရာပင်...


ယိုလင်လင်က ဝှီးချဲပေါ်မှအမျိုးသားကို တစ်ချက်ချောင်းကြည့်လိုက်သည်။ သူ့အမူအရာများက အေးစက်နေကာ သူ့ပတ်ဝန်းကျင်မှ အငွေ့အသက်များကလည်း ကြောက်ဖို့ကောင်းနေဆဲဖြစ်သည်။ 


ယိုလင်လင်ပြောလိုက်သည်။


"နင်ပင်ပန်းနေမှာပဲ”


ထို့နောက် သူမက ချောင်းဟန့်၍လည်ချောင်းရှင်းလိုက်သည်။ 


သူမက မင်လျိုရီ၏ယောက်ျားအမည်ကို ခေါ်လိုက်ချင်သော်လည်း သူ့အမည်ကို သူမ မသိကြောင်း သတိရသွားသည်။ မင်လျိုရီက တစ်ခါမှ မပြောခဲ့ဖူးသောကြောင့် သူမက အာစေးမိနေကာ ပြောလိုက်သည်။


"ရှင်တို့လို ချမ်းသာတဲ့လူတွေက စကားပြောရမှာ ပျင်းကြမှန်း ကျွန်မသိပါတယ်... ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာတော့ သေသေချာချာ ရှင်းပြလို့မရဘူးလား”


ယောင်ကျိကျိုးက သူ့မျက်နှာပေါ်မှ နှုတ်ခမ်းနီရာကို ညွှန်ပြ၍ ပြောလိုက်သည်။


"ငါ့ရဲ့အစောဆုံးမှတ်ဉာဏ်တွေအရဆိုရင် ငါ့မိန်းမကလွဲပြီး ဘယ်ဆန့်ကျင်ဘက်လိင်တစ်ယောက်ကမှ ငါ့မျက်နှာကို မနမ်းခဲ့ဖူးဘူး” 


ယောင်ကျိကျိုး၏ ဆွဲ‌ဆောင်မှုရှိသည့်အသံတွင် ဝမ်းနည်းမှုများရောထွေးနေသည်။


'အမူးသမားလေးက ဇာတ်လမ်းစပြီး ထွက်ပြေးရုံတင်မကဘူး...လူကိုလည်း မှားယွင်းစွပ်စွဲလိုက်သေးတယ်'


ယိုလင်လင် ပြောစရာစကားမဲ့သွားရသည်။ သူမက မင်လျိုရီကို အသံနိမ့်နိမ့်ဖြင့် မေးလိုက်ပြန်သည်။ 


“နင်အများကြီးသောက်ခဲ့တာလား... တစ်‌ယောက်ယောက်ကို နမ်းလိုက်မိတာတောင် မမှတ်မိတဲ့အထိလေ”


မင်လျိုရီ၏ ဘာမှမသိဖြစ်နေသည့် အမူအရာကိုကြည့်ရင်း ယိုလင်လင် ရုတ်တရက် ရှက်ရွံ့သကဲ့သို့ ခံစားလာရသည်။ သို့သော် မင်လျိုရီ ဖောက်ပြန်ခံလိုက်ရသည့်အကြောင်းနှင့်ယှဥ်လျှင် သူမ၏ အရှက်ရမှုမှာ ကိစ္စသေးသေးသာဖြစ်သည်။ 


ယိုလင်လင်ခေါင်းငုံ့လိုက်ရာ မင်လျိုရီ၏လက်တွင် ပတ်တီးရှိနေကြောင်း တွေ့လိုက်သ်ည။ ယိုလင်လင်၏ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ သူမ စကားလမ်းကြောင်းပြောင်းစရာရှာတွေ့သွားသည်။ 


ယိုလင်လင်က အထိတ်တလန့်ဖြင့် ဆိုလာသည်။ 


“လျိုရီ...ဘာဖြစ်တာလဲ... သွေးဖောက်ခဲ့တာလား... နာနေလား”


