Chapter 53
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch 53


"ကားလ်တွန်ကို ငါ့အတွက် ဖန်လုံအိမ်လေးဆီ ခေါ်လာခဲ့လိုက်။ ပြီးတော့ လက်ဖက်ရည်လည်း ပြင်ထားပေးပါ"

"ဟုတ်ကဲ့ပါ သခင်မလေး"

လူနာက ဘေးနားမှဖြတ်သွားသော အစေခံကို ခိုင်းလိုက်ပြီး ဖန်လုံအိမ်ထဲသို့ သွားလိုက်သည်။ သဘာဝအတိုင်းပင် ရို့စ်မယ်ရီ၊ အန်းသန့်စ် နှင့် ရိုယာတို့က သူမနောက်မှ လိုက်လာခဲ့သော်လည်း လူနာက ပြန်လှည့်ကာ သူမတစ်ယောက်တည်း သွားမည်ဖြစ်ကြောင်း ပြောခဲ့လိုက်သည်။

"လူတွေအများကြီးရှိတာက အနှောက်အယှက်ဖြစ်စေမှာ မဟုတ်ဘူးလား"

"ငါတော့ အဆင်ပြေသင့်တယ်လို့ထင်တယ်။ပြောရရင် ငါက မကြာသေးခင်ကအထိ ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်ခဲ့တာလေ။ ငါ လွဲချော်သွားတာ တစ်ခုခုတော့ရှိရမယ်"

လူနာ၏ စိုးရိမ်မှုကိုမြင်သဖြင့် ရို့စ်မယ်ရီက လူနာ၏လက်ကိုဆွဲကိုင်ပြီး သူမနှင့်အတူသွားရန် ကမ်းလှမ်းလိုက်သည်။ အန်းသန့်စ်နှင့် ရိုယာ တို့ကလည်း ပြောလာခဲ့ကြသည်။

"မင်း သက်သေခံချက် လိုရင်လိုမှာမို့လို့ ကိုယ်လည်း မင်းနဲ့အတူ လိုက်သင့်တယ်"

"လေဒီ ဥပဒေဆိုင်ရာအကြံဉာဏ်လိုရင်လိုလောက်တာမို့ ကျွန်တော်လည်း အတူလိုက်သင့်တယ်"

လူတိုင်းက သူမနှင့်အတူလိုက်လိုသည့်ဆန္ဒကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီး လူနာသည် သူမ၏လက်ကို ရို့စ်မယ်ရီထံမှ ဖယ်ရှားလိုက်ရင်း ခေါင်းယမ်းပြလိုက်သည်။

"အဆင်ပြေပါတယ်။ ကျွန်မရဲ့ စံအိမ်ကိစ္စအတွက်နဲ့ ရှင်တို့ကို ဒုက္ခမပေးချင်ဘူး"

သူမကိုယ်တိုင် အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု သူမခံစားခဲ့ရပြီး အလုပ်များနေသည်ဟူသော အကြောင်းပြချက်ဖြင့် စံအိမ်ကြီးကို လျစ်လျူရှုခဲ့မိသည့်အတွက်လည်း အပြစ်ရှိသလို ခံစားနေရသည်။

"ဒါဆိုလည်း မင်းပြောသလိုပေါ့"

အန်းသန့်စ်က အံ့အားသင့်စရာကောင်းစွာ လိုက်နာခဲ့ပြီး ရို့စ်မယ်ရီကလည်း ထပ်ပြီး တွန်းအားမပေးလာတော့ပေ။ ထို့နောက် လူနာ မှန်ဥယျာဉ်ဆီသို့ ရွေ့လျားလာသည်နှင့်အမျှ ရို့စ်မယ်ရီနှင့် အခြားလူများသည် သံလိုက်ဖြင့်ဆွဲခံ‌ထားရလိုမျိုး သူမနောက်မှ လိုက်လာခဲ့ကြသည်။

"ဘာလုပ်နေကြတာလဲ"

နင်တို့အားလုံး ဘာလို့ နောက်ကလိုက်လာကြတာလဲ။ ငါတို့က ကိုယ့်လမ်းကို သီးခြား သွားသင့်တာ မဟုတ်ဘူးလား။

