Ch38
မိုးရွာသောသောနေ့တစ်နေ့ ဖျက်စီးခံထားရသောလီလီများကြားတွင် ဖန်ချန်း၏ မျက်လုံးရှေ့၌ ကျဉ်းမြောင်းသော စမ်းချောင်းကဲ့သို့ သွေးများ စီးကျလာခဲ့သည်။ သူသည် လေးလံနေသော မျက်ခွံများကို အတင်းကြိုးစားဖွင့်လိုက်သည်နှင့် သူ့ရှေ့ ထောင့်တစ်နေရာတွင် ရပ်နေသော ပုံရိပ်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ အေးမြနေသော လရောင်နှင့် တိတ်ဆိတ်နေသည့် အပြာရောင်ညက ဖန်ချန်းအား မည်သည့်နေရာရောက်နေသည်ကိုမေ့သွားလုမတက်ဖြစ်စေခဲ့သည်။
အမျိုးသမီးတစ်ယောက်၏ လက်သည်းနီတောက်တောက်များက သူ့မျက်လုံးများရှေ့တွင် တဖျပ်ဖျပ်ဖြစ်လာခဲ့ပြီး သူ့ကို အသိစိတ်အနည်းငယ်ပြန်ဝင်လာစေခဲ့သည်။ ထိုသည်က ဟိုနေရာမှာ ရပ်နေခဲ့သည့်ရှဲ့ယင်းမဟုတ်ပေ... သူ့အမြင်အာရုံများ ခဏတာ ချွတ်ချော်သွားခဲ့ခြင်းဖြစ်သည် ။ ဖန်ချန်းသည် ဖြည်းညှင်းစွာ မျက်လုံးကိုပြန်ဖွင့်လိုက်သည်။ ပယင်းရောင်ရှိနေပြီး တလက်လက်တောက်ပနေသည့် သူ့မျက်စံများ ကပေါ်လာခဲ့သည်။
စင်္ကြံလမ်းသည် ရှည်လျားနေပြီး အမှောင်ထုက သူ့အပေါ်ဖုံးလွှမ်းနေကာ ပြတင်းပေါက်ဘောင်၏ အရိပ်သည် နံရံပေါ်တွင် ထင်ရှားစွာထင်ဟပ်နေခဲ့၍ သူ့ကို လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်သွားခဲ့သည်။
"အင်း...ငါတို့ တစ်ချိန်က အတူရှိခဲ့ဖူးတယ်"
ဖန်ချန်း၏ နှုတ်ခမ်းနှင့် ဖြူဖွေးဖွေးသွားများသည် ညင်သာစွာ ရွေ့လျားသွားခဲ့ပြီး သူ့အသံက တစ်စုံတစ်ခုကို ချိုးဖျက်ရမည်ကို ကြောက်ရွံ့နေသည်သလား သို့မဟုတ်ချိုးဖောက်ပြီးနေပြီလားမသိစွာ နူးညံ့နေသည်။ သူက "တစ်ချိန်က" ဟူသောစကားလုံးကိုအလေးပေးပြောခဲ့သည်။
ရှဲ့ယင်း မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာပြီး နှုတ်ခမ်းတစ်ဝက်လောက်ပွင့်ဟသွားခဲ့သည်။ သို့သော် သူမစကားမပြောမီမှာပဲ ပြတ်သားသောခေါင်းလောင်းသံတစ်ခုက သူမကို အနှောင့်အယှက်ပေးလာခဲ့သည်။
အဖြူအမည်းကြောင်တစ်ကောင်က ပြတင်းပေါက်ဘောင်နားသို့ ခုန်ဆင်းလာပြီး ၎င်း၏ခြေဖဝါးများကို လျှာဖြင့်လျက်ကာ ဒေါင်လိုက်ဖြစ်နေသောမျက်စံများဖြင့် သူတို့ကိုကြည့်လာခဲ့သည်။
ရှဲ့ယင်းကတိတ်ဆိတ်သွားပြီး သတိအနေအထားဖြစ်သွားခဲ့သည်။
ဖန်ချန်းက အကြည့်တစ်ချက်ပို့လိုက်လေသည်။
ကြောင်လေးကသူ့ခေါင်းကိုစောင်းထားပြီး, 'w'ပုံသဏ္ဍာန်ရှိသောပါးစပ်မှအပြုံးတစ်ခုပေါ်လာခဲ့ကာ ဖန်ချန်းအား ကြောင်အော်သံပေးလာခဲ့သည်။
