ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၇) ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စအများအပြားကို ကျွန်မ စဥ်းစားနေမိသည်။ပထမဆုံး ခေါင်းထဲ ရောက်လာသည်က ဘီလူးများနှင့်တိုက်ပွဲအကြောင်း ဖြစ်၏။ တကယ်ကို မယုံနိုင်စရာပဲ။ ကျွန်မ၏စွမ်းအင်နှင့် ထိတွေ့ခံလိုက်ရသော ဘီလူးများမှာ အမှုန့်များအဖြစ် ပျောက်ကွယ်သွားသည်။ကြောက်စရာကောင်းသော်လည်း ကျွန်မ၏စွမ်းရည်ကို ဂုဏ်ယူနေမိသည်။ တစ်ဆက်တည်း၍ ကျွန်မ အံ့ဩနေမိသည်။ ဤမျှ သန်မာအားကောင်းလိမ့်မည်ဟု ကျွန်မ မသိခဲ့ပေ။ အမှန်ပင် ဖြစ်၏။မူလဇာတ်ကြောင်းထဲတွင် အိုဖီလီယာ ရိုင်ဇန်က မှော်နက်အသုံးပြုနည်းကို သိသည်ဟုသာ ပါရှိပြီး ၎င်းမှာ ဤနည်းဖြင့် ထွက်ပေါ်လာရသည်။ ဤမျှ သန်မာအားကောင်းသည်ဟု ဖော်ပြထားခြင်း မရှိဖူးပေ။ သူမတွင် ထိုမျှ ကြီးမားသော စွမ်းအား ပိုင်ဆိုင်နေရခြင်းမှာ သေဒဏ်မစီရင်ခင်၌ တစ်စုံတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။သို့သော်လည်း မူလဇာတ်ကြောင်းထဲမှ အိုဖီလီယာသည် အတင်းအကြပ် ခေါ်ဆောင်၍ ထောင်သွင်း အကျဥ်းချခံရကာ ကွပ်မျက်ခံခဲ့ရသည်။တစ်နည်းအားဖြင့် သူမကိုယ် သူမ ကာကွယ်ရန် စွမ်းအား မရှိခဲ့ဟု ဆိုလိုနေသည်။ ငါ ဝင်လာပြီးမှ ပိုသန်မာလာတာများလား။ အဓိပ္ပါယ်ရှိသည်။ ထိုအခါ 'ဘာကြောင့်' ဆိုသည်က ပိုအရေးကြီးလာသည်။ "အင်း" ကျွန်မ သက်ပြင်းမောကြီး ချလိုက်မိသည်။ကျွန်မ ဤခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့ကတည်းက 'ဘာကြောင့်လဲ'ဆိုသည့် စကားလုံးကို ကျွန်မ ဆက်လက်တွေးကြည့်နေမိသည်။ ငါက အိုဖီလီယာထဲကို ဘာကြောင့် ဝင်လာခဲ့တာလဲ။ မူလအိုဖီလီယာ ပျောက်ကွယ်သွားရတာ ဘာကြောင့်လဲ။ ငါ ဘာကြောင့် သန်မာနေတာလဲ။ ကျွန်မ တစ်ခုမှ အဖြေရှာမတွေ့နိုင်ပေ။အိုဖီလီယာနှင့် ပတ်သက်နေသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ခု ရှိနေပါက ... မှတ်တမ်းမှတ်ရာ ကျွန်မ မျက်လုံးများကို ဖြတ်ခနဲ ဖွင့်လိုက်မိသည်။ ဒိုင်ယာရီ! မူလဇာတ်လမ်းထဲတွင် အိုဖီလီယာ၏ဒိုင်ယာရီ ပေါ်ထွက်လာခဲ့သည်။ သူမက ဆိုဗက်စ်စတာကို သတ်ပစ်ခဲ့သောနေ့တွင် ဒိုင်ယာရီ ရေးသားခဲ့သောကြောင့် ဖြစ်၏။ထိုဒိုင်ယာရီမှာ တိကျသော သက်သေတစ်ခု ဖြစ်လာပြီး အိုဖီလီယာမှာ ချက်ချင်းဆိုသလို သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။အိုဖီလီယာမှာ ဒိုင်ယာရီထဲတွင် အသေးစိတ် စေ့စေ့စပ်စပ်ရေးသားခဲ့သူ ဖြစ်လေသည်။ ငါ ဒါကို အခုမှ ဘာလို့ တွေးမိရတာလဲ။ ကျွန်မ အိုင်ရင်းကို အလျင်အမြန် ခေါ်လိုက်ပြီး ရေချိုးခိုင်းလိုက်သည်။ "ငါ့ဆံပင်ကို ခြောက်အောင်လုပ်ပြီး အဝတ်တွေ ဝတ်ပေးဦး။" "ဟုတ်၊အာ ၊ဟုတ်ကဲ့၊ကျွန်မ နားလည်ပါပြီ။" အိုင်ရင်းက အံ့ဩနေပုံရသော်လည်း သူမက ကျွန်မခိုင်းသည့်အတိုင်း ချောချောမွေ့မွေ့ လိုက်လုပ်ပေးသည်။ "ပြီးတော့ နင် သိတဲ့အတိုင်း..." ကျွန်မ အိုင်ရင်းကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။ "ညဘက်မှာ သောက်လို့ အဆင်ပြေတဲ့ လက်ဖက်ရည်တစ်ခွက်လောက် ငါ့အတွက် ယူပေးလို့ ရမလား။ငါ နောက်ကျတဲ့အထိ ကောင်းကောင်း အိပ်မပျော်ဘူး။" ၎င်းမှာ လိမ်ညာလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် ကျွန်မ ဒိုင်ယာရီ ရှာဖွေရန် အချိန်လိုသည်။ "အာ ၊ဟုတ်ကဲ့၊ကျွန်မ နားလည်ပါပြီ။" အိုင်ရင်းမှာ အလျင်အမြန် ထွက်သွားလေသည်။ထိုအချိန်ကို အခွင့်ကောင်းယူ၍ ကျွန်မလည်း ကျွန်မ ယခင်နေခဲ့သော အခန်းထဲသို့ သွားခဲ့သည်။ ဒိုင်ယာရီ၊ဒိုင်ယာရီရေ ... အိုဖီလီယာ၏အကျင့်စရိုက်အရ သူမက ထိုစာအုပ်ကို ဒီအတိုင်းထားမည် မဟုတ်ပေ။သူမ တစ်နေရာရာတွင် ဖွက်ထားမည်ဟု ကျွန်မ သေချာသည်။ ဒီလိုမျိုးသာဆိုရင် ... အံဆွဲတွေ ကျွန်မ၏အိပ်ရာဘေးတွင် ရှိသော အံဆွဲအောက်ဆုံး အဆင့်တစ်ခုကို ဆွဲဖွင့်ကြည့်လိုက်သည်။အတွင်း၌ ဘာမှ မရှိပေ။သို့သော် ကျွန်မ အံဆွဲအတွင်းသို့ စမ်းကြည့်ပြီး အောက်ခင်းပြားကို မလိုက်ချိန်တွင်... ရှာတွေ့ပြီ။ ကျွန်မ စာအုပ်ထဲတွင် ဤအကြောင်း ဖတ်ခဲ့ဖူးသည်ကို သတိရသွားသဖြင့် ယခုကဲ့သို့ ကြိုးစားကြည့်ခြင်း ဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် မှန်ကန်သွားရ၏။ "စာအုပ်က ဘာလို့ တစ်အုပ်ထဲပဲ ရှိတာလဲ။" ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်မိသည်။ ကျန်တာတွေက ဘယ်နေရာမှာလဲ။ စာဖတ်ခန်းထဲမှာလား။ ကျွန်မ ဒိုင်ယာရီကို