Chapter 21
Viewers 4k

Ch21 - အပြစ်သား




►Spoiler - warning containing 



ညသည် တိတ်ဆိတ်နေဆဲဖြစ်ကာ အမှောင်ထုသည် ကောင်းကင်ယံတွင် တွယ်ကပ်နေပြီး အရုဏ်ဦး၏အလင်းရောင်ကို ဖုံးအုပ်ထားသည်.....



 အဖွဲ့ထဲကခွဲထွက်လိုက်သည်နှင့် ပြန်လည်စုဖွဲ့ဖို့က ခက်ခဲမည်ဆိုတာနှင့် ဖန်ယင်းယင်းကို နောက်တစ်ကြိမ် ပြန်တွေ့ရဖို့မှာမသေချာကြောင်းကို လူတိုင်း နက်ရှိုင်းစွာ သိထားကြပြီးဖြစ်သည်။ ဒါပေမယ့် အဖွဲ့လိုက်ထပ်ဆွေးနွေးပြီးနောက်မှာတော့ သူမကိုထပ်ရှာဖွေရန် မိုးလင်းသည်အထိ စောင့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။



ရှဲ့ယင်း နှင့် ဝမ်ဟွေ့ဝမ် တို့သည် ကုတင်ပေါ်တွင် အိပ်နေကြပြီး ကြီးမားသောဆိုဖာကြီးပေါ်တွင် တခြားလူများက စုဝေးနေကြသည်။ ကောင်းချန်က လျှင်မြန်စွာပဲ အိပ်မောကျသွားပြီး ဟောက်နေတော့သည်။ မကြာသေးမီကပင် သူသည် ဖန်ယင်းယင်း၏အခက်အခဲများကြောင့် ငိုကြွေးနေခဲ့ပြီးအခုမှာတော့ ပြောင်းပြန်ပင် စိတ်ထဲမှာ စိုးရိမ်ပူပန်မှု ကင်းစွာနဲ့ အိပ်ပျော်သွားခဲ့သည်။



ဖန်ချန်းသည် ကောင်းချန်၏ ဟောက်သံအောက်တွင် ပိုလို့ပင်အိပ်ရန်ခက်ခဲလာခဲ့သည်။ ဆိုဖာသည် အလွန်ကျယ်ဝန်းပြီး နျဲ့ရှီ၏ အနားတစ်ဝိုက်တွင် မည်သူမျှ မနေရဲကြပေ။ ထို့ကြောင့် ဖန်ချန်းသည် ကျောရိုးကိုပင် တုန်လှုပ်ချောက်ချားစေနိုင်သော ရေခဲတုံးလိုလူ၏ဘေးတွင် အိပ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။



သေချာတာပေါ့.. ဒါက သူ့စိတ်ကူးထဲက ပုံရိပ်တစ်ခုသာ ဖြစ်သည်။ နျဲ့ရှီသည် တကယ့်လက်တွေ့တွင်ဤမျှလောက်မအေးစက်နေပေ။ ထိုအစား... သူ၏အသားအရေသည် အေးမြပြီး အခုလိုပူလောင်အိုက်စက်သည့်ရာသီဥတုအောက်တွင် အနည်းငယ် သက်တောင့်သက်သာဖြစ်စေသည်။



လူတိုင်းကအိပ်ပျော်နေပုံရကာ နျဲ့ရှီသည်လည်း အနားယူရန် မျက်လုံးများကိုမှိတ်ထားခဲ့သည်။



ဖန်ချန်းက သူ့ဘာသူ မပီမသရေရွတ်လိုက်သည်... "မင်းက..တကယ်ပဲဘယ်သူလဲ?"



နျဲ့ရှီ၏ မီးတောင်ကျောက်ကဲ့သို့မျက်လုံးများက ညအရိပ်များနှင့် ချောမွေ့စွာ ပေါင်းစပ်ပြီး ပွင့်လာခဲ့သည်။ သူက လက်ကိုဆန့်လိုက်ပြီး ဖန်ချန်း၏ ခေါင်းကို ညင်သာစွာ ပုတ်လာသည်။



ဖန်ချန်းသည် ခေါင်းငုံ့သွားမိသည်။ ခဏအကြာမှာတော့ သူက တိတ်ဆိတ်မှုကို ချိုးဖြတ်လိုက်ပြီး "... ငါ မင်းနဲ့ သိခဲ့ဖူးတယ်" ဟု ပြောလိုက်သည်။



နျဲ့ရှီက ဖန်ချန်းကိုကြည့်ဖို့ သူ့ခေါင်းကိုလှည့်လိုက်ပြီး "အမ်း..."



