💘Chapter 155
ကောင်းမွန်သည့်ပူးပေါင်းမှု
သူ၏ တည်ကြည်လေးနက်သည့်အဖေက ထိုကဲ့သို့ စကားများ ပြောလာလိမ့်မည်ဟု ဝူကျိုက်လင်ထင်မထားခဲ့ချေ။ သို့သော်လည်း သေချာတွေးကြည့်လျှင် ၎င်းက လုံးဝယုံမှားဖွယ်မရှိပေ။ နောက်ဆုံးတော့လည်း အဖေက ချန်လီ၏ ပန်းချီကားများကို ကြိုက်နှစ်သက်လေသည်။
“အလင်းရောင်” ကို ခင်းကျင်းပြသသည့်အခါ ဝူကျန်းက မြို့တော်တွင် ပြသချိန်တစ်ခုလုံးနေခဲ့သည်။ သူက လေလံပွဲတွင်လည်း ပါဝင်ခဲ့ကာ ချန်လီ၏ နောက်ထပ်ပန်းချီကားတစ်ချပ်ကိုရရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း ကံမကောင်းစွာနှင့် စိတ်ပျက်စွာပြန်လာခဲ့ရ၏။
ရှန်ဟိုင်းသို့ ပြန်ရောက်လာပြီးနောက် ဝူကျန်းက ချန်လီ၏ ပန်းချီကားကို တစ်လကြာအောင် ရှာဖွေခဲ့သည်။ ရှန့်မိသားစုမှ ပန်းချီကားက သူရရှိခဲ့သမျှထဲတွင် အကောင်းဆုံး မွေးနေ့လက်ဆောင်ဖြစ်သည်။ ချန်မိသားစုမှ ပန်းချီအတုသာ ပေါ်မလာခဲ့ပါက ပြီးပြည့်စုံသည့် ပွဲတစ်ခုဖြစ်လိမ့်မည်။
ဝူကျန်းက အပြောင်အပြက်ပြောနေရုံမျှသာဖြစ်သည်။ ဝေ့ချန်က ချန်လီ၏ပါရမီအား အသုံးမချသည်ကို သေချာပြသသွားခဲ့၏။ သူက ဝူကျိုက်လင်မှတစ်ဆင့် နှစ်ဖက်လုံးကို အရှက်ရစေရန်အတွက် ထိုသတင်းစကားကို ပါးခဲ့သည်။
ဝူကျန်းနှင့် ကျန်းယဲ့တို့နှစ်ယောက် ဘာတွေဆွေးနွေးခဲ့သည်လဲ ဝူကျိုက်လင်မသိချေ။ သူက ရှုပ်ထွေးနေ၍ ပြောလိုက်သည်။ “အဖေ…ကျွန်တော့်ကို ခက်ခဲအောင်လုပ်နေတာလား…ပြီးတော့ ဒါက ဝေ့ချန်ကိုလည်း ခက်ခဲအောင် လုပ်နေတာ မဟုတ်ဘူးလား”
ဝူကျန်းက လက်ခါပြ၍ ပြောလာသည်။ “ပြောရုံတင်ပါ”
ဝူကျိုက်လင် ဆက်မပြောလိုက်ပေ။ သူက သူ့အဖေနှင့်အတူ နောက်တစ်ကြိမ် ပန်းချီကားကို ကြည့်ရှုလိုက်သည်။ ပိုကြည့်လေ၊ ပိုသဘောကျလေဖြစ်ပြီး စိတ်အခြေအနေများလည်း ပိုကောင်းလာလေဖြစ်သည်။
ချန်လီ၏ ပန်းချီကားများက ထိုကဲ့သို့ စွဲမက်ဖွယ်ကောင်းလှသည်။
အချိန်ပေးလျှင် ချန်လီက သေချာပေါက် နိုင်ငံတကာပန်းချီလောကတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာမည်ကို ဝူကျန်းရော ဝူကျိုက်လင်ရောနှစ်ယောက်လုံး ယုံကြည်ကြသည်။
