Chapter 19
Viewers 4k

Ch19 မကြောက်ပါနဲ့




ပတ်ဝန်းကျင်သည် တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး အထပ်တစ်ခုစီတိုင်းမှ အလင်းရောင်များသည် မျက်လုံးများကို ညီတူညီမျှ ကျိန်းစေသည်။



ဖန်ချန်းသည် သူအခုဘယ်ထပ်မှာရောက်နေမှန်းတောင်မသိတော့ပေ......



သူတို့ခြေထောက်အောက်က ကော်ဇောနီသည် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ချော်လဲသွားနိုင်သည့်ချိုင့်တွေပုံပေါက်နေသည်သည်။ ရုတ်တရက် ဖန်ချန်းကမိန်းမောကြောင်အ နေရာမှသတိဝင်လာပြီး ရပ်လိုက်သည်။ ဖန်ယင်းယင်းက ထိန့်လန့်မှုကြောင့်တောက်ပနေသည့်မျက်လုံးများဖြင့်လှည့်ကြည့်လာသည်... "ဘာမှားလို့လဲ?"



"ငါတို့...အခု...ဘယ်သွားနေကြတာလဲ?" ဖန်းချန်းက သူ့လက်တစ်ဖက်နဲ့ နံရံကို ထောက်ကာအမှီပြုလိုက်ပြီး နောက်လက်တစ်ဖက်ကို ဆွဲထုတ်လိုက်သော်လည်း ဖန်ယင်းယင်းက မလွှတ်ပေးဘဲ တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်ထားသည်။



သူမက ခေါင်းကို ခါလိုက်ပြီး သူမ၏ ponytail လေူကယိမ်းနွဲ့သွားသည်။ သူမက အခန်းသော့ကတ်တစ်ခုကို ပြလာရင်း "ကျွန်မတို့ဆယ့်လေးထပ်ကို သွားကြမယ်...ဒီမှာ အခန်းကတ်ရှိတယ်... အဲဒီဟာကြီးနဲ့ ကျွန်မ...ဆက်မနေချင်ဘူး... နေထွက်တာနဲ့ အတူတူ ထွက်ပြေးကြရအောင်!"



အစောပိုင်းတုန်းက ကျန်းရွေ့သည် အခန်းကဒ် ၃ ကဒ်ကို ယူခဲ့ပြီး ခြောက်ထပ်ရှိအခန်းထဲကို ဝင်သွားပြီးနောက် ကျန်နှစ်ကဒ်ကို အိပ်ယာဘေးက စားပွဲပေါ်တွင်တင်ထားခဲ့သည်။ ဖန်ယင်းယင်းသည် သူမရေချိုးချင်တယ်လို့ ပြောခဲ့ရတဲ့ ရည်ရွယ်ချက်မှာ တခြားသူတွေ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ အခန်းကဒ်တွေကို သိမ်းထားဖို့သာ ဖြစ်သည်။ ဒါကို အစောကြီးကတည်းက သူမ အစီအစဉ်ဆွဲထားခဲ့တာဖြစ်သည်။



"အခြားသူတွေကော?" ဖန်ချန်းက လက်ရှိ နေရာ၏ကြမ်းပြင်နှင့်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။



ဖန်ယင်းယင်းက စိတ်ပျက်အားငယ်စွာဖြင့် သူ့ကို ပိုတင်းတင်းကျပ်ကျပ်ဆွဲယူလိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်..."မပြန်ချင်ဘူး! ကျွန်မပြန်မသွားချင်ဘူး ဖန်ချန်း ကျေးဇူးပြုပြီး..." သူမက သည်းထန်စွာငိုလာပြီး မနက်ခင်း နှင်းပွင့်တွေ စွတ်ဆိုနေသည့် သစ်တော်သီးပွင့်များလို မျက်ရည်များက သူမမျက်လုံးမှ တလိမ့်လိမ့်စီးကျလာသည်။ သူမမျက်လုံး နှစ်ဖက်စလုံးသည် ယခုအခါ ရဲရီနီနေပြီဖြစ်သည်။



ဖန်ချန်းသည် သူမ၏ပြင်းထန်သည့်ဆွဲအားကြောင့် ခြေတစ်လှမ်းကို ယိုင်မိသွားသည်။ ဖန်ယင်းယင်း ၏ ပြင်းထန်သော ခံစားချက်များကို မြင်လိုက်ရတာကြောင့် သူ့တွင် တစ်ဖက်လူကို ဦးစွာ ဖြေသိမ့်ရုံမှတပါး တခြားရွေးချယ်စရာမရှိတော့ပေ။ "မစိုးရိမ်ပါနဲ့ ငါမင်းနဲ့အတူလိုက်ခဲ့မယ်...အခုငါတို့ကဘယ်အထပ်ရောက်နေကြတာလဲ"



