Chapter 90
Viewers 14k

🌌Extra 6

အကြံဉာဏ်

 

 

"ဟုတ်လား...ကျေးဇူးအများကြီးတင်ပါတယ်..."

 

"မဟုတ်တာ...မဟုတ်တာ...မင်းကို ကူညီပေးနိုင်လို့ ဂုဏ်ယူမိပါတယ်..."

လုမော့ ဆက်သွယ်ရေးစက်ကို ချလိုက်သည်။

 

မကြာမီမှာပင် စာရွက်စာတမ်း အမြောက်အမြား ပေးပို့လာခဲ့၏။ ၎င်းက လင်း စစ်တပ်သို့ ဝင်ကတည်းက လျှို့ ဝှက်ထားခဲ့သော ဖိုင်တစ်ခုဖြစ်သည်။

 

လုမော့က သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် စားပွဲပေါ်ရှိ ဖိုင်များကို လှန်ကြည့်လိုက်သည်။


လေးစားထိုက်စရာ ဆရာဝန်အိုကြီး ဒေါက်တာလိုက်ကို ဆက်သွယ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြဿနာများက ဆယ်ကျော်သက်အရွယ် အတွေ့အကြုံများနှင့် မကြာခဏ ဆက်စပ်နေကြောင်း၊ တစ်ဦးချင်းကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သည့် အကြောင်းရင်းများကြောင့် ဖြစ်နိုင်ကြောင်း ပြောပြခဲ့၏။

 

လုမော့ ဤအပိုင်းမှ စတင်ရန် စီစဉ်ခဲ့သည်။ စစ်တပ်ကို ဆက်သွယ်ပြီးနောက် သူက လင်း၏ ဖိုင်ကို ရရှိခဲ့သည်။

 

[XXXX နှစ်...X လ....X ရက် တတိယတပ်ခွဲလက်အောက်ရှိ ၅၂ ခုမြောက်ခရိုင်တွင် နေ့လည်စာစားချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့တယ်...ပါဝင်သူအားလုံးကို သုံးရက်ကြာ ချုပ်နှောင်ပြီး အပြစ်ပေးခံခဲ့ရတယ်...]

 

အောက်တွင် ဓါတ်ပုံများစွာ တွဲတင်ထားပြီး ထိုအချိန်က မြင်ကွင်းကို ပုံဖော်ထားသည်။

 

ဓာတ်ပုံဟောင်းများက အဝါရောင်ဘက် အနည်းငယ် သမ်းနေပြီး အစွန်းအထင်းများ စွန်းပေနေသည့်အပြင် ရေစက်သဖွယ် အစင်းရာများလည်း ရှိ၏။ ၎င်းတို့ကို စောင့်ကြည့်ကင်မရာမှ ဖမ်းယူခဲ့ပုံရသည်။

 

လူစည်ကားသော ကန်တင်းတွင် ထိုင်ခုံများ ပြည့်နေပြီး စစ်သည်တစ်ဦးစီ၏ရှေ့တွင် ဆာလောင်မှုကို ပြေပျောက်စေရန် အမှိုက်သရိုက်များကဲ့သို့ ပျော့ပျောင်းပြီး အစာကြမ်းများနှင့် ပြည့်နေသော ပန်းကန်ပြားတစ်ခု ရှိသည်။

 

လုမော့က ထောင့်တစ်နေရာတွင် ယခုပုံနှင့် မခြားနားသော စစ်ယူနီဖောင်းဝတ်ထားသည့် လင်းကို ကြည့်လိုက်၏။

 

ဤအခိုက်အတန့်တွင် မြင်ကွင်းတစ်ခုလုံးက သာမန်နေ့တစ်ခုလိုပင်ဖြစ်သော်လည်း ပုံ၏ အလယ်တွင် တစ်ခုခုလုပ်တော့မည်ကဲ့သို့ ဒေါသများပြည့်နှက်နေသည့် မျက်နှာဖြင့် ပုံမှန်မဟုတ်စွာရပ်နေသော စစ်သည်တစ်ဦးကို လုမော့ တွေ့လိုက်ရသည်။

 

