🌌Chapter 65
အမြဲလိုလို အနိုင်ကျင့် ဖိနှိပ်ခံရလေ့ရှိသည့် လူများတွင် လူများ၏မျက်နှာထားကို ဖတ်တတ်သည့် အလေ့အကျင့် ရှိပေသည်။ သူတို့ကို ရိုက်နှက်မှုများကို လျှော့ချနိုင်ရန်အလို့ငှာ ရုတ်တရက် ဒေါသပေါက်ကွဲထွက်ခြင်းများကို ဂရုတစိုက် ကြိုတင်ခန့်မှန်းထားကြသည်။
ထိုအခိုက်တွင် အရာအားလုံးကို ဖြတ်မြင်ရလုနီးပါး အမျိုးသမီး၏ မျက်ဝန်းများက အံ့သြမှုဖြင့် ပြူးကျယ်လာကြသည်။
သူ့ပုံမှန်အသိဥာဏ်က သူ့မျက်စိရှေ့တွင် မြင်နေရသည်များက မမှန်ကန်ဟု ပြောနေသည်။
အမျိုးသမီးဇာ့ဂ်၏ပိုင်ဆိုင်မှုအားလုံးအား အမျိုးသားဇာ့ဂ်ကို ပေးသင့်သည်။ မည်သည့်အမျိုးသားဇာ့ဂ်ကမှ 'အရှင်ပိုင်လျှို'ကဲ့သို့ ပြုမူလိမ့်မည်မဟုတ်ပေ။
ဘာက ပိုပြီးထူးဆန်းတာလဲဆိုတော့...
အရှင်ပိုင်လျှိုက ဝင်မစွက်ဖက်ဘူးလား...
အမျိုးသားဇာ့ဂ်တစ်ယာက်ထံမှ ထိုသို့ဆက်ဆံခံရသည့် မည်သည့်အမျိုးသမီးဇာ့ဂ်မဆို အကြောက်တရားဖြင့် ဒူးထောက်ကျနေပေလိမ့်မည်ပင်။
ဒါပေမဲ့ 'အရှင်ယိ'က ရယ်နေတာကို ငါ တွေ့လိုက်ရတာလား...
လုံးဝ မဖြစ်နိုင်ဘူး...
'ဖတ်' ဟူသည့် အသံနှင့်အတူ အမျိုးသမီးက သူ့မျက်နှာအား ကာထားလိုက်သည်။
မည်သည့်အရာများဖြစ်နေကြောင်း သူ မသိသော်လည်း သူ့နှုတ်ခမ်းများက မနေနိုင်စွာပင် အပေါ်သို့ကွေးတက်သွားခဲ့သည်။
ဘယ်လောက်တောင် မနာလိုစရာ ကောင်းလိုက်သလဲ...ကျွန်တော်တောင်းပန်ပါတယ်...အဲ့လိုအတွေးရှိနေတာကိုက အပြစ်တစ်ခုမှန်း သိပေမဲ့...ဒါပေမဲ့လည်း ကျွန်တော် တကယ်ပဲ မနာလိုမိတယ်...
"စကားမစပ်..."
လုမော့ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အမျိုးသမီးဇာ့ဂ်ရှိရာဘက်ကို လှည့်လိုက်သည်။
"မင်းဒီမှာ တစ်လကို လစာဘယ်လောက်ရလဲ..."
သူက အရပ်ရှည်၍ အခြားသူများကို ကြည့်သည့်အခါတွင် အမြဲလ်ိုလို အထက်စီးဆန်သည့် အရှိန်အဝါကို သယ်ဆောင်ထား၍ အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ အမူအရာပင်။ သူက သူအောက်မှ အဆင့်နိမ့်သောသူများကိုသာ ထိုသို့ ပြုမူဆက်ဆံသည်ဟု အချို့သောဇာ့ဂ်များက ထင်ကောင်းထင်နိုင်ပေသည်။ သို့သော် လုမော့နှင့် ရင်းနှီးကျွမ်းဝင်သည့် ဇာ့ဂ်များကသာ ထိုသို့မဟုတ်ကြောင်း သိပေသည်။
အကယ်၍ ဖန်ဆင်းရှင်ကိုယ်တိုင် ယနေ့ ဤနေရာသို့ ရောက်နေလျှင်ပင် လုမော့က ထိုသို့ပြုမူနေလိမ့်ဦးမည်သာ ဖြစ်သည်။
အမျိုးသမီးက မျက်တောင်ခတ်ကာ စိတ်ရှုပ်ထွေးနေသည့်ပုံဖြင့် 'အရှင်ပိုင်လျှို'အား ကြည့်လိုက်သည်။ အရှင်ပိုင်လျှို၏မေးခွန်းကို စိတ်လိုလက်ရ လက်ခံဖြေကြားပေးမည့်သူ ရှာနေဟန်ဖြင့် ဘေးပတ်ပတ်လည်အား ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ့ကိုယ်သူ လက်ချောင်းဖြင့် မဝံ့မရဲညွှန်ပြလိုက်သည်။
"ကျွန်တော့်ကို မေးတာလား..."
