ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၆) "ဘာ" ဖလဲရ်က အံ့အားသင့်နေသော မျက်နှာဖြင့် တုံ့ပြန်သည်။ "ကျွန်တော်တို့ကို တွေ့လိုက်ရလို့ စောစောက ခင်ဗျား အံ့ဩသွားတယ်နော်။" ဆိုဗက်စ်စတာက ဖလဲရ်ကို အေးစက်စက်ဖြင့် ငုံ့ကြည့်ပြီး ပြောလိုက်သည်။ "ဘာကြောင့်များလဲ။ကျွန်တော့်ရဲ့ဇနီးက အသက်ရှင်ရက်သား ပြန်လာခဲ့လို့များ ခင်ဗျား အံ့ဩသွားတာလား။" ဖလဲရ်သည် တုန်ယင်နေသော သူမ၏လက်များကို အတူတူ ဆုပ်ကိုင်ထားမိလေသည်။ "ရှင် ...ရှင် ဘာတွေ ပြောနေလဲ ကျွန်မ မသိဘူး။မြို့စားကြီးကတော်က အကြာကြီး ပျောက်နေပြီးမှ ပြန်ရောက်လာလို့ ကျွန််မ ကြည့်နေမိတာပဲ။" "တကယ်လား" ဆိုဗက်စ်စတာက နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်လိုက်ရင်း ဖလဲရ်ကို ခြေဆုံး ခေါင်းဆုံး အကဲခတ်လိုက်သည်။ "ကျွန်တော် ဆိုလိုတာက" သူက ဖလဲရ် အနားသို့ ခြေတစ်လှမ်း ထပ်တိုး၍ ပြောလိုက်သည်။ "တော်ဝင်မိသားစုထဲမှာ တစ်ချိန်လုံး ရှိနေတဲ့ ကြွက်က ဘယ်သူဆိုတာကို ကျွန််တော် သိချင်နေခဲ့တာ။" "ဒါက ...ရှင် ဘာကို ဆိုလိုချင်တာလဲ။" "ခင်ဗျားက အဲ့ဒီကြွက် ဖြစ်နေမယ်လို့ ကျွန်တော်မတွေးမိခဲ့ဘူး။ခင်ဗျားက ကြွက်တစ်ကောင်လိုမျိုး ပါးပါးနပ်နပ်နဲ့ ခိုးကြောင်ခိုးဝှက် မလုပ်တတ်လောက်ဘူးလို့ ထင်ထားခဲ့တယ်လေ။" "မြို့စားကြီး!" ကယ်လီယန်က ဖြတ်ပြောလိုက်သည်။ "မင်း ဖလဲရ်ကို ဘယ်လိုတွေ ပြောဖို့ ကြိုးစားနေတာလဲ။" ကယ်လီယန်က အံကြိတ်ပြီး အော်ဟစ်လိုက်သည်။ ထိုအခါ ဆိုဗက်စ်စတာက ကယ်လီယန်ဆီသို့ လှည့်သွားသည်။ "တောအုပ်ထဲမှာ ဘီလူးတွေက ဘာလို့ နည်းနေတာလဲဆိုပြီး အရှင့်သားလဲ အံ့ဩနေခဲ့တယ် မဟုတ်ပါလား။" ဆိုဗက်စ်စတာက နှေးကွေးသည့်တိုင် ကြည်လင်ပြတ်သားစွာ ဆက်ပြောနေခဲ့သည်။ "သူတို့က ကာဘန်ပန်းအနံ့ရဲ့ ဆွဲဆောင်တာကို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်ရဲ့ နောက်ကို လိုက်သွားခဲ့တာဆိုရင်ရော အရှင့်သား ဘာပြောချင်ပါသေးလဲ။" "ဘာ" ကယ်လီယန်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။သူက ဖလဲရ်ကို ကြည့်လိုက်လျှင် ဖလဲရ်က