Chapter 37
Viewers 4k

Ch37 အသက်ရှင်ရန်




နျဲ့ရှီတွင် သူ၏မွေးစားမိဘများအား တွန်းလှန်ရန် နည်းလမ်းမရှိပေ။ ဒီကိစ္စကသာ ကျောင်းကို ရောက်သွားမည်ဆိုပါက သူနှင့်ဖန်ချန်း ဒုက္ခရောက်သွားလိမ့်မည်။ နျဲ့ရှီ၏ မွေးစားမိဘများသည် အချက်အမျိုးစုံဖြင့် နျဲ့ရှီအား အပေးအယူလုပ်ရန် တွန်းအားပေးခဲ့လေသည်။ သူ၏မွေးစားမိခင်သည် ဆေးရုံကိုပင်သွားရောက်ရန် ဖိအားပေးခေါ်ဆောင်ခဲ့လေသည်။ သို့တိုင် ဆေးရုံဝင်ပေါက်တွင် ရပ်နေချိန်၌ နျဲ့ရှီ၏အမေသည် ဆေးရုံထဲဝင်ပြီး သူမ၏သားက လိင်တူချစ်သူဖြစ်နေကြောင်း ဆရာဝန်များနှင့် အခြားသူများထံပြောရန်အလွန်ရှက်နေမိသည်။



ထိုတွင် သူမသည် နျဲ့ရှီကို ကော်လာနဲ့ လှမ်းဆွဲလိုက်သည်။ 



"နင့်ကိုနင် ပြောင်းလဲမှာလား ဟမ်..ငါ့ကိုပြောစမ်းပါ!! ပြောင်းလဲမှာလား " 



ဘေးနားက ဖြတ်သွားသည့်လူများစွာက သူတို့ကိုဝိုင်းကြည့်လာကြသော်လည်း သူမသည် အရှက်ရသလိုမခံစားရဘဲ ပြင်းထန်စွာပင် ပြန်စိုက်ကြည့်ခဲ့လေသည်။



နျဲ့ရှီက သူမလက်ထဲမှ ဖြည်းညှင်းစွာရုန်းထွက်လိုက်ပြီး ပြောနေသမျှကသူနဲ့ဘာမှမဆိုင်သလိုမျိုး တည်ငြိမ်သောအသံဖြင့်ပြန်ပြောလိုက်သည်။



"ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"



"ငါက ဘယ်လိုစိတ်အေးအေးထားရမလဲ ဟမ်! ငါ နင့်ကိုဘယ်လို...နင်!"



သူမ၏ အသံသည် တဖြေးဖြေးတိုးလာခဲ့သည်။ သူမ၏ မျက်ခုံးများက နက်နဲစွာ တွန့်ချိုးနေပြီး နဖူးပေါ်ရှိ အရေးအကြောင်းများက တွန့်လိမ်လာခဲ့သည်။



"အခု အသက်လေးနည်းနည်းကြီးလာတာနဲ့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာတာပေါ့လေ..ဟုတ်လား "



"မဟုတ်ဘူး"



"ငါနောက်တစ်ခါထပ်မေးမယ် နင့်ကိုယ်နင်ပြောင်းလဲမှာလား"



"အမေ" 



နျဲ့ရှီက သူမကို ခေါ်လိုက်ပြီးထိုအကြောင်းအရာကို နောက်ဆုံးအနေနဲ့ပြောလိုက်သည်။



"ကျွန်တော် ဘာအမှားမှမလုပ်ထားဘူး...အဲ့ဒီတော့ ကျွန်တော်ကဘာလို့ပြောင်းလဲပေးရမှာလဲ..." 