ဖန်ချန်းသည် တစ်စိတ်တစ်ပိုင်းပုတ်နေသည့် မျက်နှာနှင့် အနည်းငယ်ပုံပျက်နေသောမျက်နှာသွင်ပြင်ကို ရုတ်တရက် မြင်လိုက်ရတာကြောင့် အံ့ဩမိသွားသည် ။ အဲဒါကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေက ရေအိုင်တစ်ခုလိုမျက်ရည်များအိုင်ထွန်းလာတော့သည်.... အမှောင်ထဲမှာ ဒီလိုမျက်နှာကို ကြည့်ရတာက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာကို မငြင်းနိုင်ပေ.... သူ့နှလုံးခုန်နှုန်းက ပိုပိုပြီး မြန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်နျဲ့ရှီ၏လက်များသည် ထိပ်လန့်စရာနှုန်းဖြင့်သိသိသာသာပင် ပုပ်လာခဲ့သည်။



သူပို၍ကြောက်လန့်လာသည်နှင့်အမျှ နျဲ့ရှီသည်လည်း လျင်မြန်စွာ ပုပ်ပွလာခဲ့သည်။



"မင်းက တကယ်ပဲဘယ်သူလဲ?" ဖန်ချန်းက သူ အကြိမ်ကြိမ်မေးဖူးတဲ့ မေးခွန်းတစ်ခုကို ထုတ်မေးလိုက်ပေမယ့် အဖြေပြန်မရခဲ့ပေ။



"နျဲ့ရှီ" နျဲ့ရှီကပြန်ဖြေလာခဲ့သည်....ဖန်ချန်းသည် နျဲ့ရှက သူ့ကို ကစားနေသလို ခံစားလာရတော့သည်။



ပြတ်တောင်းပြတ်တောင်းနှင့် မပြည့်စုံသောအမှတ်တရများသည် မထင်မှတ်ဘဲ ပေါင်းစပ်နေ၍ တစ်နေရာရာတွင် ပဟေဠိအပိုင်းအစတစ်ခုကပျောက်ဆုံးနေသကဲ့သို့ ခံစားရစေပြီး နှလုံးသားကို နစ်မြုပ်သွားစေကာ သူ့ကိုမလုံခြုံမှုများဖြင့်ချန်ထားခဲ့သည်။



"မင်းက လူမဟုတ်ဘူး" ဖန်ချန်းသည် သူကျိန်ဆဲလိုက်သလိုမျိုး ခံစားခဲ့လိုက်ရသည်။ ဒါပေမယ့် အဲဒီစကားထွက်ပြီးသွားတဲ့အခါမှာတော့ နျဲ့ရှီက သဘောတူလာမှာကို ခေါင်းညိတ်ပြမှာကို တကယ်ကြောက်သွားပြီး ခေါင်းခါပြတာကို မြင်ရမှာက်ု ပိုလို့တောင် ကြောက်သွားခဲ့သည်။



သေချာပေါက်ပင် နျဲ့ရှီက သူ့လက်ချောင်းများဖြင့် ဖန်းချန်၏ ဆံပင်တွေကို ညင်သာစွာ သပ်တင်ပေးလာရင်း ခေါင်းညိတ်ပြလာသည်။



ဖန်ချန်း၏ ဦးရေပြားမှာ တင်းကျပ်သွားပြီး မျက်လုံးများက ဝိုင်းစက်သွားသည်... "ငါ...တခြားသူတွေကို မင်းအကြောင်းပြောလိုက်မှာကို မကြောက်ဘူးလား?"



"ငါအဆင်ပြေတယ်..."



ဖန်ချန်းသည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူသည် ညနှင့် လုံးဝလိုက်လျောညီထွေရှိနေခဲ့သည်.... သူ၏အကြည့်များက ထိုလူ၏ "နှစ်သက်ဖွယ်ရာဟု မယူဆနိုင်သော" မျက်နှာပေါ်တွင် အလိုအလျောက် ကျဆင်းသွားခဲ့သည်။ နျဲ့ရှီက မျက်လွှာများကိုချထားကာ သူ့မျက်တောင်များက မျက်လုံးအတွင်းထဲရှိစိတ်ခံစားချက်များကို ဖုံးအုပ်ထားသည်။



ဖန်ချန်းသည် သူ့ရင်ထဲ၌ ကြောက်စိတ်မဟုတ်သည့် သာမန်မဟုတ်သော သဲလွန်စတစ်ခုက တက်လာသလို ခံစားလိုက်ရသည်။ 



"ဘာလို့လဲ?" သူ့အသံက စူးရှရှနှာသံအနည်းငယ်စွန်းနေလေသည်...