အန်းသန့်စ်က ရဲတင်းစွာ တုံ့ပြန်လာခဲ့သည်။

"ကိုယ်က ဒီတိုင်းမှန်ဥယျာဉ်ကို သွားကြည့်ချင်လို့"

"ငါရောပဲ။အဲ့မှာက ရောင်ပြန်ဟပ်တာ ကောင်းတယ်လေ"

"အမ်း ကျွန်တော်က သခင်လေး အန်းသန့်စ်နောက် လိုက်လာတာ"

"…"

လူနာသည် သူမ၏ နဖူးကို အုပ်ကိုင်လိုက်မိသည်။

"ဒါဆို ကျေးဇူးပြုပြီး ကျွန်မကိစ္စပြီးမှ လာခဲ့ ဟုတ်ပြီလား။ကျွန်မ တကယ် အေးအေးဆေးဆေး စကားပြောချင်တယ်"

ကံကောင်းထောက်မစွာဖြင့် သူတို့နားလည်သွားပုံရပြီး မားကွစ်မိသားစုက သူမနောက် ဆက်မလိုက်လာတော့ချေ။

ဖန်လုံ ဥယျာဉ်အိမ်သို့ရောက်သောအခါတွင် ခဏစောင့်ခဲ့ဆိုင်းပြီးနောက် လက်ဖက်ရည်များ သယ်ဆောင်လာသောအစေခံတစ်ဦးနှင့်အတူ အိမ်တော်ထိန်း ကားလ်တွန် ရောက်ရှိလာခဲ့သည်။

"သခင်မလေး ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ"

"ဟုတ်တယ်၊ ကျွန်မ ခေါ်လိုက်တာ။ ကျေးဇူးပြုပြီး ထိုင်ပါအုံး"

ကားလ်တွန်က လူနာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ခဏအကြာတွင် အစေခံက သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် လောင်းထည့်ပေးခဲ့သည်။

'ငါ အိမ်တော်ထိန်းအတွက် လက်ဖက်ရည် ထည့်ပေးဖို့ပြောခဲ့လို့လား။ ဒါမှမဟုတ် ဒါက ကျင့်ဝတ်ပဲလား'

အသေးအဖွဲကိစ္စများကိုတောင်မှ သူမစိတ်က လိုက်တွက်နေမိတာပဲဟု လူနာ တွေးလိုက်မိသည်။ ခဏအကြာတွင် သူမက အဓိကအကြောင်းအရာကို တန်းသွားခဲ့လိုက်သည်။

"ကျွန်မ ဒီနေ့ ပင်မတံခါးမှာစောင့်တဲ့ အစေခံက အိမ်ပြန်သွားတယ်လို့ ကြားခဲ့တယ်"

"သခင်‌မလေး ဝေလ်မန်အကြောင်းပြောနေတာဖြစ်မယ်။ ဟုတ်တယ် သူပြန်ခဲ့တယ်"

ကားလ်တွန်သည် အလွန်အေးဆေးစွာ တုံ့ပြန်လာခဲ့ပြီး လူနာက လက်ဖက်ရည်ကို အေးအေးဆေးဆေး တစ်လုပ်သောက်ကာ မေးလိုက်သည်။

"ဘယ်တုန်းကစပြီး ကျွန်မတို့ဆီမှာ အသွားအပြန်စနစ်ကို ရှိသွားရတာလဲ။ကျွန်မ ဒီအိမ်ကို ဝယ်တုန်းကတောင် အဲ့လိုမျိုး မရှိခဲ့ဘူး"

"ကျွန်တော်ခွင့်ပြုခဲ့တာပါ။ ဝေလ်မန်ရဲ့မိဘတွေက ကျန်းမာရေးမကောင်းတဲ့အတွက် အဲ့တာက ပိုအဆင်ပြေလိမ့်မယ်ထင်ခဲ့လို့ပါ"

"ရှင် ဘာလို့ ကျွန်မကိုမတိုင်ပင်ဘဲ ပြောင်းခဲ့တာလဲ"

ထို့နောက် ကားလ်တွန်သည် လူနာက သူ့ကို အဘယ်ကြောင့် ခေါ်လိုက်သည်ကို သဘောပေါက်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

