Chapter 154
Viewers 19k

👾Chapter 154

အပြိုင်ကမ္ဘာ-6



ကျောက်တုံးသည် အလွန်သေးငယ်လှသည်။ လင်းဟန်သည် ဟယ့်ယွင်ထင် ပြောနေသည့် "El Inniho" အကြောင်း မသိသည့်တိုင် တစ်ဖက်လူ၏ လက်ချောင်းများကိုမူ ထိတွေ့လိုက်ဆဲပင်။ 


ဟယ့်ယွင်ထင်၏ လက်ချောင်းရှည်ရှည်များသည် အလွန်နွေးထွေးလှ၏။


နှစ်ပေါင်းများစွာ ကြာသည့်အခါ ဤလက်ချောင်းများသည် သေနတ်ကြောင့်ရသော အသားမာများ၊ သွေးများ စွန်းထင်းကောင်း စွန်းထင်းနေလိမ့်မည်။ 


သို့သော် ယခုမူ ထိုလက်ချောင်းများသည် သန့်ရှင်း၍ ရှည်သွယ်သည့် လက်ချောင်းများ ဖြစ်နေဆဲပင်။ 


လင်းဟန်သည် မျက်ဝန်းကလေးများ ကွေးညွှတ်သည်အထိ ပြုံးလိုက်သည်။ 

“ကျွန်တော် ဒါကိုကြိုက်တယ် …” 


ဟယ့်ယွင်ထင်၏ နက်ရှိုင်းသော မျက်ဝန်းပြာများထဲတွင် လင်းဟန်ပိစိလေးသည် ပျော်ရွှင်စွာ ပြုံးနေလေသည်။ 

လင်းဟန်သည် ဟယ့်ယွင်ထင် သူနှင့်အတူ လိုက်ပါပြုံးလိမ့်မည်ဟု ထင်လိုက်မိသည်။ သို့သော် အဆုံးသတ်တွင် တစ်ဖက်လူသည် မပြုံးခဲ့ချေ။ 


လင်းဟန်က သူ၏ သံသယများကို ယာယီဘေးဖယ်ထားရန် စဉ်းစားလိုက်၏။ သူက ကျောက်တုံးကို ဂရုတစိုက်ကြည့်နေရင်း ဟယ့်ယွင်ထင်အား စကားပြောလိုက်သည်။ 


“မစ်ရှင်က ခက်မှာလား …” 


“အဆင်ပြေမှာပါ …” 


“ဟယ့်ယွင်ထင် … ခင်ဗျား မပင်ပန်းဘူးလား …” 


“ဟင့်အင်း …” 


“နောက်တစ်ခါကျရင် ခင်ဗျား ကျွန်တော့်ကို ဆက်သွယ်မှာလား …” 


“အင်း …” 


“စကြဝဠာက ဘာနဲ့တူလဲ …” 

လင်းဟန်သည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ 


ဤတစ်ကြိမ်၌ ဟယ့်ယွင်ထင်သည် ချက်ချင်းပြန်မဖြေခဲ့ချေ။ သူက အတန်ကြာ တွေးနေပြီးနောက် အလေးအနက်ပြန်ဖြေလိုက်သည်။ 

“မင်းစိတ်ကူးယဉ်ထားတဲ့ အရာအားလုံးပဲ …” 


ထိုအဖြေသည် လင်းဟန် မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ သူက ခဏကြာ တိတ်ဆိတ်သွား၏။ 


“ကိုယ်ဒီတစ်ခါ အရမ်းကံကောင်းတယ် …” 

ဟယ့်ယွင်ထင်က ပြောလိုက်သည်။ 

“ကိုယ်  El Inniho ကြယ်စုကို နယ်စပ်ဒေသမှာ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာ …” 


"အဲဒါက အရမ်းရှားပါးပြီး အရမ်း စိတ်ကူးယဉ်ဆန်တယ် … ကိုယ် … စကားနဲ့မပြောပြတတ်ဘူး … "


