Chapter 57
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၅၇)



ထိုစကားများကို ကြားရသည်နှင့် လူတိုင်းက မျက်လုံးမှိတ်ထားမိကြသည်။အိုဖီလီယာက အန်ဂျလာ၏ပါးကို ရိုက်တော့မည်ဟု ထင်လိုက်ကြသည်။



အာ၊သနားစရာကောင်းလိုက်တဲ့ အန်ဂျလာလေး၊မိုးရွာတဲ့နေ့မှာ ဖုန်မှုန့်တစ်မှုန့်လို အရိုက်ခံလိုက်ရပြီးတော့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲကို ဘယ်တော့မှ ဝင်လာရဲမှာ မဟုတ်တော့ဘူး။



အမျိုးသမီးတိုင်းက အန်ဂျလာအတွက် ဝမ်းနည်းနေသော အမူအရာများ ဖော်ပြနေကြသည်။



သို့သော် အိုဖီလီယာ၏ပါးစပ်မှ အမှန်ပင် အံ့ဩလောက်စရာ အဖြေစကားတစ်ခု ထွက်လာလေသည်။



"ဒါက အမှိုက်ပုံးထဲ ရောက်သွားတယ် ဆိုရင်တောင် ကျွန်မက အရှင့်သားကို ပေးဖြစ်လိုက်တယ် ဆိုတဲ့အချက်ကသာ အရေးကြီးတာ မဟုတ်ပါလား။"



သူမက အံ့ဩဖွယ်ရာ တည်ငြိမ်နေခဲ့သည်။တည်ငြိမ်ရုံမျှ မကသေး၊သူမ၏ လေသံကလည်း ကြင်နာသော အသံပေါက်နေသည်။



ထို့ကြောင့် အန်ဂျလာ၏ မျက်လုံးများ လှုပ်ခတ်သွားသည်။သူမ အံကြိတ်လိုက်မိ၏။



သူမက ဘာလို့ ဒေါသမဖြစ်ရတာလဲ။သူမက ငါ့ကို ကျိန်စာတိုက်ပြီး  ရိုက်နှက်ရမှာလေ။



အိုဖီလီယာက ဒေါသကို ရည်ရွယ်ချက်ရှိရှိ ချုပ်တီးထားသည်ဟု အန်ဂျလာက တွေးခဲ့သည်။ထို့ကြောင့် သူမက အိုဖီလီယာကို ပို၍ ဒေါသဖြစ်စေမည့် တစ်စုံတစ်ရာကို ပြောရန် ဆုံးဖြတ်လိုက်သည်။



"အရှင့်သားက ကောင့်မြို့စားကတော်ကို ချစ်မြတ်နိုးပါတယ်။ မြို့စားကြီးကတော်က သူတို့ရဲ့အချစ်ခရီးလမ်းမှာ အတားအဆီးတစ်ခုသာသာပဲလေ။"



"..."



တစ်ခန်းလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွား၏။



ဂလု



တစ်စုံတစ်ယောက်က တံတွေးမြိုချလိုက်သည်ကိုပင် သူမ ကြားနေရသည်။



မြို့စားကြီးကတော် ဘယ်လိုမျိုး တုံ့ပြန်မှာလဲ။



လူတိုင်းက အိုဖီလီယာရှိရာသို့ ခေါင်းကို လှည့်ကြည့်လိုက်ကြသည်။ အိုဖီလီယာက ပြောလေသည်။



"ကျွန်မ သိပါတယ်။"



အမှန်ပင် တည်ငြိမ်လှပေ၏။



အိုဖီလီယာက မျက်နှာအမူအရာ အနည်းအကျဥ်းပင် ပျက်ယွင်းမသွားဘဲ ခေါင်းကို ခါလိုက်ရာ ပို၍ ကြောက်စရာကောင်းသွား၏။



"ဒါပေမဲ့ ကျွန်မရဲ့နှလုံးသားကို ကျွန်မပဲ ပိုင်ပါတယ်။ဒါက ပြဿနာအကြီးကြီး ဖြစ်နေလို့လား။"



"ဒါက ..."



