Chapter 138
Viewers 19k

👾Chapter 138




“ဗိုလ်ချုပ်နဲ့ တခြားလူတွေ အဆင်ပြေရဲ့လား … သူတို့ထိန်းထားနိုင်ပါ့မလား …” 


လုဟွိုက်၏ မျက်နှာတစ်ခုလုံး မှောင်မဲသွားသည်။ 


သူကိုယ်တိုင်သည်လည်း ခံတပ်မှ စစ်သည်တော်များသည် ဇာ့ဂ်တို့၏ လက်စားချေမှုကို တောင့်ခံနိုင်စွမ်း ရှိမရှိ သေချာမသိချေ။ 


“ခံတပ်မှာ ကိစ္စတွေက အကြိတ်အနယ် ဖြစ်လာမယ့်ပုံပဲ …” 

စစ်သားတစ်ဦးက စိုးရိမ်ဟန်ဖြင့် ပြော၏။

“သူတို့ကြုံနေရတဲ့ တိုက်ပွဲအခြေအနေအရ …” 


လုဟွိုက်က ငယ်သားများအရှေ့တွင် စိုးရိမ်နေသည့် အမူအရာကို ထုတ်မပြလိုချေ။ သူက မျက်မှောင်ကြုတ်ကာ ဆို၏။


“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြုံခဲ့ရတဲ့ အရေအတွက်ကို ကြည့်ရင် မဟူရာမြှားပုရွက်ဆိတ်တွေ မရှိတော့ရင် အခြေအနေက ပိုလွယ်ကူသွားမယ်ထင်တယ် …” 


“သူတို့ နောက်ဆုံးရက်မှာ ဘေးကင်းကင်း အသက်ရှင်မရှင်အပေါ် မူတည်တယ် …” 


“နောက်ဆုံးရက်တဲ့လား … အဲဒါက ဘာအဓိပ္ပာယ်လဲ …” 


“ဇာ့ဂ်တွေနိုင်မလား … ခံတပ်က စစ်သည်တွေနိုင်မလားဆိုတာ အဲဒီ့နေ့မှာ သိရလိမ့်မယ် …” 


ခံတပ်၏ စွမ်းအင်သည် ဇာ့ဂ်အရေအတွက်အား မထိန်းသိမ်းနိုင်တော့ပါက ကြယ်သင်္ဘောများနှင့် မက်ခါများသည် စွမ်းအင်မသုံးစွဲနိုင်တော့ပဲ ဇာ့ဂ်များ၏ စားသုံးခြင်း ခံရတော့မည်သာ။ တစ်ဖက်တွင်မူ အကယ်၍ ဇာ့ဂ်လှိုင်းများအား အနိုင်ယူနိုင်ခဲ့ပါက ခံတပ်အနေဖြင့် နောက်ဆက်တွဲဖြစ်ရပ်များကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ချေ။ 


စစ်သားတစ်ဦးက လက်ကိုမြှောက်ကာ ပြောလာ၏။ 

“ဒါပေမယ့် နောက်ဆုံးလှိုင်းက … ဧရာမ သဲပိုးကောင်ကြီး ပေါ်လာခဲ့တဲ့ လှိုင်းမျိုး မဟုတ်လား …”


ခံတပ်အား မဟူရာမြှားပုရွက်ဆိတ်များသာမက ထိုစစ်သား ပြောခဲ့သည့် “ဧရာမသဲပိုးကောင်” များသည်လည်း တိုက်ခိုက်နေကြပေလိမ့်မည်။


၎င်းတို့သည် ဘုရင်မ၏ အင်းဆက်များအနက် စွမ်းအားအကြီးဆုံး အင်းဆက်များ ဖြစ်ကြ၏။ ပိုင်းလော့အမြောက်အများ နယ်စပ်ဒေသ၌ သေဆုံးခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် အဆိုပါ နောက်ဆုံးနေ့ရက်သည် မည်မျှခက်ခဲကြောင်း သိနိုင်ပေလိမ့်မည်။ 


“စိတ်မပူပါနဲ့ …” 

လုဟွိုက်က မတ်တပ်ရပ်ကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ 

“ခံတပ်ကို အခုဘယ်သူစောင့်နေလဲ မသိဘူးလား …”