 အနည်းငယ်မြင့်သောလူသည် ခေါင်းကို အနည်းငယ်ငုံ့ကာ နောက်ကျောကို ကွေးထားသည်။ ဆံပင်များက သူ့မျက်လုံးပေါ်ဝဲကျနေသည်ကြောင့်အကြည့်များကို မမြင်ရပေ။



ထိုမိန်းမ၏မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။ "အမေ" ဆိုသည့်စကားလုံးက သူမနှလုံးသားကို ထိုးဖောက်ပြီး နာကျင်စေပေမယ့် သူမကတော့ ခေါင်းမာနေဆဲပင်။ 



"ငါ့ကိုအဲ့လိုမခေါ်နဲ့တော့...နင့် အဖေနဲ့ငါပြောထားပြီးပြီ နင်မပြောင်းလဲချင်ဘူးဆိုရင်လဲ ရတယ် ဘယ်တော့မှပြန်မလာခဲ့နဲ့! နင့် ညီလေးကို နင့်လိုအတတ်ကောင်းတွေမတက်စေချင်ဘူး ငါတို့ နင့်ကိုဘယ်တော့မှမပျိုးထောင်ဖူးဘူးလို့ပဲသတ်မှတ်လိုက်မယ်!"



နျဲ့ရှီ၏ မျက်လုံးများ မှေးမှိန်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ ဘာပဲပြောပြော သူ ပြန်မတုံ့ပြန်တော့ပေ။



သူတို့၏ ငြင်းခုံမှုသည် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းကလိုပဲ ညဉ့်နက်သည်အထိရောက်သွားခဲ့သည်။ နျဲ့ရှီသည် ညမိုးချုပ်မှသာ ဖန်ချန်းရှိရာအိမ်သို့ပြန်လာခဲ့သည်။



ဖန်ချန်းက အိပ်မပျော်နေသေးပေ။နျဲ့ရှီ ပြန်လာသည်ကို တွေ့လိုက်ရတော့ မျက်လုံးများကို ပွတ်သပ်လိုက်ပြီးတိုးဖွဖွပြောလိုက်သည်။



"မင်း ပြန်လာတာ အရမ်းနောက်ကျတာပဲ"



သူက ပြောနေရင်း ဆိုဖာပေါ်မှထကာ နျဲ့ရှီရှိရာ လျှောက်သွားလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။ သူ့လက် ခြေတွေက အေးစက်နေသော်လည်း နျဲ့ရှီက ပိုလို့တောင်အေးစက်နေခဲ့ကာ အအေးဓာတ်ကဖန်ချန်း၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး နှလုံးသားကိုပင် ဆုပ်ကိုင်လာခဲ့သည်။ သူသည် နျဲ့ရှီ၏ပခုံးများကို လက်ချောင်းများဖြူသွားသည်အထိ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး လွှတ်ရန် ငြင်းဆန်ခဲ့သည်။



သူက ဘာမေးခွန်းမှမမေးသလို နျဲ့ရှီကလည်း ဘာမှမပြောလာသော်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိကြပေသည်။



နျဲ့ရှီသည် သူ၏မွေးစားမိဘများနှင့် တစ်လနီးပါး ရုန်းကန်ခဲ့သော်လည်း နောက်ဆုံးတွင် အဆိုပါကိစ္စသည် ကျောင်းသို့ မဖြစ်မနေ ရောက်ရှိသွားခဲ့သည်။



ဖန်ချန်းသည် အတန်းဖော်ကျောင်းသူ လေးက သူ့ကိုခေါ်လာသည့်တိုင်အောင် အခြေအနေကို သတိမမူမိသေးပေ။ သူမ၏အသံတွင် စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်စိတ်များ ပြည့်နှက်နေခဲ့သည်။



"ကောကော...ဆရာနျဲ့ အလုပ်ထုတ်ခံလိုက်ရတယ်လို့ အတန်းဖော်တစ်ယောက်ဆီက ကြားမိတယ်... ဘာဖြစ်တာလဲ"



ဘာဖြစ်တာလဲ...ဘာကြောင့်လဲဆိုတာ သူလည်း မေးချင်မိသည်။ သူလည်း အမှန်ပင်မသိနေခဲ့ပေ။



နျဲ့ရှီ၏နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်လာမှုသည် တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ နျဲ့ရှီအတွက် တစ်စက်လေးတောင်မှနားမလည်ပေးခဲ့ကြပေ.... သူတို့ လုပ်ရပ်များ၏ အကျိုးဆက်ကို နားရောလည်ကြရဲ့လား....