ဖန်ချန်းသည် သူ၏ဝိညာဉ်ကို နှစ်ပိုင်း စုတ်ပြဲခံလိုက်ရကာ တစ်ခြမ်းက အိပ်စက်နေ၍ ကျန်တစ်ခြမ်းက နိုးထဖို့ရန် ရုန်းကန်နေရသလိုခံစားလိုက်ရသည်။ သူ့လည်ချောင်းထဲတွင် ချွန်ထက်သည့်ဖန်အတုံးအသေးလေးတွေနဲ့ ပြည့်နေသလိုလိုခံစားလိုက်ရကာ သံချေးများ စိမ့်ထွက်လာသည့် အရသာနှင့်အတူ အသက်ရှုကြပ်လာခဲ့သည်။ သူသည် ကြောင်ကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် သူနှင့် ဆန့်ကျင်ဘက်၌ ရပ်နေသော ရှဲ့ယင်းကို စိုက်ကြည့်လိုက်သည်။ သူ့ခါးတွင် ချိတ်ထားသည့် နျဲ့ရှီပေးထားသော ရုပ်ဆိုးဆိုးဓားမြှောင်ကို ဆွဲထုတ်လိုက်ပြှီး ရှေ့ကိုဖြေးညင်းစွာတိုးလိုက်သည်။ဓား လက်ကိုင်က ရုပ်ဆိုးနေပြီး တွန့်တွနေသောစိန်ပုံသဏ္ဍာန်ရှိလေသည်။
လကို ဖုံးလွှမ်းနေသော တိမ်များသည် တစ်စိတ်တစ်ပိုင်း ပျံလွင့်သွားကာ လရောင် တောက်တောက်သည် သူ့ခေါင်းပေါ်သို့ ကျလာလေသည်။
သူ့မှတ်ဉာဏ်ထဲရှိ နောက်ဆုံးစကားမှာ အရာအားလုံးနုပျိုနေခဲ့ပြီး လီလီပန်းများညှိုးနွမ်းချိန် နွေဦးရာသီတွင်ဖြစ်သည်။
နည်းနည်းအေးတာကလွဲရင် ရာသီဥတုကောင်းလေသည်။ ပြတင်းပေါက်ဘောင်များကို နှင်းလွှာပါးပါးက ဖုံးအုပ်ထားခဲ့ပြီး နံနက်ခင်း အလင်းရောင်သည် ပြတင်းပေါက်မှ ဖြတ်ဝင်လာကာ လေထံလွင့်မျောနေသော ဖုန်မှုန့်များကို ရွှေရောင်အဆင်းထင်ဟပ်စေသည်။ နံနက်စာစားပြီးနောက် ဖန်ချန်းသည် ဒိန်ချဉ်တစ်ဘူးကိုကိုင်ထားရင်း မီးဖိုချောင်ရှိ ပန်းကန်ဆေးသံကို နားထောင်နေကာ ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ပြောလိုက်သည်။
"မင်းထမင်းကြော်ရင် သခွားသီးမထည့်လို့ မရဘူးလား “
နျဲ့ရှီက သူ့ကိုကြားသော်လည်း မကြားသလိုဟန်ဆောင်လိုက်သည်။
"မနက်ဖြန် ငါထမင်းချက်မယ်"
ဖန်ချန်းက ဒိန်ချဉ်လက်ကျန်ကို တစ်ကျိုက်မော့လိုက်ကာ ဘူးအလွတ်ကို အမှိုက်ဘုံးထဲသို့ ပစ်ချလိုက်သည်။
ထို့နောက်သူတို့သည် အခြားသာမန်နေ့များကဲ့သို့ပင် ဟိုအကြောင်းဒီအကြောင်းများကို စကားစမြည်ပြောဆိုခဲ့ကြသည်။
ရုတ်တရက် နျဲ့ရှီက "ငါ.. အလုပ်တစ်ခုရှာတွေ့ခဲ့ပြီ"
ဖန်ချန်းက ဆုံလည်ခုံကို လှည့်နေတာ ရပ်လိုက်သည်။
သူ ဂုဏ်ပြုပေးသင့်သည်.. ဂုဏ်ပြုစကားတွေ ပြောသင့်သည်.. သို့သော်အားသွန်ခွန်စိုက်နဲ့ သူ့လက်ကို မြှောက်ပြီး ပြောခဲ့သည်မှာ "အဲ့တာကောင်းတယ်" တစ်ခွန်းထဲသာဖြစ်လေသည်။
ဘဝက နည်းနည်းလေး ခက်ခဲ့ပေမယ့် သိပ်တော့ မဆိုးရွားနေပေ...