"ကျွန်မရဲ့ နှလုံးသားထဲက လာတဲ့ စိတ်ရင်းနဲ့ လက်ကိုင်ပဝါကို ပန်းထိုးပြီး အရှင့်သားကို ပေးမှာပါ။သူ လက်ခံသည် ဖြစ်စေ၊လက်မခံသည် ဖြစ်စေ၊ဒါက အရှင့်သားရဲ့ သဘောပါပဲ။ဒါက ပြဿနာတစ်ခုလို့ ကျွန်မ မတွေးမိပါဘူး။"



အန်ဂျလာမှာ ပို၍ ရှက်ရွံ့သွားရသည်။



သူမကို လွန်လွန်မင်းမင်း ပြောနေသည့်တိုင် ဒေါသမဖြစ်သည်မှာ ယုံပင် မယုံနိုင်ပေ။အန်ဂျလာသည် သူမနဲ့ ထပ်၍ တိုက်ခိုက်ချင်သေးသည့်တိုင် ဤသို့ ဆက်ပြောနေ၍ မရတော့ပေ။



ကောင့်မြို့စားကတော်ကာဒယ်လ်က သူမကို အိမ်တော်သို့ လာရန် ဖိတ်ကြားခဲ့သည်။သူမက ဤမျှမက ဆက်ပြောနေပြီး မလေးစားခြင်းကို ပိုမိုပြသနေလျှင် သူမ၏မိသားစုအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။



ပြန်လည်ဆုတ်ခွာသင့်သည့်ကို သိသွားပြီးဖြစ်ရာ သူမ နောက်ဆုတ်ရန် ပြင်လိုက်သည်။



ထို့ကြောင့် အန်ဂျလာက အားရပါးရ ပြုံးလိုက်ပြီး မေးစေ့ကို ကိုင်လိုက်သည်။



"ပြဿနာ မဟုတ်ဘူးပေါ့ရှင်။ကျွန်မ မဒမ့်အတွက် အားပေးနေပါ့မယ်။"



"ဟုတ်ပါပြီ"



အိုဖီလီယာက သည်းညည်းခံစွာ ဖြေလိုက်သည်။



ဒီစကားတွေက ဒီလိုနဲ့ ပြီးသွားပြီလား။ အိုဖီလီယာက တကယ်ပဲ ဒေါသမဖြစ်ဘူးလား။



လူတိုင်းက အိုဖီလီယာကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်လာကြသည်။ထိုသူများ၏ မျှော်လင့်နေမှုကို ဖြည့်ဆည်းပေးသည့် အနေဖြင့် အိုဖီလီယာက ပါးစပ်ကို ဖွင့်လိုက်ပြန်သည်။



"ဒါပေမဲ့..."



အိုဖီလီယာက သူမ၏ အမှတ်သင်္ကေတဖြစ်သော အေးစက်စက် မျက်နှာထားဖြင့် အန်ဂျလာကို ကြည့်လိုက်သည်။



"ရှင်က စကားလုံးလေးတွေ သုံးပြီး လှုပ်ရှားရတာကို ကြိုက်တဲ့သူ ဖြစ်ပုံပဲနော်။"



"ရှ...ရှင်"



အန်ဂျလာက ရှက်ရွံ့စွာ ကြောင်အနေလေသည်။အိုဖီလီယာက ဆက်ပြောသည်။



"ကောင့်မြို့စားကတော်အပေါ် ထားတဲ့ အရှင့်သားရဲ့ ခံစားချက်တွေကို လူပုံအလယ်မှာ ရှင်က ထုတ်ပြောပစ်လိုက်တာပါလား။အရှင့်သားက ဒီလိုပြုမူတာကို အရမ်းမုန်းတီးမှန်း ရှင် သိသင့်တယ်လေ၊ဟုတ်တယ်မလား။"