ထိုစကားသည် အက်ဒရီနယ်လင်း ထိုးသွင်းလိုက်သကဲ့သို့ စစ်သားများ၏ စိုးရိမ်မှုများကို ဖယ်ရှားပစ်လိုက်သည်။

“ဟုတ်တယ် … အဲဒါ ဗိုလ်ချုပ်ဟယ့်ပဲ …”


“အဲဒါက ဗိုလ်ချုပ်ပဲ …” 


မည်မျှခက်ခဲသည့် အခြေအနေဖြစ်စေ၊ ဟယ့်ယွင်ထင် ဟူသည့် အမည်က အားလုံး၏ ရင်တွင်းရှိ ဒိုင်းကာအား အထက်မြက်ဆုံး ဓားတစ်စင်းနှယ် ဖောက်ထွင်းသွားခဲ့သည်။ သင်က ထိုစကားကို ကြားသည်နှင့် နှလုံးသားတစ်ခုလုံး သွေးများအပြည့် ဖြစ်လာပြီး တိုက်ပွဲဝင်စိတ်ဓာတ်သည်လည်း အမြင့်ဆုံးသို့ ရောက်ရှိလာပေလိမ့်မည်။ 


လုဟွိုက်က စစ်သားတို့၏ ငယ်ရွယ်တက်ကြွသော အသံများကို ပြန်လည်ကြားလိုက်ရ၏။


“အလှည့်ကျတဲ့လူတွေ အနားယူနိုင်တယ် … ကျန်တဲ့လူတွေ ရပ်နားစခန်းကို သေချာစောင့်ရှောက်ထားပါ …” 


“ကောင်းပါပြီ …” 


သူက အမိန့်ပေးပြီးသည့်နောက် စက်ခန်းထံ ခြေဦးလှည့်ခဲ့သည်။ 


သို့သော် လုဟွိုက် မထိုင်နိုင်ခင် အရှေ့ဘက်မှ အရေးပေါ် အချက်ပြမှု ရောက်ရှိလာ၏။ 


သူ့နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့သည်။ သူက အမြန်မေးလိုက်၏။

“ဘာဖြစ်သွားတာလဲ …” 


ကင်းထောက်တာဝန်ကျသည့် စစ်သားက အထိတ်တလန့်ပြောလိုက်သည်။ 

“ဗိုလ်ချုပ် … ရှေ့တန်းမှာ …” 


တစ်ဖက်လူက ဗီဒီယိုတစ်ခု ပို့ပေးလာ၏။


လုဟွိုက်၏ အကြည့်က ဖန်သားပြင်ပေါ် ကျရောက်သွားသည်။ သူ့အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ့မျက်လုံးများသည်လည်း ချက်ချင်း မှောင်ကျသွားခဲ့သည်။



…..


M2742 အတွင်း၌ လင်းဟန်သည် ဟယ့်ယွင်ထင်၏ ပွေ့ချီမှုဖြင့် မောင်းသူထိုင်ခုံပေါ်သို့ ရောက်ရှိသွားသည်။ ဟယ့်ယွင်ထင်က တစ်ဖက်လူအား သူ့အဝတ်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရန် ခွင့်ပြုထား၏။ သို့သော် သူက ထိုသူ့အား မည်သို့ချော့ရမည်ကို မသိတော့ချေ။ 


သူက ထိုစကားတွေကိုသာ ထပ်ခါတလဲလဲ ပြောနေခဲ့သည်။ 


လင်းဟန် သည်းထန်စွာ ငိုကြွေးခဲ့သဖြင့် ခံစားချက်များကို မထိန်းချုပ်နိုင်သေးချေ။ ထပ်ခါထပ်ခါ ရှိုက်နေသည့် သူ၏ ပုံစံက ကျိုးကျေလွယ်ပုံ ပေါ်နေ၏။ 


လင်းဟန်သည် နယ်စပ်ဒေသ၌ ရှိခဲ့စဉ်ကပင် တစ်ခါမှ မငိုခဲ့ဖူးချေ။ သူက ကြောက်မက်ဖွယ် အင်းဆက်များကို ရင်ဆိုင်ရစဉ်ကပင် မငိုခဲ့ဖူးချေ။ သို့သော် ဧကရာဇ် အနှစ်ခြိုက်ဆုံး လူနှစ်ဦးအနက် တစ်ဦးက ကစားစရာ ပျောက်ဆုံးသွားသည့် ကလေးနှယ် ငိုကြွေးနေပြီး အခြားတစ်ဦးကမူ အမှားလုပ်မိသည့် ဆယ်ကျော်သက်လေးနှယ် ပြာယာခတ်နေ၏။ 