နျဲ့ရှီက ပြုံးလာခဲ့သည်။ ဖန်ချန်းသည် နျဲ့ရှီ၏ နှုတ်ခမ်းများကတွန့်ကွေးကာ အပြုံးတစ်ခုအဖြစ်ပေါ်လာသည်ကို ပထမဆုံးအကြိမ် ထင်ထင်ရှားရှားမြင်ဖူးတာဖြစ်သည်။ နျဲ့ရှီ၏မျက်လုံးများထဲက နွေးထွေးမှုသည် မရေမတွက်နိုင်သည့် နူးညံ့သိမ်မွေ့သော မိုးရေစက်များကဲ့သို့ ဖန်ချန်း၏နှလုံးသားအနက်ဆုံးထဲကို ကျဆင်းလာပြီး သက်တောင့်သက်သာရှိသည့် ပွေ့ဖက်တစ်ခုကိုပေးလာသည်။



သူက ဖန်ချန်း၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လာပြီး သူ့နားထဲကို တိုးဖွစွာ ပြောလာသည်... "ဘာအကြောင်းပြချက်မှ မရှိဘူး... ဖန်ချန်း...ငါက..မင်းအနားမှာပဲ အမြဲနေမှာ" စကားလုံးများသည် နားထောင်သူ၏နှလုံးသားကို ခြောက်လှန့်စေနိုင်သည့် ကျိန်စာတစ်ခုလိုမျိုး ခံစားစေရသည့်အလေးချိန်ကို သယ်ဆောင်လာခဲ့သည်။



တစ်စုံတစ်ခု ကွဲအက်သွားသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ မရေမတွက်နိုင်သော အမှုန်အမွှားများက နှင်းပန်းများပေါ်သို့ ကွဲအက်ပြိုကျလာပြီး ပွင့်ချပ်များတစ်လျှောက်တွင် သွေးစများက တစ်စက်စီ ကျဆင်းစွန်းထင်းလာခဲ့သည်။



ဖန်ချန်းက သူ့အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး မျက်ရည်များက နှာခေါင်းကိုဖြတ်၍ စီးကျလာသည်။သူက ပါးစပ်ကိုဟထားရင်း အသက်ရှုရန် ခက်ခက်ခဲခဲရုန်းကန်နေရသည်။ အရေးကြီးသော အရာတစ်ခုကို မေ့နေခဲ့တာကြောင့် သူ့နှလုံးသည်ပြင်းပြင်းထန်ထန်နာကျင်နေခဲ့သည်။



××××××××××



အရုဏ်မတက်သေးသည့်အချိန်၌...



ဖုန်းမှ ထင်ဟပ်နေသည့်အလင်းရောင်သည် မိန်းကလေး၏ ဖြူစင်သော မျက်နှာကို လင်းထိန်သွားစေသည်။ သူမသည် ဒီအခန်းထဲက မီးတွေမဖွင့်နိုင်သလို အပြင်ကို ထပ်မထွက်ရဲချေ။ သူမသည် အကြိမ်အနည်းငယ် ပြတ်တောင်းပြတ်တောင်းငိုကြွေးခဲ့ပြီးနောက် နောက်ဆုံးတွင်ထုံကျဥ်လာခဲ့သည်။



ဖန်ယင်းယင်းသည် တံခါးကိုမှီထား၍ အအေးဒဏ်နှင့် ဆာလောင်မှုတို့ကြောင့် ခန္ဓာကိုယ် တဆတ်ဆတ်တုန်လာချိန်တွင် ဖုန်းမှဘက်ထရီ ညွှန်ပြချက်သည် အနီရောင်တောက်နေလေသည်။ သူမက ဗိုက်တစ်ဝိုက်ကို ဖက်ထားကာ မျက်လုံးမှိတ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ ဗိုက်ထဲတွင် ပုရွက်ဆိတ် ထောင်ပေါင်းများစွာကိုက်ခံရနေသကဲ့သို ပူတက်လာသလို ခံစားလိုက်ရသည်။



အရုဏ်တက်ချိန်လျင်မြန်စွာ ရောက်ရှိလာစေဖို့ ဆုတောင်းသံများက သူမ၏ နှုတ်ခမ်းဖျားမှထွက်လာသည်။ ပြန်သွားလိုသောတောင်းတမှုက သူမစိတ်ထဲကြီးထွားလာခဲ့သည်။ အဖွဲ့ထဲက ထူးဆန်းသည့် ဇွန်ဘီတစ်ကောင်နဲ့ ရင်ဆိုင်ရရင်တောင်မှ တစ်ယောက်တည်း စိတ်ပျက်လက်ပျက် နေရတာထက်စာရင် ပိုကောင်းသေးသည်။ ထိုအပြင်... ဖန်ချန်းက သူ့အကြောင်းသိထားပြီးဖြစ်သောကြောင့် သူမက အခြေအနေကို ရှင်းရှင်းလင်းလင်းနဲ့သေချာလေး ရှင်းပြနိုင်လျှင် အခြားသူများကပါ သူမကို ယုံကြလိမ့်မည်...။



ဖန်ယင်းယင်းသည် ဖန်ချန်းအကြောင်းမစဉ်းစားပဲမနေနိုင်ခဲ့ပေ။ သူမ၏ မျက်နှာတစ်ဝက်ကို ဆံပင်များက ဖိုသီဖက်သီးပြုတ်ကျလာပြီး ဗိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။



