ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၆
ဆိုင်ယာ၏ စိတ်မသက်မသာဖြစ်မှုကို သတိပြုမိသွားချိန်တွင် ဖယ်ဆန်သည် စိတ်ရှုပ်ထွေးဟန်ဖြင့် မေးမြန်းလိုက်သည်-
"မင်း ဘာလို့ဒီလိုပုံဖြစ်နေတာလဲ"
"အဲဒါက ဒီတိုင်း... ကျွန်မတို့ ဒီလိုစာချုပ်အတိုင်းသာသွားမယ်ဆိုရင် နောင်တစ်ချိန်ကျ ရှင့်အတွက် တစ်ခုခုဆိုးရွားတာတွေ ဖြစ်လာမှာကို စိုးရိမ်လို့ပါ"
ထို့အပြင် ဒီလိုစာချုပ်မျိုးကို စီစဉ်ပေးခဲ့မိသော မားကွစ်မိသားစုသည်လည်း ထိခိုက်နိုင်သည်။ဖယ်ဆန်က သူမဘာလို့ ဒီလိုခံစားနေမှန်းကို နားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လို စာချုပ်မျိုးကို ပြောနေတာလဲ။ ကိုယ် နားမလည်ဘူး။ကိုယ်က စာချုပ်ပါ အချက်အလက်အားလုံးကို လိုက်နာဖို့ ရည်ရွယ်ထားတယ်လေ။ဒီတိုင်း အားနည်းချက်ရှိနေတဲ့ နေရာတွေမှာပဲ အကျိုးအမြတ်ရအောင်လို့ နည်းလမ်းတွေ ရေးဆွဲထားတာ" သူ ရှင်းပြလာခဲ့သည်။
စာချုပ်က အလွန်သိမ်မွေ့ပြီး လှည့်စားနိုင်သည်ဟု ဆိုလိုနိုင်သည်။ သို့သော် ဖာဆန်ကမူ သူသည် စာချုပ်ကို တရားမျှတစွာနှင့် လေးလေးနက်နက် ရေးဆွဲခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
"ကိုယ် စာချုပ်ထဲရေးထားတဲ့အတိုင်းပဲ လုပ်တာ။သူတို့ သဘောမတူချင်တဲ့ သတ်မှတ်ချက်တွေရှိရင် သဘောမတူခင်ထဲက စိစစ်သင့်တယ်မလား"
ထို့ကြောင့် ဖယ်ဆန်သည် သူ့ကိုယ်သူ သက်သေပြလာခဲ့ပြီး သူ မှန်ကန်ကြောင်း ငြင်းဆိုလာခဲ့ကာ စာချုပ်ကို သေချာမစစ်ဆေးသူများမှာပဲ အပြစ်ရှိကြောင်း ပြောလာခဲ့သည်။
ဆိုင်ယာ၏ မျက်လုံးများသည် မုန်တိုင်းကဲ့သို့ တုန်လှုပ်သွားသည်။ တစ်ခုခု မှားနေသည်မှာ သေချာသည်။၎င်းကို ပြန်ပြုပြင်ရန် လိုအပ်သည်။သို့သော် ဘယ်အရာက မှားသွားသည်ကို သူမ မသိပေ။
"စိုးရိမ်စရာ မလိုဘူး။ကိုယ့် အဖေကတောင်မှ အဲဒါကို ကောင်းတဲ့နည်းလမ်းဆိုပြီး ချီးကျူးနေသေးတယ်။ ကိုယ်လည်း အဲ့လိုထင်တယ်။ အကယ်၍ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းက ဒီစာချုပ်ကြောင့် ပြိုကျခဲ့မယ်ဆိုရင် ကိုယ်က အခွင့်အရေးကို ဆုပ်ကိုင်ပြီးတော့ ကျန်တဲ့ကုန်သွယ်ဖက်တွေအားလုံးကို လွှဲပြောင်းယူလိုက်မှာ"
ဖယ်ဆန်က ရှင်းပြပြီးသည်နှင့် ဆိုင်ယာ၏နဖူးကို မြတ်နိုးစွာ နမ်းလိုက်သည်။
သူမ ကျေးဇူးကြောင့်ပဲ သူတို့ ဒီလုပ်ငန်းကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ခဲ့တာာ။
