Chapter 23
Viewers 4k

Ch 23 ရေခဲလို အအေးဓာတ်


ရှဲ့ယင်းတစ်ယောက် ပြန်ရောက်လာဖို့ကို သူတို့အကြာကြီးမစောင့်လိုက်ရပေ။ သူမက လက်သည်းနီဆိုးထားသောလက်နှင့် ဆံပင်များကိုသပ်လိုက်ရင်း သူတို့ဆီသို့ လျှောက်လာခဲ့ကာ ရှုတ်ချသံနှင့် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုတို့ ရောနှောနေသည့်အသံဖြင့် "သူတို့ ကထွက်သွားတော့ ငါ သူတို့ကိုမတားနိုင်ခဲ့ဘူး" ဟု ပြောလာသည်။ သူမက အလွန်ကျယ်လောင်စွာပြောသောကြောင့် အပေါ်ထပ်မှာရှိနေသည့်လူတိုင်းက ကောင်းစွာကြားလိုက်ရသည်။

"နျဲ့ရှီ..ရှင်မနေ့ညက ဘယ်သွားခဲ့တာလဲဆိုတာ ရှင်းပြတာ အကောင်းဆုံးပဲ" သူမနှင့် ကောင်းချန်တို့ နှစ်ယောက်သား မတ်တပ်ရပ်ထားကာ နျဲ့ရှီကို မော့ကြည့်လိုက်သည်... "မဟုတ်ရင် ရှင်နဲ့အတူ ဘယ်သူကမှမဖွဲ့ထဲဆက်နေချင်ကြမှာမဟုတ်ဘူး"

နျဲ့ရှီက မျက်ခုံး အနည်းငယ်ကြုံ့လိုက်ပြီး "သန့်စင်ခန်း" ဟူသော စကားနှစ်လုံးကို တိုးတိုးလေးပြောလိုက်သည်။

 ဘယ်သူက ဒါကိုယုံမှာလဲ?

ဖန်ချန်းပင်လျှင် ဒါကယုံစရာမကောင်းဘူးဆိုတာသိသည်... ဒါဆိုရင် စောနက နျဲ့ရှီကို စွပ်စွဲချက်ကနေ ဘာလို့ ခုခံကာကွယ်ပေးခဲ့တာလဲ?အဖြေမှာ ရှင်းလှသည်.. နျဲ့ရှီ၏ ထူးခြားချက်များကို သူ အပြည့်အ၀ သိရှိခဲ့ပြီးဖြစ်တာကြောင့်ပင်... ဖန်ချန်းသည် သူ့ခြေဖဝါးအောက်ရှိ ခင်းထားသောကြွေပြားများကို ငုံကြည့် နေကာ အတွေးများဖြင့် နစ်မွန်းနေတာကြောင့် ချောင်ယန်က သူ့ကိုလျှို့ဝှက်စွာကြည့်နေသည်ကို သတိမထားမိလိုက်ပေ။

တိတ်ဆိတ်မှုတစ်ခု အခြေကျလာခဲ့သည်....

နျဲ့ရှီသည် သူပေးလိုက်သည့်အကြောင်းပြချက်မှာ သိပ်ယုတ္တိမရှိကြောင်းကို သိပုံရပြီး သူ့လေသံကိုပြောင်းပြီးပြောလိုက်သည်.... "ပြတင်းပေါက်အပြင်မှာ တစ်ခုခုရှိနေလို့ ထွက်ပြီးသွားကြည့်လိုက်တာ" 

ရှဲ့ယင်း: "ဘာတွေ့လဲ?"

မေးလာသည့်သူ၏ IQ ကို မေးခွန်းထုတ်သလိုမျိုး နျဲ့ရှီ၏ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်သည်.. "စိတ်နတ်ဆိုး..."

ရှဲ့ယင်းက သူမ၏ ဒေါသကို နှိမ့်ချလိုက်ပြီး "ဒါဆို ရှင်ပြောချင်တာက မနေ့တုန်းက စိတ်နတ်ဆိုးတွေက အပြင်မှာရှိနေခဲ့လို့ ရှင်က ကိုင်တွယ်ဖို့သွားခဲ့တာပေါ့?"

