Chapter 35
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၅)

ထိုအခိုက်အတန့်၌ ကျွန်မ မူးဝေသွားမိသည်။ထို့နောက် အလျင်အမြန်ပင် အသိစိတ်ပြန်ကပ်သွားသည်။

"ငါ ဝတ်စုံ ဘယ်လောက်များများ ဝယ်လိုက်တယ်ဆိုတာ နင် ဘယ်လိုသိတာလဲ။"

သူမ စောင့်ဆိုင်းနေစဥ်တွင် ထိုကလေးက ပြန်ဖြေသည်။

"ကျွန်တော်က ဝန်ထမ်းရဲ့ လှုပ်ရှားမှုကို မြင်နေရပါတယ်။သူတို့ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး မဒမ်က ဘယ်လောက်များများ ဝယ်လိုက်တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါတယ်။"

"ဒါပေမဲ့ မင်းက ဈေးအတိအကျ မသိဘူးလေ။"

"ဖြစ်နိုင်ပါတယ်၊ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။"

ကလေးက ဆက်ပြောသည်။

"လွန်ခဲ့တဲ့ရက်က ဝတ်စုံ လာဝယ်တဲ့ လေဒီငယ်လေးဆီမှာ ကျွန်တော် ဈေးနှုန်းကို မေးကြည့်ထားပါတယ်။ကျွန်တော်က ဆိုင်အသစ်ရဲ့ အစေခံတစ်ယောက်လို ဟန်ဆောင်လိုက်တော့ သူမက ကျွန်တော်ကို အကုန် ပြောပြပါတယ်။"

သူက လိမ်ပြောနေတာလား။

ကျွန်မ ပို၍ စိတ်ဝင်စားသွားသည်။

"သူမက ဝတ်စုံ ဘယ်နှစ်ထည် ဝယ်ခဲ့တယ် ဆိုတာရယ်၊စုစုပေါင်း ဘယ်လောက်ကုန်ကျတယ် ဆိုတာရယ် ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ပြီးတော့ အချို့သူတွေက လေလုံးထွားချင်ကြသေးတယ်။အဲ့ဒီနောက်မှ ဝတ်စုံကို တန်ဆာဆင်ထားတဲ့ အပြင်အဆင် အသစ်တစ်ခုစီက ဝတ်စုံရဲ့ဈေးနှုန်းကို ဘယ်လောက်ထိ မြင့်သွားစေတယ်ဆိုတာ ကျွန်တော် သိခဲ့ရပါတယ်။ဒါကြောင့်မို့လို့ မဒမ်က ဒီလောက်အထိ ကုန်ကျသွားတာပါ။"

ဥာဏ်ကောင်းလိုက်တာ။

ကလေး၏အညိုရောင် မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေသည်။

"ကျွန်တော် တွက်တာ မှန်ပါတယ်၊ ဟုတ်တယ်မလား။"

ကလေး၏ မျက်နှာထက်တွင် အောင်မြင်မှုအတွက် တက်ကြွရွှင်မြူနေသော အမူအရာရှိနေသည်။ကျွန်မ ထိုကလေးကို ကြည့်လိုက်ရင်း တောက်ပစွာ ပြုံးလိုက်မိသည်။

"မမှန်ဘူး"

"ဗျာ!"

"နင် မှားနေတယ်"

ကလေး၏ ဝင်းပနေသော မျက်နှာမှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ကျွန်မ ထပ်ပြောလိုက်သည်။

