👾Chapter 134
Queen ရောက်လာပြီ
ကြယ်ခွဲသည် သာမန်စခန်းတစ်ခုသာဖြစ်၏။ သူတို့က တစ်စုံတစ်ခု ရှာတွေ့ခဲ့လျှင်ပင် လက်ရှိဇာ့ဂ်အရေအတွက်အား ဗိုလ်ချုပ်လုဟွိုက်က အခက်အခဲတစ်စုံတစ်ရာမရှိ ရင်ဆိုင်နိုင်၏။ လင်းဟန်က ဟယ့်ယွင်ထင်၏ လက်ချောင်းများကို ဆုပ်ညှစ်လိုက်သည်။
“လက်ရှိအတိုင်း သူတို့ တိုက်ခိုက်နေပုံအရဆို ကျီရှင်းက အဝေးဆုံးနေရာပဲ … သူတို့က တစ်ပါတ်ကြာမှ အဲဒီ့နေရာကို ရောက်လိမ့်မယ် …”
ဟယ့်ယွင်ထင်က မျက်ခုံးများကို စုကျုံ့လိုက်သည်။
“လင်းဟန် … တွေးကြည့်ပါဦး … သူတို့က ငါတို့တောင်မြင်နေနိုင်တဲ့ အမှားကို လုပ်ရလောက်တဲ့အထိ တုံးအပါ့မလား …”
လင်းဟန်၏ လက်ချောင်းထိပ်ကလေးများ တောင့်တင်းသွား၏။
ထက်မြသော အချက်ပေးသံက သူ၏ အာရုံကို ထိုးဖောက်လာခဲ့သည်။
ကြယ်သင်္ဘောသည် ကြက်သွေးရောင်မီးများဖြင့် လင်းထိန်သွား၏။ အားလုံးက စစ်ပွဲအတွက် အသင့်ပြင်ဆင်လိုက်ကြသည်။ သူတို့က အချက်ပေးသံကို ကြားသည်နှင့် မက်ခါများအားလုံးကို ချက်ချင်း ပြင်ဆင်ခဲ့ကြ၏။
“ကြည့်လေ …”
ဟယ့်ယွင်ထင်က အံ့အားသင့်မသွားခဲ့ချေ။
“ကိုယ်တို့က ဒါ့ကြောင့် တစ်နေရာထဲမှာ စောင့်နေခဲ့ကြတာ …”
သူတို့က စစ်တပ်ကို ခံတပ်မှ ခွဲဝေ၍ အရှိန်လျော့သွားသည့် အင်ပါယာထံသို့ စေလွှတ်နေကြစဉ်မှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။
လုအန်းဟယ်၏ အသံသည် တည်ငြိမ်နေ၏။ အားလုံးက လာမည့်စစ်ပွဲအတွက် အသင့်ဖြစ်နေခဲ့ကြသည်။
သူကရှင်းလင်းစွာ တင်ပြလိုက်သည်။
“ဘော့စ် … သူတို့လာနေကြပြီ …”
ဟယ့်ယွင်ထင်သည် မတ်တပ်ရပ်ကာ နံဘေးရှိ မျက်လုံးအကာများကို ကောက်ယူလိုက်သည်။ သူ့တစ်ကိုယ်လုံးကို ပင်ပန်းမှုက ဖုံးကွယ်နေ၍ထင့်၊ သူ၏ဟန်ပန်သည် ပို၍ ပျော့ပျောင်းနေသည်ဟု လင်းဟန် တွေးလိုက်မိသည်။ ထိုသူက တစ်နာရီပြည့်အောင်ပင် မအိပ်ခဲ့ရချေ။
“မှန်တယ် …”
ဟယ့်ယွင်ထင်သည် လုအန်းဟယ်အား ဆက်သွယ်ရေးစက်မှတဆင့် တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒီ့တုန်းက အခြေအနေတစ်ခုကို မမေ့ဖို့ ဗိုလ်ချုပ်လုဟွိုက်ကို ပြောလိုက် ရှေ့တန်းမှာ တိုက်ပွဲအခြေအနေကို အချိန်မှီသတင်းပို့ဖို့ သတိရပါ ….. ဒီနေ့ကစပြီး နောက်ထပ်ငါးရက်အတွင်း ဘယ်အခြေအနေပဲရှိနေနေ အဖွဲ့က စီစဉ်ထားတဲ့ ဗုံးတွေအားလုံးကို အသက်သွင်းပါ … ကြယ်ခွဲခုန်မှတ်ကို ချက်ချင်းဖျက်ဆီးပါ …”
