Chapter 15
Viewers 4k

Ch15 - လွတ်မြောက်ခြင်း


အနီနှင့် အဖြူ၏ တောက်ပသော အရောင်အသွေးသည် လိုက်လျောညီထွေစွာရောလျှက်နေလေသည်။

ဖန်ချန်း၏ အမြင်အာရုံတွေထဲမှာ ဒီအရောင်နှစ်ရောင်ပဲ ရှိတော့သည်။ အဖြူအနီ ၀တ်စုံကို ၀တ်ဆင်ထားသော ရုပ်ပုံသဏ္ဍာန်များကပေါ်လာခဲ့သည်။

ကျောင်းသားတွေ ဝန်းရံထားသည့် စည်ကားလှသော အားကစားကွင်းထဲမှာ သူရပ်နေခဲ့သည်။ ကျောင်းသားများသည်ထူးခြားစွာဖြင့် မျက်နှာသွင်ပြင်များ ကင်းမဲ့နေပြီး သူတို့၏ မျက်နှာများသည် အသားရောင်ပြင်ကြီးသာ ဖြစ်နေသည်။

ဖန်းချန်၏ နားထဲတွင် တေးဆိုသံများ လွှမ်းသွားသည်။ အချို့သော ယောက်ျားလေးများသည် လူပျိုဖော်ဝင်စဖြစ်တာကြောင့် သဲစက္ကူကဲ့သို့ ကြမ်းတမ်းသော အသံများ ရှိကြသည်။ သူခေါင်းငုံ့လိုက်ပြီး သူ့လက်တွေက ယခင်ကထက်အများကြီးသေးတာကိုတွေ့သွားသည်။လက်ဖဝါးတစ်ခုလုံးကို ဖုံးအုပ်ထားသည့် ကြီးမားတဲ့ ကျောင်းဝတ်စုံ အင်္ကျီလက်ထဲမှ သွယ်လျရှည်လျားသော လက်ချောင်းများ ထွက်လာသည်။ ကျောင်းသားများ၏ ယူနီဖောင်းသည် သူတို့၏ တကယ့်ခန္ဓာကိုယ်အရွယ်အစားထက် အမြဲပိုကြီးပေသည်။

ထိန်းမရသော စွမ်းအားတစ်ခုက တွန်းပို့လိုက်သလိုမျိုး ဖန်ချန်းသည်တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ ရှေ့သို့ လျှောက်သွားခဲ့မိသည်။ သူရဲ့ လျင်မြန်သောခြေလှမ်းများကြောင့် တစ်စုံတစ်ဦးနှင့် မတော်တဆတိုက်မိသွားပြီး သူတောင်းပန်ခါနီးတွင် ထိုမျက်နှာမဲ့လူက သူ့ပခုံးကို ဆုပ်ကိုင်လာသည်။ "ဖန်ချန်း? ဘာတွေ အပြေးအလွှား ဖြစ်နေတာလဲ... ငါတို့ လူစုခွဲပြီးတာနဲ့ မင်း ပျောက်သွားလို့ ငါ မင်းကို လိုက်ရှာနေတာ"

ဖန်ချန်းက အံ့အားသင့်သွားကာ ဗလာဖြစ်နေပြီး မှုန်ဝါးနေသော မျက်နှာကို ကြည့်လိုက်သည်... "မင်း..." ငါ့ကိုမှတ်မိတာလား? ဒါဆို ငါဘယ်သူလဲဆိုတာကော မင်းသိလား? ဆိုတာကိုမေးချင်မိသွားသည်။

သူ့စကားမဆုံးလိုက်ခင်မှာပဲ အေးစက်နေတဲ့ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ သူ့ကို ကိုင်ထားသောလက်သည် ပျော့ပြောင်းကာ ပုပ်ပွနေပြီး အရိုးစုများပေါ်နေတာကို တွေ့လိုက်ရပြီး သူ့အကြည့်ကို လွှဲလိုက်သည်။

စောနကအထိ သူနဲ့စကားပြောခဲ့တဲ့လူက အရည်ပျော်ကျသွားပြီး အားကစားကွင်းထဲကလူတွေအားလုံးလည်း အတူတူပင်...။ သူတို့ စကားသံတွေ ရပ်တန့်သွားပြီး နောက်ဆုံးမှာတော့ အသားတွေ ဗွက်အိုင်အဖြစ် ပြောင်းလဲပျော်ကျသွားကာ ပတ်ဝန်းကျင်က တမဟုတ်ချင်း တိတ်ဆိတ်သွားခဲ့သည်။