ပွေ့ပိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ လက်ရှိနေထိုင်သော အခန်းသို့ ပြန်ရောက်ချိန်တွင် အိုင်ရင်းက ရောက်နှင့်ပြီးသား ဖြစ်လေသည်။ "မဒမ် ဘယ်တွေသွားနေတာလဲ၊ကျွန်မ လိုက်ရှာနေခဲ့တာ။" "အာ ငါ့အရင်အခန်းကို သွားတာ။" ကျွန်မ ခေါင်းငြိမ့်ပြီး အိုင်ရင်းကို ကြည့်လိုက်သည်။ "ဒါနဲ့လေ ..." "ဟုတ်ကဲ့ ၊ကျွန်မကို ပြောပါ မဒမ်။" "ငါ့ဒိုင်ယာရီက ဘယ်နေရာမှာဆိုတာ နင် သိလား။စာဖတ်ခန်းထဲမှာ ရှိနေတာလား။" "ရှင်!" အိုင်ရင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ "မဒမ်က ဒိုင်ယာရီ ရေးလို့လား။" "..." ကျွန်မ ပါးစပ်ပိတ်ထားလိုက်ရသည်။ အိုဖီလီယာ၏ အကျင့်စရိုက်အရ သူမ ဒိုင်ယာရီ ရေးသည့်အကြောင်း လျှောက်ပြောပြနေလိမ့်မည် မဟုတ်ပေ။ ငါ ခေါင်းကိုက်လာသလိုပဲ။ကျွန်မ နဖူးတွန့်လိုက်မိသည်။ ထို့နောက် "အိုး၊တွေးကြည့်မှပဲ ဒိုင်ယာရီက မဒမ် အခုကိုင်ထားတဲ့ စာအုပ်လိုမျိုး မဟုတ်လား။အဲ့ဒီစာအုပ်နဲ့ ဆင်တူတဲ့ စာအုပ်တွေကို မဒမ် မီးရှို့ပစ်ခဲ့တာ ကျွန်မ မြင်ခဲ့ဖူးတယ်။" "ဘာ" ကျွန်မ မျက်လုံးပြူးသွားရ၏။အိုင်ရင်းက ဆက်ပြောလေသည်။ "မဒမ် မမှတ်မိတော့ဘူးလား။ကောင်းကင်မှာ အပေါက်ကြီးဖြစ်နေတဲ့အတိုင်း မိုးမရွာခင် နေ့ကလေ၊ အဲ့ဒီနေ့က မဒမ် စာအုပ်တွေ အကုန်လုံးကို မီးရှို့ပစ်ခဲ့တာပါ။" အကယ်၍ ထိုနေ့သာ ဖြစ်လျှင် ကျွန်မ မကူးပြောင်းရသေးခင် ရှေ့တစ်ရက်က ဖြစ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့မှ စာအုပ်တွေ မီးရှို့ပစ်ခဲ့တာလား။ ဘာတွေ ဖြစ်ခဲ့တာများလဲ။ ထိုအချိန်တွင် ကျွန်မ ပြောစရာစကား မရှိသဖြင့် ပါးစပ်က တောင့်တင်းနေခဲ့သည်။ "အ ...အာ ၊ကောင်းပြီ။ငါ နားလည်ပြီ။" ကျွန်မ အလွယ် ပြန်ဖြေပြီးနောက် စားပွဲတွင် ထိုင်လိုက်သည်။ "နင် အခု ထွက်သွားလို့ ရပြီ။ငါ အနားယူသင့်ပြီ ထင်တယ်။" ကျွန်မ၏စကားများကြောင့် အိုင်ရင်းမှာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည့်အလား ခေါင်းကို စောင်းနေခဲ့သော်လည်း ဘာမှ မတတ်နိုင်သဖြင့် သူမ အခန်းထဲက ထွက်သွားပေးလေသည်။ ထိုအခါ ကျွန်မ တွေးနေမိသည်။ လောကကြီးတစ်ခုလုံး ဘာတွေ ဖြစ်ခဲ့တာလဲ။ * လထွက်လာသော အချိန်ဖြစ်သည်။ ဆိုဗက်စ်စတာသည် အခန်းသို့ မပြန်ဘဲ ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင်သာ လဲလျောင်းနေဆဲ ဖြစ်သည်။သူက အလုပ်များနေသည်ဟု ပြောခဲ့သည့်တိုင် အလုပ်ကဲ့သို့ အထူးတလည် လုပ်စရာ ဘာတစ်ခုမှ မရှိပေ။သို့သော် သူ အိပ်နေသည်လည်း မဟုတ်ပါ။ သူက မျက်လုံး ဖွင့်လျက်သားဖြင့် မျက်နှာကြက်ကို ဘာမှမသိသလို ငေးကြည့်နေခဲ့သည်။ ဆိုဗက်စ်စတာမှာ အတွေးထဲ နစ်မြောနေခြင်း ဖြစ်၏။ အားလုံးမှာ အိုဖီလီယာ၏အကြောင်းများသာ ဖြစ်လေသည်။ သူ အိုဖီလီယာကို နှစ်သက်သည်။သူ သူမကို နှစ်သက်သဘောကျနေမိသည်။ စိတ်ထဲတွင် ရှင်းလင်းနေသော်လည်း ဆိုဗက်စ်စတာမှာ ခေါင်းယမ်း၍ အံကြိတ်နေမိသည်။ သူ အိုဖီလီယာကို နှစ်သက်သဘောကျနေ၍ မရပေ။ အစကတည်းက ငါ့နှလုံးသားထဲမှာ ဘယ်သူမှ ရှိမနေသင့်ဘူး။ ငါ ဒီလို လုပ်လို့ မရဘူး။ သူ လှဲနေရာမှ ဆတ်ခနဲ ကုန်းထလိုက်ပြီး တဖွဖွ ရေရွတ်လိုက်သည်။သူ့အမေနှင့် သူ၏ဆက်ဆံရေးမှ သူ သင်ယူနိုင်ခဲ့သောအရာ တစ်ခု ရှိသည်။သူတို့ ဘယ်လောက်ပဲ နီးကပ်နေသည်ဖြစ်စေ သူ့နှလုံးသားကို မပေးသင့်ပေ။ထိုနှလုံးသားကို တစ်ဖက်လူက မည်သို့ အသုံးချမည်မှန်း သူ မသိနိုင်သောကြောင့် ဖြစ်လေသည်။ ထို့အပြင် အိုဖီလီယာကလည်း မှော်နက်စုန်းမတစ်ယောက် ဖြစ်နေသည်။သူမက သူ၏စိတ်ခံစားချက်များကို အသုံးပြုလာမည်လားဟု သူ မသိနိုင်ပေ။သူ့အမေကဲ့သို့ မပြုမူလောက်ဟု အာမခံချက် မရှိပေ။ မယုံကြည်သင့်ဘူး။ ဘယ်တော့မှ။ ဘာကြောင့်လဲဆိုတော့။ ငါ သူမကို ကြိုက်လို့ မရဘူး။ ဆိုဗက်စ်စတာ ကြိမ်းဝါးရင်း မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။သူမကို မကြိုက်မှသာ ဆိုဗက်စ်စတာက အိုဖီလီယာကို ပို၍ အသုံးချနိုင်လိမ့်မည်။သူမကို ကယ်လီယန်အား သွေးဆောင်ဖြားယောင်းခိုင်းပြီး သူ့ကိစ္စပြီးသည်နှင့် အိုဖီလီယာနှင့် ကယ်လီယန်ကို တဖြည်းဖြည်း ပစ်ထုတ်ခဲ့ရမည်။ သို့သော် "ငါ ရူးတော့မယ်။" အနာဂတ်အကြောင်း စိတ်ကူးကြည့်ရုံဖြင့် သူကို အသက်ရှူကြပ်လာစေသည်။သူ ဤသို့ ဘယ်တော့မှ မလုပ်နိုင်လောက်ဟု တွေးမိသည်။ သေစမ်းကွာ ဆိုဗက်စ်စတာက နက်ခ်တိုင်ကို ဖြည်ပစ်ပြီး ခေါင်းထောင်လိုက်မိသည်။ နောက်တစ်ခါ ပြန်တွေးကြည့်ပါဦး။ကျွန်မကသာ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းနိုင်ရင် အဘက်ဘက်က