Chapter 24
Viewers 4k

Ch24- လမ်းကြောင်းပြောင်းခြင်း


စီးကရက် မီးခိုးများက ကားအတွင်းခန်းထဲ လှည့်ပတ်နေခဲ့သည်။ ကျန်းရွေ့နှင့် ဝမ်ဟွေ့ဝမ်တို့သည် ချက်ချင်း မမောင်းကြသေးဘဲ အထဲမှာ ဆေးလိပ်သောက်နေကာ အဖွဲ့ကို စောင့်နေခဲ့ကြသည်။

အချိန်အတော်ကြာတဲ့အထိစောင့်နေခဲ့ပြီးနောက်တွင် ဘယ်သူမှ လိုက်မလာကြမှန်း သူတို့ သိလိုက်ရသည်။

ကျန်ူရွေ့က စတီယာရင်ကို လက်ဖဝါးနဲ့ စိတ်တိုစွာရိုက်လိုက်သည်..."ဒီတစ်ဖက်ပိတ်တဲ့လူတွေအားလုံးကတော့ ဦးနှောက်ဆဲလ်တစ်ခုကိုမျှသုံးနေကြလားမသိဘူး"

ဝမ်ဟွေ့ဝမ်က ကားအတွင်း၌ သိမ်းဆည်းထားသည့် နှုတ်ခမ်းနီကို ယူကာ သူမ၏ နှုတ်ခမ်းပေါ် လိမ်းလိုက်ပြီး စီးကရက်ကိုရှိုက်လိုက်သည်။ စီးကရက်ပေါ်တွင် အနီရောင်အရာတစ်ခုက ကွက်ကွက်ကွင်းကွင်း ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်လုံးထောင့်များသည်မြင့်တက်သွားပြီး ထုတ်ဖော်မပြနိုင်သော အမူအရာဖြင့် သူမ၏မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

ကျန်းရွေ့ : "အဲ့ရှဲ့ယင်းဆိုတဲ့ တစ်ယောက်က ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ပုံပေါ်တယ်.. အစတုန်းကတော့ သူမကို ငါတို့နဲ့အတူ ခေါ်သွားဖို့ စိတ်ကူးထားပေမယ့်..."

ဝမ်ဟွေ့ဝမ်က နည်းနည်းချဉ်နေသည့်အသံဖြင့် "သူမက လှလည်းလှတယ်မလား?"

ကျန်းရွေ့က ဝမ်ဟွေ့ဝမ်ပါးကိုညှစ်လိုက်ကာ အနမ်းတစ်ခုပေးလိုက်ပြီးပြောလိုက်သည် "အဓိပ္ပာယ်မရှိတာ..ကိုယ်ဘယ်သူ့ကိုကြိုက်လဲဆိုတာ အခုထိမသိသေးဘူးလား?"

ဝမ်ဟွေ့ဝမ်က သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်လိုက်ကာ အလိုလို အနမ်းတုံ့ပြန်လိုက်သည်။ နှစ်ယောက်သား ခဏလောက် ပူးကပ်ပြီးနောက် မတည်မငြိမ် အသက်ရှူသံများဖြင့် ခွာလိုက်ကြသည်။

"သူတို့မလိုက်လာဘူးဆိုရင်လည်း ထားလိုက်တော့ ကိုယ်တို့ဘာသာပဲသွားကြရအောင်" ကျန်းရွေ့က ရဲရင့်တဲ့ပုံစံဖြင့်ပြောလိုက်ကာ သူကြုံတွေ့ခဲ့ရသည့် ညအမှောင်ကို ကြောက်ရွံ့သည့်အရိပ်အယောင်ကို မပြဘဲနေလိုက်သည်။

ကားအင်ဂျင်ကစတင်နှိုးလာခဲ့သည်....သူတို့သည် အမည်မသိ ပန်းတိုင်ဆီသို့ဦးတည်ကာ အရှိန်မြှင့် မောင်းလိုက်ကြပြီး နောက်တွင်အိတ်ဇောအငွေ့ အနည်းငယ်ကို ချန်ထားခဲ့လေသည်။

နောက်တဖန် သူတို့သည် အခြားသူများကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြန်သည်။

ဆယ့်နှစ်ထပ်မြောက်က စားသောက်ခန်းတွင်... ကောင်းချန်က ခပ်ဝေးဝေးတွင်ရပ်နေပြီး အခန်းတစ်ဝိုက်မှ ရှဲ့ယင်းအား "ဟေး ညီမလေး မကြောက်ဘူးလား?"

