ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၈)
ဒါက ဘယ်လို အဓိပ္ပါယ် မရှိတာမျိုးလဲ။
ကျွန်မ မှင်တက်မိသွားပြီး ဆိုဗက်စ်စတာကို ငေးကြောင်၍ ကြည့်နေမိတော့သည်။ဆိုဗက်စ်စတာကလည်း ကျွန်မကို ဘာမှ နားလည်သော ပုံစံဖြင့် ကြည့်နေလေသည်။
"ဟုတ်တယ်လေ၊ မင်း ကိုယ့်ကို လက်ကိုင်ပဝါ ပေးသင့်တယ်။အိမ်ရှေ့စံမင်းသားကို ဘာကြောင့် ပေးရမှာလဲ။"
"ဘာကြောင့်များလဲ"
"ကိုယ်က မင်းရဲ့ခင်ပွန်းလေ။"
သူပြောသည်က မှန်သည်ဟု ကျွန်မ တွေးမိသည်။လက်ထပ်ပြီးသား အိမ်ထောင်သည် အမျိုးသမီးများက ခင်ပွန်းလင်ယောကျ်ားများအတွက် ပန်းထိုးထားသော လက်ကိုင်ပဝါကို လက်ဆောင်ပေးကြသည်။
သို့သော် ထိုကိစ္စမှာ ကျွန်မအတွက် ကွဲပြားခြားနားသည် မဟုတ်ပါလော။
"ကျွန်မကို အိမ်ရှေ့စံမင်းသားအပေါ် သွေးဆောင်ဖြားယောင်းဖို့ ရှင် ဘယ်တုန်းက ပြောခဲ့တာလဲ။"
ယခုအချိန်သည် ကယ်လီယန်ထံမှ အမြင်ကောင်းရရှိရမည့် အချိန်ဖြစ်သည်။ထို့ကြောင့် ကျွန်မ လက်ကိုင်ပဝါကို ဆိုဗက်စ်စတာကို မပေးဘဲ ကယ်လီယန်အား ပေးရမည်။
"ဒီလို ဖြားယောင်းနိုင်ဖို့ဆိုရင် ကျွန်မရဲ့ခံစားချက်ကို ဖော်ပြတဲ့ တစ်စုံတစ်ရာကို ပေးဖို့ လိုတယ်လေ။"
"ဒါက ..."
ဆိုဗက်စ်စတာက ပြောစရာ မရှိသလို အောက်နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ခုံးကို တွန့်လိုက်သည်။
"ကောင်းပြီလေ၊မင်း လုပ်ချင်တဲ့အတိုင်းသာ လုပ်။"
သူက ထိုသို့ ပြောပြီး လက်ကိုင်ပဝါကို ကျွန်မဆီသို့ ပစ်ပေးလေသည်။
အင်း
ကျွန်မ ခေါင်းစောင်းကြည့်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
"ရှင် စိတ်ဆိုးနေတာလား။"
"မဆိုးဘူး"
"မီတာတစ်ရာ အကွာအဝေးက ကြည့်ရင်တောင် ရှင်က စိတ်ဆိုးနေတဲ့ပုံစံ ဖြစ်နေတယ်။"
"ကိုယ် စိတ်မဆိုးဘူးလို့ မင်းကို ပြောတယ်လေ!"
