Chapter-34.2
(ဖက်ဒရေးရှင်းမှ မေးခွန်းများ)
ပင်မတိုက်ပွဲဝင်သင်္ဘောသည် လေဆိပ်တွင်ရှိသောကြောင့် လေဆိပ်အား ပြင်ပလူများ၏ ဝင်ထွက်သွားလာခြင်းအား ပိတ်ထားလိုက်သည်။
ကြီးကြီးမားမားတစ်ခုခုဖြစ်လာတော့မည်အား လူတိုင်းသတိထားမိကြသော်လည်း အဖွဲ့ချုပ်သည် တစ်နှစ်ပတ်လုံး တိုက်ပွဲများ ဖြစ်ပွားနေပြီး ကုရှင်းချီတိုက်ခိုက်ခံရပြီး ပျောက်ဆုံးနေသည့်သတင်းမှာ လျှို့ဝှက်ထားသောကြောင့် လောလောဆယ်တွင် ရုတ်ရုတ်သဲသဲမဖြစ်သွားပေ။
"စီဆဲလ်..!"
စီဆဲလ်သည် ရှေ့သို့လျှောက်လာချိန်တွင် ခရီးဆောင်အိတ်များနှင့်အတူ သူ့ကို ကြည့်နေသော အယ်လန်အား တွေ့လိုက်ရသည်။
သူက စီဆဲလ်အားကြည့်လိုက်ရင်း
"ကုရှင်းချီ သေပြီလားဆိုတာ သိရအောင် ငါလည်းလိုက်ခဲ့မယ်..."
စီဆဲလ်က သက်ပြင်းဖွဖွချလိုက်သည်။
စီဆဲလ် သည် သူ၏အတွင်းရေးမှူးငါးယောက်အား အရေးကြီးကိစ္စများကို ဖြေရှင်းပေးပြီးနောက်တွင် သူနှင့် ကျောင်းမြန်တို့သည် လေယာဥ်ငယ်လေးဖြင့် အယ်လန်တို့နှင့်အတူ ခပ်နိမ့်နိမ့်ပျံကာ ထွက်ခွာသွားကြသည်။
ဆေးပစ္စည်းများနှင့် ဆရာဝန်များသည် ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်တွင် နေရာယူထားကြပြီးဖြစ်သည်။
နောက်သုံးရက်အတွင်း ကုရှင်းချီ၏ အမှတ်၁၅ကြယ်မှ တပ်ဖွဲ့သည် လူပြန်စုကာ မြို့တော်သို့ အမြန်ပြန်လာမည်ဖြစ်သည်။စီဆဲလ်၏ ပင်မစစ်သင်္ဘောသည် လမ်းတစ်ဝက်တွင် သူတို့နှင့် ဆုံနိုင်ရန် အခုချိန်ကတည်းက ထွက်မှရမည်ဖြစ်သည်။
ထို့ကြောင့် ခရီးသွားချိန်ကို တိုအောင် တတ်နိုင်သမျှချုံ့ရမည်ဖြစ်သည်။
စီဆဲလ်နှင့် ကျောင်းမြန်တို့သည် လေယာဥ်မှူး၏ ထိုင်ခုံအနီးတွင် ထိုင်နေကြပြီး စီဆဲလ်သည် စာရွက်များကို လှန်ကြည့်ကာ ပြောလေသည်။
"ရှင်းချီက စွန့်ပစ်ကြယ် နယ်စပ်မှာ နေတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ သူ ရုတ်တရက် ဒဏ်ရာရတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
ကျောင်းမြန်က ပြန်ဖြေလိုက်သည်-
"ပင်လယ်ဓားပြတွေက အရမ်းပါးနပ်တယ် ပြီးတော့ အဆင့်မြင့်လက်နက်တွေ ကိုင်ထားကြတာ....ဇာစ့်တွေနဲ့လည်း ပူးပေါင်းထားသေးတာ....အဲ့ဒါကြောင့်...ဗိုလ်မှူးကု က ခဏသတိလက်လွတ်ဖြစ်သွားတယ်ဆိုတာ နားလည်ဖို့ သိပ်မခက်ပါဘူး...."
"မဟုတ်ဘူး...ကိုယ်ပြောချင်တာက...ဘာလို့လဲဆိုတော့..."