တစ်ဖန် နျဲ့ရှီက လေးလေးနက်နက်ဖြင့် "အင်း" ဟူသော စကားလုံးတစ်လုံးကို ပြောလာသည်။

ဒီအကြောင်းပြချက်က လုံလောက်ပေသည်။ ရှဲ့ယင်းက နျဲ့ရှီကို မကြောက်ဟန်ဖြင့် မျက်လုံးတစ်ဝက်မှေးကျဉ်းကာကြည့်လိုက်သည်...

"သူတို့ပြန်လာတာနဲ့ ဒီအကြောင်းကိုငါရှင်းပေးမယ်...ဒါပေမယ့် နောက်တစ်ခါကြရင် တစ်ယောက်တည်း မလုပ်နဲ့... အခုဒါလေးကြောင့်နဲ့ နားလည်မှုအကြီးကြီးလွဲသွားတာကိုကြည့်..." သူမက စကားတစ်ဝက်မှာ ရပ်လိုက်ပြီး ခေါင်းလှည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် ဖန်ချန်းဘက်ကို ခေါင်းပြန်လှည့်လိုက်ပြီး "ဖန်ချန်း ရှင်ရော အဆင်ပြေရဲ့လား"

"ဟင်..ဘာကိုလဲ?" ဖန်ချန်းက လျင်မြန်စွာ မော့ကြည့်လိုက်ပြီး သူ့အမူအရာက ရှုပ်ထွေးနေသည်။

"ရှင် အဆင်ပြေရဲ့လား...စောနက အလောင်းကိုတွေ့တုန်းက ရှင် အရမ်းကြောက်နေခဲ့လို့လေ"

"ငါ..မဟုတ်..." ဖန်ချန်းသည် မသိစိတ်အရ ပြန်ဖြေလိုက်ပြီးမှ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။

ရုတ်တရက် အံ့အားသင့်မှုတစ်ခုက သူ့ကိုဖြတ်သွားခဲ့သည်။

သူ မကြောက်နေဘူးလား?

ဘာလို့လဲ?

မဟုတ်ဘူး...သူ...တကယ်ကို ကြောက်ရွံ့ခဲ့သည်...

ထိုအခိုက်အတန့်မှာပဲ ဘာဖြစ်နေမှန်းသဘောပေါက်သွားပုံရသည်။ သူ့ခြေထောက်တွေ တဆတ်ဆတ်တုန်လာပြီး အကြည့်တွေ အားနည်းလာခဲ့သည်။ ရုတ်တရက် ကြောက်ရွံ့မှု က သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာခဲ့ပြီး နှလုံးတစ်နေရာမှ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နျဲ့ရှီက ဖန်ချန်ကို လှမ်းထိန်းပေးလိုက်ချင်ခဲ့သော်လည်း ဖန်ချန်းကရှောင်လိုက်သည်။ သူ့လက်က လေထဲတွင် ခဏလောက်တန့်သွားပြီးမှ ဖြည်းညှင်းစွာ ပြန်ဆုတ်သွားခဲ့သည်။ သူက ဖန်ချန်းကို အချိန်အတော်ကြာ တိတ်တဆိတ်စိုက်ကြည့်လိုက်ပြီးနောက် ဆုပ်ထားသည့်လက်သီးကို ဖြည်လိုက်ကာ လက်ကိုဘေးချထားလိုက်သည်။

သူ့ကြည့်ရတာ ထပ်ပြီး မပျော်မရွှင်ဖြစ်နေသည့်ပုံပင်...

ဖန်ချန်းက နျဲ့ရှီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ထောင့်တစ်နေရာက ချောင်ယန်ကိုကြည့်လိုက်သည် "မင်း..ထလို့ရရဲ့လား"

ချောင်ယန်က အနည်းငယ် လှုပ်လိုက်ပြီး ထရပ်ကာ သူ့ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် မတ်တတ်မရပ်နိုင်တော့သလို တုန်နေခဲ့သည်။ တိုက်ဆိုင်စွာပင် ဖန်ချန်းလှမ်းကြည့်နေတာကိုမြင်လိုက်တော့ သူက အားနည်းချက်ကိုပြလာပြီး "ဖန်ချန်းကော" ဟုပြန်ပြောလိုက်သည်။