"ဘာလို့ဆို ဝန်ထမ်းတွေကို ဂရုစိုက်ဖို့က ကျွန်တော့်ရဲ့ တာဝန်မို့ပါ"

လူနာသည် ဤအချိန်တွင် တောင်းပန်လာဖို့ကို မျှော်လင့်ထားခဲ့သော်လည်း ကားလ်တွန်၏ တုံ့ပြန်မှုမှာ သူမ၏မေးခွန်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံရနေသလိုဖော်ပြလာသောကြောင့် လူနာ၏စိတ်ထဲ၌ အေးစက်သွားခဲ့သည်။

"အဲ့ဒီတော့ရော ကျွန်မကပဲ အားလုံးရို လစာပေးထားတာမဟုတ်ဘူးလား"

"…"

"ကျွန်မက ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ ရှင့်ကို အလုပ်ခန့်ထားတာလေ။ ဘာလို့ ကျွန်မတောင်မသိတဲ့ အရာတွေ ရှိနေတာလဲ"

အခြားမည်သည့်အခြေအနေမျိုးတွင်မဆို ၎င်းကို လျစ်လျူရှုထားနိုင်သော်လည်း သူ၏ရယ်စရာကောင်းသောအကြောင်းပြချက်များက လူနာအား သူ့ကိုချောင်ပိတ်ရိုက်လာစေသည်။

လူနာ၏မေးခွန်းကိုမဖြေဘဲ လူနာအား ခဏကြာအောင် စိုက်ကြည့်နေခဲ့သော အိမ်တော်ထိန်းက ဆင်ခြေပေးလာခဲ့သည်။

"သခင်မလေးကြည့်ရတာ အလုပ်ရှုပ်နေပုံရလို့ ကျွန်တော့်ဘာသာပဲလုပ်လိုက်တာပါ။ သခင်မလေးက စံအိမ်အကြောင်း အများကြီးမသိပုံရတယ်။ဒါကြောင့် သခင်မလေးကို သီးခြားသတင်းပို့ရင် သခင်မလေးပင်ပန်းသွားမယ်ထင်ခဲ့လို့ပါ"

"ဒါဆို ရှင် အနည်းဆုံးတော့ စာနဲ့ အစီရင်ခံသင့်တာပေါ့။ ဒီတော့ ရှင်က ဒီလိုမျိုးတွေ လုပ်လေ့ရှိတာလား။ ကျွန်မကြည့်ရတာ အလုပ်များနေပုံရတာနဲ့ပဲ ကိုယ့်ဘာသာကို ဝင်ဆုံးဖြတ် သတင်းပို့တာကို ကျော်သွားပြီးတော့ ကျွန်မကို ဘာမှ မသိချင်နေဘူးလို့ ထင်နေတာလား"

ကားလ်တွန်က ဆက်လျှောချဖို့ ကြိုးစားခဲ့သော်လည်း သူရယ်စရာကောင်း‌သော ဆင်ခြေတစ်ခု ထုတ်လိုက်သည်နှင့် ပြတ်သားသော စကားလုံးများက ထွက်လာတော့သည်။

လူနာက လှောင်ပြောင်ပြောလိုက်သည်နှင့်အမျှ အိမ်တော်ထိန်းသည် ခဏလောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း မြန်မြန်ဆန်ဆန် ဖြစ်သွားတာကြောင့် ဘယ်သူမှ သတိမထားမိလိုက်ပေ။

"အခုကစပြီး ကျွန်တော် အားလုံးကို သတင်းပို့ပါမယ်"

စကားဝိုင်းသည် ကားလ်တွန်၏ အနာဂတ်၌ ပိုလုံ့လဝီရိယရှိစွာကောင်းကောင်းလုပ်ပါ့မည်ဟု ကတိပြုစကားနှင့်အတူ အဆုံးသတ်သွားခဲ့သည်။ လူနာက နောက်ဆုံးအကြံတစ်ခုပေးလိုက်သည်။

"ကျွန်မ နားလည်ပြီ။ အလုပ်ရှင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ မပေါက်ကြားစေဖို့လည်း ဝေလ်မန်ကို သေချာပြောထားပေးပါ။ ပြီးတော့ သူ့ကို ပင်မတံခါးမှာ နေရာမချထားနဲ့တော့။ ဒီလိုမျိုးကိစ္စကို တစ်ကြိမ်ပဲ ခွင့်ပြုလိုက်မယ်"