"ဟမ်"
စီဆဲလ်က ဆက်ပြောလိုက်သည်-
"အခုလို ဖြစ်လာစရာမလိုဘူးလေ..အခုချိန်က သိပ်ထူးခြားတဲ့အချိန်မဟုတ်တော့ ဇာစ့်တွေက လာတိုက်စရာအကြောင်းမရှိဘူး..ပြီးတော့ ပင်လယ်ဓါးပြတွေကလည်း ရှင်းချီကို ဘာလို့ရုတ်တရက် ပစ်မှတ်ထားရတာလဲ...အခုလို ရှင်းချီကို ထိခိုက်အောင်လုပ်မယ်ဆိုရင် သူတို့ လူအင်အားနဲ့ အရင်းအမြစ်တွေအများကြီးလိုမှာ ဟုတ်တယ်မလား....အဲ့လောက်ထိလုပ်ဖို့ လိုလို့လား..."
ကျောင်းမြန်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဟုတ်တယ်...ဘာကြောင့်များလဲ...။
ကျောင်းမြန်သည် နီရဲနေသော မျက်လုံးများရှိသည့် လူအား သတိရလိုက်သည်။
သူလည်း... ထိုလူက ဘာတွေးနေမှန်း မခန့်မှန်းနိုင်ပေ။
စီဆဲလ်က ခေါင်းငုံ့၍ အစီရင်ခံစာကို ဆက်ဖတ်နေလိုက်သည်။ ကျောင်းမြန်သည် ပြတင်းပေါက်နားတွင်ထိုင်ကာ အပြင်ဘက်သို့ စိုက်ကြည့်နေသော အယ်လန့်အား ကြည့်လိုက်သည်။
"ကိုယ် စိတ်မပူနေပါဘူး..."
အယ်လန်က သူ့အကြည့်ကို သတိထားမိသွားပြီး အံကြိတ်လိုက်ကာ ဖိပြောလိုက်သည်။
"ကိုယ်က သူကံဆိုးသွားတာကိုမြင်ချင်ရုံပါဘဲ...."
ကျောင်းမြန်က အယ်လန့်အား ဗလာမျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်သည်။
'ခင်ဗျား စိတ်ပူနေတာ သေချာကြီးမြင်နေရတာကို စိတ်မပူဘူးလို့ ဘာလို့ပြောနေရတာလဲ...'
ကျောင်းမြန်က အယ်လန့်ကိုကြည့်လိုက်ပြီး သူ၏သံသယများဖြင့်ပြည့်နေသော ဝေခွဲရခက်နေသည့်မျက်နှာအား စီဆဲလ်က လက်ညှိုးဖြင့်ထိုးကာ ပြောလိုက်သည်။
"ဒါက ဟာသပဲ.."
ကျောင်းမြန် : "......"
အယ်လန် : "....."
စီဆဲလ်က ပြုံးပြီး ပြောလိုက်သည်။
"မင်းလည်း ကိုယ်နဲ့ ကျီစယ်တိုင်း ဖောက်ပြန်တဲ့ လူလိုပဲ ပြုမူနေတာလေ မေးရင်လည်း ငြင်းခံရတာပဲ..."
အယ်လန်သည် မျက်ခုံးပင့်လိုက်သည်။
ခင်ဗျား......
ကျောင်းမြန် : "......."
သူတကယ်မလုပ်ဘူးနော်.....!
သူ ဘယ်တုန်းက စီဆဲလ် နဲ့ ကျီဆယ်ဖူးလို့လဲ.....!
အယ်လန်က စပ်စုချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ငါတော့ မတွေ့မိဘူးနော်...ငါ့ ခယ်မလေးက အလိုလိုက်ခံထားရတဲ့ ကလေးလိုပျက်စီးနေတာလား...သူက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျောင်းမြန် က အံကြိတ်ပြီး ပြန်ရှင်းပြလိုက်သည်-
"ကျွန်တော် မလုပ်ဘူးနော်...စီဆဲလ်ပြောတာ နားမထောင်နဲ့ သူ့အကြောင်း မသိသေးဘူးလား"
"ဟုတ်တယ်..."
အယ်လန်က ပြောလိုက်သည်။
“စကားပြောတာက ပါးစပ်နဲ့ပြောလို့ရပေမယ့် စကားလုံးတွေကတော့ တကိုယ်ကောင်းဆန်စိတ်အပေါ်မူတည်တာပေါ့..."