ရှဲ့ယင်းက ခေါင်းငုံ့ထားကာ ကြမ်းပြင်ပေါ်ရှိ အလောင်းကို စိုက်ကြည့်နေရင်း အတွေးထဲနစ်နေသည်။ သူမ၏ ဆံမြိတ်များက နဖူးပေါ်ကျနေပြီး သူမမျက်လုံးများကို ဖုံးအုပ်ထားကာ ကောင်းချန်သည် ခေါင်းယမ်းနေသည့် မြင်ကွင်းမှလွဲ၍ ဘာမှ မတွေ့ရပေ။

မတ်တပ်ရပ်ရတာ ငြီးငွေ့လာသည်နှင့်အမျှ ကောင်းချန်က ရှဲ့ယင်း၏ အနား ခြေလှမ်းတစ်ခါလောက် လှမ်းလိုက်ပြီး "အဲ့လို စိုက်ကြည့်ရုံနဲ့ ဘာမှသိရမှာမဟုတ်ဘူး..အဲ့တော့ ဒီကို လာပြီးဘာလို့ ခဏလောက် အနားမယူတာလဲ"

ရှဲ့ယင်းက ခေါင်းမော့လာသည်။ မိတ်ကပ်မလိမ်းဘဲနဲ့တောင် သူမရဲ့ သဘာဝအလှက နူးညံ့ဖျော့တော့ကာ ဆွဲဆောင်မှုရှိပြီး တောက်ပနေဆဲပင်...

ကောင်းချန်က ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ကျောရိုးအေးခနဲဖြစ်သွားတာကို ခံစားလိုက်ရသည်။ ရှဲ့ယင်းကတစ်ဖန် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့ ကြည်လင်တောက်ပသော ရာသီဥတုအောက်တွင် သူမ၏ မျက်လုံးများသည် ကြည်ပြာရောင်ဖြင့် တောက်ပနေလေသည်။ ကောင်းချန်က သူ့စိတ်တွေကို စုစည်းလိုက်ပြီး "မင်းတကယ် မလာဘူးလား... မင်း သူ့ကို မကြောက်ဘူးလား..သေနေရာကနေ ရုတ်တရက် ထခုန်လာရင် ငါလည်း မင်းကို အချိန်မီ ကာကွယ်နိုင်မှာ မဟုတ်ဘူးနော်..."

ရှဲ့ယင်းက သူ့ကို တစ်ချက်မျှ ကြည့်လာပြီး စိတ်ခံစားချက်အားလုံးကို ဖုံးကွယ်ထားသော မျက်လုံးများဖြင့် "အသက်ရှင်နေတဲ့သူတွေက သေနေတဲ့သူထက် ပိုကြောက်ဖို့ကောင်းတယ်" ဟုပြောလာသည်။

"ဘယ်..ဘယ်လို?" ကောင်းချန်၏ ခြေလှမ်းက လှေကားအစွန်းနား တဖြေးဖြေးရွေ့သွား၏။ သူက သူမစကား၏ အဓိပ္ပါယ်ကို နားမလည်တာကြောင့် နားလည်ဖို့ကြိုးစားရင်း "သဲလွန်စတစ်ခုခု ရှာတွေ့လို့လား" ဟုမေးလိုက်သည်။

ရှဲ့ယင်းက ပြတင်းပေါက်ကို ငေးကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်ကာ သူမဧ် အနည်းငယ်ဖျော့တော့နေသော နှုတ်ခမ်းများက တင်းကျပ်သွားသည် "ဘာမှမဟုတ်ဘူး"

×××××××××××

ကောင်းကင်၌ တိမ်ဖြူဖြူလေးများကအလွှာလိုက် လွင့်နေကာ အလှဆင်လျက်ရှိနေပြီး ကလေးတွေစားသည့် ငှက်သိုက်မုန့်နဲ့ပင်တူနေသည်။

ဒီအနမ်းမှာ ဘာရည်ရွက်ချက်တွေရှိနေတာလဲ.....