ဖန်ချန်းသည် သူဒါကိုမပြောသင့်မှန်း သိပေမယ့် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ပြောခဲ့လိုက်သည်။
"ငါ..တစ်ခါတလေကြ ဘာလို့လဲလို့ မတတ်နိုင်ဘဲတွေးမိတယ်"
ဘာလို့သူတို့ကဒီလိုအရာတွေအားလုံးကိုဖြတ်သန်းနေရတာလဲ...
နာကျင်စရာတွေနဲ့ ဆင်းရဲဒုက္ခတွေက ကောင်းကင်ပေါ်ကနေကျကျလာသလိုပဲ....
သူခေါင်းကိုအနည်းငယ်မြှောက်လိုက်ကာ, နျဲ့ရှီ၏ဘေးတိုက်မျက်နှာကို ဝါးတားစွာကြည့်လိုက်ရင်းပြောလိုက်သည်။
"အခုငါတွေးနေတာက... ငါကဒီတိုင်းကံမကောင်းစေတာလားလို့.. မင်းလိုမျိုးအရာရာတော်နေတဲ့သူကိုတောင် ငါနဲ့အတူရှိရတော့ ချောက်ထဲဆွဲချခံနေရောလေ... "
ဖန်ချန်းက ဆက်မလုပ်နိုင်တော့သလိုခံစားလိုက်ရပြီး ခေါင်းကိုငုံ့ချလိုက်ရသည်။ သူ တုံ့ဆိုင်းသွားပြီးမှ စကားဆက်မပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ သူ့ဆံပင်ကို မနက်အစောကြီးတုန်းကလျှော်ခဲ့ကာ နျဲ့ရှီက တစ်ဝက်လောက်ခြောက်သွားသည်အထိ သုတ်ပေးခဲ့သော်လည်း ယခုတွင်နည်းနည်းတော့စိုစွတ်နေသေးသည်။
လေထဲတွင် အစိုဓာတ်များ ပြည့်နှက်နေပုံရပြီး ဖန်ချန်းသည် ရေအောက်ထဲနစ်မြုပ်သွားသလိုမျိုး အသက်ရှူမဝသည့်နှယ်ခံစားလာခဲ့ရသည်။
သူ့စကားတွေက အချိန်အခါမဟုတ်ဖြစ်နေသော်လည်း မတိုင်မီက ဖြစ်ခဲ့သည့် အတိတ်က အဖြစ်အပျက်တွေ အမှတ်ရစရာတွေအားလုံးက ရှုပ်ယှက်ခတ်နေရာ သူတို့၏ ဆက်လာမည့်အနာဂတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာကိုတောင် တွေးကြည့်လို့ မရနေပေ။
"မင်း... ပိုကောင်းတဲ့အလုပ်တစ်ခုကို သေချာပေါက်ရှာနိုင်တယ်..ငါနဲ့အတူနေဖို့မလိုပါဘူး..." ဖန်ချန်းက ခေတ္တရပ်လိုက်ပြီး "မင်းဘယ်လိုထင်လဲ..."
နျဲ့ရှီက အနားလျှောက်လာခဲ့ပြီး လက်တစ်ဖက်ဖြင့် ဖန်ချန်းဧ။်ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း တစ်ဖက်ကစိုစွတ်နေသော ဆံပင်များကိုကစားကာပြောလာခဲ့သည်။
"မင်းငါ့ကို စွန့်ပစ်ချင်နေတာလား...."