"…နားလည်ပါပြီ"

ကားတွန်က မတ်တပ်ထရပ်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ ဖန်လုံအိမ်မှ ထွက်သွားချိန်တွင် တစ်စုံတစ်ယောက်၏ ခြေထောက်ဖြင့် ခလုတ်တိုက်တိုက်မိကာ ကျယ်လောင်စွာ လဲကျသွားခဲ့သည်။

"အိုး တောင်းပန်ပါတယ်။ ငါ့ခြေထောက်တွေက အရမ်းရှည်လို့ပါ"

၎င်းသည် အန်းသန့်စ်ပင် ဖြစ်သည်။

'ရှင့်မှာ ခြေတံရှည်တွေ ရှိရင်လည်း သူ့ကို ရှောင်သင့်တယ်လေ'

လူနာ လဲကျနေသော အိမ်တော်ထိန်းကိုကြည့်ကာ တွေးလိုက်သည်။

အန်းသန့်စ်သည် ဖန်လုံအိမ်ထဲသို့ အေးဆေးတည်ငြိမ်စွာပဲ ဝင်ရောက်လာခဲ့သည်။

"နောက်တစ်ကြိမ် သတိထားပေါ့ ကားလ်တွန်။ ငါတို့အိမ်ကလူတွေက ခြေတံရှည်တော့ ဒါမျိုး မကြာခဏဖြစ်တတ်တယ်"

သူမ အန်းသန့်စ်ကို အပြစ်မတင်နိုင်ခင်မှာပဲ ရို့စ်မယ်ရီက ဖန်လုံအိမ်ထဲသို့ဝင်လာပြီး ကားလ်တွန်ကို ပြစ်နင်ရှုပ်ချခဲ့သည်။

"…"

ကားလ်တွန်သည် သူတို့၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် ဘာမှ မပြောနိုင်ဘဲ အမြန်ထကာ ဖန်လုံအိမ်မှ ထွက်သွားခဲ့တော့သည်။

ဒါကိုမြင်တော့ ဖန်လုံအိမ်ထဲ နောက်ဆုံးရောက်လာသော ရိုယာက ကျစ်သတ်လိုက်မိသည်။

"... ရှင်တို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ။ ဝင်ပေါက်မှာ ကျွန်မတို့စကားပြောနေတာကို အကုန်ကြားခဲ့တယ်လို့တော့ မပြောနဲ့နော်"

"မဟုတ်ဘူး၊ အဲဒီမှာနေနေတာမဟုတ်ပါဘူး"

"လေဒီက ကိုယ့် စကားပြောပြီးမှလာဆိုလို့ စောင့်နေတာ‌။ စကားပြောပြီးတာနဲ့ ကိုယ် ဝင်လာခဲ့လိုက်တာ"

နင်တို့တွေ ဘာလို့ ခိုးနားထောင်နေပြီးတော့ အဲ့လောက်သိသာအောင် သရုပ်ဆောင်နေကြတာလဲ။

သေချာစွာပင် တစ်ယောက်ယောက်က သူတို့ကို မောင်နှမတွေအဖြစ် အသိအမှတ်မပြုမိမှာကို စိုးရိမ်ရသလိုမျိုး ရို့စ်မယ်ရီ နဲ့ အန်းသန့်စ်တို့က မျက်နှာပြောင်ပြောင်ဖြင့် လူနာ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဝင်ထိုင်လိုက်ကြသည်။

ထိုအချိန်တွင် အစေခံသည် အိမ်တော်ထိန်း၏ခွက်ကို အမြန်ရှင်းပြီး အသစ်ထပ် ပြင်ဆင်လိုက်သည်။ရို့စ်မယ်ရီက သူမလက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ စကားပြောလိုက်သည်။

"နင် သူ့ကို အရမ်းကြင်နာနေတာမဟုတိဘူးလား"

"ကားလ်တွန်ကိုလား"