ကျောင်းမြန်လည်း ထိုစကားကြားပြီးနောက် မညိတ်ချင် ညိတ်ချင်ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
နောက်ဆုံးတွင်၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ စီဆဲလ်၏ "ကိုယ်ကျိုးစွန့်အနစ်နာခံမှု" ကြောင့် သင်္ဘောပေါ်ရှိ လေထုသည် အနည်းငယ် သက်တောင့်သက်သာရှိလာသည်။
အခုချိန်မှ စိုးရိမ်နေခြင်းသည်လည်း အနည်းငယ်အသုံးမဝင်ပေ။
လူတိုင်းသည် ပင်မသင်္ဘောပေါ်တွင် တစ်ညလုံးအိပ်ခဲ့ကြရပြီး ဒုတိယနေ့တွင် ကုရှင်းချီ၏ ကိစ္စသည် တဖြေးဖြေး လူသိများလာကာ စတားကွန်ရက်တွင် ဗိုလ်မှူးကု တစ်ခုခုဖြစ်ခဲ့သည်ဆိုသည့် အဖြစ်သည် လူအများကြား ဆွေးနွေးစရာကိစ္စတစ်ခုဖြစ်လာခဲ့သည်။
"သတင်းက ပျံ့တာမြန်လွန်းတော့ ဖုံးထားဖို့ မဖြစ်နိုင်တော့ဘူးပဲ..."
စီဆဲလ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။
ခဏကြာပြီးနောက် စီဆဲလ်သည် သစ္စာဖောက်အားစုံစမ်းရန်အတွက် မြို့တော်တွင်ကျန်ခဲ့သော ကတ်စပါအား အထူးဂရုစိုက်ပြီး လုပ်ဆောင်ရန် မှာခဲ့သည်။
ဒီတစ်ခါမှ သစ္စာဖောက် မဖမ်းနိုင်လျှင် *ရေထဲတွင် ရွှံ့များရောပါလာလိမ့်မည်။
(*သစ္စာဖောက် ဦးရေ များလာလိမ့်မည်)
စီဆဲလ်က ခနဲ့ကာ လှောင်ပြောင်သည်။
ကျောင်းမြန်သည် စတားကွန်ရက် အား ထိတ်လန့်စွာ ကြည့်လိုက်ရင်း မေးလိုက်သည်-
" Dark Phoenix ရဲ့ ရည်ရွယ်ချက်က ဗိုလ်ချုပ်ကြီးရဲ့ အစီအစဥ်ကို နှောင့်ယှက်ဖို့ မြို့တော်ကို ပရမ်းပတာ ဖြစ်အောင်လုပ်တာလား..."
မဟုတ်လျှင် သူ ဟောင်လုလုကို သယ်လာသည်ဆိုတာကို ဘာလို့ဖော်ထုတ်ခဲ့တာလဲ......အခုလည်း ကုရှင်းချီ ၏အခြေအနေကို ဖော်ထုတ်ချင်နေကြပြန်ပြီ။
"သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကို ဖမ်းချုပ်ပြီး အခွင့်အရေးရရင် သတ်ပစ်ဖို့ပဲ..."
စီဆဲလ်က ဆက်ပြောလေသည်။
" ကိုယ် Dark Phoenix ကိုသွေးကြွေးဆပ်ပြီးပြီ ထင်ခဲ့တာ....အခု ကျန်နေတဲ့ သစ္စာဖောက်ကိုလည်း ခွင့်မလွှတ်ဘူး.....Dark Phoenix ထဲက လူတွေကို သတ်နိုင်ဖို့ဆို ဘယ်သူ့ကိုမှညှာမှာမဟုတ်ဘူး..."