ဒီတော့ ခင်ဗျားက ဒီကြယ်ကို ကျွန်တော့်အတွက် ယူခဲ့တယ်ပေါ့ … 


လင်းဟန်သည် စိတ်တွင်းမှ ထိုသူ၏ စကားကို အဆုံးသတ်ပေးလိုက်၏။ 


“ကျွန်တော်လည်းမြင်ဖူးချင်တယ် …” လင်းဟန်က ပြောလိုက်သည်။ 


“ဒါပေမယ့် ကျွန်တော် မက်ခါမမောင်းတတ်ဘူး …” 


လင်းဟန်သည် သူ့ကိုယ်သူ အလွန်ကံကောင်းကြောင်း သိရှိထား၏။ ဝမ်ကျောက်ကောထံမှ တောင်းဆိုလိုက်သရွေ့ တစ်ဖက်လူသည် သူ့အား စကြဝဠာထဲသို့ ပို့ဆောင်ပေးရန် အစီအစဉ်ဆွဲပေးမည်သာ။ 

သူသည် ဆုတောင်းပြည့်စွာဖြင့် ချို့ငဲ့မှုမရှိ မွေးဖွားလာခဲ့ရသည်။ 


ဘာလို့ ခုထိမတင်းတိမ်ဖြစ်နေရတာလဲ … 


လင်းဟန်က တွေးလိုက်သည်။ 


သူက ဝမ်ကျောက်ကော စီစဉ်ပေးသကဲ့သို့ လူပေါင်းများစွာနှင့်အတူ အာကာသအတွင်းသို့ မသွားလိုချေ။ လူတစ်ဦးထဲနှင့်သာ သွားလို၏။ 


“ဟယ့်ယွင်ထင် …” လူငယ်လေးသည် ရုပ်ဆိုးဆိုးကြယ်ကို ဆုပ်ကိုင်လျက် ထိုင်ခုံပေါ်သို့ တက်ရပ်လိုက်သည်။ ထို့နောက် အလေးအနက်ဆို၏။ “အပေးအယူလုပ်ရအောင် …” 


တစ်ဖက်လူသည် သေချာနားမလည်ချေ။ သို့သော် ရှေ့သို့ ခြေနှစ်လှမ်းတိုးလာကာ နာနာခံခံ ခေါင်းညိတ်လိုက်သည်။ 


“ခင်ဗျားရဲ့ မက်ခါက အရမ်းဟောင်းနေပြီ … ပြီးတော့ လုပ်ဆောင်ချက်တွေလည်း မပြည့်စုံဘူး …” 

လင်းဟန်က အလေးအနက် ပြောသည်။ 


“ကျွန်တော့်ကို ငယ်တယ်ဆိုပြီး အထင်မသေးပါနဲ့ … ကျွန်တော်က သုတေသနအဖွဲ့မှာ စွမ်းအားအကြီးဆုံးပဲ …”


“ကျွန်တော့်ကို အချိန်လုံလုံလောက်လောက်ပေးရင် ခင်ဗျားရဲ့ မက်ခါကို ပြန်ပြင်ဆင်ပေးမယ် …


လင်းဟန်သည် အားနေသည့်လက်အား ရှေ့သို့ ဆန့်တန်းလိုက်ရင်း တစ်ဖက်လူနှင့် အလေးအနက် သဘောတူညီချက်ပြုလုပ်ရန် ပြင်လိုက်သည်။ 


“ပြီးရင် ခင်ဗျား ကျွန်တော့်ကို ကြယ်စုဆီ ခေါ်သွားပေးပါ …” 


“ကောင်းပြီလေ …” 