မျှော်လင့်ထားသည့်အတိုင်း နောက်ပုံတွင် ထိုစစ်သည်က ကုလားထိုင်ပေါ်၌ရပ်ကာ သူ့ဦးခေါင်းထက်တွင် ထမင်းဗန်းကို တင်လိုက်သည်။ စစ်သည်အားလုံးကို မျက်နှာချင်းဆိုင်ကာ သူ့လက်သီးတစ်ဖက်ဆုပ်ထားပြီး လည်ပင်းတွင် သွေးကြောများကြွထနေကာ စိတ်အား ထက်သန်စွာ ပြောဆိုနေပုံရသည်။

 

လုမော့က သူဘာပြောနေကြောင်း ခန့်မှန်းနိုင်သည်။

'ဒီလိုမျိုးအစာတွေကို ဝက်တွေကိုပဲ ကျွေးသင့်တယ်...ငါ့မွေးရပ်မြေက ခွေးတွေတောင် ဒီ့ထက် ပိုစားတယ်...သူတို့က စစ်သည်တောင် မဟုတ်ဘူး..."

 

သူ့စကားများက ကြာရှည်စွာ နာကျည်းမှုများကို ခံတွင်းတွေ့ခဲ့ကြသော စစ်သည်များ အားလုံးအတွက် သေချာပေါက် အံဝင်ခွင်ကျဖြစ်ခဲ့ပြီး ယနေ့တွင် ၎င်းတို့၏ မကျေနပ်မှုများ ပေါ်ပေါက်လာသည်။

 

နောက်ပုံတွင် စစ်သည်များအားလုံး လက်နက်ကိုင်ပြီး ကန်တင်းဆိုင်ဆီသို့ ပြေးလာကြ၏။

 

ထောင့်တွင်ထိုင်နေသော လင်းလည်း ထရပ်လိုက်၏။ သူက တစ်နေရာမှ လျှို့ဝှက်စွာ ဖျက်ယူထားသော သံတုတ်ကို ကိုင်ကာ သူ့အင်္ကျီလက်များကို လိပ်တင်လိုက်သည်။

 

သူ့မျက်နှာမှာ အခြားစစ်သားများကဲ့သို့ ဒေါသအမျက်မထွက်နေချေ။ ယင်းအစား သူ့မျက်လုံးများက အနီးနားရှိ စားပွဲပေါ်ရှိ ပန်းကန်ပြားပေါ်တွင် စိုက်ကြည့်နေသည်။

 

ပို၍အတိအကျပြောရမည်ဆိုပါက အနီးနားရှိ ပန်းကန်ပြားပေါ်တွင် ကျန်ခဲ့သော ဘယ်ရီသီးသေးသေးလေးကိုပင်။

 

လုမော့ လင်း တစ်ချိန်က သူ့ကို ပြောပြခဲ့ဖူးသည့် အကြောင်းကို သတိရမိသည်။

 

ဤဘယ်ရီသီးအပါအဝင် စစ်တပ်စခန်းရှိ စိတ်ဝင်စားဖွယ် အဖြစ်အပျက်များ။

 

စားသောက်မှုတွင် တစ်လုံးတည်းသော စားသုံးနိုင်သောပစ္စည်းဖြစ်ခဲ့ပြီး လူတစ်ဦးစီက တစ်နပ်လျှင် တစ်လုံးသာ ရရှိသည်။

 

သူ နောက်စာမျက်နှာကို လှည့်ကြည့်ပြီး ပုံများကို ကြည့်လိုက်၏။

 

စစ်သည်များက မီးဖိုချောင်တံခါးကို ဖြတ်သွားကြ၏။ ထွားကြိုင်းသော ကန်တင်းဆိုင်စားဖိုမှူးက စားပွဲအောက်တွင် ကြောက်လန့်တကြား ဝပ်တွားနေသည်။ လက်တစ်ဖက်က ပန်းကန်ပြားကို ကိုင်ဆောင်ထားကာ ဧရိယာကို စစ်ဆေးနေသည့် ဆိုင်မန်နေဂျာက မြေပြင်ပေါ်တွင်ထိုင်ကာ ကျန်လက်တစ်ဖက်က အလိုလို ဆန့်ထွက်လာပြီး ဒေါသတကြီး သူဆီ ပြေးလာသည့် စစ်သည်များကို ရပ်တန့်ရန် ကြိုးစားနေသည်။

 

လင်းက ပါဝင်ပစ္စည်းများ သိုလှောင်ရန်အတွက် အသုံးပြုသည့် အနီးနားရှိ ဗီရိုတစ်ခုအနီးတွင် ဒူးတစ်ဝက် ဒူးထောက်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သော့တစ်ချောင်း ကိုင်ထားပြီး သော့ဖွင့်လိုက်၏။

 

လုမော့: "..."

