> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch46
"နင် အခု ဘာပြောလိုက်တာလဲ"
ဆိုင်ယာက ရုတ်တရက် နားမလည်နိုင်သောအရာတစ်ခုကို ပြောလာခဲ့သည့် ဖလော်ရီကို မေးလိုက်သည်။
ဖလော်ရီသည် မနက်က ဖြစ်ခဲ့သည့် ဆိုးဝါးသော အဖြစ်အပျက်များအကြောင်းကို ရှင်းပြလိုက်သည်။
"…သူမက ငါက သူမကို အကြောင်းအကြောင်းပြချက်မရှိ ပိုက်ဆံတွေပေးပြီး သူမကို မြို့တော်ကနေ ထွက်သွားဖို့ ပြောခဲ့တယ်လို့ ပြောတာလား"
"ဟုတ်တယ်! သူမက ပိုက်ဆံရှိရင် ထွက်သွားမယ်လို့ ပြောခဲ့တာပေမယ့် ပိုက်ဆံကို ဘယ်တုန်းကမှ မတောင်းခဲ့ဘူးတဲ့။ ဒါဆိုရင် သူမ ဘာလို့ အခုထိမထွက်သွားသေးတာလဲ။ အခု သူမမှာ ပိုက်ဆံရှိနေပြီလေ သူမ ထွက်သွားသင့်တယ်!"
ဖလော်ရီ၏ ပြောပြချက်သည် ရှည်လျားလှသည်။ သူမ၏ မျက်ရည်များက ရပ်တန့်သွားကာ ဒေါသများဖြင့် အစားထိုးလာခဲ့သည်။
ဆိုင်ယာသည်လည်း ဖလော်ရီ၏ပြောကြားချက်ကို သဘောတူသည်- အခုသူမပိုက်ဆံရှိနေပြီမလား သူမထွက်သွားသင့်တယ်လေ။ သူမနှင့် ဖယ်ဆန်အကြား ၀င်ရောက်စွက်ဖက်ဖို့ အမှန်တကယ် ရည်ရွယ်ချက်မရှိရင်ပေါ့။
သို့သော်လည်း ဖယ်ဆန်၏ အပြုအမူများက ဆိုင်ယာကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။သူက လူနာအား မည်သည့် ယောင်္ကျားကိုမျှ မတွေ့စေရန် တားမြစ်ခဲ့သော်လည်း သူကိုယ်တိုင်ကမူ သူမကို စိတ်မဝင်စားခဲ့ပေ။ သူ့သူငယ်ချင်းအနေနဲ့ သူမက အနည်းငယ်ကွာခြားလှသည်။ မဟုတ်ဘူး သူမက အရမ်းကွာခြားပေသည်။
သူမ သေချာနေသော်လည်း ဖလော်ရီ၏ဇာတ်လမ်းကို နားထောင်ရင်း စာထဲ၌ အိမ်တော်ထိန်းပြောခဲ့သော သစ္စာဖောက်ခံရသည်ဆိုတာက သူမကို ဖမ်းစားလာခဲ့သည်။
"ပြီးတော့ သူက ငါ့ကို ရာဇ၀တ်ကောင်လို့ တံဆိပ်တပ်လိုက်တဲ့အပြင် တရားခံအစစ်ကိုတောင် လာတောင်းနေသေးတယ်။အခု တခြားမိန်းမပျိုတွေက ငါ့ကို ဘယ်လိုမြင်ကြတော့မလဲ…!"
ဖလော်ရီသည် ဒေါသထက် ဝမ်းနည်းမှုများ ပိုလာကာ မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ဆိုင်ယာသည် ဖလော်ရီ၏ အပြစ်ကင်းစင်မှုကို ယုံကြည်ပေသည်။
"အခု ငါ အပြင်ထွက်လို့တောင် မရတော့ဘူး! ငါ ကမ္ဘာကြီးကို ဘယ်လိုရင်ဆိုင်ရတော့မှာလဲ။ ငါကြောက်တယ်၊ တုန်လှုပ်ပြီး မျက်ရည်ကျမိတယ်... ဒီလို အရှက်ရတာမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူး!"