ဖန်ချန်း၏ မျက်ရည်များက တစ်ဖန်ပြန်စီးကျလာပြန်သည်။ သူသည် အမြဲငိုချင်နေသည့်ပုံအင်..သေးငယ်သည့်အရာတစ်ခုတောင်မှ သူ၏အာရုံကြောများကို အထိမခံနိုင်အောင်နှိုးဆော်ပေးနိုင်သည်။ အရေးကြီးတဲ့အရာတစ်ခုကို မေ့နေပြီး မှတ်ဉာဏ်တွေ ကပျောက်ဆုံးနေခဲ့သလို... သူ့နှလုံးသားက ငှက်မွှေးလေးတစ်ခုလိုပဲ လေထဲမှာ လွင့်မျောနေပြီး မသာယာမှုတွေ စိုးရိမ်ပူပန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကြားက ဆင်းသက်နိုင်မည့်ခိုင်မာသောမြေပြင်ကို ရှာမတွေ့နိုင်ပေ...

ခန္ဓာကိုယ်ချင်းခွာလိုက်ကြပြီးနောက် နျဲ့ရှီက သူ့း မျက်ရည်များကို သုတ်ပေးလာသည်။ သူကဘာမှမပြောလာပေမယ့် သူ့အမူအရာကတော့ နှလုံးသားတစ်ခုလုံး နာကျင်နေသည့်အရိပ်အယောင်ပြနေသလိုပင်... သူ၏မျက်တောင်များက အနည်းငယ်တုန်ခါသွားပြီး ဖန်ချန်း၏အမည်ကို ခေါ်လာကာ သူ့စကားလုံးများက ကိုးရိုးကားရားထွက်ကျလာသည်။

ဖန်ချန်း၏ မျက်လုံးများရှေ့တွင် အပိုင်းပိုင်းပြတ်တောက်နေသော ပုံရိပ်များက ပေါ်လာပြီး သူ့မှတ်ဉာဏ်ထဲက မြင်ကွင်းအချို့ကို သတိရလာစေခဲ့သည်။

ထိုနေ့သည် သာယာသောနေ့လေးတစ်ခုဖြစ်ခဲ့ပြီး ဖန်ချန်းက အလုပ်ဝတ်စုံဝတ်ထားစဉ်တွင် နျဲ့ရှီက ကျောင်းဝတ်စုံကို ၀တ်ထားခဲ့သည်။ တစ်ယောက်က ငိုနေပြီး နောက်တစ်ယောက်က ပျောက်ဆုံးနေသလိုမျိုးပင်.. ငယ်ရွယ်မှု အရသာက ပင်လယ်ရေလိုမျိုး ငန်ပြီး ခါးလေသည်။ သူတို့၏ ချွေးများက သူတို့ နှစ်ယောက်လုံးကို ဖိုသီဖက်သီဖြစ်နေစေပြီး အကျဉ်းအကြပ်အခြေအနေတစ်ခုတွင် ရှိနေစေသည်။ ထိုပူလောင်သောနွေရာသီနေ့တွင် ဖန်ချန်းသည် ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်။

အဆုံးတွင် နျဲ့ရှီသည် ခေါင်းငုံ့ကာ တောင်းပန်လာပြီး ဖန်ချန်းအား အလျှော့ပေးလာသူဖြစ်သည်..သူက သူ့အဝတ်ကို ဆွဲကာ နာမည်ကို ခေါ်လိုက်လေသည်။ ထိုမှသာ ဖန်ချန်းသည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး အနည်းငယ် အဆင်မပြေသော အပြုံးကို ထုတ်ဖော်လိုက်ကာ နျဲ့ရှီ၏ ခေါင်းကို ပုတ်လိုက်သည်။

မှတ်ဉာဏ်သည် အလွန်ချိုမြိန်သော်လည်း ဖန်ချန်းသည် နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။ သူ့လည်ချောင်းကို ဆုပ်ကိုင်ထားပြီး အသက်ရှုတိုင်း နာကျင်နေကာ ရုန်းကန်နေရသည်။

နျဲ့ရှီသည် ဖန်ချန်း၏လက်ကို ဆုပ်ကိုင်လာပြီး ဖန်ချန်းသည် ဤတစ်ကြိမ်တွင် ရှောင်ဖယ်ရန် မကြိုးစားတော့ပေ။ ဖန်ချန်းက သူဘာလို့မရုန်းမိလဲဆိုသည့် အကြောင်းပြချက်ကိုပင် မစဉ်းစားနိုင်ခဲ့ပေ။ သူ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုကို ထိန်းထားသရွေ့ နျဲ့ရှီက ပုပ်ပွလာမှာ မဟုတ်ပေ...