စက်ခန်းထဲတွင် အိပ်စက်နေသည့် ကူးလုလုသည်လည်း ထိတ်လန့်သွား၏။ သူက အရင်ဆုံး ဟယ့်ယွင်ထင်အား စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်သည်။ ထို့နောက် လင်းဟန်၏ မှီခိုမှုကို သတိပြုမိဟန်ဖြင့် သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်၏။ 


ကူးလုလုသည် စောင်ပေါ်မှ တင်ပါးဖြင့် လျှောချလိုက်၏။ သူက ခြေဖျားထောက်၍ လင်းဟန်ရှိရာသို့ ဦးတည်လိုက်သည်။ ထို့နောက် လင်းဟန်နှင့် ဟယ့်ယွင်ထင်တို့၏ အကြားသို့ အချိန်ကိုက် ခုန်ဝင်လိုက်၏။ 


သူက ဘောလုံးတစ်လုံးနှယ် ကွေးလိုက်ကာ လင်းဟန်၏ လက်ဖဝါးအား ထိလိုက်လေသည်။ 


ထိလိုက် … နာနေတာအကုန်ပျောက်သွားလိမ့်မယ် … 


လင်းဟန်က သူ့အား ဝိုင်းပြုံချော့နေကြသည်ဟု ခံစားလိုက်ရသည်။ ထို့အပြင် သူ၏ မျက်ရည်များကြောင့် တစ်ဖက်လူ၏ အင်္ကျီနှင့် သူ၏ပခုံးများ စိုရွှဲနေပြီဖြစ်ကြောင်း နားလည်လိုက်၏။ 


သူ့မျက်နှာတစ်ခုလုံး နီရဲလာသည်။ သူက တစ်စုံတစ်ခုအား ပြောချင်မိသော်လည်း ပါးစပ်ဟလိုက်သည်နှင့် ရှိုက်သံသာ ထွက်လာခဲ့၏။ 


ထို့ကြောင့် သူက ပို၍တင်းကျပ်စွာ ပွေ့ဖက်ခံလိုက်ရသည်။ သူ့လက်ဖဝါးပေါ်ရှိ သားမွှေးလုံးလေးသည်လည်း အကူအညီမဲ့စွာ နေရာရွေ့သွားရ၏။ 


ခဏအကြာ၌ လင်းဟန်က သူ၏ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ သူက လက်ကိုမြှောက်ကာ တစ်ဖက်လူအား တွန်း၍ ကိုယ်တိုင် မတ်တပ်ရန်ရန် ကြိုးစားလိုက်၏။ 


“ကျွန်တော် အဆင်ပြေပြီ …” 


“ထပ်မသုံးပါနဲ့ …”

လင်းဟန်၏ မျက်ဝန်းများသည် မျက်ရည်ကြောင့် ဖူးယောင်နေသည်။ သို့သော် သူက ဟယ့်ယွင်ထင်အား အလေးအနက် ပြောလိုက်ဆဲပင်။

“နားလည်လား …”


သူက မျက်လုံးထဲမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် မျက်လုံးကို လက်ဖြင့် ပွတ်ချင်မိသည်။ သို့သော် ထိုလက်က သူ၏ မျက်တောင်ကိုပင် မထိရသေးခင် ဟယ့်ယွင်ထင်၏ သတိပြုခံလိုက်ရ၏။ 


တစ်ဖက်လူက ခေါင်းငုံ့ကာ လင်းဟန်၏ မျက်တောင်များကို နမ်းရှိုက်လိုက်၏။ ထို့နောက် အလေးအနက် ပြောလာသည်။ 

“ကိုယ်နောက်ထပ် လုပ်ဖို့မလိုတော့ပါဘူး …” 


ဟယ့်ယွင်ထင်သည် ထိုဆေးကို လွန်ခဲ့သော နှစ်အနည်းငယ်က စစ်ပွဲအတွင်း တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးကြောင်းနှင့် ထိုအချိန်ကတည်းက မဖွင့်ဖြစ်တော့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဤတစ်ကြိမ်၌ သူသည် အိပ်စက်ချိန်မရ၍ အလွန်ပင်ပန်းနေသည်ဖြစ်ရာ မသိစိတ်ဖြင့် ထိုဆေးကို အသုံးပြုရန် တွေးလိုက်မိခြင်းပင်။ သူက သူ၏ လက်အောက်ငယ်သားများရှေ့၌ အားနည်းနေ၍မရချေ။ သူကိုယ်တိုင် စစ်ဆေးရမည့် အရာများစွာ ရှိ၏။ 