စီဆဲလ်၏ အသံမှာ အေးဆေးတည်ငြိမ်နေသော်လည်း ဖုံးကွယ်သော အငြိုးထားမှုတစ်ခုလည်း ရှိနေသေးသည်။
ကျောင်းမြန်က ခဏငြိမ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
စီဆဲလ် က ပြုံးပြီး ထပ်ပြောလေသည်-
"တကယ်တော့ အဲဒီတုန်းက Dark Phoenix မှာလည်း လူကောင်းတွေရှိပါသေးတယ်... သူက လှပပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ပဲ......အဲဒီ့အချိန်တုန်းက သူမက ကိုယ့်ထက် အသက် နှစ်ဆယ်လောက် ပိုကြီးတယ်...ပြီးတော့ ပြန်ပေးဆွဲခံရတဲ့ကလေးတွေကိုလည်း အကောင်းဆုံး စောင့်ရှောက်ပေးခဲ့တာ...သူမက Dark Phoenix က လူတွေသတ်လို့ သေလို့သေသွားတဲ့ ကလေးတွေနဲ့ ကိုယ့်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးချင်ခဲ့တာ..."
"တခြားကလေးတွေ..."
ကျောင်းမြန်သည် စီဆဲလ် တစ်ယောက်တည်း ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။
တခြားတစ်ယောက်ရှိသေးတာလား.....။
"ဟုတ်တယ်..."
ဒါပေမယ့် စီဆဲလ်က ထပ်ပြောရန် အစီအစဥ်မရှိတော့သဖြင့် အဝေးသို့အကြည့်လွှဲလိုက်သည်။
ကျောင်းမြန်သည် သူ၏စိတ်စွမ်းအားမှာ အမြဲအကဲဆတ်တတ်သောကြောင့် စီဆဲလ်၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ယခုအချိန်တွင် ခံစားနိုင်လေသည်။
ထိုလူအကြောင်းပြောသောအချိန်တွင် စီဆဲလ်၏ စိတ်အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားလေသည်။
ကျောင်းမြန်သည် Dark Phoenix မှာ စီဆဲလ် ၏ အထိခိုက်မခံသည့်အရာ ဖြစ်ကြောင်းကို ရုတ်တရက် သတိရလိုက်မိသော်လည်း စီဆဲလ်သည် Dark Phoenix ကို မကြောက်ကြောင်းနှင့် ၎င်းသည် သူ့စိတ်ထဲမှ အရိပ်မည်းတစ်ခုမဟုတ်ကြောင်း ပြောခဲ့ဖူးသည်။
'ဒါက Dark Phoenixကြောင့်မဟုတ်ဘဲ..ထိုလူကြောင့်များဖြစ်နိုင်မလား....ဒါဆို အဲ့လူက ဘာလဲ..'
ကျောင်းမြန် အနည်းငယ် ထိတ်လန့်သွားသည်။
ညမိုးချုပ်သည့်အချိန်တွင် ပင်မစစ်သင်္ဘောသည် နောက်ဆုံးတွင် ကုရှင်းချီကို စောင့်ကြပ်ပေးနေသည့် လေယာဉ်နှင့် တွေ့ဆုံခဲ့သည်။
ပင်မစစ်သင်္ဘောသည် ၎င်း၏ကြီးမားသောပြတင်းပေါက်ကိုဖွင့်လိုက်ပြီး လေယာဉ်ငယ်ထဲဝင်လိုက်ပြီးနောက် ကုရှင်းချီ နှင့် အသက်ရှင်ကျန်ရစ်သောစစ်သားနှစ်ဦးအား ထမ်းစင်ဖြင့် သယ်ကာ ဆေးကုသခန်းထဲသို့ ရွှေ့ပြောင်းပေးခဲ့သည်။
အယ်လန်က ထမ်းစင်များကို ကြည့်ပြီး မေး၏။ "လူငါးယောက်လို့ ပြောခဲ့တာမဟုတ်ဘူးလား"
ကျောင်းမြန် နှင့် စီဆဲလ် တို့သည် တိတ်ဆိတ်နေကြလေသည်။
အချိန်အတော်ကြာမှ အခြားနှစ်ဦးသည် ကယ်ဆယ်ရေးအဖွဲ့အား မစောင့်နိုင်တော့ကြောင်း အယ်လန်လည်း နားလည်သွားခဲ့သည်။
လူအနည်းငယ်သည် သွေးထွက်လွန်နေပြီဖြစ်သော သုံးယောက်လုံးအား အခြေအနေစမ်းသပ်ရန် ရှေ့တိုးလာကြလေသည်။
ဆရာဝန်သည် ချက်ချင်း ရှေ့သို့ တိုးလာပြီး ဆရာဝန်နှစ်ယောက် နှင့် သူနာပြု နှစ်ယောက်သည် လူနာဘက်သို့ မျက်နှာမူကာ လှည့်လိုက်သည်။