ချောင်ယန်က ခေါင်းငုံ့နေတာကို မြင်နေရသောကြောင့် ဖန်ချန်း၏စိတ်ထဲ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသော်လည်း ၎င်းကို စိတ်ထင်လို့ဟုတွေးကာ ပယ်ချလိုက်ပြီး ခေါင်းကို ပြန်လှည့်လိုက်သည်။

လူတစ်ဦးစီတိုင်းတွင် မတူညီသော အတွေးအမြင်များကို သိမ်းဆည်းထားကြသည်။ နျဲ့ရှီ၏ရှင်းပြချက်ကို မည်သူကမှ အပြည့်အဝလက်ခံခြင်းမရှိသော်လည်း ဖန်ယင်းယင်း၏ သေဆုံးမှုနောက်ကွယ်မှ ကျူးလွန်သူမှာ သူမဟုတ်ကြောင်းကိုသိကြသည်။ ဖန်ယင်းယင်း၏ သေဆုံးပုံက ထူးဆန်းလွန်းပြီး လူကသတ်လို့သေတာနဲ့မတူပေ..

ညမိုးချုပ်မည့်အချိန်ကို မည်သူမျှ မသိကြပေ။ နျဲ့ရှီက သူတို့နှင့် ရှင်းလင်းစွာကွဲပြားမှုများရှိနေသော်လည်း သူတို့သည် လက်ရှိကြုံတွေ့နေရသော ဆိုးရွားသည့်ဒုက္ခများမှလွတ်မြောက်ရန် သူ့ကိုအားကိုးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ယခုအချိန်တွင် သူတို့လုပ်နိုင်သည့်တစ်ခုတည်းသော အရာမှာ အမြဲတမ်း သတိရှိနေရန်သာဖြစ်သည်။

"ငါတို့ အခုဘာဆက်လုပ်ကြမှာလဲ?" ကောင်းချန်က မေးလာသည်... "အခုကနေ့ခင်းဘက်ဆိုတော့ ငါတို့ ကားနဲ့ ထွက်သွားကြရင်ရော"

ရှဲ့ယင်းက လေးနက်သော အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်..."ငါတို့ ဘယ်ကို လွတ်မြောက်ဖို့သွားရမှာလဲ? အခု ငါတို့ကို သတ်ဖို့ ကြိုးစားနေတာ ဘာမှန်းတောင် မသိနေတာကို..."

"ကောင်းပြီ...ဒါပေမယ့် ငါတို့ဒီမှာဆက်နေပြီးတော့ အဲ့အလောင်းကြီးကိုဆက်ကြည့်နေလို့တော့မရဘူးလေ" ကောင်းချန်၏နဖူးတွင် ချွေးများ တစ်ဖန်ပြန်ပေါ်လာပြန်သည်။သူက ပန်းရောင်လက်ကိုင်ပုဝါကို ထုတ်ကာ ချွေးများကို သုတ်လိုက်ပြီး "ငါတို့ဘယ်လောက်ပဲခက်ခဲနေပါစေရုန်းထွက်ရမယ်လေ... ညကြလည်း ဘယ်အချိန်ရောက်လာမလဲ မသိဘူး.. ငါတို့ ဒီကျိန်စာမိနေတဲ့ နေရာမှာ ဆက်နေနေရင် ဘယ်သူသိမလဲ? ငါတို့က နောက်ထပ် သေရမယ့်သူတွေဖြစ်သွားလိမ့်မယ်"

"ရှင်မှားနေပြီ" ရှဲ့ယင်းက ဖန်ချန်းနားသို့ သွားလိုက်ပြီး “ဒီနေရာက လူတွေကို သတ်နေတာမဟြတ်ဘူး.. ဒီနေရာမှာ ငါတို့ကို သတ်ပစ်ချင်နေတဲ့ တစ်ခုရှိနေတာပဲ...စိတ်နတ်ဆိုးတွေလိုပေါ့..ငါတို့ တိုက်ခန်းမှာပဲနေနေ ဒီဟိုတယ်မှာပဲနေနေ ငါတို့ သွားတဲ့နေရာတိုင်းကို သူတို့လိုက်လာမှာပဲ" သူမ စကားပြောလိုက်ရင်း အခြေအနေကို ခေါင်းအေးအေးထားပြီး ခွဲခြမ်းစိတ်ဖြာနေသည်။ 