လုဟွိုက်၏ ဗီဒီယိုကောလ်က မကြာခင် ဝင်ရောက်လာ၏။
ဗီဒီယိုကောလ်၏ နောက်ခံမှာ အေးချမ်းနေသည့် ကြယ်ခွဲရပ်နားစခန်းဖြစ်သည်။ ကြယ်ခွဲသည် လူအနည်းငယ်သာ ရှိသည့်အလျောက် အလွန် တိတ်ဆိတ်နေ၏။ သူက သံသယဖြင့် ဆိုလာသည်။ “ဗိုလ်ချုပ် … ဒီနေရာမှာ အခြေအနေက တည်ငြိမ်နေပါတယ် … ဇာ့ဂ်တွေရဲ့တိုက်ခိုက်မှုကတော့ လုံလောက်မှုမရှိ …”
ဒါဆို ဘာလို့ ငါးရက်ကြာပြီးမှ စဖြစ်လာတာလဲ …
“ဘာ့ကြောင့်ဆို ငါးရက်ဆိုတာက ငါ ထိန်းချုပ်နိုင်မယ့် အချိန် ဖြစ်နေလို့ပဲ …”
သူ့အတွက် ငါးရက်အကြာ၌ ဖြစ်လာနိုင်မည့် ဖြစ်နိုင်ချေမှာ နှစ်ခုသာရှိသည်။ တစ်ခုသည် ခံတပ်သို့ ရောက်လာသည့် ဇာ့ဂ်အားလုံးကို သုတ်သင်ခြင်းဖြင့် ကျန်ရှိနေသော ဇာ့ဂ်များ၏ တိုက်ခိုက်မှုကို ဟန့်တားရန်ဖြစ်သည်။ ခုန်မှတ်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ရန်သူအား ကျူးကျော်ရန် မျှော်လင့်ချက်မရှိ ဖြစ်စေမည်။ နောက်တစ်ခုမှာ ခံတပ်ကျဆုံးသွားခြင်းဖြစ်၏။ အရေးအကြီးဆုံးနေရာအား ရှင်းလင်းခံလိုက်ရသည့်အခါ အင်ပါယာရှိ တပ်များသည် ဤနေရာသို့ ရောက်လာကြမည်ပင်။ မည်သို့ပင်ဖြစ်စေ၊ ဤနေရာ၌ ခုန်မှတ်အား အစောင့်အကြပ်မရှိပဲ ထားရှိခြင်းသည် အချိန်ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
အဆုံးသတ်၌ ဤနေရာကို ဒီအတိုင်းထားရှိခြင်းက ကောင်းကျိုးထက် ဆိုးကျိုးများကို သယ်ဆောင်ပေးလိမ့်မည်သာ။ လူများကို မထိတ်လန့်စေချင်၍သာ ချက်ချင်း မဖောက်ခွဲပစ်ခြင်းဖြစ်၏။
လူထုအနေဖြင့် အသေးစိတ်ကျကျ သိရှိရန် မလိုအပ်ချေ။ ဇာ့ဂ်များ၏ အမျိုးအစား၊ အမျိုးမျိုးသော မက်ခါများ၊ ခုန်မှတ်၏ တည်ရှိမှု အစရှိသည့်အချက်များကို လူထုက အသေးစိတ် သိနေရန် မလိုအပ်ချေ။
သူတို့က စစ်တပ်က သူတို့အား ကာကွယ်ပေးမည်ဟူသည့် အချက်ကိုသာ သိရှိရန်လိုအပ်၏။ ခုန်မှတ်အကြောင်း သူတို့ သိရချိန်၌ ခြိမ်းခြောက်မှုသည်လည်း ရှိတော့မည်မဟုတ်ပေ။
“နားလည်ပါပြီ …”
တစ်ဖက်လူက မည်သည်ကိုမှ မပြောပဲ ရိုးရှင်းစွာ သဘောတူလိုက်သည်။
လင်းဟန်သည် ဒုတိယစက်ခန်းရှိ ဖန်သားပြင်အရှေ့၌ ထိုင်ချလိုက်မှသာ ပြဿနာမှာ သူမျှော်လင့်ထားသည်ထက် ပို၍ ကြီးမားကြောင်း နားလည်လိုက်သည်။