ဤတစ်ကြိမ်၌ တစ်ဖက်လူသည် တွန့်ဆုတ်ခြင်းမရှိခဲ့ချေ။ 


လင်းဟန်က သူ၏ ခံစားချက်များသည် တစ်နာရီအတွင်းမှာပင် အမျိုးမျိုး ပြောင်းလဲနေသည်ဟု ခံစားမိလိုက်သည်။ သူက ဟယ့်ယွင်ထင်၏ အတွေးများကို ခန့်မှန်းခြင်း၊ သူ၏ လောဘကို ဝေဖန်ခြင်းတို့ ပြုလုပ်နေခဲ့သည်။ ယခုအခါ ပျော်ရွှင်၍ စိတ်လှုပ်ရှားနေပြန်၏။ ခံစားချက်များက ရိုးရှင်းလှပြီး တည့်တိုးဆန်လှသည်။ 


“ကောင်းပြီလေ …” လင်းဟန်သည် လက်ကိုပြန်ရုတ်ကာ သမ်းဝေလိုက်သည်။ သူက ယခုအခါ ပင်ပန်းမှုကို ခံစားလာရ၏။ ထို့ကြောင့် သူ့ကိုယ်သူ အားပေးကာ ပြောလိုက်သည်။ 

“ကျွန်တော်အိပ်ငိုက်နေပြီ … အိမ်ပြန်ပို့ပေးနိုင်မလား …” 


အဖြေသည် အလွန်သိသာလှ၏။ 


ဟယ့်ယွင်ထင်သည် လင်းဟန်နှင့်အတူ အများသုံးယာဉ်အား လိုက်ပါစီးနင်းခဲ့သည်။ ယာဉ်ပေါ်၌ အသိဉာဏ်ရှိ ယာဉ်မောင်းစနစ်မှအပ သူတို့နှစ်ဦးထဲသာ ရှိနေ၏။ 


လင်းဟန်သည် မူလက ပုံမှန်အတိုင်း ထိုင်နေခဲ့သည်။ သို့သော် ဟယ့်ယွင်ထင်၏ တိတ်ဆိတ်မှုနှင့် ယာဉ်၏ ငြိမ်သက်မှုတို့ကြောင့် သူက စတင်၍ ငိုက်မြည်းလာ၏။ 


တစ်ဖက်လူသည် မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေသည်။ သူက လင်းဟန်၏ ဦးခေါင်းနှင် တံခါးဘောင်တို့ ထိမိမည်ကို စိုးရိမ်နေသော်လည်း လင်းဟန်အား မနှိုးရက်ချေ။ ထို့ကြောင့် သူက စိတ်ကိုပြင်ဆင်ကာ လူငယ်လေးအား သူ့ဘက်သို့ ဆွဲယူလိုက်တော့သည်။ သူက လင်းဟန်၏ ဦးခေါင်းကို သူ၏ ပေါင်ပေါ်တွင် လဲလျောင်းစေလိုက်၏။ 


ညအချိန်သည် အလွန်တိတ်ဆိတ်နေသဖြင့် လင်းဟန်၏ အသက်ရှူသံဖျော့ဖျော့သည် အတိုင်းသား ကြားနေရသည်။ 


လူငယ်လေးသည် သူပေးခဲ့သည့် လက်ဆောင်ကို ကိုင်လျက် သူ၏ ပေါင်ပေါ်၌ အိပ်မောကျနေ၏။ စာသင်ခန်းအပြင်ဘက်၌ သူတွေ့ခဲ့စဉ်က အတိုင်းပင် လူငယ်လေး၏ မျက်ဝန်းများက ငြိမ်သက်စွာ မှေးမှိတ်လျက်ရှိနေသည်။


ဟယ့်ယွင်ထင်သည် အတွေးများကို အကောင်အထည်ဖော်လိုက်၏။ သူက ကိုယ်ကိုကိုင်းညွှတ်ကာ တစ်ဖက်လူ၏ လက်ခုံကို နမ်းရှိုက်လိုက်တော့သည်။ 