"ငါတို့ဘာကြောင့်လဲဆိုတာ အဖြေရှာမရရင်ဘယ်ကိုပဲထွက်ပြေးနေပါစေ... နောက်ထပ်တစ်ယောက်ကသေနေဦးမှာပဲ"

ဖန်ချန်းသည် အခန်းပြင်ထွက်ရန် ခန္ဓာကိုယ်ကိုဘေးဘက်သို့ အနည်းငယ် လှည့်လိုက်ပြီး ရှဲ့ယင်းသည် နည်းနည်းလေးတောင် မဆိုင်းတွဘဲ အလောင်းဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ သူမသည် ရိုးရိုးရှင်းရှင်း ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီလက်တိုကို ၀တ်ဆင်ထားသည်။

ကောင်းချန်သည် လှေကားနားတွင် မတ်တပ်ရပ်ပြီး ငုံ့ကြည့်လိုက်သည်။ သူသည် အမှန်တော့ စောနက ဟိုလင်မယားနှင့်အတူထွက်သွားချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူတို့နှင့်မလိုက်နိုင်ခဲ့ပေ။ သူက အုပ်စု၏နောက်တွင် ကျန်ရစ်ခဲ့မည်ကိုလည်း ကြောက်တာကြောင့် ထိုနေရာတွင် ကိုးရိုးကားရားဖြင့်သာ ရပ်နေခဲ့ပြီး ချွေးများကို လက်ကိုင်ပုဝါဖြင့် ထပ်ခါတလဲလဲ သုတ်နေခဲ့သည်။

“ထပ်သည်းမခံနိုင်တော့ဘူး…” ချောင်ယန် ရုတ်တရက် မပီမသရေရွတ်လာပြီး ခေါင်းကို ခါယမ်းကာ ရှေ့ကို နှစ်လှမ်းလောက်တိုးလာသည်။ သူက ဖန်ချန်းနား နီးကပ်လာသောအခါတွင် သူက ဖန်ချန်းထက် အနည်းငယ် အရပ်ပိုမြင့်နေတာကို သတိပြုမိလိုက်သည်။

ထို့နောက် ချောင်ယန်က ဖန်ချန်းကို ဘေးသို့တွန်းချလိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းသွားပြီး လှေကားနားက ကောင်းချန်ကလည်း ချောင်ယန်နဲ့တိုက်မိမှာဆိုးတာကြောင့် ဘေးဘက်ကို သွက်သွက်လက်လက် ရှောင်လိုက်သည်။

ဖန်ချန်းက တွန်းချခံလိုက်ရတာကြောင့် ဟန်ချက်ပျက်သွားက လဲကျသွားပြီး နျဲ့ရှီက သူ့ရင်ဘတ်ဆီ နီးကပ်စွာ ဆွဲယူလိုက်ပြီးဖမ်းပေးလာခဲ့သည်။ ဒီအခြေအနေက သူ့ကို ကြည်လင်အေးမြတဲ့ စမ်းရေလို လန်းဆန်းတဲ့ ရင်ခွင်ထဲကို ရောက်သွားသလို ခံစားရစေသဘ်။ နျဲ့ရှီ၏အသက်ရှုသံများက သူ့ကို ဖုံးလွှမ်းသွားပြီး သူသည်တောင့်တောင့်ကြီးဖြစ်နေကာ မလှုပ်ရှားနိုင်တော့ပေ။

ဖန်ချန်းသည် ကော်ဘုတ်မှာ ကပ်နေသည့် အင်းဆက်ပိုးမွှားလေးတစ်ကောင်လိုမျိုး လက်နှစ်ဖက်ကို မြှောက်ပြီးရုန်းလိုက်သည်။ သို့သော် နျဲ့ရှီနှင့် အရေပြားနဲ့ ထိခါနီးဖြစ်သွားတာကြောင့် ရှင်သန်ဖို့ မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ပြီး လက်နှစ်ဖက်ကို ပြန်ချလိုက်သည်။