"ငါ နင့်ကို စာရင်းအင်းတွက်တာ သင်ပေးနိုင်ပါတယ်။ဒါပေမဲ့ ဝတ်စုံတစ်ခုချင်းဆီကို တန်ဖိုးဖြတ်ရတာ ခက်ခဲတယ်။ဝတ်စုံရဲ့ ဈေးနှုန်းက ဝတ်စုံဒီဇိုင်းပေါ်မှာ အဓိက မူတည်နေတာ။အများကြီး အလှဆင်ထားတာဖြစ်ဖြစ်၊ အလှမဆင်ထားတာဖြစ်ဖြစ် သိပ်မဆိုင်ဘူး။ဒီအချက်ကို မင်းက ထည့်မတွက်မိတာ ဖြစ်လိမ့်မယ်။ဒါကြောင့်မို့လို့ မင်းရဲ့ တွက်ချက်မှုက လုံးဝ မှားသွားရတာ။ငါ သုံးလိုက်တာ စုစုပေါင်း ရွှေဒင်္ဂါး ၄၈၇ပြား ရှိတယ်။"

"အများကြီး ကွာတာပဲ။"

ကလေးသည် ဒေါသတကြီးဖြင့် အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ထို့နောက် သူက ခေါင်းခါလိုက်ပြီး မျက်နှာကလည်း မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။

"ကောင်းပါပြီ၊ မဒမ့်ကို ကျေးဇူးတင်ပါတယ်ဗျ။ဝတ်စုံဒီဇိုင်းပေါ် မူတည်ပြီး ဈေးနှုန်းက ပြောင်းလဲသွားတယ်ဆိုတာ ကျွန်တော် သိပါပြီ။ဒါဆို နောက်ဆို တွက်ချက်မှုက ပိုပြီး တိကျလာမှာပါ။ကျွန်တော် နောက်တစ်ခါဆို မှန်ကန်နိုင်ပါလိမ့်မယ်။"

ထိုကလေး ကြေကွဲသွားသော အချိန်မှာ ခဏလေးသာ ဖြစ်ပြီး ကလေး၏မျက်လုံးများက ပြန်လည် တောက်ပလာခဲ့သည်။ကျွန်မ ပို၍ စိတ်ဝင်စားသွားပြီး သူ့အနားသို့ ပိုတိုးကပ်သွားမိသည်။

"နင် ဘာဖြစ်လို့ ဒီလို တွက်ချက်နေရတာလဲ။"

"ကျွန်တော် ပျင်းနေလို့ပါ။ဒါက ပျော်စရာကောင်းပါတယ်၊ဟုတ်တယ်မလား။"

ထိုကလေး၏ အဖြေကို ကြားလိုက်လျှင် မူလဇာတ်ကြောင်းထဲက အဖြစ်အပျက်တစ်ခုကို ကျွန်မ သတိရသွားသည်။

နင်က ဒီလို အသုံးမဝင်တဲ့ တွက်ချက်မှုတွေကို ဘာကြောင့် လုပ်နေရတာလဲ။

ကျွန်တော် ပျင်းနေလို့ပါ။ဒါက ပျော်စရာကောင်းပါတယ်၊ဟုတ်တယ်မလား။

ကျွန်မ ထိုကလေးကို သေချာစိုက်ကြည့်လိုက်သည်။

"နင့်နာမည်က..."

"ရစ်ဗက်"

ကျွန်မ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ကျွန်မ ပျော်ရွှင်သွားမိသော်လည်း စိတ်ထဲတွင် မြိုသိပ်ထားလိုက်သည်။ကျွန်မ ရစ်ဗက်ကို ဤသို့ ရှာတွေ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားမိပေ။မူလဇာတ်ကြောင်းတွင် ရစ်ဗက်သည် အချိန်အတော်ကြာမှ ကျောင်းလာတက်သူ ဖြစ်သည်။ထို့ကြောင့် သူ့ကို ရှာတွေ့ရန် အချိန်အကြာကြီး စောင့်ရမည်ဟု ကျွန်မ ထင်ထားမိသည်။သို့သော် ဤသို့ ကွက်တိ ဖမ်းမိလာရသည်။