"အိုဘုရားရေ… ဒါပေမယ့် သူမက ဘာလို့ သစ္စာဖောက်ပြီး နင့်ကို မမှန်မကန် စွပ်စွဲရတာလဲ။ငါ သူ့ရည်ရွယ်ချက်ကို လုံးဝနားမလည်နိုင်ဘူး။သူမ ဘာသဘောနဲ့ ဒီလိုမျိုးလုပ်တာလဲ"
ဖလော်ရီကို စာနာခြင်းအပြင် လူနာ၏လုပ်ရပ်များအား သူမ နားမလည်နိုင်ပေ။
သူမက မှားယွင်းစွပ်စွဲခံရတာပြီး အပြစ်ကင်းသည်ဟုလည်း အခိုင်အမာဆိုခဲ့သေးသည်။
"ဘာကြောင့်လဲဆိုတော့ သူမရဲ့ နှလုံးသားက ကောက်ကျစ်နေလို့ပဲ! သူမအတွက် အခြားသူတွေကို ညှဉ်းပန်းနှိပ်စက်တာက နေ့စဉ်အလုပ်လိုဖြစ်နေလောက်တယ်။ အဲ့ဒါကြောင့် သူမ ဆက်တိုက်လုပ်နေတာပေါ့ မဟုတ်ဘူးလား"
သူမ၏ပြောဆိုချက်များ မှန်ကန်ပါက ယခင်လာရောက်ခဲ့ခြင်းနှင့် မတရားမှုများအတွက် လျောက်ထားခဲ့ခြင်းများအားလုံးက အလိမ်အညာများသာဖြစ်နိုင်သည်။
ဆိုင်ယာသည် သူမကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ထိုအမျိုးသမီးထက် သူမသူငယ်ချင်း ဖလော်ရီကို ပိုယုံကြည်ပေသည်။
'ငါ ဖယ်ဆန်ကို နားလည်မှုလွဲခဲ့တာများလား။ သူလည်း အဲ့မိန်းမရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ လိမ်လည်လှည့်ဖြားခြင်းကို ခံခဲ့ရတာများလား။ တကယ်သာဆိုရသ်ရင် ငါဘယ်လိုလုပ်ရမလဲ'
ဆိုင်ယာသည် လက်နှစ်ဘက်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားကာ ပါးစပ်ကို တင်းတင်းစေ့ထားပြီး အတွေးထဲ နစ်မွန်းသွားခဲ့သည်။
ဒါက ဖလော်ရီကို စိတ်ပူလာစေခဲ့သည်။ ဆိုင်ယာ မယုံကြည့်မှာကို သူမစိုးရိမ်သည်။
ယခု ကဲလ်ရန်မှတဆင့် စုဝေးခြင်း၌ ပါဝင်ခဲ့ခြင်းသည် အဆင်မပြေခဲ့သောကြောင့် ဆိုင်ယာကသာ သူမယုံကြည်နိုင်လောက်သည့် သြဇာကြီးသူတစ်ဦးဖြစ်သည်။
တစ်စုံတစ်ယောက်ကတော့ သူမကို ထောက်ပံ့ပေးနေမှဖြစ်မည်။ မဟုတ်ပါကလာမည့် အရွယ်ရောက်ပါတီပွဲတွင် သူမ၏မျက်နှာကို သေချာပေါက် ပြနိုင်မည်မဟုတ်ချေ။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆိုင်ယာသည် သူမစိတ်ကိုသူမ ပြင်ပြီးသွားသလိုမျိုး လက်ဖက်ရည်ခွက်ကို ချကာ စကားပြောလာခဲ့သည်။
"ငါ သခင်လေး ဖယ်ဆန်ကိုတွေ့ဖို့ လိုတယ်"
"သခင်လေး ရိုဒရီယန်ကိုလား"
ရုတ်တရက်ကြီးလား