အလျင်အမြန် မျက်လွှာချလိုက်၏။ "အိုး၊ ရုတ်တရက် တွေးမိသွားပြန်ပြီ။သူမက လိမ္မာပါးနပ်တဲ့ ကြွက်လို့ ကျွန်တော် မထင်တော့ဘူး။သူမသာ တကယ် ပါးနပ်ရင် လူတိုင်းရဲ့မျက်စိရှေ့မှာ ဒီလိုမျိုး ဘယ်လုပ်ပါ့မလဲ။" ကယ်လီယန်သည် သူ ဘာပြောနေသည်ကို နားမလည်သဖြင့် ပို၍ ဒေါသထွက်လာပုံ မရပေ။ သူက ကျွန်မ၊ဖလဲရ်နှင့် ဆိုဗက်စ်စတာကိုသာ လိုက်ကြည့်နေလေသည်။ "ဘာပဲဖြစ်ဖြစ်ပါ၊ အခု ကျွန်တော်တို့ သွားပါတော့မယ်။" ဆိုဗက်စ်စတာက ကျွန်မ၏ပခုံးကို ပွေ့ဖက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်က တန်ဖိုးရှိတဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းဖို့ လိုတယ်လေ။" သူက ပြုံးပြီး ကယ်လီယန်ကို ကြည့်လိုက်သည်။ "ဒါပေမဲ့ အရှင့်သားကတော့ ဒီလိုမျိုး မဖြစ်နိုင်လောက်ဘူးနော်။" ကယ်လီယန်နှင့် ဖလဲရ်မှာ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်း ရှိနေသည်ဖြစ်၍ အတူတကွ မပြန်နိုင်ပေ။ ၎င်းကို သတိထားမိသွားသဖြင့် ကယ်လီယန်၏မျက်နှာက နီရဲလာသည်။ "မြို့စားကြီး၊မင်းရဲ့ပါးစပ်ကို ဂရုစိုက်စမ်း!" သို့သော် ဆိုဗက်စ်စတာက နည်းနည်းလေးပင် ဂရုမစိုက်ပေ။ "ဟုတ်ကဲ့၊ကျွန်တော် ဂရုစိုက်ရမှာပေါ့။ဒီတော့ ကျွန်တော် ပြန်ပါပြီခင်ဗျာ။အရှင့်သားကတော့ တစ်ယောက်တည်း အထီးကျန်နေရတော့မှာပဲ။" "မြို့စားကြီး!" ကယ်လီယန်က သူ့ဇက်ပိုးကို ကိုင်၍ အော်ဟစ်လိုက်သည်။သို့သော် ဆိုဗက်စ်စတာက ကျွန်မကို ခေါ်၍ သူ့ဘေးက ဖြတ်သွားခဲ့သည်။ ကျွန်မတို့ သူတို့နှင့် ဝေးရာကို ရောက်လာပြီး ရထားလုံးပေါ် တက်လိုက်ချိန်တွင် ဆိုဗက်စ်စတာက အသက်ရှူသွင်းပြီး ကျွန်မ၏ပခုံးပေါ် ဖက်ထားသည့် လက်ကို လွှတ်ပေးလိုက်သည်။ "ကောင်းလိုက်တာ။" သူက ရယ်ပြီး ပြောသည်။ "ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား။" ကျွန်မ အနည်းငယ် စိုးရိမ်နေသည်။ကယ်လီယန်က အလွန် ဒေါသတကြီး ဖြစ်နေခဲ့သောကြောင့် ဖြစ်၏။ ငါ သူ့ဒေါသကို ဒီလိုမျိုး သွားဆွပေးနေရင် ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး။ ကျွန်မ စိုးရိမ်နေမိသည်။ "ကျွန်မကို