သူတို့ကြားတွင် ထိုအရိုးစုလိုလူကို ဖန်ချန်းစိုက်ကြည့်လိုက်သည်။ ပထမတော့ သူက အံ့အားသင့်သွားပုံရပြီး မထင်မှတ်ပဲ သူ့မျက်လုံးတွေက တဖျပ်ဖျပ်တောက်လာခဲ့သည်။ သာမာန်ထက် အနည်းငယ်အလင်းရောင်မဲ့နေသာ မျက်စံများက တဖျပ်ဖျပ်ဖျပ်ခတ်သွားပြီးစိတ်လှုပ်ရှားစွာဖြင့် "မျှော်လင့်ထားသလိုပဲ... တကယ်ကို မင်းပဲ!"

***************

ဖန်ချန်းသည် တစ်ကိုယ်လုံး အေးစက်နေပြီး သူခေါင်းတင်ထားသော လက်မောင်းမှာ ထုံကျဉ်နေတာကိုခံစားလိုက်ရသည်။ သူနိုးနေပြီဖြစ်သော်လည်း မျက်လုံးမဖွင့်နိုင်သေးပေ.. အခန်းအပြင်ဘက် ကစားပွဲပေါ်တွင် သူလဲလျောင်းနေတာဖြစ်ပြီး ကောင်းချန်၏ဆက်တိုက်ဟောက်သံများက အိပ်ခန်းထဲမှ ထွက်ပေါ်နေသည်။

စောစောပိုင်းအခြေအနေကိုပြန်တွေးရရင် လူတိုင်းက ပင်ပန်းနွမ်းနယ်နေတာကို သတိရမိသွားသည်။ ဖန်ယင်းယင်းက သူမ အနားယူချင်တယ်လို့ ပြောလာခဲ့ပြီး မျက်လုံးများမှိတ်ကာ ဆိုဖာထောင့်တွင် ကွေးကွေးလေး လှဲလိုက်ခဲ့သည်။ တဖြည်းဖြည်းနဲ့ တခြားသူတွေလည်း ဆက်မထိန်းထားနိုင်တော့ဘဲ အိပ်ချင်လာကြသည်။

မိုးလင်းဖို့က လိုသေးပုံရတာကြောင့် ကောင်းချန်က တံခါးဝမှာတစ်ယောက်ယောက်ကစောင့်ပြီးတော့ ကျန်တဲ့သူတွေက နှစ်နာရီတစ်ကြိမ် အလှည့်ကျ အနားယူဖို့ အကြံပေးလာခဲ့သည်။

တံခါးဝမှာစောင့်တာကို မည်သူမျှ မလုပ်ရဲတာကြောင့် သူတို့၏ အကြည့်များအားလုံးက နျဲ့ရှီဘက်ကိုနောက်တစ်ကြိမ် လှည့်သွားပြန်သည်။

အဲ့အချိန်မှာ ဖန်ချန်း ဘာတွေတွေးနေခဲ့လဲ?ကောင်းပြီ.. သူ့စိတ်ထဲမှာ ဘာအတွေးမှ ရှိမနေခဲ့ပေ။ သူက လက်ကို မြှောက်ပြလိုက်ပြီး "ဒါဆို ငါအရင် စောင့်လိုက်မယ်လေ မင်းတို့တွေ အရင် အနားယူလိုက်ကြ...တကယ်လို့လှုပ်ရှားမှုတစ်ခုခုရှိရင် နှိုးလိုက်မယ်"

သူတို့အခုနေနေတဲ့ တိုက်ခန်းက ယောက်ျားလေးတစ်ယောက်ရဲ့ တိုက်ခန်းဆိုတော့ ကောင်းချန်က မိန်းကလေးတွေကိုသူ့အခန်းထဲမှာ အိပ်စေဖို့ အဆိုပြုတာက အဆင်မပြေပေ။ ဖန်ယင်းယင်းက ဆိုဖာပေါ်မှာအနားယူနေပြီဆိုတာ မြင်လိုက်ရတော့ သူနဲ့ ကျန်းရွေ့က အိပ်ခန်းကိုမျှသုံးလိုက်ပြီး ကောင်မလေးတွေကို ဆိုဖာပေါ်မှာ အိပ်ခိုင်းလိုက်မယ်လို့ပြောလာသည်။