ဖန်ယင်းယင်းသည် ဖန်ချန်း၏ စကားကြောင့် အနည်းငယ် စိတ်သက်သာရာရကာ ငြိမ်သက်သွားသည်။ သူမက ဖန်ချန်းအားဆုပ်ကိုင်ထားသော လက်ကို ဖြေလျှော့လိုက်ပြီး ဖန်ချန်းရဲ့လက်တွင် အနီအစင်းကြောင်းနှင့်လက်ရာများက ကျန်ရစ်ခဲ့သည်။ ဖန်ချန်း၏ ဖြူဖွေးသော အသားအရေ၌ ဤအနီရောင်အစင်းများရှိနေပုံက အကျည်းတန်ပုံပေါ်စေပြီး အတော်လေး တုန်လှုပ်ချောက်ချားစရာကောင်းကာ စိတ်မကြည်မသာစေသော မြင်ကွင်းကို ဖန်တီးပေးသည်။



"ကျွန်မလည်း...မသိဘူး" တစ်ဖန်..ဖန်ယင်းယင်း၏စိတ်ထဲသို့ ထိတ်လန့်သော ခံစားချက်များက တဖြည်းဖြည်း ပြန်တိုးဝင်လာပြန်သည်။ သူမသည် ဖန်ချန်းနှင့်အတူ အမြန်ဆုံးထွက်ပြေးနိုင်ရန်ကိုသာ လုံးလုံး အာရုံစိုက်ခဲ့ပြီး မည်သည့်အထပ်ကို ရောက်နေသည်ကို ဂရုမစိုက်မိခဲ့ပေ။



သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်းအထပ်နံပါတ်မှတ်ထားတာမျိုးကို မတွေ့ရပေ.. အရမ်းထူးဆန်းလှသည်။ ဒီဟိုတယ်နဲ့ပတ်သက်တဲ့ အရာအားလုံးက အရမ်းထူးဆန်းနေသည်။



"ငါတို့ သေချာပေါက်တော့ ဆယ့်လေးထပ်မှာမဟုတ်သေးဘူး...ဓါတ်လှေကားကို သွားပြီး စစ်ဆေးကြမလား?" ဖန်ချန်းက ဦးဆောင်လိုက်သည်။



ဖန်ယင်းယင်းက ခေါင်းညိတ်ပြလာပြီးနော် ခေါင်းပြန်ခါလိုက်သည်။ ဖန်ချန်းလက်ကို တင်းကြပ်စွာပြန်ဆုပ်ကိုင်လိုက်ပြီး "သူ ဓာတ်လှေကားကတက်ရင် ဘယ်လိုလုပ်မလဲ....ကျွန်မ...ကျွန်မ သေသွားလိမ့်မယ်....ကျွန်မသေ..သေမှာ သေချာတယ်..သူ..ကျွန်မကို သတ်မှာ သေချာတယ်"



"သူလုပ်မှာမဟုတ်ဘူး..." ဖန်ချန်းက အလိုလို ငြင်းဆန်မိသွားသည်။ ထိုစကားကို ပြောပြီးနောက် နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့လိုက်ကာ အပိုထပ်မပြောလိုတော့ပေ။ သူသည် ထိုပုပ်ပွနေသောလူ နှင့် နျဲ့ရှီကို မပေါင်းစပ်ကြည့်နိုင်ပေ။ အဲဒီလူက သူ့အိပ်မက်ဆိုးပင်..ဒါပေမယ့် နျဲ့ရှီ... နျဲ့ရှီကရော သူ့အတွက် ဘာလဲ? ဖန်ချန်း မပြောနိုင်ပေ.. နျဲ့ရှီအား သူနှင့်ရင်းနှီးပြီး အားကိုးနိုင်သည့်သူတစ်ယောက်ဟုသာ ခံစားမိသည်။



သေချာတာပေါ့...ဒီစကားတစ်ခွန်းက ဖန်ချန်း၏ နှုတ်ခမ်းကနေ ထွက်ကျလာတာနဲ့ ဖန်ယင်းယင်းက သူ့လက်မောင်းကို အားပိုတိုးကာ ဆုပ်ကိုင်လိုက်ပြီး သူမရဲ့ လက်သည်းတွေက သူ့အသားထဲကို ပိုနစ်ဝင်လာသည်... "ရှင် ကျွန်မကိုမယုံဘူးလား?"