သူတို့သည် လှေကားမှဆင်းလာလိုက်ကြပြီး အထပ်တစ်ခုစီကိုဖြတ်၍ ချောင်ယန်ကိုရှာဖွေခဲ့ကြသည်။ အထပ်တိုင်းက အခန်းတံခါးတိုင်းကို ရှာဖွေခဲ့သည်။ဖန်ချန်းသည် ပထမထပ်ရောက်သည်အထိတံခါးတိုင်းကို တွန်းဖွင့်ပြီးရှာခဲ့သည်။နေရာတိုင်းမှာရှာပြီးနောက် ချောင်ယန်ကို ဘယ်တော့မှရှာမတွေ့လောက်တော့ဘူးဆိုတာကို ကြိုသိသွားခဲ့သည်။

သူတို့ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဆယ့်နှစ်ထပ်သို့ ပြန်သွားလိုက်ကြသည်။

ရှဲ့ယင်းက အလောင်းနှင့် အနီးဆုံး ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သွေးစွန်းနေသော အကြွင်းအကျန်များကို ထိခြင်းမှရှောင်ရှားရန် သူမ၏ ခြေထောက်များကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။ 

ထိုအချိန်တွင် ကောင်းချန်သည် စင်္ကြံမှရောက်လာသော နှစ်ယောက်နောင်ကို ချောင်းကြည့်လိုက်သည်။ သူတို့နောက်မှာ ပါလာသည့်သူမရှိတာကို သတိထားမိတော့ သူက နှုတ်ခမ်းကို စေ့လိုက်ပြီး "သူ့ကို မတွေ့သေးဘူးလား.. ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ..ဒီတိုင်း ထွက်သွားကြမလား"

"ငါတို့ ထွက်သွားလို့ မရတော့ဘူး.." ရှဲ့ယင်းက မတ်တပ်ထရပ်ပြီး ဆက်ပြောလိုက်သည် "တဖြေးဖြေးမှောင်လာပြီ"

ထို့နောက်တွင် ကောင်းချန်သည် စားသောက်ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည်။ တကယ်ပင် အပြင်မှာ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။ သူက ကျိန်ဆဲရုံကလွဲမတတ်နိုင်တော့ပေ..."ချီးပဲ သေစမ်း နာရီနည်းနည်းလောက်ပဲရှိသေးတာကို မှောင်နေပြီ" 

"အဲ့တာက ပိုပြီးမှောင်တာ မြန်မြန်လာပြီ" ရှဲ့ယင်းက ထွက်သွားဖို့ဦးဆောင်လိုက်သည်... "လာကြ...ပြန်သွားကြရအောင်.. ငါတို့ဒီမှာ တစ်ညထပ်နေမှရမယ် နေ့အချိန်ရောက်လာတာနဲ့ ငါတို့ချက်ချင်းထွက်သွားကြမယ်"

အမှောင်ထုအား တစ်စုံတစ်ယောက်ရှေ့ကို တွန်းပို့နေသကဲ့သို့ပင် အမှောင်ထုသည် ပိုမိုမြန်ဆန်ကာရောက်လာတော့သည်။

"ဒါဆို တခြားသူတွေကိုကော?သူတို့ကို လိုက်မရှာတော့ဘူးလား.." ကောင်းချန်ကမေးလိုက်သည်...သူ့အသံတွင် မယုံကြည်နိုင်ဟန်များပါဝင်နေပြီး... "ငါတို့ ဒီမှာ နာရီပေါင်းများစွာ အချိန်ဖြုန်းပြီးတော့ နောက်ဆုံးကြ ဘာမှ မရလာဘူးပေါ့?"