ကောင်းချန်နှင့် ကျန်းရွေ့နှစ်ဦးစလုံးက နျဲ့ရှီကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။သူတို့ နှစ်ယောက်စလုံး..ဘယ်သူကမှ နျဲ့ရှီကို အခန်းမျှသုံးဖို့ပြောရန် သတ္တိမရှိကြပေ။

"မင်း..မပင်ပန်းဘူးလား?သွားပြီး အိပ်တော့လေ” ဖန်ချန်းက နည်းနည်းကြောက်နေသေးပေမယ့် နျဲ့ရှီကိုပြောလိုက်သည်။

ကောင်းချန်က"ဒါမှမဟုတ် လူနှစ်ယောက်အတူတူစောင့်ကြရင်ရောဘယ်လိုလဲ?"

"မလိုဘူး" ဖန်ချန်းက ပြောလိုက်သည်။ တစ်ဖက်တွင် နျဲ့ရှီသည် ဖန်ချန်း၏ ဆန့်ကျင်ဘက်က ကုလားထိုင်ကို ဆွဲထုတ်ပြီး ဝင်ထိုင်လိုက်သည်။

ကောင်းချန်က သူတို့နှစ်ယောက်ကြားကို အပြန်ပြန်အလှန်လှန် ကြည့်နေပေမယ့် ဘယ်သူကမှ စကားမပြောလာတာကြောင့် သူလည်း ဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်သည်။ သူနှင့် ကျန်းရွေ့သည် အိပ်ရန် အိပ်အခန်းထဲကိုဝင်သွားလိုက်ကြတော့သည်။ သေချာတာပေါ့ တံခါးကို နည်းနည်းဟထားခဲ့လိုက်သည် ။

"မင်းသွားမအိပ်ဘူးလား?" အခန်းထဲမှာ မီးတွေပွင့်နေပြီး တောက်ပြောင်နေပေမယ့်လည်း ဖန်ချန်းကတော့မနေ့ညက ပုပ်ပွနေတဲ့လူနဲ့ အတူတူထိုင်နေရတဲ့အချိန်နဲ့ လက်ရှိအခြေအနေကို မတတ်နိုင်ဘဲဆက်စပ်ကြည့်မိသွားသည်။

"အိပ်တော့မှာ" နျဲ့ရှီက သူ့လက်နှစ်ဖက်ကို စားပွဲပေါ်ကို ထောက်လိုက်ရင်း ခေါင်းကို လက်မောင်းပေါ်ဘေးစောင်းလေးတင်ထားကာ ပြောလိုက်သည်။ လက်ရှိ အနေအထား သိပ်အဆင်မပြေလို့ လက်တစ်ဖက်ကို သူဆန့်ထုတ်လိုက်သည်။

နျဲ့ရှီ၏လက်များက စားပွဲတစ်ဝက်ကို သိမ်းပိုက်လိုက်သည်။ ဖန်ချန်းက စားပွဲထောင့်သို့ မှီထား၍ အပြင်ခန်းတစ်ခုလုံးကို စူးစမ်းလေ့လာလိုက်ပြီး နောက်ဆုံးတွင် နျဲ့ရှီအပေါ်သူ့အကြည့်များရောက်သွားခဲ့သည်။

နျဲ့ရှီက မျက်လုံးများကိုမှိတ်ထားပြီး သူ၏ချောမောတဲ့မျက်နှာပေါ်မှာ မျက်တောင်စိပ်စိပ်လေးတွေကအရိပ်ကျနေခဲ့သည်။သူ၏အေးစက်သောမျက်လုံးများကို မမြင်နိုင်တော့တာကြောင့် သူ့မျက်နှာအသွင်အပြင်က အနည်းငယ်အလိုလိုပျော့ပျောင်းသွားသည် ။ သူ့နှုတ်ခမ်းများက အောက်ဘက်တွန့်ကွေးနေပြီး သူ့မျက်ခုံးများက ပြေလျှော့နေသည်။

ဖန်ချန်းသည် နျဲ့ရှီပြုံးတာကို တစ်ခါမှ မမြင်ဖူးကြောင်း သတိပြုမိလိုက်ပြီး ရယ်စရာကောင်းကြောင်းရှာတွေ့သွားသည်။ ရုတ်တရက် သူ့နှလုံးထဲကျောက်တုံးကြီး ပစ်ချခံလိုက်ရပြီးအာရုံကြောများ ချဲ့ထွင်သွားကာ တုန်ခါမှုများထွက်လာသလိုခံစားလိုက်ရသည်။ ၎င်းသည် သူအရင်က တစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးသော မူးဝေဝေခံစားချက်ကိုဖြစ်ပေါ်စေပြီး အမှောင်ထုထဲကျသွားသလိုဖြစ်သွားခဲ့သည်။

သူ ဘယ်တုန်းကအိပ်ပျော်သွားတာလဲ? မမှတ်မိတော့ပေ...