မင်လျိူရီလည်း သတိပြန်ကပ်လာသည်။ သူမက အနည်းငယ် ရှက်ရွံ့နေသော်လည်း ယိုလင်လင်ကိုအလိုက်အထိုက်သာ ပြန်ပြောလိုက်သည်။ 


မင်လျိုရီက သနားစရာကောင်းသည့်ပုံစံလေးဖြင့်ပြောလာသည်။


"နာတယ်... ပြီး‌တော့ ငါခေါင်းနည်းနည်း မူးနေတယ်... ညစာ သေချာမစားရသေးဘူး... မတ်တပ်မရပ်နိုင်လောက်အောင်အထိ ဗိုက်ဆာနေပြီ” 


ထိုသို့ပြောပြီးနောက် သူမ၏အမှားကို သိသွားသကဲ့သို့ ယောင်ကျိကျိုးကို သနားစဖွယ်လေးကြည့်လိုက်သည်။ 


ယောင်ကျိကျိုးတွင် ပြောစရာမရှိ‌တော့ပေ။ ကားထဲတွင် မင်လျိုရီနိုးလာသည့်အချိန်မှစ၍ သူမက ယောင်ကျိကျိုးအား ဖောက်ပြန်သူအဖြစ် စွပ်စွဲခဲ့ပြီး ယိုလင်လင်ကလည်း သူ့ကိုအော်ဟစ်ခဲ့သေးသည်။ ယောင်ကျိကျိုးက ဒေါသထွက်နေသော်လည်း မင်လျိုရီအား ထိုပုံစံဖြင့် မြင်ရသောအခါ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းသာချနိုင်တော့သည်။ 


“လာစားတော့...လင်လင်...အတူစားသွားဦးမလား” 


ယောင်ကျိကျိုး ပြောလိုက်သည်။ 


ယိုလင်လင်က အလွန်ရှက်ရွံ့နေပြီဖြစ်သောကြောင့် အံကြိတ်၍ပြောလိုက်သည်။


"ရှင်တို့နဲ့မစားတော့ဘူး... ကျွန်မရဲ့သတို့သားလောင်းကို အဖော်ပြုပေးဖို့ပြန်တော့မယ်... ဒီတစ်ကြိမ်ကတော့ အထင်မှားတာပေါ့... ဒါပေမယ့် အနာဂါတ်မှာ လျိုရီကိုအနိုင်ကျင့်ရဲရင် ကျွန်မသူ့ကိုလာခေါ်သွားမှာ... ရှင်သူမကို ထပ်တွေ့ရလိမ့်မယ် မထင်နဲ့”


ပြောပြီးနောက် ယိုလင်လင်က ယောင်ကျိကျိုး ဒေါသထွက်လာမည်ကို စိုးရိမ်သောကြောင့် မြန်မြန်ထွက်သွားချင်နေသည်။ 


ထင်မှတ်မထားဘဲ ယောင်ကျိကျိုးက ပြုံး၍ပြောလာခဲ့သည်။


"ကောင်းပြီ... လျိုရီအပေါ် တစ်ခုခုမှားတာနဲ့ သူမကိုတစ်သက်လုံးဆုံးရှုံးပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး ခံစားနေပါ့မယ် ဟုတ်ပြီလား”


“ကောင်းပြီ...စမ်းသပ်ချက်အောင်တယ်”


ယိုလင်လင်က တလေးတနက်ဖြင့် ပြောလာသည်။ 


“အဲ့ဒါတွေထက် လျိုရီ့အတွက် ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်... နောက်ကျနေပြီဆိုတော့ ဒရိုင်ဘာကို ပြန်လိုက်ပို့ခိုင်းလိုက်မယ်”


မင်လျိုရီက ယိုလင်လင်၏လက်ကိုဆွဲ၍ အပြင်သို့လိုက်ပို့သည်။ 


မင်လျိုရီက ကသိကအောက်ဖြင့်ပြောလာ၏။


"ငါတောင်းပန်ပါတယ် လင်လင်...ငါ့အမှားပါ...ငါ...ငါ စိတ်လှုပ်ရှားသွားတယ်... နောက်တစ်ခါကျရင် ငါအရင်ဆုံး သေချာအောင်လုပ်ပါ့မယ်”