"ဟုတ်တယ်။ အမှားတွေက အမှားတွေပဲ ဒါပေမယ့် သူ့ရဲ့ အပြုအမူကိုကြည့်လိုက်အုံး။ အဲ့လိုအပြုအမူတွေက ပြင်းပြင်းထန်ထန် ပြင်ပေးဖို့လိုတယ်"

တည်ငြိမ်သောမျက်နှာဖြင့် စကားပြောနေသော ရို့စ်မယ်ရီက တကယ့်ကို အန်းသန့်စ်၏ညီမပီသပေသည်။

"ဒါမှမဟုတ် သူ့ကို အရင်ခွင့်လွှတ်လိုက်ပြီးတော့ နောက်ကျမှ လှေကားပေါ်ကနေ တွန်းချဖို့ ရည်ရွယ်ထားတာလား။ လေဒီလူနာက အဲဒါကို ပိုကြိုက်လောက်မှာ"

"မဟုတ်ဘူး ငါ အဲ့လိုမလုပ်ဘူး!"

ငါ့ကို ဘာလို့ လူသတ်သမားလိုမျိုးတွေးနေတာလဲ။

လူနာက ပက်ခနဲ ခွန်းတုံ့ပြန်လာသဖြင့် အန်းသန့်စ်သည် ရယ်မောလိုက်မိသည်။

သို့သော် ၎င်းက သူ၏ ပုံမှန်ရွှင်လန်းသော အပြုံးမဟုတ်နေပေ။ ၎င်းက သူ ကားလ်တွန်ကို လှေကားကနေ အချိန်မရွေး တွန်းချတော့မလိုမျိုး နက်မှောင်သော အပြုံးတစ်ခုသာဖြစ်သည်။

လူနာက သက်ပြင်းချလိုက်ပြီး စကားဝိုင်းကိုပြန်စလိုက်သည်။

"အဲ့ဒါက ပထမဆုံးအကြိမ်ဆိုတော့ ကျွန်မ ဒီတိုင်းလွှတ်ထားဖို့ ကြိုးစားခဲ့လိုက်တာ။ ဆက်သွယ်တဲ့နေရာမှာ ချို့ယွင်းချက်အချို့ ရှိခဲ့ပေမယ့် သူက အခုချိန်ကစပြီး သတင်းပို့ပါ့မယ် ဆိုတော့ နောက်ဆို သူလည်း ကောင်းကောင်း လုပ်နိုင်လောက်မှာပါ။ နောက်ဆုံးတော့ လူဆိုတာက စမ်းသပ်မှုတွေနဲ့ အမှားအယွင်းတွေကြားကနေ ကြီးပြင်းလာကြတာမလား.."

လူနာသည် ကားလ်တွန်၏ သဘောထားကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသော်လည်း နောင်တွင် ၎င်းကို ပြုပြင်ပေးမည်ဟု ပြောသောကြောင့် ယခုတစ်ကြိမ်တွင် သူ့ကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့လိုက်သည်။ ဒါပေါ့ ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ခါထပ်ဖြစ်ခဲ့ရင်တော့ သူမ လွယ်လွယ်နဲ့ ကျော်သွားမှာ မဟုတ်ပေ။

"နင်က ကြင်နာတတ်တဲ့ နှလုံးသားရှိတာပဲ"

"အချိန်အကြာကြီး သည်းခံနေထိုင်ခဲ့ရတဲ့နောက် သဘာဝအတိုင်း ဒီလိုဖြစ်သွားတာပဲ"

သူမသာ ပြဿနာတိုင်းကို တောင့်မခံခဲ့ပါက ရလဒ်သည် အန်းသန့်စ်ကဲ့သို့ ဖြစ်သွားနိုင်လောက်သည်။ လူနာပဲဖြစ်ဖြစ် အန်းသန့်စ်ပဲဖြစ်ဖြစ် ရလဒ်က မကောင်းဘူးဆိုသော်လည်း နှိုင်းယှဉ်ကြည့်မယ်ဆိုပါက လူနာက ပိုကောင်းပေသည်။

"ဒီတစ်ကြိမ်တော့ လွှတ်ထားပေးလိုက်ပေမယ့် ဒုတိယအခွင့်အရေးဆိုတာ ရှိမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စာနာပေးလို့ ကျေးဇူးပါ"

"လေဒီက ဒီလိုပြောမှတော့ ငါလည်းဘာမှ မပြောတော့ပါဘူး"