လုမော့ စိတ်မရှည်စွာ နှာမှုတ်လိုက်သည်။
"အခြားဇာ့ဂ်မျိုးနွယ်များ ဒီမှာရှိသေးလို့လား..."
တစ်ဖက်တွင်လည်း စိတ်မသက်မသာ ဖြစ်နေသော မီနော့ခိီက တည့်တည့်မတ်မတ် ထိုင်နေပေသည်။
အမျိုးသမီးက ကပျာကယာ လက်များယမ်းကာ ခေါင်းများခါလျက် အပြုံးတစ်ခုကိုလုပ်ယူ၍ အတင်းအကျပ်ပြုံးပြလိုက်သည်။
"အရှင်က နောက်နေပြန်ပါပြီ...ကျွန်တော်က ကျွန်တစ်ယောက်ပါ...ဘယ်လိုလုပ်ပြီး လစာရနိုင်ပါ့မလဲ..."
သို့သော် သူ့မျက်နှာပေါ်တွင် မနည်းအားစိုက်ထုတ်ပြီး ပြုံးထားသော်လည်း ဝမ်းနည်းသောကများက မဖုံးဖိနိုင်စွာ လျှံကျလုနီးပါးပင်။ ခံစားချက်ရှိသည့် မည်သည့်ဇာ့ဂ်မဆို သူ့အတွက် ဝမ်းနည်းမိပေလိမ့်မည် ဖြစ်၏။
သူက 'ခြောက်ခြားဖွယ်မျိုးနွယ်စု' ကအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း မသိခဲ့လျှင် ထိုသို့ဖြစ်လိမ့်မည်ပင်။
အမျိုးသမီးက အကြည့်များကို အောက်ငုံ့ချလိုက်သည်။
သူ့အတွက်မူ ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုလိုပင် ထင်ရပေသည်။ အရှင်ပိုင်လျှိုက ကြွေကျလာသည့် ကြယ်တစ်စင်းကဲ့သို့ မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာကာ သူ၏အမြဲတစေ တိတ်ဆိတ်၊မှောင်မိုက်နေသည့် ကောင်းကင်ကြီးအား တခဏအတွင်း လင်းလက်သွားစေခဲ့သည်။
သို့သော်ငြား ထိုကြယ်လေးအား သူ့အနား နေပေးပါရန် သူ မမျှော်လင့်ချေ။ သူ၏ကျန်ရှိနေသည့် ဘဝသက်တမ်းတွင် ဤအခိုက်အတန့်လေး၏ ထူးခြားတောက်ပမှုလေးကို သတိရပေးရန်သာ ဆုတောင်းမိပေသည်။
နောက်တစ်စက္ကန့်တွင် သူ့လက်က တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသည်။
အမျိုးသမီးက အံသြမှင်သက်စွာ မော့ကြည့်လိုက်သောအခါ နေကာမျက်မှန်နှင့် အမျိုးသားက လေးလေးနက်နက်ဖြင့် ပြောနေသည်ကိုသာ ကြားလိုက်ရသည်။
"ဒါဆို...မင်းငါ့အတွက် အလုပ်လုပ်ပေးချင်လား...ငါမင်းကို နေ့စဥ်လုပ်အားခအနေနဲ့ ဆယ်ဒေါ်လာပေးမယ်လေ..."
အမျိုးသမီးဇာဂ့်က ပါးစပ် အဟောင်းသားပွင့်သွားသည်။
လုမော့ : "ဟမ်...ဆယ်ဒေါ်လာတောင်နော်..."
စနစ် : =□=
စနစ် : [ လု...လုမော့...အဲ့လောက် ကြောက်စရာကောင်းတဲ့လုပ်အားခမျိုး ငါ့ဘဝမှာ တစ်ခါလေးတောင်မှ မကြားဖူးဘူး...]