ဖန်ယင်းယင်းသည် ဒီလို တရာမမျှတစွာဆက်ဆံခံရခြင်းကိုကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ့မိသားစုမှာ တစ်ဦးတည်းသောသမီးမိုလို ကလေးဘဝမှ အသက်ကြီးလာသည်အထိအမြဲတမ်း ချစ်ခင်နှစ်သက်ခံခဲ့ရသည်။အကောင်းဆုံးဆိုသည့်အရာများကို သူမက ပထမဦးဆုံး အမြဲရခဲ့ပြီး တရုတ်နှစ်သစ်ကူးကာလများတွင် တောင်းဆိုစရာတောင်မလိုဘဲ အနီရောင်စာအိတ်များနှင့် အဝတ်အသစ်များကို အလွယ်တကူရရှိမည်ဖြစ်သည်။



ဒါပေမယ့် အခုအချိန်မှာတော့ အရာအားလုံးက ကွဲပြားနေခဲ့သည်။ သူမ၏ ခံစားချက်များကို မည်သူကမျှ ဂရုမစိုက်နေကာ သူမငိုနေတာကိုနှစ်သိမ့်ပေးမည့်သူလည်း မရှိနေပေ.....အဲဒီအစား သူမကစိတ်အနှောင့်အယှက်ဖြစ်စရာဟုသာ မှတ်ယူခဲ့ကြသည်။သူမကြိုက်နှစ်သက်ရသော ဖန်ချန်းသည်ပင် သူမနှင့်ခပ်ခွာခွာနေခဲ့သည်။ နောက်ဆုံးတော့ဖန်ချန်း၏အာရုံစိုက်မှုကို သူမစတင်ရရှိလာသည့်အချိန်တွင်...ထိုလူကပေါ်လာခဲ့သည်။



ဖန်ယင်းယင်း၏ ဆာလောင်မှုသည် တဖြေးဖြေး ပြင်းထန်လာပြီး သူမ၏ မျက်လုံးများသည် နောက်နေသည့်ရေကန်လိုမျိုးတိမ်များဖုံးသွားခဲ့သည်။ သူမသည် လက်ဆန့်လိုက်ပြီး တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ကာ တံခါးဖွင့်လိုက်၍ အနက်ရောင် အနက်ရောင် စင်္ကြံကို ပေါ်လာစေခဲ့သည်။



သူမက အနက်ရောင် စင်္ကြံထဲတိုးဝင်လိုက်ပြီး အမှောင်ထဲမှတစ်စုံတစ်ခုက သူမ၏နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ သိုပေမယ့်လည်း သူမကသတိမထားမိဘဲ ဆာလောင်မှုဝေဒနာနှင့် ငတ်မွတ်မှုတို့ကသာ သူမတစ်ကိုယ်လုံးဖုံးလွှမ်းနေခဲ့သည်။



စင်္ကြံ၏အစွန်ဆုံးရှိ ပြတင်းပေါက်တွင် အနက်ရောင်မျက်လုံးတစ်စုံဖြင့်ကြောင်တစ်ကောင်သည် ပြတင်းပေါက်ဘောင်ကိုခြေသည်းများဖြင့်ကုပ်ထားပြီး သူမကို ကြည့်နေခဲ့သည်... ကလေးအသံလိုမျိုးငိုရှိုက်သံ အော်ဟစ်သံများသည် စင်္ကြံနောက်မှ တိုးညှင်းစွာပဲ့တင်လာနေနသော်လည်း၊သူမသည် လုံးလုံးပင်နားပင်းနေသည့်ဟန်ဖြစ်နေခဲ့သည်။



သူမသည် သတိလွတ်နေသကဲ့သို့ လှေကားဆီလျှောက်သွားကာ လှေကားထစ်ကို တက်လိုက်သည်။ သူမလှမ်းလိုက်သည့် ခြေလှမ်းတိုင်းကအသံက ဆယ့်နှစ်ထပ်သို့ ရောက်သည်အထိ ပဲ့တင်သံများထွက်နေခဲ့သည်။



လရောင်သည် တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိစီစဉ်ထားသကဲ့သို့ ထမင်းစားပွဲပေါ်ရှိပန်းကန်ခွက်ယောက်များပေါ်တွင် ငွေရောင်တောက်ကာ ဖြာကျနေခဲ့သည်။ ဖန်ယင်းယင်းသည် ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။ ထမင်းတစ်ပန်းကန်.. အသားဟင်းပေါင်းများစွာနဲ့ ဟင်းရွက်ဟင်းတစ်ခွက်ကစားပွဲပေါ်မှာရှိနေခဲ့သည်။