ငါ တကယ် ကံကောင်းတာပဲ။

ယခု ကျွန်မ ရစ်ဗက်ကို တွေ့ပြီ ဖြစ်ရာ ကျောင်းဆောက်ရန်ပင် မလိုအပ်တော့ပေ။

မဟုတ်၊မဟုတ်ဘူး။ငါ ဒါကို အမြင်ကောင်းရဖို့ လုပ်ရမယ်။

သို့တိုင် ရစ်ဗက်ကို ရှာဖွေဖို့ စိတ်အနှောင့်အယှက် ဖြစ်ရန် မလိုတော့ပေ။ကျွန်မကို သည်နေရာသို့ ဆွဲခေါ်လာပေးသော ဆိုဗက်စ်စတာကို ကျွန်မ ကျေးဇူးတင်ရမည်။ထိုငတုံးလေးသည် တစ်ခါတစ်လေ ကျွန်မကို အမှန်တကယ် ကူညီပေးလေသည်။ကျွန်မ ပျော်ရွှင်စွာဖြင့် တုန်ယင်နေမိသည်။

ထို့နောက်

"ဘာတွေ ဖြစ်နေတာလဲ။"

ဆိုဗက်စ်စတာက ကျွန်မ၏ပခုံးကို ဆုပ်ကိုင်ပြီး ကျွန်မကို နောက်ဖက်သို့ လှမ်းဆွဲလိုက်သည်။သူက ရစ်ဗက်နှင့် ကျွန်မ၏ကြားတွင် အကွာအဝေးတစ်ခု ခြားပေးလိုက်သည်။

"ဒီကောင်စုတ်လေးက မင်းကို ဘာလုပ်လိုက်လဲဆိုတာ မင်း ကိုယ့်ကို ပြောပြလို့ရမလား။"

ဆိုဗက်စ်စတာ၏ မျက်နှာမှာ ချက်ချင်းပင် သူ့ဓါးကို ဆွဲထုတ်တော့မည့် မျက်နှာထား ဖြစ်နေလေသည်။

ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ။

"ဒါက ဒီလို မဟုတ်ဘူး။"

"ဒါဆို မင်းရဲ့ ပခုံးတွေက ဘာလို့ တုန်ယင်နေရတာလဲ။ကိုယ်က မင်း ငိုနေတယ်လို့ ထင်သွားတာ။"

ဆိုဗက်စ်စတာက ကျွန်မ၏မျက်နှာကို သေချာကြည့်ရင်း ကျစ်ခနဲ စုတ်သပ်လိုက်သည်။ထို့နောက် သူက မေးသည်။

"ဒါက ဘာလဲ။"

သူက ကလေးကို ဆိုလိုချင်ပုံရ၏။ကျွန်မ ပြန်ဖြေရန် လုပ်လိုက်သည်။သို့သော် ရစ်ဗက်က ကျွန်မ ပြန်ဖြေမည်ကို ဟန့်တားလိုက်သည်။

"ကျွန်တော်က ရစ်ဗက် ပါ။"

"ငါ မင်းကို မမေးဘူး။ဒီနေရာက ထွက်သွားတော့။"

"မဟုတ်ဘူး။ရှင် သူ့ကို ထွက်သွားဖို့ ပြောလို့ မရဘူး။"

ကျွန်မ အော်ဟစ်လိုက်ပြီး ရစ်ဗက်ကို ကာကွယ်ပေးရန် လိုအပ်သည့်နှယ် ဆိုဗက်စ်စတာနှင့် ရစ်ဗတ်တို့ကြားထဲသို့ ကတိုးဝင်လိုက်သည်။ထို့နောက် ကျွန်မ ရစ်ဗက်၏လက်ကို ဆွဲလိုက်သည်။

"ကျွန်မ ရှာနေတဲ့ ကလေးကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီလေ။သူ့ကို ဒီလောက် စောစော ရှာတွေ့လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး။ ကျွန်မ သူ့ကို စံအိမ်တော်ဆီ ခေါ်သွားမလို့။"