ဇာ့ဂ်သည် Queen ၏ အဖွဲ့အစည်းဖြစ်သည်။ ဇာ့ဂ်များ၏ အစစ်အမှန်အသိုက်များသည် လူသားများ မရောက်နိုင်သော တွင်းနက်ကြီးများထဲ၌ ရှိနေကြ၏။ ဇာ့ဂ်မျိုးစိတ်အားလုံးက အစဉ်အဆက် queens များထံမှ မွေးဖွားခံခဲ့ရခြင်းဖြစ်သည်။
Queen သည် မျိုးနွယ်စုအားလုံး၏ ရင်းမြစ်ဖြစ်၏။ လက်ရှိဇာ့ဂ်မျိုးစိတ်အားလုံးသည် queen ထံမှ ဆင်းသက်လာကြသည်။ သူတို့က ကိုယ်တိုင် မျိုးပွားနိုင်စွမ်း မရှိကြချေ။ အဆင့်မြင့် ဇာ့ဂ်အနည်းငယ်မှအပ ဇာ့ဂ်အားလုံးသည် ပုံတူကူးချထားခြင်းများသာ ဖြစ်ကြ၏။
သို့သော် ၎င်းတို့၏ အရေအတွက်ကမူ …
အားလုံးက မှုန်မှိုင်းနေသည့် ကောင်းကင်ထက်ရှိ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားကြသည်။
ဆိပ်ကမ်းသို့ ကျူးကျော်ခဲ့သည့် သံမဏိ ပိုးကောင်များသည် ရေပုံးထဲရှိ ရေတစ်စက်သာဖြစ်ကြ၏။
ဧရာမ မဟူရာမြှား ပုရွက်ဆိတ်များသည် အတူတကွ စုဝေးကာ မြန်နှုန်းမြင့် သင်္ဘော၏ ကိုယ်ထည်အား ဖန်တီးလိုက်ကြသည်။ သူတို့က လူသားတို့၏ နည်းပညာကို အသုံးမပြုပဲ သဘာဝအတိုင်း ခုန်မှတ်သို့ လှမ်းလာကြသည်။
မြှား ပုရွက်ဆိတ်များသည် များပြားလှသဖြင့် ရေတွက်ရန်ပင် မဖြစ်နိုင်ချေ။ အားလုံးက ထိုအရာများ နီးကပ်လာသည်ကိုသာ စောင့်ဆိုင်း၍ ရေတွက်ရန်သာ တတ်နိုင်တော့၏။
၎င်းက သင်္ဘောပဲ့ဦးအနေဖြင့် ဆောင်ရွက်ကြသည့် မြှားပုရွက်ဆိတ်များသာ ရှိသေးသည်။ သင်္ဘောထက်၌ ဇာ့ဂ်ပေါင်းမည်မျှ ရှိမည်ဖြစ်ကြောင်း မသိနိုင်သေးချေ။
သို့သော် လက်ရှိအခြေအနေအရ …
အင်းဆက်ကြယ် အများစုသည် လွင်တီးခေါင်ဖြစ်နေခြင်းဟု ပြော၍ရတော့မည်မဟုတ်ပေ။
မဟူရာမြှားပုရွက်ဆိတ် သင်္ဘောက အတူတကွ ျီတက်လာ၏။ ၎င်းတို့က အားလုံး၏ အရှေ့၌ပင် ခံတပ်နှင့် တဖြည်းဖြည်း နီးကပ်လာပြီး သူတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ခြင်းမရှိ ထုတ်ဖော်လျက်ရှိကြသည်။
သူတို့က ကြယ်တံခါးဝအား ဖြတ်သန်းရန် အသန်မာဆုံးခံစစ်ကို ချိုးဖျက်ရမည်ဖြစ်၏။
တစ်ချိန်ထဲမှာပင် ဗိုလ်ချုပ်၏ အမိန့်က ဆက်သွယ်ရေးစက်မှတဆင့် ထွက်ပေါ်လာသည်။
သူ့အသံသည် တည်ငြိမ်မြဲတည်ငြိမ်နေ၏။ “အားလုံး အသင့်ပြင်ထားကြ … ငါတို့ရဲ့ပန်းတိုင်က …”
“ရှင်းလင်းဖို့ပဲ …”