ယိုလင်လင်က ပြုံး၍ပြောလာသည်။


"လျိုရီ...ရပါတယ်...နောက်တစ်ခါကျရင် တစ်ခုခုဖြစ်တာနဲ့ ငါ့ကိုအမြန်ဆုံး အကြောင်းကြား... ချုပ်တည်းထားတာတို့ ၊ ရူးရူးမိုက်မိုက်လုပ်တာတို့ မလုပ်နဲ့... ငါနင့်ဘက်မှာ အမြဲရှိတယ်”


မင်လျိုရီက ရုတ်တရက်လည်ပင်းတွင် တစ်ဆို့ဆို့ဖြစ်လာပြီး ဆို့နင့်နေသည့်အသံဖြင့် ပြောလာသည်။ 


"လင်လင်...နင်ကအကောင်းဆုံးပဲ”


ယိုလင်လင် မျက်ဆံလှန်လိုက်ဟန်ပြုကာ ပြောလိုက်သည်။


"အဲ့လိုအချွဲစကားတွေ နင့်ယောက်ျားကိုသာ သွားပြောပါ... ငါသွားတော့မယ်...တာ့တာ”


မင်လျိုရီက ကားမောင်းထွက်သွားသည်ကိုကြည့်ရင်း တရှုံ့ရှုံ့နှင့် ဗီလာထဲသို့ပြန်ဝင်လာသည်။ ယောင်ကျိကျိုးက မင်လျိုရီ၏မျက်လုံးများ နီနေသည်ကို တွေ့သောအခါ စိတ်လှုပ်ရှားလာသည်။ 


“ကိုယ်မင်းကို အပြစ်မတင်ပါဘူး”


ယောင်ကျိကျိုး ချက်ချင်းပြောလိုက်သည်။


"ဒီနေ့က ကိုယ့်ရဲ့အမှားပါ... ကိုယ်မင်းကို သေချာရှင်းမပြဘဲ အထင်လွဲစေခဲ့မိတယ်... အနာဂတ်မှာအဲ့လို မဖြစ်စေရဘူးနော်... ကိုယ်မင်းကို သေချာရှင်းပြပါ့မယ်”


မင်လျိုရီက ‌ယောင်ကျိကျိုး၏စကားများကိုကြားသောအခါ နှလုံးသားထဲတွင် နွေးထွေးလာသည်။ သူမမျက်လုံးထဲမှ မျက်ရည်များကျဆင်းလာခဲ့သည်။ ယောင်ကျိကျိုးကပို၍ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ 


“လျိုရီ...မငိုပါနဲ့... ကိုယ်အရင်က မိန်းကလေးတစ်ယောက်နဲ့တောင် ဒီလိုမျိုးတကယ်မရှိခဲ့ဖူးပါဘူး... ဒါပေမယ့် ကိုယ်က သင်ယူတတ်မြောက်လွယ်တဲ့လူပါ . နောက်တစ်ခါမဖြစ်စေရဘူးနော်” 


မင်လျိုရီက ချက်ချင်း ယောင်ကျိကျိုး၏ရင်ခွင်အတွင်းသို့ ပစ်ဝင်လိုက်သည်။ သူမပြောလိုက်၏။ 


“ကျွန်မတောင်းပန်ပါတယ်... အားလုံးက ကျွန်မအပြစ်တွေပါ... ကျွန်မမူးနေမှန်းတောင် မသိဘူး... ရှင်ခဏခဏ ပြောနေပေမယ့် ကျွန်မ သတိမပြုခဲ့ဘူး ... ရှင့်ကိုတောင်မှားပြီး စွပ်စွဲလိုက်သေးတယ်...ပြီးတော့ ရှင်ကပဲ ကျွန်မကို ပြန်ချော့နေရတယ်”



🥰