သူမသည် ဆီအလွှာများဖြင့် ပြောင်လက်တောက်ပနေသော ကြက်သားနှင့် ဘဲသားများကို ဟင်းသီးဟင်းရွက် ထမင်းတို့နှင့်အတူ စားသုံးခဲ့သည်။ နွေးထွေးနေသေးသည့်ထမင်းမှလွဲ၍ ကျန်အားလုံးမှာအေးစက်နေသည်။



အလင်းမှိန်မှိန်လေးပင်မရှိနေပဲ အမှောင်ထုကသာ သူမကို ဝိုင်းထားသည်။



လှေကားထစ်အဝင်ဝတွင် စိတ်နတ်ဆိုးတစ်ကောင်သည်ဝပ်တွားနေပြီး သားကောင်ကိုချောင်းနေသလိုမျိုး၎င်း၏မျက်လုံးများကပြူးကျယ်စွာဖွင့်ထားလျက်ရှိကာ ဖန်ယင်းယင်း၏ကျောကို စိုက်ကြည့်နေခဲ့သည်။ ချွန်ထက်သော သွားတန်းများကို လျှာဖြင့်သပ်လိုက်ပြီး ဆက်ချောင်းကြည့်နေသည်။



ဖန်ယင်းယင်းသည် သူမ၏ရှေ့က အစားအစာများကို မျိုချရန်သာ အာရုံစိုက်နေခဲ့သည်။ သူမက ဖြောင့်ဖြောင့်ပင်မတွေးနိုင်အောင်ဗိုက်ဆာနေခဲ့ကာ ထမင်းနဲ့အရွက်အလုတ်တိုင်းစီကို ပါးစပ်အပြည့်သွတ်ထည့်ပြီး မြိန်ရေရှက်ရေ စားနေခဲ့သည်။ 



ထမင်းပန်းကန်ကို အပြောင်ရှင်းပြီးချိန်မှာတော့ ယခင်က စားချင်စရာကောင်းခဲ့သော အသီးအရွက်များသည် ရွံစရာဖြစ်လာကာ အဆီတွေ့ပြည့် ခါးတူးလာပြီး စပ်တဲ့အရသာများက သူမခံတွင်းကို လွှမ်းသွားသည်။ ဖန်ယင်းယင်းသည် အန်ချင်သလို ခံစားလိုက်ရပြီး နူးညံ့တဲ့ အနီရောင် ကော်ဇောပေါ်ကို အမှန်ပင်အန်ချလိုက်တော့သည်။



ည၏မှိန်ဖျော့ဖျော့အောက်တွင် အနီရောင်ကော်ဇောသည် မည်းမှောင်သော ကြက်သွေးရောင်များနှင့်သွေးများကဲ့သို့ အန်ဖက်များ ပေါင်းစပ်လိုက်နေကာ လုံးလုံးရွံရှာစရာကောင်းနေခဲ့သည်။



အော့အန်ပြီးနောက် ဖန်ယင်းယင်းသည် တုန်တက်သွားသည်။ထို့နောက် စားပွဲထောင်စွန်းတွင် မုန့်များကိုတွေ့လိုက်ရတာကြောင့် ယူကာ ပြင်းပြင်းထန်ထန် မျိုချလိုက်သည်။ ရုတ်တရက်ပင် အော်ဟစ်သံကျယ်ကျယ်တစ်ခုက စင်္ကြံမှပျံ့လာခဲ့သည်။ ဖန်ယင်းယင်း၏ တုံ့ပြန်မှုမှာ စားပွဲအောက်၌ ဝင်ပုန်းလိုက်ပြီး ဆက်စားနေခဲ့သည်။ သူမသည် အလွန်ဗိုက်ဆာနေသည်။သူမဘယ်လောက်ပဲစားနေပါစေ သူမဗိုက်ဆာနေဆဲပင်.....



သပ်ရပ်သော အဖြူရောင် စားပွဲခင်းသည် သူမ၏ မြင်ကွင်းများကို ဖုံးကွယ်ထားခဲ့သည်။ ညှိုးခြောက်ခြောက်လက်တစ်စုံသည် သူမ၏အမြင်အာရုံထဲတွင် ပေါ်လာခဲ့ပြီး စားပွဲခင်းကို ညင်သာစွာလှန်လာခဲ့သည်။ ဖန်ယင်းယင်းသည် သူမ၏ ပါးစပ်ထဲက မုန့်များကိုဆက်ဝါးရန်ပင် မေ့သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ မုန့်အမှုန့်များ ပါးစပ်၌ကပ်နေခဲ့သည်။ သူမစိတ်ထဲတွင် ကြေက်ရွံ့မှုကပေါ်လာရမည့်အစား ဗလာသာဖြစ်နေခဲ့သည်။