အဆက်မပြတ်တုန်လှုပ်နေသော ဆိုင်ယာသည် သူမ၏နှလုံးသားကို တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ ဖယ်ဆန် ပြောခဲ့သလိုပဲ အဲ့ဒါက စာချုပ်ကို ပေါ့ပေါ့ဆဆ လက်မှတ်ထိုးခဲ့သည့် သူတို့အမှားသာဖြစ်သည်ဟု သူမတွေးလိုက်မိသည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် ဖယ်ဆန်ဘက်သို့ပြောင်းလာခဲ့ကြသော ကုန်သွယ်ဖက်များမှာ သိသိသာသာပင် အာဏာ သို့မဟုတ် ဂုဏ်သိက္ခာမရှိသော မိသားစုများဖြစ်တာကြောင့် သူတို့ကို ထိန်းချုပ်ထားနိုင်သရွေ့ သာယာနေမည်ဟု သူမတွေးပြီး သူမ၏စိုးရိမ်စိတ်ကို ထိန်းထားခဲ့လိုက်သည်။
* * *
ခါတိုင်းလိုပင် ဆိုင်ယာသည် မြို့စားကြီး၏ရုံးခန်းထဲ သူမ၏ နေ့စဉ်တာဝန်များပြီးဆုံးပြီးနောက် နေဝင်ပြီးချိန်မှသာ မားကွစ်စံအိမ်သို့ပြန်လာခဲ့သည်။
ဖယ်ဆန်၏ မငြိမ်မသက်ဖြစ်နေသောအခြေအနေကို သူမစတင်စီမံခဲ့ကတည်းစ သူမ၏နေ့ရက်များက သူ့ထံ လှည့်ပတ်နေခဲ့သည်။
လက်မထပ်ရသေးတာကြောင့် သူမ၏မိဘများသည် သဘာဝအတိုင်း စိုးရိမ်နေကြသော်လည်း သူမ၏အာရုံစိုက်မှုအလုံးစုံမှာ မြို့စားကြီးမိသားစု၏ အမွေဆက်ခံသူအပေါ်တွင်သာရှိနေသည်။
ဆန့်ကျင်ဘက်အနေဖြင့် မားကွစ်ဂရန်းဒါမြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် ဆိုင်ယာ၏ လှုပ်ရှားမှုများကို သဘောကျမနေခဲ့ပေ။
ဆိုင်ယာသည် ညစာစားပြီးနောက် အိပ်ယာမဝင်မီ ဖယ်ဆန်အတွက် သူမဘာလုပ်ပေးနိုင်မလဲ စဉ်းစားနေမိသည်။ ထို့နောက် နိုးလာချိန်တွင် သူမသည် ဖယ်ဆန်နှင့် ထပ်မံတွေ့ခဲ့ရသည်။
မြို့စားကြီးစံအိမ်မှ ပြန်ရောက်လာပြီးနောက် ရထားပေါ်မှ ဆင်းလိုက်ချိန်အထိ ဆိုင်ယာ၏ အတွေးများကလှည့်ပတ်နေခဲ့သည်။
"လေဒီဆိုင်ယာ!"
"ဖလော်ရီလား"
ဖလော်ရီ ဖလော်ရာသည် သူမကို ရှာဖို့လာခဲ့တာဖြစ်သည်။ယခုအချိန်သည် အခြားတစ်ယောက်၏ နေအိမ်သို့ လည်ပတ်ရန် အလွန်နောက်ကျနေပြီဖြစ်သည်။
ဖလော်ရီသည် နီရဲနေသော မျက်လုံးများဖြင့် ညည်းညူလာခဲ့သည်။
"နင်နဲ့တွေ့ဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် နင်မရှိလို့ အခုငါစောင့်နေလိုက်တာ။ ငါ့မှာ လေဒီဆိုင်ယာကို ပြောဖို့ အရမ်းအရေးကြီးတာတစ်ခုရှိတယ်။ဒါပေမယ့် နင်က အမြဲတမ်းအပြင်ရောက်နေတာချည်း...!"
"အို တောင်းပန်ပါတယ် ငါအလုပ်ရှုပ်နေလို့ပါ"
"ငါ စာတောင်ချန်ပေးခဲ့သေးတယ်...!"