( T/N - အရမ်းနည်းလို့ အဲလိုပြောတာပါ😆 )
လုမော့ စိတ်ကိုတည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး သူ့မျက်နှာက မပြောင်းလဲဘဲ သူ့နှလုံးသားကလည်းထိခိုက်သွားခြင်းမရှိချေ။ သူ့ခန္ဓာကိုယ်မှ စိတ်အထိ လုံးဝ ပြောင်းလဲပြီးသွားပြီဖြစ်ပြီး အရည်အချင်းပြည့်ဝနေသည့် သနားကြင်နာမှုမရှိ၊ နှလုံးသားမရှိသည့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပေသည်။
သူ အမျိုးသမီးဇာ့ဂ်ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။
"မင်း ဘယ်လိုထင်လဲ..."
အမျိုးသမီးက ဝိညာဥ်လွင့်နေသည့်အမူအရာဖြင့် လုမော့အား ဗလာသက်သက် စိုက်ကြည့်နေခဲ့သည်။
ကျွန်များက လုပ်အားခ မရကြပေ။
ကျွန်ဟူသည့်အဓိပ္ပါယ်မှာ ကျွန်များကို သူတို့၏သခင်များက ပိုင်ဆိုင်ပြီး သူတို့၏ခန္ဓာကိုယ်၊ စိတ်နှင့် သူတို့၏အတတွေးများကိုပင် သူတို့ကိုယ်တိုင် မပိုင်ဆိုင်ကြပေ။
အဆင့်အနိမ့်ဆုံး ဇာ့ဂ်မျိုးနွယ်များပင် အနည်းဆုံး တစ်ခုကို ထိန်းသိမ်းထားနိုင်ကြသည်။
သူတို့၏ အမည်နာမများပင်။
သို့သော်ငြား ကျွန်များတွင် အမည်မရှိပေ။
အမည်မရှိ၊ လွတ်လပ်မှုမရှိ၊ စိတ်ဝိညာဥ်မရှိသည့် သူတို့က တန်ဖိုးမရှိသော ကျူပင်လေးများသာ ဖြစ်ပေသည်။
ဘယ်လောက်တောင် ကယောင်ခြောက်ခြားဖြစ်စရာကောင်းလိုက်သလဲ...
အမျိုးသမီးက မတုံ့ပြန်နိုင်မှီမှာပင် ဘေးနားတွင်ရှိနေသည့် မီနော့ခီက ခုန်ထလိုက်သည်။
"အရှင်ပိုင်လျှို...ဒါက လုံးဝကို မသင့်လျော်ပါဘူး...
ဒီမိန်းမကို အရှင်လုမော့က ပိုင်တာပါ...ပြီးတော့လည်း သူက ခြောက်ခြားဖွယ်မျိုးနွယ်စုရဲ့ သွေးကိုလည်းသယ်ထားသေး..သေး..."
"ဘန်း..."
ဖန်ခွက်များ အစိတ်စိတ်အမြွှာမြွှာ ကျကွဲသွားသည့်အသံက ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ထို့နောက် ချက်ချင်းပင် ဖန်ခွက်များ မြေပြင်ပေါ် ကျသွားသည့်အသံများက အဆောက်အဦးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
စူးစူးဝါးဝါး အော်ဟစ်သံများ ခြေသံများက ရောထွေးသွားကြသည်။ အခန်းထဲတွင်မူ ဇာ့ဂ်များက ကြောက်စိတ်မွှန်လျက် ထိတ်လန့်တကြား ခြေဦးတည့်ရာ ပြေးလွှားနေကြပြီး အခန်းထဲမှ လွတ်မြောက်သွားရန် အလုအယက် ကြိုးပမ်းနေကြသည်။
ပို၍ ဥာဏ်ထက်ကြသည့် အချို့သူများက အခြားသူများ၏အိတ်ကပ်ထဲမှ ပိုက်ဆံကိုနှိုက်ယူကာ ပြေးကြလေသည်။
"မပြေးကြပါနဲ့...မလန့်ကြပါနဲ့..."
မီနော့ခီက ခြေဆောင့်နင်းကာ အော်ဟစ်လိုက်သော်လည်း လုံးဝအသုံးမဝင်ချေ။ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားကြလေသည်။
လုမော့ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
"လူကြီးမင်း မီနော့ခီ အရှင်လုမော့ရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်ဗျားက တကယ်ကို သစ္စာရှိတာပဲ...ဒီလိုမျိုး အခြေအနေမျိုးမှာတောင်မှ သူ့အတွက် အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးဖို့ သတိရသေးတယ်..."