ဖလော်ရီသည် သူတို့အခြားအရာတစ်ခုကို ဆွေးနွေးနေစဉ်တွင် ဖယ်ဆန်နှင့်တွေ့ဆုံခြင်းနှင့်ပတ်သက်သော မမျှော်လင့်ထားသည့်ပြောကြားချက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် ဆိုင်ယာက အံဆွဲတစ်ခုမှ စာတစ်စောင်ကို ထုတ်ယူကာ ဖလော်ရီအား ပြသလိုက်သည်။
"ငါ ဒီစာကို ရထားတယ်။ ဒါကြောင့် ငါ နည်းနည်းတော့ စိတ်ရှုပ်သွားမိတယ်… ဒါပေမယ့် နင့်ရဲ့ ဇာတ်လမ်းကို ကြားရတော့ ငါ သခင်လေး ဖယ်ဆန်နဲ့ တွေ့ပြီး စကားပြောဖို့ လိုမယ်လို့ထင်တယ်။ငါ ပုံတစ်ခုလုံးရဲ့ အစိတ်အပိုင်းလေးတစ်ခုကိုပဲ မြင်ရသေးတယ်လို့ ခံစားရတယ်"
ထိုနေ့ အဖြစ်အပျက်သည် ထူးဆန်းပြီး ထူးထူးခြားခြားဖြစ်သော်လည်း သူမ၏ စိတ်ခံစားမှုကြောင့် ဖယ်ဆန်အပေါ်နားလည်မှုလွဲသွားခဲ့သည်။သူ့တွင်လည်း အကြောင်းပြချက်တစ်ခုရှိကောင်းရှိနိုင်သည်။
အံ့အားသင့်မှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသော ဖလော်ရီသည် ဆိုင်ယာမှ သူမထံပေးလာသောစာကို ဖတ်လိုက်သည်။
"ဒါ... ဒါကဘာလဲ။ တရားစွဲတာလား"
"အသေးစိတ်အချက်အလက်တွေကိုတော့ ငါသေချာမသိပေမယ့် သခင်လေး ဖယ်ဆန်က လေဒီပဲလ်ကို ကူညီဖို့ ကြိုးစားရင်းနဲ့ ပြဿနာတက်ခဲ့ရပုံပဲ။ လေဒီပဲလ်က ဗင်းဆင့်နဲ့ တွဲနေတယ်လို့လဲ ပြောတယ်"
"ဒီတော့ သူက ဒါကိုတားဖို့ကြိုးစားခဲ့ပေမယ့် တရားစွဲခံလိုက်ရတယ်လား...!"
"ဒီလိုဖြစ်တဲ့ပုံပဲ။ ဇာတ်လမ်းအပြည့်အစုံကို ငါနားထောင်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ငါ သခင်လေးဖယ်ဆန်ကို မကြာသေးခင်ကမှ နားလည်မှုလွဲသွားမိလို့ မတွေ့တာကြာနေပြီ"
"ဒီကမ္ဘာမှာ သူမလောက်ကောက်ကျစ်တဲ့မိန်းမက ဘယ်လိုလုပ်ရှိနိုင်ရတာလဲ!"
ဖလော်ရီသည် သူမကိစ္စထက်ပင် ပို၍ဆိုးဝါးသော ဖယ်ဆန်၏ဖြစ်ရပ်ဆိုးကြောင့် ထိတ်လန့်သွားရသည်။
ထိပ်လန့်သွားရုံတင်မက သူမ တစ်ဦးတည်းကသာ လူနာထံမှ ခံခဲ့ရတာ မဟုတ်ကြောင်း သိလိုက်ရလို့ ဝမ်းသာမိသွားသည်။
ယခု လူနာသည် အမှန်တကယ် ကောက်ကျစ်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး မကြာသေးမီက ဖြစ်ရပ်များနှင့် ပတ်သက်၍ သူမ၏ အမည်ကို အလွယ်တကူ ရှင်းလင်းနိုင်ပေတော့မည်။
"ငါတို့ ဇာတ်လမ်းအပြည့်အစုံကို နားထောင်ဖို့သွားသင့်တယ်။ သခင်လေး ရိုဒရီယန်တော့ စိတ်ဆင်းရဲနေမှာပဲ!"