ကောင်းချန်၏ဟောက်သံက ကျယ်လောင်စွာ ထွက်နေပြီး ဖန်ချန်းသည်ထိုအကြောင်းကို တွေးနေစဉ်မှာပဲ ခန္ဓာတစ်ခုလုံး ခဲဆွဲခံရသလိုမျိုး လေးလံလာသည်။သေချာတာက သူအိမ်မက်ထဲမှာပဲရှိနေလောက်သေးသည်...သူ မနိုးသေးပေမယ့် နိုးနေသလိုမျိုးတွေးနေခဲ့မိသည်။

လေတိုက်ခြင်း သို့မဟုတ် အပူချိန်ကျဆင်းမှုများမဖြစ်လာလေဘဲ ရုတ်ချည်းအရမ်းအေးလာခဲ့သည်။အအေးဓာတ်ကို သူ ကောင်းကောင်းကြီး ခံစားလိုက်ရသည်—အဲဒါက သူရင်နှီးနေတဲ့ ခံစားချက်တစ်ခုပင်။

ဖန်ချန်းက ဒါကိုစိတ်ကူးကြည့်လို့ပင်ရနေသည်... အနက်ရောင် တိုက်ခန်းတစ်ခန်း.. လရောင်မှိန်မှိန်အောက်၌... တစ်ယောက်ယောက်က သူနဲ့အလွန်နီးကပ်သည်အထိခေါင်းငုံ့လာခဲ့ပြီး မျက်နှာပေါ်ကပုတ်ပွနေတဲ့အသားများဖြင့် သူ့ပါးပြင်ကို ပွတ်တိုက်နေသလိုမျိုးဖြစ်သည်။ဖန်ချန်းတစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ပူနွေးနွေးအရည်ကြည်တွေက သူ့မျက်နှာပေါ် ကနေလျှောဆင်းသွားသလို ခံစားလိုက်ရသည်။သွေး..?သွေးတွေစီးကျနေတာများလား..? ထိုအရည်များက နှုတ်ခမ်းကိုဖြတ်ဆင်းလာပြီး သတ္တုအရသာနှင့် အငန်အရသာကို အရသာခံမိလိုက်သည်။

"ဖန်ချန်းး"

တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေတယ်!

"...ဖန်ချန်း"

ဖန်ချန်းမျက်လုံးများကို ဖြတ်ခနဲဖွင့်လိုက်ပြီး တောက်ပတဲ့ မီးအိမ်ကအလင်းရောင်က သူ့မျက်စံတွေကို ကျုံ့သွားစေသည်။ လက်တစ်ဖက်က သူ့မျက်လုံးရှေ့တွင် အလျားလိုက် ချထားသည်။ စားပွဲပေါ်မှာလက်ထောက်ထားတဲ့ နျဲ့ရှီက သူ့နာမည်ကိုခေါ်နေတာဖြစ်သည်။

ဖန်ချန်းသည် ဗလာဖြစ်နေသောအမူအရာဖြင့် ထလိုက်သည်။

သူဒီလိုမျိုး မကြာခဏဖြစ်တတ်သည် ။ ရုတ်တရက် နိုးလာပြီးနောက် သူ့ပါးစပ်က အောက်ဘက်ကိုမဲ့သွားပြီး သူ့မျက်လုံးများက ဂနာမငြိမ်ဖြစ်လာပေမည်။ သူက စားပွဲကို ဗလာအကြည့်များနဲ့ ကြည့်ပြီးနောက် သူ့လက်ကောက်ဝတ်က အေးစက်စက်အရာကို မထိမိကြောင်း သေချာအောင် ကိုင်ကြည့်လိုက်သည်။ ထို့နောက် ဖန်ချန်းသည် ခေါင်းကိုပင့်တင်လိုက်ပြီး သူ့မျက်လုံးများထဲတွင်မျက်ရည်ကြည်များဖြင့်တလက်လက်တောက်ပလာကာ သနားစရာသွင်ပြင် အရိပ်အယောင်ကို ဖော်ပြနေသည်။

နျဲ့ရှီက သူ့မျက်လုံးထောင့်ကို ဖွဖွသုတ်ပေးလာပြီး "ဘာလို့ ငိုနေတာလဲ" ဟု မေးလာသည့်အထိပင်..