ဆိုဗက်စ်စတာက ဗြုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။
"ကိုယ် ဒီနေ့ အပြင်မှာ သွားအိပ်တော့မယ်။ပြောနိုင်တာ ဒါပဲ။"
"ဘာပြောတယ်"
ကျွန်မ အံ့ဩတကြီးဖြင့် မျက်လုံးပြူးလိုက်မိသည်။
"ရှင်က အခု အပြင်မှာ သွားအိပ်မယ်ဆိုတဲ့ အကြောင်း ပြောနေတာလား။ရှင်က အမှိုက်လို လူစားမျိုးလား။"
"ဘာ"
ဆိုဗက်စ်စတာက မတရားခံလိုက်ရသော မျက်နှာထားဖြင့် တံခါးကို လက်ညှိုးထိုးပြသည်။
"ကိုယ်က ရုံးခန်းထဲမှာ သွားအိပ်မှာကွ၊ရုံးခန်းထဲမှာ။"
"အာ၊ ကျွန်မက တခြားဘာပြောမိလို့လဲ။"
ကျွန်မ၏ မရေမရာ အဖြေစကားကြောင့် ဆိုဗက်စ်စတာက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
"ကိုယ့်မှာ အချစ်ဇာတ်လမ်းလေးတွေ ရှိနေတယ်လို မင်းတွေးနေတာမလား။ကိုယ်က မင်းလို မဟုတ်ဘူး။ကိုယ်ရဲ့ အိမ်ထောင်ရေးအပေါ် သစ္စာရှိတယ်။"
"ကျွန်မလဲ တစ်ခါမှ သစ္စာမဖောက်ဖူးပါဘူး။"
"မင်းက အိမ်ရှေ့စံမင်းသားကို ချစ်နေပြီး သူ့နောက် တကောက်ကောက်လိုက်နေတာကို မင်း မမှတ်မိတော့ဘူးလို့ ကိုယ် ထင်တယ်။"
"ကျွန်မက သစ္စာရှိတာ မဟုတ်ပါဘူး။"
ကျွန်မ၏ အဖြေစကားက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသဖြင့် ဆိုဗက်စ်စတာမှာ မှင်တက်သွားပြီး ရယ်ချလိုက်လေသည်။ပြီးနောက် သူက 'အာ'ဟု ရေရွတ်ပြီး ပါးစပ်ကို အုပ်ထားလိုက်၏။
"ကိုယ် လုံးဝ မရယ်ရသေးဘူးနော်၊ မင်း မနိုင်သေးဘူး။"
ကျွန်မ ပြောခဲ့သော 'ရယ်လျှင် အရှုံး'ဆိုသည့် စကားကို သူ သတိရသွားပုံ ရ၏။
၎င်းမှာ အလွန်ချစ်စရာကောင်းသဖြင့် ကျွန်မ ပြုံးလိုက်မိသည်။
"ကောင်းပြီ၊ရှင် တကယ်ပဲ အပြင်ထွက်အိပ်မှာလား။"
"အင်း"
သူက နှာမှုတ်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
ဒီလိုပြောပြီးတော့ ငါ ဘာပြောသင့်သေးလဲ။မပြောချင်လဲ ပြောရမှာပဲ၊မတတ်နိုင်ဘူး။
"ရှင် လုပ်ချင်သလိုသာ လုပ်တော့။"
ထိုအခါ ဆိုဗက်စ်စတာ၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
"ဒါက ပြောလို့ ပြီးပြီလား။"
သူက အနည်းငယ် မကျေမချမ်းဖြစ်နေဟန်ဖြင့် ကျွန်မကို ကြည့်သည်။
"ဒါဆိုရင် ရှင့်ကို ကျွန်မက တားပေးစေချင်လို့လား။"
"အနည်းဆုံး တစ်ခါလောက်ပေါ့။"
"ကျွန်မက ရှင့်ကို တားရင်ရော ရှင်က ကျွန်မပြောတာကို နားထောင်မှာလား။"
"ကိုယ် စဥ်းစားပေးမှာပါ။"
"ဒါဆိုလဲ ကျွန်မ ရှင့်ကို မတားတော့ဘူး။အပြင်ထွက်အိပ်တော့။"
ကျွန်မ မောင်းထုတ်သကဲ့သို့ လက်ကို ယမ်းခါလိုက်ပြီး 'ရှူး ရှူး'ဟု ပြောလိုက်သည်။
"ထွက်တော့၊ကျွန်မ တံခါး လော့ချတော့မယ်။"
"..."