အိမ်ရှေ့စံမင်းသားအပေါ် သွေးဆောင်ဖြားယောင်းလိုက်လို့ ရှင်က ပြောခဲ့တယ်။ဒါပေမဲ့ သူ့ဒေါသကို ဒီလိုမျိုး သွားဆွပေးနေရင် ကျွန်မတော့ နောက်ပိုင်း အတော် ခက်ခဲလာမှာပဲ။" "အာ" ဆိုဗက်စ်စတာက နဖူးတွန့်လိုက်သည်။ "ဒါက..." ဆိုဗက်စ်စတာက ရေရွတ်ရင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဒါက ဘာလဲ။ နောက်လာမည့် စကားလုံးကို ကျွန်မ စောင့်မျှော်နေမိသည်။ ထို့နောက် ဆိုဗက်စ်စတာက အကြာကြီး သက်ပြင်းချလိုက်ပြီး သူ့မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်နေလေသည်။ "ကိုယ် ဒီအကြောင်း ထပ်ပြီး စဥ်းစားဖို့ လိုတယ်။" သူက ဘာကို ထပ်စဥ်းစားရဦးမှာလဲ။ ကျွန်မ ခေါင်းကို စောင်းလိုက်မိသည်။ "ဘာကိုလဲ" "ကိုယ် မင်းကို အကြံပေးထားတဲ့ကိစ္စ။" "အိမ်ရှေ့စံမင်းသားကို ဖြားယောင်းတဲ့ကိစ္စလား။ "အင်း" ကျွန်မ ဆိုဗက်စ်စတာကို အလွန်အံ့ဩနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ရှင်က အခုမှ စိတ်ပြောင်းချင်တာလား။မရဘူးနော်၊ကျွန််မ တစ်ချိန်လုံး ခက်ခက်ခဲခဲ ကြိုးစားထားရတာ။" အခု ကျွန်မ ပိုက်ဆံ ပိုရတော့မယ်လေ။ရှင် ဒီလို လုပ်လို့ မရဘူးနော်။ ကျွန်မ ဆိုဗက်စ်စတာကို မျက်စိအောက်က အပျောက်မခံနိုင်လုနီးပါး ကြိုးစားခဲ့ရသည်။ "နောက်တစ်ခါ ပြန်တွေးကြည့်ပါဦး။ကျွန်မကသာ အိမ်ရှေ့စံမင်းသားကို ဖြားယောင်းနိုင်ရင် အဘက်ဘက်က အကောင်းတွေချည်းပဲလေ။ဒီလို မတွေးမိဘူးလား။" "..." ဆိုဗက်စ်စတာက တိတ်ဆိတ်နေမြဲပင်။သူက ကျွန်မကို ဒီအတိုင်း ကြည့်နေခဲ့သည်။ ဘယ်လောက်ကြာအောင် တိတ်ဆိတ်နေဦးမှာလဲ။ တစ်ခုခု မှားနေပြီဟု ကျွန်မ တွေးမိချိန်တွင် ဆိုဗက်စ်စတာက ပါးစပ်ဖွင့်လာခဲ့သည်။ "မင်းက ရူးနေတဲ့ အိမ်ရှေ့စံမင်းသားကို ဒီလောက်အထိ သဘောကျတာလား။" ထိုသို့ သူပြောခဲ့သည်။ တစ်ဆိတ်လောက်ပါ။ ကျွန်မက ကယ်လီယန်ကို ကြိုက်နေတဲ့သူနဲ့ တူလို့လားဟင်။ ကျွန်မမှာ အမှန်ပင် ပြောစရာစကားမရှိ ဖြစ်သွားရသည်။ "ဘာ၊ မဟုတ်ဘူး၊အဲ့ဒါက ..." "ကိစ္စမရှိဘူး၊ကိုယ် မင်းရဲ့အဖြေကို နားထောင်မှာ မဟုတ်ဘူး။" ဆိုဗက်စ်စတာက ကျွန်မ ပြောပြသည်ကို