ထိုနေ့နံနက်တွင် မိုးရွာခဲ့သည်။ နျဲ့ရှီသည် အိမ်ကို တိတ်တဆိတ်ပြန်လာခဲ့ပြီး စောင့်ဆိုင်းနေသော ဖန်ချန်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။



"Yo" ဖန်ချန်း သည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ မေးစေ့ကို ပင့်၍ သူ့ကို နှုတ်ဆက်လာခဲ့သည်။ ဖန်ချန်းသည် ငြိမ်သက်နေပုံပေါ်သော်လည်း နျဲ့ရှီသည် သူဒေါသများ ထိန်းထားသည်ကိုခံစားနေရသည်။



"တောင်းပန်ပါတယ်" နျဲ့ရှီက သူ့ကို တောင်းပန်လိုက်သည်။



ဘာအတွက်လဲ?



"နျဲ့ရှီ...မင်း ငါ့စိတ်ပျက်နေပြီလား..ငါ့ကိုဘာလို့တောင်းပန်နေတာလဲ"



ဖန်ချန်းက ခေါင်းကိုမော့လာကာ မျက်ရည်များ စီးကျလာတော့သည်။သူအမြဲမျက်ရည်ကျနေရသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာ....နေသာသောနေ့လည်ခင်းတစ်ခုမှ ယခုအချိန်အထိ နျဲ့ရှီရှေ့တွင် သူ့မျက်ရည်များကို ဘယ်တော့မှ ထိန်းထားနိုင်မည်မဟုတ်ပေ။ ဒီနေ့သည်လည်း ခြွင်းချက်မရှိနေပေ...



"မင်းဘာအမှားလုပ်မိလို့ ငါ့ကိုတောင်းပန်နေရတာလဲ"



နျဲ့ရှီက သူတကယ်အပြစ်ရှိနေသည့်အတိုင်း ဖန်ချန်း၏မျက်ရည်များကို သုတ်ဖို့ လက်ကိုမြှောက်လိုက်သော်လည်း ဖန်ချန်းက သူ့လက်ကိုရိုက်ကာ ဖယ်လိုက်သည်။



သူက ဘာအတွက်တောင်းပန်နေတာလဲ.....



လက်တွေ့ဘဝသည် သူတို့ကို လွယ်လွယ်နဲ့ ရှင်သန်ခွင့်မပြုခဲ့ပေ။



သူတို့လိုလူတွေအတွက်တော့ အသက်ရှင်ဖို့က မထိုက်တန်နေချေ။ သူတို့သည် ရွှံ့ထဲတွင်သာ ရုန်းကန်နေရပြီး နောက်ဆုံးတွင် ဘာမှမကျန်တော့အောင် ဝါးမျိုခံလိုက်ရမည်ဖြစ်သည်။



ဖန်ချန်းကို ကောင်းမွန်သောဘဝထားပေးနိုင်စွမ်း မရှိသည့်အတွက် နျဲ့ရှီက သူတောင်းပန်သင့်သည်ဟု ခံစားမိသော်လည်း ဖန်ချန်းကို လက်လွှတ်ရန်ကိုမူ ခေါင်းမာစွာ ငြင်းဆန်မိခဲ့သည်။ ဖန်ချန်းသာ ထွက်သွားပါက သူ့တွင်ဘာဆိုဘာမှကျန်ခဲ့မည်မဟုတ်သည်ကို သူသိတာကြောင့် တိတ်တဆိတ်တစ်ကိုယ်ကောင်းဆန်မိခဲ့သည်။



အနားမှာ တစ်ယောက်ယောက်ရှိနေခြင်းသည် အရမ်းအံ့သြစရာကောင်းလှသည်။ သူတို့က ဘဝကိုရှေ့ဆက်လျှောက်ဖို့ ဆက်လက်ရှင်သန်ရန် တွန်းအားဖြစ်ပြီး ပြုံးပြဖို့အတွက် အကြောင်းပြချက်ဖြစ်သည် … သို့သော်လည်း ဘဝကြီးက နေထိုင်ရသည်မှာပျော်စရာသိပ်တော့မကောင်းလှပေ...