ဆိုဗက်စ်စတာက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ကျွန်မကို ကြည့်လေသည်။
ဘာဖြစ်လို့လဲ၊ ဘာလဲ၊ကျွန်မကို ဒီလိုကြည့်ပြီး ရှင်က ဘာလုပ်ချင်လို့လဲ။မရဘူး၊ထွက်သွားတော့။
"ကိုယ့်ဇနီးလေးက တကယ်ကို အကြင်နာမဲ့တာပဲနော်။"
"ဒါက ကျွန်မဘက်က ထုတ်မပြောရင်တောင် ရှင် သိသင့်တဲ့ အချက်လေ။"
"စကားတစ်လုံးတောင် အရှုံးမခံပါလား။"
ကျစ်
ဆိုဗက်စ်စတာက နှုတ်ခမ်းဆူလိုက်လေသည်။သူက အိပ်ရာဆီသို့ ပြန်လာခဲ့သည်။
"တော်ပြီ။ကိုယ်လဲ ဒီမှာပဲ အိပ်တော့မယ်။"
ထို့နောက် သူက အိပ်ရာပေါ် လှဲချလိုက်လေသည်။
"အာ၊အရင်ဆုံး ခြေလက်ဆေးကြောပြီးမှ လှဲလေ။"
"ကိုယ် ခုနကပဲ ဆေးကြောပြီးသွားပြီ။"
"ရှင် လိမ်ပြောတာ ကျွန်မ သိတယ်နော်။"
"တကယ်ပါ၊ကိုယ် ဆေးကြောပြီးသွားပြီ။"
ဆိုဗက်စ်စတာက အိပ်ရာပေါ်တွင် လှဲလျက်သားဖြင့် ကျွန်မကို ကြည့်သည်။ကျွန်မလည်း သူ့ကို မျက်လုံးချင်း ဆုံ၍ ကြည့်လိုက်၏။
ကျွန်မသည်လည်း အိပ်ရာပေါ်တွင် ရှိနေသောကြောင့် လေထုက တစ်မျိုး ထူးဆန်းနေသည်။ကျွန်မ ရှက်ရွံ့သွားပြီး အနည်းငယ် မျက်လုံးအကြည့် လွှဲလိုက်မိသည်။ထိုအခါ ဆိုဗက်စ်စတာက ပါးစပ်ဟလာသည်။
"ကိုယ်တို့နှစ်ယောက်က အိမ်ထောင်သည်စုံတွဲတွေနဲ့ မတူဘူးလား။"
ဆိုဗက်စ်စတာက ပြောရင်း ကျွန်မ၏လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"မင်းနဲ့ ဒီလိုမျိုး ဖြစ်လာမယ်လို့ ကိုယ် တစ်ခါမှ စိတ်ကူးမယဥ်ဖူးဘူး။"
သူက ကျွန်မကို သူနှင့် နီးကပ်သွားအောင် ဆွဲလိုက်သည်။
ဘုတ်
ကျွန်မ၏ခန္ဓာကိုယ်က သူ့နံဘေးတွင် လဲကျသွားသည်။ဆိုဗက်စ်စတာက ကျွမ်းကျင်သွက်လက်စွာဖြင့် သူ့လက်မောင်းကို ကျွန်မခေါင်းအောက်သို့ ထိုးထည့်ပြီး လက်မောင်းခေါင်းအုံး လုပ်ပေးလိုက်သည်။ထို့နောက် သူက ကျွန်မ၏ခါးကို လက်ဖြင့် ဖက်တွယ်လာ၏။
"အခု အိပ်လိုက်ရင် ပိုကောင်းမယ်။"
"မဟုတ်...ဒီလိုမျိုး မဟုတ်ဘူး။"
"အင်း ၊ဒါက ကောင်းပါတယ်၊ဟုတ်တယ်မလား။"
ကျွန်မ၏နှလုံးသားက ကောင်းသည်ဟု မပြောပေ။ကျွန်မ အသက်ရှူသွင်းလိုက်ပြီး နှလုံးသားက တဒိတ်ဒိတ် အခုန်မြန်နေသည်ကို ခံစားမိလိုက်သည်။
"ဒီနေ့တော့ ဒီတိုင်းလေးပဲ အိပ်ရအောင်။"
ဆိုဗက်စ်စတာက ကျွန်မကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ပြီး သူ၏မျက်နှာကို ကျွန်မ၏ လည်ကုပ်ပေါ်သို့ အပ်ထားခဲ့သည်။
"ကောင်းသောညပါ။"