နျဲ့ရှီသည် အားနည်းချက်ကိုပြသရာတွင် ကျွမ်းကျင်ဆုံးဖြစ်ပြီး သနားစရာဟန်ဆောင်တတ်သူဖြစ်သည်။ ဖန်ချန်းက ပျော့ပျောင်းလာမည်ကို သိလျက် သူ၏အားနည်းချက်များကို ဖန်ချန်းကိုထုတ်ဖော်ပြသကာ သူ့ကို ထိန်းချုပ်ရန်အတွက်ထိုကဲ့သို့ အထင်သေးဖွယ်အကောင်းဆုံးနည်းလမ်းများကို အသုံးပြုခဲ့သည်။
ဖန်ချန်းကပြောလိုက်သည် "ငါ...ငါတောင်းပန်ပါတယ်"
ဒီတစ်ခါတော့ သူ့ကိုယ်သူတောင်မှ စွန့်လွှတ်မိတော့မည်လို့ သူထင်သည်။
သူသည် လက်တွေ့ဘဝလှောင်အိမ်ထဲမှ မလွတ်မြောက်နိုင်ကာ အသက်ရှူမရပ်မချင်း သေသည်အထိ မြှုပ်နှံရန် ဆန္ဒရှိလေသည်။ သို့သော်ငြား နျဲ့ရှီကို သူနဲ့အတူ မဆွဲချချင်တော့ပေ။
လုံလောက်ပြီ...သူ နျဲ့ရှီထံမှ တောင်းဆိုခဲ့တာတွေကလုံလောက်လှပြီ။
သူ့ကိုယ်သူ ထပ်မကယ်ချင်တော့ပေ..
လူစည်ကားသော လမ်းမများနောက်ကွယ်တွင် မြင့်မားစွာ တည်ရှိနေသော တောင်တန်းများ နှင့် မြေရိုင်းများ ရှိနေသည်ကို မည်သူမျှ ဂရုတစိုက် သတိမထားမိခဲ့ကြပေ။ ကွန်ကရစ်ဖြင့်ပြန်လည် တည်ဆောက်ထားသော မြို့သည် ဤလူနေကင်းမဲ့သည့်တောင်ကြားတွင် ရှိနေပြီး အဆုံးသို့မရောက်နိုင်သည့်လမ်းက ခင်းကျင်းလျက်ရှိနေသည်။
××××××××××××
အေးခဲမာကျောသောမြေဆီလွှာတွင်ကျောက်တုံးငယ်များကရောနေလေသည်။ ဓားတစ်ချောင်းသည် လေထုကိုဖြတ်သွားကာ အရေပြားကိုဖြတ်တောက်လိုက်လေသည်။ လူငယ်လေးတစ်ယောက်သည် မြေရိုင်းပေါ်တွင် မတ်တပ်ရပ်နေကာ ကြောက်မက်ဖွယ်ကောင်းသော တေးသွားကို ဟစ်အော်နေလေ၏။ သူသည် လက်တစ်ဖက်တွင် ငွေရောင်ဓားငယ်တစ်လက်ကို ကိုင်ထားကာ လှည့်နေပြီး ကျန်လက်တစ်ဖက်က စိတ်နတ်ဆိုး ကိုချုပ်ထားလေသည်။ ကောင်လေးကတစ်ချက် ပြုံးလိုက်ပြီး စိတ်နတ်ဆိုးသည် လေထဲသို့ လွင့်ထွက်သွားကာ သူ့လက်ထဲမှာပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လရောင်မရှိသောထောင့်တစ်နေရာရှိ အရိပ်ထဲမှ လူတစ်ယောက် ထွက်လာလေသည်။ သူဧ။်ဘယ်လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး ညာဘက်တွင် ပြတ်နေသော ကိုယ်လက်အင်္ဂါတစ်ခုကို ဆွဲယူလိုက်သည်။ စိတ်နတ်ဆိုး၏ ရှုံ့တွနေသော စိမ်းဝါရောင်လက်သည် မြေပြင်တစ်လျှောက် ဆွဲခံလာရသည်။
နှလုံးကို တိုက်ရိုက်မထိုးပါက စိတ်နတ်ဆိုးသည် လျင်မြန်စွာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ နျဲ့ရှီသည် ရှေ့သို့ရုတ်တရက် လွှင့်ပစ်လိုက်ရာ စိတ်နတ်ဆိုး၏ လက်မောင်းသည် ချောင်ယန်၏ခြေရင်းနားကျလာခဲ့လေသည်။
"ဝါးးးမင်းက ငါ့ထက် ပိုရက်စက်တာ ထင်ရှားတာပဲ"
ချောင်ယန်သည် မသိစိတ်အရ နောက်ပြန်ဆုတ်သွားပြီး သူ့လက်ထဲက ဓားလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စိတ်ကို ဖြေလျှော့ရန် ကြိုးစားပြီး ထပ်ပြောလိုက်သည်။
"ဖန်ချန်းကောက ဒီဟာတွေကိုသိရဲ့လား?"