မီနော့ခီက လွတ်မြောက်သွားသည့် ဇာ့ဂ်များကို ကြည့်ကာ ပါးစပ်ကို တောင့်တင်းစွာ ပိတ်လိုက်သည်။ အခြေအနေကို ထိန်းသိမ်းပြီး အမိန့်ပေးရန် လုံခြုံရေးကိုပင် မခေါ်နိုင်တော့ချေ။
သူ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးပြကာ ပြောလိုက်သည်။
"မင်းပြောသလိုပဲ အရှင်လုမော့က တကယ့်ကို ငါ့ရဲ့ အစစ်အမှန် သူငယ်ချင်းကောင်းကြီးလေ...သဘာဝကျကျပဲ ငါက ထိန်းသိမ်ပေးရမှာပေါ့..."
"ဒါပေါ့ ဒါပေါ့..."
လုမော့ ခေါင်းညိတ်လိုက်သည်။
"လူကြီးမင်းရဲ့ စရိုက်လက္ခဏာကတော့ တကယ့်ကိုမြင့်မြတ်တာပါပဲ..."
သူ မတ်တတ်ထရပ်ကာ လင်းကို ပြောလိုက်သည်။
"ဘာဖြစ်နေတာလဲဆိုတာ သွားကြည့်ကြစို့..."
ဘယ်ပြောနိုင်မှာလဲ..ဒီဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူပြီးတော့ အမှိုက်ဆန်မှုပွိုင့် နည်းနည်းလေးပဲဖြစ်ဖြစ် ရရင်လည်း ရနိုင်တာပဲလေ...
လုမော့၏ စိတ်အားထက်သန်မှုကို ခံစားမိလိုက်ပြီး လင်း နားလည်စွာ မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
"ကျွန်တော့်အနောက်မှာ ရပ်ပြီး သေချာလေး ဂရုစိုက်..."
လုမော့က အပေါ်ယံတွင် အထက်စီးဆန်စွာ ပြောလိုက်သော်လည်း လက်ဆန့်ကာ လင်း၏ခါးထောင့်မှ အင်္ကျီစကို နာနာခံခံဖြင့် ဆုပ်ကိုင်လိုက်လေသည်။
"မင်း သတိပေးစရာ မလိုပါဘူး..."
လင်းက လုမော့အား နားနေခန်း၏ ဝင်ပေါက်ကို ဦးဆောင်ခေါ်သွားလိုက်သော်လည်း တံခါးက သော့ခတ်ထားလေသည်။
လင်း ခေါင်းကို စောင်းငဲ့လိုက်ပြီး လုမော့၏နားများကို သူ့လက်များဖြင့် ညင်ညင်သာသာ ဖုံးထားလိုက်သည်။
လုမော့ : "...."
သူက ဇဝေဇဝါဖြင့် လင်းအား သူ့မျက်မှန်ထက်မှ ကျော်ကြည့်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ..."
"အသံက တော်တော်ကျယ်မှာစိုးလို့..."
လင်း ခေါင်းငုံ့ကာ ခြေချောင်းများကို မြေပြင်ပေါ် ဖိလိုက်ပြီး ခြေကျင်းဝတ်ကို လှည့်လိုက်သည်။
နောက်တစ်စက္ကန့်မှာပင် သူ့မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ညာခြေထောက်ကို မြှောက်ကာ 'ဝှစ်' ဟူသည့်အသံနှင့် လေးလံသည့်တံခါးကြီးအား ဆောင့်ကန်လိုက်သည်။
'ဘုန်း' ဟူသည့် ကျယ်လောင်သည့်အသံနှင့် တံခါးက ပွင့်သွားခဲ့သည်။
လုမော့ တုန်လှုပ်သွားပြီး သူ့ပါးစပ်က အကျယ်ကြီး ပွင့်သွားခဲ့သည်။
"အိုး အိုး အိုး..."
အခန်းထဲရှိ အရာရာတိုင်းက ပေါ်လာခဲ့သည်။ ဖဲဝေသူ ဝတ်စုံဝတ်ထားသည့် အမျိုးသမီးဇာ့ဂ်တစ်ယောက်၏လက်တစ်ဖက်က အမျိုးသားဇာ့ဂ်(လုမော့အတု)၏ ပခုံးကိုဖိထားပြီး ကျန်လက်တစ်ဖက်က ဓားကိုကိုင်ကာ အမျိုးသားဇာ့ဂ် လည်ပင်းပေါ် တင်ထားပေသည်။
သူတို့က ဇွတ်တိုးဝင်လာသည့် လင်းနှင့် လုမော့၏မျက်နှာချင်းဆိုင် ပြတင်းပေါက်နံဘေးတွင် ရပ်နေကြသည်။
"အနားကို တိုးမလာနဲ့..."