သူတို့ စကားပြောနေကြစဉ်မှာပဲ လော်ရာနှင့်အတူ အမ်မာက ညဉ့်နက်ပိုင်း အဆာပြေမုန့်များနှင့်အတူ ဝင်လာခဲ့သည်။

"လုပ်တောင်လုပ်ပြီးသွားပြီလား"

"ကျွန်မက မီးဖိုချောင်ထဲမှာ ရှိနေပြီးသားမို့ပါ။ အကောင်းဆုံးကြိုးစားပြီးလုပ်ခဲ့ပါတယ်"

သာယာလှပပြီး ဆန်းကြယ်သောဖန်လုံအိမ်ထဲ၌ ကြည်နူးဖွယ်ရနံ့တစ်ခုက ပြည့်သွားခဲ့သည်။သူတို့ ပါတီပွဲမှာ ဗိုက်နည်းနည်းဖြည့်လာခဲ့ပေမယ့် သူတို့ရှေ့က အရသာရှိသော အစားအစာများအပေါ် မခုခံနိုင်ခဲ့ပေ။

စားပါဦးလို့ မပြောခင်မှာပင် အန်းသန့်စ်နှင့် ရို့စ်မယ်ရီတို့က အစားအသောက်များကို စစားနေကြပြီဖြစ်သည်။ လူနာလည်း ထိုမောင်နှမတွေအကုန်လုံး စားသွားမှာကို ကြောက်ကာ တစ်ခုအမြန်ယူစားလိုက်သည်။

'…အိုး။ အရသာရှိတာပဲ'

အမ်မာကြည့်ရတာ နောက်ဆုံးတွင် မီးဖိုချောင်နှင့် ရင်းနှီးသွားပြီး သူမ၏ ချက်ပြုတ်မှုစွမ်းရည်များ ပြန်လည်ရရှိလာပုံရသည်။ လူနာသည် ယခင်က တိတ်တဆိတ် စိတ်မကျေမနပ်ဖြစ်ခဲ့ဖူးသောကြောင့် ယခုအရသာက သူမကို အမှန်တကယ် သက်သာရာရစေသည်။

ရိုယာတစ်ယောက်သာ အနားမှာ ငြိမ်ငြိမ်လေး ရပ်နေတာမြင်တော့ လူနာက သူ့ကိုပါ စားဖို့ဖိတ်ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မတို့နဲ့အတူ လာစားလေ။ မလောက်ရင် ထပ်ပြီးတောင်းလို့ရတယ်။ ဟုတ်တယ်မလား အမ်မာ"

"ဟုတ်ပါတယ် ကျေးဇူးပြုပြီးစားပါ။ ဒါဆို ကျွန်မ နောက်ထပ် အစားအသောက်တွေ များများထပ်ပြင်ဆင်လိုက်ပါအုံးမယ်"

အနည်းငယ်ပင်ပန်းနေပုံရသော်လည်း ပြုံးနေဆဲဖြစ်သော အမ်မာသည် မီးဖိုခန်းဆီသို့ ပြန်သွားခဲ့သည်။ ရိုယာက ထိုင်လိုက်ပြီး အစားအသောက်များကို စတင်စားလိုက်သည်။ အမ်မာ၏ အချက်အပြုတ်စွမ်းရည်များ ပြန်ရောက်လာမှုအပေါ် ကျေနပ်နေသည်မှာထင်ရှားသည်။ 

ထိုအချိန်အထိ အမ်မာ၏ဘေးတွင် ရပ်နေခဲ့သော လော်ရာသည် အနည်းငယ် မှုန်ကုပ်နေပုံရသောကြောင့် လူနာက လှမ်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ။ နင့် မျက်နှာက ဘာလို့ဒီလောက်မှောင်မဲနေတာလဲ"

"ဟင်၊အာ မဟုတ်ဘူး၊ ဘာမှမဟုတ်ပါဘူး…"

အဖြေကလည်း မလန်းဆန်းနေပ။ လော်ရာသည် သူမ၏ခံစားချက်များကို ရိုးသားစွာဖော်ပြသူတစ်ဦး ဖြစ်သောကြောင့် တစ်စုံတစ်ခုဖြစ်ပျက်နေသည်မှာ သံသယဖြစ်စရာတောင်မလိုနေပေ။

"ကျွန်မ အမ်မာကို သွားကူညီလိုက်အုံးမယ်!"