သူက ဘယ်လိုလုပ်နားနိုင်မှာလဲ … 


“ခင်ဗျား အရင်ကသုံးခဲ့တယ်ပေါ့လေ …” 

လင်းဟန်၏ အသံက ပို၍ ကျယ်လာ၏။ သို့သော် မကြာခင်မှာပင် သူ၏စကားများက မေးခွန်းထုတ်ခြင်းသာ ဖြစ်နေကြောင်း နားလည်လာ၏။ သူက မျက်နှာကို ပွတ်သုတ်ကာ ပြောလိုက်သည်။

“ဒါဆို ခင်ဗျား ခဏအိပ်လိုက် … ခံစစ်အနေအထားနဲ့ပဲ ခဏထားရအောင် … ကျွန်တော် ခဏလောက် ထိန်းသိမ်းထားဖို့ ပြဿနာမရှိဘူး …”


ဟယ့်ယွင်ထင်က ထိုသို့ဖြစ်ရပ်နှင့် အသားမကျသေးချေ။ သို့သော် လင်းဟန်၏ မျက်ဝန်းများက သူ့အား မငြင်းဆန်နိုင်အောင် ပြုလုပ်နေ၏။ 


“နှစ်နာရီပဲ … ကျွန်တော် ခင်ဗျားကို အချိန်ပြည့်ရင် ခေါ်လိုက်မယ် …”


“လု …” 


“လုအန်းဟယ် တင်ပြရင် ကျွန်တော်ချရေးထားမယ် … ခင်ဗျားကို ချက်ချင်းပြောရမလား … နိုးမှပြောရမလားဆိုတာ ကျွန်တော် ဆုံးဖြတ်နိုင်တယ် … ခင်ဗျားရဲ့ ဆုံးဖြတ်ချက်နဲ့အမိန့်ကို နှောင့်ယှက်မှာမဟုတ်ဘူး …”

လင်းဟန်က အမြန်ဖြတ်ပြောလိုက်သည်။ 


“သဲပိုးကောင်တွေက …”


“အချိန်မကျသေးဘူး … ခင်ဗျား နောက်ဆုံးညအတွက် စီစဉ်ပြီးပြီလေ … မစိုးရိမ်ပါနဲ့ …” 


ဟယ့်ယွင်ထင် မည်သို့ပြောသည်ဖြစ်စေ၊ လင်းဟန်က ပယ်ချပစ်လိုက်သည်။ 


ဟယ့်ယွင်ထင်က သဘောတူဟန် ပြသည့်တိုင် သူ့ခန္ဓာကိုယ်ကမူ အသားမကျဟန်ဖြင့် တောင့်တင်းနေ၏။ 


လင်းဟန်က ခဏတွေးကာ ပြောလိုက်သည်။ 

“ဒါမှမဟုတ် ခင်ဗျား ကျွန်တော်နဲ့အတူ အိပ်နိုင်တယ် …” 


ဟယ့်ယွင်ထင်၏ အမူအရာက နူးညံ့သွားသည်။ 


“ယာဉ်မောင်းထိုင်ခုံက ကျယ်တာပဲလေ … ကျွန်တော့် ပေါင်ပေါ်အိပ်လို့ရတာပဲ …”

လင်းဟန်က ထိုသို့လုပ်ရန် ရည်ရွယ်ထားပုံဖြင့် ဟယ့်ယွင်ထင်၏ ဦးခေါင်းကို သူ၏ ပေါင်ပေါ်သို့ ဆွဲချလိုက်၏။ 


တစ်ဖက်လူက နာနာခံခံဖြင့် မှီချလိုက်သည်။ သူ၏ ခြေထောက်များသည် ခေါင်းအုံးပေါ်၌ ရှိနေခြင်းဖြစ်သည့်တိုင် ၁.၉ မီတာ ရှည်လျားသော ပုံရိပ်က လင်းဟန်ကြောင့် ဖိချခံလိုက်ရခြင်းသည် အနည်းငယ် ထူးဆန်းနေဆဲပင်။