ဖလော်ရီက ဆိုင်ယာ ထရပ်ဖို့ ကူညီပေးလိုက်သည်။
ဆိုင်ယာက မသွားမီ အနည်းငယ် လန်းဆန်းအောင်လုပ်ဖို့ ရည်ရွယ်သော်လည်း ဖလော်ရီ၏ တိုက်တွန်းမှုကြောင့် သူမ၏အစေခံအား အမြန်ခေါ်လိုက်တော့သည်။
* * *
ထိုနေ့မွန်းလွဲပိုင်းတွင် ဆိုင်ယာသည် မြို့စားကြီးရိုဒရီယန်၏စံအိမ်သို့သွားရောက်ခဲ့သည်။ ကြိုတင်အသိထားခြင်းမရှိသော်လည်း အိမ်တော်ထိန်းက ဆိုင်ယာကို ကြိုဆိုလာခဲ့သည်။
"မတွေ့ရတာတော်တော်ကြာပြီပဲ သခင်မလေး ဆိုင်ယာ"
"မတွေ့ရတာကြာပြီ။ သခင်လေး ဖယ်ဆန် အဆင်ပြေနေရဲ့လား"
သာမာန်အခြေအနေများတွင် ဆိုင်ယာသည် အိမ်တော်ထိန်းနှင့် စကားစမည်ပြောမည်ဖြစ်သော်လည်း ယခုတွင်မူအချိန်မရှိနေပေ။
"ကျွန်တော် ပြောရမှာတော့ စိတ်မကောင်းပေမယ့် သူအဆင်မပြေနေပါဘူး"
"…!"
ထိုအကြောင်းကို စာထဲတွင် အသိပေးရေးသားခဲ့သော်လည်း ယခုကဲ့သို့တိုက်ရိုက်ကြားလိုက်ရခြင်းက သူမနှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။ အိမ်တော်ထိန်းက သက်ပြင်းချလိုက်သည်။
"သူက အခုမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြို့စားကြီးကလည်း သူ့ကိုအရမ်းစိုးရိမ်နေတယ်.."
"မတည်မငြိမ်ဖြစ်နေတာလား...!"
"သစ္စာဖောက်ခံရခြင်းကနေရတဲ့ ထိတ်လန့်မှုကြောင့် သူ ကောင်းကောင်းတောင်မစားဘူး။ သူ့အနီးနားကလူတွေကို လျစ်လျူရှုနေပြီး အဲ့လိုမထိုက်တန်တဲ့သူတစ်ယောက်အပေါ် သူ့ရဲ့စိုးရိမ်မှုတွေကို ဖြုန်းတီးခဲ့တာကို သူနောင်တရနေတာပါ"
ဒါကိုကြားလိုက်သည်နှင့် ဆိုင်ယာ၏ စိတ်ထဲ နာကျင်သွားရသည်။ နားလည်မှု လွဲမှားသည်ကို ရှင်းပစ်ရမည်ဟူသော အတွေးက ပျောက်ကွယ်သွားခဲ့သည်။
သူ့ကို နှစ်သိမ့်ပေးဖို့ စိတ်အားထက်သန်စွာရည်ရွယ်လိုက်ပြီး ဆိုင်ယာသည် အိမ်တော်ထိန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်မကို သခင်လေး ဖယ်ဆန်ရဲ့ အခန်းကို ချက်ချင်း ခေါ်သွားပေးလို့ရမလား"
ဆိုင်ယာ၏ မျှော်လင့်ထားသည့် တုံ့ပြန်မှုကို မြင်လိုက်ရသောကြောင့် အိမ်တော်ထိန်းသည် စိတ်သက်သာရာ ရသွားခဲ့သည်။ တကယ့်စကားဝိုင်းက စတော့မည်ဖြစ်သည်။