နောက်ဆုံးတွင် နျဲ့ရှီက သူ့လက်ကို ဦးစွာလွှတ်ပေးလာပြီး အေးခဲသောအအေးဓာတ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ဖန်ချန်းက နောက်ကိုလှည့်ကြည့်ချင်ပေမယ့်လည်း အဲဒီလိုမလုပ်ရဲပေ။ ကွဲလွဲနေသော ခံစားချက်နှစ်ခုက သူ့စိတ်အတွင်း၌ ထပ်ခါထပ်ခါ ခိုက်ရန်ဖြစ်ပွားနေသည်။

ချောင်ယန်က ရုတ်တရက် ထွက်ပြေးသွားတော့ လူတိုင်းက အံ့အားသင့်သွားကြသည်..

ကောင်းချန်က မျက်လုံးများ ပြူးကျယ်‌နေပြီး "သူ ဘာဖြစ်သွားတာလဲ.. ငါတို့ အခု ဘာလုပ်ကြမလဲ"

"ဖန်ချန်း၊ ရှင်နဲ့ နျဲ့ရှီက ချောင်ယန်ကိုရှာဖို့ ဘာလို့ မသွားကြတာလဲ" ရှဲ့ယင်းက အစမ်းသဘောမေးလိုက်ပြီး "သူက ကလေးပဲရှိသေးတာ..." သူမက ခေတ္တရပ်လိုက်ပြီး "တစ်ယောက်ထဲဆို စိုးရိမ်စရာပဲ" ဟု ဆက်ပြောလိုက်သည်။

တကယ်ကြီးလား? သူနဲ့နျဲ့ရှီ?

ဖန်ချန်းက သူ့ခေါင်းကို လှည့်ကာ ဝေ့ကြည့်လိုက်ပြီးနောက် "အာ..ငါ ကောင်းချန်နဲ့...."

နျဲ့ရှီ : "ကောင်းပြီ.."

ဖန်ချန်းက သူ့စကားတစ်ဝက်ကို ပြန်မျိုချလိုက်ပြီး "ကျေးဇူးပြုပြီး ငါ့ကို ဒီထဲကို ဆွဲမထည့်ပါနဲ့" လို့ တောင်းပန်တဲ့အမူအရာ ရှိနေသည့် ကောင်းချန်ကိုကြည့်လိုက်သည်။ ကောင်းချန်က လုပ်ပြုံး ပြုံးပြလိုက်ရင်း "ရှဲ့ယင်းနဲ့အတူ ငါဒီမှာနေခဲ့လိုက်မယ်လေ... မင်းတို့နှစ်ယောက် စိတ်မပူပဲသွားလိုက်သိလား.. မင်းဖုန်းအားသွင်းပြီးသား ဟုတ်တယ်မလား... တစ်ခုခုဖြစ်ရင် ဆက်သွယ်လိုက်လေနော်"

ဖန်ချန်းက သက်ပြင်းချကာ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးနောက် တုံ့ဆိုင်းသွားပြီး ရှဲ့ယင်း ထံသို့ ပြန်လှည့်ကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

"သေချာလို့လား မင်းက မိန်းကလေး..."

ရှဲ့ယင်းက မျက်လုံးကို လှိမ့်လိုက်ပြီး စားပွဲပေါ်က တူတစ်စုံကို ပေါ့ပေါ့ပါးပါး ပုတ်ပြလိုက်ပြီး "လုပ်စမ်းပါ..တော်လိုက်တော့.. ရှင်က ကျွန်မထက် တောင်မှ သတ္တိနည်းသေးတယ်... မြန်မြန်လုပ် သွားတော့ မဟုတ်ရင် ချောင်ယန်က အဝေးကြီးရောက်ပြီး ပျောက်သွားအုံးမယ်"

ကောင်းချန်ကလည်း "ဟုတ်တယ် ငါလည်းဒီမှာရှိနေတာပဲ ပြဿနာမဖြစ်အောင် ညီမလေးရှဲ့ ကိုကာကွယ်ပေးထားမယ် မင်းတို့နှစ်ယောက် သူ့ကိုသာ အမြန်သွားရှာလိုက်" သူ့ရင်ဘတ်ကို ပုတ်ပြကာပြောလာသည်။