ဆုံးအောင် နားမထောင်ခဲ့ပေ။သူက သူ့ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်လိုက်ပြီး စုတ်သပ်လိုက်သည်။ "အခု ပြန်ကြစို့၊ကိုယ် ပင်ပန်းနေပြီ။" ထို့နောက် ကျွန်မ ရထားလုံးပေါ်သို့ တက်လိုက်သည်။ သူက ချက်ချင်းဆိုသလို မျက်လုံးများကို မှိတ်ထားလိုက်သဖြင့် ကျွန်မ ဆိုဗက်စ်စတာကြောင့် ဒွိဟ ဖြစ်သွားရသည်။သို့သော် ကျွန်မ တတ်နိုင်သည်က ဘာမှ မရှိသဖြင့် ရွေးချယ်စရာ မရှိဘဲ ကျွန်မ ပါးစပ်ပိတ်ထားလိုက်ရ၏။ * ယခု ဆိုဗက်စ်စတာနှင့် အိုဖီလီယာတို့ ပြန်သွားကြသည်။ကယ်လီယန်မှာ နဖူးတွန့်လိုက်မိ၏။ဆိုဗက်စ်စတာ ပြောသွားသော စကားသည် သူ့စိတ်ထဲမှ ထွက်မသွားသောကြောင့် ဖြစ်သည်။ တောအုပ်ထဲမှာ ဘီလူးတွေက ဘာလို့ နည်းနေတာလဲဆိုပြီး အရှင့်သားလဲ အံ့ဩနေခဲ့တယ် မဟုတ်ပါလား။ သူတို့က ကာဘန်ပန်းအနံ့ရဲ့ ဆွဲဆောင်တာကို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်ရဲ့ နောက်ကို လိုက်သွားခဲ့တာဆိုရင်ရော အရှင့်သား ဘာပြောချင်ပါသေးလဲ။ ပြန်စဥ်းစားကြည့်လျှင် အိုဖီလီယာ၏အဝတ်အစားများမှာ အမှန်တကယ်ကို ဖရိုဖရဲ ဖြစ်နေခဲ့သည်။ဂါဝန်မှာလည်း နေရာအနှံ့ စုတ်ပြဲနေလေသည်။ အိုဖီလီယာရဲ့အော်သံက ဘီလူးတွေ တိုက်ခိုက်ခံရလို့ ထွက်လာတာဆိုရင်ရော။ပြီးတော့ ဒါက ဖလဲရ်ကြောင့် ဆိုရင်ရော ဘယ်လိုဖြစ်မလဲ။ "..." အထက်တန်းလွှာ အမျိုးသမီးများ ပြောနေကြသည့်အကြောင်းကို ကယ်လီယန် သိသည်။ဖလဲရ် ယူလာသော ရေမွှေးပုလင်းက ကျကွဲသွားပြီး အိုဖီလီယာက ရေကန်ကို သွား၍ လက်သွားဆေးသည် ဆိုသည့် အကြောင်းဖြစ်သည်။ အကယ်၍ ထိုရေမွှေးမှာ ကာဘန်ပန်းဖြင့် ပြုလုပ်ထားသော ရေမွှေးဖြစ်ပြီး ဖလဲရ်က ရည်ရွယ်ချက် ရှိရှိဖြင့် အိုဖီလီယာ၏ ရှေ့တွင် ပုလင်းကို ကျကွဲစေပြီး သူမကို ဘီလူးများ၏သားကောင်ဖြစ်အောင် ပြုလုပ်ခဲ့သည် ဆိုပါက ... ထိုအတွေးက သူ့ခေါင်းထဲတွင် ပြည့်နေသည်။ ဖလဲသာ် အပြစ်ကင်းပြီး ရိုးသားဖြူစင်သော မိန်းမဟု ကယ်လီယန်က အမြဲတမ်း တွေးခဲ့သည်။အခုထိ သူမက ကိုယ်ကျိုးမငဲ့တတ်ဘဲ သူတစ်ပါးအတွက်သာ အမြဲ တွေးပေးပြီး အကြင်နာတရား ကြီးမားသော