"အဲဒါမတိုင်ခင် ကျေးဇူးပြုပြီး တစ်ခုလောက်တောင်းဆိုလို့ရမလား"
"သခင်လေးဖယ်ဆန်နဲ့ပတ်သက်တာဆို ဘာမဆိုပြောလို့ရပါတယ်"
"တစ်ခုခုဖြစ်ခဲ့ရင်တောင်မှ သခင်လေးဖယ်ဆန်က အရင်နဲ့နည်းနည်း ကွဲပြားနေရင်တောင်မှ သခင်မလေးက သူ့အနားမှာ ရပ်တည်ပေးပြီး သူ့ကို ယုံကြည်ပေးပြီး ပံ့ပိုးပေးမယ်လို့ မျှော်လင့်ပါတယ်"
ဒါက အလွန်ရိုးရှင်းတဲ့ တောင်းဆိုမှုတစ်ခုဖြစ်သည်။သူ မတောင်းဆိုရင်တောင်မှ သူမလုပ်မှာဖြစ်သည်။
"ပြီးတော့ သခင်ငယ်ဖယ်ဆန်ကို အခုကတည်းက ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ဒါမှ အဓိပ္ပါယ်မရှိတဲ့ဟာတွေကြောင့် သခင်မလေး ထပ်ပြီးမနာကျင်ရမှာပါ။ သခင်မလေးဆိုင်ယာ သိတဲ့အတိုင်းပဲ သူကစိတ်ခံစားချက်တွေကိုလေးလေးနက်နက်ထားတတ်တဲ့သူမလား"
ထို့ကြောင့်ပဲ သူ နာကျင်သွားခဲ့ရသည်။ အိမ်တော်ထိန်း၏ စကားကိုကြားသည်နှင့် ဆိုင်ယာသည် လူနာကို တွေးလိုက်မိသည်။ သူမသည် သူမလိုအဲ စိတ်ပိုင်းဆိုင်ရာလေးနက်မှုကြောင့် နာကျင်ခဲ့ရသော ဖယ်ဆန်ကို သနားမိသွားသည်။
"ကျွန်မ အဲ့လိုလုပ်မှာပါ"
ဆိုင်ယာက ခေါင်းညိတ်ပြလိုက်ပြီး အိမ်တော်ထိန်းသည် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုဖြင့် သူမအား ဖယ်ဆန်၏ အခန်းဆီသို့ လမ်းညွှန်လာခဲ့သည်။
"သခင်လေး ဖယ်ဆန် သခင်မလေး ဆိုင်ယာ ရောက်လာပါတယ်"
"လေဒီ ဆိုင်ယာလား"
ခဏအကြာမှာပဲ အနည်းငယ် အံ့သြနေသော လေသံဖြင့် ဝင်ခွင့်ပြုလာခဲ့သည်။ ဆိုင်ယာအနည်းငယ်ပွင့်လာသော တံခါးမှ အထဲသို့ သတိထားပြီး ဝင်လိုက်သည်။
ထို့နောက်တွင် အစုလိုက်အပြုံလိုက် စာရွက်စာတမ်းများကြားမှ ဖယ်ဆန်သည် နောင်တရနေသောမျက်နှာဖြင့် ဆိုင်ယာကိုနှုတ်ဆက်လာခဲ့သည်။
"မတွေ့ရတာကြာပြီပဲ ဆိုင်ယာ...ကိုယ် မင်း မဆက်သွယ်မိတဲ့အတွက် တောင်းပန်ပါတယ်"
ဖယ်ဆန်သည် ယခုမှသာ သူမပျောက်နေခြင်းကို သတိထားခဲ့မိပေသည်။ လူနာ နှင့် အန်းသန့်စ်တို့ကြောင့် သူရူးလုနီးပါးဖြစ်နေခဲ့ပြီး ဆိုင်ယာက သူ့စိတ်ထဲမရှိခဲ့ပေ။
"သခင်လေး ဖယ်ဆန်...!"