ဖလော်ရီ ထားခဲ့သည့် မှတ်စုကို ပြန်အမှတ်ရလိုက်သည်။အဲ့ဒါက အရေးကြီးသည့် ဆွေးနွေးစရာတစ်ခုရှိသဖြင့် ပြန်ဆက်သွယ်ရန် တောင်းဆိုခဲ့တာဖြစ်သည်။ နှစ်ကြိမ်လောက်ရှိသည်။
'...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ'
ဆိုင်ယာ၏ အမူအရာမှာ အေးစက်လာခဲ့သည်။သူမ လာလည်တာနဲ့ပဲ သူမက တွေ့ပေးရမည်ဟု မဆိုလိုပေ။ စာအတွက်လည်း သူမတုံ့ပြန်ရန် မလိုအပ်နေပေ။
သူမတွင် ဖလော်ရီအတွက် အားလပ်ချိန် ရှိဖို့မပြောနှင့် ဖယ်ဆန်နဲ့ တွေ့ဆုံဖို့ အချိန်တောင်မရှိသလောက်ပင်။
ထို့အပြင် တွေ့ဆုံသည့်အခါတိုင်း ဖလော်ရီသည် အမြဲလိုလို ညည်းတွားနေတတ်တာကြောင့် ဆိုင်ယာ၏ အင်နာဂျီကို အချိန်တိုင်း ကုန်ဆုံးစေခဲ့သည်။
"ငါ တောင်းပန်ပါတယ်။ ငါ အခုနည်းနည်းပင်ပန်းနေလို့။ ငါတို့နောက်မှပြောလို့ရမလား"
ဒါပေါ့ နောက်မှဆိုတာက ဘယ်တော့မှ ဟုဆိုလိုပေသည်။ ၎င်းက သူမကို စိတ်မဝင်စားကြောင်း ဖော်ပြသော နူးညံ့သိမ်မွေ့သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဖလော်ရီသည် ဆိုင်ယာ၏စိတ်မဝင်စားမှုကို ဖမ်းမိသွားပြီး အတော်လေးတုန်လှုပ်သွားကာ ဆိုင်ယာကို ဖက်တွယ်လိုက်သည်။
"အဲ့ဒါ...အဲ့ဒါက မဖြစ်မနေကြားမှရမယ့်ဟာပဲ! အဲ့ဒါက ဟိုမိန်းမအကြောင်းပဲ!"
"ဟိုမိန်းမလား"
လူနာပဲလ်လား။ဖယ်ဆန်ကို ဒီလိုဖြစ်အောင် လှည့်စားသွားသော မိန်းမ၏အမည်က ဖလော်ရီအား လျစ်လျူရှုပြီး အထဲသို့သွားနေသော ဆိုင်ယာကို လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားစေခဲ့သည်။
"ဟုတ်တယ်…! အဲ့မိန်းမက ဒီတစ်ခါတော့ ငါ့ကို ညှဉ်းဆဲဖို့ ကြံနေတဲ့ပုံပဲ!"
"နောက်ဆုံးတွေ့ဆုံပွဲတုန်းက ဖြစ်ခဲ့တဲ့ဟာကြောင့်လား"
၎င်းက မသက်ဆိုင်သော်လည်း ဆိုင်ယာနားမထောင်မှာကို ကြောက်တာကြောင့် ဖလော်ရီသည် ခေါင်းညိတ်ပြလိုက်သည်။
"အင်း ဟုတ်တယ် ဟုတ်တယ်! အဲ့လိုပဲ"
ထိုမိန်းမသည် ရွှေတွင်းကိစ္စနှင့်ပတ်သက်လာသောအခါတွင် သူမက အပြစ်မရှိကြောင်း ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ခဲ့ပုံရသည်။ ဖယ်ဆန်ကို ဝန်ခံလာစေရန် လှည့်စားသော စာတစ်စောင်ကို အသုံးပြု၍ ချောက်ထဲတွန်းချခဲ့ပြီး သူ့ကိုသာမက သူ့ပတ်ဝန်းကျင်ရှိ လူများကို ဆက်လက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။
သူမသည် အမှန်တကယ်ကိုပင် အလိမ်အညာစကားများနှင့် ပြည့်နှက်နေသည့် ကောက်ကျစ်စဉ်းလဲသော အမျိုးသမီးတစ်ဦးသာဖြစ်သည်။ ဆိုင်ယာက ဖလော်ရီ၏ ပြောဆိုမှုကို လက်ခံလိုက်သည်။
ဒါပေါ့ သူမ လက်ခံမှုက ဖလော်ရီကြောင့် သက်သက်ပဲ မဟုတ်ပေ။
အကယ်၍ ထိုမိန်းမယုတ်က သူမ၏ ယုတ်မာသော လုပ်ရပ်များကို ပြန်စနေခြင်းဆိုပါက သူမ၏လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ပြီး ဖယ်ဆန်၏ မတရားခံရမှုအပေါ် အနည်းငယ်မျှဖြစ်ဖြစ် သက်သာရာရစေရန် ရည်ရွယ်ခဲ့သည်။
"ကောင်းပြီလေ။ ဧည့်ခံခန်းထဲ သွားကြရအောင်။ ငါစိတ်မကောင်းပေမယ့် အခုအရမ်းနောက်ကျနေပြီမို့ ကျေးဇူးပြုပြီး လိုရင်းကိုပဲပြောပါ"
ဖလော်ရီ၏ အမူအရာကပြောင်းသွားပြီး ဆိုင်ယာ နောက်သို့ ကမန်းကတန်းလိုက်သွားခဲ့သည်။
အစေခံက လက်ဖက်ရည်မယူလာရသေးခင် ဧည့်ခန်းထဲရှိဆိုဖာပေါ်၌ ထိုင်နေသော ဖလော်ရီက သူမအခြေအနေများကို ပြောပြလိုက်သည်။
"သူမကို အရွယ်ရောက်ခြင်း အခမ်းအနား ပါတီမှာ တွေ့ခဲ့တယ်။ပြီးတော့ ~ အဲ့မိန်းမက သူ့နားမှာ မတူတဲ့ပုံနဲ့ ကခုန်ရယ်မောနေခဲ့တာ။ ဆိုင်ယာဆီမှာ ဖြစ်ခဲ့သလိုပဲ သူမက ငါနဲ့ သူ့ကြားကို ဝင်ချင်နေတာ သံသယဖြစ်စရာတောင်မလိုဘူး"
ဖလော်ရီက ဆိုင်ယာ့ကို စာနာစိတ်နှင့် ဒေါသဖြစ်မည်ဟု မျှော်လင့်ရင်း သူမကြုံတွေ့ခဲ့ရသော အခြေအနေကိုပါ ယှဉ်ပြီးထည့်ပြောခဲ့သည်။
သူမပြောသည့်အထဲ တစ်ဝက်ကအမှန်ဖြစ်ခဲ့သည်။ သူမ၏အာရုံများအား မြင်မြင်ချင်း ဖမ်းစားနိုင်ခဲ့သည့် ထိုအမျိုးသားကို လူနာပဲလ်က လုယူသွားပြီး အတူတူကခုန်ခဲ့သည်။ ၎င်းက လိမ်ညာတာမဟုတ်ပေ။
ထို့ကြောင့် ဆိုင်ယာသည် သူမဘက်သို့ ချက်ချင်းရောက်လာလိမ့်မည်ဟု သူမထင်ခဲ့သော်လည်း ဆိုင်ယာက နားမလည်သလို မျက်မှောင်ကြုတ်ပြီး ပြန်တုံ့ပြန်ခဲ့သည်။
"ဒါပေမယ့် အဲ့မိန်းမက သခင်လေးဗင်းဆင့်နဲ့ ချိန်းတွေ့နေတာ မဟုတ်ဘူးလား။ အဲ့ဒီလို ကောလဟာလတွေ ကြားမိတယ်။သူတို့က ပါတီမှာ အတူတူ ကပြီး အကြာကြီး စကားစမြည်ပြောပြီးမှ ထွက်သွားကြတာတဲ့လေ"
၎င်းက ဖယ်ဆန်နှင့် ဆိုင်ယာကြား ကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ လူနာက အန်းသန့်စ်နှင့် တွဲနေကြောင်းကြားသိရကတည်းက ဖယ်ဆန်သည် လဲပြိုကျခဲ့သည်။
ထိုလူက အန်းသန့်စ် မဖြစ်နိုင်ဘူးလား ဆိုသည့်မေးခွန်းကို ဖလော်ရီ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့လိုက်သည်။
"မဟုတ်ဘူး! သူက အရမ်းကြင်နာပြီး နူးညံ့တယ်။ယဉ်ကျေးသိမ်မွေ့တယ်။သူက သေချာပေါက် ကောလဟာလတွေထဲက ရူးနေတဲ့အန်းသန့်စ်ဗင်းဆင့် မဟုတ်ဘူး!"
"ဒါဆို နင်ပြောနေချင်တာက အဲ့မိန်းမက သခင်လေး ဗင်းဆင့်နဲ့ ချိန်းတွေ့နေချိန်မှာတောင် နင့်ရဲ့ အမျိုးသားကို ကြောင်တောင်လာနှိုက်တာလား"
"ဟုတ်တယ်! အဲ့ဒါက အရှင်းကြီးပဲ!အဲ့ဒါက ပါတီမစခင်ဖြစ်ခဲ့တာက။အဲ့ဟာမက သူ့ရည်းစား ကောလဟာလတွေထဲက ဟိုအရူးကောင်မလာခင် ငါ့ကို ညှဉ်းဆဲချင်တာ ဖြစ်နိုင်တယ်!"