ဟယ့်ယွင်ထင်က မလှုပ်ရဲခဲ့ချေ။ ဗိုလ်ချုပ်ကြီး အိပ်မောကျတော့မည့် အချိန်၌  မျက်နှာထက်တွင် မျက်ရည်ရာများ ရှိနေဆဲဖြစ်သော လူငယ်လေးက ဟားတိုက်ရယ်လိုက်၏။ 


ထို့နောက် ချိုမြိန်သော ရနံ့တစ်ခုကို ဟယ့်ယွင်ထင် ရလိုက်သည်။ 


“ကောင်းပြီ … ကောင်းပြီ … ကျွန်တော်ခင်ဗျားကို မနှောင့်ယှက်တော့ဘူး …” 

လင်းဟန်သည် ဟယ့်ယွင်ထင် သက်သောင့်သက်သာ အိပ်စက်စေရန် ဖယ်ရိုမုန်းအချို့ ထုတ်လွှတ်ပေးလိုက်သည်။ 


အဆုံးသတ်တွင် ဟယ့်ယွင်ထင်သည် အိပ်မောကျသွားခဲ့၏။ 


ကူးလုလုသည်လည်း လင်းဟန်၏ ရနံ့ကို နှစ်သက်လေသည်။ ထို့ကြောင့် လင်းဟန်သည် ထိုအကောင်ပေါက်လေးကို ကောက်ယူ၍ ဟယ့်ယွင်ထင်၏ စစ်ဦးထုပ်အတွင်းသိ့ အသာအယာ ထည့်ထားလိုက်၏။ 


ဟယ့်ယွင်ထင်သည် ယခုအခါမှသာ ကောင်းမွန်စွာ အိပ်စက်ရခြင်းဖြစ်သည်။ သူက ချိုမြိန်သော ရနံ့ဖြင့် အိပ်မောကျသွားခဲ့သည်။ သူ၏ ဦးခေါင်းထက်၌မူ ဒိုးနပ်လုံးလေးတစ်လုံး ရှိနေ၏။ သူ၏ မျက်ခုံးများက တွန့်ကွေးနေသည့်တိုင် သူ့နှုတ်ခမ်းထောင့်များက အေးစက်စက် ရှိနေသေးသည့်တိုင် သူက နှစ်ခြိုက်စွာ အိပ်စက်ခဲ့လေသည်။ 


ကံကောင်းစွာဖြင့် ရှေ့တန်းသည် နှစ်နာရီလုံးလုံး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ 


“ကောင်းပြီ …” 

လင်းဟန်က လုအန်းဟယ်နှင့် ခပ်တိုးတိုး ပြောလိုက်သည်။

“သူ အခုအိပ်နေတယ် … သူနိုးလာရင် ကျွန်တော် ပြောပေးမယ် …” 


လင်းဟန်က ဖုန်းကို ချကာ ယာဉ်မောင်း၏ ထိုင်ခုံပေါ်သို့ တင်ထားလိုက်၏။ ထို့နောက် အိပ်စက်နေသောလူအား ကြည့်လိုက်သည်။ 


ဟယ့်ယွင်ထင် ဗွီပရိုတွန်ဂြိုဟ်သို့ လာရောက်ခါစက သူနှင့် ဗီဒီယိုကောလ် ပြောခဲ့သည်ကို သူမှတ်မိနေသေး၏။


ထိုစဉ်က တစ်ဖက်လူသည် အိပ်စက်ချိန်၌ပင် နိုးနိုးကြားကြား ရှိနေခဲ့သည်။ မသိပါက နောက်တစ်စက္ကန့်၌ မျက်လုံးများ ဖွင့်ကြည့်လာတော့မည့် အလားပင်။ 


သို့သော် ယခုအခါ ပို၍ကောင်းမွန်လာပြီဖြစ်၏။ 


လင်းဟန်က ထိုသူ့အား ထိတွေ့လိုခဲ့သည်။ သို့သော် ဟယ့်ယွင်ထင်၏ အနားယူမှုအား နှောင့်ယှက်မိမည်ကိုလည်း စိုးရိမ်လျက်ရှိ၏။ 