ထိုအချိန်မှာပင် လင်းဟန်သည် ယားကျိကျိ ခံစားလိုက်ရပြီး လန့်နိုးလာခဲ့သည်။ 


စကြဝဠာသည် သူတို့အား မည်သည့်ကိစ္စကိုမှ မလွဲချော်စေလိုခြင်း ဖြစ်ပုံရ၏။ သူက တစ်ဖက်လူ၏ အနမ်းကို သေသေချာချာ ခံစားမိလိုက်သည်။ 


ထိုသူက သူ၏ လက်ခုံကို နမ်းနေခဲ့၏။ 


သူ့နှုတ်ခမ်းရှိ အထိအတွေ့က သူ့အတွေးများကို သန့်စင်စွာ ထုတ်ဖော်ပြခဲ့ပြန်သည်။ 


[နတ်သားလေး အိပ်နေတဲ့အချိန်မှပဲ ငါသူ့ကို နမ်းရဲတော့တယ်]


ဟယ့်ယွင်ထင်က သူနိုးနေမှန်း မသိခဲ့ချေ။ လင်းဟန်သည် အိပ်ချင်ယောင်ဆောင်ခြင်း အောင်မြင်သည့်အတွက် ဝမ်းသာသွားခဲ့၏။ 


ယာဉ်ရပ်နားချိန်၌ လင်းဟန်သည် ယခုမှနိုးလာသလို ဟန်ဆောင်ကာ မျက်ဝန်းများကို ပွတ်သပ်လိုက်သည်။ 


သို့သော် စောစောကအချိန်လေးသည် အလွန်သာယာလှသဖြင့် သူက လမ်းကိုမကြည့်မိခဲ့ချေ။ ထို့ကြောင့် တံခါးဖွင့်လိုက်သည့်နောက် သူခြေချော်သွားခဲ့၏။ 


လင်းဟန်သည် မျက်ဝန်းများကို မှေးစင်းကာ ပြုံးလိုက်သည်။ သူက အားနည်းသည့်ပုံ ဖြစ်သွားခဲ့ပါလျှင် ဟယ့်ယွင်ထင် မည်သို့တွေးမည်ကို သိလိုလာခဲ့၏။ 


ဘာပဲဖြစ်ဖြစ် သူက ကောင်းမွန်တဲ့နတ်သားလေးမှ မဟုတ်ပဲလေ … 


သူက တစ်ဖက်လူ၏ အင်္ကျီစကို ဆွဲကိုင်လျက် ခေါင်းမော့ကာ ထိုသူ၏ အမည်ကို ခေါ်လိုက်သည်။ 

“ကျွန်တော့ကို ကျောပိုးနိုင်မလား ..” 


သူက ဟယ့်ယွင်ထင်၏ ကျောပေါ်တက်လိုက်သည်။ .


အရင်တစ်ခါက သူနှေးနှေးလေး လျှောက်ခဲ့တာ … ဒီတစ်ခါလည်း ငါသူ့အတွေးတွေကို ကြားနိုင်လောက်တယ် …


လင်းဟန်သည် တစ်ဖက်လူ၏ ပခုံးထက်သို့ ခေါင်းဖြင့်မှီရင်း မေးလိုက်သည်။ 

“ခင်ဗျားက မင်းသားရဲ့သူရဲကောင်းဖြစ်လာတော့မှာလား …” 


ဟယ့်ယွင်ထင်သည် ခဏကြာ ကြောင်အသွား၏။ သို့သော် အမှန်အတိုင်းသာ ဖြေခဲ့သည်။ 

“အင်း …” 


“ခင်ဗျား မပျော်ဘူးလား …” 


“မဟုတ်ပါဘူး … မင်းသားက အရမ်းကောင်းမှာပါ … သူ့ရဲ့သူရဲကောင်းဖြစ်ရတာ ဂုဏ်ယူစရာပါပဲ …” 


ဟယ့်ယွင်ထင်၏ အရိုးထဲတွင် သစ္စာရှိတော်ဝင်စစ်သား၏ စိတ်ဓာတ်များ ထွင်းထုပြီးဖြစ်၏။ လင်းဟန်သည် သူ၏ အဖြေကြောင့် အံ့အားသင့်သွားခြင်းမရှိခဲ့ချေ။ 