 

စစ်ဦးထုပ်အောက်တွင် သူ့ပါးစပ်ထောင့်မှ ဘယ်ရီသီးပင် အနည်းငယ် ထွက်လာသည်ကို တွေ့ရပြီး လင်း၏ ပါးဖောင်းထွက်လာသည်ကို တွေ့လိုက်ရသည်။


လင်းက ပရမ်းပတာဖြစ်ခြင်းကို အခွင့်ကောင်းယူကာ အခြားစစ်သည်များ မစားရသောအသီး များကို လုယူပြီး ပါးစပ်ထဲသို့ အားလုံးထည့်လိုက်သည်ကို သူ စိတ်ကူးကြည့်နိုင်သည်။


ထို့နောက် လျှို့ဝှက်စွာဖြင့် ဗီရိုသော့ကို ယူနိုင်ခဲ့၏။ ထိုသို့ ဖရိုဖရဲ အခြေအနေမျိုးတွင် သူ့ကို ပြန်ပြီးခြေရာခံရန် မဖြစ်နိုင်ချေ။

 

..................

 

လုမော့က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မျက်နှာကို ဖိုင်တွဲဖြင့်အုပ်ကာ ရယ်မောလိုက်၏။

 

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

 

အပြင်မှ လင်းက အသံပေး၏။

 ''လူကြီးမင်း...ကျွန်တော် အခန်းသန့်ရှင်းရေးလုပ်ဖို့ လာပါပြီ..."

 

လုမော့က သူ့မျက်နှာသူ အလျင်အမြန် ပြင်လိုက်ပြီး ဖိုင်တွဲများကို အံဆွဲထဲသို့ပြန်ထည့်ကာ လည်ချောင်းရှင်းပြီး ပြောလိုက်၏။

“ဝင်ခဲ့ပါ...”

 

လင်းက ရှုပ်ထွေးသော ခံစားချက်ဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။

 

သူ ဤနေရာတွင် ရက်အတော်ကြာနေခဲ့၍ ဤအိမ်၏ အခြားပိုင်ရှင်တစ်ယောက်အကြောင်း  နားလည်မှု အချို့ရခဲ့၏။

 

အခြားသူများ၏ ပါးစပ်တွင် သူက ရင့်ကျက်တည်ငြိမ်ပြီး စွမ်းရည်မြင့်မားသော အမျိုးသမီးဇာ့ဂ် တစ်ဦးဖြစ်သည်။

 

တွေ့ရခဲသော လုမော့နှင့်မတူဘဲ သူ၏ အိမ်သူဘုရင်မက စိတ်သဘောထား နူးညံ့သိမ်မွေ့နေသည်။ အခြားသူများနှင့် ဆက်ဆံသောအခါတွင် သူ့မျက်နှာက အမြဲတမ်း ပြုံးနေပြီး အခြားအဆင့်မြင့်အမျိုးသမီးဇာ့ဂ်များနှင့်လည်း အကျင့်စရိုက်ချင်း မတူညီပေ။


လုမော့နှင့် အိမ်သူဘုရင်မတို့၏ ဆက်ဆံရေးအကြောင်း သူတို့မေးသည်အချိန်တွင် သူတို့မျက်နှာတွင် ထူးခြားသည့် အမူအရာတစ်ခု ပေါ်လာလိမ့်မည်။

 

ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြင့် သူတို့က အဓိပ္ပါယ်ရှိစွာ သက်ပြင်းချလိုက်ကြမည်။

 "အိုး... ဒါနဲ့ မင်းက အဲလိုမျိုး..."

 

လင်းက ရှက်ရွံ့စွာဖြင့် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...မင်းမှားနေတယ်...ငါ မဟုတ်ဘူးနော်... ငါ သခင့်အပေါ် ဒီလိုခံစား ချက်မျိုးမရှိဘူး..."