တိုက်ခိုက်ရန် အချက်ပြမှု ပေါ်ထွက်လာရန်နှင့် ဇာ့ဂ်များ ပစ်မှတ်နေရာသို့ ရောက်ရှိရန် ခဏသာ လိုတော့၏။ အနီရောင်အလင်းသည် ဖန်သားပြင်ထက်တွင် စက်ဝိုင်းသဏ္ဌာန် လည်ပတ်နေခဲ့သည်။ အချက်ပေးသံများသည်လည်း ပုံမှန် မြည်နေ၏။ ဟယ့်ယွင်ထင်သည် မက်ခါအား စတင်၍ အသက်ဝင်စေလိုက်သည်။
“CE-B79 မက်ခါအားလုံး တပ်ဖြန့်မယ် … ပြီးရင် ခံတပ်နဲ့ ပြန်လည်ပေါင်းစည်းမယ် …”
“တာဝေးပစ် အမြောက်တွေကို စိတ်ရှိသလို ပစ်နိုင်တယ် … ပိုင်းလော့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ် … ကြားဝင်နှောင့်ယှက်မှု မဖြစ်အောင် ဂရုစိုက်ပါ … အချိန်ပြည့် တင်ပြပါ …”
“ကျန်တဲ့ အရံတပ်တွေ ဆက်ချီတက်မယ် …”
“ခံစစ် အခြေကျတာနဲ့ တိုက်စစ် စတင်မယ် …”
….
ခံတပ်၏ အစွန်းဘက်၌ မှုန်မှိုင်းသော အခြေအနေတစ်ခု ရှိနေ၏။ စကြဝဠာထဲ၌ပင် အမှောင်ထုသည် အခြေတကျ ရှိမနေခဲ့ချေ။ မည်သို့ပင်ဖြစ်စေ၊ လက်ရှိအချိန်၌ ‘ဘုန်း … ဘုန်း …’ ဟူသည့် အသံများနှင့်အတူ တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာသည့် ဇာ့ဂ်များကိုလည်း သာမန်မျက်စိဖြင့်ပင် တွေ့နေရ၏။
… ၎င်းတို့နှင့် အလွန်နီးကပ်နေခြင်းက ပြဿနာမဟုတ်ချေ။ ၎င်းတို့၏ အရေအတွက်ကသာ ပြဿနာဖြစ်၏။
ဤမျှ ကျယ်ဝန်းလှသည့် နေရာတစ်ခုလုံးသည် မဟူရာမြှားပုရွက်ဆိတ်တို့၏ အနက်ရောင် ဒိုင်းကာများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်က ဇာ့ဂ်များအား ဤမျှများပြားလှသည့် ပမာဏအထိ စေလွှတ်လိုက်ခြင်းဖြစ်ရာ ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း သိသာလှသည်။
ဇာ့ဂ်များ၏ ကိုယ်ပိုင်ဒိုင်းကာသည် မဟူရာမြှားပုရွက်ဆိတ်များ၏ ကျောပေါ်၌ တည့်မတ်စွာ တည်ရှိနေ၏။ ပြင်းထန်သော မီးလျှံများသည် ဇာ့ဂ်များထံသို့ ကြောက်မက်ဖွယ် ကျဆင်းလာကြသည်။ ထိုမျှများပြားလှသည့် အမြောက်ဆန်များအတွင်း မဟူရာမြှားပုရွက်ဆိတ်များသည် ဒဏ်ရာများကို လျစ်လျူရှုလျက် ဆက်လက်ချီတက်နေကြဆဲဖြစ်၏။
သို့သော် ဒဏ်ရာများကို လျစ်လျူရှုထားခြင်းက ပြဿနာမဟုတ်သေးချေ။
သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများသည် လျစ်လျူရှုနိုင်လောက်အောင် မပြင်းထန်ခြင်းကသာ ပြဿနာဖြစ်၏။