လင်းဟန်က ခေါင်းညိတ်လိုက်သည်။ 

“ခင်ဗျားက အကောင်းဆုံးသူရဲကောင်းဖြစ်လာမှာ …” 


ဟယ့်ယွင်ထင်သည် လင်းဟန်အတွေးများမည်ကို စိုးရိမ်နေခဲ့သည်။ 

“ဒါပေမယ့် ကိစ္စမရှိပါဘူး … ကိုယ်က ပြောင်းလဲမှာ မဟုတ်ဘူး …” 


[လင်းဟန်က မင်းသားဖြစ်ပြီး ငါက သူ့ရဲ့သူရဲကောင်းဖြစ်လာရင် ဘယ်လောက်ကောင်းမလဲ ]


[ဒီအတွေးက မသင့်တော်ဘူး … ငါ အနာဂတ်က မင်းသားကို အရင်တောင်းပန်ရတော့မယ် ]


လင်းဟန်၏ နှလုံးသားသည် စတင်၍ ခုန်ပေါက်လာ၏။ သူက တစ်ဖက်လူ၏ လည်တိုင်ကို လက်မောင်းများဖြင့် ထွေးဖက်လိုက်ရင်း မေးလိုက်သည်။ 


“မင်းသားက သူရဲကောင်းကို ချစ်မိသွားမယ်လို့ ခင်ဗျားထင်လား …” 


“ဟင့်အင်း ..” ဤတစ်ကြိမ်၌ ဟယ့်ယွင်ထင်သည် အမြန်ပြန်ဖြေလာသည်။ 


သူက ဤသို့သော ကိစ္စမျိုးတွင် သူ့ကိုယ်သူ ယုံကြည်ချက်မရှိချေ။ လင်းဟန်သူ့အပေါ် ကြိုက်မကြိုက် ခန့်မှန်းသည့်အခါတိုင်း သူသည် ထိုအတွေးများကို ငြင်းဆန်လေ့ရှိ၏။ 


【မင်းသားက ငါ့ကို မကြိုက်လောက်ဘူး 】


[ငါက ပျင်းစရာအကောင်းဆုံးလူပဲ]


သို့သော် ထိုစကားများကို ကြားသည်နှင့် လင်းဟန်၏ အဖြေများသည်လည်း ရှင်းလင်းစွာ ထွက်ပေါ်လာ၏။ 

မင်းသားက ခင်ဗျားကို သဘောကျမှာ … 


ခင်ဗျားက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ … ခင်ဗျားကိုယ်တိုင်သာ မသိတာ … 


မင်းသားလေးသည် စတင်၍ ယုံကြည်ချက်အပြည့်ရှိလာ၏။ 


အနာဂတ်သူရဲကောင်းသည် သူ့အပေါ် သစ္စာရှိပြီး ကာကွယ်ပေးလိမ့်မည်။ သူ့အား ချစ်မိနေလိမ့်မည်။ 


ဟယ့်ယွင်ထင်က လင်းဟန်အား အဆောင်တံခါးဝသို့ ပို့ဆောင်ပေးခဲ့သည်။ လင်းဟန်သည် ထိုအချိန်တွင် အိပ်ငိုက်ခြင်းမရှိတော့ချေ။ သူ၏ ပါးပြင်လေးများက နီစွေးလျက်ရှိနေသည်။ သူက ဟယ့်ယွင်ထင်အား ပြုံးပြလာ၏။ 


လင်းဟန်အဘယ့်ကြောင့် အလွန်ပျော်ရွှင်နေကြောင်း ဟယ့်ယွင်ထင် မသိချေ။ ထိုအချိန်မှာပင် တစ်ဖက်လူက သူ့အမည်ကို ခေါ်လာ၏။ 


“ဟယ့်ယွင်ထင် …” 