‌ဖန်ယင်းယင်း၏ ခေါင်းပေါ်ရှိ စားပွဲသည်သူမကို အနည်းငယ် ဖိထားသလိုဖြစ်လာသည်။ သူမက ခေါင်းကို မြှောက်လိုက်ကာအပေါ်မော့ကြည့်လိုက်သည်။ လက်တွေ ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရပြီး ခေါင်းပြန်ငုံ့ချလိုက်သည်။ မျက်တောင်များကို တစ်ဖျတ်ဖျတ်ခတ်နေပြီး သူမ၏မျက်စိရှေ့တွင် ဘာမှမရှိကြောင်းအတည်ပြုလိုက်သည်။



ဖုန်အမှုန်အမွှားများက လေထဲမှာ ကခုန်နေခဲ့သည်။ ဖန်ယင်းယင်းသည် ယခင်ကလို ဗိုက်မဆာတော့ဘဲ သူမလက်ထဲတွင်ရှိသော မုန့်များသည် ယခင်ကလောက်ဆွဲဆောင်မှုမရှိတော့ပေ။ သူမသည် စားပွဲအောက်ကထွက်လိုက်ပြီး ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ မုန့်များကို ဖြည်းညှင်းစွာ တတိတိကိုက်ဝါးလိုက်သည်။



မုန့်ထဲမှ တစ်စုံတစ်ခုသည် တစ်ခုပြီးတစ်ခု ထွက်လာခဲ့ပြီး သူမ စူးစူးစိုက်စိုက်ကြည့်လိုက်ရာ ဆေးပြားများဖြစ်နေသည်ကို သူမ သိလိုက်သည်။ မုန့်ထဲတွင် ဆေးပြားငယ်များဖြင့် ပြည့်နေပြီး ရောင်စုံရှိနေသည်။



ဖန်ယင်းယင်းသည် သူမ နှုတ်ခမ်းနားသို့ ကပ်ထားသော မုန့်ကို အမြန်ပုတ်ထုတ်လိုက်သည်။



တစ်ယောက်ယောက်က ငိုနေသလို ငိုသံများက သူမနားထဲသို့စူးခနဲဝင်လာသည်။ ယခင်က သူမဂရုမစိုက်မိခဲ့သော အသံများသည် ယခုအခါ နားထဲတွင် ပြည့်လျှံလာတော့သည်။



ဖန်ယင်းယင်း၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသည်နှင့်အမျှ သူမ၏ နားရွက်ကို အုပ်ထားလိုက်သည်။ သူမ လည်ချောင်းကို လက်တစ်ဖက်ကပြင်းထန်စွာကုတ်ခြစ်နေရင်း ဆံပင်တွေကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားသည်။ တံတွေးများက သူမ၏လက်ချောင်းများအပေါ် ချည်မျှင်များအသွင်ဖြင့် လျှောကျလာပြီး ကုတ်ခြစ်ခြင်းကြောင့် လည်ပင်းမှသွေးများစိမ့်ထွက်လာတော့သည်။



သူမဒီမှာ ဘာလို့ရှိနေခဲ့တာလဲ? သူမ ဘာကို မျိုချမိခဲ့လဲ?



ရေဆာတယ်....အရမ်းရေဆာတယ်!!



ရုတ်တရက် နီညိုရောင်ဝိုင်တစ်ခွက်က သူမရှေ့မှာ ပေါ်လာပြီး နီးကပ်လာသည်။



သူမ စစ်ကြည့်လိုက်ရာ ရေခွက်ထဲမှာ ကောက်ကွေးနေတဲ့ သန္ဓေသားလောင်းလို ခပ်ဖျော့ဖျော့ပုံသဏ္ဍာန် တစ်ခုခုကရှိနေခဲ့သည်။



တုန်တုန်ယင်ယင်ဖြင့် သူမ ဆွဲယူပြီး ထို'အပြစ်' ကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည် ။



×××××××



သူမ တက္ကသိုလ်စတက်တုန်းက ဖန်ယင်းယင်းသည် သူမအထက်က တစ်နှစ်ကြီးသည့် စီနီယာတစ်ယောက်အပေါ် ခံစားချက်တွေ ဖြစ်ပေါ်ခဲ့သည်။ သူသည် ကျောင်းသားသစ်များကို ပြုစုစောင့်ရှောက်ရန် တာဝန်ရှိခဲ့ပြီး သူမအား ကောင်းမွန်စွာ ဆက်ဆံခဲ့လေသည်။ ဖန်ယင်းယင်းသည် ထိုဆက်ဆံပေးမှုမှာ သူမတစ်ဦးအပေါ်တွင်သာ အထူးဆက်ဆံပေးခြင်းဟုထင်လာခဲ့သည်... အခုဖန်ချန်းအပေါ်ထင်နေခဲ့သလိုမျိုး...