 

မင်းတို့ကသာ လုမော့ကို ရတနာအဖြစ် ဆက်ဆံနေတာမလား...

 

သူက ထိပ်တန်းအမျိုးသားဇာ့ဂ်တစ်ယောက်ဖြစ်ရုံမကဘဲ ချောမောပြီး ချမ်းသာနေရင်တောင် သူ့ပင်ကိုယ်စရိုက်က သူ့အားသာချက်အားလုံးကို နှိမ်ဖို့ လုံလောက်နေပြီမလား...

 

မီးခိုရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်ဖြစ်သူ အိချိီက ပြုံးပြီး ပြောပြန်၏။

"ဒါပေမယ့် သခင်က မင်းကို အထူးအလေးပေးတာပဲလေ..."

 

လင်း: "..."

 

အိချိီက သူ့ခုခံမှုကို ခံစားမိပြီး သူရောထွေးနေသည့် အရာများကို ဖယ်ထားလိုက်ပြီး မေးလိုက်၏။

“ငါ့ဇာတ်လမ်းကို နားထောင်ဖို့ စိတ်ဝင်စားလားလို့ ငါသိချင်တယ်...”

 

"မင်းဆီမှာ သခင်နဲ့ ပတ်သက်ပြီး အထင်လွဲစရာတွေ ရှိမယ်ထင်တယ်..."


လင်း ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်၏။

"ဟုတ်ပါတယ်..."

 

..............

 

အိချိီ၏ ဇာတ်လမ်းက အတိုချုံးဖြစ်ပြီး ပြောပြရန် မိနစ်အနည်းငယ်သာ ကြာ၏။ နားထောင်ပြီးနောက် လင်း တိတ်ဆိတ်သွားသည်။

 

သူ ခေါင်းငုံ့ကာ သူ့အမူအရာက အနည်းငယ် မှင်သက်သွားသည်။

 

ဤဇာတ်လမ်းထဲမှ လုမော့က သူစိတ်ထဲရှိလုမော့နှင့် လုံးဝကို ကွဲပြားပုံရ၏။

 

ဒါပေမယ့်...

 

လုမော့က တိတ်ဆိတ်နေသည့်ဘက်ခြမ်းကို ရံဖန်ရံခါ ပြသပြီး သူ့စိတ်အနက်ရှိုင်းဆုံးနေရာမှ ငြိမ်သက်နေသော ရောင်ဝါကို ထုတ်လွှတ်သည့် အခိုက်အတန့်များကို လင်း အမှတ်ရမိသည်။

 

သူ့အလိုလို ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု သူထင်ခဲ့သည်။

ငါ တလျှောက်လုံး မှားခဲ့တာ ဖြစ်နိုင်လား...ဒါ လုမော့ရဲ့ ပင်ကိုယ်အကျင့်စရိုက်အမှန်ပဲလား...

 

"ဘာတွေတွေးနေတာလဲ..."

 

လင်းက ခေါင်းကို လှည့်လိုက်သည်။ အိချိ၏ မေးခွန်းကို ဖြေမည့်အစား သူက ပြောလိုက်၏။

"မင်းရဲ့ ဇာတ်လမ်းပုံစံက တော်တော်ထူးခြားတယ်...ဒီလိုမျိုး ထူးထူးခြားခြား ဇာတ်လမ်းပြောပြတာမျိုး တစ်ခါမှ မကြားဖူးဘူး..."

 

စွဲမက်ဖွယ်ကောင်းပြီး စိတ်ခံစားမှုကို အမွန်းတင်သည့် ဇာတ်လမ်းများနှင့် မတူဘဲ အိချီပြောသည့်အရာက ဖြစ်ရပ်မှန်မှတ်တမ်းနှင့် မကွာလှပေ။

 

သူက အချိန် ၊ နေရာ ၊ လူများနှင့် သူတို့၏ လုပ်ဆောင်ချက်များကို အလှဆင်ခြင်း မရှိဘဲ ဖော်ပြခဲ့၏။ အိချိက စိတ်ခံစားမှု သို့မဟုတ် ထင်မြင်ချက်များနှင့် ကင်းကွာနေသော အပြင်လူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