"သူတို့က မင်းကျောင်းမှာ တစ်ခုခုလုပ်ခဲ့ကြတာလား..."



ဖန်ချန်းက သူ့မျက်လုံးများကို ပြင်းပြင်းထန်ထန် သုတ်လိုက်သည်။ 



"သူတို့ ရူးများနေကြတာလား...အဲ့တာက မင်းအပေါ်...မင်းအလုပ်အပေါ်သက်ရောက်နိုင်တယ်ဆိုတာ သူတို့မသိကြဘူးလား"



သူတို့ ဂရုမစိုက်ခဲ့ပေ...



သူတို့ ဂရုစိုက်သမျှမှာ သူတို့သားက လိင်တူကြိုက်သူ ဆိုတာကိုပင်...



သူ့ကိုယ်သူမပြုပြင်နိုင်တာကြောင့်...သူတို့က သူ့ကို သားအဖြစ် မထားချင်ကြတော့ပေ။



နျဲ့ရှီက ပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာပြောရမှန်းမသိနေပေ... သူက မျက်လုံးမှိတ်လိုက်ပြီး ခေါင်းယမ်းပြကာ ဖန်ချန်း၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ 



"အခု အဆင်ပြေသွားပါပြီ"



"ဘာကိုလဲ" 



ဖန်ချန်းက တခဏတာအံ့အားသင့်သွားသည်ကိုကြည့်ရင်း နျဲ့ရှီ၏ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်က ဖြည်းညှင်းစွာ လျှောကျသွားခဲ့သည်။



“သူတို့က ဒုက္ခမပေးတော့ဘူးတဲ့” နျဲ့ရှီက ပြောလိုက်သည်။ 



“နောက်ပြီး သူတို့က ဒီကိုလာပြီး ပြဿနာရှာမှာလည်း မဟုတ်တော့ဘူး”



"...အကုန်လုံးပြီးသွားပြီ" 



နျဲ့ရှီက ဖန်ချန်း၏ မျက်နှာကို ကိုင်လိုက်ကာ ဆိုဖာပေါ်တွန်းချလိုက်ပြီး နှုတ်ခမ်းများကို နမ်းလိုက်လေသည်။



ဖန်ချန်းက သူ့ကို တွန်းထုတ်ချင်သော်လည်း နျဲ့ရှီက သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။



သူတို့၏ အနမ်းများက ခဏလေးနှင့်အဆုံးမသတ်နိုင်ခဲ့ပေ။ လျှာများက အချင်းချင်း နူးညံ့စွာရစ်ပတ်နေပြီး ငွေမျှင်တန်းလေးများက နှုတ်ခမ်းထောင့်များတွင်တွဲကျနေသည်။။ နျဲ့ရှီသည် ဖန်ချန်း၏ မျက်နှာပေါ်မှမျက်ရည်များဇွတ်အတင်းလိုက်ယူနေကာ အငန်ဓာတ်နှင့်ဘဝခါးသီးမှုများကို အရသာခံလိုက်သည်။ သူတို့နှစ်ယောက်လုံး အသက်ရှုကြပ်ကာ မောပန်းလာသည့်အချိန်မှသာ ဖန်ချန်း၏နဖူးကိုတစ်ချက်နမ်းရင်း လွှတ် ပေးလိုက်သည်။