ယခုအချိန်၌ တစ်ဖက်လူ၏ ပုံရိပ်က သူ့နှလုံးခုန်သံအား မြန်ဆန်စေလျက်ရှိသည်။ လင်းဟန်က ခဏကြာ တုံ့ဆိုင်းသွားခဲ့၏။ သို့သော် အဆုံးသတ်၌ မနေနိုင်ပဲ ထိုသူ့အနီးသို့ တိုးသွားကာ ထိုသူ၏ နှုတ်ခမ်းထက်သို့ အနမ်းခြွေချလိုက်သည်။  


လင်းဟန်က ဟယ့်ယွင်ထင်၏ အသက်ရှူသံအား နှာသီးဖျားမှတဆင့် ခံစားမိလိုက်သည်။ 


လင်းဟန်သည် ထပ်မံ၍ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ သူက သူ၏ ထွက်သက်ကြောင့် ဟယ့်ယွင်ထင် နိုးလာမည်ကို စိုးရိမ်လျက်ရှိ၏။ ထို့ကြောင့် သူက သူတို့၏ နှုတ်ခမ်းများကို ခဏသာ နီးကပ်စေလိုက်ပြီး ပြန်လည် ခွာလိုက်၏။ 


သို့သော် သူတို့နှုတ်ခမ်းများ ထိတွေ့သွားချိန်၌ လင်းဟန် အနည်းငယ် ရင်ခုန်သွားဆဲပင်။


ဟယ့်ယွင်ထင်သည် အိပ်စက်နေဆဲဖြစ်ရာ လင်းဟန်က သူ၏ အတွေးများကို မကြားနိုင်ချေ။ သို့သော် သူတို့ နမ်းလိုက်သည်နှင့် စိတ်ဝင်စားဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ 


သူက ကူးလုလုအနေဖြင့် ပြောင်းလဲသွားသည်။ ဟယ့်ယွင်ထင် အသေးလေးက သူ့အား ဂရုတစိုက်ဖြင့် ပွေ့ချီထားကာ သူ၏ ဦးခေါင်းအား ထိတွေ့နေ၏။ 


ဒီတော့ … 


လင်းဟန်က နှုတ်ခမ်းကိုသပ်ကာ တိတ်တဆိတ် ပြုံးလိုက်သည်။ 


ငါ သူ့အိပ်မက်ထဲ ရောက်နေတာလား …


လင်းဟန်က ကိုယ်ကို မတ်ရင်း ဖန်သားပြင်ထံသို့ လှည့်ကြည့်လိုက်၏။ သူက လီဗာကို ကိုင်လိုက်သည်။ သူ၏ အမူအရာက ပို၍ လေးနက်လာ၏။ 


သူသည် ကောင်းမွန်စွာ လေ့ကျင့်ပေးခံရပြီး ကြံ့ခိုင်သည့် ပိုင်းလော့ကောင်းတစ်ဦးမဟုတ်ပေ။ 


နှစ်နာရီကြာ မောင်းနှင်ပြီးသည့်နောက် ဟယ့်ယွင်ထင်အား နှိိုးရတော့မည်ဖြစ်၏။ 


သို့သော် လင်းဟန်က ပျော်ရွှင်နေဆဲပင်။ သူ စိတ်စွမ်းအားသည် တစ်ဖက်လူနှင့် တန်းတူဖြစ်နေသဖြင့် သူ ဝမ်းသာနေမိ၏။ ဤနည်းအားဖြင့် တစ်ဖက်လူ ပင်ပန်းလာချိန်တွင် သူက ထိုသူ့အား အနားယူခိုင်းနိုင်လိမ့်မည်။ ထို့အပြင် သူ၏ ဖယ်ရိုမုန်းများကို အသုံးပြုကာ တစ်ဖက်လူ ပြိုလဲတော့မည့် အချိန်၌ အားပေး၍ရ၏။ 


ဒီလောက်ပါပဲ … 


စက်ခန်း၏ ပေါင်းမိုးက တဖြည်းဖြည်း သက်ဆင်းလာ၏။ M2742 သည် ညနက်နက်အတွင်းသို့ ခိုဝင်လာခဲ့သည်။ 


ယနေ့မှာ ဟယ့်ယွင်ထင် ဦးဆောင်သော တပ်ဖွဲ့သည် ခံတပ်၌ တောင့်ခံရမည့် နောက်ဆုံးနေ့ရက်ဖြစ်၏။


