ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၇၃)
"အင်း"
ကျွန်မ ထိုအကြောင်း တွေးနေမိသည့်တိုင် စိုးရိမ်စိတ်များက အလွန်ကြာရှည်နေခြင်း မရှိပေ။ဆိုဗက်စ်စတာ မသေစေရန် မျှော်လင့်မိသည်က အလွန်သဘာဝကျသော ကိစ္စဖြစ်၏။
လူတစ်ယောက်သည် သူ နေ့စဥ်နေတိုင်း တွေ့မြင်နေကျ လူများကို သေစေချင်နေသည်ဆိုလျှင် ထိုသူမှာ စိတ်ဝေဒနာရှင် တစ်ဦး ဖြစ်သည်မှာ သေချာ၏။
ကျွန်မက စိတ်ဝေဒနာရှင် မဟုတ်သည့်အတွက် ဆိုဗက်စ်စတာကို မသေစေချင်မိပေ။
ထို့ထက် တခြားအကြောင်းပြချက် မရှိပါ။
ဟုတ်တယ်မလား။
တခြား ဘာမှ မရှိသင့်ပေ။
ကျွန်မ ရေချိုးဇလုံထဲမှ ထလိုက်ပြီး ဆိုဗက်စ်စတာကို မကြိုက်ရန် ကတိအသစ်တစ်ခု ထပ်ပေးလိုက်သည်။
ရေချိုးခန်းထဲတွင် ရေများ စင်ထွက်သွားပါ၏။တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသော အိုင်ရင်းက ကျွန်မ ရေချိုးဇလုံထဲမှ ထွက်သည်ကို ကူညီပေးရန် အခန်းတွင်းသို့ အပြေးအလွှား ရောက်လာလေသည်။
"ဒီနေ့ မဒမ် အချိန်တစ်ခု ကြာတဲ့အထိ ရေစိမ်နေခဲ့ပါလား။"
အိုင်ရင်းက တက်ကြွစွာ ပြောသည်။
"အင်း၊ငါ့မှာ တွေးစရာကိစ္စလေးတွေ ရှိနေလို့။"
"အဲ့လိုလား။"
အိုင်ရင်းက ခေါင်းကို စောင်းလိုက်သည်။ထို့နောက် သူမက 'အာ'ဟု ပြောပြီး မေးစေ့ကို မော့လိုက်သည်။
"လာမဲ့ ရက်အနည်းငယ်အတွင်းမှာ ကျင်းပမဲ့ မြို့စားမင်းကြီးရဲ့ညစာစားပွဲ ပါတီအကြောင်းကို မဒမ် တွေးနေတာ မဟုတ်ပါလား။"
"မြို့စားမင်းကြီးရဲ့ ညစာစားပွဲ ပါတီ ဟုတ်လား။"
"ဟုတ်ကဲ့၊မဒမ် မမှတ်မိဘူးလား။နောက်လေးရက် ကြာရင် မြို့စားမင်းကြီးက ညစာစားပွဲ ပါတီ ကျင်းပမှာပါ။သခင်နဲ့ မဒမ် နှစ်ယောက်လုံးကို ဖိတ်ကြားထားပါတယ်။"
ဒါက ဘာအဓိပ္ပါယ်လဲ။
ကျွန်မ နဖူးတွန့်လိုက်မိသည်။
"မြို့စားမင်းကြီးရဲ့အိမ်တော်မှာ ညစာစားပွဲ ပါတီ ရှိတယ်လား။ငါ မကြားမိပါဘူး။"
"ရှင်! သခင်က မဒမ့်ကို မပြောဘူးလား။"
အိုင်ရင်းက အံ့အားသင့်စွာ မေးလေသည်။
"အင်း၊သူ ငါ့ကို မပြောဘူး။"
"ဘုရားရေ"
သူမက သက်ပြင်းချရင်း ပါးစပ်ကို အုပ်ထားလေသည်။
"သခင် အလုပ်များနေလို့ မေ့သွားတာလား မသိဘူးနော်။"
"အင်း၊အဲ့လိုပဲ နေမှာပေါ့။"
ကျွန်မ ထိုသို့ ပြန်ဖြေလိုက်သော်လည်း အိုင်ရင်း၏စကားကို သဘောမတူပါ။
ဆိုဗက်စ်စတာက တစ်ခုခုဆို မေ့တတ်လို့လား။