အကောင်းတွေချည်းပဲလေ။ဒီလို မတွေးမိဘူးလား။ ထိုသို့ ပြောနေသော အိုဖီလီယာက ပျော်ရွှင်နေပုံရလေသည်။ ကောင်းပြီလေ၊ဒီလိုပဲ ဖြစ်မှာပေါ့။ သူမ အမြဲတမ်း ချစ်မြတ်နိုးနေရတဲ့ အိမ်ရှေ့စံမင်းသားကိုမှ သွေးဆောင်ဖြားယောင်းနေရတာကြောင့်လေ။ ထိုသို့တွေးမိလျှင် ဆိုဗက်စ်စတာ ပို၍ ဒေါသဖြစ်လာရသည်။သူ့မှာ ဒေါသဖြစ်ရလွန်း၍ ရူးသွားတော့မည်ဟု ခံစားနေရသည်။သူ ဒါကို မတတ်နိုင်ပေ။ သူ ထိုအတွေးကြောင့် ဖရိုဖရဲ ဖြစ်မနေသင့်ပေ။ အနည်းဆုံး ငါ အလုပ်လုပ်နေသင့်တယ်။ ဆိုဗက်စ်စတာသည် ဆိုဖာပေါ်မှ ထလိုက်ပြီး အလုပ်စားပွဲဆီသို့ နှေးကွေးစွာ သွားခဲ့သည်။ ထိုအချိန်တွင် ဒေါက် ဒေါက် "သခင် ဒီနေရာမှာ ရှိနေသေးတာလား။" နေးလ်၏အသံကို ကြားလိုက်ရသည်။ ဒီလောက်နောက်ကျနေတာကို ဘယ်အရာကများ သူ့ကို ဒီအထိ ရောက်လာစေပါလိမ့်။ ဆိုဗက်စ်စတာသည် သူ့ကို ချက်ချင်း ဝင်လာစေလိုက်၏။နေးလ်က အလျင်အမြန် တံခါးဖွင့်ပြီး အထဲသို့ ဝင်လာခဲ့သည်၊ "ဘာကိစ္စလဲ၊ဒီလို ညဥ့်နက်နေတဲ့ အချိန်မျိုးမှာ။" "ကျွန်တော်လည်း အိပ်တော့မလို့ပါဘဲ။ဒါပေမဲ့ အရေးကြီးကိစ္စဆိုတော့ ကျွန်တော်လဲ မတတ်နိုင်လို့ပါ။" သူက အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး ဆိုဗက်စ်စတာကို ပေးလေသည်။ "ဒုတိယမင်းသားက ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်။" နေးလ်က လေးနက်သောမျက်နှာဖြင့် ပြောသည်။ "သူ မကြာခင် ပြန်ရောက်လာတော့မှာပါ။" ထိုစကားကို နားထောင်လိုက်သည်နှင့် ဆိုဗက်စ်စတာ၏မျက်လုံးများက တောက်ပသွားသည်။ အာ၊ဟုတ်တာပေါ့။ ဒါက ငါ လုပ်နေသင့်တဲ့ကိစ္စပဲ။ အရာအားလုံးက ဒုတိယမင်းသားကို ဧကရာဇ်ဖြစ်လာအောင် ပြုလုပ်ပေးရန်သာ ဖြစ်သည်။ သူ တခြားကိစ္စများကို တွေးမနေသင့်ပေ။ ထို့ကြောင့် သူ၏လက်ရှိ ခံစားချက်များနှင့် စိတ်အာရုံကို ဖိနှိပ်ထားလိုက်ပြီး တစ်ခါမှ မရှိခဲ့ဖူးသည့်နှယ် မေ့ဖျောက်ထားလိုက်သည်။ ဆိုဗက်စ်စတာသည် စိတ်ဆုံးဖြတ်ထားသည့်အတိုင်း သူ့အတွေးများကို လျစ်လျူရှုပစ်ခဲ့လေသည်။ * "ဟူး" ကျွန်မမှာ လေးနက်သော အစီအရင်တစ်ခု ပြုလုပ်နေသည့်အတိုင်း ဖြောင့်မတ်စွာ ထိုင်လိုက်သည်။ ကျွန်မ၏မျက်စိရှေ့တွင် ဒိုင်ယာရီတစ်အုပ် ရှိနေသည်။မူလအိုဖီလီယာ ချန်ထားခဲ့သော ဒိုင်ယာရီမှာ သည်တစ်အုပ်သာ ရှိတော့သည်။ ၎င်းထဲတွင် ကျွန်မ သိချင်နေသော မေးခွန်းများအတွက် အဖြေများ ရှိနေနိုင်သည်။ထို့အပြင် ပို၍ အန္တရာယ်ရှိသည့် အကြောင်းအရာများကို ရေးသားထားခြင်းလည်း ဖြစ်နိုင်သည်။ ဂလု ကျွန်မ အလိုအလျောက် တံတွေးမြိုချလိုက်မိသည်။ "ဒါကို အရင် ဖတ်လိုက်ရအောင်။" ဒိုင်ယာရီကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ [ဖေဖော်ဝါရီ ၁၂ရက် ငါ ဘယ်လိုမျိုးလုပ်မှ ဖလဲရ်ကို သတ်ပစ်နိုင်မှာလဲ။] ဝါး၊ ပထမတစ်ကြောင်းကိုက တော်တော် ပြင်းထန်နေပြီ။ သူမက သူမ၏ဒိုင်ယာရီကို အခြားလူများ ဖတ်လိမ့်မည်ဟု မတွေးထားပုံ ရ၏။ကျွန်မ ကျန်အကြောင်းအရာများကို ဖတ်ရင်း မူးဝေနေသော စိတ်အစဥ်ကို ကြည်လင်စေလိုက်သည်။ [ငါ ဘာပဲလုပ်လုပ် ဖလဲရ်က မသေခဲ့ဘူး။ အဆိပ်ခတ်တာ၊လူငှားပြီး သတ်ခိုင်းတာ၊ပြီးတော့ သူမကို ကျိန်စာတိုက်တာတောင်မှပဲ။ ငါ ဒေါသထွက်ရလွန်းလို့ ရူးသွားတော့မယ်။] သူမက အမှန်ပင် ဒေါသထွက်နေသဖြင့် ထိုစာအောက်တွင် ဖောင်တိန်ဖြင့် လျှောက်ခြစ်ပစ်ထားလေသည်။ကျွန်မ ထိတ်လန့်လာပြီး နောက်တစ်မျက်နှာကို လှန်လိုက်ရသည်။ [မတ်လ ၈ရက် ငါ ဖလဲရ်ကို သတ်နိုင်မဲ့ နည်းလမ်း ရှာတွေ့ပြီ။ ဒါက ငါ ပိုပြီး သန်မာလာရင် လုပ်လို့ ရမဲ့ အရာပဲ။ ငါ့ရဲ့ မှော်နက်စွမ်းအားကို ပိုသန်မာအားကောင်းလာအောင် လုပ်ဖို့ပဲ လိုတယ်။ ဖလဲရ်ကိုသာ သတ်ပစ်နိုင်မယ်ဆိုရင် ငါ ဒါကို လုပ်နိုင်တယ်။] ဒါက ဘာကို ဆိုလိုတာပါလိမ့်။ ဒိုင်ယာရီကို ကိုင်ထားသောလက်များက သူ့အလိုလို တုန်ယင်လာခဲ့သည်။ ကျွန်မ နောက်ထပ် စာမျက်နှာကို အလျင်အမြန် ဖတ်လိုက်သည်။ထိုနေရာတွင် ထူးဆန်းသော မှော်အစီအရင် စက်ဝန်းတစ်ခုကဲ့သို့ ရေးဆွဲထားသည့် အရာများ ရှိလေသည်။ [ဧပြီ ၂ရက် ဒါက ငါ့ရဲ့မှော်နက်စွမ်းအားတွေကို တိုးမြှင့်ပေးနိုင်မည့် အစီအရင်စက်ဝန်းတစ်ခုပဲ။ အဲ့ဒီပုဂ္ဂိုလ်က စုန်းမတစ်ယောက်ဆီကနေ ရလာတဲ့ တန်ဖိုးကြီး အစီအရင်တစ်ခု။ သံသယဖြစ်စရာကို မလိုဘူး။ ငါ အောင်မြင်ခဲ့ရင် အခုထက် ပိုပြီး သန်မာလာလိမ့်မယ်။ ဒါပေါ့။ငါ ကျရှုံးသွားရင်တော့ ငါ့ဝိညာဥ်ထွက်သွားပြီး