ပထမနှစ်ကုန်ခါနီးမှာပဲ ဖန်ယင်းယင်းသည် ထိုစီနီယာက သူမ၏ အဆောင်အတူနေအခန်းဖော်နဲ့ ချိန်းတွေ့နေခဲ့တာကိုသိလိုက်ရသည်။



ဖန်ယင်းယင်းက ထိုအခန်းဖော်မိန်းကလေးသည် သူမအပိုင်ဖြစ်နေရမည့် စီနီယာကို လှည့်စားပြီး ခိုးယူခဲ့သည်ဟုအမြဲခံစားခဲ့ရသည်။ ရှာလကာရည်ကဲ့သို့ချဉ်စူးစူးခံစားချက်များက ဖန်ယင်းယင်း၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာခဲ့ပြီး မနာလိုဖြစ်လာကာ သူမနှလုံးသားထဲမှနက်နက်ရှိုင်းနာကျည်းလာခဲ့တော့သည်။



ထိုကောင်မလေးသည် တတိယနှစ်ရောက်လာသောအခါတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ သူမကကိုယ်ဝန်ဖျက်ချမည့်အစား ကလေးကိုမွေးရန် ဆုံးဖြတ်ခဲ့လိုက်သည်။ နှစ်ဖက်မိသားစုကလည်း စေ့စပ်ပွဲအတွက်ပင် ပြင်ဆင်ပေးခဲ့ကြပြီး စီနီယာမှာလည်း သူမကိုလေးနက်စွာ ချစ်ခင်နေပုံပေါ်သည်။



ဖန်ယင်းယင်းသည် ဘာကြောင့်လဲဆိုတာ သိချင်လာသည်။ ကောင်မလေးသည် သူမထက် နိမ့်ကျပုံပေါက်ပေမယ့်လည်း အခုတော့သူမထက် သာလွန်သောဘဝရှိပေတော့မည်။ ဘယ်လောက်ပဲ တွေးနေပါစေ သူမ နားမလည်နိုင်ဖြစ်နေသည်။ အိပ်မပျော်ခြင်း ဆံပင်ကျွတ်ခြင်းတို့ဖြစ်လာပြီး အိပ်ရေးပျက်သည့်ညများက သူကို နှောင့်ယှက်လာခဲ့သည်။ နောက်ဆုံးတော့ သူမကကိုယ်ဝန်ဖျက်ဆေးဝယ်လိုက်ပြီး ရေနွေးနှင့်ရောကာ ထိုကောင်မလေးသောက်ရန်နေ့တိုင်းပြင်ဆင်ပေးခဲ့သည်။



"ဒါက နင့်ကို ဒုက္ခပေးနေသလိုမဖြစ်ဘူးလား?" ထိုကောင်မလေးက အားနာမှုကြောင့်အဆင်မပြေတဲ့အတွက် တောင်းပန်လာခဲ့သည်။



ဖန်ယင်းယင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့...ငါလည်း ရေနွေးနွေးလေးသောက်နေကြလေ..အဲ့တော့နင့်ကိုကူညီရမှာပေါ့ အပန်းမကြီးပါဘူး...."ဟုပြောခဲ့သည်။



ဒီလိုနဲ့ ကောင်မလေးသည် သူ့ကလေးကို ဆုံးရှုံးသွားခဲ့တော့သည်။



ထိုအချိန်တွင် ဖန်ယင်းယင်းသည် အိပ်ဆောင်ထဲတွင် အိမ်စာများ လုပ်နေခဲ့ပြီး သူမ၏ အဆောင်နေဖက်များ၏ အတင်းအဖျင်းပြောသံများကို ကြားနေခဲ့ရသည်။ သူမက ဘောပင်ကို ခါယမ်းလိုက်ပြီး- သူမအမှားဘဲ ခံရတာနည်းတောင်နည်းသေးတယ် ဟုတွေးခဲ့လိုက်သည်။



နောက်ပိုင်းတွင် ထိုကောင်မလေးသည် ဖြူဖျော့ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည့်မျက်နှာဖြင့် အဆောင်ကို တစ်ခါပြန်ရောက်လာခဲ့သည်။ စီနီယာက သူမဘေးနားမှတွဲထားပေးပြီး ခရီးဆောင်အိတ်များကို ကူညီထုပ်ပိုးပေးခဲ့သည်။ ဖန်ယင်းယင်းသည် နှစ်ထပ်အိပ်စင်ရှိအောက်အိပ်ယာပေါ်တွင် ထိုင်နေပြီး ကြမ်းပြင်ကို စိုက်ကြည့်နေကာ မည်သည့်အပြစ်ရှိစိတ်ကိုမျှ မခံစားနေရပေ။ သူမသည် ဆေးပမာဏကြီးကြီးမားမား မသုံးထားခဲ့ပေ..ဘယ်သူသိနိုင်မှာလဲ ထိုမိန်းကလေး၏ ပေါ့ဆမှုကြောင့် သူမဘာသာ မတော်တဆ ကိုယ်ဝန်ပျက်ကျတာဖြစ်နိုင်လောက်ပေမည်... သူမအပြစ်မဟုတ်ခဲ့ချေ....