အန်ဂျလာမှာ အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။



"ကျွန်မ ဒီနေ့အကြောင်းကို အရှင့်သားဆီ လျှောက်တင်မှာပါ။အရှင့်သားရဲ့ အချစ်ရေးကိစ္စကို ထောက်ခံအားပေးနေတဲ့ လေဒီငယ်လေး တစ်ယောက်ရှိတာကို အရှင့်သားလဲ သိသွားသင့်တာပေါ့။"



အန်ဂျလာ၏မျက်နှာမှာ ဖြူရော်သွားလေသည်။



အံ့ဩစရာ မရှိပေ။အိုဖီလီယာ၏ စကားများက မှန်လေသည်။



ကယ်လီယန်က ဖလဲရ်ကို ချစ်မြတ်နိုးသည်။



သို့သော် ကယ်လီယန်က သူတို့၏ဆက်ဆံရေးကို လူတကာရှေ့မှောက်၌ ထုတ်မပြချင်သေးပေ။ဧကရာဇ်က သူတို့ကို ယခုအချိန်အထိ အသိအမှတ်မပြုသေး၍ ဖြစ်၏။ထို့ကြောင့် ကယ်လီယန်က သူနှင့် ဖလဲရ်၏ဆက်ဆံရေးအကြောင်း ပြောဆိုတတ်သူများကို အမြဲတမ်း အကြီးအကျယ် ဒေါသဖြစ်လေသည်။



သို့ဖြစ်ရာ အန်ဂျလာက အမှားကြီးကြီး လုပ်လိုက်မိလေသည်။



ဤနေရာတွင် လူဆယ်ယောက်ထက် ပို၍ စုဝေးနေကြသည်။အန်ဂျလာက သူမ၏အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားခဲ့သည်။သူမ လှလှပပ ရှုံးနိမ့်သွားလေသည်။ဤနေရာမှ စ၍ သူမ ဘာမှ ထပ်မပြောတော့ဟု ဆုံးဖြတ်လိုက်ရသည်။



"မဒမ်က ညှာတာထောက်ထားပေးလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။"



အန်ဂျလာက ဦးညွှတ်လိုက်ပြီး သူမ၏ပန်းထိုးနေသည့် အလုပ်ကို အာရုံစိုက်နေသည့်အတိုင်း ဟန်ဆောင်နေလိုက်သည်။အိုဖီလီယာက အန်ဂျလာကို ကြည့်၍ နှုတ်ခမ်းတွန့်လိုက်လေသည်။



အခြေအနေကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့သော အိုဖီလီယာကို ကြည့်ရင်း လူတိုင်းက အံ့ဩနေကြသည်။အကယ်၍ မူလ အိုဖီလီယာသာ ဖြစ်ပါမူ ဤနေရာတွင် ကိုယ်ထိလက်ရောက် ရန်ပွဲတစ်ခု ဖြစ်သွားလိမ့်မည်။ကြီးမားသော ရှုပ်ထွေးမှုကြီး ဖြစ်သွားမည်ဟု သူမတို့ သေချာသိသည်။



သို့သော် ယခု အခြေအနေက မတူတော့ပေ။သူမက အန်ဂျလာ၏ စကားများကြောင့် ဒေါသတကြီး ဖြစ်မနေပေ။ထိုအစား တည်ငြိမ်စွာဖြင့် အန်ဂျလာကို ဆူပူခဲ့သည်။သူမက အမှန်တကယ် ပြောင်းလဲသွားပုံရသည်။ထို့နောက် လူတိုင်းက တီးတိုး တီးတိုးနှင့် သူမတို့၏ အတွေးများကို အချင်းချင်း မျှဝေနေကြလေသည်။



"အရမ်းတော်ပါတယ်၊မဒမ်"



ဂျက်စမင်က ကျွန်မကို ကပ်၍ တိုးတိုးပြောသည်။



"နောက်ကျမှ ကျွန်မ အန်ဂျလာအကြောင်း ပိုပြီး စုံစမ်းထားလိုက်ပါမယ်။ကျွန်မတို့ ဒါကို ဒီအတိုင်း ကျော်သွားပေးလို့ မရပါဘူး။"