ဆိုဗက်စ်စတာ၏ ပုံစံမှာ ထူးထူးခြားခြား သဘောမတူချင်သည့် အသွင် ဖြစ်နေ၏။သူက ကျွန်မကို ကြည့်နေသည့် အကြည့်ကို ပြင်လိုက်သည်။

"မင်းက ကိုယ်တို့ စံအိမ်တော်ကို ယာယီကယ်ဆယ်စောင့်ရှောက်ရေးဌာနအဖြစ် ပြောင်းပစ်တော့မယ်လို့ ကိုယ် မှန်းဆမိတယ်။ကိုယ် ခွင့်မပြုဘူး။"

"ဒါပေမဲ့ သူက တကယ်ကို ထက်မြက်တဲ့ ကလေးပါ။"

"မင်းက ဘာကို ကြည့်ပြီး ပြောတာလဲ။"

ဆိုဗက်စ်စတာက ရစ်ဗက်ကို ငုံ့ကြည့်ပြီး ပြောသည်။

"မင်းအနေနဲ့ ကိုယ့်ကို သက်သေပြဖို့ မလိုအပ်ဘူးလား။မင်း ပြောတာကို နားထောင်လိုက်ပြီး ကလေးတစ်ယောက်ကို ဒီတိုင်း ခေါ်လာခွင့် ပြုမှာမဟုတ်ဘူး။"

မှန်ပေသည်။

သို့သော် အခုလက်ရှိတွင် ဤကလေး ထုတ်ပြနိုင်သည်က တွက်ချက်နိုင်သော စွမ်းရည်သာ ရှိပေသည်။သို့သော် တွက်ချက်မှုကို လုပ်နိုင်သူက အများကြီး ရှိပေသည်။သည်ကလေး ကြီးပြင်းလာချိန်တွင် ဖြစ်လာမည့် ဖြစ်နိုင်ချေကိုသာ ကျွန်မက အာရုံစိုက်ထားသည်ဖြစ်ရာ ၎င်းကို လက်ရှိအချိန်တွင် သက်သေပြရန် နည်းလမ်း မရှိပေ။ထို့နောက် ကျွန်မ ဘာလုပ်ရမည်နည်း။

အား

ကျွန်မ ညည်းညူလိုက်မိသည်။

"ကျွန်တော့်ကိုလား"

ထိုအချိန်တွင် ရစ်ဗက်က ဝင်ပြောလာခဲ့သည်။

"ခင်ဗျားက မြို့စားကြီး ရိုင်ဇန်ဆိုတာ သိပြီးတာတောင် ကျွန်တော်က ထွက်ပြေးသွားတာမျိုး မလုပ်ဘဲ လက်ရှိအခြေအနေကို အလျင်အမြန် ဆုပ်ကိုင်အသုံးချနိုင်တယ် ဆိုတာကို မြင်နိုင်ပါတယ်။မှန်ပါရဲ့လား။"

ရစ်ဗက်သည် ဆိုဗက်စ်စတာ၏ ကြောက်စရာကောင်းသော မျက်နှာကို တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။

"ခင်ဗျားက လက်ရှိအနေအထားကို ကောင်းကောင်း မြင်နိုင်သွားရင် ကျွန်တော်က စံအိမ်တော်ကို ဝင်လာနိုင်လိမ့်မယ်။ပြီးတော့ ကျွန်တော်က အစားအသောက်အတွက် မပူပင်ရဘဲ ပညာသင်ကြားနိုင်လိမ့်မယ်။ကျွန်တော် ဒီလိုမျိုး မျှော်လင့်ထားပါတယ်၊ကျွန်တော် အမြဲ ဗိုက်ဆာနေရတာကြောင့် မို့လို့ပါ။"

ထို့နောက် သူက ဒူးထောက်လိုက်လေသည်။

"ရစ်ဗက်၊နင် ဘာလုပ်နေတာလဲ။ထစမ်း။"