ဝူကျိုက်လင်၏အကြည့်များ လေးနက်သွားသည်။ ချန်လီထင်ပေါ်ကျော်ကြားလာသည့်အခါ မရိုးသားသည့် ချန်ယွင်လန်က ချန်လီ၏စိတ်ဓာတ်ခိုင်မာမှုကြောင့် နောက်ကျကျန်ရစ်ခဲ့လိမ့်မည်ဟု သူယုံကြည်သည်။
…
ကျန်းယဲ့နှင့် ရှန့်ထျန်းချီတို့က ဝေ့ချန် ကားပေါ်သို့ တက်ပြီးနောက် နောက်ခုံတွင် တိတ်ဆိတ်စွာနှင့် ထိုင်လိုက်ကြသည်။ ဝေ့ချန်က အရှေ့ခရီးသည်ထိုင်ခုံတွင် နေရာယူ၏။ ဝူကျန်း၏ မွေးနေ့ပွဲတွင် ဂုဏ်ပြုအရက်သောက်ခဲ့သောကြောင့် သူကားမမောင်းနိုင်တော့ပေ။ ထို့ကြောင့် သူက ကျန်းယဲ့နှင့် ရှန့်ထျန်းချီတို့ တည်းခိုရာဟိုတယ်သို့ ဝေ့ယန်ကို မောင်းခိုင်းလိုက်စေသည်။
ကားထဲရှိ လေထုက တိတ်ဆိတ်နေသော်လည်း အနေခက်ခြင်းမျိုးတော့ ရှိမနေချေ။
“သခင်လေးကျန်း...” ဝေ့ချန်၏အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ကျန်းယဲ့လို့ပဲခေါ်ပါ” ကျန်းယဲ့က ဝေ့ယန်ကိုနှောင့်ယှက်လိုက်သည်။
“ကျန်းယဲ့” ဝေ့ချန်က ချောမွေ့စွာဖြင့် ပြင်ခေါ်လိုက်သည်။ “တစ်ခုခုပြောစရာရှိရင် ပြောလိုက်...ငါတို့က ချုံပုတ်အကွယ်မှာ မဟုတ်တာလုပ်တတ်တဲ့သူတွေမဟုတ်မှန်း ငါယုံတယ်”
“တိတ်ဆိတ်တဲ့နေရာလေးတစ်ခုကိုရှာပြီး မပြောသင့်ဘူးလား” ဝေ့ချန်က စိတ်အားထက်သန်နေသည်ကို ကျန်းယဲ့ စိတ်မကွက်သွားချေ။
ဝေ့ချန် တုံ့ပြန်လိုက်၏။ “ငါမင်းကိုမဖုံးမကွယ်ဘဲပြောမယ်...ဒီညပဲ မြို့တော်ကို ပြန်ဖို့ ငါလေယာဥ်လက်မှတ် ကြိုတင်ထားပြီးပြီ...ရှန်ဟိုင်းမှာ အချိန်ဖြုန်းဖို့ အချိန်မရလောက်ဘူး”
တကယ်တမ်းတွင် ဝေ့ချန်၏ နှလုံးသားက အိမ်ပြန်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ချန်လီ သူ့ကိုစောင့်နေသည်ဆိုသည့် အတွေးက ချက်ချင်း ချန်လီဆီသို့ ပျံသန်းသွားနိုင်ရန် အတောင်ပံများပေါက်လာချင်သည့် မျှော်လင့်ချက်များပင် ဖြစ်ပေါ်လာစေသည်။
“ကောင်းပါပြီ” ကျန်းယဲ့က အကြောင်းအရင်းကို မမေးလိုက်ချေ။ သူက အဓိကအချက်ကိုသာ သွားလိုက်သည်။
“ကျွန်တော် A Zone ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတယ်”
“သခင်လေးကျန်း...နေရာမှားပြီးကြည့်နေမိပြီ” ဝေ့ချန်က မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာမရှိဘဲ ပြောလာခဲ့သည်။ ဝေ့ချန်က မျက်နှာတွင် ခံစားချက်တစ်ခုမှမရှိဘဲ ပြောလာသည်။