သူက ဗိုလ်မှူး သို့မဟုတ် စီနီယာ ဟု မခေါ်တော့ပဲ အမည်ကိုသာ တိုက်ရိုက်ခေါ်ဆိုနေခဲ့သည်။


“ကျွန်တော့်မှာ လျှို့ဝှက်ချက်ရှိတယ် … ခင်ဗျားသိသွားရင် စိတ်မဆိုးရဘူးနော် …” 


ဟယ့်ယွင်ထင်က ခေါင်းညိတ်လိုက်သည်။ သူက တစ်ဖက်လူအပေါ် မည်သည့်အခါမှ စိတ်ဆိုးမည်မဟုတ်ပေ။ 


သူက လျှို့ဝှက်ချက်အား မေးတော့မည့်အချိန်၌ လင်းဟန်သည် မျက်တောင်များကို ပုတ်ခတ်ရင်း ခေါင်းယမ်းပြလာ၏။ 


“ကျွန်တော့် အမေက ခင်ဗျားကို မပြောစေချင်ဘူး … ခင်ဗျား နောက်ထပ်ရက်နည်းနည်းကြာရင် သိရမှာပါ …” 


လူငယ်လေး၏ မျက်ဝန်းများသည် တောက်ပနေသည်။ သူက ကျောက်တုံးလေးကို ဝေ့ယမ်းပြရင်း နှုတ်ဆက်လိုက်သည်။ 


“ကောင်းသောညပါ … စီနီယာ …” 

မင်းသားလေး၏ သက်ပြည့်အခမ်းအနားသည် စီစဉ်ထားသည့် နေ့ရက်၌ပင် ကျင်းပခဲ့၏။ 


စခန်းရှိတပ်သားများ၊ ရင်ပြင်ရှိ ပြည်သူများ၊ အားလုံး၏ အကြည့်များက တစ်နေရာထဲတွင်သာ စူးစိုက်လျက်ရှိကြသည်။ ဓမ္မတေးသံများက အမိုးခုံးသို့တိုင် ပဲ့တင်ထပ်လျက်ရှိ၏။ ပန်းများနှင့် 

အဖြူရောင်ချိုးငှက်များသည် ပြီးပြည့်စုံဆုံး နေ့ရက်အား တန်ဆာဆင်လျက်ရှိကြသည်။


အားလုံးက ဆယ်ရှစ်နှစ်ကြာ ဖုံးကွယ်ထားသည့် မင်းသားလေးကို သိလိုစိတ်ပြင်းပြနေကြ၏။


အခြားအစီအစဉ်များကို ဖယ်ရှားလိုက်ပါက အဓိကအခမ်းအနားနှစ်ခုသာ ရှိသည်။ သက်ပြည့်အခမ်းအနားနှင့် သူရဲကောင်းပြုအခမ်းအနားတို့ ဖြစ်ကြ၏။ 


ဖိုရမ်ရှိလူများက မင်းသားလေးသည် CP အား လုယူလိုက်သည့်အတွက် ငိုကြွေးနေခဲ့ကြသည်။ သို့သော် လက်ရှိအချိန်၌မူ မင်းသားလေး ပေါ်ထွက်လာမည်ကို စောင့်မျှော်နေကြ၏။ 


သူက ငါတို့တွေ့ဖူးတဲ့ တစ်ယောက်ယောက်ဖြစ်နေမလား … ဒါမှမဟုတ် ဆယ့်ရှစ်နှစ်လုံး သီးသန့်ပျိုးထောင်ခံခဲ့ရတာလား ….