"အကြံကောင်းပဲ"



အိုဖီလီယာ ပြန်ဖြေလိုက်သည်။



"ဒါပေမဲ့ သူမဘာသာ သူမ ပျက်စီးသွားလိမ့်မယ်လို့ ရှင် မထင်ဘူး မဟုတ်လား။"



အိုဖီလီယာက ခေါင်းငုံ့နေသော အန်ဂျလာကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။



"ရှင် ဒီလို ဘာကြောင့် ထင်ရတာလဲ။"



ထိုသို့ ဂျက်စမင်က မေးလျှင် အိုဖီလီယာမှာ မူလဇာတ်ကြောင်းကို ပြန်သတိရသွားသည်။အန်ဂျလာ၏ မိသားစု၊မားကွစ်မြို့စား ရစ်ချယ်။မားကွစ်မြို့စား ရစ်ချယ်မှာ သံတမန်ရာထူးကို ကိုင်ဆောင်ထားသူ ဖြစ်သည်။



သို့သော် ထိုသူက သူလျှိုတစ်ယောက် ဖြစ်သည်။



သူက အင်ပါယာ၏လှုပ်ရှားမှု မှန်သမျှကို အခြားနိုင်ငံများကို သတင်းပို့နေခဲ့သည်။ထိုအကြောင်းကို ဖလဲရ်က အမှတ်မထင် သိရှိသွားပြီး ကယ်လီယန်ကို သတင်းပို့လိုက်လျှင် ကယ်လီယန်က ဒေါသတကြီးနှင့် မားကွစ်မြို့စားကို အပြစ်ပေးခဲ့သည်။



ထို့ကြောင့် မားကွစ်မြို့စားမှာ ခေါင်းဖြတ်စက်အောက်တွင် အသက်ပျောက်သွားပြီး မားကွစ်မြို့စား ရစ်ချယ်၏ မိသားစုမှာ တစ်စစီ ပျက်စီးသွားသည်။ထို့နောက် အန်ဂျလာမှာ ...



အဲ့ဒီအကြောင်းကို ထည့်တောင် မရေးထားဘူး။



အိုဖီလီယာက မေးစေ့ကို ပွတ်သပ်၍ နှုတ်ခမ်းတွန့်လိုက်မိသည်။သူမက တခြားသူများ၏အသက်ကို လောင်းကြေးစားကြေး အနေဖြင့် မသုံးလိုသောကြောင့် ထိုအချက်ကို အသုံးမပြုချင်ခဲ့ပေ။သို့သော် အန်ဂျလာက သူမအပေါ် ဤသို့ ပြုမူလာသည်ဖြစ်ရာ သူမ ထိုမချက်ကို ထုတ်သုံးရန် တွေးလိုက်သည်။



ငါ သက်သေအထောက်အထားကို ရှာဖို့ လိုပြီ။



မကြာခင် ကယ်လီယန်နှင့် ထပ်တွေ့နိုင်မည့် အကြောင်းပြချက်တစ်ခု ရရှိလာပြီ ဖြစ်သည်။ထို့ကြောင့် အိုဖီလီယာက ခံစားချက် ကောင်းစွာဖြင့် ညည်းတွားလိုက်ပြီး ဂျက်စမင်ကို ပြန်ပြောလိုက်သည်။



"ဒါက ကျွန်မ စိတ်ထဲကနေ ခံစားမိလိုက်တာပါ။ကျွန်မရဲ့အလိုလိုသိစိတ်က အမြဲ မှန်တယ်။"



ဂျက်စမင်က သိချင်နေသေးသည့်တိုင် အိုဖီလီယာက ထပ်မပြောတော့ပေ။ထိုအစား ပန်းထိုးရန် အပ်ကို မလိုက်သည်။ယနေ့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ ပန်းထိုးရန် ဖြစ်သည်။အိုဖီလီယာ တက်တက်ကြွကြွဖြင့် ပန်းထိုးနေသည့်တိုင် အန်ဂျလာ ပြောသကဲ့သို့ သူမ တကယ်ပင် ပန်းမထိုးတတ်ပါချေ။