ပုံမှန်အားဖြင့် ဒဏ်ရာကို သွေးခြေဥခြင်း နှင့် ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ရန် အခြေခံအကျဆုံး နည်းလမ်းဖြစ်သည့် ပတ်တီးဖြင့် စည်းပေးထားပြီး ရှေးဦးသူနာပြုစုခြင်းစသည့် လုပ်ငန်းစဥ်အားလုံးကို လုပ်ဆောင်ပြီး ဖြစ်သည်။
အယ်လန်သည် ကုရှင်းချီ၏ ကုတင်ဘေးတွင်ရပ်ကာ သူ့တစ်ကိုယ်လုံးသည် ထိန်းမနိုင်စွာ တုန်ရီနေလေသည်။
ကုရှင်းချီ၏ မျက်နှာတွင် တင်းမာသည့် မျက်နှာအနေအထားပါ မမြင်ရလောက်အောင် သွေးများဖြင့် ချင်းချင်းနီနေလေသည်။နောက်ကျောဘက်တွင်လည်း ပေါက်ကွဲမှုမှရလာနိုင်ဖွယ်ရှိသည့် မီးလောင်ရာဒဏ်ရာများက အကြီးရော အသေးရောဖြင့် ပြည့်နှက်နေလေသည်။
သို့သော် အဆိုးဆုံးဒဏ်ရာမှာ ပုခုံး ကနေ ခါးအထိကြီးမားသော ပြတ်ရှဒဏ်ရာဖြစ်သည်။ဓါးဒဏ်ရာသည် အသားနက်နက်ထိ ခုတ်မိထားသောကြောင့် သွေးထွက်လွန်ကာ အလွန်ကြောက်စရာကြောင်းနေသည်။
လေထုထဲတွင် ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နေလေသည်။
အယ်လန်သည် မွေးကတည်းက အလိုလိုက်ခံထားရသော မင်းသားလေးဖြစ်သည့်အတွက် ယခုလို ဒဏ်ရာမျိုးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး ထိုဒဏ်ရာကလည်း ကုရှင်းချီ၏ ကိုယ်ပေါ်တွင် ဖြစ်နေသောကြောင့် သူ၏ရင်ထဲတွင် မုန်တိုင်းထန်နေလေသည်။
ကျောင်းမြန်သည် အယ်လန်၏ မြင်ကွင်းအား တားဆီးရန် ရှေ့သို့တိုးလိုက်ပြီး ပြောလေသည်-
"အရှင့်သား အပြင်မှာပဲစောင့်နေပါလား "
“ဟင့်အင်း…”
အယ်လင်က အသက်ကိုပြင်းထန်စွာရှူလိုက်ရင်း မေးလိုက်သည်-
“သူ အများကြီး နာနေလောက်လား.."
ကျောင်းမြန်သည်လည်း တခဏမျှ ထိတ်လန့်သွားသည်။
အယ်လန်၏ ရင်ထဲတွင် ပြိုတော့မဲ့ မိုးကဲ့သို့ တုန်လှုပ်သွားပြီး သူ၏မျက်လုံးများသည် ယုန်တစ်ကောင်ကဲ့သို့ နီရဲနေကာ အမြဲတမ်း ရွှင်လန်းနေတတ်သည့် အပြုံးများလည်း ပျောက်ကွယ်သွားသည်။
"ငါမှားသွားပြီလား...ငါသူ့ကို ဒီလို မဆက်ဆံလိုက်သင့်ဘူး....သူ အသက်ရော ရှင့်ပါ့မလား"
"သူအဆင်ပြေလောက်လား အရမ်းနာနေမလား"
အယ်လန်က နှုတ်ခမ်းများ တုန်ယင်ကာ ထိုမေးခွန်းများကို ဆက်တိုက်မေးနေလေသည်။
အယ်လန်၏ စိတ်ထဲတွင် ထိုလူသည် အရပ်ရှည်ကာ မည်သည့် ထူးခြားချက်မျှမရှိဘဲ သစ်သားတုံးကဲ့သို့ မတုန်မလှုပ်ဖြင့် ဖြစ်သည်။
ထိုသို့ သန်မာသောလူသည် ယခုအချိန်တွင် နာကျင်စရာကောင်းပြီး ဝမ်းနည်းဖွယ်ကောင်းအောင် လှဲနေရမည်လို့ မည်သူကထင်မည်နည်း။
"အရှင့်သား အပြင်ထွက်ပြီးစောင့်ရအောင်လေ"
ကျောင်းမြန်က အယ်လန်၏ပုခုံးကို ကိုင်ကာပြောလိုက်သည်-
"သူ့ကို ဆေးနဲ့ကုလို့ရပါသေးတယ်"
"ဟင့်အင်း"
အယ်လန်က ကျောင်းမြန်၏လက်ကို တွန်းဖယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကိုယ်ဘေးနားလေးမှာ ပဲထိုင်မှာပါ..မင်းကိုလည်း မနှောင့်ယှက်ပါဘူး.....ငါ့....ငါ့ကို စိတ်မဆိုးပါနဲ့.."