လများကြာလာသောအခါ သူမ၏ အဆောင်ဖော်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြသည်။ ဖန်ယင်းယင်းသည် အစပိုင်းတွင် ဘာဖြစ်ပျက်နေတာကို နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် အိပ်ဆောင်တွင် အရင်ကနေထိုင်ခဲ့သော ထိုမိန်းကလေးသည် သေဆုံးသွားပြီဖြစ်ကြောင်း သူမကြားသိလိုက်ရသည်။



တစ်ယောက်တည်း လမ်းလျှောက်နေရင်း တံတားပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ သိခဲ့ရသည်။ သူမက ဘာလို့ဒီလောက်တောင် နမောနမဲ့ဖြစ်နိုင်ရတာလဲ? ကလေးလဲမဟုတ်ပါဘဲနဲ့??



ဖန်ယင်းယင်း သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးနေသော ခံစားချက်ကို ခံစားလိုက်ရပြီး ခေါင်းငုံ့လိုက်သည်။ အဲ့ဒါသူမကြောင့်လား?



ဒါပေမယ့် သူမနဲ့ ဘာမှမဆိုင်ဘူးမဟုတ်ဘူးလား? သူမက ထိုကောင်မလေးကို တွန်းချခဲ့တဲ့သူလည်း မဟုတ်ပဲနဲ့.....



××××××××××



ဝိုင်ဖန်ခွက်ထဲက အရည်များက ကုန်သွားခဲ့ပြီး နီညိုရောင် အရည်များက သူမ၏ မေးစေ့မှ သူမ၏လည်ပင်းတလျှောက်စီးကျလာသည်။



ထိုအရည်များ၏အရသာသည် သည်းခြေကဲ့သို့ ခါးပြီး ငါး၏သွေးကဲ့သို့ညှီသည်။ သောက်ပြီးသည်နှင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဝိုင်ခွက်လည်း ကွဲသွားခဲ့သည်။ သူမ၏ ဝမ်းဗိုက်သည် ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းလာကာကြီးကြီးလာတော့သည်။



ဖန်ယင်းယင်း၏ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာပြီး ကြည်လင်သော အရည်များ ကြမ်းပြင်ပေါ်ကျလာခဲ့သည်။



သူမ မသေချင်သေးပေ... သူမသည် ငယ်ရွယ်သေးပြီး သူမကို စောင့်မျှော်နေသည့် ပျော်ရွှင်ဖွယ်ဘဝတစ်ခုကို ပိုင်ဆိုင်ရအုံးမည်....



ဖန်ယင်းယင်းသည် သူမ ဘွဲ့ရပြီးနောက် သင့်လျော်သော အလုပ်တစ်ခု.. ယုံကြည်စိတ်ချရသော ခင်ပွန်းနှင့် သားသမီးများရှိသော မိသားစု...စသဖြင့် သူမ၏ အနာဂတ်ကို ယောင်ဝါးဝါး မြင်လာခဲ့သည်။ သူမသည် လေထဲကို လက်ဖြင့်ဆုပ်ကိုင်ထားပြီး ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။


သူမ အခုဘယ်လိုလုပ်ပြီးသေနိုင်မှာလဲ!... သူမက ပျော်ရွှင်မှုနဲ့ ထိုက်တန်သေးသည်!



သူမအံ့ဩချိန်ပင်မရှိလိုက်ဘဲ သူမ၏ ပူဖောင်းနှင့်တူသော ဝမ်းဗိုက်သည် ရုတ်ချည်းပင်လျင်မြန်စွာ လျော့ကျလာပြီး ညှိုးနွမ်းသွားခဲ့သည်။ တဖြေးဖြေး ကျုံ့ကျုံ့လာပြီး သူမ၏ဝမ်းဗိုက်က ပွင့်ထွက်သွားကာ ကြက်သွေးရောင်သွေးတွေ ပျံ့ကြဲသွား၍ သူမအောက်က ကော်ဇောနီထဲကို စိမ့်ဝင်သွားခဲ့သည်။



ဖန်ယင်းယင်း၏ နှုတ်ခမ်းများပေါ်တွင် အပြုံးများရှိနေဆဲဖြစ်ကာ သူမ၏မဖြစ်သေးသော အနာဂတ်ကိုပျော်ရွှင်စွာ စိုက်ကြည့်နေဆဲဖြစ်သည်။



တိတ်ဆိတ်သောညတွင် ကလေး အော်ဟစ်သံများက ပဲ့တင်ထပ်သွားပြီး ငိုကြွေးမြည်တမ်းသံတစ်ခုစီထွက်ပေါ်လာခဲ့သည်။



အလင်းရောင်များသည် တစ်စထက်တစ်စ တောက်ပလာပြီး အရုဏ်တက်ချိန်ရောက်သွားကြောင်းညွှန်ပြလာတော့သည်။