"ခင်ဗျား ကျွန်တော့်ကို ဘာပဲ သင်ပေးပေး၊ကျွန်တော်က ခင်ဗျား စိတ်ကူးထားတာထက် ကျော်လွန်တယ်ဆိုတာ ခင်ဗျားကို ပြသပေးမှာပါ။ကျွန်တော် ကတိပေးပါတယ်။"

ကျွန်မ ဝင်ပြီး ဖျောင်းဖျသည့်တိုင် ရစ်ဗက်က တုပ်တုပ်ပင် မလှုပ်ပေ။သူက ဒူးထောက်ရက်သားဖြင့် ဆိုဗက်စ်စတာကို မော့ကြည့်နေသည်။မျက်နှာထက်တွင် စိတ်ဝင်တစား မရှိသော အမူအရာဖြင့် ရစ်ဗက်ကို ငုံ့ကြည့်နေသော ဆိုဗက်စ်စတာ၏ နှုတ်ခမ်းများတွင် ဖျော့တော့သော အပြုံးလေးတစ်ခု ရှိနေသည်။ကျွန်မ ထိုအပြုံးကို ချက်ချင်း ဖမ်းမိသွားသည်။

ရစ်ဗက် ဒူးထောက်နေစဥ်တွင် ကျွန်မက ဆိုဗက်စ်စတာအနားသို့ တိုးကပ်သွားမိသည်။

"ဘယ်လိုလဲ။သူက သာမန်ကလေးတစ်ယောက် မဟုတ်ဘူး၊ဟုတ်တယ်မလား။"

ကျွန်မ သူ့ကို တီးတိုးပြောလိုက်လျှင် ဆိုဗက်စ်စတာ၏ မျက်လုံးများ မှေးစင်းသွားသည်။

"မင်းက မြို့စားကြီးရိုင်ဇန်အတွက် ဒီလိုမျိုး ပါရမီပါတဲ့ လူသစ်တွေ ရှာဖွေစုဆောင်းပေးနေတယ်လို့ ကိုယ်တော့ မထင်ဘူး။"

ထင်ထားသည့် အတိုင်းပင် ဆိုဗက်စ်စတာ၌ အကောင်းဆုံးမျက်လုံးများ ရှိနေသည်။ကျွန်မလည်း ဘာမှ မဖြစ်သလို ခပ်ချဥ်ချဥ်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။

"အမှန်ပဲပေါ့။ကျွန်မအတွက် ကျွန်မရဲ့အနာဂတ်က ပိုအရေးကြီးတယ်။"

"မင်း ကိုယ်နဲ့ ကွာရှင်းပြီးသွားတဲ့ အနာဂတ်လား။"

"ဟုတ်တာပေါ့ရှင်"

ကျွန်မ ရယ်မောလိုက်သည်။

"ဒါပေမဲ့ ကျွန်မ ရစ်ဗက်အတွက် အပေးအယူတစ်ခု လုပ်မယ်။"

"မင်းက အပေးအယူလုပ်ဦးမယ်ပေါ့။"

"အင်း၊ ပန်းတွေကို နည်းနည်းပိုပြီး ကြီးပြင်းလာအောင် လုပ်ပြီး နောက်ပိုင်းမှာ ရှင် ထားချင်တဲ့နေရာမှာ ထားလိုက်ပါ။"

ဆိုဗက်စ်စတာ၏ မျက်ခုံးများ တွန့်သွားသည်။ကျွန်မ သေချာနေသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"ဥပမာ၊ဒုတိယမင်းသားရဲ့ ဘေးမှာပေါ့။"

ကျွန်မ၏စကားဆုံးသည်နှင့် ဆိုဗက်စတာက ကျွန်မကို လှည့်ကြည့်လာသည်။သူ့မျက်လုံးများမှာ အတော်လေး ကျဥ်းမြောင်းနေလေသည်။

ရှင် ဘာတွေ တွေးနေတာလဲ။

ကျွန်မ ဘာမှန်းမသိဘဲ ထိတ်လန့်သွားပြီး တံတွေးမြိုချလိုက်မိသည်။

"အိုဖီလီယာ"

သူက လှောင်ပြုံးလေး ပြုံးလိုက်ပြီး ကျွန်မ၏ ဆံပင်ကို နားအနောက်သို့ သပ်တင်ပေးလာသည်။

"ကိုယ်က သူ့ကို ထောက်ပံ့ပေးမှာပါ။ဒါပေမဲ့ ..."