ဆိုင်ယာသည် သူမပါးစပ်ကို မသိလိုက်စွာဘဲ ဖုံးအုပ်လိုက်မိသည်။ အချိန်အကြာကြီးဟုမခံစားခဲ့ရသော်လည်း ဖယ်ဆန်၏မျက်နှာသည် အလွန်ပင်ပန်းနွမ်းနယ်နေပုံရနေသည်။
ဆိုင်ယာ၏နှလုံးသားက တင်းကျပ်လာခဲ့သည်။ သူမသည် ဘာမှကိုမမေးချင်တော့ဘဲ ဖယ်ဆန်အား အရာအားလုံးကို တခဏချင်း ခွင့်လွှတ်လိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ် ရှင်ဒီလောက် ဖြတ်သန်းနေမှန်း မသိခဲ့လို့ရော ရှင့်ဆီ လာမလည်ခဲ့တာရောပါ"
"ကိုယ်ကသာ တောင်းပန်သင့်တဲ့သူပါ။ ကိုယ့်ရဲ့အလုပ်ရှုပ်မှုကို ဆင်ခြေအဖြစ်သုံးပြီး မင်းကို တစ်ယောက်တည်းထားခဲ့မိသလို ခံစားရတယ်"
"မဟုတ်ဘူး၊ အဆင်ပြေတယ်။ကျွန်မကသာ ရှင့်ကိုပိုသတိထားခဲ့မိသင့်တာပါ…"
ဒီလိုအခက်အခဲများကို သူဖြတ်သန်းနေရမှန်းမသိဘဲနှင့် သူမသည် ဖျက်လိုဖျက်စီး မုသားများကို ယုံကြည်ခဲ့ပြီး သူ့ကို တစ်ယောက်တည်း ထားခဲ့မိသည်။
"အခုကိစ္စမရှိတော့ပါဘူး။ကျွန်မတို့ အခု မကြာခဏတွေ့လို့ရနိုင်ပြီ"
ဆိုင်ယာက ကြင်နာစွာပြောကာ ဖယ်ဆန်၏လက်ကို ကိုင်ထားလိုက်သည်။ သူ၏ရှည်လျားပြီး ကြီးမားသော လက်သည် အနည်းငယ် သေးငယ်ပိန်ပါးသွားသလို ခံစားလိုက်ရသည်။
သို့သော် စိတ်သက်သာရာရစေသည့်တစ်ခုမှာ ဖယ်ဆန်သည် အိမ်တော်ထိန်းစိုးရိမ်နေသကဲ့သို့ မတည်မငြိမ်ဖြစ်တာမျိုးမရှိနေခဲ့ပေ။ အရင်ကထက် ပိုနွမ်းလျသွားသော်လည်း သူမအပေါ်ထားသော သူ့၏ချစ်ခင်မှုများက မပြောင်းလဲသွားချေ။
"ဒါနဲ့ စကားမစပ်၊ အဲ့စာရွက်စာတမ်းတွေက ဘာတွေလဲဟင်။ အလုပ်တွေလား။ကျွန်မကူညီနိုင်တာတစ်ခုခုရှိရင် ရှင့်ကိုကူညီပေးရမလား"
ဆိုင်ယာက ဖယ်ဆန်ကြည့်နေသော စာရွက်စာတမ်းအစုံကို ညွှန်ပြကာပြောလိုက်သည်။
တုံ့ပြန်မှုအနေဖြင့် ဆိုင်ယာကို ဖော်ရွေစွာ ကြည့်နေခဲ့သော ဖယ်ဆန်၏ မျက်လုံးများက ချက်ချင်းပင် စူးရှလာခဲ့သည်။
"တန်ဖိုးမရှိတဲ့ အဖျက်ပိုးကောင်တွေကို ဖမ်းဖို့ စာရွက်စာတမ်းတွေပဲ"