“ ငါဒီလိုပြောချင်တာမဟုတ်...." ဖန်ချန်းသည် သူ့ကျောရိုးတစ်ခုလုံး အေးစက်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူ့လက်မောင်းကို ပြန်ဆွဲထုတ်ဖို ကြိုးစားလိုက်ပေမယ့် ပိုပြင်းထန်တဲ့ နာကျင်မှုကို သာရလိုက်သည်။



ဖန်ယင်းယင်းက တစ်ခုခု ထပ်ပြောချင်ခဲ့ပေမယ့် ရုတ်တရက်စင်္ကြံလမ်း၌ တစ်ခုခုက ကြမ်းပြင်ပေါ် ပြုတ်ကျလာသလိုမျိုး မပီမသအသံကထွက်လာခဲ့သည်။ သူမက ချက်ချင်းပင် ကြောက်လန့်တကြား ငုတ်တုတ်ထိုင်ချလိုက်ပြီး တုန်လှုပ်ချောက်ချားစွာ ရေရွတ်လာသည်။ "သူ ဒီကိုရောက်နေပြီ သူဒီကိုရောက်နေပြီ "



ဖန်ချန်းသည် သူ့စိတ်ကို တည်ငြိမ်အောင်ထိန်းထားလိုက်ပြီး ဖန်ယင်းယင်းကိုဆွဲကာ ဖရိုဖရဲခုန်နေသည့်နှလုံးခုန်သံဖြင့် တံခါးတစ်ခုနောက်တွင် ဝင်ပုန်းနေလိုက်သည်။



အသံသည် တစ်စုံတစ်ယောက် ချဉ်းကပ်လာတာနှင့် မတူပေ။ နျဲ့ရှီ သိုမဟုတ် အခြားလူတစ်ယောက် မဟုတ်လောက်ပေ... နှစ်ယောက်သား အသက်ရှုရကြပ်လာကြပြီး ငြိမ်သက်စွာပုန်းနေကြသည်....တံခါးပေါက်ကြားမှ တိတ်ဆိတ် ငြိမ်သက်နေသော စင်္ကြံလမ်းကို မြင်နေရသည် ။



မမျှော်လင့်စွာပဲ ဖန်ယင်းယင်းသည် ရုတ်တရက် ငိုကြွေးသံကို ကျယ်လောင်စွာ ထုတ်လွှတ်လိုက်မိသည်။ သူမက မျက်လုံးများပြူးကျယ်သွားပြီး ပါးစပ်ကို အသဲအသန် ဖုံးထားလိုက်ကာ မျက်ရည်များက တသွင်သွင်စီးကြလာသည်။



သူတို့တော့သွားပြီပဲ....



ရှည်လျားပြီး ပိန်ပါး ချွန်ထက်သော လက်တစ်ဖက်က တံခါးဘေးမှ ထွက်လာပြီး တံခါးဘောင်ကို ခြောက်ခြားစရာကောင်းအောင် ခြစ်လာကာ "အား အား အား" ဟူသော အော်ဟစ်သံများ ထွက်လာသည်။ “မင်းတို့ကို တွေ့ပြီကွ” လို့ ကြွေးကြော်လိုက်သလိုပင် မျက်သားဖြူတွေ ကင်းစင်နေသည့် မျက်လုံးတွေနှင့် ကြောက်စရာခေါင်းကြီးက ထွက်ပေါ်လာခဲ့သည်။



ဖန်ချန်းက လျင်မြန်စွာပဲ ကြားဝင်လိုက်ကာ ဦးခေါင်းခွံဆီသို့ တည့်တည့်ကန်သွင်းလိုက်ပြီး ခေါင်းကို တစ်ဖက်လှည့်သွားစေလိုက်သည်။ ဖန်ယင်းယင်း၏အော်သံများက လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူမ၏အသံစူးစူးနှင့် မကောင်းဆိုးဝါးကြီး၏အသံစူးစူးတို့သည် ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားကာ ဖန်ချန်း၏နားစည်ကို တုန်လှုပ်သွားစေသည်။ ဖန်ချန်းသည် ခါးပတ်ကို အလိုလို လှမ်းပြီး ဓားယူဖို့လုပ်လိုက်ပေမယ့် ဓားစွပ်အလွတ်ကိုသာ ရှာတွေ့လိုက်သည်။ ထိုအခါမှ သူ၏ ဓားမြှောင်ကို နျဲ့ရှီအား ငှားခဲ့ကြောင်းသတိရလိုက်သည်။



အခြားရွေးချယ်စရာမရှိတော့သော ဖန်ချန်းသည် ကြောက်ရွံ့ထိတ်လန့်နေသည့် ဖန်ယင်းယင်းကိုဆွဲထုတ်ပြီး အပေါ်ထပ်သို့ ပြေးသွားလိုက်သည်။