သူက ခေါင်းလေးစောင်းလိုက်ကာ ရွှတ်ရွှတ်နောက်နောက်ပုံစံဖြင့် နျဲ့ရှီကြားရတာ မကြိုက်သည့် စကားလုံးများကို ထုတ်ပြောလိုက်သည်။
"ငါမင်းကိုပြောပြီးသား သူနဲ့ဝေးဝေးနေ"
နျဲ့ရှီက သူ့ကို ဘာခံစားချက်မှ မရှိသည့်မျက်နှာဖြင့် ကြည့်လာခဲ့သည်။ သူ့မျက်စံများကမဲနက်နေပြီးဘာအရိပ်မှရှိမနေပေ။
"ငါ လုံလောက်တဲ့ အဝေးမှာ နေပြီးနေပြီ "
ချောင်ယန်က အဝေးမှ အထပ်မြင့် အဆောက်အအုံကို ညွှန်ပြလိုက်သည်။
သူက ရယ်မောလိုက်ကာ လက်ဟန်ပြသည်။ "ဒီလောက် အဝေးကြီး"
"အိုးဟို့ မင်း ငါ့မေးခွန်းကို ရှောင်နေတာလား"
နျဲ့ရှီက သူ့ကို တစ်ချက်မျှ မကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ အနားကနေဖြတ်သွားခဲ့သည်။
"ဖန်ချန်းကောရှေ့မှာဆို အမြဲတမ်း ရိုးသားတဲ့ဖိုးသခွားလေးလိုဟန်ဆောင်နေပြီးတော့"
ချောင်ယန်က သူ့ခြေဖျားနှင့် မြေကြီးကိုပုတ်လိုက်ပြီး သွားများကို လျှာဖြင့်တစ်ချက်သပ်ကာပြောလိုက်သည်။
"ဟမ့် သူသာသိသွားရင် မင်းဘယ်လိုလုပ်မလဲ"
"အစောကြီးထဲစ မင်းကို ငါပြောပြီးသား... နောက်တစ်ခါ ငါ့မျက်စိရှေ့မှာ မင်းကို ထပ်မတွေ့ရစေနဲ့... မင်းဝေးဝေးရှောင်နေတာကပိုကောင်းလိမ့်မယ်"
နျဲ့ရှီက မှောင်မဲသောအကြည့်များဖြင့်စိုက်ကြည့်လာခဲ့ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ချောင်ယန်သည် တိတ်ဆိတ်နေခဲ့ပြီး နျဲ့ရှီ ထွက်သွားသည်အထိ နောက်သို့ ဆုတ်သွားခဲ့မိသည်။ ထို့နောက် သူ၏ အပြုံးကို လွှတ်ချလိုက်ကာ အသက်ရှုကြပ်နေဟန်ဖြင့် ပခုံးများကို ဖြေလျှော့လိုက်ပြီး "ဒီမှာ တကယ်ကြောက်စရာအကောင်းဆုံးက ဘယ်သူများလဲ" ဟု သူ့ကိုယ်သူ ညည်းတွားလိုက်သည်။
ပြီးတော့ သူက ရယ်လိုက်ပြန်ကာ မပီမသရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ငါမဟုတ်ဘူးပဲ"