လုဟွိုက်ပြောခဲ့သည့်အတိုင်းပင် မဟူရာမြှားပုရွက်ဆိတ်များ၏ စားသုံးခြင်းကြောင့် အခြားမျိုးစိတ်များသည် စတင်၍ ခြေကုန်လက်ပမ်းကျလာကြသည်။ လက်ရှိအချိန်၌ ဧရာမ သဲပိုးကောင်များသာ ကျန်ရှိတော့၏။ 


ဇာ့ဂ်မျိုးစိတ် နှစ်ခုကြားရှိ ခြားနားမှုမှာ သိသာလှသည်။ မဟူရာမြှားပုရွက်ဆိတ်များ၏ တိုက်ခိုက်မှုသည် ဧရာမသဲပိုးကောင် တစ်ကောင်အား မယှဉ်နိုင်ချေ။ သို့သော် မဟူရာမြှားပုရွက်ဆိတ်တို့၏ ဒိုင်းကာကမူ အထင်မသေးသင့်သည့် အရာဖြစ်၏။ ဉပမာအားဖြင့် ခံတပ်၏ ဘယ်ဘက်အာကာသစခန်းမှ ပစ်လွှတ်သော အမြောက်များသည် မြှားပုရွက်ဆိတ်များ၏ သံချပ်ကာကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။ 


အမှုန်အမြောက် သို့မဟုတ် ဒုံးခွင်းအမြောက်များသာ ၎င်းတို့၏ သံချပ်ကာအား ထိုးဖောက်နိုင်ပေလိမ့်မည်။ သို့သော် ၎င်းအမြောက်များက အလွန်စွမ်းအင်ကုန်၏။ အကယ်၍ စွမ်းအင်အားလုံးကို မြှားပုရွက်ဆိတ်များအတွက်သာ အသုံးပြုမည်ဆိုပါက ခံတပ်သည် စဉ့်တီတုံးပေါ်ရှိ အသားတစ်တစ်ခုနှယ် ဖြစ်သွားပေလိမ့်မည်။


ယနေ့တွင် ဇာ့ဂ်များက ပုံမှန်နှင့်မတူစွာ ပြုမူနေကြသည်။ ၎င်းတို့က တိုက်ခိုက်မှုအား မည်သို့ အစပျိုးရမည်ဖြစ်ကြောင်း ကြံစည်နေကြပုံပင်။ မည်သို့ပင်ဖြစ်စေ၊ လွန်ခဲ့သော ရက်အနည်းငယ်က ပစ်ခတ်မှုနှင့် ယှဉ်လိုက်လျှင် ၎င်းသည် အားနည်းနေဆဲဖြစ်၏။ 


ခံတပ်သည် ရပ်တည်နေဆဲဖြစ်သည်။ ကြီးမားသော စက်ဝိုင်းကြီး၏ အလယ်ဗဟို၏ တစ်ဝက်သည် ပိတ်ထားခံရ၏။ စွမ်းအင်ချွေတာရန်အတွက် ဘယ်ဘက်အာကာသစခန်းသည် နှစ်ဆင့်လက်နက်များကို ပိတ်ချထားခြင်းဖြစ်သည်။ ညာဘက်စခန်းကမူ ကြယ်သင်္ဘောများနှင့် မက်ခါတို့အား စွမ်းအင် ထောက်ပံ့ပေးနေ၏။ 


စစ်သည်တော်များအားလုံး အသင့်အနေအထားဖြင့် ရှိနေကြသည်။ လေထုတစ်ခုလုံး ဓားများ၊ ညှပ်ပူးညှပ်ပိတ် ပစ်ခတ်ခြင်းများဖြင့် ပြည့်နှက်နေ၏။ 


အဆုံးသတ်တွင် ခံတပ်သည် စောင့်ရှောက်ရန် လိုအပ်နေဆဲပင်။ လွတ်လပ်စွာ ချီတက်၍ ဆုတ်ခွာခြင်းနှင့် ယှဉ်ပါက နေရာ၌သာ တိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်၏။ 


သို့သော် အဆိုပါ ထူးဆန်းသည့်မျှခြေသည်ကြာကြာ မတည်ရှိခဲ့ချေ။ 


ညအချိန်သို့ ရောက်လာသည်နှင့် ခံတပ်ပတ်ဝန်းကျင်သည်လည်း စတင် မှောင်မဲလာ၏။ ကြယ်သင်္ဘောများနှင့် အာကာသစခန်းများက မီးများကို လင်းထိန်စေခဲ့ပြီး နေ့အချိန်အလား ထင်မှတ်မှားစေခဲ့သည်။ 