ထူးခြားစွာ လတ်ဆတ်ရှင်းသန့်သော ကိုယ်သင်းရနံ့က ကျွန်မ၏နှာခေါင်းထဲသို့ တိုးဝင်နေခဲ့သည်။ထို့ကြောင့် ကျွန်မ အလွန်အမင်း ပင်ပန်းနေသော်လည်း အိပ်၍ မပျော်ပေ။
ကျွန်မ စိတ်လှုပ်ရှားနေသောကြောင့် အိပ်မရခြင်း မဟုတ်ပေ။
ထိုသို့ ဘယ်တော့မှ မဟုတ်ပေ။
*
နောက်တစ်နေ့
ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ပွတ်သပ်ရင်း ကျွန်မ နိုးထလာခဲ့သည်။
ထင်ထားသည့်အတိုင်း ဆိုဗက်စ်စတာက မရှိတော့ပေ။သူက မနက်စောစောကတည်းက ထသွားပြီး အလုပ်လုပ်နေခဲ့သည်။ထို့ကြောင့် အခန်းထဲတွင် သူ မရှိသည်က သဘာဝကျပါသည်။
သို့သော် ကျွန်မ စိတ်ပျက်မိသွား၏။
မဟုတ်သေးပါဘူး၊မနေ့က ကျွန်မနဲ့အတူ အိပ်ပြီးမှ ရှင် အရင်ထပြီး ဒီတိုင်း ဘာဖြစ်လို့ ထွက်သွားရတာလဲ။
ကျွန်မကသာ အနည်းဆုံး သူ့ကို နှိုးပေးပြီး အိပ်ရာ ထစေချင်သည်။
"ကျစ်"
ကျွန်မ နှုတ်ခမ်းဆူမိသွားပြီး လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။သိပ်မကြာခင် အိုင်ရင်းက တံခါးဖွင့်၍ ဝင်လာခဲ့သည်။
"မဒမ် နိုးပြီပဲ၊ကောင်းကောင်း အိပ်ပျော်ပါရဲ့လား။"
"သိပ်မကောင်းဘူး ဆိုပေမဲ့ ငါ အိပ်ပျော်ပါတယ်။"
"မသက်မသာ ဖြစ်နေတဲ့ နေရာများ ရှိပါသလား။"
မသက်မသာဖြစ်တဲ့ နေရာ
နင် ရုတ်တရက်ကြီး ဘာကို မေးနေတာများလဲ။
ကျွန်မ သိချင်စွာဖြင့် ခေါင်းကို စောင်းလိုက်မိသည်။
"အဲ့ဒါက ဘာကို ဆိုလိုတာလဲ။"
"အာ ...အဲ့ဒါကလေ ..."
အိုင်ရင်းက နှေးကွေးစွာ ပြောလိုက်ရင်း အခြေအနေကို မသိမသာ လိုက်ကြည့်နေခဲ့သည်။
"နောက်ဆုံးတော့ သခင်နဲ့မဒမ်က တစ်ခန်းထဲ အတူတူအိပ်ပြီ ဆိုပြီး ကောလာဟာလတွေ အများကြီး ရှိနေလို့ပါ။"
"ငါတို့က ဒီအတိုင်း အိပ်တာပါ။"
ထိုသို့ ပြောပြီးနောက် ကျွန်မ သက်ပြင်းချလိုက်ပြီး မျက်စိစုံမှိတ်ထားလိုက်သည်။
"တကယ်ပါ၊ငါ ဒီတိုင်းပဲ အိပ်တာပါလို့ ကျိန်တယ်။"
ကျွန်မ၏ စကားကြောင့် အိုင်ရင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရပြီး ပြန်ပြောလေသည်။
"ကျွန်မကို ဆင်ခြေပေးဖို့ မလိုပါဘူး မဒမ်ရေ။"
"ဒါက ဆင်ခြေပေးနေတာမှ မဟုတ်တာ၊ နင် သိပါတယ်။"
ကျွန်မ အသက်ပြင်းပြင်း ရှူပြီး အိုင်ရင်းကို ကြည့်လိုက်သည်။အိုင်ရင်းကတော့ နှုတ်ခမ်းကိုက်၍ တည်တံ့သော မျက်နှာထားကို ထိန်းထားလေသည်။
ငါ ဘာပြောရမလဲ၊အား
ကျွန်မ ခေါင်းခါပြီးနောက် နဖူးကို ထိလိုက်မိသည်။
"ထားလိုက်ပါတော့၊ငါ ဒီနေ့ အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို သွားရမယ်။"
"ရှင်!"