အမျိုးသမီးဇာ့ဂ်က စိတ်လှုပ်ရှားကြောက်ရွံ့စွာ နှုတ်ခမ်းကို ဖိထားပြီး သူတို့ကို အော်ဟစ်လိုက်သည်။
"မဟုတ်ရင် သူ့ကို သတ်ပစ်လိုက်မယ်..."
လုမော့ "..."
မဟုတ်ဘူးလေ...ငါတို့က ဒီကို ဖျန်ဖြေပေးဖို့ရောက်လာတာ ဟုတ်မနေပါဘူးနော်..
ဆက်သာလုပ်...ငါတို့ကို စိတ်ထဲထားမနေနဲ့...
ကြီးမားလှသည့် လူအုပ်ကြီးတစ်စုက အောက်ထပ်တွင် စုဝေးနေကြပြီးဖြစ်ပြီး အပေါ်ထပ်မှာ ဖြစ်နေသော အရာအားလုံးကို စပ်စုစွာ ကြည့်ရှုနေကြသည်။
လင်းက ဖဲဝေသူအား အေးအေးဆေးဆေး ကြည့်လိုက်သည်။
"မင်း ဘာတွေတွေးနေတာလဲ..အင်ပါယာကြယ်မှာ ရွေ့ကွက်တစ်ခု ဘာကြောင့်လုပ်မှာလဲ..."
လင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ဒီမြို့တော်က ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးရဲ့ အဓိကအကျဆုံး နေရာတစ်ခုနော်...မင်း အကွက်တစ်ခုရွှေ့ချင်ရင်တောင် ပိုပြီး ပိရိသိုသိပ်တဲ့ နေရာတစ်ခု ရှာသင့်တယ် ဟုတ်တယ်မလား..."
"ငါထပ်မစောင့်နိုင်တော့ဘူး…"
အမျိုးသမီးဇာ့ဂ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူက သေသင့်တယ်...ငါ တခြားဘာမှ ဂရုမစိုက်တော့ဘူး..."
ထိုအခိုက်အတန့်တွင် လေပြင်းတစ်သုတ်က ရုတ်တရက် တိုက်ခတ်သွားပြီး အမျိုးသမီး၏ဆံပင်များကို လေထဲတွင် ကခုန်နေသည့်အလား ဖွကြဲသွားစေသည်။
ဖန်ခွက်များ မြေပေါ်ပြုတ်ကျပြီးနောက် 5 မိနစ်မျှသာ ကြာသေးသည်။ လူတစ်ယောက်သာ ဆန့်သည့် ကင်းလှည့်သင်္ဘောတစ်စီးက ရောက်လာခဲ့သည်။
"မင်းကိုင်ထားတဲ့ အမျိုးသားဇာ့ဂ်ကို အောက်ကို ချထားလိုက်ပါ...မဟုတ်ရင် နေရာမှာပဲ ပစ်ခံရပါမယ်..."
အိချီ သူ့ခေါင်းအား အလိုလိုလှည့်လိုက်ရာ သူ့မျက်နှာက ဖြူဖျော့နေပေသည်။
မရေမတွက်နိုင်သည့် စစ်သင်္ဘောများက လေထဲတွင် ရစ်ဝဲနေလျက် ပိတ်ကာထားသည့် ကွန်ယက်တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။ သူ့တွင် လွတ်မြောက်စရာ မည်သည့်လမ်းမှမရှိဘဲ ပိတ်မိနေသည်။
တစ်ချိန်တည်းမှာပင် အိချိီ၏ဖြူဖျော့နေသည့် မျက်နှာက ကြယ်ကွန်ယက်၏ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက် သူက အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးများရှိသည့် အဆီပိတ်နေသည့် အမျိုးသားဇာ့ဂ်ဝဝကြီးအား ဓားစာခံအဖြစ် ကိုင်ထားလေသည်။
ခေါင်းစဥ်မှာ...
[ထိတ်လန့်စရာသတင်း : A အဆင့် အမျိုးသားဇာ့ဂ်လုမော့က အန္တရာယ်ထဲ ကျရောက်နေပြီ...]
--------------------
စာရေးသူ၏မှတ်ချက် :
ကြည့်ရှုသူများ : =□=
🌌🌌🌌
သတင်းခေါင်းစဉ်ကြောင့် အူတက်နေပြီ🤣