 

ဤအရာက ဇာတ်လမ်းပြောပြခြင်း၏ သဘောသဘာဝ အစစ်အမှန်၊ ဘက်လိုက်မှုအားလုံးကို ဖယ်ထုတ်ပြီး အဖြစ်အပျက်များကိုသာ အမှန်တိုင်း ဖော်ပြခြင်းဖြစ်သည်ဟု လင်းက မတွေးဘဲ မနေနိုင်ချေ။

 

အိချိီက နွေးထွေးစွာ ပြုံးလိုက်သည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဇာတ်လမ်းတိုင်းမှာ သူ့ကိုယ်ပိုင် ထူးခြားတဲ့ ပြောပြနည်းရှိတယ်လို့ ကျွန်တော်ထင်တယ်... တစ်ခါတစ်ရံမှာ အရိုးရှင်းဆုံးနည်းလမ်းက လေးနက်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်...”

 

လင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဇာတ်လမ်း၏ အစိတ်အပိုင်းတိုင်းကို စိန်ခေါ်ရန် ကြိုးစားသည့် အတွေးများ ပျောက်ဆုံးသွားသည်။

 

အိချိီက သူ့ကို ပြုံးပြသည်။

"ဒါဆို မင်း သခင့်ကို နားလည်ဖို့ ဆန္ဒရှိလာပြီး မဟုတ်လား..."

 

မစ္စတာလင်း၏ ခံယူချက်ကိုလည်း သူတို့သတိပြုမိကြသည်။

 

မစ္စတာလင်းက တစ်ချိန်တွင် ဆရာသခင်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ဖူးကြောင်း မေ့လျော့သွားခဲ့သည်။ အိချိီက လက်ရှိ မစ္စတာလင်းကို ကြည့်ရင်း အလွန်ရင်းနှီးသော ရနံ့တစ်ခုကို ခံစားလိုက်ရသည်။


သူ့အတိတ်ကလိုပင် သူက အားနည်း၊ ကြောက်တတ်ပြီး ထိခိုက်မှုကို ခံနိုင်ရည်ရှိ၏။

 

ထိုသို့သော အခြေအနေမျိုးတွင် မစ္စတာလင်းက သဘောထားကွဲလွဲမှု တစ်စုံတစ်ရာကို တွေ့ရှိပါက အလိုလို ခုခံနိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် နောက်ဆုံးတွင် အိချိီက ဤနည်းလမ်းကို ရွေးချယ်ခဲ့သည်။

 

“ ကျွန်တော် နောက်ဆုံး အကြံဥာဏ်တစ်ခု ပေးပါရစေ..."

အိချီက လင်းကို မျက်လုံးဝင့်ပြလိုက်၏။

"သခင့်ရဲ့ အတွေးတွေကို မဆုံးဖြတ်နိုင်ရင် သူပြောနေတဲ့ စကားတစ်ခွန်းကိုမှ နားမထောင်ပါနဲ့..."

 

“သူ ဘယ်လိုပြုမူတာကိုပဲ စူးစမ်းကြည့်ပါ..."

 

......................

 

လင်းက သူကိုင်ထားသည့် ပန်းကန်ပြားကို စားပွဲပေါ် ညင်သာစွာ ချထားလိုက်၏။

 

ပန်းကန်ပြားတွင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကွတ်ကီးများ ပါ၀င်ပြီး မွှေးရနံ့များ ထွက်ပေါ်လာသည်။ လက်ဖက်ရည်ပူပူတစ်ခွက်က နူးညံ့သောအငွေ့ကို ထုတ်ပေးနေသည်။

 

မီးဖိုချောင်ဝန်ထမ်းက  လုမော့ထံသို့ နေ့စဥ်လက်ဖက်ရည် ယူသွားပေးရန် သူ့ကို ညွှန်ကြားထား၏။

 

"သခင်...ကျေးဇူးပြုပြီး သုံးဆောင်ပါ..."

 


🌌🌌🌌

 

သူတို့နှစ်ယောက် ဘယ်အချိန်ထိ သခင်နဲ့ အစေခံလုပ်တမ်းကစားနေဦးမှာလဲမသိဘူး