သုံးယောက်စလုံး တစ်ယောက်ကမှ ပြန်မဖြေကြပေ။ သူတို့က ဓာတ်လှေကား ဦးတည်ရာဆီသို့သာ တည့်တည့် လျှောက်သွားလိုက်ကြပြီး ကောင်းချန်က ထိုနေရာတွင် အဆင်မပြေစွာ ရပ်နေခဲ့သည်။ အဆုံးမှာတော့ သူ့မှာ အလျင်အမြန် လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ..

အခန်းတွင်းရှိ ကန့်လန့်ကာများကို တစ်ဝက်စီဆွဲဖွင့်ပြီး အခန်းအတွင်း အလင်းနှင့် အရိပ်က ပေါင်းစပ်ပေ့်လာသည်။ ကောင်းချန်က ဆိုဖာပေါ် လှဲချလိုက်ပြီး သူ့ဗိုက်ကို ပွတ်သပ်လိုက်သည် "အခု ငါတို့ဘာလုပ်ကြမလဲ အဖွဲ့ထဲကလူတွေအားလုံးကလည်း ပြန့်ကျဲနေပြီ.. စားစရာလည်းမရှိတော့ဘူး..ဘယ်သူသိမှာလဲ... မကြာခင်မှာတင် နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင်က ပေါ်ချင်ပေါ်လာတော့မှာ" နာရီအနည်းငယ်ကြာအောင် အချည်းနှီးစောင့်ဆိုင်းနေရပြီးနောက်တွင် သူသည် မတတ်နိုင်ဘဲ ခါးသီးသောခံစားချက်ရလာတော့သည်။

ဖန်ချန်းသည် မှတ်ဥာဏ်အပိုင်းအစများကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူ့ရင်ထဲ တိုးဝင်လာတဲ့ ခံစားချက်တော်တော်များများက သူတကယ်ခံစားရတဲ့ ခံစားချက်နဲ့မတူနေသလိုလိုဖြစ်သွားသည်။ သူ့ခံစားချက်တွေအားလုံးကို တပါးသူက ခြယ်လှယ်နေသလိုမျိုး သံသယအရိပ်အယောင်တွေ ဖုံးလွှမ်းသွားခဲ့သည်။

ရှဲ့ယင်းက သူမ၏ နှုတ်ခမ်းများကို ဖွဖွကိုက်ကာ တောင်းပန်ရန် စတင်လိုက်သည်။ "ဒီနေ့ ဖြစ်ပျက်ခဲ့သမျှက ငါ့အမှားပါ.. တောင်းပန်ပါတယ်..အဲဒီတုန်းက အခြေအနေက အရမ်းထူးခြားလွန်းလို့ ငါ..."

ကောင်းချန်က ရှဲ့ယင်း၏ တောင်းပန်သည့် အပြုအမူကို သတိပြုမိပြီးနောက် "ဟေး ဟေး ဒီလိုမျိုး စကားတွေ မပြောနဲ့တော့.. ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်က မကြာခင် ရောက်လာတော့မယ်လို့ မျှော်လင့်ကြရအောင်..မကြာခင် ငါတို့ ထွက်သွားနိုင်တော့မှာ ဟုတ်ပြီလား"

ထွက်ပြေးသွားသူ သုံးဦးကို မည်သူမျှ ထုတ်မပြောကြတော့ပေ။

ရှဲ့ယင်းက မျက်တောင်ခတ်လိုက်ပြီး "ကောင်းပြီ" ဟု သဘောတူလိုက်သည်။ သူမက ဖန်ချန်းနောက်က နျဲ့ရှီကို မကြည့်မီ သူမအကြည့်များက ဖန်ချန်းပေါ်ရောက်သွားကာ သူမ၏အမူအရာမှာ ရှုပ်ထွေးနေပုံရသည်..