မိန်းမတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော် အကယ်၍ ဤကိစ္စကို ဖလဲရ်သာ တကယ်လုပ်ခဲ့သည် ဆိုပါက ... ဖလဲရ်က ငါထင်ထားသလိုမျိုး မဟုတ်တဲ့ မိန်းမတစ်ယောက်များ ဖြစ်နေမလား။ ခြောက်ခြားဖွယ်အတွေးများက ကယ်လီယန်၏ခေါင်းထဲတွင် လွှမ်းမိုးနေလေသည်။သူ အမှန်တကယ် စိတ်ကူးပင် မယဥ်ဖူးပါသော အတွေးတစ်ခု ဖြစ်သည်။သို့သော် အကြောင်းအရာတစ်ခုလုံးက သူ့ယူဆချက်များ မှန်ကန်နေသည်ဟု ညွှန်ပြနေ၏။သူ မူးဝေလာရသည်။ "အရှင့်သား" ဖလဲရ်က ကယ်လီယန်၏လက်မောင်းကို ကိုင်လိုက်သည်။ "အရှင့်သား အဆင်ပြေပါရဲ့လား။" သူမက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မေးလေသည်။ထိုခဏ၌ ကယ်လီယန်မှာ အသက်ရှူရပ်တန့်သွားရသည်။ "ဖလဲရ်" သူက ဖလဲရ်ကို ပြောလိုက်သည်။ "ကိုယ် မင်းကို ယုံကြည်လို့ ရလား။" ဖလဲရ်၏ပန်းရောင်မျက်ဆန်များက လှုပ်ခတ်သွားသည်။ "အရှင့်သား ဘာတွေ ပြောနေလဲ ကျွန်မ မသိပါဘူး။" သူမက ငိုချတော့မလို မျက်ရည်ဝိုင်းနေသော မျက်နှာဖြင့် ပြောလာသည်။ "ကျွန်မ တကယ် ...တကယ်ကို ဘာတစ်ခုမှ မလုပ်ရပါဘူး။" သူမ၏ ဖြူစင်သော မျက်နှာကို ကြည့်ရင်း ဖလဲရ်ကို ခဏတာ သံသယဝင်မိသည့်အတွက် ကယ်လီယန် နောင်တအကြီးအကျယ် ရသွားခဲ့သည်။ ဒီလိုမျိုး နုံအတဲ့ ဖလဲရ်က ကလိမ်ကကျစ် အကြံအစည်ကို ဘယ်လို လုပ်နိုင်မှာလဲ။ ဒီကိစ္စအားလုံးက ဆိုဗက်စ်စတာနဲ့ အိုဖီလီယာ အတူတူ ဖန်တီးထားတာပဲနေမယ်။ သူတို့က ငါ့နှလုံးသားထဲမှာ သံသယမျိုးစေ့တွေ စိုက်ဖို့ ကြိုးစားနေတာပဲ။ "အင်း" ကယ်လီယန်က လေးပင်စွာ အသက်ရှူရင်း ပြန်ဖြေလိုက်သည်။ "ကိုယ် မင်းကို ယုံပါတယ်။" သူ ဖလဲရ်ကို ပွေ့ဖက်လိုက်ပြီး နောက်ကျောကို ပုတ်ပေးလိုက်မိသည်။ "ကိုယ် လူယုတ်မာတွေရဲ့ စကားကြောင့် ဘယ်တော့မှ မကျရှုံးစေရပါဘူး။" ဖလဲရ်က ကျေးဇူးတင်ပါတယ်ဟု ပြန်ဖြေပြီး ကယ်လီယန်၏ လက်မောင်းများကြားတွင် မျက်နှာကို ဖွက်ထားခဲ့သည်။ထို့ကြောင့် သူမ မည်သည့် မျက်နှာအမူအရာ ဖြစ်နေသည်ကို ကယ်လီယန် မမြင်နိုင်ခဲ့ပေ။ * စံအိမ်တော်သို့ ပြန်ရောက်လျှင် ကျွန်မမှာ အိုင်ရင်း၏ အော်သံနှင့် ရင်ဆိုင်ရတော့သည်။ "ဘုရားသခင်၊မဒမ် ! ဘာတွေ ဖြစ်လာတာလဲ။" အိုင်ရင်က ထိတ်လန့်တကြားဖြင့် အော်ဟစ်နေလေသည်။ "ဂါဝန်လှလှလေး ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ဆံပင်ပုံစံကရော ဘယ်လို ဖြစ်သွားရတာလဲ။မဒမ်က အမဲလိုက်ပြိုင်ပွဲကို သွားတာမဟုတ်ဘဲ မဒမ်ကပဲ အမဲလိုက်ခံလာရတာပဲ ဖြစ်မယ်ထင်တယ်။" တစ်နည်းနည်းဖြင့် သူမ၏စကားများက မှန်နေသည်။သို့သော် ... ကျွန််မ ကသိကအောက် ဖြစ်စွာဖြင့် ပါးကို ကုတ်နေမိသည်။ "လူတိုင်းက ဒီပုံစံကို မြင်သွားကြပြီဆိုတာ ကျွန််မဖြင့် ယုံတောင် မယုံနိုင်ဘူး။မဒမ့်ရဲ့အစေခံတစ်ယောက်အနေနဲ့ ကျွန််မ ရှက်မိပါရဲ့။ဒီလို ဖြစ်လာမည်ဆိုတာသာ ကြိုသိရင် ကျွန်မ မဒမ်နဲ့အတူ လိုက်လာခဲ့ပါတယ်။" "အခြားသူတွေလဲ အများကြီး မြင်မသွားရပါဘူး။အဲ့လိုပဲ ဖြစ်မှာပါ။" "သူတို့ တွေ့တော့ တွေ့လိုက်ရတယ်လို့ ဆိုလိုတာပေါ့ ။ဘုရားရေ..." အိုင်ရင်းမှာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး နဖူးကို ပွတ်သပ်လိုက်သည်။ "နောက်တစ်ခါ သွားစရာရှိရင် မဒမ့်နောက်ကို ကျွန်မ ကျိန်းသေပေါက် လိုက်တော့မယ်။ဒီလို ဖြစ်လာရအောင် ဘာတွေများ လုပ်ခဲ့ပါလိမ့်။ဟူး..." ဖလဲရ်က ကျွန်မကို ဆူပူရင်း ခေါ်လာပေးသည်။ "မဒမ် ရေချိုးဖို့ လိုတယ်။ကျွန်မ ပြင်ဆင်ထားပြီးပါပြီ။" အိုင်ရင်းသည် ကျွန်မအပေါ် ကြမ်းတမ်းသော အစေခံဆိုးတစ်ယောက် ဖြစ်သော်လည်း အလုပ်လုပ်ရာတွင် အလွန်တော်သည်။ကျွန််မ အိုင်ရင်း ခေါ်ရာနောက်သို့ အေးဆေးစွာ လိုက်လာပြီး မကြာခင်ပဲ ရေနွေးနွေးလေးဖြင့် ကျွန်မကိုယ် ကျွန်မ ရေစိမ်နေတော့သည်။ "အား၊ကောင်းလိုက်တာ။" ရေနွေးနွေးလေးဖြင့် စိမ်လိုက်ရချိန်တွင် ကျွန်မ၏ပင်ပန်းနွမ်းနယ်မှုများက နှင်းပွင့်လေးလို အရည်ပျော်သွားသည်ဟု ခံစားရသည်။ကျွန်မ၏ ခံစားချက် ပိုကောင်းလာပြီး နှာခေါင်းလေးတစ်ခုသာ ဖော်၍ တစ်ကိုယ်လုံးကို ရေထဲ နှစ်မြှုပ်ထားမိသည်။ ကျွန်မ၏ ခန္ဓာကိုယ်က အလွန် ပင်ပန်းနေသည့်တိုင် ကျွန််မ၏ခေါင်းက အနည်းငယ် ပို၍ ကြည်လင်လာခဲ့သည်။ ယခု ကျွန်မ အနည်းငယ် တွေးနေနိုင်ပြီ ဖြစ်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို။ TK Team ++++++++