“ဒီပရောဂျက်က ငါ့လက်အောက်မှာမဟုတ်ဘူး...အခုမှရအောင်လုပ်နေတုန်းရှိသေးတယ်...အခုလိုပြောဖို့က နည်းနည်းစောနေသေးတယ်”
၎င်းက စောနေရုံသာဖြစ်ပြီး အချည်းနှီးဖြစ်သွားသည့် ကြိုးစားအားထုတ်မှုတော့ မဟုတ်ပေ။ ဤစကားများက ပရောဂျက်ကို သူရအောင်ယူနိုင်ကြောင်း ယုံကြည်ချက်ကိုဖော်ပြနေသည်။
“မစောတော့ပါဘူး” ကျန်းယဲ့က ပြုံး၍ အဓိပ္ပာယ်တစ်ချို့ကို ကွယ်ဝှက်ရင်း ပြောလာသည်။ ပါးချိုင့်လေးများက ပေါ်လာပြီး မျက်နှာကိုပေါ်၍ ချောမောသွားစေသည်။
“ဒီပရောဂျက်က ခင်ဗျားတို့ဝေ့မိသားစုအပိုင် ဖြစ်နေပြီလို့ ပြောရင်ရော”
စကားဝိုင်းတွင် စိတ်မပါသည့် ဝေ့ယန်မှာ ခဏလောက် စိတ်လွတ်သွားရသည်။ ကားက လမ်းပေါ်တွင် သိသိသာသာ Sပုံစံ ဝေ့ဝိုက်သွား၏။ ကံကောင်းစွာနှင့် ထိုအချိန်တွင် ယာဥ်အသွားအလာမရှိခြင်းက မတော်တဆမှုကို ကာကွယ်ပေးခဲ့လေသည်။
သခင်လေးကျန်းက ဘယ်သူများလဲ...။ ရှန်ဟိုင်းက လူတော်တော်များများ လိုချင်နေကြတဲ့ ဒီပရောဂျက်ကို သူက ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ ရခဲ့တာလဲ...။
ဝေ့ယန်၏အံ့ဩသွားမှုနှင့်မတူဘဲ ဝေ့ချန်ကတော့ ဤရလဒ်ကို ကြိုတင်သိနေသကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။ ကျန်းယဲ့က ကားကြုံလိုက်ပြီး ဟိုတယ်တွင် ချပေးရန် တောင်းဆိုလာကတည်းက ဝေ့ချန်က ကျန်းယဲ့၏ ရည်ရွယ်ချက်များကို သတိထားမိခဲ့တာဖြစ်သည်။
ထို့ကြောင့် သူ၏ရည်ရွယ်ချက်ကို ထုတ်ပြောလာသည့်အချိန်၌ ဝေ့ချန်က အံ့ဩခြင်းတစ်စုံတစ်ရာမရှိဘဲ တည်ငြိမ်စွာနှင့် နေနိုင်ခဲ့၏။ တကယ်တမ်းတွင် ဝေ့ချန်က ကျန်းယဲ့ ထိုစကားများ ပြောလာမည်ကို စောင့်နေခဲ့တာဖြစ်သည်။
“ကျန်းယဲ့...ကောင်းကောင်းလက်တွဲကြတာပေါ့” ဝေ့ချန်က ခရီးသည်ခုံမှလှည့်လာကာ ကျန်းယဲ့ဆီသို့ လက်ဆန့်ပေးလာသည်။
ကျန်းယဲ့လည်း လက်လှမ်းလိုက်ကာ ဝေ့ချန်၏လက်ကို ဆွဲလိုက်သည်။ သေးသွယ်ကျစ်လစ်နှင့် လက်နှစ်ဖက်က အတူတကွ ပေါင်းစပ်သွားကြ၏။ အနာဂတ်တွင် သူတို့က ရှန်ဟိုင်းမြို့ကို ကိုင်လှုပ်မည့် ပရောဂျက်တစ်ခုကို ဖန်တီးကာ မြို့တော်၏အထင်ကရများ ဖြစ်လာကြလိမ့်မည်။ အခြားမြို့များနှင့် နိုင်ငံများကလည်း အလားတူ လိုက်လုပ်ကြလိမ့်မည်။ သို့သော်ငြား ကျန်းယဲ့နှင့်ဝေ့ချန်တို့ ပြီးမြောက်အောင်မြင်ခဲ့သည်ကိုတော့ မည်သည့်မြို့၊ မည်သည့်နိုင်ငံကမှ လိုက်မီလိမ့်မည်မဟုတ်ချေ။