ဖန်ချန်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ အနေအထားတွင် လွဲမှားနေသော အရာတစ်ခု ရှိနေပြီး အထိမခံဖြစ်နေသည်ကို သတိပြုမိလိုက်သော်လည်း ရှဲ့ယင်း ၏ အကြည့်များသည် အခြားနေရာသို့ လွင့်မျောသွားခဲ့ပြီဖြစ်သည်။

အလွန်အကျွံငိုခြင်းကြောင့် ဖန်ချန်း၏မျက်လုံးများသည် ခြောက်သွေ့နေကာ ကြိမ်ဖန်များစွာ မျက်တောင်ခတ်လိုက်မိသည်။ ထို့နောက် သူ့ကိုယ်တွင်း၌ လွဲမှားနေသော အရာကို အတိအကျ ရှာဖွေဖော်ထုတ်ရန် ကြိုးစားရင်း သူ့စိတ်ထဲသူ မြှုပ်နှံလိုက်သည်။ သူသည် မကြာသေးမီရက်များအတွင်းက အဖြစ်အပျက်များကို ဂရုတစိုက်ပြန်ခြေရာကောက်ခံခဲ့လိုက်သည်။ ဖန်ချန်းသည် ထိုတိုက်ခန်းမှာမျက်လုံးဖွင့်ချိန်မှစ၍ နေလို့မကောင်းခဲ့ဘဲ နျဲ့ရှီသည် အကြီးမားဆုံးပိုးကောင်ဖြစ်နေခဲ့တာသတိထားမိလိုက်သည်။

ဖန်ချန်းသည် နှုတ်ခမ်းများတင်းတင်းစေ့ထားရင်း မျက်လုံးများကိုမှိတ်ထားပြီး အတွေးလွန်နေကာ ခေါင်းကတဆစ်ဆစ် တုန်ခါလာတော့သည်။

×××××××

လီလီတို့သည် မွှေးကြိုင်နေ၏။ ဖန်ချန်းသည် သူ့စောင်အောက်ထဲတွင် မျက်ရည်များဖြင့်ရွှဲနစ်နေပြီး ချောင်းဆိုးလိုက်စဉ် မျက်ရည်များက သူ့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

ပတ်ဝန်းကျင်သည် မှိန်ဖျော့နေပြီး ကလေးအများစုမှာ ငိုက်မျဉ်းနေပြီဖြစ်သည်။

သူသည် ငယ်စဉ်က မိဘမဲ့ဂေဟာတွင် နေထိုင်ခဲ့သော ကာလများဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဘယ်ကမှန်းမသိတဲ့နေရာကနေ သူ့စောင်ကို ဖွဖွကန်လာခဲ့သည်။ ဖန်ချန်းလေးသည် သူ့ကိုယ်သူ အော်မိမည်မှ ကာကွယ်ရန် သွားများကို တင်းတင်းကြပ်ကြပ် စိထားလိုက်သော်လည်း နောက်ထပ် နှစ်ကြိမ် အကန်ခံလိုက်ရပြန်သည်။ နောက်ဆုံးတွင် သူသည်စောင်အောင်မှမျက်ရည်များဖြင့်ပြည့်နေပြီး နီရဲနေသော မျက်လုံးများကို ထုတ်ဖော်လိုက်သည်။

သူ့ကိုကန်ခဲ့တဲ့ကလေးက သူ့ခေါင်းဘေးမှာ ထိုင်နေခဲ့ပြီး သူ့ကို လန့်သွားစေခဲ့သည်။ သူ့ကိုမြင်လိုက်တာနဲ့ ဖန်ချန်းလေး၏ နှုတ်ခမ်းကနေ အော်ဟစ်သံတစ်ခု ထွက်လာခဲ့သည်။

"မင်းအရမ်းဆူညံနေတာပဲ ငါအိပ်လို့မရဘူး"

ဖန်ချန်းလေးက မှားယွင်းစွပ်စွဲခံရသလို ခံစားလိုက်ရသည်။ ယနေ့နံနက်တွင် မိဘမဲ့ဂေဟာ ဒါရိုက်တာ၏ မျက်နှာသာပေးမှုကြောင့် သူ့ကို မနာလိုသော ကလေးဗိုလ်များက သူ့စာရေးကိရိယာနှင့် အဝတ်အစားများကို လွှင့်ပစ်ချိုးပစ်ခဲ့ကြသည်။

ယခုတွင် သူ့သည် အမြဲတမ်းတိတ်ဆိတ်နေတတ်တဲ့ကောင်ငယ်လေးတစ်ယောက်ဆီကနေ ဒုတိယအကြိမ်အနိုင်ကျင့်ခံရတော့မလို ခံစားလိုက်ရတာကြောင့် သူမထိန်းနိုင်တော့ဘဲ မျက်ရည်များဝဲလာခဲ့သည်။