ဖန်ချန်းက ငြိမ်နေပြီး သူ့မျက်လုံးများကို လက်ဖမိုးဖြင့် ပွတ်သုတ်လိုက်ကာ တလက်လက် စိုစွတ်နေသော အရိပ်အယောင်များက မျက်လုံးတစ်ဝိုက်မှာ ကျန်ရစ်ခဲ့သည်။

"...ငါလည်းမသိဘူး" ဖန်ချန်း၏အတွေးများက ဝရုန်းသုန်းကား ဖြစ်နေသည်..."ငါ..ငါအိပ်မက်ဆိုးတစ်ခု မက်ခဲ့တာ..”

နျဲ့ရှီက သူ့နှုတ်ခမ်းကို တွန့်လိုက်ပြီး "အိုး"

ဖန်ချန်းကနျဲ့ရှီကို အံ့ဩသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဘာလို့ တစ်ဖက်လူကဝမ်းနည်းနေတယ်လို့ သူခံစားနေရတာပါလိမ့်?

"ငါ မင်းကို ခြောက်မိသွားတာလား?" နျဲ့ရှီက ထပ်မေးလာသည်။

"ဟမ်...မဟုတ်ပါဘူး..." ဖန်ချန်းကဒါကို လက်မခံချင်ပေ။

"အင်း" နျဲ့ရှီက မျက်လုံးများကိုနှိမ့်လိုက်ပြီးအသံပြုလိုက်သည်။သူ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီး "မိုးလင်းနေပြီ"

ဖန်ချန်းသည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံမှာ ကြည်လင်နေတာကိုမြင်လိုက်ရသည်။ အပြာဖျော့ဖျော့နှင့်နူးညံ့သောအဖြူရောင်တို့သည် ချောမွေ့စွာ ရောစပ်လျှက်ရှိနေသည်။ ရာသီဥတုက လူတစ်ယောက်၏ စိတ်ခံစားချက်ကို အမှန်တကယ် သက်ရောက်စေနိုင်သည်။

ယခင်က တိမ်ထူထပ်သော မိုးတိမ်တိုက်များသည် ဖန်ချန်းအပေါ် ကြီးမားစွာ သက်ရောက်ခဲ့ပြီး သူ့ကို အသက်ရှူရခက်စေသည်။ သို့သော် ယခုတော့ သူသည် မျှော်လင့်ချက် အလင်းရောင်ကိုပင် ခံစားလိုက်ရသည်။

"ဒါဆို သူတို့ကို နှိုးလိုက်ရအောင်" လို့ဖန်ချန်းကပြောလိုက်ချိန်မှာပဲ မျက်နှာကျက်မီးက ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ သူက နျဲ့ရှီကို မမေးမီ ခေတ္တရပ်သွားပြီး...

"ဒီမီးကအရင်ကဒီလိုဖြစ်ဖူးလား?"

စားပွဲကိုမှီနေသည့် နင်းရှီသည် ဖန်းချန်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာကျက်မီးဆီသို့ သူ့အာရုံကို လှည့်လိုက်ကာ "အင်း ဖြစ်ဖူးတယ်" ဟုပြောလာသည်။သူ့စကားထဲတွင် ရှားရှားပါးပါး သဲလွန်စကို သယ်ဆောင်သလိုမျိုးဖြစ်နေကာ.."ဘာမှားလို့လဲ?"

ဖန်ချန်းက ကျိန်ဆဲလိုက်ချင်သော်လည်း "ကြည့်ရတာ ချိတ်ဆက်တာ တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်တယ် ...ထင်တာပဲ" ဟု သူ့ကိုယ်သူ ဖြေသိမ့်ရန် အမှတ်တမဲ့ အကြောင်းပြချက် ပေးလိုက်သည်။ ဖြစ်ပျက်ခဲ့သည့်အရာသည် အိပ်မက်မျှသာဖြစ်ကြောင်း သူ့ကိုယ်သူ ယုံကြည်ရန် အသည်းအသန်ကြိုးစားခဲ့သည်။ အိပ်မက်တစ်ခုပဲ ဒါပဲ..