လူငယ်လေးသည် သူ၏ ကြောက်စရာကောင်းသော တေးသွားကို တစတစ ထပ်ရွတ်လိုက်ရင်း ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့လိုက်သည်။ ခြေလှမ်းအနည်းငယ်ကြာပြီးနောက် သူရပ်လိုက်ပြီး လရောင်ကျနေသော မြို့လယ်ခေါင်ဆီသို့ လှည့်ကာ လက်ညိုးထိုးလိုက်၍ နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာဆိုလိုက်သည်။
"ဟိုမှာ ဘယ်လိုတွေ တိုးတက်နေပြီလဲသိချင်မိသား"
ထိုအခိုက်အတန့်တွင် ပျက်စီးနေသောဟိုတယ်၌ ဖန်ချန်းသည် သူ၏ဓားမြှောင်ကိုဆွဲထုတ်ကာ ရှေ့သို့ တိုးလာခဲ့သည်။
ရှဲ့ယင်းမတုံ့ပြန်ရသေးခင်မှာတင် ဖန်ချန်းသည် သူ့လက်မောင်းသူ ဓားဖြင့်လှီးချလိုက်သည်။ သွေးရည်များက ထူထဲစိမ့်ထွက်လာကာ သူ့လက်မောင်းကို ရစ်ပတ်လျှက်ရွဲစိုလာစေပြီး လက်ချောင်းထိပ်များမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တလိမ့်လိမ့်ပြုတ်ကျသွားသည်။
"ဖန်ချန်း!!" အော်ခေါ်လိုက်ရင်းရှဲ့ယင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
ကြောင်သည် သူမ၏အော်ဟစ်သံကြောင့် လန့်ဖျပ်သွားပုံရပြီး စူးစူးဝါးဝါးကြောင်အော်သံများထွက်လာခဲ့သည်။
ဖန်ချန်းသည်ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်သည်။
"ငါ မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေ ရှိတယ်"
သူ အရှေ့ကိုရွေ့လျားလာသည်နှင့်အမျှ လရောင်သည် သူ့နောက်တွင် အရိပ်များ ဖြစ်လာစေခဲ့သည်။
"ဒီနေရာက ဘယ်မှာလဲ"
"ချောင်ယန်ပြောတာတော့ ဒီနေရာက လူ့ဘုံတဲ့"
ဖန်ချန်းက သူ့ကိုယ်သူ ပြန်ဖြေလိုက်သည်။ လေထုထဲတွင် သွေး ရနံ့များကပြည့်လာခဲ့သည်။
"စိတ်နတ်ဆိုးတွေက ငါတို့ကိုသတ်သွားရင်ဘာဖြစ်မှာလဲ....ငါ့အိမ်နီးချင်းလိုမျိုးသူတို့ဆီကအစားခံလိုက်ရရင်ဘာဖြစ်သွားမှာလဲ"
ဖန်ချန်း၏ မျက်စံများက လမ်းလျှောက်နေသည့်အလောင်းကောင်လိုပင်ဖြစ်နေပြီး အာရုံစူးစိုက်မှုမရှိနေချေ။
ရှဲ့ယင်းက သူ့ထံ ဖြည်းညှင်းစွာ ချဉ်းကပ်ရန် ကြိုးစားလိုက်ကာ လေထဲသို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရင်း ခေါင်းကို ဖြည်းညှင်းစွာခါပြီးဖန်ချန်းကိုထပ် ခေါ်လိုက်သည်။
"ဖန်ချန်း..."