အိုင်ရင်းက အံ့ဩစွာဖြင့် ခေါင်းထောင်ကြည့်လေသည်။
"အခုထိ မဒမ်က အရှင့်သားအပေါ် လက်မလျှော့သေးဘူးပဲ။သခင်နဲ့ ကောင်းကောင်းကြီး အဆင်ပြေနေတာတောင်မှလေ။"
အိုင်ရင်းက ဝမ်းနည်းနေသော မျက်နှာဖြင့် ပြောလေသည်။
နင့်ရဲ့သခင်က ငါ့ကို ဒီလို လုပ်ခိုင်းနေတာလေ။နောက်ကွယ်မှာ ဘယ်လိုအခြေအနေတွေ ရှိတယ်ဆိုတာ နင် မသိဘဲနဲ့ ငါ့ကို ဒီလိုတွေ မပြောပေးလို့ ရမလား။ငါလဲ နင့်ကို အစစအရာရာ ပြောပြလိုက်ချင်တာပေါ့၊ငါမှ ပြောလို့ မရတာ။
ဆိုဗက်စ်စတာနဲ့ ပေးထားတဲ့ကတိက ငါတို့နှစ်ယောက်ကြားက ကိစ္စပဲလေ။
ကျွန်မ အိပ်ရာထဲမှ ထပြီး ပြောလိုက်သည်။
"ဒါတွေအားလုံးက ငါ့မှာ အခြေအနေတစ်ခု ရှိနေတာကြောင့်ပဲ။"
"ဒါပေမဲ့"
"ဒါကြောင့် နင် ငါ့ကို အဆင်သင့် ပြင်ဆင်ဖို့ ကူညီပေးနိုင်မလား။တခြားဘာမှ ထပ်မပြောနဲ့တော့။"
ကျွန်မ၏ စူးရှသော အကြည့်ကြောင့် အိုင်ရင်းက အနည်းငယ် ကြောက်ရွံသွားသဖြင့် ပြန်ဖြေပြီးနောက် အလျင်အမြန် လှုပ်ရှားတော့သည်။အိုင်ရင်းက ကျွန်မအနောက်မှ လိုက်လာသဖြင့် ကျွန်မလည်း ကျွန်မ၏လက်မောင်းပေါ်သို့ နှာခေါင်းဖြင့် ကပ်ပြီး အနံ့ခံလိုက်မိသည်။
မနေ့ညက ဆိုဗက်စ်စတာ၏ကိုယ်သင်းရနံ့မှာ ယခုထိ စွဲထင်ကျန်ရစ်နေတုန်းပင်။
*
ဆိုဗက်စ်စတာသည် ရုံးခန်းထဲတွင် ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ ငေးတိငေးငိုင် ကြည့်နေမိသည်။
သူ့လက်ထဲတွင် ဖောင်တိန်တစ်ချောင်း ကိုင်ထားသည့်တိုင် အသုံးပြုခြင်း မရှိဘဲ ကိုင်ထားရင်းဖြင့် တစ်စုံတစ်ရာကို တွေးတောနေလေသည်။
မနေ့ညက သူ ကောင်းစွာ အိပ်မပျော်ခဲ့ပေ။
သူက စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် အတူအိပ်ရန် ပြောလိုက်သော်လည်း အိုဖီလီယာကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကောင်းစွာ အိပ်မပျော်စေခဲ့ပေ။အိုဖီလီယာက လူးလွန့်ပြီး ဟိုလှည့် သည်လှည့်လုပ်သည့် အခါတိုင်း သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေသည်ဟု ခံစားရသည်။သူမ၏ တည်ငြိမ်သော အသက်ရှူသံကို နားထောင်နေရင်း သူ့နှလုံးခုန်သံများက မြန်ဆန်နေခဲ့သည်။