စိတ်နတ်ဆိုးသည် အလွန်နုနယ်သည်။ ဖန်ချန်း၏ကန်ချက်ကြောင့် သူ့ဦးခေါင်းခွံရိုး ကျိုးသွားခဲ့သည်။ လည်ပင်းနေရာမှ စိမ်းဝါရောင် အရည်များ စိမ့်ထွက်ကာ ကြမ်းပြင်ပေါ်သို့ ရွှဲလာပြီး အချိန်အတန်ကြာပြီးနောက် အမဲစက်များ ဖြစ်သွား၍ ပြန်ပျောက်ကွယ်သွားသည်- ထိုနေရာတွင် မည်သည့်အရာမှ မကျန်ရစ်ခဲ့တော့ပေ။



စိတ်နတ်ဆိုးသည် သူတို့ အပေါ်ထပ်ကို တက်သွားသည်နှင့် တဖြေးဖြေး နောက်ကနေလိုက်တက်လာခဲ့သည်။ ၎င်း၏ကနဦး လှုပ်ရှားမှုက နှေးကွေးသော်လည်း တဖြည်းဖြည်း အရှိန်မြင့်လာကာ လက်ရန်းကိုပင် တွယ်တက်ပြီး တက်လာသည်။ ၎င်း၏ ခြေလက်များသည် သတ္တုလက်ရန်းပေါ်မှ ချော်ချော်ကျနေရာ ပြန်လည်ကြိုးပမ်းမှုတိုင်းတွင် ၎င်း၏ အော်ဟစ်သံများသည်ကျယ်လောင်စွာထွက်လာခဲ့သည်။



ဖန်ချန်းသည် အထပ်နှစ်ထပ်မျှ ပြေးပြီးနောက် ရောက်နေသည့်အထပ်ရှိ ဧည့်ခန်းထဲက ဆိုဖာနောက်တွင် ဖန်ယင်းယင်းကို ဆွဲကာပုန်းလိုက်သည်။ စိတ်နတ်ဆိုးက အပေါ်ကိုဆက်လက်တက်သွားခဲ့ပြီး သူတို့နှစ်ဦးသည် ကပ်သီးလေး လွတ်သွားခဲ့သည်။



ပရမ်းပတာများကြားထဲမှာပင် ဖန်ယင်းယင်းသည် ဖန်ချန်း၏နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။ သူ၏ဆံပင်များသည် ကောက်ကွေးနေကာ အနည်းငယ်ပျော့ပြောင်းပြီး သူ၏ဖြောင့်စင်းကာဖြူဖွေးသောလည်ကုပ်သည် ချွေးများတောက်တောက်ကျကာ စိုရွှဲနေသည်။



ဖန်ယင်းယင်းသည် ဖန်ချန်းကို ပထမဆုံးအကြိမ် တွေ့ခဲ့အချိန်မှစ၍ သူမ ရင်ထဲ၌ မီးပွားတစ်ခု လောင်ကျွမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူသည် ဖြူစင်ပြီး ကြင်နာကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများ... ဖြူဖွေးသော သွားများဖြင့် ယခင်က သူမ ကြိုက်ခဲ့ဖူးသော သူနှင့် အမှန်တကယ်ပင် ဆင်တူလှသည်။ ကံမကောင်းစွာပင် ထိုလူသည် လက်တွဲဖော်ရွေးချယ်ရာတွင် မျက်လုံးကန်းနေခဲ့ပြီး မည်သည့်ရှုထောင့်ကကြည့်ကြည့် သူနှင့် မလိုက်ဖက်သည့် ချစ်သူနှင့် အဆုံးသတ်သွားခဲ့သည်။



ထိုအကြောင်းကိုတွေးလိုက်ရင်း ဖန်ယင်းယင်းသည် နောက်တစ်ကြိမ် ဖိအားသက်ရောက်လာသလိုမျိုးခံစားလိုက်ရပြီး ဖန်ချန်း၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ အနီရောင်အစင်းကြောင်းများ ထွက်ပေါ်လာစေခဲ့သည်။ အချို့နေရာများတွင် အရေပြားသည် လက်သည်းများကြောင့်သွေးထွက်သည်အထိပင် ပေါက်ပြဲသွားရသည်။



ဖန်ချန်းက မျက်မှောင်ကြုံ့လိုက်ပြီး လှည့်ကြည့်လိုက်ကာ တစ်ခုခုပြောတော့မည့်အချိန်မှာပဲ လှေကားထစ်ကနေမမျှော်လင့်ထားသည့် နောက်ထပ်အသံတစ်ခုထွက်လာခဲ့သည်။



နောက်ထပ် စိတ်နတ်ဆိုးတွေလား?