"မင်းတို့တွေ ငါတို့ကို စိတ်နတ်ဆိုးတွေဆီကသတ်ခံရတာကနေကာကွယ်ပေးနေရတာက ငါတို့ရဲ့အပြစ်အတွက် အပြစ်ပေးခံရမှာသက်သက်ပဲ မဟုတ်ဘူးမလား"
ဖန်ချန်းက ရှဲ့ယင်း၏မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်လာကာ သူမကို ထိတ်လန့်စေခဲ့သည်။
"မင်းတို့တွေ ဘာကို ဖုံးကွယ်နေကြတာလဲ"
ရုတ်တရက် သူနှင့် ရှဲ့ယင်းကြား အကွာအဝေးကို ခြေလှမ်းကြီးတစ်ခုလှမ်းကာ ပိုနီးကပ်စေလိုက်သည်။ ရှဲ့ယင်းတုန်လှုပ်မိသွားသည်။ဘာကြောက်စရာမှမရှိတော့သော ဖန်ချန်းကခေါင်းခါလိုက်ပြီးပြောလိုက်သည်
"ငါတော့ အဲ့တာကို ရှာတွေ့ပြီထင်တယ်"
သူပြောပြီးသည်နှင့် သူ့လက်ကောက်ဝတ်ကို ဓားဖြင့်ထပ်ဖြတ်လိုက်လိုက်ပြန်သည်။သူ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းထက်သွေးများဖြင့်ရဲနေကာ ရှဲ့ယင်းထက်ပင် သရဲနဲ့ ပိုတူနေသေးသည်။
သွေးစွန်းနေသော ဓားမြှောင်သည် မြေပြင်ပေါ်သို့ ကျသွားပြီး ရှဲ့ယင်းသည် ပါးစပ်မှ သွေးများ စိမ့်ထွက်နေသည့် ဖန်ချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။ သူက ဖြည်းညှင်းစွာ ဒူးထောက်ထိုင်ချလိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ပါးစပ်ကိုအုပ်ထားသော သူ့လက်ချောင်းများမှတဆင့် သွေးပူများက စီးကျလာခဲ့သည်။
ကြောင်သည် စူးရှသော အော်ဟစ်သံကို ဆက်လက် ထုတ်လွှတ်နေဆဲဖြစ်သည်။
ရှဲ့ယင်းက ထိတ်လန့်တုန်လှုပ်နေကာ ကြောင်ဆီသို့ ခေါင်းကို စူးစူးစိုက်စိုက် လှည့်ပြီး အော်လိုက်သည်။
"ပါးစပ်ပိတ်ထား... ငါပြောနေတယ် ပါးစပ်ပိတ်ထား!"
ကြောင်အော်သံက ရုတ်တရက်ရပ်သွားပြီး ကြောင်က သူမကို စိုက်ကြည့်လာခဲ့သည်။ ၎င်း၏ပါးစပ်သည် "w" ဖြစ်နေပြီး ကြေးဝါရောင်မျက်လုံးများဖြင့် သူမပြောနေသည်ကို နားလည်နေသည့်ဟန်ဖြင့် ကြည့်လာကာ အရာအားလုံးကို ထူးဆန်းနေပုံရသည်။
ဖန်ချန်း၏ မျက်လုံးများရှေ့တွင် ပြတ်တောင်းနေသော ပုံရိပ်များ ကွဲကြေနေသော မှန်စများ.. မိုးသံများ... သံချေးများ... သူအိပ်မက်မက်ခဲ့သည့် မြင်ကွင်းများ... လီလီပန်းများ..အရာအားလုံးသည် သူ့အာရုံများကို လွှမ်းခြုံနေခဲ့သည်။ သေခြင်းတရား၏ အနံ့သည် နီးကပ်လွန်းနေပြီး မွှေးကြိုင်သော်လည်း ကြောက်စရာကောင်းလှသည်။
အချိန်တွေတဖြည်းဖြည်းကုန်သွားခဲ့သည်။ ပြင်းထန်စွာ နာကျင်နေသော်လည်း ဖန်ချန်းသည် သတိရှိနေဆဲဖြစ်ကာ လက်ချောင်းများဖြင့် ကြမ်းပြင်ကို ကုတ်ခြစ်လိုက်၍ အညိုရောင်အစင်းကြောင်းများ ထွက်လာကာ သူ့လက်သည်းများသည် နောက်သို့ လှန်သွားလေသည်။
သူ့ပါးစပ်မှ သွေးတွေ ပိုစီးကျလာပေမယ့်သူကစကားထပ်ပြောလိုက်သည်။
“အရာအားလုံးရဲ့အစက… ငါတို့မျက်လုံးတွေဖွင့်ပြီး ဒီနေရာမှာ ပေါ်လာရတဲ့အခါတုန်းကပဲ! ဒီမှာရှိတဲ့သူတွေအားလုံး အပြစ်ပေးခံရဖို့ စုစည်းခံလိုက်ရတာ”
သူ့လည်ချောင်းတွင် မှန်ချပ်များနှင့် ပြည့်နေသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးကလည်း နာကျင်ကိုက်ခဲလာသလို ခံစားလိုက်ရသည်။
"ဒီမှာ အားလုံးက ငါတို့အပြစ်တွေအတွက် ပြစ်ဒဏ် ပြင်ဆင်ပြီးသားမလား... ဒါတွေအားလုံးက အကုန်အတုတွေပဲ ငါတို့မှတ်ဉာဏ်တွေတောင်မှ ယုံလို့မရဘူး"
သူတို့ ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပြီး City B ကို လွတ်မြောက်အောင်သွားဖို့ စီစဉ်ခဲ့ကြသည်။
ဒါပေမယ့် City B ဆိုတာက တကယ်ကော ရှိရဲ့လား...