သို့သော် မီးများဖွင့်လိုက်သည်နှင့် များပြားလှသည့် အနီရောင်အစက်များသည် အချက်ပြစက်ဝိုင်း၏ အစွန်းပိုင်း၌ ပေါ်ထွက်လာကြ၏။ 


“ဘော့စ် … သူတို့လာနေကြပြီ …” လုအန်းဟယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ 


ဇာ့ဂ်များသည် တစ်နေကုန် လဲလျောင်းနေခဲ့ပြီးနောက် နောက်ဆုံးအကြိမ် တိုက်ခိုက်မှုအား အစပျိုးလာခဲ့ကြ၏။ ၎င်းတိုက်ခိုက်မှုသည် ရှောင်လွှဲမရသည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ 


သို့သော် ယခင်တိုက်ခိုက်မှုများနှင့် မတူသည်မှာ ဤတစ်ကြိမ်၌ ဇာ့ဂ်တို့သည် ဗျူဟာအသစ် ရှိနေခဲ့ကြသည်။ သူတို့က တစ်နေရာထဲသို့ ဦးတည်၍ ပြေးလာကြခြင်းမဟုတ်ပဲ နှစ်ဖွဲ့ခွဲလိုက်ကြသည်။ 


တစ်ဖွဲ့တွင့် မဟူရာမြှားပုရွက်ဆိတ်များ ပါရှိ၏။ နောက်တစ်ဖွဲ့၌မူ ဧရာမ သဲပိုးကောင်များ ပါရှိလေသည်။ 


သူတို့၏ ပစ်မှတ်မှာ ရှင်းလင်းသည်။ သူတို့က ဘယ်နှင့်ညာမှ တပြိုင်နက် ထိုးစစ်ဆင်လိုကြခြင်းဖြစ်၏။ ဧရာမသဲပိုးကောင်များ ပါရှိသည့် အဖွဲ့သည် ခံတပ်၏ ကြယ်သင်္ဘောထံ ဦးတည်လိုက်ကြသည်။ အခြားအဖွဲ့ကမူ အာကာသစခန်းထံသို့ ဦးတည်လိုက်၏။ 


သူတို့က လူသားများအား ဤတစ်ကြိမ် စစ်ပွဲသည် ရလဒ်ထွက်လာမည်ဖြစ်ကြောင်း ပြောနေသကဲ့သို့ ဆုတ်ခွာခြင်း မပြုခဲ့ကြချေ။ 


ကြယ်သင်္ဘောသည် စစ်သားအများစုအား အင်ပါယာသို့ ပြန်ပို့ပေးမည့် ယာဉ်ဖြစ်သည်။ ၎င်းအင်းဆက်များ၏ ပန်းတိုင်မှာ ရှင်းလင်းလှ၏။ သူတို့က အသန်မာဆုံး တိုက်ခိုက်အားကို အသုံးပြုကာ ထိုလူများ ပြန်သွားနိုင်မည့် ဖြစ်နိုင်ချေကို ပိတ်ဆို့လိုကြခြင်းပင်။ ထို့နောက် မြှားပုရွက်ဆိတ်များသည် အာကာသစခန်း၏ စွမ်းအင်များကို ဖြည်းဖြည်းချင်း လျော့နည်းစေလိမ့်မည်။ 


အကြံကောင်းပဲ … 


ဟယ့်ယွင်ထင်၏ အသံသည် ယိမ်းယိုင်ခြင်းမရှိ တသမတ်ထဲ ထွက်ပေါ်လာ၏။

“အမိန့်နာခံမယ် … B9 ရေတပ် … ပြောင်းရွှေ့ဖို့ ပြင်ဆင်ပါ …” 


“အာကာသစခန်း တိုက်ခိုက်သူတွေကို ဖယ်ရှားပါ … အရာရှိရဲ့ အမိန့်အတိုင်း ဆောင်ရွက်ကြပါ …” 


“ကြယ်သင်္ဘော … လွတ်လပ်စွာလှုပ်ရှားပါ …” 


ယဲ့လင်က  ဤအမိန့်အား စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ သူက အံကြိတ်ကာ ပြောလိုက်၏။ 


“အသင့်ပြင် …” 




👾