ဆိုဗက်စ်စတာ၏ မျက်ဝန်းပြာများမှာ အေးစက်စွာ တောက်ပနေသည်။

"ကိုယ့်ရဲ့တာဝန်က သူ့ကို ဧကရာဇ် ဖြစ်လာအောင် လုပ်ပေးဖို့ပဲ။"

သူက ခေါင်းကို စောင်းပါးရိပ်ခြည်အသွင်ဖြင့် ငုံ့ချလိုက်ပြီး ဒူးထောက်နေဆဲဖြစ်သော ရစ်ဗက်ကို ကြည့်လိုက်သည်။

"မင်းရဲ့ပါရမီရှင်လေးတွေကို လက်မလွှတ်ရပါဘူး။"

ယခု ဆိုဗက်စ်စတာက အားရပါးရ ရယ်မောနေလေသည်။သူက ရစ်ဗက်ကို လက်ကမ်းပေးလိုက်သည်။

"သွားကြစို့၊ကလေး။"

"ဟုတ်ကဲ့"

ရစ်ဗက်သည် အကြီးကြီး ပြုံးလိုက်ပြီး ဆိုဗက်စ်စတာ၏ လက်ကို ကိုင်လိုက်သည်။ဆိုဗက်စ်စတာသည် သူ့ထက် အသက် ဆယ်နှစ်ခန့် ပိုငယ်ပုံရသော ရစ်ဗက်ကို ငုံ့ကြည့်ရင်း ညည်းညူလိုက်သည်။

"မင်းက ကလေးဖြစ်နေလို့ ငါ မင်းကို ပိုသဘောကျတယ်။"

သူ ဘာကို ဆိုလိုချင်နေတာလဲဟု ကျွန်မ မေးလိုက်ချင်ပါသည်။သို့သော် ဆိုဗက်စ်စတာက အရမ်းပျော်ရွှင်နေသည့်ပုံစံ ဖြစ်နေသဖြင့် ကျွန်မ မမေးလိုက်ပေ။ဘာပဲဖြစ်ဖြစ် ကောင်းသောကိစ္စ တစ်ခုသာ ဖြစ်မည်ဟု ကျွန်မအနေဖြင့် သေချာသည်။ကောင်းသော ကိစ္စ တစ်ခုပင်။

ရလဒ်အနေဖြင့် အိမ်ရှေ့စံမင်းသားလက်ထဲ ရောက်သွားမည့် ပါရမီရှင် နှစ်ယောက်ကို ကျွန်မ ရရှိနိုင်လိုက်ပြီ ဖြစ်သည်။အနာဂတ်တွင် ရစ်ဗက်ကို မြို့စားကြီးက အသုံးချလိမ့်မည်။သို့သော်လည်း ၎င်းက ကျွန်မကို ကူညီလိမ့်မည်၊ကျွန်မကို ဒုက္ခရောက်စေမည့် ကိစ္စများ လုပ်လိမ့်မည် မဟုတ်ပေ။