သူ့အသံက အေးစိမ့်နေခဲ့သည်။ဆိုင်ယာသည် အံ့အားသင့်သွားပြီး ဖယ်ဆန်၏လက်ကို မရည်ရွယ်ဘဲ လွှတ်လိုက်ကာ မေးလိုက်မိသည်။
"အဖျက်ပိုးကောင်လား"
"ဟုတ်တယ်။ကိုယ့်ကို သစ္စာဖောက်ပြီး ဆန့်ကျင်ဖို့ကြံစည်တဲ့သူတွေ...ကိုယ် သူတို့ကို နှိုက်နှိုက်ချွတ်ချွတ် ဖျက်ဆီးပြီး သားရဲတွေဆီ ကျွေးဖို့ စီစဉ်နေတာ။ ဒါတွေက အဲ့အတွက်စာရွက်စာတမ်းတွေပဲ"
ဖယ်ဆန်၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားအသုံးအနှုန်းများသည် လုံး၀ မရင်းနှီးနေပေ။ ဒီလူသည် လွန်ခဲ့သောအခိုက်အတန့်က သူမလက်ကို ဆုပ်ကိုင်ထားပြီး ချစ်ခင်စွာစကားပြောနေသူနဲ့ အတူတူပဲဆိုတာပင် ယုံရခက်နေသည်။
ဆိုင်ယာက အဖြေပြန်မပေးလာဘဲ အေးခဲနေသည်ကိုမြင်လိုက်ရတော့ တူညီသောပြင်းထန်သည့်အကြည့်များက ဖယ်ဆန်၏ မျက်လုံးများထဲပေါ်လာပြီး သူမလက်ကိုပြန်ဆုပ်ကိုင်ကာ အပြုံးဖြင့်ပြောလိုက်သည်။
"မင်းလို ပညာရှိတဲ့မိန်းမပျိုက ကိုယ့်ကိုကူညီပေးနိုင်ရင်တော့ ပိုပြီးပြည့်စုံတာပေါ့။ ကိုယ့်မှာ အခု မင်းပဲရှိတော့တယ်"
အိမ်တော်ထိန်း ပြောတာမှန်ပေသည်။ ဖယ်ဆန်သည် တကယ့်ကိုမတည်မငြိမ်ဖြစ်နေတာပင်။ ဟင့်အင်း သူက ပုံမှန်မဟုတ်နေပေ။ ဆိုင်ယာသည် ချက်ခြင်း ထွက်ခွာသွားသင့်သော်လည်း ဖယ်ဆန်ကို မထားခဲ့နိုင်ပေ။
"… ကျွန်မကူညီပါ့မယ်။ အသိသာပေးလိုက်ပါ"
သူ့မှာ သူမသာ ရှိတော့တယ်ဟုပြောခဲ့သော ဒီလူကို သူမ ဘယ်လိုထားခဲ့နိုင်ပါ့မလဲ။ သူ့ဒေါသနဲ့ ကလဲ့စားချေလိုစိတ်တို့ကြောင့် အခုလိုပုံစံအတိုင်း ဖြစ်နေပေမယ့် အရာအားလုံးပြီးသွားရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလောက်မှာ။ မဟုတ်သေးဘူး သူမက အဲ့လိုဖြစ်အောင်လုပ်ပေးမှာ။
ထိုဆုံးဖြတ်ချက်ဖြင့် ဆိုင်ယာသည် ဖယ်ဆန်၏ပါးကို ခေတ္တနမ်းလိုက်သည်။ ယခုအချိန်မှစပြီး ဖယ်ဆန်သည်လုံးလုံးလျားလျား သူမအပိုင်ပင်ဖြစ်သည်။ဒါက လုံလောက်သည်ထက် ပိုလှသည်။
TK Team