အဲ့ဒီ ဆိုဗက်စ်စတာကလေ။
မဖြစ်နိုင်တာပဲ။
သူ တမင်တကာ မပြောဘဲ ဖုံးကွယ်ထားတယ်ဆိုတာ အသိသာကြီး။
ငါလဲ မြို့စားမင်းကြီး အိမ်တော်ကို သွားရမှာပဲလေ။ဒါဆို သူက ငါ့ကို ဘာကြောင့် မပြောတာလဲ။
ကျွန်မ မျက်လုံးများကို အနည်းငယ်သာ ဖွင့်လိုက်သည်။
"ငါ ဆိုဗက်စ်စတာကို တွေ့ရင် မေးရမယ်။"
သူ ဒီနေ့ အခန်းထဲ ပြန်လာရင်ပေါ့။
မနေ့က သူ အပြင်မှာ အိပ်ခဲ့သဖြင့် ယနေ့လည်း အခန်းထဲ ပြန်လာလိမ့်မည်ဟု ကျွန်မ မထင်ပေ။
သူက အခန်းတွေကို ဘာလို့ ပေါင်းရတာလဲ။
ကျွန်မ ထပ်၍ မကျေမနပ် ညည်းညူလိုက်ပြီး အိုင်ရင်း ပြင်ဆင်ပေးထားသော ညအိပ်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ပြီးနောက် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။
"ဟမ်"
အံ့ဩစရာပင် ဆိုဗက်စ်စတာက အခန်းထဲကို ရောက်နေသည်။
"ဟန်နီ"
အိပ်ရာပေါ်တွင် ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသူက ကျွန်မ၏ အသံကြောင့် အံ့ဩသွားဟန်ဖြင့် ခေါင်းလှည့်ကြည့်လာသည်။
"..."
ဆိုဗက်စ်စတာမှာ ပါးစပ်ဟလိုက် ၊ပြန်ပိတ်လိုက် အကြိမ်ကြိမ် ဖြစ်နေလေသည်။
ပြီးနောက် သူက သူ့မျက်လုံးများကို လက်ဖြင့် အုပ်လိုက်ပြီး မျက်နှာတစ်ခုလုံး နီမြန်းသွား၏။
"ဒါက ... မင်း တခြားတစ်ခုခု ဘာလို့ မဝတ်ထားရတာလဲ။"
ကျွန်မကိုယ် ကျွန်မ ပြန်ငုံ့ကြည့်လိုက်ရသည်။
ယနေ့ည ဝတ်ဆင်ရန် ကျွန်မအတွက် အိုင်ရင်း ပြင်ဆင်ပေးထားသော ညအိပ်ဝတ်စုံမှာ ကြိုးတစ်လုံးဂါဝန် ဖြစ်ပြီး လရောင်အောက်တွင် အထင်းသား ဖောက်မြင်နိုင်သည်အထိ ပါးလွှာလေသည်။
ဟမ်
ဒါက
"အိုင်ရင်းရေ! ငါ ဝတ်ဖို့ တခြားဟာတစ်ထည် ယူလာခဲ့။"
ကျွန်မ ရေချိုးခန်းထဲ အမြန် ပြေးဝင်သွားပြီး အော်ဟစ်လိုက်သည်။
*
အိုဖီလီယာ ရုံးခန်းထဲမှ ထွက်သွားခဲ့ပြီးနောက်
ဆိုဗက်စ်စတာမှာ အရာအားလုံးကို ပစ်ထားလိုက်ပြီး အတွေးထဲ နစ်မြောနေခဲ့သည်။
ရှင်က ဒုတိယမင်းသားကို ဘာကြောင့် ထောက်ပံ့ပေးနေရတာလဲ။
ဆိုဗက်စ်စတာသည် ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမည် ဆိုသည့်အကြောင်း အတွေးနက်နေခဲ့သည်။
အမှန်တွင် သူသာ အိုဖီလီယာကို အရာအားလုံး ပြောပြလိုက်ပါက သူမ မုန်းတီးသွားလောက်သည်။သူကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်နေချိန်၌ အခြားသူကို နားလည်ပေးရန် သူ မည်သို့ ပြောနိုင်မည်နည်း။