ဟိုတယ်က အရမ်းကျယ်လှသည်။ သူတို့ဘယ်ကနေစရှာရမှာလဲ?ဖန်ချန်းမသိပေ...ဒါပေမယ့် နျဲ့ရှီနဲ့အတူ နှစ်ယောက်တည်း ရှိနေရတာက သူ့ကို မနေ့ညအား သတိရသွားစေသည်...။

သူတို့ ကိုးထပ်ကိုရောက်လာကြသည့်အခါမှာတော့ ဖန်ချန်းက သူ့ကိုယ်သူ ဆက်မထိန်းထားနိုင်တော့ပေ။ သူက ရပ်လိုက်ပြီးမေးလိုက်သည်.. "မင်းတကယ်ပဲ ဘာလုပ်မလို့ကြိုးစားနေတာလဲ"

နျဲ့ရှီက ဖန်ချန်၏လက်ကို ဆုပ်ကိုင်ရန် လက်လှမ်းကာ လှည့်ကြည့်သော်လည်း ဖန်ချန်းက သူ့လက်ကို နောက်တစ်ကြိမ် ရှောင်သွားပြန်သည်။ သူ့အကြည့်တွေက နည်းနည်းနက်မှောင်သွားပြီး ခေါင်းယမ်းပြလာပြီး... “မင်း...” 

"ဘာလို့လဲ?" ဖန်းချန်က တုန်လှုပ်သွားသည်။

ဖန်ချန်းသည် ထိုအချိန်တွင် နျဲ့ရှီကို မကြောက်ရခြင်းမှာ ယခင်အိပ်မက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို နျဲ့ရှီက သူ့ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော တစ်ဖက်ခြမ်းကို တစ်ခါမျှ မပြဖူးတာကြောင့်လည်း ဖြစ်နိုင်သည်။

သူ့လက်ကို ဘေးနားချထားလိုက်သည်..

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခဲ့ကြတယ်မလား? ငါနဲ့ မင်း... ငါတို့ရဲ့ ဆက်ဆံရေးက ဘာလဲ? "

နျဲ့ရှီနဲ့ သူသိခဲ့ကြတာ ကြာလောက်ပြီဖြစ်နိုင်သည်...နေကနေ့တိုင်းသာနေပြီး သူတို့ကကျောင်းဝတ်စုံတွေဝတ်ထားခဲ့ကြသည့်အချိန်ကပင်...

ဒါပေမယ့် နျဲ့ရှီနှင့်သူက..ဒီလိုအခြေအနေကိုဘယ်လိုရောက်လာခဲ့ကြတာလဲ?

"မင်းကပုပ်နေတယ်ဆိုတာကို မင်းသိလား"

နျဲ့ရှီက သူ့လက်ချောင်းများကို ငုံ့ကြည့်လိုက်ကာ မျက်စံများက ကျဉ်းသွားပြီး ဖန်ချန်းကလည်း သူ့အကြည့်နောက်လိုက်ကာကြည့်လိုက်သည်။ သူတို့၏ မြင်ကွင်းမှာ နျဲ့ရှီ၏ ရှည်လျားသွယ်လျသော လက်ချောင်းများသာဖြစ်ပြီး ပုပ်နေခြင်း အရိပ်အယောင်မျှပင် မရှိနေပေ... ထို့နောက် နျဲ့ရှီ၏မျက်နှာဆီသို့ လှည့်ကြည့်လိုက်သောအခါတွင် ဖန်ချန်း အံ့အားသင့်သွားသည်။

"ငါ့ကို မကြောက်ပါနဲ့" နျဲ့ရှီက ပြောလာသည်။ "မင်းငါ့ကိုမကြောက်ဘူးဆိုရင်... ပုပ်နေတဲ့အသွင်အပြင်ကိုမြင်ရမှာမဟုတ်ဘူး" သူကစိတ်ပျက်လက်ပျက်နှဖြင့် မျက်လုံးများကို အောင်ကိုငုံ့ထားကာ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားပြီး “မင်း ငါ့ကို အခုကြောက်နေပြီမလား...”ဟုပြောလာသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တွန်းအားကြောင့် ဖန်ချန်းက သူမသိလိုက်ခင်မှာတင် သူ့လက်ကို မြှောက်လိုက်မိသည်။ ဒီတစ်ကြိမ်တွင်တော့ သူ့ကိုယ်သူ မရပ်တန့်တော့ဘဲ သူ့လက်ချောင်းများဖြင့် နျဲ့ရှီ၏ပါးကို ဖြေးဖြေးချင်းပွတ်သပ်ပေးလိုက်သည်။ တဖြည်းဖြည်း ပုပ်နေသည့်အပိုင်းများက ပျောက်ကွယ်လာပြီး သူ့လည်ပင်းက ကြောက်စရာကောင်းတဲ့ သွေးကြောတွေတောင် ပျောက်သွားတော့သည်။ ဖန်ချန်းသည် သူက နျဲ့ရှီအား သူတွေးထားသလောက် မကြောက်မှန်း သိလိုက်သည်။