သေချာသည်ကတော့ ဒါက နောက်ပိုင်းဇာတ်လမ်းဖြစ်သည်။
ယခုအချိန်တွင်တော့ ကျန်းယဲ့နှင့် ဝေ့ချန်တို့က စာချုပ်တွင် လက်မှတ်မထိုးရသေးသော်လည်း သူတို့၏ လက်တွဲမှုက မြန်မြန်ဆန်ဆန်ပဲ ဖြစ်မြောက်သွားပြီဖြစ်သည်။
ထို့နောက်တွင်တော့ ဝေ့ယန်က ဤပရောဂျက်အတွက် တာဝန်ရှိသူဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ပြော၍ သူ့ကို ကျန်းယဲ့နှင့် မိတ်ဆက်ပေးလိုက်သည်။
ကားမောင်းနေရင်းဖြစ်သည့်အတွက် ဝေ့ယန်က ကားနောက်ကြည့်မှန်မှတစ်ဆင့် နောက်ခုံရှိ ကျန်းယဲ့အား ခေါင်းညိတ်ပြလိုက်သည်။
ကျန်းယဲ့က မကျေနပ်သည်မျိုးပြမလာချေ။ လွန်ခဲ့သည့် သင်ခန်းစာပို့ချချိန်တွင် ဝေ့ချန်၏ လုပ်ဆောင်နိုင်စွမ်းများကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရပြီး စီးပွားရေးမဂ္ဂဇင်းများတွင် ဝေ့ချန်အကြောင်း ဆောင်းပါးများကိုလည်း ဖတ်ခဲ့ဖူးသည်။ ထို့အပြင် မလာခင်ကပင် သူက သူ့ဝမ်းကွဲဖြစ်သည့် ရှန့်ထျန်းချီကို တကူးတကသွားရှာခဲ့ပြီး ဝေ့ချန်အကြောင်းကို မေးခဲ့သေးသည်။ တစ်ယောက်ယောက်ကို မြှောက်ပင့်ခဲသည့် ရှန့်ထျန်းချီက ဝေ့ချန်အကြောင်းကို ချီးမွမ်းပြောဆိုခဲ့၏။ ထို့ကြောင့် ဝေ့ချန်၏ အလုပ်ကျွမ်းကျင်မှုက တကယ်ကို လက်ဖျားခါစရာပင်ဖြစ်သည်။
သူတို့ ဝေ့ချန်နှင့် ပူးပေါင်းပြီဆိုမှတော့ ကျန်းယဲ့က ဝေ့ချန်၏ အကဲဖြတ်မှုကိုလည်း ယုံကြည်သည်။ ဝေ့ချန်သာ ဝေ့ယန်ကို သင့်တော်သည်ဟုထင်ပါက သူလည်းထိုသို့ထင်လိုက်မည်။ ဝေ့ချန်က နောက်ကွယ်မှသည် လားရာအားလုံးကို ခြုံငုံကြည့်တတ်သည့်လူဟု ကျန်းယဲ့ယုံကြည်သည်။
ကျန်းယဲ့က သူ့ကို ချက်ချင်း လက်ခံလိုက်သည်ကို မြင်သောအခါ ဝေ့ယန်မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။ ကျန်းယဲ့က ဘယ်လိုလူမျိုးဖြစ်ကြောင်း သူ မဖမ်းဆုပ်နိုင်သေးပေ။