ဖလော်ရီက လူနာကို ယုံကြည်ချက်ရှိစွာအပြစ်တင်ခြင်းဖြင့် အခြေအနေကိုပြောင်းပြန်လှန်လိုက်ပြီး သံသယဝင်နေသော ဆိုင်ယာအား သူမဘက်သို့ စတင်ယိမ်းယိုင်လာစေခဲ့သည်။
"....ဒီမျိုးကို ထပ်လုပ်ပြန်တာလား။ ဒီတော့ ကောလဟာလတွေကိုငြင်းတဲ့ စကားတွေအားလုံးက အလိမ်အညာတွေပေါ့။သူမက သူများတကာကို ဝေဒနာပေးလိုက်ရမှ ကျေနပ်တာပဲ"
ဆိုင်ယာသည် သူမ၏အတိတ်ကို ဖလော်ရာထံတွင် မြင်လိုက်ရသလို ခံစားရပြီး သူမ၏ဒေါသကို ဖုံးကွယ်မထားနိုင်တော့ချေ။
"သူက ဘယ်မိသားစုက သခင်လေးလဲ။ အဲ့မိန်းမ ဘယ်လောက်ကောက်ကျစ်ယုတ်မာလဲဆိုတာ သူ မသိတဲ့ပုံပဲ။ ဒါဆို နင် သူ့ဆီသွားပြီး အကြောင်းကြားရမယ်လေ။ သက်သေလိုရင် ငါလည်း လိုက်ခဲ့ပေးမယ်"
၎င်းက လက်တွေ့ကျသော အကြံဉာဏ်ဖြစ်သော်လည်း ဖလော်ရီမှာ စိတ်ရှုပ်သွားခဲ့သည်။သူသည် ဘယ်မိသားစုက သခင်လေးလဲဆိုတာကို သူမ မသိနေပေ။
ထို့အပြင် သူတို့အချင်းချင်း နာမည်အပြည့်အစုံ မဖယ်လှယ်ရသေးခင်မှာတင် ခွဲခွာခဲ့ကြရတာကြောင့် သူ့ကို အခုလိုမျိုး ဒေါသတကြီးထုတ်ဖော်ပြောပြတာမျိုးက မသင့်တော်ပေ။
သူမဘဝတွင် ပထမဆုံးအကြိမ် ရင်ခုန်ခဲ့ဖူးသော အမျိုးသားအား လူနာမှလုယူသွားသော အတွေးကို သူမ သည်းမခံနိုင်ပေ။
ထို့ကြောင့် ဖလော်ရီသည် ခဏမျှ ဆင်ခြင်ပြီးနောက် အမှန်တရားနှင့် အမှားများ ရောထွေးနေသော ရှင်းလင်းချက်ကိုပြောခဲ့လိုက်သည်။
"တကယ်ကလေ ငါ သူနဲ့ကောင်းကောင်း စကားမပြောရသေးခင် အဲ့မိန်းမက သူ့ကို ငါ့ဆီကနေ ဆွဲထုတ်သွားခဲ့တာ… သူနဲ့ငါ အတူရှိနေချိန်တစ်လျှောက်လုံး သူမကစောင့်ကြည့်နေခဲ့တာ!"