အဆောင်ကိုကြီးကြပ်ဖို့လာခဲ့သည့်ဆရာမက လန့်သွားပြီး ထိုကောင်လေးက ဖန်ချန်းကို အနိုင်ကျင့်ခဲ့တယ်အထင်လွဲသွားခဲ့သည်။ ဆရာမက မေးခွန်းမေးလာခဲ့သော်လည်း ထိုကောင်လေးက စကားတစ်ခွန်းမှပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ ဆူပူမှုကြောင့် တခြားကလေးများ၏ အိပ်စက်တာကို နှောင့်ယှက်ဖြစ်သွားမှာစိုးတာကြောင့် ဆရာမက ကောင်လေးနှစ်ယောက်ကို အပြင်ကို ခေါ်သွားလိုက်သည်။

ရှည်လျားလှတဲ့ စင်္ကြံသည် နွေညတွင် အရမ်းအေးလှသည်.. ဖန်ချန်းလေးက အအေးဓာတ်ကြောင့် တုန်သွားသည်။

ကြီးကြပ်ရေးဆရာမက ထိုကောင်လေးမှာ အပြစ်ရှိတယ်လို့ အခိုင်အမာယူဆလိုက်ပြီး ကိုယ့်အမှားကိုယ် သိလားလို့ မေးခဲ့ပေမယ့် ကောင်လေးက ခေါင်းငုံ့ပြီး နှုတ်ဆိတ်နေခဲ့သည်။

လုံလုံလောက်လောက်မျက်ရည်ကျပြီးနောက် ဖန်ချန်းလေးသည် သူကသာ အခြားသူများကို စိတ်အနှောင့်အယှက်ပေးခဲ့သူဖြစ်ပြီး တစ်ဖက်လူကိုမတရားပြုမူမိကြောင်း သိလိုက်ရသည်။ သူက လက်ကို မဝံ့မရဲ မြှောက်လိုက်သည်..

"ဆရာမ အဲ့တာ သားအပြစ်ပါ သူ့အပြစ်မဟုတ်ပါဘူး" 

ထို့နောက် ကောင်လေးနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး "တောင်းပန်ပါတယ်" ဟု အသံတိုးတိုးလေးနဲ့ တောင်းပန်ပလိုက်သည်။

ဖန်ချန်းလေး သူ့စကား ပြောပြီးသွားသည်နှင့် ထိုကောင်လေးက ရုတ်တရက် မျက်ရည်တွေ ကျလာပြီး ရှိုက်သံထွက်လာတဲ့အထိငိုလာကာ "မင်းက အရမ်းဆူညံနေတာ" ဟု လက်မောင်းနဲ့ မျက်လုံးတွေကို သုတ်ကာ ပြောလိုက်သည်။

"ငါ..တောင်းပန်ပါတယ်" ဖန်ချန်းက ငိုချင်သလိုလို ခံစားလိုက်ရပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့ဝဲလာပြန်သည်။ ထို့နောက် ကလေးနှစ်ယောက်သည် အေးစက်ပြီးရှည်လျားသော စင်္ကြံတွင် တညီတညွတ်တည်း ငိုကြတော့သည်။

ကြီးကြပ်ရေးဆရာမက အခြေအနေကြောင့် အံသြသွားကာ သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်အတိအကျကို မေးလိုက်သည်။

နောက်တော့...ဘာဆက်ဖြစ်လဲ? အင်း...တစ်ယောက်တည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့ချိန်မှာတုန်းက အံကြိတ်ပြီး ခံနိုင်ရည်ရှိပေမယ့် တစ်စုံတစ်ယောက်ကသူနဲ့အတူ လိုက်ပါလာတဲ့အခါမှာတော့ သည်းမခံနိုင်ဘဲဖွင့်ထုတ်ခဲ့တော့သည်။

ဖန်ချန်းသည် ကောင်းစွာမပြုမူခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းအတွက် ပြစ်ဒဏ်အနေနဲ့ စင်္ကြမှာ မကြာခဏ ရပ်ခဲ့ရတော့သည်။ အခြားကလေးများကြားတွင် ခဏခဏအပြစ်ပေးခံခဲ့ရသည့် ဖန်ချန်းက ထူးထူးခြားခြား ပေါ်လွင်ထင်ရှားလာတော့သည်။ အစတုန်းက ကောင်းမွန်တဲ့ကလေးတစ်ယောက်ဖြစ်ခဲ့သော်လည်း အခက်အခဲများ အနိုင်ကျင့်မှုများကြားထဲတွင်ပြောင်းလဲခံလိုက်ရသည်မှာ သနားစရာပင်...