မဟူရာမြှားပုရွက်ဆိတ်များသည် လူသားများတီထွင်ထားသည့် နည်းပညာမြင့် စက်ရုပ်များကဲ့သို့ စနစ်အမျိုးမျိုး မပါရှိချေ။ သို့သော် ၎င်းတို့သည် သက်ရှိများဖြစ်သည့် အားလျော်စွာ အေးစက်သော စက်များထက်ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိ၏။
သူတို့က အမြောက်၏လားရာကို အတိအကျမခန့်မှန်းနိုင်သည့်တိုင် ထိလုဆဲဆဲ အခြေအနေမျိုး၌ အမြဲလိုလို ရှောင်တိမ်းနိုင်ကြသည်။ ထို့ကြောင့် သူတို့က အမြောက်ဆန်များအတွင်း ချီတက်နေသည့်တိုင် ဒဏ်ရာအနည်းအကျဉ်းသာ ရကြခြင်းဖြစ်၏။
ဇာ့ဂ်များသည်လည်း စတင် ချဉ်းကပ်လာကြသည်။
အချက်ပြသံက ပို၍ ကျယ်လောင်လာ၏။ တစ်ချိန်ထဲမှာပင် အေးစက်စက် စက်သံသည် ဇာ့ဂ်အရေအတွက်ကို တင်ပြလာခဲ့သည်။ အရေအတွက် တိုးများလာသည့် အသံနှင့်အတူ ဇာ့ဂ်အရေအတွက်မှာလည်း ဆယ်ဂဏန်းမှ ထောင်ဂဏန်းသို့ တိုးများလာ၏။ ဖန်သားပြင်ပေါ်ရှိ ဇာ့ဂ်အရေအတွက်သည် ကြောက်မက်ဖွယ် တိုးများလာလျက်ရှိသည်။
သောင်းနှင့်ချီသည့် အနက်ရောင် သားရဲများသည် စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်မက်ဖွယ် တွားတက်လာကြ၏။
စကြဝဠာသည် စိတ်ကူးယဉ်ဆန်သည့် နေရာတစ်ခု မဟုတ်ချေ။ ဤနေရာ၌ နူးညံ့မှုအချို့ရှိနေသည့်တိုင် အဆိုပါ နူးညံ့မှုများ၏ နောက်ကွယ်၌ အိပ်မက်ဆိုးများ ရှိနေတတ်၏။
ကပ္ပတိန် ယဲ့လင်သည် ဖန်သားပြင်ပေါ်ရှိ တစ်စတစ်စ သိပ်သည်းလာသော အလင်းစက်များကို ကြည့်ရင်း မျက်ဝန်းအိမ်များ စတင်တုန်လှုပ်လာ၏။ ဟယ့်ယွင်ထင်သည် သူ၏ မက်ခါကို မောင်းနှင်ရမည်ဖြစ်ရာ စစ်ပွဲအခြေအနေအား သုံးသပ်ခြင်း၊ ကျပန်းတပ်ဖြန့်ခြင်းနှင့် တည်နေရာ ပြသခြင်း၊ အမိန့်ပေးခြင်းတို့သည် ယဲ့လင်အပေါ် ကျရောက်လာခဲ့၏။
မည်သို့ပင်ဖြစ်စေ၊ မည်မျှ အတွေ့အကြုံရင့်သန်သူဖြစ်စေ၊ ဤသို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်ပင် တွေ့ခဲ့ဖူးမည်မဟုတ်ပေ။
အင်ပါယာသည် အချိန်ကြာရှည်စွာ အေးချမ်းနေခဲ့၏။
ယဲ့လင်က အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။
“အဲဒီ့သောက်ပိုးကောင်တွေက တိုက်ခိုက်ရင်း မွေးလာကြတာလား …”
“တိတ်တိတ်နေစမ်းပါ … ဇာ့ဂ်တွေက queen ကပဲ ပေါက်ဖွားလာနိုင်တာ … queen သာ အင်ပါယာကိုရောက်လာရင် အင်ပါယာ ပြိုလဲသွားမှာပဲ … ဒါပေမယ့် အဲဒါလည်းကောင်းတာပဲ … ငါလည်း ဇာ့ဂ်အသိုက်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ့် လက်နက်ရှိမလား သိချင်တယ် …”