ထို့ကြောင့် ပျက်စီးသွားရသော လက်ကိုင်ပဝါကို ယူ၍ သူမ အိမ်တော်သို့ ပြန်လာခဲ့ရသည်။



*



ငါ ဒီနေ့ နည်းနည်း ပင်ပန်းသွားတယ်။



ကျွန်မ အိပ်ရာပေါ်တွင် ထိုင်နေရင်း ကျယ်လောင်စွာ သမ်းလိုက်မိသည်။အိပ်ရာဝင်ရန် စောနေသေးသော်လည်း သည်အတိုင်း လှဲနေလျှင်ပင် သူမ အိပ်ပျော်သွားတော့မလို ဖြစ်နေရသည်။သူမ အလွန် ပင်ပန်းနေ၍ပင်။



ကျွန်မ ပင်ပန်းနေရခြင်းမှာ ကျွန်မ၏ ပင်ကိုစွမ်းရည်နှင့် မကိုက်ညီသော ပန်းထိုးသည့်အလုပ်ကို လုပ်လိုက်မိ၍ ဖြစ်ပါသည်။သို့သော် အပင်ပန်းရဆုံး အကြောင်းရင်းမှာ အန်ဂျလာနှင့် ရန်ဖြစ်ခဲ့သောကြောင့်သာ ဖြစ်၏။ရုတ်တရက် သူမကို ရိုက်နှက်ချင်သော စိတ်ဆန္ဒက ထွက်ပေါ်လာသဖြင့် ထိုစိတ်ကို ထိန်းချုပ်ထားဖို့ စိတ်ခွန်အား အများအပြား အသုံးပြုခဲ့သောကြောင့် ဖြစ်လေသည်။



ဒါက မူလအိုဖီလီယာရဲ့ စိတ်ဆန္ဒ အကြွင်းအကျန်တွေလား၊ဒါမှမဟုတ် ငါ့ရဲ့ရိုင်းစိုင်းတဲ့ ပင်ကိုစရိုက်ကြောင့်လား။



ဘာပဲဖြစ်ဖြစ် သူမကို မရိုက်ခဲ့မိလို့ တော်ပါသေးတယ်။



ကျွန်မ ထိုကိစ္စကို အလွယ်တကူ ဆုံးဖြတ်ခဲ့သည်။ပို၍ အာရုံစိုက်မှု ပေးလျှင်ပင် အကျိုးဖြစ်ထွန်းစရာ တစ်ခုမှ မရှိပေ။



စကားမစပ် တကယ့်ပြဿနာက ဒီလက်ကိုင်ပဝါပဲ။



ကျွန်မ စားပွဲပေါ် တင်ထားခဲ့သော လက်ကိုင်ပဝါကို ကောက်ယူလိုက်သည်။



ကောင်းပြီ၊ဒါက ဒီလောက် ကြည့်ရဆိုးနေတာတောင် သူ့ကို ပေးလိုက်လို့ ရပါ့မလား။ဒါက အရမ်း ရှုပ်ပွလွန်းတယ် မဟုတ်ဘူးလား။


ကျွန်မ ဤလက်ကိုင်ပဝါကို ကယ်လီယန်ဆီသို့ ပေးခဲ့လျှင် အန်ဂျလာ ပြောသည့်အတိုင်း ၎င်းက အမှိုက်ပုံးထဲ တန်းတန်းမတ်မတ် ရောက်သွားလိမ့်မည်။



ကောင်းပြီလေ၊ဒါပေမဲ့ ငါကတော့ သူ ဒီအရာကို လက်ခံလိုက်စေချင်တုန်းပဲ။  



နည်းလမ်းရော ရှိပါ့မလား။ငါတော့ ဒုက္ခရောက်ပြီ။



ထိုအချိန်တွင် 



"မင်း မအိပ်သေးဘူးလား။"