"ဟုတ်လို့လား?" နျဲ့ရှီသည် ယခင်က တွေ့ရခဲသော ဖန်ချန်းချန်း၏အပြုအမူကို ပြတ်ပြတ်သားသား မေးခွန်းထုတ်လာသည်။

ဖန်ချန်းကဒီအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။ဒါကြောင့် အိပ်ခန်းတံခါးနားသွားပြီး တိုးတိုးလေးခေါက်လိုက်သည်။ "အားလုံးပဲမိုးလင်းပြီ.."

ကျန်းရွေ့က ချက်ခြင်းနိုးလာသည်။ ကြည့်လိုက်ရုံနဲ့ သူသိပ်အိပ်မပျော်ခဲ့ဘူးဆိုတာ ထင်ရှားသည်။။ တစ်ဖက်တွင်မူ ကောင်းချန်သည် ကွဲပြားနေသည်။ သူ့ကို အကြိမ်အနည်းငယ်လှုပ်နှိုးခဲ့ရပြီးမှ ဖြည်းညှင်းစွာ နိုးလာကာ "ဟမ်.. ဘာလဲ? ဘာဖြစ်တာလဲ.."ဟုမသဲမကွဲရေရွတ်လာသည်။ ခဏကြာမှ သူသဘောပေါက်သွားခဲ့သည်- အိုး၊ လွတ်မြောက်ဖို့အချိန်ကိုရောက်ပြီ..

ရှဲ့ယင်းက ဧည့်ခန်းထဲမှ ထွက်လာခဲ့ပြီး သူမ မျက်နှာရှိ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်သည် မဖုံးကွယ်ထားနိုင်ပေ။

"ယင်းယင်း နဲ့ ဟွေ့ဝမ်ကျဲတို့ နှစ်ယောက်လုံး နိုးနေပြီ.. ငါတို့ ဘယ်အချိန်လမ်းမပေါ်သွားကြမှာလဲ"

"အခုချက်ချင်းပဲ" ကျန်းရွေ့ကပြောလာသည်။ သူကရေချိုးခန်းဆီသို့ လျှောက်သွားလိုက်ပြီးမျက်နှာသစ်လိုက်ကာ ရေစက်များတတောက်တောက်ကျနေတဲ့မျက်နှာဖြင့်ထွက်လာခဲ့ပြီး "ငါအဆင်သင့်ဖြစ်နေပြီ၊ သွားကြရအောင်.."

"မင်းအဝတ်အစားလဲချင်သေးလား" ကောင်းချန်က ရှဲ့ယင်း၏အနီရောင်ဝတ်စုံကို ကြည့်ကာမေးလိုက်သည် ။ "လှုပ်ရှားဖို့ ပိုသင့်တော်တဲ့ တစ်ခုခုနဲ့ ပြောင်းမလား?" သူက အခုလေးတင်လမ်းလျှောက်လာတဲ့ အခြားအမျိုးသမီးနှစ်ယောက်ကို ခေါင်းမှခြေဖျားအထိ စကင်န်ဖတ်လိုက်ပြီး ဖန်ချန်းဘက်ကို လှည့်ကာ "မင်း‌ရော ဘယ်လိုထင်လဲ" လို့ မေးလာသည်။

ရုတ်တရက် အမေးခံလိုက်ရသော ဖန်ချန်းက တုံ့ပြန်ခြင်းမပြုရသေးခင်မှာပဲ ရှဲ့ယင်းက "အမ်..ငါလည်း အဲ့လိုပဲ တွေးနေတာ" လို့ ပြန်ဖြေလာခဲ့သည်။ မိန်းကလေးများကဖန်ယင်းယင်း၏ အိမ်၌ပေါ့ပေါ့ပါးပါးအ၀တ်အစားများလဲရန် စီစဉ်ခဲ့ကြသည်။

သူတို့သည် နျဲ့ရှီ၏နောက်တစ်ကြိမ် ဦးဆောင်မှုဖြင့် တိုက်ခန်းမှ ထွက်လာခဲ့ကြသည်။

ကော်ရစ်ဒါက ရှင်းလင်းနေကာ ဘာအရိပ်အယောင်မှမရှိနေပေ။ ကောင်းချန်က မသိတာကြောင့် "မနေ့က မကောင်းဆိုးဝါးတွေရဲ့ အလောင်းတွေကော ဘယ်မှာလဲ" လို့ မေးလာခဲ့သည်။

"ပျောက်သွားပြီ" ဖန်ချန်းက"သူတို့က သေပြီးတာနဲ့ ပျောက်သွားတာ"

ကောင်းချန်၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။ “ဒါက ဘယ်လို လှည့်စားတတ်တဲ့ကျိန်စာမျိုးပါလိမ့်”