လုအန်းဟယ်က အမြောက်ပစ်ရင်း ပြောလိုက်သည်။ မက်ခါသည် လှပသော စက်ဝိုင်းတစ်ခုအဖြစ် လေထုထဲတွင် လွှဲယမ်းသွား၏။ သူ၏ လက်ဆယ်ချောင်းက ထိန်းချုပ်သည့် ခလုတ်များပေါ်၌ ရှိနေပြီး တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ပြုလုပ်လျက်ရှိသည်။
“အခုတော့ ၃၅၄ ကောင် ပစ်ပြီးပြီ … မြှားပုရွက်ဆိတ် ၂၀၀ အပါအဝင် အေအဆင့် သံမဏိပိုးကောင် အကောင်ရေ ၈၀ လောက်က နှေးကျသွားပြီ … ကျန်တဲ့မျိုးစိတ်တွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတယ် …”
ယဲ့လင်က မျက်မှောင်ကြုတ်လိုက်၏။ သူက စွမ်းအင်ကို စစ်ဆေးလျက်ဆိုသည်။
“မင်းက မင်းပြိုင်ဘက်တွေအပေါ် ဘာမှသတိမပြုမိဘူးပဲ …”
“သူတို့မျိုးနွယ် သေဆုံးတာက သူတို့ကို ပြန်လှည့်စေမှာ မဟုတ်ဘူး …”
“သူတို့က ငါတို့ကို အရေအတွက်နဲ့ အနိုင်ယူချင်နေတာပဲ …ချီးတဲ့မှ …”
အခြား ကပ္ပတိန်တစ်ဦးက ပြောလိုက်သည်။ သူ၏ ဦးရေပြားများပင်ယားယံလာသကဲ့သို့ ခံစားနေရ၏။
“ဒီလောက်ပစ်နေတာတောင် သေသွားတဲ့ လှိုင်းတစ်လှိုင်းချင်းစီက အကောင်ရေက မနှစ်ကသတ်ခဲ့တဲ့ အရေအတွက်စုစုပေါင်းနဲ့ အတူတူပဲ … သူတို့ အင်အားလျော့သွားတယ်ထင်လား .”
သူ့အား တိတ်ဆိတ်မှုကသာ ပြန်လည်အဖြေပေးခဲ့သည်။
သူ ပြောလိုက်သည့်အချက်သည် ကြောက်စရာအကောင်းဆုံး အချက်ဖြစ်ပေသည်။
လွန်ခဲ့သော ခေတ်များတွင် မက်ခါများ၌ အမျိုးမျိုးသော လက်နက်များ တပ်ဆင်ထားခြင်း မရှိသေးချေ။ ထိုစဉ်က စစ်တိုက်ရာ၌ အာကာသသင်္ဘောများကိုသာ အသုံးပြုခဲ့ကြ၏။
သင်္ဘောတစ်ခုချင်းစီ၌ လုပ်ဆောင်ချက်များ ပါရှိနေသည့်တိုင် အဆိုပါ လုပ်ဆောင်ချက်များသည် ပြီးပြည့်စုံခြင်း မရှိချေ။ ထိုအပြင် ထိုခေတ်က သင်္ဘောများသည် တည်ဆောက်ပုံအားနည်းသည့်အလျောက် ပြင်းထန်သော မီးစွမ်းအားများလည်း မပိုင်ဆိုင်ထားကြချေ။ တစ်ကြိမ်တစ်ခါ ပစ်လိုက်ရုံဖြင့် ပြန်ပြင်မရတော့သည်အထိ ကွဲကျေသွားတတ်ကြ၏။
ထိုသို့သော သင်္ဘောများကို တိုက်ခိုက်ရေးသင်္ဘောဟု ခေါ်ဆိုကြသည်။ လူများက အဆိုပါ သင်္ဘောအား ကျားကစားနည်းတွင် မြစ်ကိုဖြတ်ရန် နယ်ရုပ်အား အသုံးပြုသကဲ့သို့ ပြန်ဆုတ်ရန် လမ်းမရှိတော့သည် အချိန်၌သာ မောင်းနှင်ကြ၏။