ဆိုဗက်စ်စတာက တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။ကျွန်မ ခေါင်းကို စောင်းလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။



"ဘာဖြစ်လို့လဲ၊ အစောကြီး ရှိသေးတယ်။"



"ကိုယ် ဒီနေ့ အလုပ်စောစော ပြီးသွားလို့လေ။"



ဆိုဗက်စ်စတာက ထိုသို့ ပြန်ဖြေရင်း ကျွန်မ အနားသို့ ရောက်လာခဲ့သည်။ထို့နောက် တစ်စုံတစ်ခုကို ရှာဖွေနေသလို ဟိုကြည့် သည်ကြည့် လုပ်နေခဲ့သည်။ထို့နောက် ကျွန်မ၏လက်ထဲက လက်ကိုင်ပဝါကို သူ မြင်သွားသည်။



"ဒါက ..."



သူ ဘာမှ ထပ်မပြောရသေးခင် ကျွန်မ သူ့ကို ရပ်တန့်စေလိုက်သည်။



"ဒါက အမှိုက် မဟုတ်ဘူးနော်။"



ဆိုဗက်စ်စတာက မျက်ခုံးပင့်လိုက်သည်။



"ကိုယ်ကလဲ အမှိုက်လို့ မပြောမိပါဘူး။မင်းဘာသာ မလုံမလဲ ဖြစ်နေတာမလား။"



"အင်း"



ကျွန်မ အနည်းငယ် မမျှမတ ခံစားရသဖြင့် ထပ်ပြောလိုက်မိသည်။



"ကျွန်မလဲ ကျွန်မနည်း ကျွန်မဟန်နဲ့ အကောင်းဆုံး ကြိုးစားခဲ့တာပဲ။ဒါက ကျွန်မ အကောင်းဆုံး လုပ်နိုင်ခဲ့တာလေ။"



"ကိုယ် ဘာမှ မပြောရသေးဘူးလေ။"



ဆိုဗက်စ်စတာက ပြုံးလိုက်ရင်း လက်ကိုင်ပဝါကို တစ်ချက် ယူကြည့်လိုက်သည်။ 



"သူ့မှာတော့ သူ့ကိုယ်ပိုင် အဓိပ္ပါယ်ရှိပါတယ်။ အိုး ၊ ဒီအနီရောင်လေးက နေလုံးကြီး လား။"



"အဲ့ဒါက ကြောင်တစ်ကောင်ပါ။"



"ဒါဆို အပြာရောင်လေးက ခွေးပေါ့။"



"တိမ်တိုက်တစ်ခု"



"..."



ဆိုဗက်စ်စတာမှာ ပါးစပ်ပိတ်ထားလိုက်ရလေသည်။ပြောစရာစကား မရှိတော့သလိုပင်။ကျွန်မအတွက်လည်း အတူတူပင် ဖြစ်ရာ ကျွန်မလည်း စကားဆက်မပြောမိပေ။



"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ကြည့်ရ မဆိုးပါဘူး။"



"တကယ်လား"



ဆိုဗက်စ်စတာ၏ ချီးမွမ်းစကားကြောင့် ကျွန်မ၏ ခံစားချက်က အနည်းငယ် ပိုကောင်းလာခဲ့သည်။ထို့ကြောင့် ကျွန်မလည်း တောက်ပနေသော မျက်ဝန်းများဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။



"တော်သေးတာပေါ့။အရှင့်သားလဲ ဒီလိုမျိုး မြင်ပေးရင် ကောင်းမယ် ထင်တာပဲ။"



"ဘာ"



သို့သော်လည်း ဆိုဗက်စ်စတာ၏အမူအရာက ထူးဆန်းသွားလေသည်။သူက နဖူးတွန့်ရင်း ကျွန်မကို စိုက်ကြည့်နေလေသည်။



"မင်းက ဒါကို ကိုယ့်ဆီ ပေးမှာ မဟုတ်ဘူးလား။"



TK Team
++++++++