"ဟူး"
ဆိုဗက်စ်စတာ သက်ပြင်းချရင်း ခေါင်းကို အနောက်ဘက်သို့ မှီထားမိသည်။ချက်ချင်းဆိုသလို အတိတ်က သူနှင့် ဒုတိယမင်းသား လာဂိုတို့ ပြောခဲ့သော စကားများက သူ့စိတ်ထဲတွင် အလိုလို ပြန်ပေါ်လာခဲ့သည်။
မင်းရဲ့အမေကို ရှာချင်လား။
မှန်ပေသည်။
သူ့ကို အချိန်အကြာကြီး စွန့်ပစ်သွားခဲ့သော သူ့အမေကို ရှာဖွေချင်သည်။ဆိုဗက်စ်စတာ၏အမေက ဆိုဗက်စ်စတာကို စွန့်ပစ်ခဲ့သည်။သူမက မှော်နက်စုန်းမ တစ်ယောက်ဖြစ်ပြီး ဆိုဗက်စ်စတာ၏ချစ်ခြင်းမေတ္တာကို စတေး၍ မှော်ပညာကို အသုံးပြုခဲ့သည်။
သို့သော် သူမကိုယ်တိုင်က ဆိုဗက်စ်စတာကို မချစ်ပေ။ဆိုဗက်စ်စတာကို အသုံးချခဲ့ရုံသာဖြစ်ပြီး အသုံးကျနိုင်သော တန်ဖိုးများ ကုန်ဆုံးသွားချိန်တွင် ချက်ချင်းဆိုသလို စွန့်ပစ်လိုက်သည်။
လမ်းပေါ်တွင် တစ်ယောက်တည်း ပစ်ထားခံခဲ့ရသော ဆိုဗက်စ်စတာမှာ ထိုအချိန်မှစ၍ ရွေးချယ်စရာ မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ခဲ့ရသည်။
သူ မရေမတွက်နိုင်အောင် တွေးခဲ့သည်။
ငါသာ အမေ့ကို ပိုပြီး ချစ်ပေးခဲ့ရင် အခုလို စွန့်ပစ်ခံရမှာ မဟုတ်ဘူး။
ဒါတွေအားလုံးက ငါ့အမှားတွေပဲ။
ထို့ကြောင့် တစ်နေ့ သူ့အမေနှင့် ပြန်ဆုံတွေ့ခဲ့လျှင် ဆိုဗက်စ်စတာက သူမကို တတ်နိုင်သမျှ အစွမ်းကုန် ချစ်မြတ်နိုးပေးချင်ခဲ့သည်။
သို့သော် သူ့အမေကို အချိန်အတော်ကြာသည်အထိ ရှာမတွေ့ခဲ့သဖြင့် ဆိုဗက်စ်စတာ၏နှလုံးသားမှာ ဝေဝေဝါးဝါး ဖြစ်လာရပြီး သူ့အပေါ် သူမ ကျူးလွန်ခဲ့သော အနိုင်ကျင့်နှိပ်စက်မှုများနှင့် ပတ်သက်သော မှတ်ဥာဏ်များကိုသာ ပို၍ သိသိသာသာ တွေးမိနေတော့သည်။
ဒေါသများ ပျောက်ကွယ်သွားရမည့်အစား သူ့အပေါ် အသုံးချခဲ့သည့်အတွက် ဒေါသဖြစ်ရသည်။ သူ့ကို စွန့်ပစ်ခဲ့ခြင်းကြောင့် ဒေါသထွက်သည်။
သူ အချစ်ရဆုံး၊အယုံကြည်ဆုံးနှင့် ဂရုအစိုက်ဆုံးသူ ဖြစ်သော သူ့အမေဆီမှ စွန့်ပစ်ခံရပြီးနောက် သူသည် တခြားဘယ်သူ့ကိုမှ မချစ်တတ်၊မယုံကြည်တတ်သော လူတစ်ယောက် တဖြည်းဖြည်း ဖြစ်လာတော့သည်။
တစ်ချိန်တည်းတွင် ဆိုဗက်စ်စတာက သူ့အမေကို ပြန်ရှာချင်ခဲ့သည်။သူမကို ယခင်ကဲ့သို့ ချစ်ပေးရန် မဟုတ်ဘဲ လက်စားချေရန် ဖြစ်လေသည်။