ဒီလိုနဲ့ အရာအားလုံးကအဲ့ဒီနေရာမှာပဲ အဆုံးသတ်သွားခဲ့သည်။



အခန်းထဲတွင် လီလီပန်း အနှံ့များမွှန်ထူစွာရနေသဖြင့် ဖန်ချန်းသည် ဝင်လိုက်သည်နှင့် နှာချေလိုက်မိသည်။



ဒါရိုက်တာအဖွားသည် မီးဖိုချောင်ထဲတွင် ပြင်ဆင်နေခဲ့သည်။ ဖန်ချန်းကိုမြင်လိုက်ရတာကြောင့် သူ့နောက်ကို လှမ်းကြည့်လိုက်ကာမေးလိုက်သည်။



"ဖန်ချန်း သားတစ်ယောက်တည်းလာတာလား"



ဖန်ချန်းက ခြေလှမ်းကို ရပ်လိုက်ပြီး အတင်းပြုံးကာ ခေါင်းညိတ်လိုက်သည်။



"အင်းအဖွား... နျဲ့ရှီ... ဂရုစိုက်စရာလေးတစ်ခုရှိလို့ မလိုက်လာနိုင်ဘူး"



ဒါရိုက်တာအဖွားက မေးခွန်းများမမေးတော့ဘဲ အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။



နှစ်ယောက်သား ထမင်းအတူထိုင်စားလိုက်ကြသည်။ ဖန်ချန်းက တစ်ခုခုကို စိတ်ပူပန်နေပုံရတာကြောင့် ဒါရိုက်တာအဖွားက ထမင်းစားပြီးချိန်တွင် "သား အဖွားနဲ့ မိဘမဲ့ဂေဟာမှာ လမ်းလျှောက်ကြမလား.. အဖွားတောင်မရောက်တာကြာနေပြီ" ဟုဆိုလိုက်လေသည်။



ဖန်ချန်းသည် အလိုလိုငြင်းလိုက်ချင်သော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ သူက ဒါရိုက်တာအဖွားကို စိုက်ကြည့်ရင်း သွားများကိုဖိလိုက်ကာ နောက်ဆုံးတွင် "... ကောင်းပါပြီ" ဆိုပြီး ခေါင်းညိတ်လိုက်သည်။



မိဘမဲ့ဂေဟာသို့သွားသည့်လမ်းတစ်လျှောက်တွင် ဖန်ချန်းသည် အတွေးများထဲတွင် ပျောက်ဆုံးနေခဲ့သည်။ မိဘမဲ့ဂေဟာ တံခါးဝတွင် မတ်တပ်ရပ်လိုက်ကြပြီး အဖွားက သူတို့ရောက်လာပြီဖြစ်ကြောင်းကို သတိပေးလိုက်သည်။ ဖန်ချန်းခေါင်းကို မော့လိုက်သည်။



အနက်ရောင်သံတံခါးနှင့် ကြေးဝါကမ္ပည်းပြားသည် သူ၏ကျောရိုးအောက်ကို အေးစက်သွားစေပြီး အေးစက်မှုသည် သူ၏ရိုးတွင်းခြင်ဆီထဲသို့ စိမ့်ဝင်လာခဲ့သည်။



သူ ဒီကိုလာဖို့ကို အမြဲတမ်းကြောက်နေခဲ့သည်...



အိပ်မပျော်သောညများတွင် ကလေးတစ်ယောက်သည် အဆုံးမရှိသော စင်္ကြံတွင် အော်ဟစ်နေကာ တစ်စုံတစ်ယောက်ကအား ရွံ့ထဲမှ ကယ်ထုတ်ရန် တောင့်တနေသည့်ပုံရိပ်များက အိမ်မက်ဆိုးကဲ့သို့သူ့ကိုခြောက်လှန့်နေခဲ့သည် 



သူသည် ဒါရိုက်တာကို တစ်ချက်လှမ်းကြည့်လိုက်ရုံမှအပ မတတ်နိုင်ခဲ့ပေ။သူမသည် ဤနေရာတွင် သူ့ကို စောင့်ရှောက်ခဲ့သူဖြစ်ပြီး သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သူဖြစ်သည်။