သေဆုံးရမှာပဲ။ဒါပေမဲ့ ... ငါ အောင်မြင်ဖို့လိုတယ်။ငါ အောင်မြင်နိုင်တယ်ဆိုတာ သေချာတယ်။] ထိုနေရာမှ စ၍ ရေးသားထားသည်များ ထပ်မရှိတော့ပေ။ထို့ကြောင့် ... "တစ်ဝက်ပဲ အောင်မြင်ခဲ့တာပေါ့။" ပိုသန်မာလာရမည့်အစား ဝိညာဥ်သာ ပျောက်ကွယ်သွားရသည်။ထို့ကြောင့်သာ ကျွန်မက ဤခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့၏။ အိုဖီလီယာ ဘာဖြစ်ခဲ့သည် ဆိုသော အကြောင်းနှင့် မှော်နက်က ပို၍ အားကောင်းလာရသည့်အကြောင်းကို ယခုမှသာ ကျွန်မ အနည်းငယ် နားလည်လာရသည်။ အစီအရင်ကြောင့် မူလအိုဖီလီယာက သေဆုံးသွားပြီး အပြန်အလှန်အားဖြင့် မှော်နက်က ပိုအားကောင်းလာခဲ့သည်။ "ဆိုးရွားလိုက်တာ" ကျွန်မ ခါးသက်သက်ဖြင့် ပြုံးလိုက်ပြီး စာအုပ်ကို ပိတ်လိုက်သည်။မူလအိုဖီလီယာသည် သူမ ကျရှုံးနိုင်လောက်သည်ဟု တွေးခဲ့သဖြင့် ဒိုင်ယာရီများကို မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကျွန်မ များများတွေးမိလေ ခံစားချက်မကောင်းလေ ဖြစ်လာရသည်။ သို့သော်... သူမ လုပ်ခဲ့တဲ့ မကောင်းမှုကြောင့် သူမ သေသွားရတာပဲ။ အိုဖီလီယာသာ ဖလဲရ်ကို သတ်ပစ်ရန် မကြိုးစားပါက သူမ သေဆုံးမည် မဟုတ်ပေ။သူမှသာ ဤမျှ လောဘမကြီးခဲ့ပါက သူမ သေဆုံးမည် မဟုတ်ပေ။မူလအိုဖီလီယာက လောဘကြီးသဖြင့် သေဆုံးသွားရသည်။ ထိုအကြောင်းကြောင့် ကျွန်မ အပြစ်မကင်းစိတ် မဖြစ်ခဲ့ပေ။ ထို့ကြောင့်သာ ကျွန်မ ပို၍ စိတ်ပေါ့ပါးသွားရသည်။ ကျွန်မ ခန္ဓာကိုယ်ကို ငုံ့ကြည့်ရင်း ရင်ဘတ်ပေါ်သို့ လက်တင်ထားမိသည်။ထိုနှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေသည်။ အတိတ်တွင် နှလုံးခုန်သံ ရပ်တန့်သွားမည်ကို စိုးရိမ်နေရသဖြင့် ကျွန်မ အမြဲတမ်း အိပ်ရေးပျက်ခဲ့သည်။ 'ငါ ဒီနေ့ သေမှာလား၊မနက်ဖြန် သေမှာလား၊သန်ဘက်ခါ သေမှာလား' ဟူ၍ သေရမည့်နေ့ကို တစ်ဘဝလုံး စောင့်ဆိုင်းနေခဲ့ရသည်။ သို့သော် ယခု၌ မနက်ဖြန်တိုင်းကို စောင့်မျှော်နေရင်း ကျန်းမာသော ဘဝတစ်ခုဖြင့် ရှင်သန်နေထိုင်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ကျွန်မ ... "ငါ အသက် ဆက်ရှင်နေရမယ်။" ထိုသို့ ရှင်သန်နိုင်ရန် ကျွန်မ အလျင်အမြန် ကွာရှင်းရလိမ့်မည်။ဤနည်းဖြင့်သာ မူလဇာတ်ကြောင်းမှ လွတ်မြောက်နိုင်ပြီး အသူတစ်ရာချောက်နက်ထဲသို့ ပြုတ်ကျသွားတော့မည် မဟုတ်ပေ။ ကယ်လီယန် ကယ်လီယန်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနှင့် ဖြားယောင်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။ဤသို့ဖြင့် ဆိုဗက်စ်စတာက ကျွန်မကို ကွာရှင်းပေးလိမ့်မည်။ ငါ ဘယ်လိုအစီအစဥ် ဆွဲသင့်လဲ။ ယနေ့တွင် ဆိုဗက်စ်စတာက ကယ်လီယန်ကို အကြီးအကျယ် ဒေါသဖြစ်စေခဲ့သဖြင့် နောက်ပိုင်းတွင် ကျွန်မတို့၏ဆက်ဆံရေးက မည်သို့ ဖြစ်လာမည်ကို ကျွန်မ မသိပေ။ ဆိုဗက်စ်စတာက တော်တော်လေး ကြမ်းတမ်းတာပဲ။ ဤသို့ တွေးမိလျှင် ထိုအချိန်က ဆိုဗက်စ်စတာတွင် အနည်းငယ် ထူးဆန်းသည့် တစ်ဖက်ခြမ်း ရှိနေခဲ့သည်။ မင်းက ရူးနေတဲ့ အိမ်ရှေ့စံမင်းသားကို ဒီလောက်အထိ သဘောကျတာလား။ ကိစ္စမရှိဘူး၊ကိုယ် မင်းရဲ့အဖြေကို နားထောင်မှာ မဟုတ်ဘူး။ သူက တစ်မျိုးတစ်ဖုံ ထူးဆန်းသော စကားများကို ပြောနေခဲ့သည်။ ကသိကအောက် ဖြစ်စရာကောင်းလှသည်။ဆိုဗက်စ်စတာက သည်ရက်များထဲတွင် အနည်းငယ် ထူးဆန်းနေသည်။ ငါက ကယ်လီယန်ကို မြူဆွယ်နိုင်ခဲ့တာတောင် သူက ပိုက်ဆံမပေးချင်လို့များ ဖြစ်နေမလား။ ဒီလို ... ကျွန်မတို့ စကားပြောရန် လိုသည်ဟု တွေးမိသည်။ "အိုင်ရင်း" ကျွန်မ အိုင်ရင်းကို ခေါ်လိုက်လျှင် မတ်တပ်ရပ်နေခဲ့သော အိုင်ရင်းက ကျွန်မအနားသို့ တိုးလာသည်။ "ဆိုဗက်စ်စတာရော၊သူ ဘာဖြစ်လို့ အခုထိ မရောက်လာသေးတာလဲ။" "အာ၊ သခင်က ရုံးခန်းထဲမှာပါ။" "အဲ့လိုလား။" ကျွန်မ နဖူးတွန့်လိုက်မိသည်။ "သူ ဒီနေ့ လုပ်စရာ မရှိဘူးဆိုပြီး ပြောခဲ့တယ်လို့ ထင်တာပဲ။" "အရေးတကြီး ကိစ္စ ရှိပုံပါပဲ မဒမ်။" ကျွန်မ ကျစ်ခနဲ စုတ်သပ်လိုက်သည်။ ငါ သူ့ဆီ လိုက်သွားရမလား။ ကျွန်မ ထိုသို့ တွေးမိသော်လည်း ခေါင်းသာ ခါလိုက်ရသည်။ ကျွန်မ ညအိပ်ဝတ်စုံ လဲပြီးဖြစ်ရာ ရုံးခန်းထဲတွင် အလုပ်များနေသူကို သွားမတွေ့ချင်တော့ပေ။ ကောင်းပြီ၊ဘာမှတော့ မဖြစ်လောက်ပါဘူး။ ထိုအတွေးဖြင့် ကျယ်ဝန်းသော အိပ်ရာပေါ်သို့ ကျွန်မ လှဲချလိုက်မိသည်။ ထို့နောက် ကယ်လီယန်ကို ထိထိရောက်ရောက် မြှူဆွယ်ဖြားယောင်းနိုင်မည့် နည်းလမ်းကို တစ်ညလုံး စဥ်းစားနေမိတော့၏။ TK Team ++++++++