သို့သော် လူနာ၏စူးစမ်းဖို့ ကြိုး‌စားနေသော လုပ်ရပ်ကို သူမမြင်သည်နဲ့ ဖန်လုံအိမ်ထဲကနေ အလျင်မြန် ထွက်သွားကာပျောက်ကွယ်သွားခဲ့သည်။

'ဘာတွေဖြစ်နေတာလဲ'

သူမ အဲ့ဒါက မကြားဘဲ မသိနိုင်ပေမယ့်လို့ ဒီတိုင်း လျစ်လျူမရှုသင့်ဘူးဟု ခံစားရသည်။ သူမသည် အလုပ်များနေသည်ဟူသော အကြောင်းပြချက်ကို အမြဲသုံး၍ သူမ အလုပ်သမားများကို ဂရုမစိုက်မိသောကြောင့် ယခင်ကလည်း ထိုကဲ့သို့အဆင်မပြေမှုမျိုး ကြုံခဲ့ဖူးသည်။

'အဲဒါကို ဖော်ထုတ်ဖို့ အခွင့်အလမ်းရှာရမယ်'

သူမ ဆက်တွေးတောနေစဉ်မှာပင် ရို့စ်မယ်ရီ ရုတ်တရက် ထပြောလာခဲ့သည်။

"ဒါနဲ့...ငါအမြဲတမ်းသိချင်နေတာ။ နင် ငါ့အစ်ကိုဆီမှာ တကယ်ပဲ ဘာကိုတွေ့လို့ သူနဲ့ချိန်းတွေ့ရတာလဲ"

စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော လူနာ၏စိတ်က ရုတ်တရက် ဗလာဖြစ်သွားသည်။

"…အမ်"

"ငါ နားလည်တယ်။ ငါ့အစ်ကိုက ဘာလို့ လေဒီ့ကို ကြိုက်တာလဲဆိုတာ ငါနားလည်တယ်။ နင့်လို လှပပြီး အံ့သြစရာကောင်းတဲ့ လူတစ်ယောက်အပေါ် မကျရှုံးမယ့်ယောက်ျားဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဘာလို့ လေဒီလူနာက ငါ့အစ်ကိုလို ဆိုက်ကိုပတ်နဲ့ ချိန်းတွေ့ရတာလဲ။ သူက ဘာကောင်းနေလို့လဲ"

သူက ဘာကောင်းလဲလို့မေးပါက လူနာသည် ဘာမှကိုမကောင်းဘူးလို့ ဖြေလိုက်ချင်ပေမယ့် အမှန်တရားကို မပြောနိုင်တာကြောင့် နှုတ်ဆိတ်နေခဲ့လိုက်သည်။

ရုတ်တရတ် စော်ကားမှုကို ခံစားလိုက်ရပြီး အန်းသန့်စ်သည် သူ၏ ခက်ရင်းကို ချကာ အေးဆေးတည်စွာ တုံ့ပြန်ခဲ့လိုက်သည်။

"လေဒီက ငါ့မျက်နှာကို သဘောကျတာလေ။ ရံဖန်ရံခါတိုင်း သူမက ငါ့ကို စိုက် ကြည့်နေတတ်တယ်။ ငါတို့စတွေ့ကတည်းက သူမက ဒီလိုဖြစ်ခဲ့တာပဲ"

"ခဏလေး.."

အဲ့ဒါက အမှန်ဖြစ်သော်လည်း လှပသော ပန်းချီကား ဒါမှမဟုတ် ရှုခင်းကို ကြည့်သလိုမျိုးသာ ခံစားခဲ့ရတာဖြစ်သည်။ သူမက သူ့အသွင်အပြင်ကို သဘောကျတာနဲ့ပဲ သူနဲ့ ချိန်းတွေ့မှာမဟုတ်ပေ။

"မင်း ကိုယ့်မျက်နှာကို မကြိုက်ဘူးလား"