ကျွန်မသည် ထိုမျှ အဝေးကြီးအထိ တွေးမိချိန်တွင် ပျော်ရွှင်စွာဖြင့် ညည်းလိုက်မိသည်။

အာ၊ဒီနေ့က နေ့ကောင်းလေးတစ်နေ့ပါလား။

*

မြို့စားမင်းကြီးမှ ကျင်းပပြုလုပ်သည့် ကပွဲသဘင်သို့ တက်ရောက်ရမည့် နေ့သို့ ရောက်ရှိလာခဲ့သည်။မနက်ခင်းမှာကတည်းက ကျွန်မ အဆင်သင့် ပြင်ဆင်နေခဲ့သည်။မကြာသေးခင်က ကျွန်မသည် အယ်လာ၏ဆိုင်မှ ဝတ်စုံအများအပြား ဝယ်ယူခဲ့သဖြင့် ထိုဝတ်စုံများထဲမှ တစ်စုံကို ကျွန်မ ရွေးချယ်ရပေမည်။ရွှေချည်များဖြင့် ပန်းထိုးထားသော အဖြူရောင်ဂါဝန်ကို ကျွန်မ ရွေးချယ်လိုက်သည်။

ကျွန်မတွင် ငွေဖြူရောင် ဆံနွယ်များရှိသဖြင့် ထိုဝတ်စုံက ကျွန်မနှင့် လိုက်ဖက်လိမ့်မည်ဟု တွေးမိပြီး ထိုဝတ်စုံကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

"ထင်ထားတဲ့အတိုင်း မဒမ့်မှာ အမြင်ကောင်းကောင်း ရှိတာပဲ။"

"အမှန်ပါပဲ။ဒီဝတ်စုံက အားလုံးထဲမှာ ဈေးအကြီးဆုံးလို့ ကျွန်မ ကြားမိတယ်။"

"မဒမ်သာ ဝတ်လိုက်ရင် အရမ်းကို ခမ်းနားတင့်တယ်နေမှာပါ။"

အရင်းရှင်ဝါဒကြောင့် ကျွန်မ၏မျက်လုံးများပင် စပ်ဖျဥ်းဖျဥ်းဖြစ်လာတော့သည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက ဈေးကြီးနေသည်ကို ကျွန်မ မယုံနိုင်ပါ။အံ့ဩစရာ ဖြစ်နေသည် မဟုတ်ပါလော။မည်သို့ပင်ဖြစ်စေ ကျွန်မ အစေခံကိုသာ ဝတ်ဆင်ခိုင်းလိုက်ရသည်။ထိုအချိန်တွင် အနည်းငယ် ဖရိုဖရဲဖြစ်နေသော အဝတ်အစားနှင့် အိုင်ရင်းက တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်လာခဲ့သည်။

"မဒမ်၊ကျွန်မ ရောက်ပါပြီ။"

အိုင်ရင်းသည် အမောတကော အသက်ရှူနေရပြီး သူမ၏ ပါးပြင်များကလည်း နီရဲနေ၏။ထို့ကြောင့် သူမက အလွန် စိတ်လှုပ်ရှားနေသည့် အသွင်ဖြစ်နေသည်၊ကျွန်မ အိုင်ရင်းကို ဆီးကြိုနှုတ်ဆက်လိုက်သည်။

"နင် အဲ့ဒါကို ယူလာခဲ့လား။"

"ဟုတ်ကဲ့၊ကျွန်မ ယူခဲ့ပါတယ်။"

အိုင်ရင်းသည် ကြေးစားစစ်သည် အဖွဲ့အစည်းမှ သူမ သွားယူလာသည့် ပစ္စည်းများကို ကိုင်ထားပြီး သူမ၏ ပခုံးများကို တွန့်လိုက်သည်။

"ဝါး ၊ကျွန်မ အရမ်းကြောက်နေခဲ့တာ။ဒါပေမဲ့ ပျော်စရာကောင်းပါတယ်။ကြေးစားစစ်သားတွေက ကျွန်မကို ကြည့်ပြီး စကားတွေ ပြောနေကြတယ်။ဒါပေမဲ့ သူတို့က တခြားဘာမှ မပြောဘဲ ကျွန်မကို ဒီပစ္စည်းတွေ ပေးလိုက်ပါတယ်။"

"အလုပ်ကို သေချာ လုပ်ခဲ့တာပဲ။ တော်တယ်။ငါ နင့်ကို လွှတ်လိုက်တာ တကယ် မှန်တာပဲ။"