နောက်တစ်ခါ အတူတူ ထပ်မအိပ်တော့ဘူး။
ဆိုဗက်စ်စတာက ညည်းတွားလိုက်ရင်း ရှေ့ဆံပင်များကို ဆွဲဖွလိုက်မိသည်။
ထိုအချိန်တွင် နေးလ်က တံခါးဖွင့်ပြီး ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ဆိုဗက်စ်စတာက နေးလ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ပြီး နောက်ဆုံးတွင် သူ၏ခံစားချက်များကို ထုတ်ဖော်ပြောပြနိုင်မည့် စကားပြောဖော် ရလာပြီဟူသော အတွေးဖြင့် ဝမ်းသာသွားလေသည်။
"မင်း ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ။"
"ကျွန်တော် စံအိမ်တော်ထဲမှာ အတော်ကြာအောင် လှည့်ပတ်သွားလာနေရလို့ နောက်ကျသွားပါတယ် ခင်ဗျ။"
နေးလ်က ပြန်ဖြေသည်။
"ကျွန်တော်က ကျောင်းဆောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဒမ်နဲ့ ဆွေးနွေးစရာ ရှိနေခဲ့လို့ပါ။ဒါပေမဲ့ သူမက မရှိနေဘူး ခင်ဗျ။"
"တကယ်လား"
"ဟုတ်ကဲ့၊သူမ အပြင်ထွက်သွားတယ်လို့ ကျွန်တော် ကြားခဲ့ပါတယ်။"
ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်လိုက်မိသည်။သူက စိတ်အခြေအနေ ကောင်းနေခဲ့သော်လည်း ချက်ချင်းဆိုသလို ခံစားချက် မကောင်းဖြစ်သွားသည်။
"ဘယ်ကို သွားတာတဲ့လဲ"
"သူမက အိမ်ရှေ့စံမင်းသားရဲ့နန်းတော်ကို သွားတယ်လို့ ပြောကြပါတယ်။"
"..."
သူမက လက်ကိုင်ပဝါပေးဖို့ သွားတာလား။
ထိုအခါ သူ့စိတ်အခြေအနေက ပိုဆိုးလာခဲ့၏။
မဟုတ်ဘူး၊မင်း ကိုယ့်ကို လက်ကိုင်ပဝါ ပေးသင့်တယ်လေ။မင်းက အဲ့ဒီငတုံး အိမ်ရှေ့စံမင်းသားကို ဘာဖြစ်လို့ ပေးရမှာလဲ။
သူက ထိုဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သူ ဖြစ်သည့်တိုင် အိုဖီလီယာကို အနည်းငယ် မုန်းတီးမိသေးသည်။
ဆိုဗက်စ်စတာ သက်ပြင်းချလိုက်မိလေသည်။
"အိမ်ရှေ့စံအရှင့်သားက သူမရဲ့အခစားဝင်မှုကို ကြည်ကြည်ဖြူဖြူ လက်ခံပေးလိုက်တယ်လို့ ပြောကြတယ်ဗျ၊တကယ်ပဲ အံ့ဩစရာ မကောင်းပါဘူးလား။"
အင်း၊ဒါက အံ့ဩစရာပဲ။
အစပိုင်း၌ အိုဖီလီယာ ထွက်ပေါ်လာတိုင်း အိမ်ရှေ့စံမင်းသားက ကြောက်ရွံ့ မုန်းတီးနေတတ်သည်။သို့သော် မကြာသေးခင်က သူတို့ ...