… လက်ရှိအချိန်၌ အရှေ့မှဦးဆောင်နေသည့် ဇာ့ဂ်များအတိုင်း ဖြစ်သည်။
သင်သည် အရှေ့သို့သာ ဆက်လက်ချီတက်နိုင်၏။ သင့်အား ပြန်ဆုတ်ရန် ခွင့်မပြုချေ။
တစ်ချက် တုံ့ဆိုင်းလိုက်သည်နှင့် အနောက်ဘက်မှ ဇာ့ဂ်များ၏ နင်းခြေခံလိုက်ရကာ စိစိညက်ညက် ကျေသွားမည်ဖြစ်သည်။
သူတို့၏ မစ်ရှင်မှာရှင်းလင်း၏။ သူတို့အနောက်ရှိ ဇာ့ဂ်များသည် ချိုးဖျက်၍ တိုက်ခိုက်ကြပေလိမ့်မည်။ သူတို့က အမြောက်များ မကျရောက်နိုင်မည့် ယာယီလုံခြုံသည့် နေရာလွတ်ကို ရှာဖွေရန်သာ လို၏။ ထိုမှသာ သူတို့အနောက်ရှိ ဇာ့ဂ်များက တစ်ကောင်ပြီးတစ်ကောင် ရှေ့တက်လာနိုင်မည် ဖြစ်သည်။
“ကျစ် …”
ယဲ့လင် နှာခေါင်းရှုံ့လိုက်သည်။
“ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ … အဲဒီ့မှာ တကယ်ပဲ queen ရှိနေရင်တောင် ငါတို့က တစ်ချက်လောက်ပစ်ပြီး ဒီအင်းဆက်အားလုံးကို မိဘမဲ့ဖြစ်အောင် လုပ်ပေးလိုက်မှာပေါ့ …”
“အရံအမြောက်တွေကို အသင့်ပြင်ထား …”
ကြယ်သင်္ဘောသည် အကောင်းဆုံးအခြေအနေ ရှိရန်လိုအပ်သည်။ ယဲ့လင်သည် ဇာ့ဂ်များအား ဆဲဆိုခြင်းကို ရပ်တန့်လိုက်၏။
“ဗိုလ်ချုပ်ရဲ့ တပ်ဖြန့်နည်းအတိုင်း ဆက်လုပ်ကြ …”
မည်သို့ပင်ဖြစ်စေ၊ သူက အမိန့်တစ်ခု ဆုံးချိန်၌ တုံ့ပြန်ချက်အား စောင့်ဆိုင်းနေရခြင်း မရှိခဲ့ချေ။
“အဲဒါက … ဘာလဲ …”
လုအန်းဟယ်၏ အံ့အားသင့်နေသော အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။
ကိစ္စများစွာကို ဖြတ်သန်းပြီးသည့်နောက် အဆမတန် ရင့်ကျက်လာသည့် ယဲ့လင်သည်လည်း သူ့နည်းတူ ရေရွတ်လိုက်သည်။
“ဒါ … ဒါက …”
“ကြည့်ရတာ ကပ္ပတိန်ယဲ့က မှန်နေပုံပဲ …”
ဟယ့်ယွင်ထင်၏ အသံထွက်ပေါ်လာသည်။
“ချက်ချင်း စစ်ဆေးပါ .. သုံးယောက်အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး အချက်အလက် မှန်မှန်ကန်ကန် ကောက်ယူခိုင်းလိုက် … လုံခြုံတဲ့အကွာအဝေးကို ထိန်းသိမ်းထားပါ … 3- M487 အချက်ပြစက်ကို လွှတ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့ …”
ခဏအကြာ၌ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ အလွန်နက်စွေးလှသည့် သင်္ဘောထံ ကျရောက်သွားသည်။ ၎င်းက အင်ပါယာရှိ အကြီးဆုံး စစ်သင်္ဘောထက်ပင် ပိုမိုကြီးမားလေသည်။