အယ်လန်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး နီရဲနေသောမျက်နှာဖြင့် လွတ်နေသောနေရာတွင် ထိုင်ရန် ကြိုးစားလိုက်သည်။
ကျောင်းမြန်က သက်ပြင်းချလိုက်ပြီး သူ့အား မတားတော့ပေ။
"အခြေအနေ ဘယ်လိုရှိလဲ"
ကျောင်းမြန်က ရှေ့သို့လှည့်ကြည့်လိုက်ချိန်တွင် ဆရာဝန်က ဒဏ်ရာအားသန့်ရှင်းပေးပြီးနောက် ဒဏ်ရာအားချုပ်ရန် ပြင်နေသည်ကို တွေ့လိုက်လေသည်။
"ခဏနေဦး....!"
ကျောင်းမြန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"သူ့ကိုယ်ထဲက ဇာစ့်အဆိပ်ကို မထုတ်ရသေးတာကို မင်းက ဒဏ်ရာကိုချုပ်ဖို့လုပ်နေတာလား ....အဆိပ်ကိုမထုတ်တော့ဘူးလား.."
ထိုအခါ ဆရာဝန်က မျက်ခုံးကိုတွန့်ကာ ပြန်ဖြေလိုက်သည်။
"ဒါက အခုချိန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ ဒဏ်ရာကိုဖွင့်ထားရင် သွေးထွက်လွန်ပြီး ပိုးဝင်နိုင်ခြေပိုများပြီး ပိုဆိုးသွားစေလိမ့်မယ်..."
ကျောင်းမြန် : "ဘာပဲဖြစ်ဖြစ် ချုပ်လို့မရဘူး"
ကျောင်းမြန်က သူ့ကျောပိုးအိတ်ကို ဖွင့်လိုက်ကာ သေတ္တာတစ်ခုကို ထုတ်လိုက်ပြီး အထဲမှ ဆေးဖက် ဝင်အပင်များကို ထုတ်ပေးလိုက်ရင်း ပြောလိုက်သည်-
"ဒီအပင်တွေကို ရေစိမ်ပြီး သူ့ဒဏ်ရာပေါ် အုပ်ပေးလိုက်...ပြီးရင် ဟောင်လုလုနဲ့ ဒီကပ်ပါးနွယ်ပင်ရဲ့ အခက်တွေကနေ လုပ်ထားတဲ့ ဒီဆေးအမှုန့်တွေကို သူ့ဒဏ်ရာမှာ သိပ်ပေးပြီး အဆိပ်ဖြေလို့ရတယ်..."
"မင်းရူးနေတာလား"
စီနီယာ ဆရာဝန်က ပြောလေသည်-
"မင်း သူတို့ကိုသုံးမယ်ဆိုရင် ဒီအပင်တွေကြောင့် ဒဏ်ရာ ပိုမဆိုးလာနိုင်ဘူးဆိုတာ မပြောနိုင်ဘူး...ပြီးတော့ ဟောင်လုလုက အဆိပ်ရှိတဲ့ တရားမဝင် မူးယစ်ဆေးဝါးအပင်မျိုး...ဗိုလ်ချုပ်ကျောင်းက ပင်လယ်ဓါးပြတွေနဲ့ တစ်နှစ်ပတ်လုံး တိုက်ခိုက်နေတာကို ဟောင်လုလုက အဆိပ်ရှိတယ်ဆိုတာ မသိဘူးလို့တော့ မပြောနဲ့နော်...."