“လူကြီးမင်း … ငါအရမ်းစိတ်လှုပ်ရှားနေပြီ …” 


“လူကြီးမင်း … ငါစိုးရိမ်နေပြီ …” 


“မင်းသားလေးကို ငါတကယ်သိချင်နေပြီ …” 


“မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ … မင်းသားလေး သက်တော်ရာကျော်ရှည်ပါစေ …” 


“ဘယ်လိုပဲကြည့်ကြည့် ဗိုလ်မှူးဟယ့်က အကောင်းဆုံး သူရဲကောင်းပဲ …”


“ရှောင်လင်းက ဝမ်းနည်းမနေသင့်ဘူး … သူက သူရဲကောင်းဖြစ်သွားရင်တောင် သူ့ကို ချစ်နေဦးမှာပဲလေ …” 


“မင်းသားလေးက မကြင်နာတတ်တဲ့လူမဟုတ်ဘူးလို့ ငါယုံတယ် …” 


“စကားမစပ် အရင်ရက်တွေက ရှောင်လင်းကို မတွေ့မိဘူးနော် …” 


“ငါ သတိမထားမိ …” 


“မပြောနဲ့တော့ …လာနေပြီ …” 


“မေမေ … ကျွန်တော် စိတ်လှုပ်ရှားနေတယ် …” 


လင်းဟန်သည် အသက်ပြင်းပြင်းရှူလိုက်သော်လည်း စိတ်လှုပ်ရှားနေဆဲဖြစ်၏။ သူက ကျော့ရှင်း၍ လှပသော အဝတ်များကို ဝတ်ဆင်ထားသည်။ သူက  မကြာခင်လျှောက်ရတော့မည့် လမ်းကိုကြည့်ကာ ပြောလိုက်ခြင်းပင်။ 

သူက ထိုအတွက် ပြင်ဆင်ခဲ့သည့်တိုင် လက်တွေ့ရင်ဆိုင်ရသည့်အခါ မတည်ငြိမ်နိုင်တော့ချေ။ 


“ဒါပေမယ့် ဟန်ဟန် ဒါကို လိုချင်တယ်မဟုတ်လား …” 

လင်းဟန်၏ မိခင်သည် သူ၏ကော်လံစကို နောက်ဆုံးအကြိမ် ပြုပြင်ပေးလိုက်၏။ 


လင်းဟန်သည် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းညိတ်လိုက်သည်။ 


“ဒါပဲလေ …” သူ၏ မိခင်က ပြုံးလိုက်၏။ 


“သားနှလုံးသားထဲမှာ အဖြေရှိပြီးသားပဲ …” 


“ဟန်ဟန်က နောက်ကျရင် လူကြီးဖြစ်လာမှာ …”

အမျိုးသမီးက မတ်တပ်ရပ်လိုက်သည်။ 


“အားလုံးထက်ပိုကောင်းတဲ့ဘဝတစ်ခု ရလာမှာ …” 


သူမသည် လူငယ်လေး၏ ပခုံးကို အသာပုတ်ကာ ပြုံးလိုက်သည်။ 


“သွား .. တစ်ယောက်ယောက်က သားကို စောင့်နေတယ် …” 


ဟယ့်ယွင်ထင်သည် အာရုံစိုက်ခံရမှု အများဆုံးနေရာ၌ ရှိနေသည်။ 


သူ့အရှေ့တွင် ကော်ဇောနီရှိနေ၏။ သူက မင်းသားထံမှ ဓားကိုယူကာ မင်းသား၏ နံပါးတွင် တသက်လုံးရှိနေရန် ကျိန်ဆိုရလိမ့်မည်။ 


သို့သော် သူက အခြားတစ်ဦးကိုသာ တွေးမိနေ၏။ သူရဲကောင်းကျမ်းကျိန်ခြင်း၏ နောက်ဆုံးအပိုဒ်၌ ‘သင်သေသည်အထိ ချစ်မြတ်နိုးသွားမည့်လူအား တိုင်တည်၍ ကျိန်ဆိုပါ’ ဟူသော စာပိုဒ်ပါရှိသည်။ ဟယ့်ယွင်ထင်သည် အခမ်းအနားပြီးဆုံးသည်နှင့် တစ်ဖက်လူအား အမြန်ရှာရန် ဆုံးဖြတ်လိုက်၏။ 