သူ့ကို အသုံးချခဲ့သည့်အတွက် လက်စားချေမည်။
သူ့ကို စွန့်ပစ်ခဲ့သည့်အတွက် လက်စားချေမည်။
ဆိုဗက်စ်စတာသည် ကြံရာမရဖြစ်စွာဖြင့် သူ့အမေကို လက်စားချေချင်ခဲ့သည်။
ထိုသို့ ဖြစ်နေချိန်တွင် လာဂို၏စကားများက ဆိုဗက်စ်စတာကို တုန်လှုပ်သွားစေခဲ့၏။
မင်းအမေ ဘယ်မှာရှိတယ်ဆိုတာ ငါသိတယ်။
သူမ ဘယ်နေရာတွင် ရှိသည်ကို သူ မေးလိုက်လျှင် လာဂိုက ပြန်ဖြေသည်။
နတ်ဆိုးဘုံမှာပဲ။
နတ်ဆိုးများ၏ဘုံလောက
လူသားများ လုံးဝ မရောက်ရှိနိုင်သော နေရာတစ်ခု။
ဘယ်သူမှ မသိနိုင်သော နယ်မြေ။
သို့သော် သူ့အမေက ထိုနေရာသို့ မည်သို့မည်ပုံ ရောက်သွားရပါသနည်း။လာဂိုက ထိုကိစ္စကို မည်သို့ သိနေရသနည်း။လာဂို၏စကားများက မှားနေသည်ဟု ဆိုဗက်စ်စတာ ထင်ခဲ့သည်။
သို့သော်
သူမက လူ့လောကကို ပြန်လာချင်နေတယ်။
ဒါပေမဲ့ သူမ ပြန်မလာနိုင်ဘူး။သူမက နတ်ဆိုးဘုံမှာ ပိတ်မိနေတာ။
ထိုစကားများကြောင့် ဆိုဗက်စ်စတာ တုန်လှုပ်သွားသည်။
သူက ခေါင်းကို မော့ရင်း တွေးနေမိသည်။
မဖြစ်နိုင်ဘူး။
ထို့ကြောင့် သူ့အမေက သူ့ကို စွန့်ပစ်သွားခြင်း မဖြစ်နိုင်ဟု သူ တွေးမိလေသည်။
သူမက နတ်ဆိုးဘုံအတွင်းသို့ ဆွဲချခံရတော့မည်ဖြစ်၍ သူနှင့် အတင်းအကြပ် ခွဲနေခဲ့ခြင်း ဖြစ်မည်ဟု တွေးမိခဲ့၏။
သူ ထိုအတွေးကို သေချာအောင် လုပ်ချင်ခဲ့သည်။ဘာကြောင့်မှန်း သူ မသိသော်လည်း သူ ထိုသို့ လုပ်သင့်သည်ဟု ခံစားနေရသည်။
သူမ ပြန်လာနိုင်အောင် ငါ လုပ်ပေးနိုင်တယ်။
ငါ့မှာ နတ်ဆိုးဘုံက ရထားတဲ့ မှော်အစီအရင်စက်ဝန်းတစ်ခု ရှိတယ်။
မင်း ငါနဲ့ အလုပ်တစ်ခု တွဲလုပ်မယ်ဆိုရင် ဘယ်လို သဘောရလဲ။
ဆိုဗက်စ်စတာမှာ လာဂိုနှင့် လက်တွဲခဲ့ရလေသည်။
ထိုသို့ လက်တွဲခဲ့ခြင်းကို သူ လုံးဝ နောင်တမရပါ။
ဆိုဗက်စ်စတာသည် သူ၏ရွေးချယ်မှုက အကောင်းဆုံးဖြစ်သည်ဟု အမြဲတမ်း တွေးတတ်သော မာနကြီးသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သို့သော်
ကျွန်မက အိမ်ရှေ့စံအရှင့်သားကို ပံ့ပိုးရလိမ့်မယ်။
အိုဖီလီယာ ထိုသို့ ပြောလိုက်ချိန်မှသာ ဆိုဗက်စ်စတာသည် သူ၏ရွေးချယ်မှုကို ပထမဆုံးအကြိမ် နောင်တရမိသွား၏။
ထိုသို့ ဖြစ်ခဲ့ပါက အိုဖီလီယာနှင့် သူက မသင့်မြတ်သော ဆက်ဆံရေးတစ်ခု ဖြစ်လာလိမ့်မည်။အိုဖီလီယာကို ဆန့်ကျင်ရလိမ့်မည်လော။ပြီးနောက် သူမကို ရန်သူတစ်ယောက်အဖြစ် တွေးနေရမည်လော။
သို့သော် အိုဖီလီယာက ခေါင်းမာပုံရ၏။အိမ်ရှေ့စံမင်းသားအား ပံ့ပိုးပေးမည့် သူမ၏အကြံကို လက်လျှော့မည့်ပုံ မပေါ်ပေ။
သူမက အိမ်ရှေ့စံမင်းသားကို သဘောကျနေသည် ဖြစ်ရာ ထိုသို့ ဖြစ်လာသည်က သဘာဝကျလေသည်။
အဘယ့်ကြောင့်ဆိုသော် သူမက ကယ်လီယန်ကို ဆိုဗက်စ်စတာထက် အများကြီး ပို၍ ချစ်မြတ်နိုးနေသောကြောင့် ဖြစ်၏။
"ရူးချင်စရာပဲ။"
ထိုသို့ တွေးမိခြင်းက သူ့ကို ပို၍ မွန်းကြပ်စေသည်။
အိုဖီလီယာက ကယ်လီယန်အပေါ် ချစ်နေသည်ဆိုသော အကြောင်းအရာကို သူ လက်မခံချင်ပေ။
သို့သော် အတိတ်တွင် အိုဖီလီယာ လုပ်ခဲ့သော ကိစ္စများကို ကြည့်ပါက သူမက လူတိုင်းထက် ကယ်လီယန်ကို ပိုချစ်လေသည်။
ထို့ကြောင့် ဆိုဗက်စ်စတာမှာ ဒေါသများ ထပ်ထွက်လာသည်ကို ခံစားနေရ၏။အိမ်ထောင်ရေးအပေါ် သစ္စာမရှိသော အိုဖီလီယာအတွက်၊ အိုဖီလီယာအပေါ် ဖြစ်တည်လာသော သူ၏ခံစားချက်များကို အလွယ်တကူ မစွန့်ပစ်နိုင်ခဲ့သော သူကိုယ်တိုင်အတွက်။
ဆိုဗက်စ်စတာ သက်ပြင်းချ၍ ထထိုင်လိုက်မိသည်။
သွားရမည့် ဦးတည်ရာကို မဆုံးဖြတ်နိုင်ခဲ့ပေ။
သူ၏စိတ်ပျက်မှုများ အနည်းငယ်သက်သာစေရန် လမ်းလျှောက်ရမည်ဟု တွေးမိသဖြင့် သူ ရုံးခန်းထဲမှ ထွက်လာခဲ့၏။
စင်္ကြံတွင် တိုက်ခတ်နေသော လေမှာ အေးစက်လှသည်။
သူ အပြင်ဘက်သို့ ကြည့်လိုက်ချိန်တွင် နှင်းကျနေပြန်သည်။
ဆိုဗက်စ်စတာက နှင်းကို မုန်းသည်။
နှင်းကျသောနေ့တွင် သူ စွန့်ပစ်ခံခဲ့ရသည်။
သို့တိုင် နှင်းများ အမြဲတစ်စေ ကျနေတတ်သော မြောက်ပိုင်းနယ်မြေ၏ အုပ်စိုးသူအရှင်သခင် တစ်ယောက် ဖြစ်လာခဲ့သဖြင့် သူကိုယ်တိုင်ကပင် ရယ်ချင်စရာ ကောင်းနေပါ၏။
အချိန်အကြာကြီး လမ်းလျှောက်ပြီးနောက် သူ မစဥ်းစားဘဲ အခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအခန်းမှာ သူနှင့် အိုဖီလီယာတို့၏ ကိုယ်ပိုင်အခန်း ဖြစ်လေသည်။
သူ ဤနေရာသို့ လာရန် တကယ်ပင် မစဥ်းစားခဲ့ပေ။အလိုအလျောက် ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ထို့ကြောင့် ဘာလုပ်ရမှန်း မသိသည့်အတိုင်း ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြောင်၍ ကြည့်နေမိသည်။
အိုဖီလီယာ၏အသံကို မကြားရခင်အထိ။
"ဟန်နီ"