ကျွန်မ၏ ချီးကျူးမှုကြောင့် အိုင်ရင်း၏ မျက်နှာမှာ ပို၍ နီရဲသွားသည်။

"အာ၊ ကျွန်မအပေါ် မဒမ်က ယုံကြည်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါရှင်။"

အိုင်ရင်းသည် ရှက်ရွံ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူမ ကျွန်မကို ပေးလိုက်သော သေတ္တာကို ညွှန်ပြ၍ သူမက ပြောသည်။

"ဒါပေမဲ့ မဒမ်က ဒါကို ဘာကြောင့် လိုအပ်တာလဲ။ဂျိုးဆက်ရော တခြားသူတွေကရော ကျွန်မကို ဒီလို ပြောကြတယ်။ဒါကို ရဖို့ တကယ် ခက်ခဲတယ်တဲ့။"

"ဒါကြောင့်မို့လို့ ငါ ဒါကို လိုအပ်တာလေ။"

ကျွန်မ ပြုံးလိုက်ပြီး သူမအား သေတ္တာကို ထုပ်ပိုးပေးရန် ပြောလိုက်သည်။၎င်းက မြို့စားမင်းကြီးအတွက် အစစ်အမှန် ပစ္စည်းတစ်ခုဖြစ်သည်။သူက ၎င်းကို သဘောကျလိမ့်မည်။သေချာပါ၏။

ကျွန်မ ထိုသို့ တွေးလိုက်ရင်း မှန်ရှေ့သို့ လှည့်လိုက်သည်။

"နင် ဘယ်လိုထင်လဲ။"

"မဒမ်က ဒီနေ့လဲ အရမ်းလှနေပါတယ်။"

သူမ ပြောသကဲ့သို့ မှန်ထဲရှိ ကျွန်မ၏ ပုံရိပ်မှာ အမှန်တကယ်ပင် မျက်စိစူးလောက်သည်အထိ လှပပါသည်။သို့တိုင် ထိုအလှက အေးစက်လွန်းသည်။လူတွေက ကျွန်မ၏ မျက်နှာကို မြင်ရုံဖြင့် ကြောက်ရပါသည်ဟု ပြောကြသည်ကို ကျွန်မ သိသည်။ကျွန်မလည်း ထိုမျက်နှာကို စိတ်ပျက်ရသည်မှာ ကျင့်သားရနေပြီ ဖြစ်၏။

သို့သော် အခုတွင်တော့

အတော်လေး ကောင်းပါတယ်လေ။

အကယ်၍ ကျွန်မသာ လူတွေကို ကြည့်ပြီး သင်တော်သော အမူအရာတစ်ခု ပြုလိုက်သည်နှင့် သူတို့က ကြောက်ရွံ့ပြီး ကျွန်မကို နာခံလာလိမ့်မည်။

ငါ ဒါကို အသုံးချသင့်လား။ငါ ဘာကို အသုံးချရမလဲ။

ကျွန်မသည် ဗီလိန်တစ်ယောက်အဖြစ် နေထိုင်ရင်းမှ ကိုယ်တိုင်ပင် ဗီလိန်အစစ်တစ်ယောက် ဖြစ်လာသည်ဟု ခံစားနေရသည်။သို့သော် အဆင်ပြေပါသည်။ကျွန်မ၏ ဘဝကို ကာကွယ်နိုင်ရန်အတွက် ကျွန်မ မလုပ်နိုင်စရာအကြောင်း မရှိပေ။

"အခု သွားကြမယ်။"

"ဟုတ်ကဲ့"

အိုင်ရင်းသည် တံခါးရှိရာသို့ အပြေးအလွှား သွားလိုက်ပြီး ကျွန်မအတွက် တံခါးကို အကျယ်ကြီး ဖွင့်ပေးလာသည်။

သို့သော် ...


TK Team
++++++++