ဖန်ယင်းယင်းက ပြင်းပြင်းထန်ထန်တုန်လာပြီး "ကျွန်မကို ကာကွယ်ပေးပါ...ဖန်ချန်း ရှင် ကျွန်မကို ကာကွယ်ရမယ်" ဟုပြောလာခဲ့သည်။



"ရှူး စကားမပြောနဲ့" ဖန်ချန်းက တိုးတိုးလေးပြောလိုက်ပြီး အသံကိုသေချာနားထောင်ဖို့ခေါင်းကိုစောင်းလိုက်သည်။



သူ့ခြေထောက်များက အစွန်းဘက်ကို ဖြေးဖြေးရွေ့လိုက်သည်... သူလက်မောင်းသည် ဖန်ယင်းယင်းကြောင့် ပူလောင်နာကျင်ကာ တုန်ခါနေပြီး... ဒဏ်ရာများမှ သွေးစက်များစိမ့်ထွက်လာသည်။ထိုသို့အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသော်လည်း သည်းခံထားရုံမှတပါး သူ့မှာရွေးချယ်စရာမရှိပေ။



အဲ့တာက..ခြေသံတွေနဲ့တူသည်.....



ဖန်းချန်က စိတ်နတ်ဆိုး မဟုတ်တာကြောင့် သက်ပြင်းချလိုက်သော်လည်း အမြန်ပြန်၍တင်းမာလာခဲ့သည်။ နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်နေသည့်အခိုက်အတန့်တွင် ဖန်ယင်းယင်းသည်သူမ၏လက်များကို နားရွက်ပေါ် တင်လိုက်ကာ တင်းတင်းကြပ်ကြပ်အုပ်ကိုင်ထားလိုက်ပြီး အသက်ရှုရန်ပင်မေ့လျော့သွားခဲ့သည်။ သူမ၏ စိတ်နှလုံးထဲ၌ စိတ်အားထက်သန်စွာ ဆုတောင်းနေခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်နေသော မျက်လုံးများက ပြူးကျယ်သွားသည်- ကျေးဇူးပြုပြီး သူ...မဖြစ်ပါစေနှင့်...



ခြေသံများက နီးကပ်လာကာ ဆိုဖာအနီးရှိကြမ်းပြင်ပေါ်တွင် ရပ်တန့်သွားပြီးနောက် တိတ်ဆိတ်သွားတော့သည်။



ဖန်ချန်း၏နှလုံးသားသည် ဒရမ်တစ်ခုလို ခုန်နေကာ တစ်ကမ္ဘာလောက်ကြာသလို ခံစားရသည့်အချိန်အထိ သူစောင့်နေခဲ့သော်လည်း လှုပ်ရှားသံကမထွက်လာခဲ့ပေ။ မျက်လုံးမှိတ်ကာ သွားများကို တင်းတင်းစေ့ပြီးနောက် ဖြည်းညှင်းစွာ ချောင်းကြည့်လိုက်သည်။



ဧည့်ခန်းအလယ်တွင် လူတစ်ဦးတည်းသာ... လူတစ်ယောက်သာ ရပ်နေခဲ့သည်။



"ဖန်ချန်း...." ထိုလူကခေါ်လာခဲ့သည်။



ဖန်ယင်းယင်းက စူးစူးဝါးဝါးအော်ဟစ်လိုက်သည် ။ တစ်စက္ကန့်မျှပင် မတွေးတော့ဘဲ သူမသည် ဖန်ချန်းကို လျင်မြန်စွာ ရှောင်တိမ်းကာ လှေကားထစ်နှင့် ဆက်စပ်နေသည့် စင်္ကြံလမ်းဘက်သို့ ပြေးထွက်သွားတော့သည်။



နျဲ့ရှီသည် ထိုကောင်မလေး ပြေးသွားသည့် လမ်းကြောင်းကို တစ်ချက်စိုက်ကြည့်လိုက်ကာ လိုက်သွားရန် ရည်ရွယ်ချက်မရှိပေ။ ထိုအစား သူက သူ့အကြည့်ကို ဖန်ချန်းဘက်သို့ပြန်လှည့်လိုက်သည်။ "မင်း...ငါ့ဆီကနေ ပုန်းနေတာလား?"



"ငါ...မဟုတ်ပါဘူး" ဖန်ချန်းက ဖြည်းညှင်းစွာဖြင့်ထရပ်လာပြီး ဆိုဖာရဲ့ ပျော့ပျောင်းတဲ့ မျက်နှာပြင်ကို သူ့လက်ချောင်းထိပ်တွေနဲ့ ပွတ်လိုက်သည်။ သူ့အကြည့်တွေက နေရာတိုင်းကို ဦးတည်ရာမဲ့ ပျံ့လွင့်သွားပေမယ့် နျဲ့ရှီအပေါ်ကိုတော့ တစ်ခါမှ မကြည့်ခဲ့ပေ။



"သူမ...မင်းကို ဘာပြောခဲ့တာလဲ" နျဲ့ရှီ တဖြေးဖြေးလျှောက်လာခဲ့ပြီး သူ့အရိပ်က ဖန်ချန်း၏ ခေါင်းပေါ်မှာထင်ဟပ်လာသည် ။