သူက အရာအားလုံးကို လက်ခံနိုင်တဲ့သူလား...။ တစ်ဦးတည်းကို ရင်းနှီးမြှုပ်နှံတာက အမြတ်ငွေကို အပြန်အလှန်ရမယ်လို့ရော ယုံကြည်တာလား...။ ဒါမှမဟုတ် ဒါက လူတွေကို အလုပ်ပေးတဲ့ ကျန်းယဲ့ရဲ့ပုံစံပဲလား...။
ဝေ့ယန်နားမလည်သော်လည်း များများမတွေးလိုက်ပေ။ သူတို့ သူ့ကိုယုံကြည်မှတော့ မခိုမကပ်ဘဲ ယုံကြည်စိတ်ချစွာ ကြိုးစားအားထုတ်ရမည်။
ပြဿနာတစ်ခုခုဖြစ်လာလျှင်တောင် ဝေ့ချန်နှင့်ကျန်းယဲ့တို့က သူ့အနောက်တွင်ရှိသောကြောင့် ဝေ့ယန်စိတ်သက်သာရာရသည်။ ထိုအကောင်းမြင်မှုက တကယ်တမ်းတွင် သူ့ကိုယ်ပိုင် စွမ်းဆောင်ရည်များကို ယုံကြည်မှုပင်ဖြစ်၏။
သိပ်မကြာခင်တွင် ကားက ကျန်းယဲ့နှင့် ရှန့်ထျန်းချီတို့ တည်းခိုနေသည့် ဟိုတယ်အရှေ့တွင် ရပ်သွားသည်။ နှစ်ယောက်သား ဟိုတယ်ထဲသို့ ဝင်သွားသည်ကိုကြည့်ပြီးနောက် ဝေ့ယန်က ဝေ့ချန်ကို လေဆိပ်သို့ လိုက်ပို့လိုက်သည်။
ကားထဲတွင် ဝေ့ယန်မနေနိုင်ဘဲ မေးလာ၏။ “ဘာလို့ ဒီသခင်လေးကျန်းက ငါတို့နဲ့ လက်တွဲချင်ရတာလဲ...ရှန်ဟိုင်းမှာ ရှိတဲ့ လူအများကြီးက ဒီပရောဂျက်ကိုလိုချင်နေကြတာ ငါတို့ထက် ပိုသင့်တော်တဲ့ လူတွေတောင်ရှိတာပဲကို”
၎င်းက ဝေ့ယန်၏ သံသယဖြစ်သည်။
ဝေ့ချန် ပြန်ပြောလိုက်သည်။ “ငါတို့က အသင့်တော်ဆုံးပဲ” သူ့အသံတွင် ယုံကြည်ချက်များ ပါဝင်နေ၏။
“ဘာလို့လဲ” ဝေ့ယန် ထပ်မေးလိုက်သည်။
“ဘာလို့ဆို ငါမင်းကိုယုံလို့” ဝေ့ချန်ပြောလိုက်သည်။ ထိုစကားတွင် ခံစားချက်တစိုးတစိပါမနေဘဲ ရိုးရှင်းစွာနှင့် အမှန်တရားကို ဖော်ပြထားရုံတင်ဖြစ်သည်။
ဝေ့ယန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခဏလောက် ဆွံ့အသွားရသည်။ ဝေ့ချန်က ခံစားချက်တစ်စုံတရာမပါဘဲ အမှန်တရားကိုသာ ပြောနေကြောင်း သူသိသည်။ သို့သော်လည်း တည့်တိုးဆန်သည့် “ငါမင်းကိုယုံလို့” ဆိုသည်ကတော့ သူ့အပေါ် သိသိသာသာ သက်ရောက်ကာ မျက်လုံးများမှာ အနည်းငယ် ပူနွေးလာတော့သည်။
ဤခံစားချက်က နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ခဲ့ရသည့်ခံစားချက်နှင့်တူသည်။ သူစိတ်ကူးယဥ်ခဲ့ရသည့် ပြိုင်ဘက်၏ အသိအမှတ်ပြုခြင်းခံရကာ ကြိုတင်အသိပေးခြင်းမရှိဘဲ အလွန်ထူးခြားသည့် ပရောဂျက်တစ်ခုကို ရရှိခဲ့ခြင်းပင်။ ယခုတွင် ဝေ့ယန်က သူ့ဘဝမှာ အချည်းနှီးမဟုတ်တော့သလို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများက အလဟဿ မဖြစ်ခဲ့ချေ။