သူတို့ အတော်လေး ရင်းနှီးနေကြပြီ။
သူက သူမကို ထိုသို့ ဖြစ်လာအောင် လုပ်ခိုင်းမိသူဖြစ်သော်လည်း သူ့မှာ ထူးဆန်းစွာဖြင့် ဆိုးဆိုးရွားရွား ခံစားနေရသည်။ဆိုဗက်စ်စတာက သူ့ပါးစပ်အတွင်းသားကို မသိမသာ ကိုက်ထားမိသည်။
"ကောင်းပြီ၊ဘာတွေ ဖြစ်သွားလဲတော့ ကျွန်တော်လဲ မသိပါဘူး။အိမ်ရှေ့စံအရှင့်သားက မဒမ်ရဲ့နှလုံးသားကို လက်ခံဖို့ ကြိုးစားနေတာလား။"
"မဖြစ်နိုင်တာ"
ဆိုဗက်စ်စတာ ခေါင်းခါလိုက်သည်။
"ငါတော့ အဲ့လို မတွေးမိဘူး။မဖြစ်နိုင်ပါဘူး။"
"ဒါပေမဲ့ ..."
နေးလ်က ကောင်းစွာ သဘောမပေါက်သည့် အမူအရာဖြင့် ဆိုဗက်စ်စတာကို ကြည့်လာသည်။
"သခင်က မဒမ်နဲ့အရှင့်သားကို နီးစပ်စေချင်တာ မဟုတ်ဘူးလား။"
နေးလ်က မှန်လေသည်။
မူလက ဆိုဗက်စ်စတာလည်း ထိုသို့ မျှော်လင့်နေခဲ့သည်။အိုဖီလီယာကသာ ထိုသို့ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့လျှင် ဂုဏ်ပြုပေးပြီး သူ ပျော်ရွှင်နေလိမ့်မည်ဟူ၍။
"ငါလဲ မသိတော့ဘူး။"
သူ ဘာကြောင့် ဤသို့ ခံစားချက်မကောင်းသည်ကို သူ မသိပေ။
"ငါလဲ ဘာတစ်ခုမှ မသိတော့ဘူး။ငါ စိတ်တိုနေတယ်။"
သူက နက်ခ်တိုင်ကို ဖြည်လျှော့ပြီး သက်ပြင်းချလိုက်သည်။မကြာသေးခင်ကတည်းက သူ၏ ခံစားချက်များကို အသေအချာ ထိန်းချုပ်၍ မရနိုင်တော့ဟု သူ စဥ်းစားမိသည်။
"အမဲလိုက်ပြိုင်ပွဲက မနက်ဖြန် ဟုတ်တယ်မလား။"
"ဟုတ်ကဲ့"
အိုဖီလီယာ ပြောခဲ့သည်ကို ဆိုဗက်စ်စတာ ပြန်သတိရသွားသည်။
ရှင် ဓါးကိုင်ထားတာကို ကျွန်မဖြင့် စိတ်ကူးကြည့်လို့ကို မရဘူး။
ဒါပေမဲ့ ရှင်က ခွန်အားကို အသုံးပြုလိမ့်မယ်လို့ ကျွန်မ မတွေးမိဘူး။
သူမက သူ့ကို အားနည်းသည်ဟု ထင်မြင်နေသဖြင့် ထိုစကားများက အလွန် ဒေါသထွက်ချင်စရာ ကောင်းသည်။ထို့ကြောင့် ဤအချိန်တွင် သူ၏စွမ်းရည်များကို ကောင်းမွန်စွာ ထုတ်ပြပေးရမည် ဖြစ်၏။
အိုဖီလီယာက ငါ့ကို အပြတ်သားနားတယ်လို့ တွေးနေမှာ မဟုတ်ဘူးလား။
"ငါတို့ ဒီတစ်ခါ တစ်ခုခု ဘာကြောင့် မဖမ်းရမှာလဲ။"
ဆိုဗက်စ်စတာက ထိုသို့ ညည်းညူလိုက်ပြီး တုန်လှုပ်နေသော နေးလ်၏မျက်နှာကို ကျောခိုင်းလိုက်လေသည်။
TK Team
++++++++