"မဟုတ်ဘူး..ငါ..." ဖန်ချန်း၏လက်များက တုန်ရီလာတော့သည်။ သူဘာကြောင့် ကြောက်ရွံ့နေရတယ်ဆိုတာတော့ မသိနေပေ။ သူသည် သွေးစွန်းကွက်များ စွန်းထင်း ကျန်ရစ်နေသည့် သူ့လက်မောင်းကိုသာ စိုက်ကြည့်နိုင်ခဲ့သည် ။ အမှုန်အမွှားတစ်ခုသည် ဆိုဖာပေါ်သို့ ပေါက်ခနဲကျဆင်းလာကာ ကြည်လင်သောစက်ဝိုင်းတစ်ခု ဖြစ်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။



"မင်း...ငါ့ကိုကြောက်နေတာလား?" နျဲ့ရှီ၏ သြရှကာ နက်ရှိုင်းသောအသံသည် မေးခွန်းထုတ်သည့်လေသံမျိုးမဟုတ်ဘဲ သက်ပြင်းတစ်ခုလို ထွက်ပေါ်လာသည်။



"မဟုတ်ဘူး..." ဖန်ချန်းက ကြိမ်ဖန်များစွာ ထပ်ငြင်းဆိုခဲ့ပြီးချိန်တွင် အမြင်အာရုံများ မှုန်ဝါးလာကာ နောက်ထပ်ထပ်လာမည့် စကားများအတွက် ပိုစိုးရိမ်လာခဲ့သည်။



ဖန်ချန်း၏မေးစေ့သည် တစ်စုံတစ်ယောက်ထံမှ ညင်သာစွာ မြှောက်ခံလိုက်ရပြီး မျက်တောင်များမှိတ်ချလိုက်ကာ မျက်ရည်များက သူ့ပါးပြင်ပေါ် စီးကျလာတော့သည်။ နျဲ့ရှီက ဖန်းချန်၏ သွေးစွန်းနေသော လက်မောင်းကို မြှောက်ကိုင်လာကာ သွေးများကို လျှာဖြင့်လျက်လိုက်သည်။



ဖန်ချန်း၏အမြင်အာရုံများ ပြန်လည်ရရှိလာပြီး ကြည်လင်ပြတ်သားမှုနှင့်အတူ သာမန်ထက်ထူးကဲသော အနမ်းတစ်ခုကပ်ပါလာတော့သည်။



နျဲ့ရှီက “မကြောက်နဲ့”



သူတို့၏ နှုတ်ခမ်းများက ထိကပ်သွားကြပြီး အေးစိမ့်နေသောခံစားချက်တစ်ခုကို မျှဝေလာခဲ့သည်။



ဖန်ချန်းလည်း မကူညီနိုင်ဘဲ တုန်တက်သွားမိတော့သည်။



_______________



ဖန်ယင်းယင်းသည် နျဲ့ရှီထံမှလွတ်မြောက်လာခဲ့သည်။



သူမသည် အခြားအထပ်ကို ပြေးသွားကာ ဆယ့်လေးထပ်သို့ ရောက်လာခဲ့သည်။ သူမက တုန်တုန်ယင်ယင်ဖြင့် အခန်းတံခါးကိုသော့ဖွင့်ရန် အခန်းကတ်ကိုသုံးကာ အတွင်းသို့ဝင်လိုက်ပြီး လုံလုံခြုံခြုံပိတ်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။



သူမသည်...ဖန်ချန်းကို..နောက်မှာချန်ထားခဲ့မိသည်....



ဖန်ယင်းယင်း၏ အသက်ရှုသံများက မြန်လာပြီး သူမ၏ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သူမမျက်လုံးများကို လက်ဖမိုးဖြင့် သုတ်လိုက်ရင်း ဒူးကို တင်းတင်းပိုက်ရင်း ငိုရှိုက်စပြုလာသည်။



သူမဘာသာ လွတ်မြောက်ဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိခဲ့ပေ...ထိုလူကိုက သူမက မထီမဲ့မြင်ပြုခဲ့တာကြောင့် သူမသာ ဖမ်းမိသွားပါက အပြစ်ပေးခံရလိမ့်မည်။ ဒါပေမယ့် ဖန်ချန်းကတော့ မတူပေ.. သူ့အတွက်ဆိုရင်တော့ ခြားနားတဲ့ ကိစ္စပဲ မလား...



သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ပိုက်ထားရင်း ရှေ့ဆက်မတွေးရဲတော့ပေ...