သူသည် အရာများစွာထဲမှ အနည်းဆုံးတစ်ခုရှိသည်ကိုကျေနပ်နေသင့်သည်။ ဒါပေမယ့်လူဆိုသည့်အမျိုးက လောဘကြီးတတ်ကြသည်။သူတို့ တစ်ခုခုရပြီဆိုတာနဲ့ ပိုလိုချင်လာကြသည်။



ဒါရိုက်တာက မိဘမဲ့ဂေဟာအထဲမှ ရင်းနှီး သူတွေကို နှုတ်ဆက်ကာ အထဲဝင်သွားခဲ့သည်။ အခုချိန်သည် တစ်ရေးတစ်မော အိပ်ချိန်ဖြစ်၍ ကလေးများအားလုံး အိပ်ပျော်နေကြသည်။ ဖန်ချန်း နှင့် ဒါရိုက်တာတို့သည် နွေးထွေးသော နေရောင်ခြည်ကို အပြင်မှာ ချန်ထားခဲ့ကာ အထဲသို့ အတူတူ ဝင်လာခဲ့ကြသည်။ အတန်ကြာပြီးနောက် သူသည် အေးစက်သော စင်္ကြံပေါ်၌ တစ်ဖန် လမ်းလျှောက်နေရပြန်သည်။



"နျဲ့ရှီ...သူနေကောင်းရဲ့လား" ဒါရိုက်တာက ရုတ်တရက် မေးလာခဲ့သည်။



သူမက ရှေ့မှ လျှောက်နေခဲ့ပြီး ဖန်ချန်း မြင်နိုင်သမျှမှာ သူမ၏ နောက်ကျောနဲ့ ခေါင်းပေါ်က မီးခိုးရောင် ဆံပင်ဖြူတွေ သာဖြစ်သည်။



"...သူအဆင်ပြေပါတယ်" 



လည်ချောင်းများခြောက်နေကာ ချောင်းအပြင်းအထန်ဆိုးချင်လိုက်ပေမယ့် သူထိန်းထားခဲ့လိုက်သည်။



သူတို့သည် စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ကြကာ ကလေးအိပ်ဆောင်ကို ဖြတ်သွားခဲ့ကြသည်။ မရေမတွက်နိုင်သောညများတွင် အခြားကလေးများနှင့် အတူ ပြည့်ကျပ်စွာ အိပ်ခဲ့ရသည်များက ပြန်ပေါ်လာခဲ့သည်။ အခုတွင်မူ သူ့အမှတ်တရများနှင့် လုံးဝကို ကွဲပြားနေသလို အများကြီး ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း စင်္ကြံသည် ရှည်လျားဆဲဖြစ်ပြီး အဆုံးမရှိသလိုမျိုး ထွက်ပေါက်မရှိသည့်ပုံပေါက်နေသေးသည်။



ဒါရိုက်တာ၏ နူးညံ့ပျော့ပျောင်းပြီး အေးချမ်းသည့်အသံကထွက်လာခဲ့ပြန်သည်။



 "ပြီးတော့သားတို့နှစ်ယောက်ရော..ဘယ်လိုလဲ"



ဖန်ချန်းသည် ရပ်တန့်လိုက်၍ ဆက် လမ်းလျှောက်နေသည့် ဒါရိုက်တာ၏ ကျောကို ကြည့်လိုက်သည်။



"...သိပ်တော့မကောင်းနေဘူး" 



ဒါရိုက်တာထံမှ ရိပ်မိခံရပြီးနောက်ဆုံးတွင် အမှန်တရားကို ထုတ်ပြောလိုက်သည်။ သူ့ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်သည့် ကလေးလေးသည် ကြီးပြင်းလာခဲ့ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ လိမ်ညာခြင်းကို သင်ယူခဲ့ပေမယ့်လို့ သူ့ကို အမှန်တကယ်သိသူတွေကတော့ သူ့ကို တစ်ချက်ကြည့်ရုံနဲ့တင် သိနိုင်ခဲ့သည်။