ထိုအသံကြားရာသို့ ဆိုဗက်စ်စတာ ခေါင်းလှည့်ကြည့်လိုက်မိသည်။သူ ထိုသို့ လုပ်ပြီးမှ တစ်ဖန် ခေါင်းပြန်လှည့်လိုက်ရ၏။
အိုဖီလီယာ၏အဝတ်အစားက အလွန်တရာ ပါးလွှာနေသောကြောင့် ဖြစ်သည်။
"ဒါက ... မင်း တခြားတစ်ခုခု ဘာလို့ မဝတ်ထားရတာလဲ။"
သူ ထိုသို့ ပြောလိုက်လျှင် အိုဖီလီယာက နီရဲသောမျက်နှာဖြင့် အခန်းထဲမှ ပြေးထွက်သွားလေသည်။
"အိုင်ရင်းရေ! ငါ ဝတ်ဖို့ တခြားဟာတစ်ထည် ယူလာခဲ့။"
သူမ အော်ဟစ်လိုက်၏။
အိုဖီလီယာကို ကြည့်ရင်း ဆိုဗက်စ်စတာ ရယ်မောလိုက်မိသည်။
သူ စိတ်ပျက်နေရသည့်အကြောင်းကို သူမကို မြင်တွေ့လိုက်ရမှသာ နားလည်သွားတော့သည်။ယခုမတိုင်ခင်ကလောက် မလွယ်ကူတော့သည့် အသက်ရှုခြင်းကို သူ ကြိုးစား ရှူရှိုက်ကြည့်လိုက်ရသည်။
သူမကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။သို့သော် သူမကို မြင်လိုက်ရသည်နှင့် စိတ်အနှောင့်အယှက်ဖြစ်နေခြင်းက ပျောက်ကွယ်သွားလေသည်။
ဘယ်လိုတောင် ဆန့်ကျင်ဘက် ဖြစ်သွားရတာလဲ။
ထိုခံစားချက်က ဘာဖြစ်သည်ကို ဆိုဗက်စ်စတာက တခြားသူများထက် ပို၍ ကောင်းစွာသိသည်။
ထို့ကြောင့်
မဖြစ်ရဘူး။
သူ့စိတ်ကို ပြန်စုစည်းလိုက်မိသည်။
ယခု အိုဖီလီယာက သူ့ကို မကြိုက်ပေ။
ထို့ပြင် သူမက အိမ်ရှေ့စံမင်းသားကို ပံ့ပိုးနေသည်။
ထိုတစ်ချက်ကပင် သူနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပြီ ဖြစ်၏။သူသည် ယခုလိုမျိုး အိုဖီလီယာကို ကြိုက်နေ၍ မဖြစ်ပါ။သူ့အမေကို ပြန်တွေ့နိုင်အောင် ရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားသင့်သည်။
ဆိုဗက်စ်စတာက ထိုကတိကို ဝါး၍ မြိုချပစ်လိုက်သည်။
ထို့နောက်
"ဟန်နီရေ!"
အဝတ်အစားလဲပြီးသော အိုဖီလီယာက အပြေးအလွှား ရောက်လာလေသည်။
"ရှင် ကျွန်မကို မပြောရသေးတာ တစ်ခုခု ရှိတယ်မလား။"
အိုဖီလီယာက ပါးစပ်ဟ၍ ပြောလေသည်။
ဆိုဗက်စ်စတာလည်း သူ့ကိုယ်သူပင် မသိဘဲ ပါးစပ်တစ်ဝက် ဖွင့်မိသား ဖြစ်သွားသည်။အိုဖီလီယာက အလွန် ချစ်စရာကောင်းနေလေသည်။
သေစမ်းကွာ
အေးစက်စက်ပုံစံနဲ့ မိန်းကလေးတစ်ယောက်က ဘာလို့ ဒီလောက် ချစ်စရာကောင်းနေရတာလဲ။
သူ ရူးသွားရတော့မည်။
ချစ်စရာကောင်းနေမြဲ ဖြစ်သော အိုဖီလီယာကို ကြည့်၍ ဆိုဗက်စ်စတာ သက်ပြင်းချလိုက်မိသည်။
"မင်း ဘာကို ပြောနေတာလဲ။"
TK Team
++++++++