ကားလေးက လမ်းတစ်လျှောက် ချောချောမွေ့မွေ့ မောင်းနှင်လာကာ နောက်ဆုံးတွင် လေဆိပ်သို့ ရောက်လာခဲ့သည်။ ဝေ့ယန်က ဝေ့ချန် လေဆိပ်ထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်၏။ ထိုအချိန်တွင် ဝေ့ချန်၏ စိတ်မရှည်ဖြစ်နေမှုများကို ဝေ့ယန် သတိထားမိသွားသည်။
ထိုခံစားချက်ကို နားမလည်နိုင်သော်လည်း ဝေ့ယန် မနာလိုတော့ဖြစ်မိသည်။ လူများသည့်နေရာ သို့မဟုတ် မည်သည့်နေရာကိုပဲသွားပါစေ၊ တစ်ယောက်ယောက်က ပြန်အလာကို စောင့်မျှော်နေသည်လေ။ အိမ်ကို ရှာတွေ့သွားသည့် နှလုံးသားက ဘယ်ကိုမှ လျှောက်သွားနေတော့မည်မဟုတ်ချေ။
ဝေ့ယန်ပြုံးလိုက်ကာ ကားစက်နှိုး၍ လေဆိပ်မှ ပြန်ထွက်လာလိုက်သည်။
ဝေ့ယန် ဝေ့မိသားစုအိမ်သို့ ပြန်ရောက်သောအခါ အိမ်တော်ထိန်းကျန်းက ဧည့်ခန်းထဲတွင် စောင့်နေလေသည်။ ဝေ့ယန်ပြန်လာသည်ကို မြင်သည်နှင့် သူက ချဥ်းကပ်လာခဲ့သည်။
“သခင်လေးယန်…သခင်ကြီးစောင့်နေတာ နည်းနည်းလေး ကြာနေပါပြီ” အိမ်တော်ထိန်းကျန်းက ဝေ့ယန်က သခင်ကြီးဝေ့၏ စာကြည့်ခန်းသို့ လမ်းညွှန်ရင်း ပြောလိုက်သည်။
“အဖိုး…တစ်ခုခုလိုလို့လား” သခင်ကြီးဝေ့အရှေ့တွင် ဝေ့ယန်၏ အပြုအမူများက တလေးတစားရှိပြီး မျက်နှာပေါ်မှ ပြုံးရွှင်ရွှင်အမူအရာကို ခွာချထားကာ စားပွဲခုံအရှေ့တွင်ရပ်နေလိုက်သည်။
ထိုအချိန်တွင် သခင်ကြီးဝေ့က လက်ရေးအလှလေ့ကျင့်နေပြီး စုတ်တံဆွဲချက်များက ချောမွေ့စွာနှင့် ရွေ့လျားနေ၏။ ဆွဲချက်တစ်ချက်တည်းနှင့်တင် သူက စကားလုံးတစ်လုံးကို ပြီးမြောက်သွားခဲ့သည်။ သူကိုယ်တိုင်ကလွဲ၍ မည်သူကမှ သူရေးထားသည်ကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိကြချေ။
ရေးဆွဲပြီးသွားပြီးနောက် သခင်ကြီးဝေ့က ဝေ့ယန်ကို မော့ကြည့်လာပြီး ပြောလိုက်သည်။ “အားချန် ငါ့ကို ပြောပြီးပြီ”
သူတို့ ဘာပြောခဲ့ကြောင်း အသေးစိတ်တော့ မပြောသော်လည်း A Zone ပရောဂျက်နှင့် ပက်သတ်လိမ့်မည်ဟု ဝေ့ယန်တွေးလိုက်သည်။