ဖန်ချန်းက တစ်ခုခုကို လိုက်ဖို့ကြိုးစားသလိုမျိုး သူ့အရှိန်ကို ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး နေရောင်ထဲကို လှမ်းဝင်လိုက်သည်။ နေ့လယ်ခင်း နေရောင်သည် သူ့မျက်လုံးထဲတိုက်ရိုက် တောက်ပစွာဝင်လာခဲ့ကာ သူတို့သည် အိမ်နောက်ဖေးသို့ မသိလိုက်စွာဘဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။



တိမ်မြုပ်နေသော မှတ်ဉာဏ်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး တဖြည်းဖြည်း ပိုရှင်းလင်းလာခဲ့သည်။ နျဲ့ရှီမွေးစားခံခဲ့သည့်နေ့၏ မွန်းလွဲပိုင်းအချိန်တွင် ဖန်ချန်းသည် ဤလျှောက်လမ်းပေါ်တွင် ထိုင်နေခဲ့ကာ တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်ကလာပြီး သူ့ကို ခေါ်ဆောင်သွားကာ လွတ်မြောက်အောင် ကူညီပေးလာရန် ဆန္ဒရှိခဲ့သည်။ ဒီနေရာမှာနေရခြင်းကို နျဲ့ရှီနှင့်ခွဲရန် တွန့်ဆုတ်ခြင်းထက်ပင် ပိုစိတ်ကုန်နေခဲ့သည်။



မျက်လုံးများက ပူတက်လာပြီး မျက်ရည်များ တလိမ့်လိမ့် စီးကျလာခဲ့သည်။ ဖန်ချန်းသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ငုတ်တုတ်ထိုင်ချကာ သူ့မျက်လုံးများကို လက်ဖြင့် အုပ်ပြီး ငိုကျွေးတော့လေသည် ။



သူ ဒီကိုနောက်ဆုံးရောက်ခဲ့သည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ... သူသည် အချိန်တိုင်း ဤနေရာကိုရှောင်နေခဲ့သည်။အေးစက်သော စင်္ကြံကို ကြောက်ခဲ့သည်ကြောင့် နေရောင်ရှိကာနွေးထွေးသော နောက်ဖေးနေရာကို မေ့သွားခဲ့သည်။ သူသည် ဤနေရာ၌ရှိခဲ့ဖူးပြီး ဤနံရံများအတွင်း၌ နေထိုင်ခဲ့ဖူးသည်။



ဝအောင်ငိုပြီးနောက် ခေါင်းကို မော့လိုက်သည်။သူ၏ နှာထိပ်ဖျားလေးသည် ကလေးတစ်ယောက်လို နီရဲနေခဲ့သည်။



 "အဖွား"



"အင်း-" ဒါရိုက်တာသည် အရင်နှစ်များစွာကလိုပင် ကြင်နာစွာ တုံ့ပြန်ခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ဆံပင်များတွင် မီးခိုးရောင်အစင်းကြောင်းများ ပိုမိုရှိနေပြီး နေရောင်အောက်တွင် တဖျပ်ဖျပ်တောက်နေခဲ့သည်။



ဖန်ချန်းသည် သူမအရာရာကို နားလည်နေသည်ကို သိနေခဲ့သည်။



သူ့ဘဝကိုဆုပ်ကိုင်ထားဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် သူလက်မလွှတ်ချင်နေပေ။



"နျဲ့ရှီက သူ့မွေးစားမိဘတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီ" 



သူက ရုတ်တရတ်ပြောလိုက်ပြီး အသေးစိတ်ထပ်ရှင်းပြမနေတော့ပေ။



ဒါရိုက်တာက တခဏမျှအံ့အားသင့်သွားခဲ့ပြီး သက်ပြင်းချလိုက်သည်။



ဖန်ချန်းက ငုတ်တုတ်ထိုင်နေဆဲဖြစ်ပြီး သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။