သူတို့အားလုံး လှေကားကနေ အမြန်ဆင်းလာခဲ့ကြပြီး အမျိုးသားများက တိုက်ခန်းဝင်ပေါက်မှာ စောင့်ဆိုင်းနေချိန်တွင် အမျိုးသမီးများက အခန်းထဲ၌ အဝတ်အစားများလဲရန် ဝင်လာခဲ့ကြသည်။

ကောင်းချန်က တံခါးဘောင်ကို မှီပြီး အတွင်းထဲကို ချောင်းကြည့်လာသည်။

ဖန်ချန်း- "မင်းဘာလုပ်နေတာလဲ??"

ကောင်းချန်က သူ့အား မင်းသိပါတယ်ဆိုသော မျက်နှာထားလုပ်ပြလာပြီး မျက်လုံးကိုအနည်းငယ်ကျဥ်းပြကာ မျက်မှိတ်ပြလာသည်။ သဘာဝအတိုင်း မျက်နှာကနည်းနည်းပြည့်ဖြိုးတာကြောင့် မျက်လုံးတွေက ပျောက်ကွယ်လုနီးပါးဖြစ်သွားသည်။ သူ့မျက်နှာက "ငါဘာကိုဆိုလိုချင်တယ်ဆိုတာ မင်းသိပါတယ်" ဆိုတဲ့ အမူအရာမျိုးဖြစ်နေသည်။

ကျန်းရွေ့က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဖြည်းဖြည်းချင်း နှစ်ချက်ရှိုက်လိုက်သည်။ မီးခိုးငွေ့များက သိမ်မွေ့သော ခါးသီးမှုကို သယ်ဆောင်လာတာကြေကာင့် အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး ဖန်ချန်းသည် ခပ်ဝေးဝေးနေရာကို ရွေ့သွားခဲ့လိုက်သည်။ နျဲ့ရှီလည်း နောက်ကလိုက်ခဲ့လေသည်။

ဖန်းချန်းက သူ့ကိုစိုက်ကြည့်နေတဲ့ နျဲ့ရှီကို တစ်ချက်ခိုးကြည့်လိုက်မိသည်။ ထို့နောက် သူ့ခေါင်းကိုစောင်းလိုက်သော်လည်း နျဲ့ရှီ၏ အကြည့်များက သူ့အပေါ် တဝဲလည်လည် ဖြစ်နေသေးသည်။

ဖန်းချန်က သူ့လက်ကို ဆန့်ထုတ်လိုက်မိသည်။

အဲ့အချိန်မှာပဲ သူ့နောက်က တိုက်ခန်းတံခါးက ပွင့်သွားပြီး လက်တွေ့ဘဝထဲကို ပြန်ရောက်လာခဲ့သည်။ သူ့လက်ကို ပြန်ဆုတ်လိုက်ပြီး ကိုယ့်ခေါင်းကို ပုတ်လိုက်သည်။ အခု သူ ဘာလုပ်ဖို့ စိတ်ကူးနေတာလဲ??

နျဲ့ရှီက ဖန်းချန်ကို တိတ်တဆိတ်ကြည့်နေရင်း သူ့မျက်လုံးတွေ တစ်ဝက်လောက်မှေးမှိန်သွားခဲ့သည်။

မိန်းကလေးများက အဝတ်အစားအသစ်သို့များပြောင်းလဲပြီးသွားပြီဖြစ်သည်။ ဝမ်ဟွေ့ဝမ်ကထွက်လာတာနဲ့ ကျန်းရွေ့အနား ချဥ်းကပ်လိုက်ကာ သူ့လက်မောင်းကို ဖက်တွယ်လိုက်ပြီး "ယင်းယင်းမှာ အရမ်းလှတဲ့ စကတ်တွေ အများကြီးပဲဒါပေမယ့် ဆိုးတာကမယူသွားနိုင်တာပဲ" လို့ပြောလာသည်။ သူမက အခြားနှစ်ယောက်ထက် အသက်ပိုကြီးသော်လည်း မြူးမြူးကြွကြွ ပြုမူရာတွင် အကောင်းဆုံးဖြစ်သည်။ ဒီလိုအချိန်မျိုးမှာတောင် သူမဟာ နှစ်သိမ့်မှုကိုရှာနေတဲ့ ငှက်ကလေးလိုမျိုး သိမ်သိမ်မွေ့မွေ့ အမူအရာတစ်ခုကို ပြသနေသေးသည်။