ဖလော်ရီသည် သူမ၏ရင်ဘက်ထဲမှ လက်ကိုင်ပုဝါကို ဆွဲထုတ်ပြီး မျက်လုံးများကို သုတ်လိုက်သည်။ သူမစကားက ဆွဲဆောင်မှု ကင်းမဲ့နေမှန်း သိတာကြောင့် မျက်ရည်များ ညှစ်ထုတ်လိုက်သည်။
ဖလော်ရီပြောသမျှမှန်နေရင်တောင် အပြစ်တင်ရမည့်သူမှာ လူနာတင်မဟုတ်ဘဲ ထိုလူလည်းပါပေသည်။
ဖလော်ရီနှင့် အတူရှိနေရမည့်အချိန်တွင် အခြားအမျိုးသမီးတစ်ဦးဆီ သွားခြင်းက သူ၏ လောကဝတ်ကို မစောင့်ထိန်းခြင်းသာဖြစ်သည်။
သို့သော် ယခင်က လူနာ၏ ညှဉ်းဆဲခြင်းကို ခံခဲ့ရသော ဆိုင်ယာကမူ မတူညီစွာ တွေးတောခဲ့သည်။ဆိုင်ယာက ဖလော်ရီကိုကြည့်နေရင်း လူနာသည် ထိုယောက်ျားအား သူမထံမှ အမှန်တကယ် လုယူသွားခြင်းဖြစ်သည်ဟု လက်ခံလိုက်သည်။
"နောက်တစ်ကြိမ် သူနဲ့တွေ့ရင် အဲ့မိန်းမယုတ်ရဲ့ မျက်နှာအစစ်ကို ဖော်ထုတ်ပြီး သူမကို မောင်းထုတ်ပစ်လိုက်။သူက အရွယ်ရောက်ခြင်းအခမ်းအနား ပါတီကိုတောင် လာတာဆိုတော့ နှစ်သစ်ပါတီကိုလည်း လာလိမ့်မယ်။ ငါ နင့်ကို ကူညီပေးမယ်။ ငါ့ထက်ဘယ်သူမှ သူမဆီက ညှဉ်းဆဲခံရတာ မရှိဘူး"
"ဒါပေမယ့် အဲဒီမိန်းမပါ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ငါနောက်ဆုံးဆစ်ခေါက်ကပြောခဲ့သလိုပဲ ငါ့မှာလောင်းကြေးရှုံးခဲ့တာရှိတယ်။ အဲ့ဒါကြောင့် ငါသူမကို စိတ်တိုင်းကျမလုပ်းနိုင်ဘူး… သူမ ငါ့ကို ဘာထပ်ခိုင်းအုံးမယ်ဆိုတာ ငါမသိဘူး"
ဖလော်ရီ မျက်ရည်ထပ်ကျပြန်တော့သည်။၎င်းသည် အလွန်တရားမမျှတကာ ဝမ်းနည်းစရာကောင်းသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်သောကြောင့် သူမ အလွန်ဝမ်းနည်းကြေကွဲရသည်။
ဆိုင်ယာက ဖလော်ရီကို မစိုးရိမ်ရန် ပြောပြီး နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူနဲ့။ ငါသူနဲ့စကားပြောပေးမယ်။ အခြေအနေမကောင်းရင် ငါတို့ သူ့ကို သီးခြားဆက်သွယ်ပြီး စကားပြောလို့ရတယ်"
"တကယ်လား။ကျေးဇူးတင်ပါတယ်!"
ထို့နောက် ဖလော်ရီသည် ဆိုင်ယာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ တကယ်ပင် ဆိုင်ယာကလွဲပြီး ဘယ်သူမှ မရှိပေ။ သူမက နူးညံ့ပုံပေါ်သော်လည်း လူနာရှေ့သို့ရောက်လာချိန်တိုင်း အမြဲတမ်း အခိုင်အမာရပ်တည်နိုင်ပေသည်။
လူမှုအဖွဲ့အစည်းအတွင်း ပုံရိပ်ကောင်းရှိသော ဆိုင်ယာက သူမဘက်မှာရှိနေသည့်အတွက်ကြောင့် အခြားအမျိုးသမီးများနှင့် စကားပြောဆိုရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
ရုံတင်စစ်ဆေးမှု၏ရလဒ်အကြောင်းကိုလည်း လူနာမှ ဖယ်ဆန်ကို လှည့်စားခဲ့တာကြောင့်ဟု ရှင်းပြနိုင်သေးသည်။
ထိုသို့လုပ်ခြင်းအားဖြင့် သူမဘက်ကို တော်တော်များများရောက်လာပြီး လူနာပဲလ်ကို သေချာပေါက် မောင်းထုတ်နိုင်မှာဖြစ်သည်။
သူမသည် ထိုလူငယ်လေးနှင့် နာမည်အပြည့်အစုံဖလှယ်ပြီး ကောင်းမွန်သောဆက်ဆံရေးတစ်ခုတည်ဆောက်ရန်နှင့် နောက်ထပ်အရာများရယူရန်အတွက် ရည်ရွယ်ခဲ့သည်။
အန်းသန့်စ်ကိုတောင် မတွေ့ဆုံရသေးဘဲ သူနှင့်ရင်းနှီးသော ဆက်ဆံရေးရှိဖို့စိတ်ကူးနေသော ဖလော်ရီသည် မားကွစ်စံအိမ်မှ ကျေနပ်သောအမူအရာဖြင့် ထွက်ခွာလာခဲ့သည်။
TK Team