"အဲ့လို မဟုတ်ဘူး၊ ဒါပေမယ့် ရုပ်ရည်ကြောင့်ပဲလို့ ပြောတာတော့ မမှန်ဘူးထင်လို့"

"အနည်းဆုံးတော့ မင်း ကိုယ့်မျက်နှာကို သဘောကျတယ်လို့ ပြောနေတာပဲလေ"

"အဲဒါက အမှန်ဖြစ်နိုင်ပေမယ့် ကျွန်မက သခင်လေးရဲ့ မျက်နှာကိုပဲ သဘောကျတာလို့ ဒီမှာ အတည်ပြုလိုက်ရင် အဲဒါက ကျွန်မကို ဘယ်လိုဖြစ်သွားစေမလဲ"

အဲ့ဒါက ကျွန်မကို ရုပ်ရည်ကိုပဲ တန်ဖိုးထားတတ်သူတစ်ယောက် ဖြစ်သွားစေလိမ့်မယ်! ရုပ်ချောတဲ့သူရဲ့ ပရိတ်သတ်ဖြစ်တာက ဆိုးတယ်တော့ မမဟုတ်ပေမယ့် အကန့်အသတ်ရှိတယ်လေ!

လူတစ်ယောက်၏ အနှစ်သာရကို လုံးဝမစဉ်းစားသောသူ အထူးသဖြင့် အခြားသူများကို စိတ်မထင်ရင်မထင်သလို တိုက်ခိုက်တတ်သော ဆိုက်ကိုပတ်အား မျက်နှာတစ်ခုထဲဖြင့် တွဲခဲ့သော မျက်နှာကို ရူးသွပ်သူဖြစ်သွားမှာသေချာသည်။ ဘယ်လိုငြင်းရမလဲဆိုတာ သူမ အလေးအနက် စဉ်းစားခဲ့ပြီး သူမပါးစပ်ကို မဖွင့်ခင်မှာပဲ ရို့စ်မယ်ရီနှင့် ရိုယာတို့က ထိုကဲ့သို့ အခိုင်အမာ ယုံကြည်သွားခဲ့ကြသည်။

"ဆိုတော့ အဲ့ဒါက မျက်နှာကြောင့်ကိုး…"

"ကျွန်တော်လည်း သံသယရှိခဲ့ပေမယ့် မျက်နှာကြောင့်ဆိုတာ အမှန်ပဲ။ ပြောရရင်.. သခင်လေး အန်းသန့်စ်မှာ မျက်နှာကလွဲပြီး တခြားကောင်းတဲ့ဟာတွေမှ မရှိပဲ"

"ချိန်းတွေ့တာက မျက်နှာနဲ့မဆိုင်ပါဘူး!"

သူမ မြန်မြန်ဆန်ဆန် အကြောင်းပြချက်များ ပေးလာသည်နှင့်အမျှ ကံမကောင်းစွာပင် သူမက အန်းသန့်စ်၏ အတွင်းစိတ်ကိုတောင်မှ ချစ်မြတ်နိုးသူ ဖြစ်လာခဲ့သည်။

"ဒါဆို လေဒီက သခင်လေးအန်းသန့်စ်ရဲ့ သေးငယ်ပြီး မမြင်ရတဲ့ နှလုံးသားကိုတောင် မြင်ပြီးတော့ ဒီဆက်ဆံရေးကို ခွင့်ပြုပေးခဲ့တာလို့ ပြောနေတာလား"

"အို ဘုရားရေ… လေဒီလူနာမှာ ကြီးမားတဲ့ နှလုံးသားရှိမှန်း ငါသိပေမယ့် ငါ့အစ်ကိုရဲ့ ညစ်ပတ်တဲ့ အတွင်းစိတ်ကိုတောင်မှ သူမချစ်ပေးနိုင်မှန်း ငါမသိခဲ့ဘူး!"

မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူးလို့!

လူနာသည် အခြေအနေများ ချောမောစွာပင် ရှုပ်ထွေးသွားသောကြောင့် စိတ်ပျက်လက်ပျက် သူမ၏မျက်နှာကို လက်ဖြင့်အုပ်ပြီး ခေါင်းငုံ့လိုက်ချိန်တွင် အန်းသန့်စ်က တခစ်ခစ် ရယ်မောလာတော့သည်။

TK Team