အခု သူမ တစ်ယောက်တည်းသာရှိတော့သည်....သူမအခု ဘာလုပ်ရမလဲ... ဝူး...သူမ အရမ်းကြောက်တယ်... ဒါက သူမအတွက် လက်စားချေခြင်းများလား? ဖြစ်နိုင်လောက်လား?သူမက အမှားတစ်ခုခုလုပ်ခဲ့မိတာကြောင့် သူမအပြစ်ပေးခံရမှာ ဖြစ်သည်.... ဒါကေမယ့် သူမကိုလည်း အပြစ်တင်လို့မရဘူးလေ.. အစောကြီးထဲစသူမအပြစ်မဟုတ်ဘူး...အဲ့တာက အဲဒီအမျိုးသမီးရဲ့အပြစ်ပဲ...အဲ့အမျိုးသမီးက ပြဿနာပဲ! အဲ့အမျိုးသမီးက သူမကြိုက်တဲ့လူကို လုယူသွားခဲ့ပြီးတော့ ဘာမှမဖြစ်သလိုမျိုးသူမ အပေါင်းအသင်းတွေနဲ့ ရယ်မောလိုက် စကားပြောလိုက်ပင်လုက်နေခဲ့သေးသည်။



အခန်းသည် မည်းမှောင်နေပြီး အပြင်ဘက် ကောင်းကင်တွင်လည်း အပြာရောင်များ ပျောက်ကွယ်သွားကာ ကြယ်မရှိ လမရှိဖြင့် အကြွင်းမဲ့ အနက်ရောင်ဖြစ်နေကာ လူတိုင်း၏ နှလုံးသားကို လွှမ်းမိုးထားသည်။ အမှောင်ထဲ၌ ဖန်ယင်းယင်းသည် သူမဒူးကိုသူမ တင်းတင်းပွေ့ဖက်ထားရင်း အသံမကြားရအောင် တိတ်တိတ်ဆိတ်ဆိတ် ငိုရှိုက်နေတော့သည်......



××××××××××××××



ဧည့်ခန်းထဲရှိ မီးဆိုင်းသည် လှပနေပြီး သပ်ရပ်သော မီးပွားအလွှာများဖြင့် အလှဆင်ထားသည်။ ဖန်ချန်းက ခေါင်းကို စောင်းနေပြီး မီးဆိုင်း၏ အဝါရောင်သန်းသော အူတိုင်ကို မော့ကြည့်နေရသည်။



သူ့သွားများက အဟခံလိုက်ရပြီး အေးခဲနေသော လျှာသည် အတွင်းဘက်သို့ စိမ့်ဝင်လာပြီး သူ့ခံတွင်းအတွင်းပိုင်းကို စူးစမ်း လေ့လာနေကာ နူးညံ့စိုစွတ်သော အသံများက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေလေသည်... နျဲ့ရှီက... မဟုတ်ဘူး...သူ့ကိုပွေ့ဖက်ထားတဲ့ ပုပ်ပွနေတဲ့ အဲဒီလူက.. သူ့လက်ဖဝါးကြီးများဖြင့် ဖန်ချန်း၏နောက်ကျောကို ပွတ်သပ်လာသည်။



သူတို့...နမ်းနေကြသည် 



အဲ့ဒါက ရေခဲကဲ့သို့ အေးမြပြီး နွေးထွေးမှုမရှိနေကာ ဖန်ချန်း၏နှလုံးသားများကိုအေးခဲစေသည့် ရင်တုန်စရာအနမ်းတစ်ခုဖြစ်သည်။ သို့တိုင်အောင် သူ သည်းခံခဲ့သည်။ သူ့အကြည့်များက ဦးတည်ရာမဲ့နေကာ တောက်ပနေသော မီးဆိုင်းဆီသို့ ရွေ့လျားသွားသည်။ လင်းထိန်နေသော အလင်းရောင်သည် သူ့မျက်လုံးထဲ ပြည့်နေကာ မီးရှူးမီးပန်းများ ပေါက်ကွဲနေသလိုမျိုးလင်းထိန်နေလေသည်။



ဖန်ချန်းသည် နည်းနည်းတော့ ကြောက်နေခဲ့သည်။



ဖန်ချန်းသည် ရွှဲစိုနေသော မျက်ရည်များမှတစ်ဆင့် ထိုလူ၏ ပုပ်ပွနေသော မျက်နှာကို အမှတ်မထင်တွေ့လိုက်ရသည်။ မျက်ရည်များကြားတွင် ဖျတ်ခနဲမြင်ရသည်မှာ တစ်ချိန်က ပုံသဏ္ဍာန်ပဲဖြစ်သည်- နျဲ့ရှီ၏ မျက်နှာပုံစံ အသွင်အပြင်ပင်...