စိတ်လှုပ်ရှားလာရင်း ဝေ့ယန်က ထိုကိစ္စအပေါ်တွင် သခင်ကြီးဝေ့၏ သဘောထားကို မသိရသေးချေ။ လက်ခံသည်လား…ဆန့်ကျင်သည်လား…။
“ဒီကိစ္စတစ်ခုလုံးကို အားချန်ဆီ ယုံယုံကြည်ကြည်နဲ့ လွှဲထားမှတော့ သူကိုင်တွယ်တဲ့အပေါ်မှာ ဝင်နှောင့်ယှက်မှာ မဟုတ်ဘူး” သခင်ကြီးဝေ့က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ “ပြီးတော့ အားချန်က မင်းကိုယုံမှတော့ သူစိတ်မပျက်အောင် သေချာလုပ်ရလိမ့်မယ်”
“ကျွန်တော် နားလည်ပါတယ်” ဝေ့ယန်ပြန်ဖြေလိုက်သည်။ ယခုတော့ သူ သခင်ကြီးဝေ့၏ ရည်ရွယ်ချက်ကို နားလည်သွားတော့သည်။ ၎င်းက ဆန့်ကျင်ခြင်း၊ သဘောတူခြင်းမျိုးမရှိဘဲ လမ်းပြပေးသည့် စကားလုံးများသာဖြစ်သည်။
“A Zone ပရောဂျက်က ဘယ်လောက်အရေးကြီးလဲဆိုတာတော့ မပြောတော့ဘူး…အဲ့ဒါက ငါတို့ ဝေ့မိသားစုလက်ထဲရောက်လာမှတော့ အကောင်းဆုံးဖြစ်အောင်လုပ်” သခင်ကြီးဝေ့က ပြောလိုက်သည်။ “မင်းလည်း အသက်မငယ်တော့ဘူး…ငါ့မျက်လုံးထဲဝင်အောင် တစ်ခုခုအောင်မြင်ထားသင့်တယ်”
“ကျွန်တော် နားလည်ပါပြီ…အဖိုး” ဝေ့ယန်က တလေးတနက်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူက ဝေ့ချန်ကို တိတ်တဆိတ် ကျေးဇူးတင်မိသည်။ သူ့အဖိုးက အခုလို အခွင့်အရေးပေးလာခြင်းမှာ ဝေ့ချန်ကြောင့်ဖြစ်ကြောင်း သူသိသည်။
ဤသို့ဖြစ်လာမှတော့ လူတိုင်းကို ကျေနပ်နိုင်သည့် အဖြေတစ်ခုတော့ ပေးနိုင်အောင် လုပ်ရလိမ့်မည်။ ထိုအခိုက်အတန့်တွင် ဝေ့ယန်၏ စိတ်ဓာတ်ခိုင်မာမှုက ယခင်ကထက်ပို၍ ပြင်းထန်နေခဲ့သည်။
ပြောစရာရှိသည်ကို ပြောပြီးသည်နှင့် သခင်ကြီးဝေ့က လက်ခါပြ၍ ဝေ့ယန်ကို ထွက်သွားခိုင်းလိုက်သည်။ စာကြည့်ခန်းထဲတွင် လူမရှိတော့ဘဲ သူနှင့် အိမ်တော်ထိန်းကျန်းသာရှိတော့သည့်အချိန်တွင် သခင်ကြီးဝေ့က စကားပြောလာသည်။ “အားချန်က ပိုရင့်ကျက်လာပြီ…သူ့ရဲ့ အပြုအမူတွေကလည်း ပိုပြီး ကျယ်ပြန့်လာတယ်…သူ့ကို သုံးနှစ် လွတ်လပ်ခွင့်ပေးပြီး သူ့လမ်းသူလျှောက်ခိုင်းတာက ဆိုးတဲ့အရာတစ်ခုတော့ မဟုတ်လောက်ဘူး”
“ဟုတ်ပါတယ်…သခင်ကြီးဝေ့…သခင်လေးချန်က အမြဲတမ်း ထူးထူးချွန်ချွန်ပါပဲ” အိမ်တော်ထိန်းကျန်းက ဘေးမှ အသံပေးကာ ဂုဏ်ယူနေသည့် အရိပ်အယောင်များ ပြသနေလေသည်။
💘