ပို၍ကြီးမားသော သင်္ဘောသည် ဇာ့ဂ်အများအပြား ရှိနေခြင်းကို ကိုယ်စားပြု၏။
“ငါထင်တာ မမှားရင် အဲဒါ queen ဖြစ်လောက်တယ် …”
ယဲ့လင်နှင့် အခြားလူများက ပြိုင်တူ ပင့်သက်ရှိုက်လိုက်ကြသည်။
ဇာ့ဂ်များ၏ တိုက်ခိုက်မှုသည် ယခင်အကြိမ်များထက် ထူးခြားနေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အားလုံးက မြေနေရာကြောင့် ၎င်းတို့၏ တိုက်ခိုက်ပုံ ပြောင်းလဲသွားခြင်းဟု ထင်ခဲ့ကြ၏။ သို့သော် မမျှော်လင့်ထားစွာပင် …
ဤစစ်မြေပြင်သို့ queen ကိုယ်တိုင် ရောက်လာခဲ့လေသည်။
“ကပ္ပတိန်ယဲ့ … ဇာ့ဂ်တွေကို မိဘမဲ့ဖြစ်စေချင်တဲ့ အခွင့်အရေးက မကြာခင် ရောက်လာတော့မယ် …”
လုအန်းဟယ်က ရေရွတ်လိုက်သည်။
တစ်ချိန်ထဲမှာပင် 3 – M487 အချက်ပြစက်မှ အချက်ပေးသံများ ထွက်ပေါ်လာ၏။
၎င်းက queen ဖြစ်သည်။
ယဲ့လင်သည် နှစ်ကြိမ်ဆက်တိုက်ဆဲလိုက်မိသည်။
အင်အားကွာခြားမှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ကြောက်ရွံ့မှုသည် စစ်သားတစ်ဦး၏ ဂုဏ်ကျက်သရေကြောင့် ဖိနှိပ်ခံလိုက်ရ၏။ သူက ထိန်းချုပ်ခုံမှ ခပ်ဖြည်းဖြည် ထရပ်လိုက်သည်။ သူ့အကြည့်က ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
“လာစမ်းပါ …”
သူ့အသံက မပိတ်ရသေးသည့် ဆက်သွယ်ရေးစက်မှတဆင့် ပျံ့နှံ့သွားခဲ့သည်။
တော်ဝင်စစ်သည်တော်များအားလုံး အဆိုပါ ခံစားချက်များကို တွေ့ကြုံနေကြရသည်။
သူတို့က ကြောက်ပိုင်ခွင့်ရှိ၏။ သူတို့၏ ကပ္ပတိန်သည်လည်း ကြောက်ရွံ့ခွင့်ရှိသည်။ သူတို့သည် လူသားများသာဖြစ်ရာ ကြောက်တတ်သည့် သဘာဝ ရှိနေပြီးသားပင်။ ၎င်းသည် သူတို့အတွက် ရှက်စရာမဟုတ်ချေ။
ထို့အပြင် အဆိုပါ ကြောက်ရွံ့မှုသည် လူသားတို့အား ပို၍ သန်မာလာစေနိုင်၏။
“မင်းက ဒီမှာရောက်နေပြီပဲ …”
ဟယ့်ယွင်ထင်၏ တည်ငြိမ်သော အသံက စစ်တပ်တစ်ခုလုံး ဖြန့်ကျက်သွား၏၊ အားလုံးက တော်ဝင်ဗိုလ်ချုပ်ကြီး၏ အသံထဲရှိ သတ်ဖြတ်ငွေ့နှင့် တိုက်ပွဲဝိဉာဉ်တို့အား ခံစားမိလိုက်သည်။
M2742 သည် ဇာ့ဂ်များကို တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။ မက်ခါ သတ်လိုက်သည့် အရေအတွက်က ပုံမှန် တိုးများလာ၏။ တော်ဝင်မာရှယ်က သတ်ဖြတ်နေရင်း ပြောလိုက်သည်။
“ကြယ်စုဝေးရဲ့ဗဟိုကို ဦးတည်ကြ …”
ယဲ့လင် အံ့အားသင့်သွား၏။
👾