ဖန်ချန်းသည် အခုနမ်းနေသူမှာ သူ့ကိုမကြောက်စေရန် နျဲ့ရှီ၏မျက်နှာကို ဝတ်ဆင်ထားပြီး လူ၏အရေပြား ဖုံးလွှမ်းထားသည့် မကောင်းဆိုဝါးတစ်ကောင်ပဲလို့ သံသယရှိပေသည်။ ကံမကောင်းစွာဖြင့် သူသည် လက်တွေ့ဘဝကို အမြန်ပြန်ရောက်လာခဲ့သည်။ဒီလူ... ဒီပုပ်နေတဲ့လူသည် အမှန်ပင် နျဲ့ရှီဖြစ်သည်။ သူသည် နျဲ့ရှီရနံ့ကို မှတ်မိပြီး ယခုအခါ ထိုလူသည် သူ့အား မြဲမြဲဆုပ်ကိုင်ထားလေရာ သူ့ဆီမှ မလွတ်မြောက်နိုင်တော့ပေ။



ဖန်ချန်း၏ ဘာမှမတုံ့ပြန်သည့်အ‌ေပါ်မကျေနပ်သည့်ဟန်ဖြင့် အနမ်းများက ပိုကြမ်းလာပြီး ပိုပြင်းထန်လာသည်။ သူက ဖန်ချန်း၏ ခေါင်းနောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့လျှာက ဖန်ချန်းခံတွင်းထဲမှာ ဖရိုဖရဲ လှုပ်ရှားနေသည်။



မကြာမီတွင် ဖန်ချန်း၏ မျက်နှာပေါ်၌ မျက်ရည်များ တစ်စက်စီ ကျဆင်းလာတော့သည်...



လှေကားတွင် ကလေး အော်ဟစ်သံများက ထပ်မံထွက်ပေါ်လာပြန်သည်။ စိတ်နတ်ဆိုးက သူ့လမ်းကိုနောက်ပြန်လှည့်လာပြီး နောက်တစ်ကြိမ် ခြေရာခံရောက်လာသည်။



နျဲ့ရှီက ဖန်းချန်ကို နှစ်သိမ့်ပေးသလိုမျိုး သူ့ဆံပင်တွေကို ဖြည်းညှင်းစွာပွတ်သပ်ပေးလာကာ လွှတ်ပေးခဲ့သည်။



ဖန်ချန်းသည် သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေ အားလုံးကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူက မြေပြင်ပေါ်ကို တိုက်ရိုက် လဲကျသွားပြီး ကြောင်တက်တက်ဖြင့်ထိုင်နေကာ သူ့အကြည့်များက ကြမ်းပြင်ပေါ်တွင် သာကျောက်ချနေခဲ့သည်။ ငွေမျှင်ကြိုးများက ပါးစပ်ထောင့်တွင် တွယ်ကပ်နေသေးပြီး သူက ၎င်းတို့ကို လက်ဖမိုးနှင့်ဆွဲသုတ်လိုက်ကာ လက်ချောင်းများကို ဖြည်းညှင်းစွာ ကွေးလိုက်သည်။



စိတ်နတ်ဆိုးသည် လှေကားဝင်ပေါက်တွင် ၎င်း၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကိုသာ ပြသရသေးပြီး နျဲ့ရှီ၏ ပစ်ခတ်မှုကြောင့် ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားကာ လှေကားမှ ပြုတ်ကျသည်နှင့် တပြိုင်နက် လေထဲ၌ အငေွ့ပျံသွားသည်။ ထိုပစ်ခတ်မှုသည်နျဲ့ရှီတွင်ရှိသော နောက်ဆုံးကျည်ဆန်ဖြစ်သည်။ အခု ကျည်ဆန်ကုန်သွားသဖြင့် နျဲ့ရှီက ကျည်ကပ်ကို ထုတ်ပစ်လိုက်သည်။



နျဲ့ရှီက ‌ပစ္စတိုကပြန်ပြင်နေစဉ်မှာပဲ ဖန်ချန်း၏ လက်ချောင်းများ လှုပ်ယမ်းသွားသည်။ သူ့အကြည့်တွေက အသက်မဲ့နေပေမယ့် နောက်ဆုံးတော့ သူ့ခေါင်းကိုမော့ပြီး နျဲ့ရှီကို ကြည့်လိုက်သည်။



"မင်းက..ဘယ်သူလဲ?" ဖန်ချန်း၏အသံက ဝါးတားတားနှင့်တိုးနေကာ အဝတ်အလွှာနဲ့ ဖုံးထားသလိုပင်...အလင်းရောင်က ပုပ်နေတဲ့မျက်နှာပေါ် ကျရောက်သွားပြီး ဖန်ချန်း၏မျက်လုံးများက တုန်လှုပ်ချောက်ချားမှု ကြောက်ရွံ့မှုတို့နဲ့အတူ တောက်ပလာခဲ့သည်။



တုန်ယင်နေသည့်အသံဖြင့် အဓိပ္ပါယ်မဲ့သော မေးခွန်းတစ်ခုကို သူထပ်မေးလိုက်သည်... "...ငါတို့အရင်ကသိကြလား"