မင်းသားသည် သူ့အား နှစ်သက်မည်မဟုတ်ပေ။ သို့သော်သူက သူ့ကိုယ်သူ ကတိပေးလိုက်၏။ 


သူသည် ယခုအခါ သူ့ခံစားချက်အားလုံးကို နားလည်သွားလေပြီ။


ထို့ကြောင့် နောက်ထပ် မတုံ့ဆိုင်းလိုတော့ပဲ တစ်ဖက်လူ၏ အနီး၌သာ မြန်မြန်ရှိနေချင်မိ၏။ 


သူက မင်းသားအပေါ် သစ္စာရှိမည်ဖြစ်ပြီး နတ်သားလေးအပေါ် ချစ်မိပေလိမ့်မည်။ 


ဟယ့်ယွင်ထင်သည် သူ့အရှေ့ရှိ နန်းတော်အား မော့ကြည့်လိုက်၏။


ခေါင်းလောင်းသံလွင်လွင် ထွက်ပေါ်လာသည်။ အမျှော်လင့်ခဲ့ရဆုံး အခိုက်အတန့်သည်လည်း ဖြစ်ပေါ်လာ၏။ 


တံခါးများ ပွင့်လာသည့်အခါ ကောင်းမွန်သည့် အရာများသည်လည်း အတူတကွ ဖြစ်ပေါ်လာလေ့ရှိသည်။ 


သူက ပန်းများဝန်းရံလျက် ရှိနေသည့် လူငယ်လေးကို တွေ့လိုက်ရသည်။ 


လူငယ်လေးသည် တန်ဖိုးကြီးရတနာများ စီခြယ်ထားသည့် သရဖူကို ဝတ်ဆင်ထားသည်မှအပ ယခင်အတိုင်းသာဖြစ်၏။ 


သူက လွန်ခဲ့သော ရက်အနည်းငယ်က ပြောခဲ့သည့် တစ်ဖက်လူ၏ လျှို့ဝှက်ချက်အား သတိရလိုက်မိသည်။ 


သို့သော် ဟယ့်ယွင်ထင်၏ အံ့အားသင့်မှုသည် ခဏသာ ကြာမြင့်ခဲ့၏။ ထိုအခိုက်အတန့် ပြီးဆုံးသွားသည့်နောက် သစ္စာရှိမှုနှင့် စိတ်ပိုင်းဖြတ်မှုများသည် ပေါင်းစည်းသွားကြသည်။ 


သူက လူငယ်လေးသည် အရှိန်တင်လျက် သူ့ထံသို့ တန်းတန်းမတ်မတ် လာနေကြောင်း တွေ့လိုက်ရသည်။ 


လူငယ်လေး၏ မျက်ဝန်းများသည် အသက်ဓာတ်၊ နွေးထွေးမှု၊ မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေ၏။ 


ဟယ့်ယွင်ထင်သည် ဒူးတစ်ဖက်ထောက်ကာ ညာလက်ကို ဘယ်ဘက်ရင်အုပ်ပေါ်၌ တင်လိုက်သည်။ သူက သူ၏မင်းသားလေးထံသို့ အကောင်းမွန်ဆုံးပုံစံကို ဆက်သလိုက်၏။ 


လင်းဟန်သည် ဓားကိုလက်နှစ်ဖက်ဖြင့် ကိုက်လျက် ဟယ့်ယွင်ထင်၏ ပခုံးတစ်ဖက်တစ်ချက်စီအား ဓားရိုးဖြင့် ထိလိုက်သည်။ ထို့နောက် ဓားကို ဓားအိမ်ထဲသို့ ပြန်လည်သိမ်းကာ တစ်ဖက်လူထံသို့ ကမ်းပေးလိုက်၏။ 


သူက ခေါင်းငုံ့ကာ ထိုသူ၏အမည်ကို ညှင်သာစွာ ခေါ်လိုက်သည်။ 


“ဟယ့်ယွင်ထင် …” 


“ကိုယ်တော့်ရဲ့ သူရဲကောင်းဖြစ်လာနိုင်မလား …”




👾