"ကျွန်တော့်မှာ နျဲ့ရှီရဲ့ မွေးစားမိဘတွေကို မုန်းတီးပိုင်ခွင့် မရှိဘူးဆိုတာသိပါတယ်... သူတို့က သူ့ကို အနှစ်နှစ်ဆယ်ကျော်တောင် ပြုစုပျိုးထောင်လာခဲ့ကြတာ... ဒါပေမယ့် သူတို့အပေါ် နာကြည်းတဲ့ခံစားချက်ကို ကျွန်တော်မထိန်းချုပ်နိုင်ဘူး"



ဒါရိုက်တာက ငြိမ်သက်စွာနားထောင်ပေးခဲ့သည်။



"တစ်နေ့ကျရင် နျဲ့ရှီက ကျွန်တော့်ကိုမုန်းလာမှာကို ကျွန်တော်ကြောက်တယ်"



ဖန်ချန်းက ခေါင်းကိုစောင်းလိုက်သည်။ သူ့ပါးစပ်ထောင့်များက တင်းမာနေသော်လည်း အပြုံးတစ်ခုကို ကြိုးစားပြုံးလိုက်သည်။ ထို့နောက် ခေါင်းပြန်မော့လိုက်ပြီး ဒါရိုက်တာနှင့်မျက်နှာချင်းဆိုင်ကာပြောလိုက်သည်။



“ကျွန်တော် သူ့ကို အရမ်းအားကျဖူးတယ်... သူ့မှာ မိဘတွေရှိတယ်.. အစစအရာရာ ထူးချွန်တယ်... ကြိုးစားမှုတိုင်းက အရာရောက်တယ် ဆိုပြီးတော့..."



ထို့ကြောင့် အစပထမတွင် နျဲ့ရှီက သူ့ကိုရန်ပွဲကနေ ဆွဲဆွဲထုတ်လာတိုင်း သူသည် သိမ်ငယ်လာပြီး အရေးမပါသလို ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် နျဲ့ရှီ၏ စကားကို နားမထောင်ခဲ့ဘဲ သူ့ "အကြံပေးချက်" ကို မလက်ခံခဲ့ကာ ခေါင်းမာမာဖြင့် ခုခံသော်လည်း နျဲ့ရှီထံမှ သူ့မျက်လုံးများကို မခွာနိုင်ခဲ့ပေ။



နျဲ့ရှီက သူ့နောက်ကို လိုက်လာသလိုပဲ သူ့အကြည့်များက နျဲ့ရှီနောက် လိုက်သွားခဲ့သည်။



"ဒါပေမယ့် အခုတော့ ကျွန်တော့်ကြောင့်ပဲသူက အရာအားလုံးကို ဆုံးရှုံးသွားခဲ့တာ" 



ဖန်ချန်းက သူ့မျက်နှာကို ဖုံးအုပ်ထားခဲ့ပြီး နေရောင်များက သူ့ဆံပင်များကို ရွှေရောင်တောင်ကာ ဖြာထွက်နေစေခဲ့သည်။ 



"ကျွန်တော် နည်းနည်းတော့ကြောက်တယ်...." 



တစ်နေ့တွင် ငယ်ရွယ်မှုများကုန်ဆုံးသွားခဲ့ပြီး ဘဝ၏ ပင်ပန်းနွမ်းနယ်မှုကြောင့် ရဲစွမ်းသတ္တိများကကျဆင်းသွားပြီး တစ်နေ့နေ့တွင် သူတို့၏အချစ်များပင် ပျောက်ကွယ်သွားကာ အဆုံးမဲ့ မကျေနပ်မှုများနှင့် နောင်တများကိုသာ ကျန်နေခဲ့မည်ကို သူကြောက်ရွံ့ခဲ့သည်။



ဒီလိုမျိုး အဆုံးသတ်သွားမည်ကို သူတကယ်ကြောက်မိသည်....