သူတို့ အပြင်ကို ခြေလှမ်းချလိုက်ပြီးတာနဲ့ လူတော်တော်များများက သက်ပြင်းချလိုက်ကြသည်။ တောက်ပသော နေရောင်ခြည်က သူတို့ကို သက်ရှိလောကအား ပြန်လည်ရောက်ရှိစေသည့် ခံစားချက်ကို ပေးစွမ်းသည်။ သို့သော်လည်း ဖန်ချန်းက တူညီသော ခံစားချက်ကို မရခဲ့ပေ။ထို့အတူ နျဲ့ရှီလည်းဒါကို မကြိုက်ဘူးနဲ့တူသည်။ သူ့မျက်ခုံးတွေ တွန့်ချိုးသွားပြီး စက္ကန့်ပိုင်းအကြာတွင် လျင်မြန်စွာ ပြေလျော့သွားသည်။

ကျန်းရွေ့က သူ့စီးကရက်ကို မီးသတ်လိုက်ပြီး စီးကရက်ဘူးထဲကို သေချာပြန်ထည့်လိုက်သည်။

ဝမ်ဟွေ့ဝမ်: "ရှင်ဘာလို့ ဆေးလိပ်ထပ်သောက်နေတာလဲ"

"စိတ်တွေရှုပ်နေလို့"

အပြင်မှာ လူတစ်ယောက် ဝိဥာဥ်တစ်ခုမှမရှိနေဘဲ ရေပန်းက ရေတွေကကျနေဆဲဖြစ်သည်။ ခလုတ်ကို မည်သူကဖွင့်ထားသည်ကို ဘယ်သူကမှမသိကြသည့်အပြင် ယခုအချိန်တွင် မေးခွန်းထုတ်ရန် ဒါမဟုတ် ထိတ်လန့်တကြားဖြစ်စေရန် အင်အားပင်မရှိကြပေ။ ထုံကျဉ်လုနီးပါး တိတ်ဆိတ်နေတဲ့ ထူးဆန်းမှုများကို ရင်ဆိုင်ခဲ့ကြရသည်။

ကျန်းရွေ့နှင့် ရှဲ့ယင်းတို့က ကားများကို မောင်းလာခဲ့ကြပြီး ထိုင်ခုံနေရာထိုင်ခင်းစီစဥ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေသည့် အကျပ်အတည်းတစ်ခု ရှိနေပြန်သည်။ ကျန်းရွေ့က နျဲ့ရှီကို သူ့ကားထဲမှာ လိုက်စေချင်နေတဲ့ပုံရပေမယ့် သူ့ကို ပြောဖို့ကလည်း တွန့်ဆုတ်နေခဲ့သည်။ ဖန်ယင်းယင်းကတော့ ဖန်ချန်းနောက်ကို အနီးကပ်လိုက်နေခဲ့သည်။

နောက်ဆုံးတွင် ကျန်းရွေ့နှင့် ဝမ်ဟွေ့ဝမ်တို့က ကောင်းချန်နဲ့အတူ ကားတစ်စီးတည်းဖြစ်လာခဲ့ပြီး ရှဲ့ယင်း၊ဖန်ယင်းယင်း၊ နျဲ့ရှီ၊ ဖန်ချန်းတို့က အခြားတစ်စီးဖြစ်လာခဲ့သည်။

ကျန်းရွေ့က : "ငါအရှေ့ကနေ လမ်းပြပြီးသွားမယ်၊ နောက်ကနေ သေချာ ကပ်လိုက်ခဲ့ကြ"

"ဒီနေရာနဲ့ City B က နီးတယ်"

"City B မှာရော ဘယ်သူမှမရှိရင် ဘယ်လိုလုပ်မလဲ?" ဖန်ချန်း၏ ရုတ်တရက် ပြောလိုက်တဲ့စကားကြောင့် အားလုံးက ငြိမ်သွားကြသည်။

"ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ငါတို့ဒီမှာလည်းနေလို့မရဘူးလေ" ဝမ်ဟွေ့ဝမ်က ပြောသည်။ "တစ်ခုခု... ဒီက တစ်ခုခုက အဆင်မပြေနေဘူး"

ထိုအချိန်တွင် လူတိုင်းက တစ်ခုတည်းသော အတွေးတစ်ခုရှိခဲ့သည်- ဤမြို့သည် မလုံခြုံတော့ပေ... သူတို့ ဒီကနေ လွတ်မြောက်မှရပေတော့မည်........