နေ့နှင့် ညက အပြန်ပြန်အလှန်လှန်ဖြစ်နေပြီးလူသားစားမကောင်းဆိုးဝါးများသည် လှည့်လည်သွားလာကာ အဆုံးမရှိသောလမ်းတစ်ခုလိုပင်... သူတို့၏ အချိန်နာရီများသည် တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။
ဖန်ချန်းက ခေါင်းကို မော့လိုက်သည်။ သူ့ရှေ့တွင် အနက်ရောင်ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ထားသည့် ရှဲ့ယင်း သည် အနီရောင်ဝတ်စုံဖြင့် တောက်ပပြီး လှပနေကာ သူမ၏ ရောင်ဝါနှင့် လိုက်ဖက်နေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခဲ့သည်။
ဖန်ချန်းသည်လည်း နာကျင်မှုများစွာကို မခံစားရတော့ဘဲ သူ့ဒဏ်ရာများက တဖြည်းဖြည်း သက်သာလာခဲ့သည်။ ဒဏ်ရာတွေ စေ့သွားပြီး အရင်ကလို ပျောက်သွားသည်ကို သူကြည့်လိုက်သည်။
"အမှန်တော့ငါတို့အားလုံး သေတာကြာပြီမလား"
ဖန်ချန်းသည် အေးမြသောလေများတိုက်ခတ်နေကာ မိုးရွာပြီးနောက် မြက်ပင်၏ရနံ့ ဖန်စအမှုန်အမွှားများ ပြန့်ကျဲနေသော သွေးအိုင်ထဲတွင်သူ့ကိုယ်သူ မြင်ခဲ့ရသည်...
သူ့ကိုယ်သူ မကယ်နိုင်ပေ...
သူကသေပြီးနေပြီဖြစ်သည်...
ရှဲ့ယင်းက ငြိမ်သက်သွားကာ သူမ၏လက်ကို ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။
ဖန်ချန်းက တခစ်ခစ်ရယ်မောကာ ပင်ပန်းနွမ်းနယ်နေသည့်အသံဖြင့်ပြောလိုက်သည်။
"ကြည့်ရတာ... ငါ့အထင်တွေမှန်သွားသလိုပဲ"
ရှဲ့ယင်း နှင့် တခြားသူများက ဒီလူတွေကို အကာအကွယ်ပေးနေရသည့် အကြောင်းရင်းမှာ ဒီလူများအား သူတို့သေဆုံးနေပြီဆိုသည့် အမှန်တရားကို သူတို့မသိအောင် တားဆီးဖို့ပင်...
လရောင်သည် တဖြည်းဖြည်း နီရဲလာပြီး သွေးရောင်တောက်လာခဲ့သည်။ ကြောင်သည် “မြောင်” ဟုအော်မြည်လာပြန်သည်။ ၎င်း၏ ကြေးဝါရောင် ဒေါင်လိုက် မျက်စံများတွင် ဖျတ်ခနဲ တောက်သွားခဲ့သည်။
ကြိုဆိုပါတယ်!
သေဆုံး ပြီးနောက်ကမ္ဘာဖြစ်သည့် လူ့ဘုံကနေလှိုက်လှဲစွာကြိုဆိုလိုက်ပါသည်။