အချိန်အများစုတွင် သူ၏ကြောက်ရွံ့မှုသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်တစ်ခုလိုပင်... တခြားသူတွေက ကြောက်နေတာကြောင့် သူလည်းကြောက်နေရမည်ဟုခံစားခဲ့ရသည်...

နျဲ့ရှီက နာခံမှုရှိစွာဖြင့်ခေါင်းငုံ့ထားပြီး သူ့ပါးပေါ်ကဖန်ချန်း၏လက်များကို သူ့လက်ဖြင့် အပေါ်ကထပ်အုပ်လာခဲ့သည်... ထို့နောက်အန္တရာယ်ကင်းပြီးလူသားဆီကချစ်ခင်မှုကိုမြတ်နိုးသည့် ခွေးပေါက်လေးတစ်ကောင်လိုမျိုး ပါးဖြင့်ညင်သာစွာ ပွတ်သပ်လာသည်။

သို့သော် ဖန်ချန်းသည် နင်းရှီက ထိုကဲ့သို့မဟုတ်ကြောင်း သိသည်။နျဲ့ရှီက ထိုအလောင်းများကို ကြည့်သောအခါတွင် သူ့မျက်လုံးများတွင် ခံစားချက်မရှိ အရေးမပါသော အရာတစ်ခုကို ကြည့်နေသကဲ့သို့ သူ့ခံစားချက်များ ကွဲထွက်သွားသည်။ တခြားသာမန်လူတွေက တီဗီရှိုးတွေကြည့်တာ ဒါမှမဟုတ် ဝတ္ထုတွေဖတ်တဲ့အခါမှာ ခံစားချက်အမျိုးမျိုးခံစားရ‌နိုင်ပေမယ့် နျဲ့ရှီကတော့ ဘာမှခံစားရမှာမဟုတ်ပေ... ဖန်ချန်းနောက်လိုက်ပြီး သူ့ကို လိုက်ကာကွယ်နေပုံပေါ်သော်လည်း တကယ်ကသူ၏တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကို ဖြည့်ဆည်းနေတာလည်းဖြစ်သည်။ ဖန်ချန်းက သူ့ကို ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ နျဲ့ရှီက သူ့ကို အချိန်တိုင်း စောင့်ကြည့်နေချင်ပြီးအတူ‌ရှိချင်တာဖြစ်သည်။

တစ်ဖန် ဖန်ချန်းသည် ကူကယ်ရာမဲ့သော ခံစားချက် လွှမ်းခြုံသွားပြန်သည်။ သူ၏ အဓိပ္ပါယ်မဲ့သော အတွေးများကြောင့် နျဲ့ရှီက အဲ့လောက် ကြောက်စရာမကောင်းကြောင်းရှာတွေ့လိုက်ရသည်။

ရုတ်တရက် အနမ်းတစ်ခုက သူ့နှုတ်ခမ်းပေါ် ထိတွေ့လာခဲ့ပြီး ရေခဲလို အအေးဓာတ် ခံစားမှုက သူ့ပါးစပ်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အေးစိမ့်နေသော လက်ချောင်းထိပ်တွေက သူ့တစ်ကိုယ်လုံးအနှံ့ကျရောက်လာခဲ့သည်...

ထိုအခိုက်အတန့်တွင် သူသည်လည်း ထိုအေးစက်နေသည့်အထိအတွေ့များကို ကောင်းစွာလက်ခံနေကြောင်း တွေးလိုက်မိတော့သည်...