သူသည် အသက်ငါးနှစ်မှ ခြောက်နှစ်... ဆယ်ကျော်သက်ကနေ အလယ်တန်းအထက်တန်းကျောင်းပြီးသည့်နေ့အထိ ဘဝ၏ အဆင့်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ပြီး မတူညီသော အချိန်ကာလများအတွင်း တူညီတာတစ်ခုမှာရှည်လျားသော စင်္ကြံတွင် ပြစ်ဒဏ်အနေနဲ့ရပ်နေခဲ့ရတာဖြစ်သည်။ မိဘမဲ့ဂေဟာဒါရိုက်တာတောင် သူ့ကိုဘာမှမပြောနိုင်တော့ပေ...

အဲဒီညတုန်းက... စင်္ကြံက အလွန်အေးခဲ့သည်... သူလုပ်ခဲ့တဲ့ အမှားကြောင့်မဟုတ်ဘဲ စင်္ကြံမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရပ်နေခဲ့ရတာက ဖန်ချန်း၏တစ်ခုတည်းသော အမှတ်ရမှုပင်..

အရင်တုန်းကတော့ ဖန်ချန်းအသေးလေးသည် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ကြိမ်းထားပြီး အမြဲတမ်း စိတ်ဆိုးခဲ့သည်။ ဒါပေမယ့် အဲ့ညကတစ်ခါကတော့ သူ့အပြစ်ဖြစ်ခဲ့မှန်း သူသိသည်။ သူသည် အခြားကလေးငယ်ကို ငိုအောင်လုပ်ပြီး မှားယွင်းစွပ်စွဲစေခဲ့သည်။ သူက တခြားအနိုင်ကျင့်တဲ့ကလေးတွေနဲ့ မတူပေ...

နေရောင်ခြည်သည် ညအမှောင်ကို မဖြတ်ကျော်နိုင်ပေ။ သူ့ကို ပွေ့ဖက်ပေးမည့် နွေးထွေးမှုက မရှိဘဲ ညတာကအလွန်အေးလွန်းနေခဲ့သည်။ ဖန်ချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည်လည်း တခြားကလေးတွေလို ဆိုးလာမှာကို သူ ကြောက်မိခဲ့သည်။

ညဘက်၌ နံရံများတွင် ချောက်ချားစရာများ ရှိနေခဲ့သည်။ ဖန်ချန်းက ရုတ်တရတ် လှုပ်နှိုးခံလိုက်ရသလိုခံစားလိုက်သည်။ သူ့ရင်ဘတ်၌ လေးလံသော ကျောက်တုံးက ဖိထားသလို ခံစားလိုက်ရကာ အသက်ရှုကြပ်လာခဲ့သည်။ သူ့စိတ်ထဲမှာ အမှတ်ရစရာတွေများလေလေ ပိုနာကျင်လေလေပင်။ သူ့နှလုံးသားက ဖောက်ထွင်းခံရသလို သွေးစိမ်းရှင်ရှင်ထွက်လာသလိုခံစားလိုက်ရသည်။

ကောင်းကင်ကြီး လုံးဝ မှောင်မဲနေခဲ့သည်။သူက ဆိုဖာပေါ်တွင် ထိုင်နေသည်ကို သတိရသွားခဲ့သည်။ ယခုတွင် အခန်းထဲ၌ သူနဲ့ ကောင်းချန်တစ်ယောက်ပဲရှိတော့သည်.. ဒီတစ်ခါတော့ သူကဟောက်တောင်မဟောက်နိုင်ဘဲ အိပ်ပျော်နေသည်..

ရှဲ့ယင်း နဲ့ နျဲ့ရှီ တို့ကိုမူ ဘယ်နေရာတွင်မှမတွေ့ရပေ....